ကျေးဇူးတော်ခေတ်သည် နောင်တရရှိရေး ဧဝံဂေလိတရားကို ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း ခံရမည်ဟု ကတိပေးခဲ့သည်။ ယနေ့တွင် ကယ်တင်ခြင်းအစား သိမ်းပိုက်ခြင်းနှင့် စုံလင်ခြင်းအကြောင်းများကိုသာ ပြောဆိုနေကြသည်။ လူတစ်ဦးက ယုံကြည်လျှင် သူ၏မိသားစု တစ်စုလုံး ကောင်းချီးပေးခံရမည် သို့မဟုတ် ကယ်တင်ခြင်းကို တစ်ခါတည်းနှင့် အပြီးရရှိမည်ဟု မည်သည့်အခါမျှ မပြောဆိုခဲ့ဘူးပါ။ ယနေ့ခေတ်မှာ မည်သူမျှ ထိုစကားလုံးများကို ပြောဆိုမနေကြပါ၊ ယင်းကဲ့သို့သော အရာများသည် ခေတ်ဟောင်း သွားကြချေပြီ။ တစ်ချိန်တုန်းက ယေရှု၏ အမှုမှာ လူသားတစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ပေးခြင်း ခံရပြီးလျက်၊ သူ့ကို ဆက်လက် ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်ကယ်တင်ပေးမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်း ခံရပြီးလျက် သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဆိုခြင်းနှင့် ကယ်တင်ခြင်းခံရသည် ဆိုသည်မှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်ခဲ့ကြသည့် သူများအကြားတွင်ပင်လျှင်၊ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသူများ ကျန်နေသေး၍ ၎င်းတို့ကို တဖြည်းဖြည်းချင်းနှင့် ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းသည် လူသားကို ယေရှုက အပြည့်အဝ ပိုင်ဆိုင်ရရှိသွားပြီဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ထိုသူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံရကာ အပြစ်တရားနှင့် ဆက်လက် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီ ဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ တစ်ချိန်တုန်းက ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများကို လုပ်ဆောင်ခဲ့ပြီး၊ လူအများ နားမလည်သည့် နှုတ်ကပတ်တော် များစွာကိုလည်း မိန့်ကြားခဲ့သည်။ ထိုစဉ်တုန်းက ယေရှုသည် ရှင်းလင်းမပြခဲ့၍ ထိုသို့ ဖြစ်ခဲ့ရသည်။ သို့ဖြစ်၍၊ ယေရှု ခွဲခွာသွားခဲ့သည့် နောက်ပိုင်း နှစ်ပေါင်း များစွာကြာသွားချိန်မှာ မဿဲက ယေရှု၏ ဆွေစဉ် မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူတို့ကလည်း မိမိတို့ ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်း မဟုတ်ဘဲ၊ အဆင့်တစ်ဆင့်ကို လုပ်ကိုင်ပြရန် လာခဲ့ခြင်း ဖြစ်သည်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့် အမှုကို ပြီးဆုံးအောင် လုပ်ဆောင်ရန် လာခဲ့သောကြောင့်၊ ယေရှုကားတိုင်ပေါ် အသက်စွန့်ပြီးသည်နှင့် သူ၏ အမှုမှာ လုံးဝပြီးဆုံးသွားခဲ့သည်။ သို့သော် လက်ရှိအဆင့်တွင်၊ သိမ်းပိုက်ခြင်း အလုပ်ထဲတွင်၊ သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်၊ ပြီးလျှင် လုပ်ငန်းစဉ်များ များစွာရှိရမည် ဖြစ်သည်။ သို့ဖြစ်၍ ယေရှုနှင့် ယေဟောဝါတို့ လုပ်ဆောင်ခဲ့ကြသည်များ၏ နက်နဲရာများကိုပါ ဖော်ထုတ်ပေးရပေမည်။ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် ကြည်လင်ပြတ်သားမှု ရှိလာနိုင်ကြမည် ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသော ကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသော ကာလသည် ဘုရားသခင် အလုပ်၏ အဆုံးဖြစ်လျက် ယင်းအလုပ်၏ နိဂုံးဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ လက်ရှိအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်၍၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လာလျက် ယင်းနှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားလာရန်၊ ယေရှုမှ လုပ်ဆောင်ပေးခဲ့သမျှ အရာများနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်ကို နားလည်လာရန်၊ သင်၏ သမ္မာကျမ်းစာအား မျက်ကန်း ယုံကြည်မှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်လာရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကို သိရှိလာစေမည်။ သင်သည် ယေရှုမှ လုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ လုပ်ရပ်ကိုပါ နားလည်လာမည် ဖြစ်ပြီး၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးကို သိနားလည်လျက် စွဲကိုင်ထားမည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်၏ အလုပ်ကို ဆုံးခန်းတိုင်အောင် မလုပ်ခဲ့ဘဲနှင့် ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှု အလုပ်၏ အဆင့်သည် ပြီးဆုံးအောင် လုပ်ဆောင်ရမည့် အလုပ်မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုဆွဲနှက် ခံရသည့် အချိန်တွင် သူ၏နှုတ်ကပတ်တော်များသည်လည်း ချုပ်ငြိမ်းသွားခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးဝကို ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏ အလုပ်သည် ပြီးဆုံးသွားမည် ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက် အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် အသံထွက် မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ များစွာ ရှိခဲ့သည်။ ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့် သာသနာ မဟုတ်သည့်အတွက်၊ သူသည် မိန့်ကြားပြီးခဲ့သည့် အရာများ၊ မမိန့်ကြားခဲ့သည့် အရာများကို အာရုံမထားဘဲ ကားတိုင်ပေါ် သံမှိုဆွဲနှက်ခံရပြီးသည်နှင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်သာဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ လုပ်ဆောင်ချက်၏ လက်ရှိ အဆင့်မှာ အဓိကအားဖြင့် ပြီးပြည့်စုံစေရန်၊ အားလုံး ရှင်းပစ်လျက် အလုပ်အားလုံးကို နိဂုံးပိုင်းသို့ ပို့ဆောင်ပေးရန်ပင် ဖြစ်သည်။ အမှု၏ ယနေ့အဆင့်မှာ နှုတ်ကပတ်တော်များကို အသုံးပြုပြီး အထမြောက်၍ ပြီးဆုံးအောင် လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် နှုတ်ကပတ်တော်များကို အဆုံးထိ မြွက်ကြားမပေးလျှင်၊ လက်ရှိအမှု နိဂုံးချုပ်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်ချိန်က ယေရှုသည် လူအများ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ ယေရှုသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်၊ ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူများ အများအပြား ရှိနေကြတုန်းပင်၊ သူတို့ နားလည်ကြသည်မှာ မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို သူတို့ မသိရှိ ကြချေ။ နောက်ဆုံးတွင်၊ လက်ရှိအဆင့်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို လုံးဝ ဆုံးခန်းတိုင်အောင် ပို့ဆောင်ပေးလျက် ၎င်းကို နိဂုံးချုပ်အောင် လုပ်ပေးမည် ဖြစ်သည်။ အားလုံးတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို နားလည်လျက် သိရှိလာကြမည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ လူသား၏ ရည်မှန်းချက်များ၊ လူသား၏ လွဲမှားနေသည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုနှင့်ဆိုင်သည့် လူသား၏ အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် လူသား၏ အမြင်များနှင့် လူသား၏ အခြားလွဲချော်မှုများနှင့် အမှားများ အားလုံးကို မှန်အောင် ပြင်ပေးသွားမည်ဖြစ်သည်။ ထို့နောက်တွင် လူသားသည် အသက်နှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းအမှန်များ အားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရား တစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်လာသည့်အခါ လုပ်ဆောင်မှု၏ လက်ရှိ အဆင့်မှာ ပြီးဆုံးသွားလိမ့်မည်။ ယေဟောဝါ၏ အမှုမှာ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့မှုဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်ခဲ့သည်။ အမှု၏ ယခုအဆင့်မှာမူ အဆုံးပိုင်းဖြစ်ပြီး နောက်ဆုံးနိဂုံးအချုပ်ပင် ဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏ အမှုကို ဣသရေလလူမျိုးများထဲက ရွေးချယ်ခံရသည့် သူများကြားတွင် ထမ်းဆောင်ခဲ့ပြီး ထိုအချက်မှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၏ ခေတ်သစ် အရုဏ်တက်မှုတစ်ခု ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံး အဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် လုပ်ဆောင်ခဲ့ဖြစ်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီး၏ အဆုံးဆီသို့ ပို့ဆောင်ပေးရန်အတွက် ဖြစ်သည်။ ပထမအဆင့်တွင်၊ ဘုရားသခင်၏ အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မည်းဆုံး နေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ထိုအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည် ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမှောင်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သော ဘုရားဖြစ်သည့် ဘုရားသခင် ရှိသည်ကို အသိအမှတ်ပြု လက်ခံလာကြပြီး လူတိုင်းလူတိုင်းသည် ယင်းအချက်ကို အကြွင်းမဲ့ လက်ခံလာကြပါက၊ စကြဝဠာ တစ်ဝှမ်းလုံး၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ရန် ထိုအချက်ကို အသုံးပြုမည် ဖြစ်သည်။ အမှု၏ လက်ရှိအဆင့်မှာ အထိမ်းအမှတ် သဘောကို ဆောင်သည်- လက်ရှိခေတ်၏ လုပ်စရာ လုပ်ပြီးသွားသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံအုပ်ချုပ်ရေး အလုပ်ပါ ပြည့်စုံပြီးဆုံး သွားလိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မည်းဆုံးနေရာရှိ ထိုသူတို့ကို သိမ်းပိုက်ပြီးသည့် နောက်တွင်၊ နေရာခပ်သိမ်းတွင် အလားတူပင် ဖြစ်လာမှာ ရှင်းနေပါသည်။ သို့ဖြစ်၍၊ တရုတ်နိုင်ငံထဲရှိ သိမ်းပိုက်ခြင်း အလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် အထိမ်းအမှတ် သဘောကို ဆောင်သည်။ တရုတ်နိုင်ငံသည် အမှောင်ထု၏ အင်အားများအားလုံးကို သရုပ်ဖော်နေခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံထဲက လူတို့သည် ဇာတိပကတိနှင့် စာတန်၏ လူများ၊ သွေးနှင့်သားနှင့် သူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီးကြောင့် အများဆုံး ဖျက်ဆီးခြင်းခံခဲ့ရလျက် ဘုရားသခင်ကို အပြင်းထန်ဆုံး ဆန့်ကျင်သူများ ဖြစ်ပြီး သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့်၊ သူတို့သည် ဖောက်ပြန်ပျက်စီးသော လူ့သဘာဝ အားလုံး၏ နမူနာ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြား နိုင်ငံများမှာ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံး အတူတူပင် ဖြစ်သည်။ ထိုနိုင်ငံများထဲက လူများသည် အရည်အချင်းကောင်းသူများ ဖြစ်ကောင်း ဖြစ်နိုင်ကြသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြပေမည်။ ယုဒလူမျိုးများသည်လည်း ဘုရားသခင်ကို ပုန်ကန် ဆန့်ကျင်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုအား သစ္စာဖောက်ခဲ့ခြင်းရော အဘယ်ကြောင့်နည်း။ ထိုစဉ်တုန်းက၊ တပည့် အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပါ။ ယေရှုကို ကားစင်တင်ပြီး အဆုံးစီရင်လိုက်၍ ပြန်လည်ထမြောက် လာခဲ့သည့် နောက်မှာပင်လျှင် လူများသည် ယေရှုကို မယုံနိုင်ကြသေးခြင်းမှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်ပါလော။ တရုတ်ပြည်သူတို့ကိုသာ သာဓကတစ်ခု အဖြစ် ယူလိုက်ခြင်းမျှသာ ဖြစ်သည်၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်မှာ သူတို့သည် နမူနာနှင့် စံပြပုံစံ ဖြစ်လာပြီး အခြားသူတို့ အတွက် ရည်ညွှန်းစရာများ ဖြစ်လာမည် ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲရေး အစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု ငါအစဉ်တစိုက် ပြောလာခဲ့သည်မှာ အဘယ်ကြောင့်နည်း။ တရုတ်နိုင်ငံ၏ ပြည်သူများ အတွင်းမှာမှ ဖောက်ပြန်ပျက်စီးမှု၊ မသန့်စင်မှု၊ မဖြောင့်မတ်မှု၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်ပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားခြင်း ဖြစ်သည်။ တစ်ဖက်မှ ကြည့်လျှင်၊ သူတို့၏ အရည်အချင်းမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင်၊ သူတို့၏ အသက်တာများနှင့် စိတ်နေစိတ်ထားမှာ ခေတ်နောက်ကျန်ရစ်နေပြီး၊ သူတို့၏ အမူအကျင့်များ၊ လူမှုရေးဝန်းကျင်၊ မွေးခဲ့သည့် မိသားစုအားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အခြေအနေ သည်လည်း နိမ့်ကျလှသည်။ ယင်းကဲ့သို့သော နေရာမှာ လုပ်ဆောင်ရသည်မှာ အထိမ်းအမှတ်သဘောဆောင်ပြီး၊ လက်ရှိ စမ်းသပ်ခြင်းအမှုကို အပြည့်အဝ လုပ်ဆောင်ပြီးသည့် နောက်မှာ၊ သူ၏ ရှေ့ဆက်လုပ်ရမည့် အလုပ်သည် ပိုချောမွေ့လာမည် ဖြစ်သည်။ အလုပ်၏ လက်ရှိအဆင့်သည် ပြီးစီးအောင် လုပ်နိုင်လျှင်၊ ရှေ့ဆက်လုပ်ရမည့် အလုပ်အကြောင်း ပြောစရာပင် လိုအပ်မည် မဟုတ်ပါ။ အလုပ်၏ လက်ရှိအဆင့်ကို ပြီးဆုံးအောင် လုပ်ပြီးသည်နှင့်၊ မဟာအောင်မြင်မှုကို အပြည့်အဝ ရယူနိုင်လျက်၊ စကြဝဠာ တစ်ဝှမ်းလုံး သိမ်းပိုက်ခြင်း အမှုသည် ဆုံးခန်းတိုင်အောင် ပြီးဆုံးမှုဆီကို ရောက်ရှိလာပါမည်။ လက်တွေ့တွင်၊ သင်တို့အကြားမှာ အမှုအောင်မြင်သည်နှင့် စကြာဝဠတစ်ဝှမ်းလုံးမှာ အောင်မြင်သည့် သဘောပင် ဖြစ်ပါလိမ့်မည်။ ငါက သင်တို့ အားလုံးကို နမူနာနှင့် စံပြပုံစံအဖြစ် ပါဝင်ကပြစေလိုခြင်း၏ အရေးပါမှုက ဤကဲ့သို့ ဖြစ်သည်။ ယင်းလူများအထဲ၌ ပုန်ကန်မှု၊ ဆန့်ကျင်မှု၊ မသန့်စင်မှု၊ မဖြောင့်မတ်မှု—အားလုံးကို မြင်နိုင်ပြီး၊ သူတို့သည် လူသားမျိုးနွယ်၏ ပုန်ကန်လိုစိတ်ကို ကိုယ်စားပြုနေကြသူများပင်။ သူတို့သည် အကယ်ပင် ထူးခြားကြသူများ ဖြစ်သည်။ ဤနည်းဖြင့်၊ သိမ်းပိုက်ခြင်းအတွက် သူတို့သည် နမူနာသဖွယ် ဖြစ်ကြလေရာ၊ သူတို့ကို သိမ်းပိုက်လိုက်သည်နှင့် သူတို့သည် အခြားပြည်သူများအတွက် စံပြနမူနာ ဖြစ်လာကြမည်မှာ သဘာဝကျသည်။ ဣသရေလ နိုင်ငံ၌ လုပ်ကိုင်ခဲ့သည့် ပထမအဆင့်ထက် ပိုပြီး အရေးပါသည်ဟူ၍ ဘာတစ်ခုမျှ မရှိခဲ့ပါ၊ ဣသရေလ လူမျိုးများသည် လူသားများ အားလုံးအနက် အသန့်ရှင်းဆုံးနှင့် ဖောက်ပြန်ပျက်စီးမှု အနည်းဆုံး ဖြစ်ခဲ့ကြ၍ ထိုတိုင်းပြည်မှာ စတင်ခဲ့သည့် အရုဏ်တက်မှု အသစ်မှာ အရေးတကာ့ အရေးပါဆုံး ဖြစ်ခဲ့သည်။ လူသား၏ ဘိုးဘေးများသည် ဣသရေလမှ ဆင်းသက်လာခဲ့ကြသည်ဟု ပြောဆိုနိုင်ပြီး၊ ဣသရေလသည် ဘုရားသခင်၏ အမှု စတင်မွေးဖွားရာ နေရာလည်း ဖြစ်ခဲ့သည်ဟု ပြောဆိုနိုင်သည်။ အစပိုင်းတွင် ယင်းလူမျိုးများသည် အသန့်ရှင်းဆုံး ဖြစ်ခဲ့ကြပြီး သူတို့ အားလုံးသည် ယေဟောဝါကို ကိုးကွယ်ခဲ့ကြလျက် ဘုရားသခင်၏ အမှုသည် သူတို့အကြားမှာ အကြီးမားဆုံးသော ရလဒ်များကို ဖြစ်ထွန်းစေနိုင်ခဲ့သည်။ သမ္မာကျမ်း တစ်စောင်လုံးသည် ခေတ်နှစ်ခေတ်၏ အလုပ်ကို မှတ်တမ်းတင်ထားရာ၊ တစ်ခုမှာ ပညတ်တရားခေတ်နှင့် နောက်တစ်ခုမှာ ကျေးဇူးတော်ခေတ် ဖြစ်သည်။ ဓမ္မဟောင်းကျမ်းက ဣသရေလ ပြည်သူများအတွက် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့် ဣသရေလ နိုင်ငံတွင်းက သူ၏ လုပ်ဆောင်ချက်များကို မှတ်တမ်း တင်လျက်၊ ဓမ္မသစ်ကျမ်းက ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ထားသည်။ သို့ရာတွင် သမ္မာကျမ်းစာထဲ၌ တရုတ်အမည်များ တစ်ခုမျှ မပါခြင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အမှု၏ ပထမအပိုင်းနှစ်ပိုင်းတို့ကို ဣသရေလနိုင်ငံမှာ လုပ်ဆောင်ခဲ့ပြီး ဣသရေလ ပြည်သူတို့သည် ရွေးချယ်ခြင်းခံရသည့် လူမျိုးများ ဖြစ်ခဲ့ကြကာ ယေဟောဝါ၏ အမှုကို လက်ခံခဲ့ကြသည့် ပထမဦးဆုံး လူမျိုးများ ဖြစ်ခဲ့ကြ၍ပင် ဖြစ်သည်။ သူတို့သည် လူသားအားလုံးတို့ထဲမှ ဖောက်ပြန်ပျက်စီးမှု အနည်းဆုံးသူများ ဖြစ်ခဲ့ကြပြီး၊ အစပိုင်းတွင် သူတို့သည် ဘုရားသခင်ကို ကြည်ညိုလိုသူများ၊ ဘုရားသခင်ကို ရိုသေလေးမြတ်လိုသူများ ဖြစ်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို နာခံခဲ့ကြသည်၊ ဗိမာန်တော်တွင် အမြဲတမ်း အစေခံခဲ့ကြလျက် ယဇ်ပုရောဟိတ်များ၏ ဝတ်ရုံများ သို့မဟုတ် သရဖူများကို ဆင်ယင်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့ကြသည့် ပထမဦးဆုံးသော လူမျိုးများ ဖြစ်ခဲ့ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ခံစားခဲ့ရသည့် အစောဆုံး လူမျိုးများလည်း ဖြစ်ခဲ့ကြသည်။ ထိုလူများသည် လူသားတစ်ရပ်လုံး၏ နမူနာနှင့် စံပြပုံစံ ဖြစ်ခဲ့ကြသည်။ သူတို့သည် သန့်ရှင်းမှုနှင့် ဖြောင့်မတ်ခြင်း၏ နမူနာနှင့် စံပြပုံစံလည်း ဖြစ်ခဲ့ကြသည်။ ယောဘ၊ အာဗြဟံ၊ လောတ သို့မဟုတ် ပေတရုနှင့် တိမောသေ ကဲ့သို့သော ပုဂ္ဂိုလ်များ အားလုံးမှာ ဣသရေလ လူမျိုးများ ဖြစ်ခဲ့ကြပြီး နမူနာများနှင့် စံပြပုံစံ အားလုံးတို့ အထဲက အသန့်ရှင်းဆုံးသူများ ဖြစ်ခဲ့ကြသည်။ ဣသရေလသည် လူသားမျိုးနွယ်အထဲမှာ ဘုရားသခင်ကို ကိုးကွယ်သည့် အစောဆုံး နိုင်ငံဖြစ်ခဲ့ပြီး ထိုနိုင်ငံမှနေပြီး ထွက်ပေါ်လာခဲ့ကြသည့် ဖြောင့်မတ်သည့် ပုဂ္ဂိုလ်များမှာ မည်သည့်ဒေသထက်မဆို ပိုများခဲ့သည်။ အနာဂတ်တွင် အခြားဒေသများရှိ လူသားတို့ကို ပိုပြီးကောင်းမွန်စွာ စီမံခန့်ခွဲပေးနိုင်ရန်အတွက် ဘုရားသခင်သည် သူတို့အကြားမှာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အောင်မြင်မှုများနှင့် ယေဟောဝါကို ကိုးကွယ်ရာတွင် သူတို့၏ ဖြောင့်မတ်ခြင်းကို မှတ်တမ်းတင်ပေးခဲ့ခြင်းဖြင့် ကျေးဇူးတော်ခေတ်ထဲတွင် ဣသရေလ ပြင်ပရှိ လူသားတို့အတွက် နမူနာနှင့် စံပြအဖြစ် အစေခံနိုင်ရန်ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များသည် နှစ်ထောင်ပေါင်းအချို့၏ အလုပ်ကို ယနေ့ အထိကို ထိန်းသိမ်းခဲ့သည်။
ကမ္ဘာကြီးကို အုတ်မြစ်ချပေးခဲ့သည့် နောက်မှာ ဘုရားသခင်အမှု၏ ပထမဆင့်ကို ဣသရေလ နိုင်ငံမှာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ခဲ့သောကြောင့်၊ ဣသရေလသည် ကမ္ဘာပေါ်မှာ ဘုရားသခင်၏ အမှု စတင်မွေးဖွားလာရာဒေသ ဖြစ်ပြီး ကမ္ဘာပေါ်က ဘုရားသခင် အမှု၏ အခြေခံရာ နေရာပင်ဖြစ်သည်။ ယေရှု၏ အမှုနယ်ပယ်ထဲတွင် ယုဒဒေသ တစ်ခုလုံး အကျုံးဝင်ခဲ့သည်။ ထိုသို့သူလုပ်ဆောင်ခဲ့ရာတွင်၊ သူသည် ယုဒနယ် အပြင်ဘက်တွင် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ခဲ့သည့်အတွက် ထိုအကြောင်းကို ယုဒနယ် ပြင်ပတွင် သိရှိခဲ့သူ နည်းပါးခဲ့သည်။ ယနေ့တွင်၊ ဘုရားသခင်၏ အမှုကို တရုတ်နိုင်ငံဆီသို့ ယူဆောင်လာခဲ့ပြီ ဖြစ်ပြီး ယင်းနယ်ပယ်သက်သက် အတွင်းမှာပင် ဆောင်ရွက်သည်။ ဤအဆင့်အတွင်းတွင် မည်သည့်အလုပ်ကိုမျှ တရုတ်နိုင်ငံ၏ ပြင်ပတွင် အစပျိုးခဲ့ခြင်း မရှိပေ။ တရုတ်နိုင်ငံ၏ အပြင်သို့ ထိုအလုပ် ပျံ့နှံ့မှုမှာ နောက်ပိုင်းတွင် ဖြစ်လာပေမည်။ လုပ်ငန်း၏ လက်ရှိ အဆင့်မှာ ယေရှုအမှု၏ အဆင့်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယေရှုသည် ရွေးနုတ်ခြင်း အလုပ်ကို လုပ်ဆောင်ခဲ့သည်၊ လက်ရှိအဆင့်တွင်မူ ၎င်း၏ နောက်မှာ လုပ်ရသည့် အလုပ် ဖြစ်သည်၊ သို့ဖြစ်၍ လက်ရှိအဆင့်မှာ သန့်ရှင်းသော ဝိညာဉ်တော်မှ သန္ဓေတည်ပေးရန် မလိုအပ်တော့ပါ၊ အကြောင်းမှာ လုပ်ငန်း၏ လက်ရှိအဆင့်သည် ပြီးခဲ့သည့်အဆင့်နှင့် မတူသောကြောင့်၊ ထို့အပြင်၊ တရုတ်နိုင်ငံသည် ဣသရေလနိုင်ငံနှင့် မတူသည့် အတွက်ကြောင့်ဖြစ်သည်။ ယေရှုမှ လုပ်ဆောင်ပြီးခဲ့သည့် အလုပ်၏ အဆင့်မှာ ရွေးနုတ်ခြင်း အလုပ် ဖြစ်ခဲ့သည်။ လူသားသည် ယေရှုကို တွေ့မြင်ပြီးသည့်နောက် များမကြာမီမှာ ယေရှု၏ အလုပ်သည် တစ်ပါးအမျိုးသား တိုင်းပြည်များသို့ ပျံ့နှံ့လာခဲ့ပါတော့သည်။ ယနေ့တွင် ဘုရားသခင်ကို ယုံကြည်သူများသည် အမေရိက၊ ယူကေနှင့် ရုရှားနိုင်ငံများမှာ အများအပြား ရှိကြသည်။ သို့ဖြစ်၍ တရုတ်နိုင်ငံမှာ ပိုနည်းနေရသည်မှာ အဘယ်ကြောင့်နည်း။ တရုတ်နိုင်ငံသည် အပိတ်ခံထားရဆုံး နိုင်ငံဖြစ်နေသောကြောင့် ဖြစ်သည်။ ယင်းအတွက်ကြောင့်၊ ဘုရားသခင်ကို လက်ခံလာရာတွင် တရုတ်နိုင်ငံသည် နောက်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး၊ ထိုသို့ လက်ခံခဲ့သည်မှာ အမေရိကနှင့် ယူကေတို့ထက် များစွာမှ နောက်ကျခဲ့လျက်၊ ယခုတွင် နှစ်တစ်ရာပင် မပြည့်သေးပေ။ ဘုရားသခင်၏ အလုပ် ပြီးဆုံးသွားစေရန်၊ ဘုရားသခင်၏ အလုပ် အားလုံး ပြီးစီးပြီးဆုံး သွားစေရေးအတွက်၊ ဘုရားသခင် အလုပ်၏ နောက်ဆုံးအဆင့်ကို တရုတ်နိုင်ငံထဲတွင် ဆောင်ရွက်နေသည်။ ဣသရေလ နိုင်ငံထဲက ပြည်သူအားလုံးတို့သည် ယေဟောဝါကို သူတို့၏ သခင်ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ထိုစဉ်တုန်းက သူတို့သည် သူ့ကို သူတို့မိသားစု၏ ဦးခေါင်းအဖြစ် ခံယူခဲ့ကြပြီး၊ ဣသရေလသည် ဧရာမ မိသားစုကြီးကဲ့သို့ ဖြစ်လာခဲ့ကာ၊ ထိုမိသားစုထဲက လူတိုင်းသည် သူတို့၏ သခင် ယေဟောဝါကို ကိုးကွယ်ခဲ့ကြသည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် သူတို့ရှေ့မှာ မကြာခဏ ပေါ်လာလျက် သူတို့အား မြွက်ကြားပြောဆိုခဲ့သည်၊ သူတို့၏ ဘဝများကို လမ်းညွှန်ပေးရန် မိုးတိမ်တိုင်နှင့် အသံပေးမှုများကို အသုံးပြုခဲ့သည်။ ထိုအချိန်ကာလတုန်းက၊ ဝိညာဉ်တော်သည် မိမိ၏ လမ်းညွှန်ချက်များကို ဣသရေလ နိုင်ငံထဲတွင် မိမိပြောလိုသည်ကို အသံထွက်ပေးခဲ့၍၊ သူတို့က မိုးတိမ်များကို မြင်ခဲ့ကြရပြီး မိုးချုန်းသံများကို ကြားခဲ့ရခြင်း စသည့်နည်းများဖြင့် တိုက်ရိုက်ပေးလာခဲ့ကာ ယင်းသို့သော နည်းလမ်းများဖြင့် ယေဟောဝါက သူတို့၏ ဘဝကို နှစ်ထောင်ပေါင်းအချို့ လမ်းညွှန်ပေးခဲ့သည်။ သို့ဖြစ်၍၊ ဣသရေလ ပြည်သူတို့သာလျှင် ယေဟောဝါကို အစဉ်ပင် ဝတ်ပြုကိုးကွယ်လာခဲ့ကြသည်။ ယေဟောဝါသည် သူတို့၏ ဘုရားသခင် ဖြစ်သည်၊ တစ်ပါးအမျိုးသားတို့၏ ဘုရားသခင် မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ ယင်းအချက်မှာ အံ့အားသင့်စရာ မဟုတ်ပါ၊ ယေဟောဝါသည် အမှန်တွင် သူတို့ အကြား၌ လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ဝ၀ နီးနီးပင် ဖြစ်သည်။ တရုတ်နိုင်ငံထဲတွင်မူ နှစ်ပေါင်းထောင်ချီ အိပ်မောကျနေခဲ့သည့် ယိုယွင်းသော ပြည်သူတို့သည် ယခုအခါကျမှ မိုးကောင်းကင်နှင့် မြေကြီးတို့သည် သဘာဝအလျောက် ပေါ်ပေါက်လာခဲ့ကြခြင်း မဟုတ်ဘဲ၊ ဖန်ဆင်းရှင်မှ ဖန်ဆင်းပေးခဲ့ခြင်း ဖြစ်သည်ကို သိရှိလာကြသည်။ ထိုဧဝံဂေလိတရားမှာ နိုင်ငံခြားမှ ရောက်ရှိလာခဲ့၍၊ ခေတ်ဟောင်း အမြင်ကျဉ်းသူတို့က ထိုဧဝံဂေလိတရားကို လက်ခံကြသူ အားလုံးတို့သည် ဧရာမအမှားကြီးကို ကျူးလွန်နေကြသည်၊ သူတို့သည် သူတို့၏ ဘိုးအေဖြစ်သည့် ဗုဒ္ဓကို သစ္စာဖောက်သည့် အမျိုးမစစ်သောခွေးဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ထက်ပိုပြီး၊ ယင်းကဲ့သို့ ခေတ်ဟောင်း အမြင်ကျဉ်းသူ အများအပြားတို့က တရုတ်လူမျိုးများသည် နိုင်ငံခြားသားများ၏ ဘုရားသခင်ကို မည်ကဲ့သို့ ယုံကြည်နိုင်ကြသနည်း၊ ထိုသူတို့သည် ကိုယ့်ဘိုးဘွားများကို သစ္စာဖောက်သည် မဟုတ်လော၊ သူတို့သည် မကောင်းမှုကို ကျူးလွန်နေကြခြင်းပင် မဟုတ်လောဟူ၍ မေးခွန်းထုတ်နေကြသည်။ ယခုတွင် ယေဟောဝါသည် ထိုသူတို့၏[က] ဘုရားသခင် ဖြစ်ခဲ့သည်ကို လူများမေ့သွားကြပေပြီ။ သူတို့သည် ဖန်ဆင်းရှင်ကို သူတို့၏ အသိဉာဏ် နောက်ဘက်မှာ မေ့ပစ်ခဲ့လျက်၊ ယင်းအစား ဆင့်ကဲတိုးတက်မှုကို ယုံကြည်နေကြရာ၊ လူသားသည် မျောက်များမှ ဆင့်ကဲဖြစ်ပေါ်လာခဲ့သည်၊ သဘာဝလောကကြီးသည် မျှော်လင့်ထားသည့်အတိုင်း ပေါ်ပေါက်လာခဲ့သည်၊ လူသားတို့ စားသုံးနေကြသည့် အစားအစာကောင်းများကို သဘာဝမှ ထောက်ပံ့ပေးသည်၊ လူသား၏ အသက်ရှင်ခြင်းနှင့် သေဆုံးရခြင်းတွင် စီစဉ်တကျရှိသည်၊ ယင်းတို့အားလုံးကို စီမံအုပ်ချုပ်နေသည့် ဘုရားသခင်ဟူ၍ မရှိဆိုပြီး သူတို့ယုံကြည်နေကြသည်။ ထို့အပြင် အရာခပ်သိမ်းကို ဘုရားသခင်မှ အုပ်စိုးနေခြင်းမှာ အယူသည်းမှုဖြစ်၍ သိပ္ပံနည်းမကျဟု ယုံကြည်နေကြသည့် ဘုရားမဲ့ဝါဒီများ အများအပြား ရှိကြပါသေးသည်။ သို့သော် ဘုရားသခင်၏ အမှုကို သိပ္ပံပညာက အစားထိုးပြီး နေရာယူနိုင်မည်လော။ သိပ္ပံပညာသည် လူသားများကို စီမံအုပ်ချုပ်နိုင်မည်လော။ဘုရားမဲ့ဝါဒအုပ်ချုပ်သော နိုင်ငံတစ်နိုင်ငံတွင် ဧဝံဂေလိတရားကို ဟောကြားရသည်မှာ လွယ်ကူသည့်တာဝန် မဟုတ်သကဲ့သို့ ဧရာမအခက်အခဲများ ပါဝင်နေသည်။ ယနေ့တွင် ဘုရားသခင်ကို ယင်းကဲ့သို့သော ပုံစံမျိုးဖြင့် ဆန့်ကျင်နေသူ အများအပြား ရှိနေကြသည် မဟုတ်လော။
လူများစွာတို့သည် ယေရှု၏ လုပ်ဆောင်ချက်များကို ယေဟောဝါ၏ လုပ်ဆောင်ချက်များနှင့် ချိန်ထိုးကြည့်လျက် မညီညွတ်မှုများကို တွေ့မြင်ကြရသည့်အခါ၊ သူတို့သည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်သို့တင်ပြီး သံမှိုနှင့် ရိုက်ကပ်ခဲ့ကြပါသည်။ သို့သော် သူတို့၏ လုပ်ဆောင်ချက်များ အကြားမှာ မညီညွတ်မှုများ ရှိနေခဲ့ခြင်းက အဘယ်ကြောင့်နည်း။ ၎င်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ယေရှု လုပ်ဆောင်ခဲ့သည်မှာ အမှုအသစ် ဖြစ်ခဲ့သောကြောင့် ဖြစ်ပြီး၊ ယေရှုသည် သူ၏အလုပ်ကို မစတင်ခဲ့မီတွင် မည်သူကမျှ ယေရှု၏ သားစဉ်မြေးဆက်စာရင်းကို မရေးခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ယောက်ယောက်က ရေးသားခဲ့မည်ဆိုလျှင် စိုးရိမ်စရာ ရှိခဲ့မည် မဟုတ်၊ ထို့အပြင် မည်သူက ယေရှုကို လက်ဝါးကပ်ကပ်တိုင်ပေါ်သို့ သံမှိုဆွဲနှက်ခဲ့ကြ လိမ့်မည်နည်း။ မဿဲကသာ ယေရှု၏ သားစဉ်မြေးဆက်စာရင်းကို ဆယ်စုနှစ် အနည်းငယ်စောပြီး ရေးခဲ့မည်ဆိုပါက၊ ယေရှုသည် ထိုကဲ့သို့ ကြီးစွာသောညဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရမည် မဟုတ်ပေ။ ဟုတ်သည် မဟုတ်လော။ လူများက ယေရှု၏ သားစဉ်မြေးဆက်စာရင်းကို ဖတ်ရှုလိုက်ရသည်နှင့် ယေရှုသည် အာဗြဟံ၏ သားနှင့် ဒါဝိဒ်၏ ဇစ်မြစ်ဖြစ်သည်ကို သိလိုက်ရသည်နှင့် သူတို့သည် ယေရှုအား ကွပ်မျက်ခြင်းကို ရပ်စဲပစ်ခဲ့ကြမည် ဖြစ်သည်။ သို့ဖြစ်သောကြောင့်၊ ယေရှု၏ သားစဉ် မြေးဆက်စာရင်းကို အလွန်နောက်ကျပြီးမှ ရေးခဲ့ခြင်းမှာ ဝမ်းနည်းစရာ မကောင်းပေဘူးလော။ ထို့အပြင် သမ္မာကျမ်းစာထဲ၌ ဘုရားသခင် အလုပ်၏ အဆင့်နှစ်ဆင့်ကိုသာ မှတ်တမ်းတင်ထားခြင်းမှာလည်း ဝမ်းနည်းစရာ ကောင်းလှပါသည်၊ ပညတ်တော်ခေတ်၏ အလုပ်က အဆင့်တစ်ဆင့် ဖြစ်ခဲ့ပြီး နောက်တစ်ဆင့်မှာ ကျေးဇူးတော်ခေတ်၏ အလုပ် ဖြစ်ခဲ့လျက်၊ တစ်ဆင့်က ယေဟောဝါ၏ အလုပ်ဖြစ်ပြီး နောက်တစ်ဆင့်က ယေရှု၏ အလုပ်ဖြစ်သည်။ မဟာပရောဖက် တစ်ပါးပါးက ယနေ့၏ အလုပ်အကြောင်းကို ကြိုတင်၍ ပြောခဲ့မည်ဆိုလျှင် အလွန်ပင် ကောင်းခဲ့မည်ဖြစ်သည်။ သမ္မာကျမ်းစာထဲမှာ "နောက်ဆုံးသောကာလ၏ အလုပ်"ဟူသည့် အခန်းပိုကို ထည့်ရေးပေးခဲ့လျှင် ပိုကောင်းခဲ့မည် မဟုတ်လော။ လူသားသည် ယနေ့တွင် များလှစွာသော အခက်အခဲကို အဘယ်ကြောင့် ခံနေရသနည်း။ သင်တို့၌ ထိုသို့သော ခက်ခဲသည့် အချိန်များ ရှိခဲ့သည်။ အမုန်းခံထိုက်သည့်သူ တစ်ဦးဦးရှိသည် ဆိုပါက၊ နောက်ဆုံးသောကာလ၏ အလုပ်ကို ကြိုတင်ဟောမပေးခဲ့ကြသည့် ဟေရှာယနှင့် ဒံယလေတို့ ဖြစ်ကြသကဲ့သို့၊ တစ်ယောက်ယောက်ကို အပြစ်ဖို့ရမည့် ဆိုလျှင်၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ သားစဉ်မြေးဆက်စာရင်းကို စောပြီး ရေးမပေးခဲ့ကြသည့် ဓမ္မသစ်ကျမ်း၏ တမန်တော်များပင် ဖြစ်သည်။ ယင်းအချက်မှာ မည်မျှ စိတ်ပျက်စရာ ကောင်းလိုက်သနည်း။ သင်တို့သည် နေရာအနှံ့ အထောက်အထားကို လိုက်ရှာကြရပြီး၊ စကားလုံးလေး တစ်ချို့တို့၏ အပိုင်းအစလေးများကို ရှာတွေ့ရလျှင်ပင် သင်တို့သည် ၎င်းတို့မှာ သက်သေထူပြချက် အမှန်ဟုတ်သည် ဆိုခြင်းအား မပြောနိုင်ကြသေး။ ရှက်စရာ ကောင်းလိုက်လေခြင်းပင်။ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို အဘယ်ကြောင့် အလွန်လျှို့ဝှက်ထားခဲ့သနည်း။ ယနေ့တွင်၊ လူများစွာတို့သည် ခိုင်လုံသည့် အထောက်အထားများကို ရှာတွေ့ရန် လိုနေဆဲဖြစ်သော်လည်း ထိုအချက်ကို ငြင်းဆန်နိုင်စွမ်းလည်း မရှိကြပါ။ သို့ဖြစ်လျှင်၊ သူတို့ ဘာလုပ်သင့်သနည်း။ သူတို့သည် ဘုရားသခင်၏ နောက်ကို အပြည့်အဝ မလိုက်နိုင်ကြသကဲ့သို့၊ ထိုကဲ့သို့ သံသယစိတ်များနှင့်လည်း ရှေ့ကို မသွားနိုင်ကြ။ သို့ဖြစ်၍ "ပါးနပ် ထက်မြက်ကြသည့်" လူအများအပြားတို့က "စမ်းကြည့်ရေး" သဘောထားမျိုးကို စွဲကိုင်ထားကြသည်။ ထိုအချက်မှာ အလွန်ပင် ကရိကထများလှသည်။ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့က အနာဂတ်ကို ဟောကြားပေးနိုင်ခဲ့ကြလျှင် အရာများသည် များစွာမှ လွယ်ကူခဲ့မည် မဟုတ်လော။ ယောဟန်သည် နိုင်ငံတော်ထဲရှိ အသက်တာ၏ အတွင်းကျသော သမ္မာတရားကို မြင်တွေ့ခဲ့ရလျှင် ပိုကောင်းခဲ့မည် ဖြစ်သော်လည်း၊ သူသည် ရူပါရုံများသာ မြင်ခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်ရှိ စစ်မှန်ပြီး ဒြပ်ထည်ရှိသော အလုပ်ကို မမြင်ခဲ့ရခြင်းမှာ ဝမ်းနည်းစရာပင်။ ယင်းအချက်မှာ အထူးပင် စိတ်ပျက်စရာ ဖြစ်သည်။ ဘုရားသခင်က ဘာများလွဲမှားနေသနည်း။ ဘုရားသခင်၏ လုပ်ဆောင်ချက်မှာ ဣသရေလနိုင်ငံတွင် အထူးကောင်းမွန်ခဲ့သည့် နောက်မှာ၊ ဘုရားသခင်သည် ယခု တရုတ်နိုင်ငံကို ရောက်လာခဲ့ပြီ ဖြစ်လေရာ၊ ဘုရားသခင်သည် လူ့ဇာတိခံယူလျက် ကိုယ်တိုင် လုပ်ကိုင်ရင်း လူများအကြားမှာ နေထိုင်ရန် လိုအပ်သည်မှာ အဘယ့်ကြောင့်များနည်း။ ဘုရားသခင်သည် လူများကို အလွန်ပင် စာနာမှုမရှိလေစွ။ ဘုရားသခင်သည် လူများကို ကြိုတင်ပြီး မပြောခဲ့သည့်အပြင်၊ ရုတ်တရက်ဆိုသကဲ့သို့ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ချက်ကိုပါ ယူဆောင်လာခဲ့သည်။ ထိုအချက်ကို တကယ့်ကို နားလည်မရနိုင်ပါ။ ဘုရားသခင် ပထမအကြိမ် လူ့ဇာတိ ခံယူခဲ့စဉ်တွင်၊ အတွင်းပိုင်း အမှန်တရားကို ကြိုတင်ပြီး လူသားတို့အား မပြောကြားခဲ့၍ ဘုရားသခင်သည် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် ထိုအဖြစ်ကို မေ့မသွားသည်မှာ သေချာသည် မဟုတ်လော။ သို့ဆိုလျှင် ယခုတစ်ကြိမ်မှာရော လူများကို ယခုထိ မပြောရသေးသည်မှာ အဘယ်ကြောင့်နည်း။ ယနေ့တွင် သမ္မာကျမ်းစာထဲ၌ ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းသာ ရှိနေခြင်းမှာဖြင့် သိပ်ကို ကံဆိုးလှသည်။ ၎င်းထဲတွင် နောက်ဆုံးသော ကာလ၏ အလုပ်အကြောင်းကို ဟောပေးထားသည့် အနာဂတ္တိကျမ်း တစ်ကျမ်း လိုနေသေးသည်။ သင်တို့ရော ထိုသို့ မထင်ကြဘူးလော။ ယေဟောဝါ၊ ဟေရှာယနှင့် ဒါဝိဒ်တို့ပင်လျှင် ယနေ့ကာလ၏ အလုပ်ကို မပြောပြခဲ့ကြပေ။ သူတို့သည် ပစ္စုပန်ကာလနှင့် အလွန်ပင် ဝေးသွားပြီ ဖြစ်လျက် အချိန်ကွာဟချက်မှာ နှစ်ပေါင်း ၄၀ဝ၀ ထက်ပင် ပိုပါသည်။ ယေရှုသည်လည်း ယနေ့ခေတ် အလုပ်အကြောင်းကို အပြည့်အဝ မဟောကြားခဲ့သည့်အပြင်၊ ပြောကြားခဲ့သည့် အနည်းငယ်ထဲတွင်လည်း လူသားတို့ ရှာတွေ့ခဲ့ကြသည့် အထောက်အထားများမှာ မလုံလောက်ပါ။ အကယ်၍ သင်သည် ယနေ့ကာလ၏အလုပ်ကို ယခင်အလုပ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယင်းနှစ်ခုကို တစ်ခုနှင့်တစ်ခု မည်ကဲ့သို့ ချိတ်ဆက်ရနိုင်မည်နည်း။ ယေဟောဝါ၏ အဆင့်တုန်းက လုပ်ဆောင်ခဲ့မှုမှာ ဣသရေလကို ဦးတည်ခဲ့သည် ဖြစ်၍၊ အကယ်၍ သင်သည် ယနေ့ကာလ၏ အလုပ်ကို ၎င်းနှင့် ယှဉ်ကြည့်မည်ဆိုလျှင်၊ ကွဲလွဲချက်များမှာ ပို၍ပင် ကြီးမား ပေလိမ့်မည်၊ ၎င်းတို့နှစ်ခုကို ယှဉ်ကြည့်၍ မရနိုင်ပါ။ သင်တို့က ဣသရေလနိုင်ငံမှလည်း မဟုတ်၊ ယုဒ လူမျိုးလည်း မဟုတ်- သင်၏ အရည်အချင်းနှင့် သင်နှင့်ဆိုင်သည့် အရာရာတိုင်းမှာ နိမ့်ကျနေသည့်အတွက် သင်သည် ကိုယ့်ကိုယ်ကိုယ် သူတို့နှင့်သွား၍ မည်ကဲ့သို့ ယှဉ်ကြည့်၍ ရနိုင်မည်နည်း။ ယှဉ်ကြည့်ရန်မှာ ဖြစ်နိုင်ပါသလော။ ယနေ့သည် နိုင်ငံတော်ခေတ် ဖြစ်သည်ကို သိရမည်၊ ၎င်းမှာ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့နှင့် ခြားနားသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဘုရားသခင်ကို ယင်းကဲ့သို့သော ပုံသေနည်းဖြင့် ရှာ၍မရနိုင်သည့်အတွက် ပုံသေနည်းကို အသုံးပြုဖို့ မကြိုးစားကြနှင့်။
ယေရှုသည် မွေးဖွားခဲ့သည့် နောက်ပိုင်း ၂၉ နှစ်ကို မည်ကဲ့သို့ နေထိုင်ခဲ့သနည်း။ သမ္မာကျမ်းစာ ထဲတွင် ယေရှု၏ ကလေးဘဝနှင့် လူငယ်ဘဝ အကြောင်း ဘာကိုမျှ ရေးမှတ်မပေးထားပါ၊ ထိုဘဝများမှာ မည်သို့ဖြစ်ခဲ့မည်ဟု သင်သိသလော။ ယေရှု၌ ကလေးဘဝ သို့မဟုတ် လူငယ်ဘဝ မရှိခဲ့ဘဲ၊ သူမွေးလိုက်ချိန်တွင်ပင် အသက် ၃၀ ရှိလာခဲ့သည်များလော။ သင်သိသည်မှာ အထူးကိုနည်းနေ၍၊ ကိုယ့်အမြင်များကို ပြောရာတွင် ဂရုမစိုက်ခြင်း မပြုနှင့်။ ထိုသို့ပြုလုပ်မှုမှာ ကိုယ့်အတွက် ဘာမျှမကောင်းနိုင်ပါ။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် ရေးထားမှုအရ ယေရှု၏ နှစ် ၃၀ ပြည့် မွေးနေ့ မတိုင်မီတွင်၊ သူသည် ဗတ္တိဇံခံခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော်က မာရ်နတ်၏ သွေးဆောင်မှုကို ရင်ဆိုင်စေရန်အတွက်ရေး တောနက်ကြီးထဲသို့ ခေါ်ဆောင်သွားခဲ့သည်ဆိုပြီး ပါသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းတို့က ယေရှု၏ သုံးနှစ်ခွဲကြာခဲ့သည့် လုပ်ဆောင်ချက်များကို မှတ်တမ်းတင် ထားကြသည်။ ၎င်းထဲတွင် ယေရှု၏ ကလေးဘဝနှင့် လူငယ်ဘဝ ဆိုင်ရာမှတ်တမ်း မရှိသော်လည်း ထိုချက်က သူ့ထံ၌ ကလေးဘဝနှင့် လူငယ်ဘဝ မရှိခဲ့ခြင်းကို သက်သေထူမပေးပါ။ အကယ်စင်စစ်၊ အစပိုင်းတွင် သူသည် ဘာမျှမလုပ်ဆောင်ခဲ့ဘဲ သာမန် လူတယောက်မျှသာ ဖြစ်ခဲ့၍ဖြစ်သည်။ သာမန် လူတစ်ယောက် ဖြစ်သည် ဆိုလျှင်၊ သူသည် အသက် ၃၃ နှစ်အထိတိုင်အောင် လူငယ်ဘဝ မရှိဘဲ နေထိုင်ခဲ့မှုမှာ ဖြစ်နိုင်ပါသလော။ ယေရှု၌ ကလေးဘဝ မရှိခဲ့ဘူး ဆိုလျှင်ကော မဖြစ်နိုင်ဘူးလော။ သူသည် အသက် ၁၁ သို့မဟုတ် ၁၂ နှစ်၊ သို့မဟုတ် ၁၇ သို့မဟုတ် ၁၈ နှစ် စသဖြင့် မရှိခဲ့ဘဲနှင့် ရုတ်တရက် ၃၃.၅ နှစ် ရှိလာသည် ဆိုလျှင်ကော ဖြစ်နိုင်သလော။ ယေရှုအကြောင်းကို လူတို့စဉ်းစားသမျှသည် သဘာဝလွန်အရာများသာ ဖြစ်သည်။ လူသားသည် သမ္မာတရားကို မပိုင်ဆိုင်ကြချေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် ပုံမှန် လူ့သဘာဝရှိခြင်းမှာ ယုံမှားဖွယ်ရာ မဟုတ်သော်လည်း၊ သူသည် သူ၏ အလုပ်ကို ဆောင်ရွက်ခဲ့သည့်အခါ ၎င်းကို သူ၏ မပြည့်စုံသော လူ့သဘာဝနှင့် ပြည့်စုံသော ဘုရားသဘောသဘာဝတို့ဖြင့် တိုက်ရိုက် ဆောင်ရွက်သည်။ လူများက ယနေ့ခေတ်၏ အလုပ်နှင့် ယေရှု၏ အလုပ်ကိုပင်၊ သံသယ ဖြစ်နေကြခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိခံယူသည့် ကာလနှစ်ခုတို့၏ လုပ်ဆောင်ချက်များမှာ ကွဲပြား ခြားနားကြသော်လည်း၊ ဘုရားသခင်၏ အနှစ်သာရသည် မကွဲပြားခဲ့ပါ။ မှန်ပါသည်၊ သင်က ခရစ်၀င်ကျမ်း လေးကျမ်း၏ မှတ်တမ်းများကို ဖတ်ကြည့်မည် ဆိုလျှင်၊ ခြားနားချက်များမှာ ကြီးမားလှသည်။ ယေရှု၏ ကလေးဘဝနှင့် လူငယ်ဘဝ နှစ်များဆီကို သင်မည်ကဲ့သို့ ပြန်သွားနိုင်မည်နည်း။ သင်သည် ယေရှု၏ ပုံမှန် လူ့သဘာဝကို မည်ကဲ့သို့ သိရှိနားလည် နိုင်မည်နည်း။ သင်သည် ယနေ့ခေတ် ဘုရားသခင်၏ လူ့သဘာဝကို ကောင်းကောင်း နားလည်သူ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ယေရှု၏ လူ့သဘာဝကို နားလည်ရန် မဆိုထားနှင့် စိုးစဉ်းမျှ သင်မသိချေ။ မဿဲကသာ မှတ်တမ်းမတင်ခဲ့ပါက၊ သင်သည် ယေရှု၏ လူ့သဘာဝ အကြောင်း အရိပ်အခြည်ကိုပင်လျှင် သိနိုင်စရာမရှိပါ။ ငါက သင့်ကို ယေရှု ဘဝဆိုင်ရာ အဖြစ်အပျက်များ၊ ယေရှု၏ ကလေးဘဝနှင့် လူငယ်ဘဝထဲက အတွင်းကျသော အမှန်တရားများကို ပြောပြသောအခါ၊ သင်က ခေါင်းကိုခါလျက် "မဖြစ်နိုင်ဘူး။ ယေရှုဟာ အဲဒါမျိုး မဖြစ်နိုင်ခဲ့ဘူး။ သူ့ဆီမှာ လူ့သဘာဝ တစ်စုံတစ်ရာရှိဖို့မပြောနဲ့၊ အားနည်းချက် တစ်ခုမှ မရှိနိုင်ဘူး"ဟု ပြောဆိုလာမည် ဖြစ်သည်။ သင်သည် အော်ဟစ်ချင် အော်ဟစ်မည် ဖြစ်သည်။ သင်သည် ယေရှုကို နားမလည်သောကြောင့် ငါနှင့်ပတ်သက်သည့် အယူအဆများ သင်၌ ရှိရခြင်း ဖြစ်သည်။ ယေရှုသည် ဘုန်းတန်ခိုး အထူးရှိရမည်၊ သူနှင့် ပတ်သက်လာလျှင် ဇာတိပကတိ တစ်ခုမျှ မပါရဟု သင်က ယုံကြည်နေသည်။ သို့သော် အမှန်တရားမှာ အမှန်တရားပင် ဖြစ်သည်။ မည်သူကမျှ ဖြစ်ရပ်မှန်များ၏ သမ္မာတရားကို ဖီဆန်လျက် ပြောဆိုချင်မည် မဟုတ်ပေ၊ အကြောင်းမှာ ငါပြောသည့်အခါ ထိုအရာသည် သမ္မာတရားနှင့် ဆက်စပ်နေပြီး၊ မှန်းဆထင်ကြေး ပေးနေခြင်းမျိုး မဟုတ် သကဲ့သို့၊ ဟောကိန်းထုတ်မှုလည်း မဟုတ်ပေ။ ဘုရားသခင်သည် အလွန်မြင့်သည့် နေရာဆီသို့ တက်လှမ်းနိုင်သည်၊ ထို့အပြင်၊ ဘုရားသခင်သည် မဟာနက်ရှိုင်းသည့် နေရာတွင်လည်း ပုန်းကွယ်လျက် နေနိုင်သည်ဆိုခြင်းကို သိမှတ်ပါ။ ဘုရားသခင်ကို သင်၏ အသိဉာဏ်ဖြင့် စိတ်ကူးကြည့်၍ မရနိုင်ပေ။ သူသည် သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးက စိတ်ကူးရသည့် ကိုယ်ပိုင် ဘုရားသခင် မဟုတ်ဘဲ သက်ရှိ သတ္တဝါအားလုံးတို့၏ ဘုရားသခင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စုများ-
(က) မူရင်းစာသား၌ "သင်တို့၏"ဟု ရေးသားထားသည်။
ဆောင်ရွက်မှုများ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်
No comments:
Post a Comment