သမ္မာကျမ်းစာထဲမှ စကားလုံးတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများ မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင် ယခင်လုပ်ခဲ့သည့် လုပ်ငန်းမှာ ပါဝင်သည့် အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်း ဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ဘုရားသခင် ခေတ်အဆက်ဆက်၌ အသုံးပြုခဲ့သည့် လူများက သူတို့၏ အတွေ့အကြုံများနှင့် သူတို့သိသည့် အကြောင်းအရာများကို ရေးထားသည့် အပိုင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အတွေးများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာအထဲရှိ ကျမ်းအများအပြားထဲတွင် လူ၏ ခံယူချက်များ၊ ပုဂ္ဂိလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် အနက်ဖွင့်ချက်များ ပါဝင်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် အနက်ဖွင့်ချက်များ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖော်ခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ ရှုထောင့်များသည် ကိုယ်ပိုင် အတွေ့အကြုံ၏အသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ အနာဂတ္တိ ဟောကြားချက်များသည် သန့်ရှင်းသောဝိညာဉ်တော်က တိုက်ရိုက် ညွှန်ကြားချက်မှလာသည်၊ သူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြပြီး သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်းခေတ်မှ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ထိုသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် အနာဂတ္တိ ဟောကြားချက် အများအပြားကို ဟောခဲ့ကြသည်။ ယေဟောဝါက သူတို့အထဲတွင် ဘာကြောင့် အလုပ် လုပ်ခဲ့ပါသနည်း။ ဘာကြောင့်နည်းဟုဆိုလျှင် အစ္စရေးလူမျိုးများသည် ဘုရားသခင် ရွေးချယ်သည့် လူများ ဖြစ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ပရောဖက်များ၏ အလုပ်သည် ထိုသူတို့အကြား၌ လုပ်ရန်ဖြစ်ပြီး ထိုသူတို့သည် ထိုသို့သော ဗျာဒိတ်များကို လက်ခံနိုင်သည့် အရည်အချင်းများ ရှိခဲ့ကြသောကြောင့် ဖြစ်သည်။ တကယ်တမ်းတွင် သူတို့ကိုယ်တိုင်ကိုက သူတို့အားဖော်ပြခဲ့သည့် ဘုရားသခင်၏ ဗျာဒိတ်များကို နားမလည်ခဲ့ကြပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ နှုတ်မှတဆင့် ထိုဗျာဒိတ်များကို ပြောကြားခဲ့သည်မှာ အနာဂတ်တွင် ထိုဗျာဒိတ်များကို လူတို့ နားလည်နိုင်စေရန်၊ ထိုအရာများသည် အမှန်တကယ်ပင် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်းကို မြင်နိုင်စေရန်၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်ကြောင်း၊ လူထံမှလာသော အရာများ မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဖြစ်ကြောင်းကို အတည်ပြုရန်အတွက် ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်း၌မူ၊ ယေရှု ကိုယ်တိုင် သူတို့ကိုယ်စား ထိုအရာများ အားလုံးကို လုပ်ပေးခဲ့သည့်အတွက် လူတို့သည် အနာဂတ်ဟောကြားချက်များကို မဟောကြတော့ပေ။ သို့ဖြစ်လျှင် ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့ပါသလား။ ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်သူသည် တမန်တော်များ၏ အလုပ်ကိုပါ လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ယေရှုသည် အနာဂတ်ကို ဟောကြားခြင်းနှင့် တရားဟောခြင်း နှစ်မျိုးစလုံးကို လုပ်နိုင်ခဲ့ပြီး နိုင်ငံတဝမ်းတွင် လူများကို သွန်သင်ပေးနိုင်ခဲ့သည်။ သို့သော် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ယေရှု ကိုယ်စားပြုခဲ့သည့်အရာမှာမူ မတူပါ။ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန်၊ လူကို အပြစ်မှ ကယ်တင်ရန် လာခဲ့သည်၊ သူသည် ပရောဖက် တစ်ဦးလည်း ဖြစ်သည်၊ တမန်တော် တစ်ဦးလည်း ဖြစ်သည်၊ ထို့ထက်ပိုသည်မှာ သူသည် ခရစ်တော် ဖြစ်သည်။ ပရောဖက် တစ်ဦးသည် အနာဂတ်ကို ဟောကြားနိုင်သော်လည်း၊ သူ့ကို ခရစ်တော်ဟု မခေါ်နိုင်ပါ။ ထိုစဉ်အချိန်က ယေရှုသည် အနာဂတ်အကြောင်းကို အများအပြား ဟောခဲ့သောကြောင့် ယေရှုကို ပရောဖက်တစ်ဦးဟု ခေါ်နိုင်သော်လည်း သူသည် ပရောဖက် တစ်ဦး ဖြစ်သောကြောင့် ခရစ်တော် မဟုတ်ဟု ပြော၍ မရပါ။ အကြောင်းမှာ သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုကာ အဆင့် တစ်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး ယေရှု၏ အသွင်လက္ခဏာများသည် ဟေရှာယနှင့် တခြားစီ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ရွေးနုတ်ကယ်တင်သည့်အမှုကို အပြီးဆောင်ရွက်ရန် လောကသို့ လာခဲ့ခြင်း ဖြစ်သည်။ သူသည် လူကိုလည်း အသက်ပေးခဲ့သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့ထံသို့ တိုက်ရိုက်လာခဲ့သည်။ သူလုပ်ဆောင်ခဲ့သည့် အလုပ်၌ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ လှုံ့ဆော်ချက်များ သို့မဟုတ် ယေဟောဝါထံမှ လမ်းညွှန်ချက်များ မရှိခဲ့ပါ။ ဝိညာဉ်တော်က တိုက်ရိုက် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။—ထိုအချက်သည် သူရှုသည် ပရောက်ဖက် တစ်ဦး မဟုတ်ကြောင်းကို သက်သေထူပြရန် လုံလောက်သော အချက်ဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့် ပထမ အလုပ်မှာ ရွေးနုတ်ကယ်တင်သည့် အလုပ်ဖြစ်သည်။ ဒုတိယအလုပ်မှာ အနာဂတ်ကို ဟောကြားခြင်း ဖြစ်သည်။ သူသည် ပရောဖက် တစ်ဦး၊ တမန်တော် တစ်ဦးထက် ပိုသည်၊ ရွေးနုတ်ကယ်တင်သောသူ ဖြစ်သည်။ အနာဂတ်ကို ဟောကြားပေးခဲ့သူများသည် အနာဂတ်ကိုသာ ဟောကြားပေးနိုင်ခဲ့ကြပြီး တခြား အလုပ်များကို လုပ်ဆောင်သောအခါ၌ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ကြပါ။ မည်သည့်ကမျှ လူ မလုပ်ကိုင်ခဲ့ဘူးသည့် အလုပ် အများအပြားကို ယေရှု လုပ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ်အား ရွေးနုတ်ကယ်တင်သည့် အလုပ်ကိုလည်း လုပ်ခဲ့သည်။ သို့ဖြစ်၍ သူသည် ဟေရှာယကဲ့သို့သောသူများနှင့် မတူခဲ့ပါ။ လူတချို့တို့က ယနေ့ခေတ် ရေစီးကြောင်းကို လက်မခံကြသည်မှာ ယင်းသည် သူတို့အတွက် အတားအဆီးတစ်ခု ဖြစ်စေသောကြောင့် ဖြစ်သည်။ သူတို့က- “ဓမ္မဟောင်းကျမ်းခေတ်မှာလည်း ပရောဖက် အများအပြားက စကားတွေ အများကြီး ပြောခဲ့ကြတယ် - အဲဒီ ပရောဖက်တွေကကော ဘာကြောင့် လူဇာတိခံယူတဲ့ ဘုရားသခင် မဟုတ်တာလဲ။ ယနေ့ခေတ် ဘုရားသခင်လည်း စကားတွေ ပြောတယ်— အဲဒါက သူဟာ လူဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်လို့ သက်သေပြဖို့ လုံလောက်တဲ့အချက် ဖြစ်ပါသလား။ သင်က သမ္မာကျမ်းစာကို အမြင့်မြတ်ဆုံး အရာအဖြစ်လည်း မသတ်မှတ်၊ ကျမ်းစာကိုလည်း မလေ့လာဘူး—ဒါဆို သူက လူဇာတိခံယူတဲ့ ဘုရားသခင် ဖြစ်တယ်လို့ သင်ဘာကို အခြေခံပြီး ပြောနိုင်သလဲ။ သူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းညွှန်ပေးခဲ့တယ်လို့ သင်က ပြောတယ်။ ပြီးတော့ လက်ရှိ လုပ်နေတဲ့အဆင့်ကို ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်နေတယ်လို့ သင်က ယုံကြည်တယ်—ဒါပေမဲ့ သင်က ဘာကို အခြေခံပြီး အဲဒီလို ပြောနိုင်တာလဲ”ဟု ပြောကြသည်။ သင်က သင့်အာရုံကို ဘုရားသခင် ယနေ့ပြောသည့် စကားဆီမှာ စူးစိုက်ထားသည်၊ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကို ငြင်းပယ်လျက် ဘေးဖယ်ထားသည်ဟု ထင်စရာ ဖြစ်နေသည့်အပြင်၊ သင်သည် မိစ္ဆာဒိဋ္ဌိသမား ဖြစ်သည်ဟု ပြောစရာ၊ မကောင်းဆိုးဝါးဂိုဏ်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုလည်း ထင်စရာ ဖြစ်နေသည်။
သင်သည် နောက်ဆုံးကာလတွင် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အကြောင်းကို သက်သေခံလိုလျှင် သမ္မာကျမ်းစာရှိ ဇာတ်လမ်း၊ သမ္မာကျမ်းစာ၏ ဖွဲ့စည်းပုံနှင့် သမ္မာကျမ်းစာ၏ အနှစ်သာရကို သိနားလည်ရမည်။ ယနေ့ခေတ်တွင် လူတို့က ‘သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်’ဟု ယုံကြည်ကြသည်။ ထို့အပြင် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည်ပင်လျှင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က စာရေးသူတို့အား လှုံ့ဆော်ပြီး ရေးစေခဲ့သည်၊ ထိုကျမ်းအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များကို ရေးမှတ်ထားသည့် မှတ်တမ်းဖြစ်သည်ဟု ယူဆကြသည်။ ထိုယူဆချက်သည် လူတို့၏ မှားယွင်းစွာ အဓိပ္ပာယ် ကောက်ယူမှု ဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ တကယ်တမ်းတွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများထဲမှ ရရှိလာခဲ့ကြပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ သြဝါဒစာများသည် လူတစ်ဦးတစ်ယောက်တည်းထံမှ ဖြစ်ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ—ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်ပါ၊ သူသည် ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ပါ၊ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ဖွင့်ဆိုချက်များလည်း မဟုတ်ပါ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် သခင်အားဖြင့်တော်သော ညီအစ်ကိုမောင်နှမအားလုံးအတွက် ရေးသားခဲ့သော စာများ ဖြစ်သည်။ ထိုစဉ်အချိန်က အသင်းတော်များအားလုံးမှ ညီအစ်ကိုမောင်နှမများအား သူ၏ အကြံပေးချက်များအတိုင်း လုပ်ဆောင်ကြစေရန်နှင့် သခင်ယေရှု၏ နည်းလမ်းများ အားလုံးအတိုင်း အသက်ရှင်ကြစေရန်အတွက် ရေးခဲ့သောစာများ ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ ၎င်းထံမှအရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့ပါ၊ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများအတွက် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များအတွက် တမန်တော်အလုပ်ကို လုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များ၏ တာဝန်ကို သူ့ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်၊ အသင်းတော်များလုပ်ဆောင်သော အလုပ်ကို ဆောင်ရွက်ရန် တာဝန် ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင်အားဖြင့်တော်သော ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များကို ကိုယ်စားပြုသော စကားများ မဟုတ်ကြသလို၊ သူသည် ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပါ။ လူတစ်ယောက်၏ အတွေ့အကြုံများနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များအတွက် ပြောသည့် သန့်ရှင်းသောဝိညာဉ်တော်ထံမှ စကားလုံးများသဖွယ် လူတို့ သတ်မှတ်ခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် စော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများ ကိစ္စ၌ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများ အတွက် ရေးပေးခဲ့ခြင်းပြီး ယေရှုအားဖြင့် တော်သည့် ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုထံမှ ကျေးဇူးတော်ကို ရရှိနိုင်စေရန် အလို့ငှါ ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သော စာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ စိတ်ထဲ၌ ရှိသော ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များ အတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သူ ဖြစ်ခဲ့သည်။ — ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူသည် အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သလို၊ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ ထို့ကြောင့် သူ့အတွက် သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ လူအဖြစ်ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလုသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ခရစ်တော် ဖြစ်သောကြောင့် —ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် အဆင့်တူသူ ဖြစ်နိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ကိုးကွယ်ကြမည်ဆိုလျှင် လူတို့သည် အလွန်အမင်းပင် မဆင်မခြင် ပြုမူနေခြင်း ဖြစ်လိမ့်မည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို စော်ကားနေကြခြင်းပင် မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများက သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ထိုသြဝါဒစာများ သို့မဟုတ် စကားများ၏ ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ သင်ဘာပြောမည်နည်း၊ အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသည် ၎င်း၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် မစွန်းထင်းဘဲ ရှိနေနိုင်မည်လော။ ၎င်းတို့သည် မည်သို့ လူ၏အတွေးအခေါ်များဖြင့် စွန်းထင်းမနေဘဲ ရှိနေနိုင်မည်နည်း။ ပေါလုသည် အသက်ရှင်စဉ် ကာလ၌ သူ၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံပြီး အသင်းတော်များအတွက် သြဝါဒစာများကို ရေးခဲ့သည်။ ဥပမာ - ပေါလုက ဂလာတိ အသင်းတော်အတွက်ရေးသော သြဝါဒစာသည် အာဘော်တစ်မျိုး ဖြစ်ပြီး၊ ပေတရု ရေးလိုက်သည့် နောက်စာတစ်ခုသည် နောက်အာဘော်တစ်မျိုး ဖြစ်သည်။ ၎င်းတို့အထဲမှ မည်သည့်စာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်သနည်း။ မည်သူမျှ သေချာပေါက် မပြောနိုင်ပါ။ သို့ဖြစ်၍၊ သူတို့ နှစ်ဦးစလုံးသည် အသင်းတော်များအတွက် ဝန်ကို ထမ်းရွက်ခဲ့ကြသည်၊ သို့သော် သူတို့၏ ပေးစာများမှာမူ သူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်၊ ထိုစာများသည် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ ပံ့ပိုးကူညီမှုကို လည်းကောင်း၊ အသင်းတော်များအတွက် သူတို့ ထမ်းခဲ့သော ဝန်ကိုလည်းကောင်း ဖော်ပြနေကြသည်၊ ထိုစာများသည် လူ၏ အလုပ်ကိုသာ ဖော်ပြသည်ဟုသာ ပြောနိုင်ပါသည်။ ထိုအရာများအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ မဟုတ်ပါ။ သူ၏ သြဝါဒစာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု သင်ပြောမည်ဆိုလျှင် သင်သည် အဓိပ္ပာယ်မဲ့သောသူဖြစ်ပြီး ဘုရားသခင်ကို သင်ပြစ်မှားစော်ကားလိုက်ခြင်းဖြစ်သည်။ ပေါလု၏ သြဝါဒစာများနှင့် ဓမ္မသစ်ကျမ်းထဲက အခြားသော သြဝါဒစာများသည် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တူသည်။ ထိုအရာများသည် စောင့်ကြည့်သူနီး၏ စာအုပ်များ သို့မဟုတ် လောရင့်စ်၏ အတွေ့အကြုံများ စသည်တို့နှင့် တန်းတူကြသည်။ ရိုးရိုးလေး ပြောရလျှင် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာအုပ်များကို ဓမ္မသစ်ကျမ်းထဲကို ထည့်မပေးထားသော်လည်း ထိုပုဂ္ဂိုလ်များ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထိုသူတို့အားလုံးသည် အချိန်ကာလတစ်ခု အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့ကြပါ။
ဓမ္မသစ်ကျမ်းထဲပါရှိသည့် မဿဲ၏ခရစ်၀င်ကျမ်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်းကို မှတ်တမ်းတင်ဖော်ပြထားသည်။ အစပိုင်းတွင် ယေရှုသည် အာဗြံဟံ၏ မျိုးဆက်တစ်ဦးဖြစ်သည်၊ ဒါဝိဒ်၏သားဖြစ်သည်၊ ယောသပ်၏ သားဖြစ်သည်ဟု ဖော်ပြထားပြီး နောက်ပိုင်းတွင် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်မှ ပဋိသန္ဓေတည်စေခဲ့သော သားဖြစ်သည်၊ အပျိုကညာမှ မွေးသူ ဖြစ်သည်ဟု ဆိုထားသည်။ တစ်နည်းအားဖြင့် ယေရှုသည် ယောသပ်၏ သားမဟုတ်၊ အာဗြံဟံ၏ မျိုးဆက်လည်း မဟုတ်၊ ဒါဝိဒ်၏ သားလည်း မဟုတ်ဟု ပြောလိုက်ခြင်း ဖြစ်နေသည်။ ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း၌ ယေရှုကို ယောသပ်နှင့် ဆက်စပ်ကြောင်း ခိုင်ခိုင်မာမာ ဖော်ပြပြီးနောက် ယေရှုကို မည်ကဲ့သို့ မွေးဖွားခဲ့ကြောင်းကို ဖော်ပြထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်က မာရိ၌ ပဋိသန္ဓေတည်စေပြီး ယေရှုသည် အပျိုကညာမှ မွေးဖွားလာသူဖြစ်သည်၊ ယေရှုသည် ယောသပ်၏သား မဟုတ်ဟု ဖော်ပြထားသည်။ သို့သော်လည်း ဆွေစဉ်မျိုးဆက်စာရင်းတွင်မူ ယေရှုသည် ယောသပ်၏သားဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ရေးသား ဖော်ပြထားသည်။ အဆိုပါ ဆွေစဉ်မျိုးဆက်စာရင်းသည် ယေရှုအတွက် ရေးထားသောကြောင့် မျိုးဆက် လေးဆယ့်နှစ်ဆက်ကို မှတ်တမ်းတင် ဖော်ပြထားသည်။ ယောသပ်၏ မျိုးဆက်ဆီသို့ ရောက်သောအခါ ယောသပ်သည် မာရိ၏ ယောက်ျားဖြစ်သည်ဟု ကမန်းကတန်း ဖော်ပြထားသည်။ ထိုစကားလုံးများမှာ ယေရှုသည် အာဗြံဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို သက်သေပြလိုသည့် စကားလုံးများ ဖြစ်နေသည်။ ထိုအချက်သည် ရှေ့နောက်မကိုက်ညီမှု မဟုတ်ပါလား။ ဆွေစဉ်မျိုးဆက်စာရင်းတွင် ယောသပ်၏ ဘိုးဘေးများအမည်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပြီး၊ ထိုမှတ်တမ်းသည် ယောသပ်၏ ဘိုးဘေးများစာရင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ သို့သော် မဿဲက ထိုစာရင်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသည်။ ထိုအချက်က ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်က တည်စေသော ပဋိသန္ဓေမှ မွေးဖွားလာသူဖြစ်ကြောင်းကို ငြင်းပယ်နေခြင်းပင် မဟုတ်လော။ သို့ဖြစ်၍ မဿဲ၏ ဆွေစဉ်မျိုးဆက်စာရင်းသည် လူ၏ စိတ်ကူးမဟုတ်လော။ အဓိပ္ပာယ်မဲ့လှပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မဿဲ၏ကျမ်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဆင်းသက်လာခဲ့ကြောင်း လုံးလုံးလျားလျားကြီး ပြောမရနိုင်ခြင်းကို သင်သိနိုင်သည်။ ဘုရားသခင်သည် လောက၌ ဘိုးဘေးများမှတ်တမ်းရှိရမည်ဟု ယူဆသူတချို့ ရှိနိုင်ပါသည်။ ထို့ကြောင့် သူတို့သည် ယေရှုကို အာဗြံဟံ၏ လေးဆယ့်နှစ်ယောက်မြောက်မျိုးဆက် အဖြစ် သတ်မှတ်ကြသည်။ အမှန်တကယ်ပင် အဓိပ္ပါယ် မရှိလှပါ။ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပြီး နောက်တွင် ဘုရားသခင်၌ မည်သို့ ဘိုးဘေးများစာရင်း ရှိနိုင်ပါမည်နည်း။ ဘုရားသခင်၌ ဘိုးဘေးများစာရင်း ရှိသည်ဟု သင်ကဆိုလျှင် သင်သည် ဘုရားသခင်ကို သူဖန်ဆင်းပေးခဲ့သူများနှင့် တပြေးညီ သတ်မှတ်လိုက်ခြင်းပင် မဟုတ်လော။ ဘုရားသခင်သည် ကမ္ဘာပေါ်မှ မဟုတ်ပါ၊ သူသည် ဖန်ဆင်းပေးသည့် အရှင်သခင် ဖြစ်သည်၊ သူသည် သွေးနှင့်သားနှင့် ဖြစ်သော်လည်း လူနှင့် ပင်ကိုယ်သဘာဝချင်း မတူပါ။ သင်သည် ဘုရားသခင်ကို သူဖန်ဆင်းခဲ့သော သတ္တဝါများနှင့် အမျိုးအစားခြင်း တူသူအဖြစ် မည်သို့လုပ်ပြီး သတ်မှတ်ဝံ့သနည်း။ အာဗြံဟံသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ခဲ့ပါ၊ သူသည် တချိန်က ယေဟောဝါ၏ အလုပ်၌ ပါဝင်ခဲ့သူသာ ဖြစ်သည်။ သူသည် ယေဟောဝါ နှစ်သက်သည့် သစ္စာရှိသော အစေခံတစ်ဦးသာ ဖြစ်သည်၊ အစ္စရေးလူမျိုး တစ်ဦးဖြစ်သည်။ သူသည် မည်သည့်နည်းဖြင့် ယေရှု၏ ဘိုးဘေးတစ်ဦး ဖြစ်နိုင်ပါသနည်း။
ယေရှု၏ ဘိုးဘေးများမှတ်တမ်းကို မည်သူက ရေးခဲ့သနည်း။ ယေရှု ကိုယ်တိုင် ရေးခဲ့ပါသလား။ ယေရှုကိုယ်တိုင်က သူတို့ကို “ငါ၏ ဘိုးဘေးများမှတ်တမ်းကို ရေးလော့”ဟု ခိုင်းခဲ့ပါသလား။ ယေရှုကို လက်ဝါးကပ်တိုင်ပေါ်သို့ တင်ပြီးနောက်ပိုင်းတွင် ထိုမှတ်တမ်းကို မဿဲက ရေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ယေရှု၏ တပည့်များ နားမလည်နိုင်ခဲ့ကြသည့် အမှုအများအပြားကို ယေရှုက လုပ်ဆောင်ခဲ့ပြီး မည်သို့မှ ရှင်းမပြခဲ့ပါ။ ယေရှု လောကမှ ထွက်ခွာသွားသည့် နောက်ပိုင်းတွင် ယေရှု၏ တပည့်များသည် နေရာအသီးသီး၌ တရားဟောခြင်း၊ အမှုဆောင်ခြင်းတိုကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ထိုအဆင့်၌ လုပ်ရမည့် အရာများကို လုပ်ရန်အတွက် သူတို့သည် စာများနှင့် ခရစ်ဝင်ကျမ်းစာအုပ်များကို စတင်ရေးသားခဲ့ကြသည်။ ဓမ္မသစ်ကျမ်းထဲမှ ခရစ်ဝင်ကျမ်းများကို ယေရှု လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခံခဲ့ရပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်မှ အနှစ်သုံးဆယ် အကြာတွင် ရေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန် မတိုင်မီက အစ္စရေးလူမျိုးများသည် ဓမ္မဟောင်းကျမ်းကိုသာ ဖတ်ရှုခဲ့ကြသည်။ တနည်းအားဖြင့် ပညတ်တော်ခေတ်မှ လူများသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ကြသည်။ ဓမ္မသစ်ကျမ်းသည် ကျေးဇူးတော် ခေတ်ထဲရောက်မှသာ ပေါ်ပေါက်လာခဲ့သည်။ ယေရှု အလုပ်လုပ်ခဲ့သည့် အချိန်က ဓမ္မသစ်ကျမ်း မရှိ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် လူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခရစ်ဝင်ကျမ်း လေးကျမ်း၊ ပေါလုနှင့် ပေတရုတို့၏ ရေးစာများနှင့် ဗျာဒိတ်ကျမ်း ပေါ်ထွက်လာသည်။ ယေရှု ကောင်းကင်သို့ ပျံတက်သွားခဲ့သည့် နောက်ပိုင်း နှစ်ပေါင်း သုံးရာကျော်သွားချိန်မှာသာ၊ နောက်ပိုင်း မျိုးဆက်အသီးသီးတို့က သူတို့၏ မှတ်တမ်းများကို စုလိုက်မှသာ ဓမ္မသစ်ကျမ်း ဖြစ်ပေါ်လာခဲ့ပါသည်။ မှတ်တမ်းများ စုစည်းသည့် အလုပ်ပြီးမှသာ ဓမ္မသစ်ကျမ်းဆိုပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်၊ ယခင်တုန်းက ဓမ္မသစ်ကျမ်း မရှိခဲ့ပါ။ ဘုရားသခင်သည် ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်၊ ပေါလုက ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်၊ နောက်ပိုင်းတွင် ပေါလုနှင့် ပေတရုတို့၏ ရေးစာများကို ပေါင်းလိုက်ပြီး၊ ပတ်မုကျွန်း၌ ယောဟန် မှတ်တမ်းတင်ခဲ့သည့် အထင်ရှားဆုံး ရူပါရုံကို ဓမ္မသစ်ကျမ်း၏ နောက်ဆုံးပိုင်းတွင် ထည့်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျမ်း၌ နောက်ဆုံးသောနေ့ရက်များ၌ လုပ်ဆောင်မည့်အရာများ အကြောင်းကို ကြိုတင်ဟောထားသောကြောင့် ဖြစ်သည်။ ထိုအရာများအားလုံးသည် နောက်ပိုင်း မျိုးဆက်များ၏ စီစဉ်အားထုတ်မှုများ ဖြစ်ကြပြီး ယနေ့ခေတ် ပြောဆိုချက်များနှင့် မတူပေ။ ယနေ့ခေတ်တွင် ရေးမှတ်ထားသော အရာများသည် ဘုရားသခင်၏ ခြေလှမ်းများနှင့်အညီ ဖြစ်သည်။ ယနေ့ လူများ ကြုံတွေ့နေကြသော အရာများသည် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အလုပ်၊ ဘုရားသခင် ကိုယ်တိုင် ပြောသော စကားများဖြစ်သည်။ သင့်အနေနှင့် ဝင်စွက်ဖက်ရန် မလိုပါ—ဝိညာဉ်တော်ထံမှ တိုက်ရိုက် လာသည့် စကားများသည် တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ထားသည့် စကားများ ဖြစ်ပြီး လူ၏ မှတ်တမ်းများနှင့် စီစဉ်ထားပုံချင်း မတူပါ။ လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများ ဖြစ်ပြီး စာရေးသူ တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများ၊ အကြောင်းအရာတစ်ခုကို သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် သတ်မှတ်ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။ သင်သည် ဘုရားသခင် ယနေ့ လုပ်ဆောင်သည့် အမှုကို အဘယ်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင် လုပ်သည့် အမှုကသာလျှင် လူကို ကယ်တင်ပေးနိုင်သည်။ သမ္မာကျမ်းစာသည် လူကို မကယ်တင်နိုင်ပါ။ သမ္မာကျမ်းစာသည် နှစ်ပေါင်း ထောင်နှင့်ချီပြီး လုံးဝ မပြောင်းမလဲ ရှိနေခဲ့သည်။ သင်က သမ္မာကျမ်းစာကို ကိုးကွယ်နေလျှင် သန့်ရှင်းသောဝိညာဉ်မှ လုပ်ဆောင်သည့် အမှုကို ဘယ်တော့မှ ရမည် မဟုတ်ပါ။ အစ္စရေးနိုင်ငံ၌ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်၏ အဆင့်နှစ်ဆင့်စလုံးကို သမ္မာကျမ်းစာ၌ မှတ်တမ်း တင်ထားသည်။ ထို့ကြောင့် ထိုမှတ်တမ်းများထဲမှ အမည်များ အားလုံးသည် အစ္စရေးလူမျိုးများ၏ အမည်များဖြစ်ပြီး အဖြစ်အပျက်များသည်လည်း အစ္စရေးနိုင်ငံ၌ ဖြစ်ခဲ့သည့် အဖြစ်အပျက်များ ဖြစ်ကြောင်းကို သင် တွေ့နေရခြင်းဖြစ်သည်။ “ယေရှု”ဟူသည့် အမည်ပင်လျှင် အစ္စရေးအမည် ဖြစ်သည်။ ယနေ့ သင် သမ္မာကျမ်းစာကို ဆက်ဖတ်ရှုနေလျှင် သင်သည် ပညတ်ချက်များကို လိုက်လုပ်နေခြင်းပင် မဟုတ်လော။ သမ္မာကျမ်းစာတွင်းရှိ ဓမ္မသစ်ကျမ်းထဲ၌ ရေးမှတ်ထားသော အရာများသည် ယုဒနိုင်ငံထဲက အကြောင်းအရာများ ဖြစ်သည်။ မူရင်းစာများသည် ဂရိဘာသာစကားနှင့် ဟေဗြဲဘာသာစကားဖြင့် ရေးထားသော စာများ ဖြစ်ပြီး ထိုစဉ်အချိန်က ယေရှုကို ခေါ်ဆိုခဲ့ကြသည့် အမည်နှင့် ယေရှု၏ စကားများ အားလုံးသည် လူဘာသာစကားမှ စကားများ ဖြစ်သည်။ ယေရှုကို လက်ဝါးကပ်တိုင်မှာ သံနှင့်ရိုက်ခဲ့ကြစဉ်၊ ယေရှုက - “Eli, Eli, lama sabachthani?” ဟု ပြောဆိုခဲ့သည်။ ထိုစကားသည် ဟေဗြဲစကား မဟုတ်လော။ ယေရှုသည် ယုဒပြည်၌ လူအဖြစ်ခံယူခဲ့သောကြောင့် ယေရှုပြောသည့် စကားမှာ ဟေဗြဲစကား ဖြစ်ခဲ့သည်။ သို့သော် ထိုအချက်က ဘုရားသခင်သည် ဂျူးလူမျိုးဖြစ်ကြောင်း သက်သေပြသည့် အချက်မဟုတ်ပါ။ ယနေ့တွင် ဘုရားသခင်သည် တရုတ်နိုင်ငံတွင် လူဇာတိကို ခံယူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူပြောဆိုသည့် အရာတိုင်းသည် တရုတ်ဘာသာစကားနှင့် ဖြစ်နေသည်မှာ သံသယဖြစ်စရာ မရှိပါ။ သို့သော် သူပြောသောစကားကို တရုတ်လို ဘာသာပြန်ထားသည့် သမ္မာကျမ်းစာနှင့် နှိုင်းယှဉ်ကြည့်၍ မရနိုင်ပါ။ အဘယ်ကြောင့်နည်းဟု မေးလျှင် မူလဇာတ်မြစ်ချင်း မတူသော ကြောင့် ဖြစ်ပါသည်။ တစ်ခုမှာ လူတို့ မှတ်တမ်းတင်ခဲ့ကြသည့် ဟေဗြဲဘာသာမှ ဖြစ်ပြီး၊ နောက်တစ်ခုမှာ ဝိညာဉ်တော်၏ တိုက်ရိုက် ပြောကြားချက်များမှ ရရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
No comments:
Post a Comment