菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

7/18/2018

ဘုရားသခင် ထင်ရှားဖော်ပြခြင်းအားဖြင့် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

 

ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသို့ ရောက်လုနီးပြီ ဖြစ်သည်။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်နိုင်ရန် ကြိုးစားသူများအားလုံးအတွက် နိုင်ငံတော်၏ တံခါးသည်လည်း ဖွင့်ထားပြီးဖြစ်သည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သည့်အရာကို စောင့်မျှော်နေကြပါသနည်း။ မည်သည့်အရာကို ရှာဖွေနေကြ ပါသနည်း။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို သင်တို့ စောင့်မျှော်နေပါသလား။ ဘုရားသခင်၏ ခြေရာများကို သင်တို့ ရှာဖွေနေကြပါသလား။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်တွေ့နိုင်ရန် လူများ အလွန်ပင် တောင့်တကြပါသည်။ ဘုရားသခင်၏ ခြေရာများကို တွေ့ဖို့ဆိုသည်မှာလည်း အလွန်ပင် ခက်ခဲလှသည်။ ဤခေတ် ဤအချိန်၊ ဤလောကမှာ ဘုရားသခင် ထင်ရှားဖော်ပြသည့်နေ့ကို ကိုယ်တိုင် ကြုံတွေ့နိုင်ဖို့အတွက် ငါတို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ခြေရာများနောက်သို့လိုက်ရန် ငါတို့ မည်သို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို မြင်တွေ့နိုင်ဖို့ စောင့်မျှော်နေသည့် သူများအားလုံး ဤမေးခွန်းများနှင့် ရင်ဆိုင်ကြရသည်။ သင်တို့အားလုံးလည်း ဤမေးခွန်းများကို တစ်ခါထက်မက စဉ်းစားဖူးကြပါသည်။ ထိုသို့ မေးသောအခါ၌ မည်သည့်အဖြေကို ရရှိကြပါသနည်း။ ဘုရားသခင်က သူ့ကိုယ်သူ မည်သည့် နေရာ၌ ဖော်ပြပါသနည်း။ ဘုရားသခင်၏ ခြေရာများ မည်သည့် နေရာ၌ ရှိပါသနည်း။ ဒီမေးခွန်းများအတွက် သင်တို့မှာ အဖြေရှိပါသလားဟု မေးလျှင် လူတော်တော်များများက- ဘုရားသခင်က သူ၏နောက်လိုက်များကြားမှာ ထင်ရှားဖော်ပြတယ်။ ဘုရားသခင်၏ ခြေရာများသည်လည်း ကျွန်ုပ်တို့အကြားမှာ ရှိတယ်ဟု လွယ်လွယ်ဖြေကြမည် ဖြစ်သည်။ မည်သူမဆို ပုံသေနည်းထဲထည့်ပြီး ထွက်လာသည့် အဖြေမျိုးကို ပေးနိုင်ပါသည်။ သို့သော် ဘုရားသခင် ထင်ရှားဖော်ပြခြင်း ဟူသည့် စကား၏ အဓိပ္ပာယ်ကို သင်တို့ နားလည်ကြပါသလား။ ဘုရားသခင်၏ ခြေရာများ ဆိုသည့် စကားသည်လည်း မည်သည့် အရာကို ရည်ညွှန်းကြောင်းကို သင်တို့ သိပါသလား။ ဘုရားသခင် ထင်ရှားဖော်ပြခြင်း ဟူသည့် စကားသည် ဘုရားသခင်က သူ၏အလုပ်ကို လုပ်ရန်အတွက် လောကသို့ ရောက်လာသည် ဟူသည့် အဓိပ္ပာယ်ကို ရည်ညွှန်းပါသည်။ လောကကို ဘုရားသခင် လာသည့်အခါ၌ သူ၏ ပင်ကိုလက္ခဏာ၊ ပင်ကိုစိတ်သဘောထား၊ သူ့နည်းသူ့ဟန်နှင့် လူသားများအကြား ရောက်လာခဲ့ပါသည်။ ခေတ်အသစ်တစ်ခေတ်ကို အစပြုရုံသာမက အဆုံးသတ်သည့် အလုပ်ကို လူသားများ အကြား၌ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင် လောကသို့ လာခြင်းသည် အခမ်းအနားအသွင်တစ်ခု မဟုတ်ပါ။ တစ်စုံတစ်ခုကို ရည်ညွှန်းသည့် သင်္ကေတတစ်ခုလည်း မဟုတ်သည့်အပြင် ပုံဆောင်မှုတစ်ခု၊ အံ့သြဖွယ်တစ်ခု၊ ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ခဲ့ပါ။ လူတို့ တဖြည်းဖြည်းသိလာသည့် ဘာသာရေးဖြစ်စဉ် တစ်ခုလည်း လုံးဝ မဟုတ်ပါ။ ဘုရားသခင် လောကသို့ လာခြင်းသည် စစ်မှန်သည့် အချက်အလက်တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မျက်စိဖြင့် မြင်နိုင်သော အရာဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည့် ဘာသာရေးဖြစ်စဉ်လည်း မဟုတ်ပါ။ လတ်တလော အကျိုးရှိဖို့အတွက်သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပါ။ ဘုရားသခင်က မိမိ၏ စီမံခန့်ခွဲမှု အစီအစဉ်အတိုင်း အဆင့်တစ်ဆင့်ကို လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ဘုရားသခင် သူ့ကိုယ်သူ ဖော်ပြသည့် အကြိမ်တိုင်းသည် အမြဲအဓိပ္ပာယ် ရှိသည့်အပြင် သူစီစဉ်ထားသည့် စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း အမြဲဆက်စပ်နေပါသည်။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းသည် ဘုရားသခင်၏ လမ်းညွှန်မှု၊ ဦးဆောင်မှု၊ လူကို ဉာဏ်အလင်း ရစေမှုတို့နှင့် မတူပါ။ ထိုသို့ ထင်ရှားဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးကျယ်ပြောင်မြောက်သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်လေ့ရှိသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အခြားမည်သည့်ခေတ်၏ လုပ်ဆောင်ချက်များနှင့်မဆို ကွဲပြားခြားနားသည်။ မည်သူကမျှ မစဉ်းစားဖူး၊ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ခေတ်ဟောင်းတစ်ခုကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ် ဖြစ်သည်။ လူတို့ ကယ်တင်ခြင်းရဖို့အတွက် လုပ်ဆောင်သည့် အသစ်သော လုပ်ဆောင်မှုတစ်ခု၊ သာ၍ကောင်းသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ လူသားများကို ခေတ်သစ်တစ်ခေတ်သို့ ပို့ဆောင်ပေးသည့် လုပ်ဆောင်မှုလည်း ဖြစ်သည်။ ထိုအရာသည် ဘုရားသခင် ထင်ရှားဖော်ပြခြင်း၏ အရေးပါမှုဖြစ်သည်။

ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို နာ- လည်ဖို့ ကြိုးစားသောအခါ၌ ဘုရားသခင် ထားခဲ့သော ခြေရာများကို မည်သို့ ရှာဖွေသင့်သနည်း ဟူသည့် မေးခွန်း၏ အဖြေကိုလည်း သိဖို့ ကြိုးစားသင့်ပါသည်။ ထိုမေးခွန်း၏ အဖြေက မခက်ပါ။ ဘုရားသခင် ထင်ရှားဖော်ပြသော နေရာ၌ ဘုရားသခင်၏ ခြေရာများကို သင်တို့ တွေ့မည် ဖြစ်သည်။ ဤအဖြေက ရိုးစင်းလွန်းလှသည်ဟု ထင်ရပါသည်။ သို့သော် လက်တွေ့ လုပ်ဆောင်ဖို့ ဆိုသည်မှာ မလွယ်လှပါ။ အဘယ်ကြောင့်ဆိုသော် လူတော်တော်များများက ဘုရားသခင် သူ့ကိုယ်သူ မည်သည့်နေရာ၌ ဖော်ပြကြောင်းကို မသိသည့်အပြင် ဘုရားသခင်က သူ့ကိုယ်သူ မည်သည့်နေရာ၌ ဖော်ပြလိုကြောင်း၊ မည်သည့်နေရာ၌ ဖော်ပြသင့်သည်ဟု ယူဆကြောင်းကိုလည်း လုံးဝ မသိသောကြောင့် ဖြစ်သည်။ တချို့ကလည်း သေသေချာချာ မစဉ်းစားဘဲ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သော နေရာသည် ဘုရားသခင် ထင်ရှားဖော်ပြသော နေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့မဟုတ် ဝိညာဉ်ရေးရာ၌ ထင်ရှားသောသူများ ရှိသည့်နေရာသည် ဘုရားသခင် ထင်ရှားဖော်ပြသည့် နေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့မဟုတ် နာမည်ကြီး လူသိများသော လူများ ရှိသည့်နေရာသည် ဘုရားသခင် ထင်ရှားဖော်ပြသည့် နေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ အခုအချိန်မှာတော့ ထိုသို့သော ယုံကြည်မှုများသည် မှန်သလား သို့မဟုတ် မှားသလား ဟူသည့် အချက်ကို မစဉ်းစားဘဲ နေကြပါစို့။ ဘုရားသခင် ထားခဲ့သော ခြေရာများကို ကျွန်ုပ် မည်သို့ ရှာဖွေသင့်သနည်း ဟူသည့် မေးခွန်း၏ အဖြေကို သိနိုင်ရန်အတွက် ပထမဦးဆုံးအနေနှင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကို ရှင်းဖို့ လိုပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ ခြေရာများကို ရှာဖို့ ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ ထင်ရှားသော သူများကို ရှာဖို့မဟုတ်၊ နာမည်ကြီး လူသိများသော လူများ၏ နောက်သို့ လိုက်ဖို့လည်း မဟုတ်ပါ။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ထားခဲ့သော ခြေရာများနောက်သို့ လိုက်ဖို့ ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည်နှင့်အညီ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့်နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြသောနေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ "ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏" ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့်၊ များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၊ ဘုရားသခင်၏ ခြေရာတော်များကို ရှာတွေ့ပြီဟု ယုံကြည်ခြင်းမရှိကြသည့်အပြင်၊ ဘုရားသခင် ထင်ရှားဖော်ပြသည်ကို တွေ့ပြီဟုလည်း အသိအမှတ် မပြုကြပေ။ ထိုသို့သော အမှားသည် အလွန်စိုးရိမ်ဖွယ် အမှားတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထင်ရှားဖော်ပြသောအခါ၌ လူတို့၏ အယူအဆများနှင့်လည်း ညှိနှိုင်း၍လည်း မရနိုင်ပါ။ လူသား၏ မေတ္တာရပ်ခံချက်ကြောင့် ထင်ရှားဖော်ပြသည့် ဘုရားသခင်လည်း လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် အလုပ်လုပ်သောအခါ၌ သူ့ရွေးချယ်ချက်နှင့်သူ၊ သူ့အစီအစဉ်နှင့်သူ ရှိပါသည်။ ထို့အပြင် သူ့မှာ ကိုယ်ပိုင် ရည်ရွယ်ချက်များလည်းရှိပြီး သူ့နည်းသူ့ဟန်ဖြင့် လုပ်ဆောင်လေ့ ရှိပါသည်။ သူလုပ်သည့် အလုပ်ကို လူနှင့်တိုင်ပင်ဖို့ မလိုအပ်သလို လူဆီက အကြံဉာဏ်တောင်းဖို့၊ အယောက်တိုင်းကို သူလုပ်မည့် အလုပ်အကြောင်း အသိပေးဖို့လည်း မလိုပါ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပြီး လူတိုင်း အသိအမှတ် ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို သင်တို့ မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်လိုလျှင် အရင်ဦးဆုံး သင်တို့၏ ကိုယ်ပိုင် အယူအဆများထဲမှ ကျော်လွန်ကာ တွေးတတ်ဖို့ လိုပါသည်။ သင်တို့က ဘုရားသခင်ကို ဟိုဟာလုပ်၊ ဒီဟာလုပ်ဟု မတောင်းဆိုရပါ။ ဘုရားသခင်ကို သင့်၏ ကိုယ်ပိုင် အကန့်အသတ်ထဲ ဘောင်ခတ်မထားသင့်ပါ။ သင်၏ ကိုယ်ပိုင် အယူအဆများဖြင့်လည်း ကန့်သတ် မထားသင့်ပါ။ သင်တို့ လုပ်သင့်သည်မှာ ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ ရှာဖွေသင့်သနည်း၊ ဘုရားသခင် ထင်ရှားဖော်ပြသောအခါ၌ သင်တို့ မည်သို့ လက်ခံသင့်သနည်း၊ ဘုရားသခင်၏ အသစ်သော လုပ်ဆောင်မှုကို သင်တို့ မည်သို့ အပ်နှံသင့်သနည်း ဟူ၍ ဖြစ်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်ရမည့်အရာ ဖြစ်ပါသည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် လူလုပ်သင့်သည်မှာ ရှာဖွေဖို့၊ လက်ခံဖို့နှင့် နာခံဖို့ ဖြစ်သည်။

သင်က အမေရိကန်လူမျိုး ဖြစ်သည်ဖြစ်စေ၊ ဗြိတိသျှလူမျိုး ဖြစ်သည်ဖြစ်စေ သို့မဟုတ် မည်သည့် လူမျိုးပင် ဖြစ်နေပါစေ သင်၏ ကိုယ်ပိုင် အကန့်အသတ်ဘောင်ထဲက ထွက်လာသင့်ပါသည်။ သင်လက်ရှိ တွေးခေါ်နိုင်တာထက် သာလွန်စွာ တွေးခေါ်သင့်ပြီး ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုကို ရှုမြင်သင့်ပါသည်။ ထိုသို့လုပ်ဆောင်မှ ဘုရားသခင်၏ ခြေရာများသည် မည်သို့ မည်ပုံ ဖြစ်သင့်သည်ဟု သင်က ဘောင်ခတ်မထားမှာ ဖြစ်သည်။ ယနေ့ခေတ်၌ လူတော်တော်များများက နိုင်ငံတစ်နိုင်ငံကို ကြည့်ပြီး ဘုရားသခင်က ဒီနိုင်ငံမှာ သို့မဟုတ် ဒီလူမျိုးတွေအကြားမှာ ထင်ရှား ဖော်ပြမှာ မဟုတ်ဘူး၊ လုံးဝမဖြစ်နိုင်ဘူးဟု ယူဆကြသည်။ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်က အလွန့်အလွန်ပင် အရေးပါလှပါသည်။ လူ၏ အတွေးအခေါ်၊ စဉ်းစားနိုင်စွမ်းဖြင့် ဘုရာသခင် လုပ်ဆောင်သည့် အရာများကို မည်သို့ တိုင်းတာနိုင်မည်နည်း။ ထို့ကြောင့် ကျွန်ုပ်က သင့်ကို ပြောချင်သည်မှာ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို ရှာဖွေသည့်အခါမှာ သင်၏လူမျိုး သို့မဟုတ် သင့်လူမျိုးစု၏ အတွေးအခေါ်ဘောင်ထဲက ကျော်လွန်ကာ တွေးခေါ်သင့်ပါသည်။ ထိုသို့ တွေးခေါ်မှ သင်သည် သင်၏ အတွေးအခေါ်ဘောင်ထဲမှာပဲ ရှိမနေဘဲ၊ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို ကြိုဆိုဖို့ အရည်အချင်း ပြည့်မီသူတစ်ဦး ဖြစ်မည် ဖြစ်သည်။ ဘောင်ထဲကကျော်ကာ မတွေးခေါ်တတ်ပါက သင်သည် အမှောင်ထုထဲ၌ အစဉ်အမြဲရှိနေမည် ဖြစ်ပြီး ဘုရားသခင် အသိအမှတ်ပြုခြင်းကို ဘယ်သောအခါမှ ခံရမည် မဟုတ်ပေ။

ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကသာ ပိုင်သည့် ဘုရားအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားပါ။ ထိုအတူ ဘုရားသခင် ကြံစည်ပြီး လုပ်ဆောင်သည့် အရာကိုလည်း မည်သည့် ပုံစံ၊ မည်သည့် နိုင်ငံ၊ မည်သည့် လူမျိုးကမျှ ကန့်သတ် မထားနိုင်ပါ။ ဘုရားသခင် ကြံစည်ပြီး လုပ်ဆောင်သည့် ပုံစံသည် သင်အရင်က တခါမှ မထင်မှတ်ထားသည့် ပုံစံ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ဤပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ဘုရားသခင် ထင်ရှားဖော်ပြသည့် နိုင်ငံသည် ခွဲခြားဆက်ဆံခြင်း ခံနေရသော နိုင်ငံ သို့မဟုတ် ခွဲခြားဆက်ဆံခြင်း ခံနေရသော လူမျိုး၊ ကမ္ဘာပေါ်၌ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ဘုရားသခင်မှာ သူ၏ ကိုယ်ပိုင်ဉာဏ်ပညာရှိပါသည်။ သူ၏ တန်ခိုး၊ သမ္မာတရားနှင့် ပင်ကိုယ်သဘောအားဖြင့် ဘုရားသခင်သည် သူနှင့် စိတ်တသားတည်းဖြစ်သည့် လူတစ်စုကို အမှန် ရရှိခဲ့ပါသည်။ ပြင်းထန်သော ဒုက္ခဆင်းရဲများနှင့် နှိပ်စက်မှု မျိုးစုံကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့် သူသိမ်းပိုက်စိုးမိုးထားသော လူစုကို သူ အလိုရှိခဲ့ပါသည်။ ဘုရားသခင်က ပုံစံတစ်ခု၊ နိုင်ငံတစ်နိုင်ငံဖြင့် မကန့်သတ်ဘဲ ထင်ရှားဖော်ပြသည့် ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့် အရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ ဖြစ်သည်။ ဥပမာ- ဘုရားသခင်သည် ယုဒနိုင်ငံ၌ လူသားအဖြစ် အသက်ရှင်နေထိုင်ခဲ့သော အချိန်၌ သူ၏ ရည်ရွယ်ချက်မှာ လူသားအားလုံးကို ရွေးနုတ်ကယ်တင်ရန်အတွက် ကားတိုင်၌ အသေခံဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင် ထိုသို့ အသေခံဖို့ ဆိုသည်မှာ မဖြစ်နိုင်ဟု ယုံကြည်ကြသည်။ ဘုရားသခင်က လူသားတစ်ဦးအဖြစ်သူ သခင်ယေရှုအသွင် ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဟု ထင်ကြသည်။ ထိုသို့ "မဖြစ်နိုင်" ဟူသော ယူဆချက်ဖြင့် သူတို့သည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြသည်။ ရလဒ်အနေနှင့် အဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခဲ့သည်။ ယနေ့ခေတ်၌လည်း လူတော်တော်များများက အလားတူ အမှားမျိုးကို မှားကြသည်။ ဘုရားသခင် ထင်ရှားဖော်ပြတော့မည့် အချိန်နီးပြီ ဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင် ထင်ရှားဖော်ပြသည်ကို ပြစ်တင်ရှုတ်ချကြသည်။ "မဖြစ်နိုင်" ဟု ယူဆပြီး ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို သူတို့၏အတွေးဖြင့် ကန့်သတ်ဘောင်ခတ်ထားကြသည်။ ဘုရားသခင်ပြောခဲ့သော စကားများကို အမှတ်မထင် တိုက်ခိုက်ပြီး အတောမသတ် ရယ်မောတတ်ကြသော လူများကို ကျွန်ုပ်တွေ့ဖူးပါသည်။ ထိုသို့ လှောင်ပြောင်ရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် မခြားနားလှပါ။ အမှန်တရားကို သင်တို့ ရင်မဆိုင်ကြပေ၊ သမ္မာတရားကိုလည်း မတောင့်တကြပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံ သက်သက် လေ့လာကြပြီး ဘုရားသခင် ထင်ရှားဖော်ပြမည့် အချိန်ကို အမှုမထားသလို စောင့်နေကြသည်။ ထိုသို့ လေ့လာကြ၊ စောင့်နေကြလျှင် သင်တို့ အတွက် မည်သည့်အကျိုး ရှိမည်နည်း။ ဘုရားသခင်၏ အသံကို သင် ပိုင်းခြား မသိနိုင်ဘူးဆိုလျှင် ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် အရည်အချင်းနှင့် ပြည့်မီသူဖြစ်သည်ဟု မည်သို့ သတ်မှတ်နိုင်သနည်း။ ဘုရားသခင် ထင်ရှားဖော်ပြသော နေရာသည် သမ္မာတရားရှိသောနေရာ၊ ဘုရားသခင်၏အသံ ရှိသောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်ပါသည်။ ထိုသို့သော သူများသည်သာ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ ကိုယ်ပိုင် အတွေးအခေါ်များကို ဘေးဖယ်လိုက်ပါ။ တွေးနေခြင်းကို ရပ်လိုက်ပြီး ကျွန်ုပ်ဆက်ပြောမည့် အကြောင်းအရာများကို သေသေချာချာ ဖတ်ပါ။ သင်က သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်က သူ၏အလိုနှင့် သူ့စကားကို နားလည်နိုင်ဖို့ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ "မဖြစ်နိုင်" ဟူသည့် သင့်အမြင်ကို ဘေးဖယ်ထားလိုက်ပါ။ လူတွေက မဖြစ်နိုင်ဘူးဟု တွေးလေလေ၊ ဖြစ်နိုင်ချေ များလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် မိုးကောင်းကင်ထက် မြင့်မားပြီး ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍ မြင့်မားသောကြောင့် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာသည် လူတို့၏ တွေးခေါ်နိုင်စွမ်း၊ ကြံစည်နိုင်စွမ်းထက် သာလွန်ပါသည်။ မဖြစ်နိုင်ဟု ထင်ရလေလေ၊ ရှာဖွေရမည့် အမှန်တရားများ များလေလေ ဖြစ်သည်။ လူတို့ တွေးခေါ်၊ ကြံစည်နိုင်တာထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ဘုရားသခင်၏ အလိုဆန္ဒ များများပါသော အရာ ဖြစ်လေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ဖော်ပြသည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ဘုရားသခင် ထင်ရှားဖော်ပြသည့် နေရာနှင့် ဖော်ပြပုံကြောင့် ဘုရားသခင်၏ အနှစ်သာရမှာ ဘယ်သောအခါမှ ပြောင်းလဲမည် မဟုတ်ပါ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ ပင်ကိုယ်သဘောသဘာဝက ပြောင်းလဲမှုခြင်း မရှိပါ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင် ဖြစ်သည်။ ဥပမာ- သခင်ယေရှုသည် ဣသရေလလူမျိုးများ၏ ဘုရားသာမဟုတ် အာရှ၊ ဥရောပ၊ အမေရိကတိုက်ရှိ လူများအားလုံး၏ ဘုရားဖြစ်သည်။ စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ကျွန်ုပ်တို့ ရှာဖွေကြပါစို့။ ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို သူ၏အသံမှ ရှာဖွေကြပါစို့။ သူ၏ခြေရာများနောက်သို့ လိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ့စကားရှိသည့်နေရာသည် သူထင်ရှားဖော်ပြသည့်နေရာ ဖြစ်သည်။ သူ၏ ပင်ကိုယ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများ အစဉ် ရှာဖွေတွေရှိနိုင်သော အရာများဖြစ်သည်။ ချစ်သော ညီအစ်ကို၊ မောင်နှမတို့၊ ဒီစာကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင် ထင်ရှားဖော်ပြခြင်းကို သင်တို့ မြင်နိုင်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။ ခေတ်သစ်တစ်ခေတ်ဆီသို့ ဦးတည်သည့် ဘုရားသခင်၏ခြေရာများနောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင် ထင်ရှားဖော်ပြခြင်း ကို စောင့်မျှော်နေကြသူများအတွက် ပြင်ဆင်ပေးထားသည့် ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဆက်လက်လျှောက်လှမ်း လိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

No comments:

Post a Comment