ဘုရားသခင်အတွက်သက်သေခံပြီး အဆင်းနီသော နဂါးကြီးကို အရှက်ရစေရန်အတွက် သင့်မှာ နိယာမတစ်ခုနှင့် အခြေအနေတစ်ခုရှိရမည်။ ထိုအရာမှာ သင့်စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုချစ်၍ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ အကယ်၍ သင်သည် နှုတ်ကပတ်တော်ထဲသို့ မဝင်ရောက်ပါက စာတန်ကို အရှက်ရစေနိုင်မည် မဟုတ်ပေ။ သင့်အသက်တာကြီးထွားခြင်းအားဖြင့် သင်သည် အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စွန့်ပစ်၍ လုံးဝအရှက်ရစေသော အခါမှသာလျှင် အဆင်းနီသော နဂါးကြီး အမှန်တကယ် အရှက်ကွဲလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပိုမို လက်တွေ့ကျင့်သုံးရန် လိုလားလေလေ ဘုရားသခင်ကို သင်ချစ်၍ အဆင်းနီသော နဂါးကြီးကို သင်ရွံ့မုန်းကြောင်း သက်သေမှာ ကြီးမားလေလေဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်နာခံလေလေ သမ္မာတရားကို သင်ဆာငတ်တောင့်တကြောင်း သက်သေကြီးမားလေလေဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မဆာငတ် မတောင့်တသောသူများသည် အသက်မရှိ သူများဖြစ်ကြသည်။ ထိုသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ပြင်ပတွင်ရှိနေကြသူများ ဖြစ်ကြပြီး ဘာသာတရားနှင့် သက်ဆိုင်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုမိုနက်နဲစွာ သိနားလည်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ကို သင်မဆာငတ် မတောင့်တပါက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စစ်မှန်စွာ သင်မစားသောက်နိုင်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မသိပါက သင်သည် ဘုရားသခင်အတွက်သက်သေခံရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် နည်းလမ်း မရှိပါချေ။
ဘုရားသခင်ကို သင်ယုံကြည်ခြင်း၌ ဘုရားသခင်ကို သင်မည်သို့ သိကျွမ်းသင့်သနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ယနေ့အမှုကို အခြေခံ၍ ဘုရားသခင်ကို သိကျွမ်းလာသင့်ပြီး လမ်းလွဲခြင်း သို့မဟုတ် လွဲမှားစွာယုံကြည်ခြင်း မရှိဘဲ အခြားသောအရာများထက် ဘုရားသခင်၏ အမှုကို သိကျွမ်းသင့်သည်။ ဤအရာသည် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖြူစင်စွာ လက်ခံခြင်း ကင်းမဲ့သော လွဲမှားသည့် ထိုယုံကြည်ချက်အမျိုးမျိုးတို့သည် ဘာသာရေးအယူအဆများသာဖြစ်ပြီး လွဲချော်၍ မှားယွင်းနေသော လက်ခံချက်သာ ဖြစ်သည်။ ထင်ရှားသော ဘာသာရေးသမားတို့၏ အကြီးမားဆုံး စွမ်းရည်မှာ အတိတ်က လက်ခံထားကြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုယူ၍ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံရာတွင် အတိတ်၌ သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်ပွင့်လင်းစေရန် ဖွင့်ပြခဲ့သော အရာများကို ဖက်တွယ်ထားပါက သင်၏အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး သင်၏လက်တွေ့ကျင့်သုံးခြင်းသည် ခေတ်နောက်ကျကာ ဘာသာရေးအခမ်းအနား သက်သက်သာ ဖြစ်နေလိမ့်မည်။ ဘုရားသခင်ကို အစေခံသူများသည် အပြင်ပန်း၌ နှိမ့်ချ၍ သည်းခံရမည်ဟု သင်ယုံကြည်ပြီး ထိုအသိတရားမျိုးကို ယနေ့ကျင့်သုံးပါက ထိုအသိပညာသည် ဘာသာရေး အယူအဆသာ ဖြစ်ပြီး ထိုလက်တွေ့ကျင့်သုံးခြင်းသည် ဟန်ဆောင်သည့် သရုပ်ဆောင်ချက်သာ ဖြစ်နေလိမ့်မည်။ "ဘာသာရေးအယူအဆများ" ဆိုသည်မှာ (ဘုရားသခင် ယခင်ကပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို လက်ခံမှုများနှင့် သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက်ထုတ်ဖော်ခဲ့သည့် အလင်းအပါအဝင်) ခေတ်မမီတော့ဘဲ ခေတ်ကုန်သွားသည့် အရာများကို ရည်ညွှန်းပြီး ၎င်းတို့ကို ယနေ့ လက်တွေ့ကျင့်သုံးပါက ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းဖြစ်စေကာ လူတို့အတွက် အကျိုးမရှိပါ။ လူသည် မိမိအထဲမှ ဘာသာရေး အယူအဆများနှင့်ဆိုင်သည့် ထိုအရာများကို ထုတ်ပယ်ခြင်း မပြုနိုင်ပါက ၎င်းတို့သည် လူ၏ ဘုရားသခင်ကို အစေခံမှု၌ ကြီးစွာသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်။ ဘာသာရေး အယူအဆများရှိကြသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များကို အမီမလိုက်နိုင်ကြဘဲ ခြေတစ်လှမ်း နောက်ကျနေကြပြီး ဤဘာသာရေး အယူအဆများက လူအား မိမိကိုယ်ကိုမှန်လှပြီဟု ထင်စေ၍ မောက်မာစေသဖြင့် ခြေနှစ်လှမ်းနောက်ကျကြရပြန်သည်။ ဘုရားသခင်သည် အတိတ်၌ မိမိပြောဆို၍ လုပ်ဆောင်ခဲ့သော အရာများကို လွမ်းဆွတ်တမ်းတနေခြင်း မရှိဘဲ ထိုအရာများသည် ခေတ်ကုန်သွားပါက သူဖယ်ရှားသုတ်သင်လိုက်သည်။ သင်၏အယူအဆများကို ဧကန်အမှန်ပင် သင်စွန့်လွှတ်နိုင်သည် မဟုတ်လော။ သင်သည် အတိတ်က ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက ၎င်းက ဘုရားသခင်၏အမှုကို သင်သိသည်ဟု သက်သေထူပေးသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ အတိတ်က အလင်းကို ဖက်တွယ်ထားပါက ထိုအရာက ဘုရားသခင်၏ ခြေလှမ်းများကို သင်လိုက်လျှောက်သည်ဟု သက်သေထူပေးသလော။ ဘာသာရေး အယူအဆများကို သင်မစွန့်လွှတ်နိုင်ဘဲ ရှိနေသေးသလော။ ထိုသို့ဖြစ်ပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်။
လူသည် ဘာသာရေး အယူအဆများကို စွန့်လွှတ်နိုင်ပါက သူသည် မိမိ၏ အသိဉာဏ်ဖြင့် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်နှင့် အမှုကို မစစ်ဆေး မတိုင်းတာတော့ဘဲ ယင်းအစား တိုက်ရိုက်နာခံလိမ့်မည်။ ဘုရားသခင်၏ ယနေ့ အမှုသည် အတိတ်ကနှင့်မတူဘဲ ထင်ရှားသော်လည်း သင်သည် အတိတ်၏ အမြင်များကိုစွန့်လွှတ်၍ ဘုရားသခင်၏ ယနေ့ အမှုကို နာခံနိုင်သည်။ အကယ်၍ သင့်မှာ ထိုအသိပညာမျိုးရှိပြီး အတိတ်၌ ဘုရားသခင် မည်သို့ လုပ်ဆောင်ခဲ့စေကာမူ ယနေ့ သူပြုသောအမှုကို အသားပေးထားပါက သင်သည် မိမိ၏အယူအဆများကို စွန့်လွှတ်ခဲ့ပြီးသူ၊ ဘုရားသခင်ကို နာခံသူ၊ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်ကို နာခံသူ၊ ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်သူ ဖြစ်သည်။ ဤ၌ သင်သည် ဘုရားသခင်ကို ဧကန်အမှန် နာခံသူ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုကို ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် စစ်ကြောခြင်းမပြု၊ ဘုရားသခင်သည် မိမိယခင်က ပြုခဲ့သည့်အမှုကို မေ့လျော့ထားသကဲ့သို့ သင်လည်း မေ့ပျောက်လိုက်သည်။ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ဖြစ်ပြီး အတိတ်သည် အတိတ်ဖြစ်ကာ ယနေ့တွင် ဘုရားသခင်သည် အတိတ်က မိမိပြုခဲ့သည့်အမှုကို ဘေးဖယ်ထားသည့်အတွက် သင်လည်း ထိုအရာပေါ်တွင် မနေသင့်ပေ။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အပြည့်အဝ နာခံသူ၊ မိမိ၏ဘာသာရေး အယူအဆများကို လုံးဝစွန့်လွှတ်သူ ဖြစ်လာလိမ့်မည်။
ဘုရားသခင်၏ အမှုတွင် အသစ်ဖွံ့ဖြိုးတိုးတက်မှုများ အမြဲရှိသောကြောင့် အမှုသစ်ရှိသကဲ့သို့ ခေတ်ကုန်သွားလျက် ဟောင်းသွားသောအမှုလည်း ရှိပေသည်။ ဤအမှုဟောင်းနှင့် အမှုသစ်သည် ဆန့်ကျင်ဘက် မဟုတ်ဘဲ အပြန်အလှန် ပြည့်စုံစေကြကာ အဆင့်တိုင်းသည် ယခင်အဆင့်နောက်သို့ လိုက်လာသည်။ အမှုသစ်ရှိသောကြောင့် ဟောင်းသောအရာများကို အဆုံးသတ်၍ ဖယ်ရှားရမည်။ ဥပမာ- ကာလကြာရှည်စွာ ကျင့်သုံးနေသော လက်တွေ့ကျင့်သုံးပုံများနှင့် လူတို့အကျင့်ပါလျက် ပြောနေကျစကားများသည် လူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် သွန်သင်ချက်တို့ ပေါင်းလိုက်သောအခါ လူတို့၏စိတ်ထဲ၌ အယူအဆအမျိုးမျိုး ဖြစ်လာသည်။ လူ၏ ထိုသို့သော အယူအဆများ၏ ဖြစ်ပေါ်လာပုံထက် ပို၍ အခါအခွင့်သင့်သည်မှာ ရှေးကာလမှ သီအိုရီများ၏ နှစ်ပေါင်းများစွာအတောအတွင်း ပျံ့နှံ့မှုတို့နှင့်ပေါင်းလျက် ဘုရားသခင်သည် မိမိ၏ စစ်မှန်သော မျက်နှာနှင့် ပင်ကိုစိတ်သဘောထားကို ပြည့်ဝစွာဖော်ပြရန်ရှိနေသေးသည်ဟူသော အချက်ဖြစ်သည်။ လူတို့ ဘုရားသခင်ကို ယုံကြည်သည့် ကာလတစ်လျှောက်တွင် အယူအဆအမျိုးမျိုး၏ လွှမ်းမိုးမှုက ဘုရားသခင်အပေါ် ထင်မြင်ယူဆချက်များစွာကို အဆက်မပြတ်ပေါ်ထွက်စေကာ ဆင့်ကဲပြောင်းလဲစေသဖြင့် ဘုရားသခင်ကို အစေခံသည့် ဘာသာရေးသမား များစွာသည် ဘုရားသခင်၏ ရန်သူများ ဖြစ်သွားကြသည်ဟု ပြော၍ရသည်။ ဤသို့ဖြင့် လူတို့၏ ဘာသာရေး အယူအဆများ ပြင်းထန်လေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်လေလေဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်လေလေပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အမှုသည် အမြဲအသစ်ဖြစ်၍ ဟောင်းနွမ်းခြင်းမရှိ၊ အယူဝါဒကို မည်သည့်အခါမျှ မဖြစ်ပေါ်စေဘဲ အနည်းနှင့်အများ ဆိုသကဲ့သို့ အစဉ်မပြတ် ပြောင်းလဲကာ အသစ်ပြုပြင်နေသည်။ ဤအမှုသည် ဘုရားသခင်၏ ပင်ကို စိတ်သဘောထား၏ ဖော်ပြချက်ဖြစ်သည်။ ၎င်းသည် ဘုရားသခင့်အမှုတော်၏ ပင်ကိုနိယာမဖြစ်သကဲ့သို့ ဘုရားသခင်က မိမိ၏စီမံခန့်ခွဲမှုကို ဆောင်ရွက်သည့် နည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။ ဘုရားသခင်သာ ဤနည်းဖြင့် အလုပ်မလုပ်ခဲ့ပါက လူသည် ပြောင်းလဲနိုင်လိမ့်မည် မဟုတ် သို့မဟုတ် ဘုရားသခင်ကို သိနိုင်လိမ့်မည် မဟုတ်၊ စာတန်သည်လည်း ရှုံးနိမ့်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏အမှုထဲတွင် တသမတ်တည်းမဟုတ်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် ပုံမှန်ဖြစ်သော ပြောင်းလဲမှုများ အစဉ်မပြတ် ဖြစ်ပေါ်သည်။ သို့သော် လူက ဘုရားသခင်ကို ယုံကြည်သည့် ပုံစံမှာမူ အတော်အတန် ကွာခြားသည်။ သူသည် ရင်းနှီးကျွမ်းဝင်ပြီးသား အယူဝါဒများနှင့် စနစ်ဟောင်းများကို ဖက်တွယ်ထားပြီး ထိုအရာများ ဟောင်းလေလေ သူ့အတွက် နှစ်လိုဖွယ်ရှိလေလေဖြစ်သည်။ လူ၏မိုက်မဲသောအသိဉာဏ်၊ ကျောက်တုံးကဲ့သို့ မာကျောသော အသိဉာဏ်က ဉာဏ်မမီနိုင်အောင် နက်နဲလှသည့် ဘုရားသခင်၏အမှုသစ်နှင့် နှုတ်ကပတ်တော်ကို မည်သို့ လက်ခံနိုင်မည်နည်း။ လူသည် အမြဲအသစ်ဖြစ်လျက် ဟောင်းနွမ်းခြင်း လုံးဝမရှိသည့် ဘုရားသခင်ကို ရွံ့မုန်းပြီး ဆံပင်ဖြူ၍ မလှုပ်ရှားနိုင်သည့် ရှေးပဝေသဏီသမျှ ဟောင်းနွမ်းသည့် ဘုရားသခင်ကိုသာ နှစ်သက်သည်။ ဤသို့နှင့် လူနှင့် ဘုရားသခင်တို့တွင် အကြိုက်တစ်မျိုးစီ ရှိကြသောကြောင့် လူသည် ဘုရားသခင်၏ ရန်သူဖြစ်သွားသည်။ ဤသို့ ဆန့်ကျင်ဘက်ဖြစ်ခြင်း များစွာတို့သည် ဘုရားသခင်က နှစ်ပေါင်းခြောက်ထောင်ခန့် အမှုသစ်ကို ပြုလုပ်လာခဲ့ပြီးချိန်ဖြစ်သော ယနေ့တွင်လည်း တည်ရှိနေသေးသည်။ သို့ဖြစ်၍ ၎င်းတို့ကို ကုစား၍မရပါချေ။ ဤအရာသည် လူ၏ခေါင်းမာခြင်း သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက်များကို လူက မချိုးဖောက်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က မိမိဘက်တွင် မည်သူမျှမရှိသကဲ့သို့ မပြီးစီးသေးသည့် စီမံခန့်ခွဲခြင်းအမှုကို ဆက်လက် လုပ်ဆောင်နေချိန်တွင် ဘာသာရေးဆရာ၊ ဆရာမများသည် မှိုတက်၍ ဟောင်းနွမ်းနေသော စာအုပ်များနှင့် စာရွက်များကို ဖက်တွယ်ထားကြဆဲ ဖြစ်သည်။ အဆိုပါ ဆန့်ကျင်ကွဲလွဲချက်များသည် လူနှင့် ဘုရားသခင်၏ရန်သူကိုဖြစ်စေပြီး ပြန်လည်သင့်မြတ်စေရန် မဖြစ်နိုင်သော်လည်း၊ ထိုအရာများရှိနေခဲ့သော်လည်း မရှိသကဲ့သို့ ဘုရားသခင်က အမှုမထားပါ။ သို့ရာတွင် လူသည် မိမိ၏ ယုံကြည်ချက်များကို ဆက်လက်ဆုပ်ကိုင်ထားပြီး မည်သည့်အခါမျှ မစွန့်လွှတ်ချေ။ သို့ရာတွင် ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည့် အရာတစ်ခုရှိသည်မှာ လူသည်မိမိ၏ ရပ်တည်ချက်မှ သွေဖည်မသွားသော်လည်း ဘုရားသခင်၏ခြေများသည် အစဉ်အမြဲ ရွေ့လျားနေပြီး ပတ်ဝန်းကျင် အခြေအနေအရ မိမိ၏ ရပ်တည်ချက်ကို အမြဲပြောင်းလဲနေသဖြင့် အဆုံးတွင် မတိုက်လိုက်ရဘဲနှင့် ရှုံးနိမ့်သွားမည့်သူမှာ လူပင်ဖြစ်သည်။ ဘုရားသခင်မှာမူ ရှုံးနိမ့်သွားသည့် ရန်ဘက်အားလုံး၏ အကြီးဆုံးရန်သူဖြစ်သကဲ့သို့ ရှုံးနိမ့်သွားသည့် လူသားများနှင့် ရှုံးနိမ့်ဦးမည့် လူသားများအကြားတွင် ဗိုလ်စွဲသူလည်း ဖြစ်သည်။ မည်သူသည် ဘုရားသခင်ကို ယှဉ်ပြိုင်၍ အောင်နိုင်လိမ့်မည်နည်း။ လူ၏ အယူအဆများသည် ဘုရားသခင်ထံမှ လာပုံရပြီး ၎င်းတို့အနက် များစွာသည် ဘုရားသခင်ပြုသည့် အမှုနောက်တွင် ထွက်ပေါ်လာသည်။ သို့သော်လည်း ဘုရားသခင်သည် ဤအရာကြောင့် လူကို ခွင့်မလွှတ်သကဲ့သို့ မိမိအမှု၏ပြင်ပမှ "ဘုရားသခင် အတွက်" ထုတ်ကုန် တစ်သုတ်ပြီး တစ်သုတ် ထုတ်လုပ်နေသည့် လူကိုလည်း ဘုရားသခင် မချီးမွမ်းပါချေ။ ထိုအစား သူသည် လူ၏ အယူအဆများနှင့် ဟောင်းနေသော ဘာသာရေး ကိုင်းရှိုင်းသည့် ယုံကြည်ချက်များကို အလွန်ရွံ့မုန်းပြီး ထိုအယူအဆများ ဦးစွာထွက်ပေါ်လာသည့် နေ့ရက်များကိုပင် လျစ်လျူရှုလေသည်။ ထိုအယူအဆများသည် မိမိ၏အမှုမှ ထွက်ပေါ်လာသည်ဟု သူလုံးဝလက်မခံပေ။ အကြောင်းမှာ လူ၏ အယူအဆများကို လူက ပြန့်နှံ့စေပြီး ၎င်းတို့၏ အရင်းအမြစ်သည် လူ၏စိတ်ကူးနှင့် အသိဉာဏ်ပင် ဖြစ်ကာ ဘုရားသခင်ထံမှ မလာဘဲ စာတန်ထံမှ လာသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အစဉ်ပင် မိမိ၏အမှု ဟောင်းနွမ်း၍ သေဆုံးခြင်းမရှိဘဲ အသစ်ဖြစ်၍ အသက်ရှင်စေလိုပြီး၊ ထာဝရတည်၍ မပြောင်းလဲခြင်း မဟုတ်ဘဲ ခေတ်များနှင့် ကာလများအရ ပြောင်းလဲရန် လူတို့ကိုခိုင်မြဲစွာ ကိုင်စွဲစေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူကို အသက်ရှင်စေ၍ အသစ်ဖြစ်စေလိုသောကြောင့်ဖြစ်ပြီး မာရ်နတ်ကမူ လူကို သေဆုံးစေ၍ အိုမင်းစေသည်။ သင်တို့သည် နားမလည်သေးဘဲ ရှိနေသလော။ သင်သည် အမြင်ကျဉ်းမြောင်းသောကြောင့် သင်၌ ဘုရားသခင်အကြောင်း အယူအဆများ ရှိနေပြီး ၎င်းတို့ကို မစွန့်လွှတ်နိုင်ချေ။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏ အမှုသည် အဓိပ္ပာယ် အနည်းငယ်သာရှိသောကြောင့် သို့မဟုတ် ဘုရားသခင်၏ အမှုသည် လူသား၏ ဆန္ဒများနှင့် မကိုက်ညီသောကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်က မိမိတာဝန်များကို အစဉ်အမြဲ ဂရုမစိုက်သောကြောင့်လည်း မဟုတ်ပါ။ သင်၏အယူအဆများကို သင်မစွန့်လွှတ်နိုင်ရခြင်းမှာ ဘုရားသခင်က သင့်အတွက် အမှုအရာများကို ခက်ခဲစေသောကြောင့် မဟုတ်ဘဲ သင့်မှာ နာခံခြင်း မရှိသောကြောင့်နှင့် ဘုရားသခင်ဖန်ဆင်းသော သတ္တဝါနှင့် စိုးစဉ်းမျှ မတူသောကြောင့် ဖြစ်သည်။ ဤအရာ အလုံးစုံသည် သင့်ကြောင့်ဖြစ်လာပြီး ဘုရားသခင်နှင့်လုံးဝ မဆိုင်ပေ။ ဆင်းရဲဒုက္ခနှင့် ကံဆိုးခြင်းများသည် လူကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် အမြဲတမ်း ကောင်းပြီး သင့်အား အယူအဆများ မထွက်ပေါ်စေလိုဘဲ ခေတ်များ ကုန်လွန်သွားသည်နှင့်အမျှ ပြောင်းလဲ၍ အသစ်ပြုပြင်စေလိုသည်။ သို့သော် သင်သည် မြေဖြူနှင့် ဒိန်ခဲကိုပင် မခွဲခြားတတ်ဘဲ အမြဲတမ်း စစ်ကြောနေသည် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာနေသည်။ ဘုရားသခင်က သင့်အတွက် အမှုအရာများကို ခက်ခဲအောင် လုပ်နေခြင်း မဟုတ်ဘဲ သင်သည် ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း မရှိသကဲ့သို့ သင်၏ မနာခံခြင်းသည် ကြီးမားလှခြင်း ဖြစ်သည်။ သေးငယ်သော သတ္တဝါလေးက ဘုရားသခင် ယခင်က ပေးထားသည့်အရာ၏ အစိတ်အပိုင်း သေးသေးလေးကိုယူ၍ ဘုရားသခင်ကို တိုက်ခိုက်ရဲခြင်းသည် လူ၏ မနာခံခြင်းပင် မဟုတ်လော။ လူသည် ဘုရားသခင် ရှေ့၌ မိမိအမြင်ကို ဖော်ပြရန် လုံးဝ အရည်အချင်းမရှိဟု ပြောလျှင် တရားသည်။ တန်ဖိုးမရှိ၊ ပုပ်စော်နံ၍ ပုပ်သိုးနေသော မိမိစိတ်ကြိုက် ဆိုရိုးများကို ဖော်ပြခွင့် သာ၍ပင် မရှိသကဲ့သို့ မှိုတက်နေသော အယူအဆများကို ဖော်ပြရန် အရည်အချင်း လုံးဝမရှိပါ။ ၎င်းတို့သည် ပို၍ပင် တန်ဖိုးမရှိဖြစ်ကြသည် မဟုတ်လော။
ဘုရားသခင်ကို ဧကန်အမှန် အစေခံသူများသည် ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သောသူများဖြစ်ပြီး ဘုရားသခင် အသုံးပြုရန် ထိုက်တန်သူများဖြစ်ကာ သူတို့၏ ဘာသာရေး အယူအဆများကို စွန့်လွှတ်နိုင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်း၌ အသီးအပွင့် ခံစားလိုပါက သင်၏ ဘာသာရေး အယူအဆများကို စွန့်လွှတ်ရလိမ့်မည်။ ဘုရားသခင်ကို အစေခံလိုပါက ဘာသာရေး အယူအဆများကို ဦးစွာစွန့်လွှတ်၍ သင်လုပ်သမျှ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုနာခံရန် ပို၍ပင် လိုအပ်လာသည်။ ဘုရားသခင်ကို အစေခံသောသူသည် ဤအချက်ကို ပိုင်ဆိုင်ရမည်။ သင့်မှာ ဤအသိတရား မရှိပါက သင်အစေခံသည်နှင့် သင်သည် အနှောင့်အယှက်နှင့် ကမောက်ကမ ဖြစ်စေပြီး သင်၏ ဘာသာရေး အယူအဆများကို ဆက်လက်ဆုပ်ကိုင်ထားပါက သင့်ကို မည်သည့်အခါမျှ ပြန်မထနိုင်အောင် ဘုရားသခင်က မလွဲဧကန် ရိုက်ချလိမ့်မည်။ လက်ရှိအချိန်ကို ဥပမာအနေဖြင့် ကြည့်ပါ။ ယနေ့ဖွင့်ဟချက်များနှင့် လုပ်ဆောင်ချက် များစွာတို့သည် သမ္မာကျမ်းစာနှင့် သဟဇာတမဖြစ်၊ မကိုက်ညီဘဲ ယခင် ဘုရားသခင် ပြုခဲ့သည့်အမှုများနှင့် သဟဇာတမဖြစ်၊ မကိုက်ညီပေ။ သင့်မှာ နာခံလိုသည့် ဆန္ဒမရှိပါက အချိန်မရွေး လဲကျလိမ့်မည်။ သင်သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံလိုပါက ဘာသာရေး အယူအဆများကို ဦးစွာစွန့်လွှတ်၍ သင်၏ ကိုယ်ပိုင်အမြင်များကို တည့်မတ်စေရမည်။ အနာဂတ်တွင်ပြောမည့်အရာ များစွာသည် အတိတ်၌ ပြောခဲ့သောအရာများနှင့် ကိုက်ညီမည် မဟုတ်ဘဲ သင့်မှာ နာခံလိုသော ဆန္ဒမရှိပါက ရှေ့မှာရှိသော လမ်းကို လျှောက်နိုင်မည် မဟုတ်ပါ။ ဘုရားသခင်လုပ်ဆောင်သည့် နည်းစနစ်တစ်ခုသည် သင့်အထဲမှာ အမြစ်တွယ်သွားပြီး သင်က ၎င်းကို မည်သည့်အခါမျှ မစွန့်လွှတ်ပါက ထိုနည်းစနစ်သည် သင်၏ ဘာသာရေး အယူအဆ ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ ဖြစ်ခြင်းသည် သင့်အထဲ၌ အမြစ်တွယ်ပါက သင်သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင်၏အသက်တာ ဖြစ်လာနိုင်ပါက သင့်မှာ ဘုရားသခင်အကြောင်း အယူအဆများ ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်အကြောင်း အမှန်တကယ် သိကျွမ်းသောသူတို့သည် အယူအဆများ မရှိတော့ဘဲ အယူဝါဒအားဖြင့် ရပ်တည်တော့မည် မဟုတ်ပေ။
အောက်ပါ မေးခွန်းများကို မေးလျက် သင့်ကိုယ်သင် လှုပ်နိုးလိုက်ပါ။
၁။ သင့်အထဲမှာရှိသော အသိပညာက ဘုရားသခင်အား သင်၏ အစေခံခြင်းကို ကြားဝင် နှောင့်ယှက်နေသလော။
၂။ သင်၏နေ့စဉ်အသက်တာ၌ ဘာသာရေး အလေ့အထများ မည်မျှရှိသနည်း။ သင်သည် ဘာသာရေး ကိုင်းရှိုင်းသည့် ပုံစံကိုသာပြပါက သင့်အသက်တာ ကြီးထွားလျက် ရင့်ကျက်သည်ဟု ဆိုလိုသလော။
၃။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်သည့်အခါ သင်၏ ဘာသာရေး အယူအဆများကို စွန့်လွှတ်နိုင်သလော။
၄။ သင်ဆုတောင်းသောအခါ ဘာသာရေး အခမ်းအနားကို ဖယ်ရှားနိုင်သလော။
၅။ သင်သည် ဘုရားသခင်က အသုံးပြုရန် ထိုက်တန်သူ ဖြစ်သလော။
၆။ ဘုရားသခင်ကို သင်သိကျွမ်းသောအရာများတွင် ဘာသာရေး အယူအဆများ မည်မျှပါဝင်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
No comments:
Post a Comment