ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လူအများစုမှာ "ဘုရားသခင်" ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၄င်းတို့သည် ယောင်ချာချာနှင့်သာ နောက်လိုက်နေကြခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်အား မည်သည့်အတွက်ကြောင့် ယုံကြည်သင့်သည်ကို လုံးဝမသိ၊ ဘုရားသခင် ဟူသည် အဘယ်နည်းကိုလည်း အတိအကျမသိပါ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်လျက် နောက်လိုက်ရန်သာ သိ၍ ဘုရားသခင်ဟူသည် အဘယ်နည်းကို မသိ၊ ဘုရားသခင်ကိုလည်း နားမလည်ပါက၊ ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပြက်လုံးတစ်ရပ်ပင် မဟုတ်ပါလား။ ယခုလောက်ဆိုလျှင် လူတို့သည် ကောင်းကင်နှင့် ပတ်သက်သည့် နက်နဲသောအရာများကို တွေ့မြင်ခဲ့ပြီး ဖြစ်သော်လည်း၊ ယခင်က လူသားတို့ တစ်ခါမျှ နားမလည်ခဲ့သော လေးနက်သည့် အသိဉာဏ်များအကြောင်း ကြားခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့သည် အခြေခံအကျဆုံး အရာအများအပြား၊ ချင့်ချိန်စဉ်းစားခြင်း မပြုရသေးသည့် သမ္မာတရားများကို နားမလည်ပါ။ အချို့သူများက “ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ။ ဘုရားသခင်ဟူသည် အဘယ်အရာဖြစ်ကြောင်း မသိဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ကို နှိမ်ရာ မရောက်ပေဘူးလား”ဟု ပြောချင်ပြောနိုင်သည်။ သို့သော် လက်တွေ့တွင် ယနေ့လူတိုင်း ငါ့နောက်သို့ လိုက်နေသော်လည်း မည်သူမျှ ယခုလက်ရှိ အလုပ် အားလုံးကို နားမလည်ပါ။ “ဘုရားသခင်” နှင့်ပတ်သက်သည့် အရှုပ်ထွေးဆုံး ဤမေးခွန်းကို မဆိုထားနှင့် ၎င်းတို့သည် အရိုးရှင်းဆုံးနှင့် အလွယ်ဆုံး မေးခွန်းများကိုပင် လက်လွှတ်ကုန်ကြသည်။ သင်ဘေးဖယ် လိုက်သည့် မေးခွန်းများ၊ သင်သိရှိနိုင်စွမ်း မရှိသော ထိုမေးခွန်းများသည် သင်နားလည် သင့်ဆုံးသော မေခွန်းများဖြစ်ကြောင်း သင်သိသင့်သည်။ အကြောင်းမှာ သင်သည် လူအုပ်နောက်သို့ လိုက်ရန်သာသိကာ မိမိလိုအပ်မည့် အရာများကို ရယူထားရန် အာရုံမစိုက်၊ ဂရုမပြုသောကြောင့် ဖြစ်၏။ သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်သည်ကို အမှန်တကယ် သိပါသလား။ ဘုရားသခင်ဟူသည် အဘယ်နည်းဆိုသည်ကို သင်အမှန်တကယ် သိပါသလား။ လူသားဟူသည် အဘယ်နည်းဆိုသည်ကို သင်အမှန်စင်စစ် သိပါသလား။ ဘုရားသခင်ကို ယုံကြည်သော လူသားတစ်ဦး အနေဖြင့် ဤအရာများကို နားမလည်နိုင်ပါက သင်သည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် သိက္ခာမကျပေဘူးလား။ ငါ၏ ယနေ့အမှုမှာ လူတို့ ၎င်းတို့၏ အနှစ်သာရကို နားလည်ရန်၊ ငါလုပ်သည့် အမှုအရာ ခပ်သိမ်းကို နားလည်ရန်နှင့် ဘုရားသခင်၏ မျက်နှာ အစစ်အမှန်ကို သိရန်ဖြစ်သည်။ ဤသည်မှာ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ နိဂုံးလုပ်ရပ်၊ ငါ့အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ထို့ကြောင့် ဘဝ၏ နက်နဲသော အရာခပ်သိမ်းကို ကြိုတင်၍ သင်တို့အား ငါပြောခြင်းဖြစ်၏။ သို့မှသာ ငါ့ထံမှ ထိုအရာများကို သင်တို့အားလုံး လက်ခံနိုင်မည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၏ အမှုဖြစ်သဖြင့် သင်တို့နားလည်ခြင်းမရှိ၊ ခံနိုင်ရည် မရှိသော်လည်း သင်တို့ယခင်က တစ်ခါမျှ ခံယူခဲ့ခြင်းမရှိသော ဘဝ၏ သမ္မာတရား ခပ်သိမ်းကို သင်တို့အား ငါပြောပြရမည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အလွန်ချို့တဲ့လွန်းလျက် လိုအပ်သည့် အရာများ ကင်းမဲ့လွန်း၍သာ ဖြစ်သည်။ ငါသည် ငါ၏အမှုကို နိဂုံးချုပ်လိုသည်။ ငါ၏ လိုအပ်သည့်အမှု ခပ်သိမ်းကို ပြီးဆုံးလိုပြီး ငါသင်တို့အား စေခိုင်းနေသည့်အရာကို အပြည့်အစုံ အသိပေးလိုသည်။ ဤသည်မှာ အမှောင်ထု လွှမ်းမိုးချိန်၌ သင်တို့သည် နောက်တစ်ဖန် လမ်းလွဲ၍ စာတန်၏ လှည့်ဖြားမှုအတွင်း ကျရောက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ သင်တို့ နားမလည်နိုင်သည့် လမ်းခရီး များစွာရှိ၏။ သင်တို့ နားမလည်သည့် ကိစ္စများစွာရှိ၏။ သင်တို့သည် အသိဉာဏ် ကင်းမဲ့လွန်း၏။ ငါသည် သင်တို့၏ ဝိညာဉ်အသက်တာနှင့် အားနည်းချက်များကို ကောင်းစွာသိ၏။ ထို့ကြောင့် သင်တို့ နားလည်နိုင်စွမ်း မရှိသည့် နှုတ်ကပတ်တော်များစွာ ရှိသော်လည်း သင်တို့ယခင်က တစ်ခါမျှ ခံယူခဲ့ခြင်းမရှိသည့် သမ္မာတရား အားလုံးအကြောင်း ငါသင်တို့ကို ပြောပြလိုသေး၏။ အကြောင်းမှာ သင်တို့၏လက်ရှိ ဝိညာဉ်အသက်တာဖြင့် သင်တို့သည် ငါ့အတွက် သက်သေခံနိုင်ခြင်း ရှိ၊ မရှိကို ငါ စိုးရိမ်နေ၍ဖြစ်သည်။ ငါသည် သင်တို့ကို အထင်သေး၍မဟုတ်။ သင်တို့ခပ်သိမ်းသည် ငါ၏ စနစ်တကျသင်ကြားမှု မခံယူရသေးသော သားရဲ တိရစ္ဆာန်များဖြစ်ကာ သင်တို့အတွင်း ဘုန်းတော် မည်မျှရှိသည်ကို အမှန်စင်စစ် မေးခွန်းထုတ်ဖွယ်ရာ ကောင်းပေသည်။ သင်တို့အပေါ် လုပ်ဆောင်ချက်အတွက် ငါသည် ကြီးမားသော အင်အားကို အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း သင်တို့အတွင်းရှိ အပြုသဘောဆောင်သော အရာများသည် လုံးဝ မရှိလုနီးပါးပင် ဖြစ်သည်။ အပျက်သဘောဆောင်သော အရာများကိုမူ လက်ချောင်းများတွင် ရေတွက်နိုင်ပြီး စာတန်အရှက်ရစေရန် သက်သေခံချက်များအတွက်သာ အပ်နှံထားသည်။ သင်တို့ အတွင်းရှိ ကျန်အရာခပ်သိမ်းနီးပါးသည် စာတန်၏ အဆိပ်ဖြစ်၏။ သင်တို့ကို ကြည့်ရသည်မှာ သင်တို့ကို ကယ်တင်နိုင်ခြင်း မရှိတော့သကဲ့သို့ ဖြစ်၏။ ထို့ကြောင့် လက်ရှိ အခြေအနေသည် ဤသို့ ဖြစ်နေသည့်အတွက် ငါသည် သင်တို့၏ ပြုမူပြောဆိုပုံ အမျိုးမျိုးကို ကြည့်၍ နောက်ဆုံးတွင် သင်တို့၏ ဝိညာဉ်အသက်တာအမှန်ကို သိ၏။ ထို့ကြောင့် ငါသည် သင်တို့အတွက် ပူပန်နေရခြင်း ဖြစ်သည် - မိမိဘဝကို မိမိဘာသာ အသက်ရှင်ရမည့်အခါတွင် လူသားသည် ယနေ့ထက် ပို၍ကောင်းသည့် ဘဝ သို့မဟုတ် အလားတူဘဝသို့ အမှန်တကယ် ရောက်ရှိမည်လား။ သင်တို့၏ ကလေးဆန်သည့် ဝိညာဉ်အသက်တာအတွက် စိုးရိမ်ပူပန်ခြင်း မရှိဘူးလား။ သင်တို့သည် အခြေအနေ ခပ်သိမ်းတွင် ငါနှင့် ငါ့အပေါ်သာ သစ္စာရှိသော ရွေးချယ်ခံရသည့် ဣသရေလအမျိုးကဲ့သို့ အမှန်စင်စစ် နေနိုင်မည်လား။ သင်တို့ ယခု ပြသနေသည်မှာ ကလေးသူငယ်များ မိဘမျက်ကွယ်တွင် ဆော့ကစားခြင်း မဟုတ်ဘဲ သခင်၏ ကြာပွတ်များ လက်လှမ်းမမီနိုင်သည့် တိရစ္ဆာန်များတွင် ပေါက်ကွဲသော ဆိုးရွား ယုတ်မာမှုဖြစ်၏။ သင်တို့သည် သင်တို့၏ သဘောသဘာဝကို သိထားသင့်သည်။ ဤသဘောသဘာဝသည် သင်တို့အားလုံးတွင် ရှိနေသည့် အားနည်းချက်လည်းဖြစ်၍ သင်တို့အားလုံးတွင် ရှိနေသည့် ဖျားနာမှုဖြစ်သည်။ ထို့ကြောင့် ယနေ့ သင်တို့အပေါ် ငါ၏ တစ်ခုတည်းသော တိုက်တွန်းနှိုးဆော်မှုမှာ ငါ့အတွက် သက်သေခံရန်သာ ဖြစ်သည်။ မည်သည့် အခြေအနေတွင်မှ အနာဟောင်းကို တစ်ဖန်ပြန်၍ ထကြွခွင့် မပြုပါနှင့်။ အရေးကြီးဆုံး အရာမှာ သက်သေခံရန်ပင် ဖြစ်သည်။ ဤသည်မှာ ငါ့အမှု၏ အဓိကအချက်ဖြစ်သည်။ မာရိသည် အိပ်မက်တွင် ပေါ်လာသော ယေဟောဝါ၏ ဗျာဒိတ်ပေးသည်ကို ယုံကြည်၍ နာခံကာ လက်ခံသကဲ့သို့ သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ ဤသည်သာလျှင် ဖြူစင်ရာရောက်သည်။ အကြောင်းမှာ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အများဆုံး ကြားသူများဖြစ်၍ ငါ၏ ကောင်းချီးမင်္ဂလာကို ခံစားရဆုံး သူများ ဖြစ်၍ဖြစ်သည်။ ငါသည် သင်တို့ကို ငါ၏တန်ဖိုးရှိသော ပိုင်ဆိုင်မှု ခပ်သိမ်းကို ပေးနေကာ အရာခပ်သိမ်းကို သင်တို့ကို လုံးဝ အပ်နှင်းပေးနေ၏။ သို့ရာတွင် သင်တို့၏ အနေအထားနှင့် ဣသရေလ အမျိုးတို့၏ အနေအထားတို့မှာ လွန်စွာ ကွဲပြား၏။ လုံးဝခြားနား၏။ သို့ရာတွင် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက သင်တို့သည် များစွာပို၍ ရရှိနေပေသည်။ ထိုသူတို့သည် ငါပေါ်ထွက်လာရန် အသည်းအသန် စောင့်သော်လည်း သင်တို့သည် သာယာသော နေ့များတွင် ငါနှင့်အတူရှိလျက် ငါ၏ ကြွယ်ဝ ချမ်းသာမှုများကို အတူခံစားကြ၏။ ထိုသူတို့နှင့် နှိုင်းယှဉ်လိုက်သည့်အခါ သင်တို့တွင် ငါ့ကိုကျယ်လောင်စွာ ညည်းညူ၍ ငါနှင့် ကျယ်လောင်စွာ ခိုက်ရန်ဖြစ်ပွားကာ ငါ၏ပိုင်ဆိုင်မှုမှ ဝေစုများကို တောင်းခွင့် အဘယ်သို့ရှိသနည်း။ သင်တို့ ရသည်များမှာ မလုံလောက်ပေဘူးလား။ ငါသည် သင်တို့ကို များစွာပေးသော်လည်း သင်တို့ငါ့ကို ပြန်ပေးသည်မှာ ငါ့ကို အသည်းကွဲစေသည့် ဝမ်းနည်းမှု၊ စိုးရိမ်လွန်ကဲမှုနှင့် ဖိနှိပ်၍ မရသော မကျေချမ်းမှုနှင့် မကျေနပ်မှုသာ ဖြစ်၏။ သင်တို့သည် လွန်စွာရွံမုန်းစရာ ကောင်းသော်လည်း သင်တို့အပေါ် သနားစိတ်ကိုလည်း နှိုးဆွ၏။ ထို့ကြောင့် ငါသည် အခြားလမ်းမရှိဘဲ ငါ၏ မကျေချမ်းမှုကို မျိုသိပ်၍ သင်တို့ကို ကြိမ်ဖန်တလဲ ဆန့်ကျင် ပြောဆိုရန်သာရှိသည်။ ဤနှစ်ထောင်ပေါင်း များစွာသော လုပ်ဆောင်မှုကာလတွင် ယခင်က ငါသည် လူသားအပေါ် မည်သည့် ကန့်ကွက်မှုမျှ မပြုခဲ့။ အကြောင်းမူကား လူသား၏ တိုးတက်မှု ရာဇဝင်တွင် သင်တို့အကြား အလှည့်ဖြားဆုံးတို့သာလျှင် ကျော်ကြားကြောင်း ငါတွေ့ခဲ့၍ဖြစ်သည်။ ၎င်းတို့သည် ကျော်ကြားသော ရှေးဘိုးဘေးမှ သင်တို့ကိုပေးခဲ့သော တန်ဖိုးရှိသည့် အမွေများကဲ့သို့ ဖြစ်၏။ ထိုလူသား အဆင့်မမီသော ဝက်များနှင့် ခွေးများကို ငါမုန်းတီးလှသည်။ သင်တို့တွင် အသိတရား ကင်းမဲ့လွန်းသည်။ သင်တို့၏ အကျင့်စာရိတ္တသည် အောက်တန်းကျလွန်း၏။ သင်တို့၏ အသည်းနှလုံးသည် မာကြောလှ၏။ ငါ၏ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုတို့ကို ဣသရေလသို့ ယူသွားခဲ့ပါက ငါသည် လွန်လေပြီးသော ကာလများစွာကပင် ဘုန်းတန်ခိုးရရှိခဲ့မည် ဖြစ်သည်။ သင်တို့အကြားတွင်ကား ဤသို့မဟုတ်။ သင်တို့အကြားတွင် ရက်စက်သည့် လစ်လျူရှုမှု၊ သင်တို့၏ တမင်ဂရုမပြုမှုနှင့် သင်တို့၏ အကြောင်းပြချက်များသာလျှင် ရှိ၏။ သင်တို့သည် ခံစားချက် ကင်းမဲ့လွန်းလျက် တန်ဖိုးမဲ့လွန်းသည်။
ငါ၏အလုပ်အတွက် သင်တို့အတတ်နိုင်ဆုံးကို ပေးဆပ်သင့်သည်။ ငါ့အတွက် အကျိုးရှိသည့် အရာကို သင်တို့ လုပ်ဆောင်သင့်သည်။ သင်တို့ ငါ့ထံမှ မရသည့် အရာခပ်သိမ်းကို ရရှိနိုင်စေရန် ငါသည် သင်တို့မရှင်းသည့် အရာခပ်သိမ်းအကြောင်း သင်တို့ကို ပြောပြလို၏။ သင်တို့၏ ချွတ်ယွင်းချက်များမှာ မရေမတွက်နိုင်လောက်အောင် များပြားသော်လည်း ငါ၏နောက်ဆုံးသော သနားကြင်နာခြင်းကို ပေးလျက် သင်တို့ အပေါ် ငါလုပ်ဆောင်သင့်သည်ကို ဆက်လက်လုပ်ဆောင်ရန် ငါလိုလား၏။ သို့မှသာ သင်တို့သည် ငါ့ထံမှ အကျိုးကျေးဇူး ရရှိမည်ဖြစ်ကာ သင်တို့တွင် ကင်းမဲ့နေ၍ လောကအနေဖြင့် တစ်ခါမျှ မတွေ့ဖူးသော ဘုန်းတန်ခိုးကို ရရှိနိုင်မည်ဖြစ်သည်။ ငါသည် နှစ်ပေါင်းများစွာ အမှုပြုခဲ့ပြီး ဖြစ်သော်လည်း လူသားတို့အကြား တစ်ဦးမျှ ငါ့ကိုမသိခဲ့။ ငါသည် မည်သူ့ကိုမျှ ပြောမပြခဲ့သော လျှို့ဝှက်ချက်များကို သင်တို့ကို ပြောပြလို၏။
လူသားများအကြားတွင် ငါသည် ထိုသူတို့ မမြင်နိုင်သော ဝိညာဉ်ဖြစ်၏။ ထိုသူတို့ မည်သည့်အခါမျှ ထိတွေ့နိုင်ခြင်း မရှိသော ဝိညာဉ်ဖြစ်၏။ ကမ္ဘာမြေကြီးတွင် ငါ၏ (လောကကို ဖန်ဆင်းခြင်း၊ ရွေးနုတ် ကယ်တင်ခြင်းနှင့် ဖျက်ဆီးခြင်းစသည့်) အဆင့်သုံးဆင့်ရှိသော အလုပ်ကြောင့် ငါသည် လူသားတို့အကြား အမှုဆောင်ရန် ကွဲပြားသောအချိန်များတွင် (မည်သည့်အခါမျှ လူသိရှင်ကြား မဟုတ်ဘဲ) ပေါ်လာ၏။ လူသားတို့အကြား ပထမဦးစွာ ငါရောက်လာစဉ်က ရွေးနုတ်တော်မူသော ကာလက ဖြစ်၏။ ယုဒလူမျိုးမိသားစုအကြား ငါရောက်လာသည်မှာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာသည်ကို ပထမဦးစွာ မြင်သူတို့မှာ ယုဒအမျိုးသားတို့ ဖြစ်ကြ၏။ ဤအမှုကို ငါကိုယ်တိုင် ဆောင်ရွက် ရခြင်းမှာ ငါ၏ရွေးနုတ်တော်မူသော အလုပ်တွင် ငါ၏ လူ့ဇာတိပကတိကို အပြစ်ပူဇော်မှုအဖြစ် အသုံးပြုလို၍ဖြစ်၏။ ထို့ကြောင့် ငါ့ကို ပထမဆုံး တွေ့သူများသည် ကျေးဇူးတော်ကာလ၏ ယုဒလူမျိုးများ ဖြစ်ကြသည်။ ၎င်းသည် ဇာတိပကတိအသွင်ဖြင့် ငါပထမဆုံး အမှုဆောင်ချိန် ဖြစ်သည်။ နိုင်ငံတော် ကာလတွင် ငါ၏အမှုသည် သိမ်းပိုက် အောင်နိုင်၍ စုံလင်စေရန် ဖြစ်သည်။ ထို့ကြောင့် ငါသည် ဇာတိပကတိ အသွင်ဖြင့် သိုးထိန်းသည့်အမှုကို တစ်ဖန်ပြန်၍ ဆောင်ရွက်သည်။ ဤသည်မှာ ငါဒုတိယအကြိမ် ဇာတိပကတိအသွင်ဖြင့် အမှုဆောင်နေခြင်း ဖြစ်သည်။ အမှု၏ နောက်ဆုံး နှစ်ဆင့်တွင် လူသားတို့နှင့် ထိတွေ့သည့်အရာမှာ မမြင်နိုင်သော၊ ကိုင်၍မရသည့် ဝိညာဉ်တော် မဟုတ်တော့ဘဲ ဇာတိပကတိအဖြစ် အကောင်အထည် ဖော်ထားသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် လူသား၏ မျက်စိထဲတွင် ငါသည် ဘုရားသခင်၏ ရုပ်သွင်နှင့် လုံးဝမတူ၊ ဘုရားသခင်ကဲ့သို့ လုံးဝမထင်ရသူတစ်ဦး ငါထပ်မံဖြစ်သွား၏။ ထို့အပြင် လူတို့မြင်သည့် ဘုရားသည် အမျိုးသားဖြစ်ရုံမက အမျိုးသမီးလည်း ဖြစ်၍ ဤသည်မှာ ထိုသူတို့အတွက် အံ့သြဖွယ်ရာ အကောင်းဆုံးနှင့် ပဟေဠိအဆန်ဆုံး ဖြစ်၏။ ငါ၏ ထူးကဲသော အမှုသည် နှစ်ပေါင်းများစွာ ကိုင်စွဲထားသော အယူအဆဟောင်းများကို ကြိမ်ဖန်တလဲ ချိုးဖျက်ပစ်၏။ လူတို့သည် အံ့အားသင့်လျက် ရှိကြ၏။ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ရုံမက ထိုဝိညာဉ်တော်သည် ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ ခပ်သိမ်းသောအရာတို့ကို လွှမ်းခြုံထားသော ဝိညာဉ်တော်ဖြစ်ကာ လူသားတစ်ဦး၊ လူသာမန် တစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်းဖြစ်၏။ သူသည် အမျိုးသားဖြစ်ရုံမက အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများတွင် မွေးဖွားကြသဖြင့် အလားတူကြကာ တစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူပြီး အခြားတစ်ဦးသည် လူသားတစ်ဦးတွင် မွေးဖွားသော်လည်း ဝိညာဉ်တော်မှ တိုက်ရိုက်ဆင်းသက် လာသဖြင့် ကွဲပြားကြ၏။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ ဇာတိပကတိဖြစ်ကာ အဖဘုရားသခင်၏ အမှုကို ထမ်းဆောင်သဖြင့် ဆင်တူကြကာ တစ်ဦးမှာ ရွေးနုတ်ကယ်တင်သည့် အမှုကို ဆောင်ရွက်၍ အခြားတစ်ဦးမှာ သိမ်းပိုက်အောင်မြင်သည့် အမှုကို ဆောင်ရွက်သဖြင့် ကွဲပြားကြ၏။ နှစ်ဦးစလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းတို့နှင့် ပြည့်နှက်နေသော ရွေးနုတ်ကယ်တင်ခြင်း၏ သခင်ဖြစ်ကာ အခြားတစ်ဦးမှာ ဒေါသနှင့် တရားစီရင်ခြင်းတို့နှင့် ပြည့်နှက်နေသော ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ရန် အဓိပတိတပ်မှူးဖြစ်ကာ အခြားတစ်ဦးသည် သိမ်းပိုက် အောင်မြင်ခြင်း အမှုကို ပြီးဆုံးရန် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ ကျန်တစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော ဇာတိပကတိဖြစ်ကာ အခြားတစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်းကို ပြီးဆုံးစေပြီး အမှုကို ဆက်လက်ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ် မဟုတ်သည့် ဇာတိပကတိဖြစ်၏။ နှစ်ဦးစလုံးသည် ဝိညာဉ်တော် တစ်ခုတည်းသာ ဖြစ်သော်လည်း ကွဲပြားသော သွေးသားခန္ဓာများတွင် ကျိန်းဝပ်နေကြကာ ကွဲပြားသော နေရာများတွင် မွေးဖွားကြ၏။ ထို့အပြင် ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြားနေကြ၏။ သို့သော် ၎င်းတို့၏အမှု ခပ်သိမ်းသည် အပြန်အလှန် ပံ့ပိုးနေကြကာ မည်သည့်အခါမျှ ပဋိပက္ခမဖြစ်ဘဲ တစ်ချိန်တည်းတွင် ထိုအမှုများအကြောင်းကို ပြော၍ရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် လူသားများဖြစ်သော်လည်း တစ်ဦးသည် သားယောက်ျားလေး ဖြစ်၍ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။ ဤများစွာသော နှစ်ပေါင်းအားလုံးတွင် လူတို့ တွေ့ခဲ့ကြသည်မှာ ဝိညာဉ်တော်သာမက၊ လူယောက်ျား၊ အမျိုးသားသာမက လူ့အတွေးအခေါ်နှင့် မကိုက်ညီ သည့်အရာ များစွာလည်းဖြစ်သဖြင့် ထိုသူတို့သည် ငါ့ကို မည်သည့်အခါမျှ အပြည့်အဝ နားလည်နိုင်စွမ်း မရှိပေ။ ထိုသူတို့သည် ငါ့ကို ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေကာ ငါတကယ်ရှိသော်လည်း မရေရာသော အိပ်မက်တစ်ခုလည်း ဖြစ်နေသကဲ့သို့ ဖြစ်၏။ ထို့ကြောင့် ယနေ့တိုင် လူတို့မှာ ဘုရားသခင် ဟူသည် အဘယ်နည်းကို မသိကြသေးခြင်း ဖြစ်သည်။ သင်သည် ငါ့ကို အကယ်ပင် ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အတိုချုပ်ဖော်ပြ၍ ရမည်လား။ “ယေရှုသည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်။ ထို့နောက် ဘုရားသခင်သည်လည်း ယေရှုမှလွဲ၍ အခြားမဟုတ်” ဟု သင်အမှန် ဆိုရဲသလား။ “ဘုရားသခင်သည် ဝိညာဉ်တော်မှလွဲ၍ အခြားမဟုတ်။ ထို့နောက် ဝိညာဉ်တော်သည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်” ဟု အကယ်ပင် ရဲရင့်စွာ ဆိုရဲသလား။ “ဘုရားသခင်သည် လူ့အဝတ် ဝတ်ထားသော ဇာတိပကတိသာဖြစ်သည်” ဟု စိတ်အေးချမ်းသာစွာ ပြောနိုင်သလား။ “ယေရှု၏ ရုပ်သွင်သည် ဘုရားသခင်၏ ကြီးမြတ်သော ရုပ်သွင်သာဖြစ်သည်” ဟု ပြောရဲသောသတ္တိ သင့်တွင် အမှန်စင်စစ် ရှိသလား။ စကားလုံးများနှင့် ပတ်သက်၍ သင့်တွင်ရှိသော ပါရမီစွမ်းအားဖြင့် ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ရုပ်သွင်ကို သင်စေ့စပ်သေချာစွာ ရှင်းပြနိုင်သလား။ “ဘုရားသခင်သည် အမျိုးသမီး မဟုတ်ဘဲ အမျိုသားကိုသာ သူ၏ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခဲ့သည်” ဟု သင်အကယ်ပင် ပြောရဲသလား။ သင်ဤသို့ပြောလျှင် ငါရွေးချယ်သည့်အထဲ အမျိုးသမီး လုံးဝပါမည် မဟုတ်သည့်အပြင် လူသားမျိုးနွယ်ထဲတွင် အမျိုးအစားတစ်ရပ်အဖြစ် အမျိုးသမီးများ ပါဝင်ရန် သာ၍ပင် ဖြစ်နိုင်မည် မဟုတ်ပေ။ ယခု ဘုရားသခင်ဟူသည် မည်သည်ဖြစ်ကြောင်း သင်အမှန်စင်စစ် သိပြီလား။ ဘုရားသခင်သည် လူသားတစ်ဦးလား။ ဝိညာဉ်တစ်ပါးလား။ ဘုရားသခင်သည် အကယ်ပင် အမျိုးသား တစ်ဦးလား။ ငါဆောင်ရွက်လိုသည့် အမှုကို ယေရှုသာလျှင် ပြီးအောင် ဆောင်ရွက်နိုင်သလား။ ငါ၏အနှစ်သာရကို အချုပ်ဖော်ပြရန် အထက်ပါအနက် တစ်ခုကိုသာလျှင် သင်ရွေးချယ်ပါက သင်သည် လွန်ကဲစွာ အသိဉာဏ် ကင်းမဲ့သည့် သစ္စာရှိသော ယုံကြည်သူတစ်ဦး ဖြစ်ပေလိမ့်မည်။ ငါသည် တစ်ကြိမ် တစ်ခါသာ လူ့ဇာတိခံ သွေးသားခန္ဓာအဖြစ် အမှုဆောင်ရွက်ပါက သင်ငါ့အပေါ် ကန့်သတ်ချက်များ သတ်မှတ်မည်လော။ ငါ့ကို တစ်ကြိမ် ကြည့်လျက် အကယ်ပင် ငါ့ကို နားလည်နိုင်မည်လား။ သင့်အသက်တာ အတွင်း ကြုံတွေ့ခဲ့ရသည့် အရာများ၏ ကျေးဇူးကြောင့် သင်သည် ငါမည်သူဆိုသည်ကို အကယ်ပင် လုံးဝ အကျဉ်းချုပ် ဖော်ပြနိုင်မည်လား။ ထို့အပြင် ငါ၏ လူ့ဇာတိခံယူမှု နှစ်ရပ်တွင် ငါသည် အလားတူသည့် အမှုဆောင်ပါက သင်တို့ငါ့အပေါ် မည်သို့မြင်မည်နည်း။ လက်ဝါးကပ်တိုင်ပေါ် သံရိုက်လျက် ငါ့ကို သင်တို့ ရာသက်ပန် ထားခဲ့မည်လား။ ဘုရားသခင်သည် သင်ပြောသလောက် ရိုးရှင်းပါသလား။
သင်တို့၏ ယုံကြည်ခြင်သည် လွန်စွာစစ်မှန်သော်လည်း သင်တို့အကြား မည်သူတစ်ဦးမျှ ငါမည်သူ ဆိုသည်ကို စေ့စပ်သေချာစွာ ရှင်းပြနိုင်စွမ်းမရှိ၊ ထို့အပြင် သင်တို့အကြား မည်သူတစ်ဦးမျှ သင်တို့မြင်သမျှ တကယ့်ဖြစ်ရပ်များကို အပြည့်အဝ သက်သေခံနိုင်စွမ်းမရှိပါ။ စဉ်းစားကြည့်ပါ။ ယခု သင်တို့အများစုသည် တာဝန်ဝတ္တရားများ ပျက်ကွက်နေကြ၏။ တာဝန်များ ထမ်းဆောင်မည့်အစား ဇာတိပကတိ၏ အမှုအရာများ နောက်လိုက်၍ ဇာတိပကတိကို အာသာဖြေလျက် ဇာတိပကတိကို လောဘတကြီး ခံစားနေကြ၏။ သင်တို့တွင် သမ္မာတရာ နည်း၏။ သို့ဖြစ်လျှင် သင်တို့တွေ့ခဲ့သမျှ ခပ်သိမ်းကို မည်သို့ သက်သေခံနိုင်မည်နည်း။ သင်တို့သည် ငါ၏သက်သေ ဖြစ်နိုင်မည်ဟူသည့်အပေါ် မိမိကိုယ်ကိုယ် ယုံကြည်စိတ် အကယ်ပင်ရှိသလား။ တစ်နေ့ သင်သည် ယနေ့တွေ့ခဲ့သမျှ အရာခပ်သိမ်းကို သက်သေမခံနိုင်ပါက သင်သည် ဖန်ဆင်းခံရသူ တစ်ဦး၏ အသုံးဝင်မှု ဆုံးရှုံးခဲ့ပြီ ဖြစ်လိမ့်မည်။ သင်တည်ရှိနေမှုမှာ လုံးဝအဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်မည် မဟုတ်ပေ။ သင်သည် လူသားတစ်ဦး မဟုတ်ဟုပင် ပြောနိုင်သည်။ ငါသည် သင့်အပေါ် ဆောင်ရွက်ခဲ့သည်မှာ အတိုင်းအတာမရှိသည့် ပမာဏဖြစ်သည်။ သို့ရာတွင် ပစ္စုပ္ပန်၌ သင်သည် မည်သည့်အရာမျှ သင်ယူခြင်းမရှိ၊ မည်သည့်အရာမျှ မသိ၊ ထို့အပြင် သင်လုပ်ကိုင်သည်မှာ အချည်းနှီးသာဖြစ် သောကြောင့် ငါ၏အမှုကို တိုးချဲ့ရန် လိုသည့်အခါ သင်၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ ငေးစိုက်နေမည်၊ ဘာမျှမပြောနိုင်ဘဲ လုံးဝအသုံးမကျဖြစ်မည်။ ထိုသို့ဖြစ်လျှင် သင်သည် တုနှိုင်းရန်မရှိသော အပြစ်သားတစ်ဦး ဖြစ်မနေဘူးလား။ ထိုအချိန်ရောက်သည့်အခါ သင်သည် ကြီးစွာသော နောင်တ မရပေဘူးလား။ စိတ်ဓာတ်မကျ ပေဘူးလား။ ဤအရာခပ်သိမ်းကို ငါပျင်း၍ လုပ်နေခြင်းမဟုတ်ဘဲ ငါ၏ အနာဂတ်အမှုအတွက် အခြေခံ အုတ်မြစ်ချရန် လုပ်နေခြင်းဖြစ်သည်။ ငါသည် ထွက်ပေါက်မရှိသော အခြေအနေ ရောက်နေသဖြင့် အရာအသစ်တစ်ခုခု အားထုတ်ကြံစည်ရန် လိုနေသည်မဟုတ်။ ငါဆောင်ရွက်သည့် အမှုတော်သည် ကလေးကစားစရာ[က] မဟုတ်ဘဲ ငါ့အဖကို ကိုယ်စားပြုနေခြင်း ဆိုသည်ကို သင်နားလည်သင့်သည်။ ဤအရာခပ်သိမ်းကို ငါကိုယ်တိုင် တစ်ယောက်တည်း လုပ်နေခြင်း မဟုတ်ကြောင်းကို သင်တို့သိသင့်သည်။ အကယ်စင်စစ်မူ ငါသည် ငါ့အဖကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။ ဤအတောအတွင်း သင်၏ အခန်းကဏ္ဍသည် လိုက်နာရန်၊ နာခံရန်၊ ပြောင်းလဲရန်နှင့် သက်သေခံရန်သာ ဖြစ်သည်။ သင်နားလည်ရမည်မှာ သင်ငါ့ကို အဘယ်အကြောင်းကြောင့် ယုံကြည်ရမည်ဟူသည့် အချက်ပင် ဖြစ်သည်။ ဤသည်မှာ သင်တို့တစ်ဦးစီ နားလည်ရမည့် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ ငါ့အဖ၏ ဘုန်းတော်အတွက် ငါ့အဖသည် ဤလောကကို ဖန်ဆင်းသည့် အချိန်ကပင် ငါ့အတွက် သင်တို့အားလုံးကို ရှေးမဆွက ခွဲခန့်မှတ်သားပြီးဖြစ်၏။ ငါ၏အမှုအတွက်နှင့် သူ၏ ဘုန်းတန်ခိုးအတွက်မှလွဲ၍ အခြား မည်သည့် အရာအတွက်မျှ ကိုယ်တော်ရှင်သည် သင်တို့ကို ရှေးမဆွက ခွဲခန့်မှတ်သားခဲ့ခြင်း မဟုတ်ပါ။ ငါ့အဖကြောင့် သင်ငါ့ကို ယုံကြည်ခြင်း ဖြစ်သည်။ ငါ့အဖမှ သင်တို့ကို ရှေးမဆွက ခွဲခန့်မှတ်သားခြင်းကြောင့်သာ သင်ငါ့နောက်သို့ လိုက်ခြင်းဖြစ်သည်။ ဤအရာတစ်ခုမျှ သင်တို့ကိုယ်တိုင်၏ ရွေးချယ်ချက် မဟုတ်ပါ။ သာ၍ အရေးကြီးသည်မှာ ငါ့အတွက် သက်သေခံရန် ရည်ရွယ်ချက်ဖြင့် ငါ့အဖ ငါ့ကိုအပ်နှင်းပေးသည်မှာ သင်တို့ ဖြစ်ကြောင်း သင်တို့ နားလည်ရန် ဖြစ်သည်။ သင်တို့ကို ငါ့အတွက် အပ်နှင်းပေးသဖြင့် သင်တို့သည် ငါချမှတ်ပေးသော လမ်းခရီးများကို လိုက်နာ၍ ငါသင်ပေးသော နှုတ်ကပတ်တော်များကို လိုက်နာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ လမ်းခရီးများအတိုင်း လိုက်နာရန်မှာ သင်တို့၏ တာဝန်ဖြစ်၍ ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် သင်တို့ ယုံကြည်ခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်နာရန် ငါ့အဖမှ ငါ့ကိုအပ်နှင်းပေးလိုက်သော သူများသာလျှင် ဖြစ်သည်ဟု ငါသင်တို့ကို ပြောမည်။ သို့ရာတွင် သင်တို့သည် ငါ့ကို ယုံကြည်ရုံသာ ယုံကြည်ကြ၏။ သင်တို့သည် ဣသရေလ မိသားစုမှ မဟုတ်သဖြင့် သင်တို့သည် ငါနှင့်မသက်ဆိုင်။ ထိုအစား ရှေးဟောင်းမြွေဆိုးနှင့် သက်ဆိုင်သော အမျိုးဖြစ်၏။ ငါသင်တို့ကို ဆောင်ရွက်ခိုင်းသည်မှာ ငါ့အတွက် သက်သေခံရန်သာ ဖြစ်သော်လည်း ယနေ့ သင်တို့သည် ငါ၏ လမ်းခရီးများအတိုင်း လျှောက်ရမည်။ ဤအရာခပ်သိမ်းသည် အနာဂတ် သက်သေ ခံချက်များအတွက် ဖြစ်၏။ ငါ၏ လမ်းခရီးများကို နားထောင်သူများအဖြစ်သာ သင်တို့ လုပ်ဆောင်ပါက သင်တို့သည် တန်ဖိုးလုံးဝမရှိဘဲ သင်တို့ကို ငါ့အဖ ငါ့အား အပ်နှင်းပေးရခြင်း၏ ရည်ရွယ်ချက်သည်လည်း ပျောက်ဆုံးလိမ့်မည်။ သင်တို့ကို ငါအခိုင်အမာ ပြောသည်မှာ “သင်တို့သည် ငါ၏ လမ်းခရီးများအတိုင်း လျှောက်ရမည်” ဟူ၍ ဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စုများ -
(က) မူရင်းစာသားတွင် “လမ်းပေါ်ကလေးတစ်ဦး ကစားနေခြင်း” ဟု ဖော်ပြထားသည်။
No comments:
Post a Comment