菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

10/09/2018

လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု

အသက်, သမ္မာတရား, သန့်ရှင်းသော ဝိညာဉ်တော် ဘုရား, ဘုရားသခင်၏ နှုတ်ကပတ်တော်, ဘုရားသခင်
သင်တို့သည် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူပြုသောအမှု၏ အထွေထွေ ဦးတည်ချက်ကို နားလည်သဘောပေါက်လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်သည်။ ထိုရူပါရုံ၏ သမ္မာတရားများကို သင်တို့ မလွဲမသွေ ကျင့်ကြံပိုင်နိုင်သည့်အခါ သင်၏ ဝင်ရောက်ခြင်းမှာ လုံခြုံစိတ်ချရလိမ့်မည်၊ ဘုရားသခင် ပြုသောအမှု မည်သို့ပင်ပြောင်းလဲပါစေ၊ သင်သည် မိမိ၏စိတ်နှလုံး၌ တည်ကြည်မြဲ တည်ကြည်နေမည်၊ ရူပါရုံကို ရှင်းရှင်းလင်းလင်းသိပြီး သင်ဝင်ရောက်ရန်နှင့် လိုက်လျှောက်အသက်ရှင်ရန် သင်၌ ရည်မှန်းချက် ရှိနေမည်။ ထိုနည်းအားဖြင့် သင့်အထဲရှိ အတွေ့အကြုံနှင့် အသိပညာ အလုံးစုံသည် ပို၍နက်ရှိုင်းပြီး ပိုမိုပိုင်းခြားဝေဖန်တတ်လာမည်။ အခြေအနေတစ်ရပ်လုံးကို လုံးလုံးလျားလျား သင်နားလည်သဘောပေါက်လာသည့်အခါ ဘဝတွင် ဆုံးရှုံးမှုများကို ကြုံရမည်မဟုတ်သကဲ့သို့ ပျောက်ဆုံးခြင်းသို့လည်း ရောက်မည်မဟုတ်။ အကယ်၍ အဆိုပါအမှု၏ အဆင့်များကို သင်မသိပါက တစ်ဆင့်ချင်းစီတွင် ဆုံးရှုံးမှုကို ကြုံရမည်။ ရက်အနည်းငယ်အတွင်း သင်ပြန်လှည့်နိုင်မည် မဟုတ်သည့်အပြင် ရက်သတ္တပတ် အနည်းငယ်အတွင်းတွင်လည်း မှန်သောလမ်းကြောင်းပေါ်သို့ တည့်မတ် ရောက်ရှိနိုင်မည်မဟုတ်။ ဤအရာသည် သင့်အား နှောင့်နှေးစေနေသည်မဟုတ်လော။ အပြုသဘောဆောင်သော နည်းဖြင့် ဝင်ရောက်နည်း မြောက်များစွာရှိပြီး သင်တို့ ကျွမ်းကျင်ပိုင်နိုင်ရမည့် လက်တွေ့လုပ်ဆောင်ချက်များ ရှိနေသဖြင့် သင်သည်လည်း ဘုရားသခင်ပြုသော သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံ၊ အနာဂတ်တွင် ပြီးပြည့်စုံခြင်းသို့ရောက်မည့်လမ်း၊ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများကို ကြုံတွေ့ခြင်းမှတစ်ဆင့် မည်သည့်အရာတို့ကို ရရှိရမည်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အရေးပါမှု၊ သန့်ရှင်းသော ဝိညာဉ်တော်ပြုသောအမှု၏ နိယာမများနှင့် ပြည့်စုံခြင်းအဖြစ်သို့ ရောက်ခြင်းနှင့် သိမ်းပိုက်ခြင်း၏ နိယာမများစသဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံနှင့်ပတ်သက်သော အချက်အချို့ကို နားလည်သဘောပေါက်ရန်လိုအပ်သည်။ ၎င်းတို့မှာ ရူပါရုံ၏ သမ္မာတရား အလုံးစုံဖြစ်သည်။ ကျန်အရာများမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်တွင် ပြုသောအမှု၏ အဆင့်သုံးဆင့် ဖြစ်သည်သာမက အနာဂတ်သက်သေလည်းဖြစ်သည်။ ၎င်းတို့သည်လည်း ရူပါရုံနှင့်သက်ဆိုင်သော အမှန်တရားများ ဖြစ်ကြပြီး အခြေခံအကျဆုံးနှင့် အရေးပါဆုံးဖြစ်သည်။ လောလောဆယ် သင်တို့ ဝင်ရောက်သင့်ကာ လက်တွေ့ လုပ်ဆောင်သင့်သောအရာ မြောက်မြားစွာရှိနေပြီး ၎င်းကို ယခုအခါ ပို၍ အသေးစိတ်ကျကျ အဆင့်ခွဲထားသည်။ အကယ်၍ သင်၌ အဆိုပါ သမ္မာတရားများနှင့် ပတ်သက်သော အသိပညာမရှိပါက သင်သည် မဝင်ရောက်ရသေးကြောင်း သက်သေပြနေခြင်းဖြစ်သည်။ အချိန်အများစုတွင် သမ္မာတရားနှင့်ပတ်သက်သော လူ၏အသိပညာသည် အလွန်တိမ်သည်၊ လူသည် အခြေခံကျသည့် သမ္မာတရားအချို့ကိုပင် လက်တွေ့ကျင့်နိုင်စွမ်းမရှိဘဲ အသေးအမွှားကိစ္စများကိုပင်လျှင် မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိ။ လူသည် သမ္မာတရားနှင့်အညီ လက်တွေ့မကျင့်ကြံနိုင်ခြင်းမှာ သူ၏ဆန့်ကျင် ပုန်ကန်တတ်သော စိတ်သဘောထားကြောင့်ဖြစ်ပြီး ယနေ့ခေတ်တွင်ပြုသောအမှုအကြောင်းကို သိသော သူ၏အသိပညာမှာ အပေါ်ယံဆန်လွန်းပြီး တစ်ဖက်သတ်ဆန်လွန်းခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် လူကို ပြီးပြည့်စုံခြင်းသို့ ရောက်စေသောအမှုမှာ မလွယ်ပါ။ သင်၏ ဆန့်ကျင်ပုန်ကန်မှုမှာ အလွန်ကြီးမားပြီး သင်သည် သင်၏လူဟောင်းကို မလွှတ်တမ်းဆုပ်ကိုင်ကာအသက်ရှင်သည်၊ သင်သည် သမ္မာတရားဘက်တွင် ရပ်တည်နိုင်ခြင်း မရှိသည့်အပြင် သင်သည် အထင်ရှားမြင်သာဆုံးဖြစ်သည့် အမှန်တရားများကိုပင် လက်တွေ့ကျင့်ကြံနိုင်ခြင်းမရှိ။ ထိုသို့သောသူများကို ကယ်တင်၍ မရနိုင်သည့်အပြင် ၎င်းတို့သည် သိမ်းပိုက်ခြင်း မခံရသေးသောသူများဖြစ်သည်။ အကယ်၍ သင်၏ဝင်ရောက်ခြင်းမှာ အသေးစိတ်လည်းမကျ၊ ဓမ္မဓိဌာန်လည်းမကျပါက သင့်အတွက် ကြီးထွားရင့်ကျက်ခြင်းမှာ နှေးကွေးနေမည်။ အကယ်၍ သင်၏ဝင်ရောက်ခြင်းမှာ အနည်းငယ်မျှပင် လက်တွေ့မကျပါက သင်၏လိုက်လျှောက်အသက်ရှင်မှုမှာ အချည်းနှီးပင်ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား၏အနှစ်သာရကို မသိပါက မပြောင်းလဲဘဲ သင်ဆက်ရှိနေမည်။ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာမက အသေးစိတ်ကျသော အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာ လူတစ်ဦး၏ အသက်တာ ကြီးထွားရင့်ကျက်ပြီး သူ၏စိတ်သဘောထားများ အားလုံးပြောင်းလဲလာမည်။ အကယ်၍ သင်ဝင်ရောက်စဉ် သင်၌ အသေးစိတ်ကျသော အတွေ့အကြုံများစွာရှိပါက သင်၌ မှန်သောအသိပညာနှင့် မှန်သောဝင်ရောက်ခြင်း ရှိသည်၊ သင်၏စိတ်သဘောထား အလျင်အမြန် ပြောင်းလဲလိမ့်မည်။ အကယ်၍ သင်သည် လက်တွေ့လုပ်ဆောင်မှုတွင် အလွန်အမင်း ဉာဏ်အလင်းဖွင့်ပြခြင်းကို လောလောဆယ် မခံရလျှင်လည်း အနည်းဆုံးအနေဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံအကြောင်း ဉာဏ်အလင်းဖွင့်ပြခြင်း ခံရရန်လိုအပ်သည်။ ထိုသို့မခံရပါက သင်၌ သမ္မာတရားကို သိသော အသိပညာ ဦးစွာ မရှိပါလျှင် သင်မဝင်ရောက်ရသည့်အပြင် ဝင်ရောက်နိုင်စွမ်းလည်းရှိမည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အတွေ့အကြုံထဲမှ သင့်အား ဉာဏ်အလင်းဖွင့်ပြမှသာလျှင် သမ္မာတရားကို ပို၍နက်နဲစွာ သိမြင်လာကာ သာ၍နက်ရှိုင်းစွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ပြုသောအမှုကို သိလာရန် လိုအပ်သည်။

အစဦး၌ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်ပိုင်းတွင် ဣသရေလလူများသည် ယေဟောဝါ ပြုသောအမှု၏ အခြေခံအကြောင်းရင်းအဖြစ် အစေခံခဲ့ကြပြီး ဣသရေလမျိုးနွယ် တစ်မျိုးနွယ်လုံးသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ ပြုသောအမှု၏ အရင်းခံဖြစ်ခဲ့သည်။ ယေဟောဝါပြုခဲ့သောအမှုမှာ လူသားများ သာမန်အသက်တာဖြင့် အသက်ရှင်နေထိုင်နိုင်ကာ ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါကို သာမန်ပုံစံအတိုင်း ကိုးကွယ်နိုင်စေရန်အတွက် ပညတ်များချမှတ်ကာ လူသားများကို တိုက်ရိုက်ဦးဆောင် လမ်းပြရန်ဖြစ်သည်။ ပညတ်တော်ခေတ်မှ ဘုရားသခင်သည် လူသားများ တွေ့မြင်နိုင်ခဲ့ခြင်းနှင့် ထိတွေ့နိုင်ခဲ့ခြင်းမရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့သော လူသားတို့ကို ဦးဆောင်ရုံမျှသာဖြစ်ပြီး သူသည် ယင်းလူတို့ကို ညွှန်ကြားရန်နှင့် လမ်းပြရန် ဖြစ်သည်၊ ထို့ကြောင့် သူပြောသောနှုတ်ကပတ်တော်သည် ပညတ်ချက်များ၊ အမိန့်ပြန်တမ်းများနှင့် လူသားတစ်ဦးအနေဖြင့် ဘဝတွင်အသက်ရှင်နေထိုင်ရာတွင် သိသင့်သော ဘုံအသိပညာများသာဖြစ်ပြီး လူသားတို့အား အသက်ကိုပေးသော သမ္မာတရားများ လုံးလုံးမဟုတ်ချေ။ သူ၏ ဦးဆောင်မှုအောက်တွင် ရှိခဲ့သော ဣသရေလလူများသည် စာတန် အတွင်းကျကျ ဖောက်ပြန်ပျက်စီးစေခဲ့သောသူများ မဟုတ်ပေ။ ပညတ်တော်အားဖြင့် သူပြုသောအမှုသည် ကယ်တင်ခြင်းအမှု၏ ပထမဦးဆုံး အဆင့်သာဖြစ်သည်၊ ကယ်တင်ခြင်းအမှု၏ အစအဦးဆုံးသာဖြစ်ပြီး ထိုအမှုသည် လူသားတို့၏ အသက်တာထဲမှ စိတ်သဘောထား ပြောင်းလဲမှုများနှင့် အမှန်တကယ် မသက်ဆိုင်ပေ။ ထိုအတွက်ကြောင့် ကယ်တင်ခြင်းအမှု၏ အစအဦးတွင် ဣသရေလပြည်၌ သူ၏အမှုကိုပြုရန် သူ့အနေဖြင့် လူဇာတိခံယူရန် မလိုအပ်ခဲ့ချေ။ ဤအကြောင်းကြောင့် သူသည် လူသားတို့နှင့် ဆက်သွယ်ရန်အတွက် တန်ဆာပလာအဖြစ် အသုံးတော်ခံမည့် ကြားခံလူကို လိုအပ်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါ၏ကိုယ်စား စကားပြောရန်နှင့် အမှုပြုရန် ဖန်ဆင်းခံသတ္တဝါများထဲမှ လူသားများနှင့် ပရောဖက်များ ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ထိုသူများသည် ဤသို့ဖြင့် လူတို့အကြားထဲ ရောက်လာကာ အမှုပြုခဲ့ကြခြင်းဖြစ်သည်။ လူသားများသည် လူတို့အကြားတွင် ယေဟောဝါ၏ကိုယ်စား အမှုပြုခဲ့ကြသည်။ ယင်းကဲ့သို့ ယေဟောဝါ၏ ခေါ်တော်မူခြင်းကို ခံရခြင်းဆိုသည်မှာ ထိုလူသားများသည် ယေဟောဝါ၏ကိုယ်စား ပညတ်ချက်များကို ချမှတ်ပေးခြင်းဖြစ်ပြီး ၎င်းတို့သည် ဣသရေလလူမျိုးအကြားထဲမှ ယဇ်ပရောဟိတ်များလည်းဖြစ်သည်၊ ထိုလူသားများသည် ယေဟောဝါ၏ ဝိညာဉ်တော်အားဖြင့် အမှုပြုခဲ့ကြပြီး ယေဟောဝါ၏ ကြည့်ရှုစောင့်မခြင်းနှင့် ကာကွယ်ခြင်းကို ခံခဲ့ကြရသည်၊ ၎င်းတို့သည် ဣသရေလလူမျိုးအကြားထဲတွင် ခေါင်းဆောင်များဖြစ်ကြပြီး ယေဟောဝါကို တိုက်ရိုက် အစေခံခဲ့ကြသည်။ သို့သော်လည်း ပရောဖက်များမှာ တိုင်းနိုင်ငံအားလုံးနှင့် မျိုးနွယ်စုအားလုံးကို ယေဟောဝါ၏ကိုယ်စား စကားပြောရန်အတွက် သီးသန့် အသုံးပြုခံရသောသူများဖြစ်ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏အမှုကို ပရောဖက်ပြုသောသူများလည်း ဖြစ်ကြသည်။ လူသားများဖြစ်စေ ပရောဖက်များဖြစ်စေ၊ အားလုံးကို ယေဟောဝါ၏ ဝိညာဉ်တော် ပေါ်ထွန်းစေပြီး ၎င်းတို့အထဲတွင် ယေဟောဝါ၏အမှု တည်ရှိခဲ့ကြသည်။ လူတို့အကြားတွင် ၎င်းတို့သည် ယေဟောဝါကို တိုက်ရိုက် ကိုယ်စားပြုခဲ့သောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ယေဟောဝါ ပေါ်ထွန်းစေသည့်အတွက်ကြောင့်သာ အမှုပြုခဲ့ကြခြင်းဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော် ကိုယ်တိုင် ၎င်းတို့ထဲတွင် လူဇာတိခံယူကာ အမှုပြုသော ဇာတိခန္ဓာများဖြစ်ခြင်းကြောင့် မဟုတ်ပေ။ ထို့ကြောင့် ပညတ်တော်ခေတ်မှ လူသားများနှင့် ပရောဖက်များသည် ဘုရားသခင်၏ကိုယ်စား တညီတညွတ်တည်း စကားပြောပြီး အမှုပြုခဲ့ကြသော်လည်း ၎င်းတို့သည် လူဇာတိခံယူထားသော ဘုရားသခင်၏ ဇာတိခန္ဓာများမဟုတ်ပါ။ ဤအရာသည် ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးအဆင့်တွင် ပြောင်းပြန်ဖြစ်ကြောင်း ရှင်းလင်းစွာသိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားတို့အား ကယ်တင်ခြင်းအမှုနှင့် တရားစီရင်ခြင်းအမှုနှစ်မျိုးစလုံးကို လူဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင် ပြုခဲ့ခြင်းဖြစ်ပြီး ထို့အတွက်ကြောင့် သူ၏ကိုယ်စား အမှုပြုရန်အတွက် ပရောဖက်များနှင့် လူသားများကို ပေါ်ထွန်းစေရန် မလိုအပ်တော့ပေ။ လူသားများ၏ အမြင်တွင် ၎င်းတို့ အလုပ်၏ အနှစ်သာရနှင့် ပြုပုံပြုနည်းများအကြားတွင် မည်မည်ရရ ကွာခြားချက်များမရှိဟု မြင်တတ်ကြသည်။ ဤအကြောင်းရင်းကြောင့် လူတို့သည် လူဇာတိခံယူသောဘုရားသခင် ပြုသောအမှုနှင့် ပရောဖက်များနှင့် လူသားများ ပြုသောအမှုတို့ကို အမြဲတမ်းရောထွေးကြခြင်းဖြစ်သည်။ လူဇာတိခံယူသော ဘုရားသခင်၏ ပုံသဏ္ဌာန်သည် အခြေခံအားဖြင့် ပရောဖက်များနှင့် လူ၏သားများ၏ ပုံသဏ္ဌာန်နှင့်တူညီသည်။ ထို့အပြင် လူဇာတိခံယူသော ဘုရားသခင်သည် ပရောဖက်များထက်ပင် ပို၍သာမန်ဖြစ်ပြီး ပို၍စစ်မှန်သည်။ ထိုအကြောင်းကြောင့် လူသားတို့သည် ၎င်းတို့အား လုံးဝ ခွဲခြားသိမြင်နိုင်ခြင်းမရှိ။ လူသားတို့သည် ပုံသဏ္ဌာန်များကိုသာ အာရုံစိုက်တတ်ကြပြီး ၎င်းတို့ပြုသောအမှုနှင့် ပြောသောစကားနှစ်မျိုးစလုံးမှာ အနှစ်သာရအားဖြင့် ကွဲခြားခြင်းရှိကြောင်း လုံးဝမသိကြ။ လူသားများ၏ ပိုင်းခြားသိမြင်နိုင်စွမ်းမှာ နည်းပါးလွန်းသဖြင့် လူသားများသည် သာမန်ကိစ္စများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြဘဲ အလွန်ခက်ခဲရှုပ်ထွေးသောအရာ တစ်စုံတစ်ခုဆိုပါက ပို၍ပင် ခွဲခြားသိမြင်နိုင်စွမ်းမရှိကြ။ ပရောဖက်များ ပြောသောစကားများနှင့် ပြုသောအမှုများသာမက သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော သူများ၏ ပြောသောစကားများနှင့် ပြုသောအမှုများသည် လူသားတို့၏တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏အလုပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လူသားတို့ လုပ်သင့်သောအမှုတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်ပြုသော အမှုနှင့် နှုတ်ကပတ်တော်သည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အပြင်ပန်းအသွင်သဏ္ဌာန်သည် ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ရှိသော်လည်း သူ၏အမှုမှာ သူ၏အလုပ်တာဝန်ကို လုပ်ဆောင်ရန်မဟုတ်ဘဲ သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ "တာဝန်"ဟူသော ဝေါဟာရကို ဖန်ဆင်းခံသတ္တဝါများနှင့်စပ်လျဉ်း၍ အသုံးပြုသော်လည်း "အမှုတော်"ဟူသော ဝေါဟာရကိုမူ လူဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့်စပ်လျဉ်း၍ အသုံးပြုသည်။ ထိုဝေါဟာရနှစ်လုံးအကြားတွင် အခြေခံအားဖြင့် ကွာခြားမှုရှိပြီး ၎င်းတို့မှာ အပြန်အလှန်အဓိပ္ပာယ်ရှိသော ဝေါဟာရများ မဟုတ်ပေ။ လူ၏အမှုမှာ သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ ဖြစ်သော်လည်း ဘုရားသခင်၏အမှုမှာ သူ၏အမှုတော်ကို စီမံခန့်ခွဲရန်နှင့် ဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် တမန်တော်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံခဲ့ရပြီး ပရောဖက်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြသော်လည်း ၎င်းတို့ပြုသော အမှုနှင့် ပြောသောစကားများသည် ၎င်းတို့၏တာဝန်ကို ဖန်ဆင်းခံသတ္တဝါအနေဖြင့် လုပ်ဆောင်ရုံမျှသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ပရောဖက်ပြုချက်များသည် လူ့ဇာတိခံယူသော ဘုရားသခင်မြွက်ဆိုသည့် အသက်လမ်းခရီးထက် သာ၍ကြီးမြတ်ကောင်း ကြီးမြတ်နိုင်သည့်အပြင် ၎င်းတို့၏လူ့သဘာဝသည်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝထက် သာ၍ကျော်လွန်ခဲ့သော်လည်း ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်နေကြခြင်း ဖြစ်ပြီး ၎င်းတို့၏အမှုတော်ကို ကျေပွန်အောင်ဆောင်ရွက်နေခဲ့ကြခြင်း မဟုတ်ပါ။ လူသားများ၏တာဝန်သည် လူသားများ၏အလုပ်ကို ရည်ညွှန်းပြီး လူသားများ ကြိုးပမ်းလုပ်ဆောင်နိုင်သောအရာ တစ်စုံတစ်ခုဖြစ်သည်။ သို့သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင် ထမ်းရွက်သောအမှုတော်သည် သူ၏စီမံခန့်ခွဲမှုနှင့်သက်ဆိုင်ပြီး ထိုအရာကို လူသားများ ကြိုးပမ်းလုပ်ဆောင်၍မရပေ။ လူ့ဇာတိခံယူသော ဘုရားသခင် မြွက်ဆိုသည်ဖြစ်စေ၊ အမှုပြုသည်ဖြစ်စေ သို့မဟုတ် အံ့သြဖွယ်ရာများ ပြသည်ဖြစ်စေ၊ သူသည် သူ၏စီမံခန့်ခွဲမှုအတွင်းရှိ ကြီးမားသောအမှုကို ပြုနေခြင်းပင်ဖြစ်၍ ထိုသို့သောအမှုကို လူသားများက သူ၏ကိုယ်စား ဝင်ရောက်လုပ်ဆောင်၍ မရနိုင်ပါ။ လူသားများ၏အလုပ်မှာ ဘုရားသခင် စီမံခန့်ခွဲသောအမှုထဲမှ ပေးထားသောအဆင့်ထဲတွင် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏တာဝန်ကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု မရှိဘဲ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်သည် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့မည်ဆိုပါက ဖန်ဆင်းခံသတ္တဝါ၏ တာဝန်သည်လည်း ဆုံးရှုံးခြင်းသို့ရောက်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုတော်ကို ထမ်းရွက်စဉ်ပြုသောအမှုမှာ လူသားတို့ကို စီမံခန့်ခွဲရန်ဖြစ်သည်၊ တစ်ဖက်တွင် လူသားတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ခြင်းမှာ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များ ပြည့်မီစေရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် ဝတ္တရားများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်၏ အမှုတော်ကို ထမ်းရွက်နေသည်ဟု ယူဆ၍မရနိုင်ပါ။ ဘုရားသခင်၏ရှိရင်းစွဲ အနှစ်သာရ၊ တစ်နည်းအားဖြင့်ဆိုသော် သူ၏ဝိညာဉ်တော်အတွက် ဘုရားသခင် ပြုသောအမှုဆိုသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သော်လည်း ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ကိုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ သူ၏အမှုမှာ မိမိ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်သည်။ သူပြုသော အမှုမှန်သမျှသည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်ပြီး လူသားများအနေဖြင့် လုပ်ဆောင်နိုင်သောအရာ တစ်ခုတည်းမှာ သူ၏စီမံခန့်ခွဲမှုအတိုင်းအတာအတွင်း၊ သူ၏ဦးဆောင်မှုအောက်တွင် ၎င်းတို့၏ အကောင်းဆုံးသော အရာများကို ဆက်ကပ်ပေးအပ်ခြင်းပင်ဖြစ်သည်။

လူသားသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် လူသားတို့၏အတွင်းမှ ရှိရင်းစွဲ အရာအလုံးစုံကို စွမ်းဆောင်အောင်မြင်ခြင်းပင် ဖြစ်သည်၊ တစ်နည်းအားဖြင့် လူသားများအတွက် စွမ်းဆောင်အောင်မြင်နိုင်ခြေရှိသော အရာများဖြစ်သည်။ ထိုအခါတွင် ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်သည်။ လူသားတို့ အစေခံစဉ် လူသားတို့၏ ချွတ်ယွင်းချက်များသည် အဆင့်ဆင့် တိုးတက်ရင့်ကျက်လာသော အတွေ့အကြုံအားဖြင့်သော်လည်းကောင်း တရားစီရင်ခြင်းကို ခံရသော ၎င်းတို့၏ အတွေ့အကြုံဖြစ်စဉ်အားဖြင့်သော်လည်းကောင်း တဖြည်းဖြည်းလျော့နည်းလာသည်၊ ၎င်းတို့သည် လူသားတို့၏တာဝန်ကို တားဆီးခြင်း သို့မဟုတ် ဆိုးကျိုးသက်ရောက်စေခြင်းမရှိပါ။ အစေခံခြင်းကို ရပ်စဲသောသူ သို့မဟုတ် လက်လျှော့ အရှုံးပေးသူများနှင့် အစေခံခြင်းတွင် ရှိကောင်းရှိနိုင်သော ချွတ်ယွင်းချက်များကို ကြောက်ရွံ့ခြင်းကြောင့် နောက်ပြန်ဆုတ်သောသူများသည် လူသားများ အားလုံးထဲတွင် သတ္တိအနည်းဆုံးသောသူများဖြစ်သည်။ အကယ်၍ လူသားများသည် အစေခံစဉ် ဖော်ပြသင့်သည့်အရာတို့ကို ဖော်ပြနိုင်ခြင်းရှိရမည့်အစား သို့မဟုတ် ၎င်းတို့အတွက် ရှိရင်းစွဲအနေဖြင့် ဖြစ်နိုင်ခြေရှိသည်တို့ကို ရယူစွမ်းဆောင်နိုင်ခြင်းရှိရမည့်အစား စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေလုပ်နေပါက၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါများတွင် ရှိသင့်ရှိထိုက်သောအလုပ်ကို လက်လွှတ်ဆုံးရှုံးနေရပြီ ဖြစ်သည်။ ဤသို့သော လူသားများကို လေထဲတိုက်အိမ်ဆောက်သော အညတြလူများဟူ၍လည်းကောင်း ဆန်ကုန်မြေလေးဟူ၍လည်းကောင်း သတ်မှတ်သည်၊ ဤသို့သောလူတစ်ဦးကို ဖန်ဆင်းခံသတ္တဝါဟူသော ဂုဏ်ပုဒ်ပေး၍ အဘယ်သို့ ခံ့ညားစေနိုင်မည်နည်း။ အပြင်ပန်း တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးမှု၏ အပေါင်းအပါများဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတစ်ဦးသည် သူ့ကိုယ်သူ ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်၊ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို မပြုနိုင်၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက သူသည် ဘုရားသခင် မဟုတ်သည်မှာ သေချာသည်၊ အဘယ်ကြောင့်ဆိုသော် သူ၌ ဘုရားသခင်၏ အနှစ်သာရ မရှိခြင်းကြောင့်ဖြစ်ပြီး ပင်ကိုအားဖြင့် ဘုရားသခင် ရယူနိုင်သောအရာမှာ ထိုလူထဲ၌ မတည်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ လူသားများသည် ပင်ကိုအတိုင်း ရရှိနိုင်သောအရာတို့ကို လက်လွှတ်ဆုံးရှုံးပါက ၎င်းတို့ကို လူသားဟူ၍ ဆက်လက်မသတ်မှတ်နိုင်တော့ပေ၊ ထို့အပြင် ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင်ရှေ့မှောက် လာရောက်ရန်နှင့် သူ့အားအစေခံရန် မထိုက်တန်ချေ။ ထိုမျှမက ၎င်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို လက်ခံရယူရန် မထိုက်တန်၊ သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင်မခြင်း၊ ကာကွယ်ခြင်းကို ခံယူရန်နှင့် ပြီးပြည့်စုံအောင် ပြုခြင်းခံရရန် မထိုက်တန်။ ဘုရားသခင်၏ ယုံကြည်မှုကို လက်လွှတ်ဆုံးရှုံးသောသူများစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက်၍ လက်လွှတ်ဆုံးရှုံးနေရဦးမည်။ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုများကို စက်ဆုပ်ရွံရှာခြင်း မရှိသည်သာမက ဘုရားသခင်၏ လမ်းကြောင်းမှာ မှားယွင်းသည်ဟူ၍ အရှက်မရှိ ဝါဒဖြန့်ကြသည်။ ထို့အပြင် ဆန့်ကျင်ပုန်ကန်သော ထိုသူများသည် ဘုရားသခင် ရှိကြောင်းကိုပင် ငြင်းဆန်ကြသည်၊ ထိုကဲ့သို့ ဆန့်ကျင်ပုန်ကန်တတ်သော လူအမျိုးအစားတွင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရန် အထူးအခွင့်အရေး မည်သို့ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ရန် ပျက်ကွက်သောလူသားများသည် ဘုရားသခင်ကို အလွန်ဆန့်ကျင်ပုန်ကန်နေကြခြင်းဖြစ်ပြီး ဘုရားသခင်ကို များစွာအကြွေးတင်သောသူများ ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ကိုယ်ကိုလှည့်ကာ ဘုရားသခင် မှားကြောင်း ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြသည်။ ထိုသို့သော လူသားများသည် ပြီးပြည့်စုံအောင် ပြုခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်ပါမည်နည်း။ ဤအရာသည် သုတ်သင်ပယ်ရှင်းခြင်းနှင့် အပြစ်ပေးခြင်းကို ခံရမည့် ရှေ့ပြေးလက္ခဏာ မဟုတ်လော။ ဘုရားသခင်၏မျက်မှောက်တွင် မိမိ၏တာဝန်ကို မထမ်းဆောင်သော လူသားတစ်ဦးသည် စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော ပြစ်မှုများအတွက် အပြစ်ရှိနေပြီးသားဖြစ်သည်၊ ထိုအပြစ်များအတွက် သေခြင်းတရားပင်လျှင် လုံလောက်သော ပြစ်ဒဏ်မဟုတ်၊ သို့သော်လည်း လူသားများသည် ဘုရားသခင်နှင့် ငြင်းခုံရဲသည်သာမက ၎င်းတို့ကိုယ်ကို ဘုရားသခင်နှင့် ယှဉ်ပြိုင်ရဲသည့် သတ္တိရှိကြသည်။ ထိုသို့သော လူမျိုးကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် အဘယ်သို့ ထိုက်တန်မည်နည်း။ အကယ်၍ လူသားများသည် ၎င်းတို့၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပါက ၎င်းတို့သည် အပြစ်ရှိကြောင်းနှင့် အကြွေးတင်ရှိကြောင်း ခံစားသင့်သည်၊ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို စက်ဆုပ်ရွံရှာသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်နှင့် အသွေးကို ဘုရားသခင်အတွက် စွန့်လွှတ်သင့်သည်။ သို့မှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြမည်ဖြစ်ပြီး ထိုသို့သော လူမျိုးသာလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို ရရှိခံစားရန်ထိုက်တန်ပြီး ပြီးပြည့်စုံခြင်းသို့ ရောက်အောင် ဘုရားသခင်၏ ပြုခြင်းကိုခံရန်ထိုက်တန်သည်။ ထို့အပြင် သင်တို့ အများစုမှာ အဘယ်သို့နည်း။ သင်တို့နှင့်အတူရှိသော ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသနည်း။ သင်တို့သည် သူ၏ မျက်မှောက်တွင် သင်တို့၏တာဝန်ကို မည်ကဲ့သို့ ထမ်းဆောင်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန်အတွက် ခေါ်တော်မူခြင်းခံရသော အရာအလုံးစုံကို သင်တို့၏ ကိုယ့်အသက်ကိုမငဲ့ဘဲ လုပ်ဆောင်ပြီးပြီလော။ သင်တို့ မည်သည်တို့ကို စွန့်လွှတ်အနစ်နာခံခဲ့ပြီးပြီနည်း။ သင်တို့ ငါ့ထံမှ ကြွယ်ဝစွာ မရရှိသေးသလော။ သင်တို့ ရှင်းလင်းစွာ ခွဲခြားနိုင်သလော။ သင်တို့ ငါ့အား မည်မျှသစ္စာရှိသနည်း။ သင်တို့ ငါ့အား မည်သို့ အစေခံခဲ့ပြီးပြီနည်း။ ထို့အပြင် သင်တို့အပေါ် ငါပေးအပ်ခဲ့ပြီး သင်တို့အတွက် ငါပြုခဲ့ပြီးသော အရာအလုံးစုံတို့မှာ အဘယ်နည်း။ ထိုအရာ အလုံးစုံကို သင်တို့ တိုင်းတာပြီးပြီလော။ သင်တို့အားလုံး ဤအရာကို သင်တို့အတွင်း၌ရှိသော အသိစိတ် အနည်းငယ်ဖြင့် စီရင် နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ မပြောပလောက်သော ယင်းကဲ့သို့ စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါ၌အခြားရွေးချယ်စရာ မရှိဘဲ သင်တို့ကို စိတ်ပါလက်ပါ အပြည့်အဝ အစဉ်ချစ်၍ သစ္စာရှိခဲ့သော်လည်း သင်တို့သည် ငါ့အကြောင်းနှင့်ပတ်သက်ပါက စိတ်မပါတပါဖြင့် သို့လောသို့လောဟူ၍ မိုက်သောဒွိဟစိတ်များကို လက်သင့်ခံထားကြသည်။ ထိုအရာသည် သင်တို့လုပ်ဆောင်ရမည့် တာဝန်၏အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော အလုပ်ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံသတ္တဝါ၏ တာဝန်ကို ကျေပွန်အောင် နည်းနည်းမျှပင် ထမ်းဆောင်နိုင်ခဲ့ခြင်း မရှိသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ သတ်မှတ်နိုင်မည်နည်း။ သင်တို့ အသက်ရှင် နေထိုင်နေသောအရာနှင့် ဖော်ပြနေသောအရာမှာ အဘယ်အရာ ဖြစ်ကြောင်းကို သင်တို့ ရှင်းလင်းစွာ မသိသလော။ သင်တို့သည် သင်တို့၏တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သော်လည်း ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကိုရရှိရန် သင်တို့ ကြိုးပမ်းကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျဘဲ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ပေးထားခြင်း မဟုတ်၊ မည်သည့်အရာကိုမျှ မတောင်းဘဲ ဝမ်းမြောက်စွာဖြင့် စွန့်လွှတ်အနစ်နာခံသော သူများအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ သင်တို့ကဲ့သို့သောလူများသည် လေထဲတိုက်အိမ်ဆောက်သော အညတြလူများဖြစ်ကြပြီး ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို ခံစားရန် လုံးဝမထိုက်တန်။ သင်တို့၏ နေ့ရက်များတွင် ခက်ခဲဆိုးယုတ်ခြင်းနှင့် မကုန်ဆုံးနိုင်သော ပြစ်ဒဏ်များသာ လိုက်ပါနေမည်။ အကယ်၍ သင်တို့သည် ငါ့အပေါ် သစ္စာမရှိနိုင်ပါက သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခုဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါပြောသော နှုတ်ကပတ်တော်များနှင့် ငါပြုသောအမှုများကို တာဝန်ခံနိုင်ခြင်းမရှိပါက သင်တို့၏ ကုသိုလ်ကံသည် ပြစ်ဒဏ်ပေးခြင်းခံရသော ကုသိုလ်ကံဖြစ်လာမည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာ တစ်စုံတစ်ရာနှင့် နိုင်ငံတော်ထဲရှိ အံ့သြဖွယ်ရာအသက်တာသည် သင်တို့နှင့် သက်ဆိုင်ရန်အကြောင်းမရှိ။ ဤအရာသည် သင်တို့ ကြုံထိုက်သော အဆုံးဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်လေစွ။ ပညာမရှိသော ထိုသူများသာမက မာနကြီးသူများသည် ၎င်းတို့အတတ်နိုင်ဆုံး ကြိုးစားခြင်း သို့မဟုတ် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရမည့်အစား ၎င်းတို့ တောင်းသောအရာမှာ ရသင့်ရထိုက်သကဲ့သို့ ၎င်းတို့သည် လက်များကို ဆန့်တန်းကာ ကျေးဇူးတော်ကို တောင်းခံကြသည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့ တောင်းသောအရာကို အကယ်၍ မရခဲ့ပါက ၎င်းတို့သည် ပို၍ပင် သစ္စာပျက်ပြားသွားကြသည်။ ထိုသို့သောလူများကို အသိစိတ်ရှိသောသူများဟု မည်ကဲ့သို့ သတ်မှတ်နိုင်မည်နည်း။ သင်တို့၏ အစွမ်းအစမှာ ညံ့ဖျင်းပြီး သင်တို့၌ ဆင်ခြင်တုံတရား မရှိ၊ စီမံခန့်ခွဲသော အမှုပြုနေစဉ် သင်တို့ ကျေပွန်အောင်ထမ်းဆောင်သင့်သော တာဝန်ကိုလည်း ကျေပွန်အောင်ထမ်းဆောင်နိုင်စွမ်း လုံးဝမရှိ။ သင်တို့၏တန်ဖိုးသည် သိသိသာသာ တရှိန်တိုး ကျဆင်းသွားနှင့်ပြီ။ သင်တို့ကို ထိုကဲ့သို့ မျက်နှာသာပေးခြင်းအတွက် သင်တို့ ငါ့ကို ကျေးဇူးဆပ်ရန်ပျက်ကွက်ခြင်းမှာ အလွန်အကျွံ ဆန့်ကျင်ပုန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်နှင့်နေပြီး သင်တို့ကို ပြစ်ဒဏ်ချမှတ်ရန်နှင့် သင်တို့၏သတ္တိနည်းခြင်း၊ ညံ့ဖျင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းကို ထင်ရှားစွာပြရန် အကြောင်းရင်းလုံလောက်သည်။ သင်တို့၏လက်များကို ဆန့်တန်းရန် သင်တို့ မည်သို့ဆက်လက်အရည်အချင်း ပြည့်မီနိုင်ဦးမည်နည်း။ သင်တို့သည် ငါ၏အမှုအတွက် လုံးဝ အထောက်အကူဖြစ်နိုင်စွမ်းမရှိ၊ သင်တို့၏ ယုံကြည်ခြင်း ခိုင်မြဲမှုမရှိဘဲ ငါ့အတွက် သက်သေရပ်တည်နိုင်စွမ်းမရှိ။ ၎င်းတို့သည် သင်တို့၏ မကောင်းမှုများနှင့် ချွတ်ယွင်းချက်များ ဖြစ်နှင့်နေသော်လည်း သင်တို့သည် ငါ့ကို တိုက်ခိုက်ကြသေးသည်၊ ငါ့အကြောင်း မမှန်မကန် ပြောပြီး ငါသည် မဖြောင့်မတ်ကြောင်း ညည်းညူကြသေးသည်။ ဤအရာသည် သင်တို့၏ သစ္စာစောင့်သိခြင်းနှင့်ညီမျှသောအရာ ဖြစ်သလော။ ဤအရာသည် သင်တို့၏ချစ်ခြင်းနှင့်ညီမျှသောအရာ ဖြစ်သလော။ ဤအရာအပြင် အခြားမည်သည့်အမှုကို သင်တို့ ပြုနိုင်သနည်း။ ပြုခဲ့ပြီးသောအမှုအလုံးစုံတို့တွင် သင်တို့ မည်ကဲ့သို့ ပါဝင်ပေးဆပ်ခဲ့ပြီးပြီနည်း။ သင်တို့ မည်မျှ အကုန်အကျခံခဲ့ပြီးပြီနည်း။ သင်တို့အပေါ် ငါအပြစ်မတင်ခြင်းသည်ပင်လျှင် ကြီးမားသော သနားခြင်းကရုဏာပြသည့်အမှု ဖြစ်နှင့်ပြီ၊ သို့သော်လည်း သင်တို့သည် အရှက်တရားကင်းမဲ့စွာဖြင့် ငါ့ကို ဆင်ခြေများပေးပြီး ငါနှင့်ပတ်သက်၍ မကျေနပ်ကြောင်း တီးတိုး ပြောဆိုကြသေးသည်။ သင်တို့၌ လူ့သဘာဝအရောင်အသွေး အနည်းငယ်မျှပင် သန်းသလော။ လူ၏တာဝန်သည် လူ၏စိတ်နှင့် သူ၏အယူအဆများကြောင့် အမည်းစက်ထင်ခဲ့သော်လည်း သင်၏တာဝန်ကို သင်ထမ်းဆောင်ရန်နှင့် သင်၏ယုံကြည်ခြင်း ခိုင်ခံရန်လိုအပ်သည်။ လူပြုသောအမှုထဲမှ မစင်ကြယ်ခြင်းများမှာ သူ၏အစွမ်းအစကြောင့်ဖြစ်သော ကိစ္စတစ်ခုဖြစ်သည်၊ အမှန်မှာ လူသည် သူ၏တာဝန်ကို မထမ်းဆောင်ပါက ၎င်းသည် သူ၏ဆန့်ကျင်ပုန်ကန်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ လူ၏တာဝန်နှင့် သူကောင်းချီးမင်္ဂလာခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာခံရခြင်း အကြားတွင် အပြန်အလှန်ဆက်စပ်မှု မရှိ။ တာဝန်မှာ လူအနေဖြင့် ကျေပွန်အောင် ထမ်းဆောင်ရမည့် အရာဖြစ်သည်၊ ၎င်းသည် မလွှဲမရှောင်သာ သူထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး ဆုလာဘ်ကို မျှော်ကိုးခြင်း၊ အခြေအနေများ သို့မဟုတ် အကြောင်းပြချက်များပေါ်တွင် မမူတည်သင့်ပါ။ ထိုအခါမှသာ သူ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရသော လူတစ်ဦးသည် တရားစီရင်ခြင်းပြီးနောက် ပြီးပြည့်စုံခြင်းသို့ ရောက်သည့်အခါ ကောင်းမြတ်ခြင်းကို ခံစားရသည်။ ကျိန်ခြင်းအမင်္ဂလာခံရသော လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးနောက် စိတ်သဘောထား မပြောင်းလဲသည့်အခါ ပြစ်ဒဏ်ပေးခြင်းကို ခံရသည်၊ တစ်နည်းအားဖြင့် ၎င်းသည် စုံလင်ခြင်းသို့ရောက်ခြင်း မရှိသေး။ ဖန်ဆင်းခံသတ္တဝါဖြစ်သည့် လူသားသည် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကျိန်ခြင်းအမင်္ဂလာ ခံရသည်ဖြစ်စေ မိမိ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်သည်၊ မိမိလုပ်သင့်သောအရာတို့ကို လုပ်ဆောင်သင့်ပြီး မိမိလုပ်နိုင်စွမ်းရှိသောအရာတို့ကို လုပ်သင့်သည်။ ဤအရာသည် ဘုရားသခင်ကို ရှာဖွေသော လူသားတစ်ဦးအတွက် အလွန်အခြေခံကျသောအရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်အတွက်သာ သင်၏တာဝန်ကို မထမ်းဆောင်သင့်၊ ထိုနည်းတူ ကျိန်ခြင်းအမင်္ဂလာခံရမည်ကို စိုးရိမ်ခြင်းကြောင့် လုပ်ဆောင်ရန် ငြင်းပယ်ခြင်း သင်မပြုသင့်။ ဤအရာတစ်ခုကို သင်တို့အား ငါပြောမည်၊ အကယ်၍ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်ပါက ၎င်းသည် သူလုပ်ဆောင်သင့်သောအရာကို သူစွမ်းဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ လူသည် သူ၏တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းသည် လူ၏ဆန့်ကျင်ပုန်ကန်မှုကို ပြသည်ဟု အဓိပ္ပာယ်ရသည်။ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နေစဉ်မှာပင် တဖြည်းဖြည်းချင်း ပြောင်းလဲသွားခြင်းမှာ အမြဲဆိုသလို ဖြစ်ပြီး ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သူ၏သစ္စာစောင့်သိခြင်းကို ထင်ရှားစွာ ပြသခြင်းဖြစ်သည်။ ထိုသို့အားဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ထမ်းဆောင်နိုင်လေ အမှန်တရားများကို သင်ပို၍ရလေဖြစ်ပြီး သင်၏ထုတ်ဖော်ပြသမှုမှာလည်း ပို၍လက်တွေ့ကျလာမည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေမျှသာ လုပ်သောသူများနှင့် သမ္မာတရားကို မရှာဖွေသောသူများသည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရမည်၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူများသည် သမ္မာတရားအတိုင်း ၎င်းတို့၏တာဝန်ကို လက်တွေ့ထမ်းဆောင်ခြင်းမရှိဘဲ ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် သမ္မာတရားကို ကျင့်သုံးခြင်းမရှိ။ ထိုသို့သောလူများသည် မပြောင်းမလဲဘဲ ကျန်ရစ်နေမည့်သူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရမည့်သူများဖြစ်သည်။ ၎င်းတို့၏ ထုတ်ဖော်ပြသမှုများမှာ မစင်ကြယ်သည့်အပြင် ၎င်းတို့ ထုတ်ဖော်ပြသသည့် အရာမှာလည်း ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်သည်။

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း များစွာ ပြောဆိုခဲ့ပြီး အမှုများစွာကို ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်ကြောင်း အဘယ်ကြောင့် ဆိုသနည်း။ ၎င်းတို့အကြားရှိ ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် စကားပြောသော လူသားများ ဖြစ်ကြပြီး ၎င်းတို့ပြောသော စကားများသည် လူတို့ ပြောသော စကားနှင့် အနည်းနှင့်အများ တူညီကြောင်း မြင်ရသည်။ ၎င်းတို့အားလုံးသည် စကားလည်းပြော အလုပ်လည်း လုပ်ခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းထဲမှ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ဟောပြောခဲ့သည့်နည်းတူ ယေရှုသည်လည်း ပရောဖက်ပြုချက်များကို ဟောပြောနိုင်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့် ဖြစ်သနည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်သည် ပြုသောအမှု၏သဘောသဘာဝအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဤအကြောင်းအရာကို သိမြင်နိုင်ရန်အတွက် သင်သည် ဇာတိခန္ဓာ၏သဘောသဘာဝကို ထည့်သွင်းစဉ်းစား၍ မရသည့်အပြင် သင်သည် တစ်ယောက်သောသူပြောသော စကားများ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားခြင်းမပြုသင့်။ သူပြုသောအမှုနှင့် လူသားတို့ထဲတွင် ဖြစ်ထွန်းသော သူ့အမှု၏ အကျိုးသက်ရောက်မှုကို ဦးစွာပထမ အမြဲတမ်း သင်ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက် ဟောပြောသော ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို ထောက်ပံ့ပေးခြင်း မရှိပါ၊ ထို့အပြင် ဟေရှာယ နှင့် ဒံယေလ အစရှိသူများ ရရှိခဲ့သော သတင်းစကားများမှာ ပရောဖက်ပြုချက်များ သက်သက်သာဖြစ်ပြီး အသက်လမ်း မဟုတ်ပါ။ ယေဟောဝါ၏ တိုက်ရိုက် ဗျာဒိတ်တော်ဖွင့်ပြခြင်းကို မခံရပါက မည်သူမျှ ထိုအမှုကို ပြုနိုင်ခဲ့မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို သေမျိုးဖြစ်သော လူသားများ တတ်စွမ်းနိုင်ခြေမရှိ။ ယေရှုသည်လည်း စကားများစွာကို ပြောခဲ့သော်လည်း ယင်းစကားများမှာ အသက်လမ်းဖြစ်ပြီး ထိုအသက်လမ်းမှတစ်ဆင့် လူသားများ လက်တွေ့လိုက်လျှောက်ရန် ရှာတွေ့နိုင်သော လမ်းလည်းဖြစ်သည်။ အခြားတစ်နည်းအားဖြင့်ဆိုပါက၊ ပထမချက်အနေဖြင့် သူသည် လူသားများအား အသက်ကိုပေးနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ယေရှုသည် အသက်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သူသည် လူသားများ၏ လမ်းလွှဲဖေါက်ပြန်မှုများကို ပြန်လည် တည့်မတ်ပေးနိုင်သည်။ တတိယအချက်အနေဖြင့် ခေတ်ကို ရှေ့ဆက်စေရန်အတွက် သူပြုသောအမှုသည် ယေဟောဝါပြုသောအမှုထက် ကျော်လွန်နိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားတို့၏အတွင်းထဲမှ လိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး လူသားတို့တွင် ကင်းမဲ့သည့်အရာများကို သိသည်။ ပဉ္စမအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ကာလအဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ထိုအတွက်ကြောင့် သူ့ကို ဘုရားသခင်ဟုလည်းကောင်း ခရစ်တော်ဟုလည်းကောင်း ခေါ်ခြင်းဖြစ်သည်။ သူသည် ဟေရှာယနှင့်သာမက အခြားသောပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များပြုသောအမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက်တစ်ခုအဖြစ် ကြည့်ပါ။ ပထမအချက်အနေဖြင့် သူသည် လူသားတို့အား အသက်ကို မပေးနိုင်။ ဒုတိယအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ရန် အမှုပြုခဲ့ခြင်းမဟုတ်။ တတိယအချက်အနေဖြင့် သူကိုယ်တိုင် ပြောခဲ့သောအရာများသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည်။ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ ဗျာဒိတ်ဖွင့်ပြချက်များကို သူသည် တိုက်ရိုက် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ထိုဖွင့်ပြချက်များကို အခြားသူများ နားထောင်လျှင်လည်း နားလည်နိုင်မည် မဟုတ်။ ထိုအနည်းငယ်မျှသော အရာများကိုသာ ကြည့်ခြင်းအားဖြင့် သူပြောသောစကားများမှာ ပရောဖက်ပြုချက်များထက် မပိုကြောင်း၊ ယေဟောဝါ၏ ကိုယ်စားပြုသော အမှု၏ရှုထောင့်တစ်ခုထက် မပိုကြောင်း သက်သေပြရန် လုံလောက်ပါသည်။ သို့သော်လည်း သူသည် ယေဟောဝါကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ အစေခံဖြစ်ပြီး ယေဟောဝါ၏ အမှုထဲမှ တန်ဆာပလာတစ်ခု ဖြစ်သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါပြုသောအမှု၏ အတိုင်းအတာအတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်ပြီး သူသည် ပညတ်တော်ခေတ်ထက်ကျော်လွန်၍ အမှုပြုခဲ့ခြင်းမရှိ။ ပြောင်းပြန်အနေဖြင့်ဆိုပါက ယေရှုပြုသောအမှုမှာ ကွာခြားသည်။ သူသည် ယေဟောဝါပြုသော အမှု၏ အတိုင်းအတာထက် ကျော်လွန်ခဲ့သည်၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ကယ်တင်ရန်အတွက် ကားစင်တင်သတ်ခြင်းကို ခံခဲ့သည်။ တစ်နည်းအားဖြင့်ဆိုပါက သူသည် ယေဟောဝါပြုခဲ့သော အမှုမှအပ အမှုအသစ်ကို ပြုခဲ့သည်။ ဤအရာမှာ ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ အခြားအခြေအနေတစ်ရပ်မှာ သူသည် လူသားများ မစွမ်းဆောင်နိုင်ခဲ့သည့်အရာကို ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ သူပြုခဲ့သောအမှုမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိသော အမှုဖြစ်ပြီး ထိုအမှုမှာ လူသားမျိုးနွယ်တစ်စုလုံးနှင့် သက်ဆိုင်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုပြုခဲ့ခြင်း မဟုတ်သကဲ့သို့ သူ၏အမှုမှာ အရေအတွက် အကန့်အသတ်ရှိသော လူများကို ဦးဆောင်ရန်မဟုတ်ပါ။ ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် မည်ကဲ့သို့ လူ့ဇာတိခံယူခဲ့ပုံ၊ ဝိညာဉ်တော်သည် ထိုအချိန်က ဗျာဒိတ်များကို မည်ကဲ့သို့ ပေးခဲ့ပုံနှင့် အမှုပြုရန်အတွက် ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ်သို့ မည်ကဲ့သို့ ဆင်းကြွပုံစသည့် အကြောင်းအရာများမှာ လူသားတို့ မမြင်ရ သို့မဟုတ် ထိတွေ့မရနိုင်သည့် အကြောင်းအရာများဖြစ်သည်။ ယင်းဖြစ်ရပ်မှန်များဖြင့် သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်း သက်သေပြရန်အတွက် လုံးဝ ဖြစ်နိုင်ခြေမရှိပါ။ ထိုအတွက်ကြောင့် လူသားတို့အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ဘုရားသခင်ပြုသောအမှုနှင့် နှုတ်ကပတ်တော်အားဖြင့်သာ ပိုင်းခြားခြင်းကိုပြုနိုင်သည်။ ဤအရာသည်သာလျှင် အစစ်အမှန်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ဝိညာဉ်တော်၏ အမှုအရာများကို သင်မြင်နိုင်ခြင်းမရှိဘဲ ၎င်းတို့ကို ဘုရားသခင် ကိုယ်တိုင်သာ ရှင်းရှင်းလင်းလင်း သိနိုင်သည်၊ ဘုရားသခင် ခံယူထားသော ဇာတိခန္ဓာသည်ပင်လျှင် အလုံးစုံကို မသိနိုင်။ သူသည် ဘုရားသခင်[က]ဖြစ်ကြောင်းကို သူပြုခဲ့သော အမှုများအားဖြင့်သာ အတည်ပြု စစ်ဆေးနိုင်သည်။ သူပြုသောအမှုမှ ပထမအချက်အနေဖြင့် မြင်နိုင်သည်မှာ သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်သည်။ ဒုတိယအချက်အနေဖြင့် သူသည် လူတို့အား အသက်ကို ပေးနိုင်ပြီး လူတို့ လိုက်လျှောက်ရန် လမ်းခရီးကို ပြနိုင်သည်။ ဤအရာအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း အခိုင်အမာသက်သေပြရန် လုံလောက်သည်။ အနည်းဆုံးအနေဖြင့်ဆိုပါက သူပြုသောအမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ယင်းကဲ့သို့ အမှုအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အထဲ၌ရှိကြောင်း မြင်နိုင်သည်။ လူဇာတိခံယူသော ဘုရားသခင်ပြုခဲ့သည့်အမှုမှာ အဓိကအားဖြင့် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုအသစ်ကို ဦးဆောင်ရန်နှင့် အခြေအနေအသစ်များကို ဖွင့်လှစ်ရန် ဖြစ်ခဲ့ပြီး ယင်းအခြေအနေ အနည်းငယ်ကိုသာ ကြည့်ခြင်းဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း အခိုင်အမာသက်သေပြရန် လုံလောက်သည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များနှင့် ကွဲပြားခြားနားစေသည်။ ဟေရှာယ၊ ဒံယေလနှင့် အခြားသူများ အားလုံးသည် အလွန်ပညာတတ်သော လူတန်းစားထဲမှဖြစ်ပြီး ပညာဗဟုသုတ ကြွယ်ဝသောလူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ယေဟောဝါ၏ ဦးဆောင်မှုအောက်မှ သာမန်ထက်ထူးခြားသူများ ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည်လည်း ဗဟုသုတကြွယ်ဝသည်သာမက အသိဉာဏ် ကင်းမဲ့သူ မဟုတ်သော်လည်း သူ၏ လူ့သဘာဝမှာ အထူးသဖြင့် သာမန် ဖြစ်ခဲ့သည်။ သူသည် သူလိုငါလို လူသားတစ်ဦး ဖြစ်ခဲ့ပြီး သာမန်မျက်စိဖြင့် သူနှင့်ပတ်သက်သော အထူးလူ့သဘာဝ တစ်စုံတစ်ရာကိုမျှ သိမြင်နိုင်မည်မဟုတ်၊ သို့မဟုတ်ပါကလည်း အခြားသူများနှင့် မတူသော သူ၏ လူ့သဘာဝ တစ်စုံတစ်ရာကိုမျှ သတိပြုနိုင်မည်မဟုတ်။ သူသည် သဘာဝလွန်လူသား သို့မဟုတ် တမူထူးခြားသောလူသား လုံးဝ မဟုတ်ခဲ့သည့်အပြင် သူသည် ပို၍အဆင့်မြင့်သော ပညာရေး၊ အသိပညာ သို့မဟုတ် အယူအဆ တစ်စုံတစ်ရာကို ပိုင်ဆိုင်ခဲ့ခြင်း မရှိ။ သူပြောခဲ့သောအသက်တာနှင့် သူဦးဆောင် လျှောက်လှမ်းခဲ့သော လမ်းသည် အယူအဆအားဖြင့်၊ အသိပညာအားဖြင့်၊ ဘဝအတွေ့အကြုံအားဖြင့် သို့မဟုတ် မိသားစုက ပြုစုပျိုးထောင်ခြင်းအားဖြင့် ရရှိခဲ့ခြင်းမဟုတ်။ အမှန်မှာ ၎င်းတို့သည် ဝိညာဉ်တော်နှင့် လူ့ဇာတိခံယူသော ဇာတိခန္ဓာက တိုက်ရိုက်ပြုသောအမှုများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ကြီးမားသော အယူအဆများ ရှိကြပြီး အထူးသဖြင့် ထိုအယူအဆများမှာ မရေမရာဖြစ်ခြင်းနှင့် သဘာဝလွန်ဖြစ်ခြင်းစသည့် အလွန်များသော အပိုင်းအစများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် လူသားတို့၏အမြင်တွင် လူသား အားနည်းချက်ရှိပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို မပြုနိုင်သော သာမန်ဘုရားသခင်မှာ ဘုရားသခင် သေချာပေါက် မဟုတ်ဟူ၍ မြင်ကြသည်။ ၎င်းတို့မှာ လူသားများ၏ မှားယွင်းသောအယူအဆများ မဟုတ်သလော။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် သာမန် လူသားတစ်ဦး မဟုတ်ခဲ့ပါက သူသည် လူ့ဇာတိကို ခံယူခဲ့သည်ဟု အဘယ်သို့ ဆိုနိုင်မည်နည်း။ ဇာတိခန္ဓာရှိသောလူ ဖြစ်ရန်ဆိုသည်မှာ သူလိုငါလို သာမန် လူသားတစ်ဦး ဖြစ်ခြင်းကို ဆိုလိုသည်၊ အကယ်၍ သူသည် သာမန်ထက်လွန်ကဲသော သက်ရှိတစ်ဦးဖြစ်ခဲ့ပါက သူသည် ဇာတိခန္ဓာရှိသောသူ ဖြစ်ခဲ့မည်မဟုတ်။ သူသည် ဇာတိခန္ဓာရှိသောလူ ဖြစ်ကြောင်းကို သက်သေပြရန်အတွက် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် ဇာတိခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ရန် လိုအပ်သည်။ ဤအရာမှာ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ရိုးရှင်းစွာပြည့်စုံစေရန် ဖြစ်သည်။ သို့သော်လည်း ဤအချက်သည် ပရောဖက်များနှင့် လူသားများနှင့် မသက်ဆိုင်။ ၎င်းတို့မှာ ဆုကျေးဇူးရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံခဲ့ရသော လူများဖြစ်ကြသည်၊ လူသားတို့၏အမြင်တွင် ထိုသူတို့၏ လူ့သဘာဝမှာ အထူးသဖြင့် ကြီးမြတ်ပြီး ထိုသူတို့သည် သာမန် လူ့သဘာဝထက် ကျော်လွန်သော အမှုအရာများစွာကို လုပ်ဆောင်နိုင်ခဲ့ကြသည်။ ဤအကြောင်းကြောင့် လူသားများသည် ၎င်းတို့အား ဘုရားသခင်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ယခု သင်တို့အားလုံး ဤအချက်ကို ရှင်းလင်းစွာ နားလည်ရန်လိုသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အတိတ်ခေတ်ကာလများမှ လူသားများအားလုံးကို အလွန်အလွယ်တကူ ရှုပ်ထွေးစေခဲ့သော အချက်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထိုမျှမက လူ့ဇာတိခံယူခြင်းဆိုသည်မှာ အရာခပ်သိမ်းထဲတွင် လျှို့ဝှက်နက်နဲမှုနှင့်အပြည့်နက်ဆုံးသောအရာ ဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်သည် လူသားများ လက်ခံရန်အတွက် အလွန်အခက်အခဲဆုံး ဖြစ်သည်။ ငါပြောသောအရာမှာ သင်တို့၏ အလုပ်ကို ကျေပွန်အောင်ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် လူ့ဇာတိခံယူခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုအကြောင်း သင်တို့၏သိနားလည်ခြင်းကို အထောက်အကူဖြစ်စေရန် ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၊ ရူပါရုံနှင့်သာ သက်ဆိုင်သည်။ ဤအရာအကြောင်း သင်တို့၏သိနားလည်ခြင်းသည် ရူပါရုံအကြောင်း၊ ဆိုလိုသည်မှာ စီမံခန့်ခွဲသောအမှုအကြောင်း သိရှိလာစေရန် ပို၍အထောက်အကူပြုမည်။ ဤနည်းဖြင့် သင်တို့သည် မတူညီသောလူသား အမျိုးအစားတို့ ထမ်းဆောင်သင့်သော တာဝန်အကြောင်းကို များစွာ သိနားလည်လာမည်။ ဤစကားများသည် သင်တို့ကို တိုက်ရိုက် လမ်းပြပေးခြင်း မရှိသော်လည်း ၎င်းတို့သည် သင်တို့၏ဝင်ရောက်ခြင်းအတွက် အကူအညီ အလွန်ဖြစ်စေသည်၊ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် သင်တို့၏အသက်တာများမှာ ရူပါရုံ ကင်းမဲ့နေပြီး ဤအရာသည် သင်တို့၏ ဝင်ရောက်ခြင်းကို သိသိသာသာ ဟန့်တားနေသောအရာ ဖြစ်လာလိမ့်မည်။ အကယ်၍ သင်တို့သည် ဤအကြောင်းအရာများကို နားလည်နိုင်စွမ်းမရှိသေးပါက သင်တို့၏ဝင်ရောက်ခြင်းကို တွန်းအားပေး လှုံ့ဆော်ပေးသော အရာ ရှိလိမ့်မည်မဟုတ်။ ထို့အပြင် ယင်းကဲ့သို့ လိုက်လျှောက်အသက်ရှင်မှုသည် သင်တို့၏တာဝန်ကို အဘယ်သို့ အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်နိုင်စေနိုင်မည်နည်း။



နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်စုများ-

က။ မူရင်း စာသားတွင် "သူသည် ဘုရားသခင် ဟုတ်မဟုတ်" ဆိုသည့် စကားရပ်မပါဝင်ပါ။

No comments:

Post a Comment