菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

10/23/2018

ဘုရားသခင်၏ စကားတော် | အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍

ဘုရားသခင်၏ နှုတ်ကပတ်တော်, ဧဝံဂေလိတရား, ခရစ်တော်, ဘုရားသခင်, အသက်
သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် ထိုက်တန်လိုလျှင် သင်သည် ဘုရားသခင်၏အလုပ်ကို သိရမည်၊ သင်သည် သူယခင်က လုပ်ခဲ့သောအလုပ်ကို သိရမည် (ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများတွင် ပါသော) ဖြစ်ပြီး ထို့ထက်မက သူ၏ ယနေ့အလုပ်ကို သိရမည်။ ဆိုလိုသည်မှာ သင်သည် နှစ်ပေါင်း ၆၀ဝ၀ ကျော်ကြာ ဘုရားသခင်၏ အလုပ်အဆင့်သုံးဆင့်ကို သိရမည်။ သင့်အား ဧဝံဂေလိတရားကို ဖြန့်ဝေရန် တောင်းဆိုခဲ့ပါက၊ သင်သည် ဘုရားသခင်၏ အလုပ်ကို မသိဘဲ ယင်းသို့ လုပ်နိုင်မည်မဟုတ်ပေ။ သမ္မာကျမ်းစာအကြောင်း၊ ဓမ္မဟောင်းကျမ်းအကြောင်းနှင့် ထိုအချိန်က ယေရှု၏အလုပ်နှင့် နှုတ်ကပတ်တော်တို့အကြောင်း ဘုရားသခင် အဘယ်အရာပြောဆိုထားသည်ကို တစ်စုံတစ်ယောက်က သင့်အား မေးကောင်းမေးကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာကျမ်းစာ၏ အတွင်းကျသော အကြောင်းအရာကို မပြောနိုင်လျှင် သူတို့သည် သင့်ကို လက်ခံယုံကြည်လိမ့်မည် မဟုတ်ပေ။ အစအဦး၌ ယေရှုသည် သူ၏ တပည့်တော်များနှင့် ဓမ္မဟောင်းကျမ်းစာအကြောင်း အများအပြားပြောခဲ့သည်။ သူတို့ဖတ်သမျှ အားလုံးတို့သည် ဓမ္မဟောင်းကျမ်းမှ ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာမှာ ယေရှုကို လက်ဝါးကပ်တိုင်တင်ပြီး ဆယ်စုနှစ် အချို့ကြာမှသာ ရေးသားခဲ့သည်။ ဧဝံဂေလိတရားကို ပြန့်ပွားလိုလျှင် သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်းကျသော သမ္မာတရားနှင့် ယေဟောဝါက လုပ်ဆောင်ခဲ့သည်ဟု ပြောရမည်ဖြစ်သော ဣသရေလနိုင်ငံအတွင်း ဘုရားသခင်၏အလုပ်တို့ကို အခြေခံအားဖြင့် နားလည်သဘောပေါက်နိုင်ရန် လိုအပ်သည်။ ထို့နောက် သင်တို့သည် ယေရှုအားဖြင့် လုပ်ထားသော အလုပ်ကိုလည်း နားလည်ရမည်။ ဤကိစ္စရပ်များသည် လူအားလုံး အသိလိုဆုံးကိစ္စရပ်များဖြစ်ပြီး သူတို့ကြားဖူးခြင်းမရှိသည်မှာ အလုပ်၏ ထိုအဆင့်နှစ်ဆင့်နှင့်ဆိုင်သည့် အတွင်းကျသော သမ္မာတရားဖြစ်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသည့်အခါ ပထမပိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်အကြောင်း ပြောခြင်းကို ခေတ္တဘေးဖယ်ထားပါ။ အလုပ်၏ဤအဆင့်သည် သူတို့လက်လှမ်းမီသောအဆင့်ကို ကျော်လွန်နေသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးထဲတွင် အမြင့်မားဆုံးအရာကို သင်တို့သည် လိုက်သောကြောင့်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်နှင့် ပတ်သက်သည့် အသိပညာဖြစ်ပြီး ဤအရာနှစ်ခုထက် မည်သည်ကမျှ ပိုမို၍ ချီးမြှောက်ခံရခြင်း မရှိပေ။ မည်သည့်အရာက မြင့်မားသည်ကို သင်ပထမဆုံးပြောသည့်အခါ သူတို့အတွက် မမီနိုင်အောင်ဖြစ်လိမ့်မည်။ အကြောင်းမှာ သူတို့တွင် မည်သူမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိုသို့သောအလုပ်ကို အတွေ့အကြုံမရှိကြသောကြောင့်ဖြစ်သည်။ ယင်းတွင် ဥပမာပြရန်မရှိဘဲ လူအတွက် လက်ခံရန် မလွယ်ကူလှပေ။ သူတို့၏အတွေ့အကြုံများမှာ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်အချို့ အခါအားလျော်စွာ ပါဝင်သည့် အတိတ်က အမှုအရာဟောင်းများဖြစ်သည်။ သူတို့ အတွေ့အကြုံရှိသောအရာမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလုပ် သို့မဟုတ် ယနေ့ ဘုရားသခင်၏အလို မဟုတ်ချေ။ သူတို့သည် အလေ့အကျင့်ဟောင်းများအပေါ်မူတည်၍ လုပ်ဆောင်နေဆဲဖြစ်ပြီး အလင်းသစ် သို့မဟုတ် အသစ်သောအရာတို့ မရှိကြပေ။

ယေရှုခေတ်တွင် ယေဟောဝါကို အစေခံသောသူတို့သည် ယဇ်ပရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်ပြီး ဗိမာန်တော်ထဲတွင် မယိမ်းယိုင်သော သစ္စာခံမှုကိုပြုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ယေရှုထဲ၌ အဓိကလုပ်ဆောင်ခဲ့သည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိနေပါသော်လည်း၊ ဘုရားသခင်၏ လက်ရှိအလိုကို မခံစားမိနိုင်ကြပေ။ အသစ်သော လမ်းညွှန်မှုမရှိဘဲ၊ ယေဟောဝါကိုသာ အလေ့အထဟောင်းများနှင့်အညီ ဆက်လက်သစ္စာရှိနေရုံမျှသာဖြစ်သည်။ ယေရှုကြွလာခဲ့ပြီး အလုပ်အသစ်ကို ယူဆောင်လာခဲ့သည်။ ဗိမာန်တော်အတွင်း၌ အစေခံခဲ့ကြသော ထိုလူတို့တွင် အသစ်သော လမ်းညွှန်မှုမရှိသလို၊ အသစ်သော လုပ်ဆောင်မှုလည်း မရှိကြပါ။ ဗိမာန်တော်အတွင်း အမှုတော်ထမ်းရင်း သူတို့သည် အလေ့အထဟောင်းများကိုသာ ဆုပ်ကိုင်ထားကြသည်။ ဗိမာန်တော်မှ မထွက်ခွာဘဲ သူတို့တွင် အသစ်သော ဝင်ရောက်မှု မရှိနိုင်ပေ။ အသစ်သောအလုပ်ကို ယေရှုက ယူဆောင်လာခဲ့ပြီး၊ ယေရှုသည် သူ၏အလုပ်ကို လုပ်ဆောင်ရန် ဗိမာန်တော်ထဲသို့ မသွားခဲ့ပါ။ ဘုရားသခင်၏အလုပ်နယ်ပယ်သည် ပြောင်းလဲခဲ့သည်မှာ ကြာပြီဖြစ်သည့်အတွက်၊ သူသည် သူ၏အလုပ်ကို ဗိမာန်တော်ပြင်ပတွင်သာ လုပ်ကိုင်ခဲ့သည်။ သူသည် ဗိမာန်တော်အတွင်းတွင် အလုပ်လုပ်ခြင်းမရှိဘဲ လူကသူ့ကို ထိုနေရာတွင် အစေခံသောအခါ သူတို့ရှိသည့်အတိုင်း အမှုအရာများကို ထိန်းသိမ်းထားရုံသာရှိပြီး အလုပ်အသစ်ကို ယူဆောင်နိုင်ခြင်း မရှိပေ။ ထိုကဲ့သို့ပင် ယနေ့ ဘာသာရေး ပုဂ္ဂိုလ်များသည် သမ္မာကျမ်းစာကို ကိုးကွယ်လျက် ရှိဆဲပင်ဖြစ်သည်။ သင်သည် သူတို့ကို ဧဝံဂေလိတရား ဖြန့်ဝေသည့်အခါတွင် သူတို့သည် သင်နှင့် ကျမ်းစာအကြောင်း ငြင်းခုံလိမ့်မည်၊ သို့ဖြစ်လျှင် သူတို့ကျမ်းစာအကြောင်း ပြောသောအခါ သင်သည် အဘယ်အရာ ပြောရမည်မှန်းမသိဘဲ၊ ဘာမျှ ပြောစရာမရှိဖြစ်လျှင် သင်တို့သည် ယုံကြည်ခြင်းတွင် တုံးအသူအဖြစ် သူတို့ထင်ကြလိမ့်မည်။ "သင်သည် သမ္မာကျမ်းစာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပင် မသိ၊ သို့အတွက်နှင့် သင်သည် ဘုရားသခင်၌ ယုံကြည်ကြောင်း မည်သို့ပြောနိုင်သနည်း" ဟုသူတို့ပြောကြလိမ့်မည်။ ထို့နောက် သူတို့သည် သင့်ကို အထင်သေးလိမ့်မည်ဖြစ်ပြီး "သင်တို့ယုံကြည်သူမှာ ဘုရားသခင်ဖြစ်လျှင် သူသည် သင်တို့ကို အဘယ်ကြောင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများအကြောင်း အလုံးစုံကို မပြောသနည်း။ သူသည် သူ၏ဂုဏ်တော်ကို ဣသရေလမှ အရှေ့အရပ်သို့ ယူဆောင်ခဲ့သည်ဖြစ်ရာ သူသည် ဣသရေလတွင် လုပ်ခဲ့သောအလုပ်အကြောင်း အဘယ်ကြောင့် မသိသနည်း။ သူသည် အဘယ်ကြောင့် ယေရှု၏အလုပ်ကို မသိသနည်း။ သူသည် ယေရှု ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းဖြစ်ရာ သင်တို့မသိလျှင် ထိုအရာသည် သင်တို့ကို ပြောကြားထားခြင်း မရှိကြောင်း သက်သေဖြစ်လေရာ သူသည် ထိုအရာများကို အဘယ်ကဲ့သို့လျှင် မသိဘဲရှိမည်နည်း။ ယေရှုသည် ယေဟောဝါလုပ်ခဲ့သော အလုပ်ကိုသိသည်။ သူသည် ဘာကြောင့် မသိနိုင်သနည်း" ဟုလည်းပြောလိမ့်မည်။ အချိန်ရောက်လာသောအခါ သူတို့သည် ထိုမေးခွန်းများကို သင့်အား မေးလိမ့်မည်။ သူတို့ဦးခေါင်းထဲတွင် ထိုသို့သောအရာများနှင့် ပြည့်နေသည်။ သူတို့ဘာကြောင့် မမေးဘဲ နေမည်နည်း။ ဤရေစီးကြောင်းအတွင်းတွင် ရှိသူတို့သည် သမ္မာကျမ်းစာကို စူးစိုက်မှုမရှိ၊ သင်တို့သည် ယနေ့ ဘုရားသခင် လုပ်ဆောင်ခဲ့သော တစ်ဆင့်ပြီးတစ်ဆင့် အလုပ်များကို ရင်ပေါင်တန်းလိုက်သောကြောင့်၊ သင်တို့သည် သင်တို့၏မျက်စိများဖြင့် အဆင့်ဆင့်သောအလုပ်များကို မျက်မြင်သက်သေဖြစ်ခဲ့ကြသောကြောင့်၊ သင်တို့သည် အလုပ်၏ အဆင့်သုံးဆင့်ကို ရှင်းလင်းစွာမြင်ခဲ့ကြသောကြောင့် သမ္မာကျမ်းစာကို ပစ်ချထားခဲ့ရပြီး ယင်းအား လေ့လာမှုကို ရပ်ထားခဲ့ကြသည်။ သို့ရာတွင် သူတို့သည် ဤအဆင့်ဆင့်သောအလုပ်၏ အသိပညာမရှိကြသဖြင့် ယင်းကိုမလေ့လာနိုင်ကြ။ အချို့သူများက မေးလိမ့်မည်၊ "လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ခဲ့သော အလုပ်နှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား မည်သို့ကွာခြားသနည်း။" ဒါဝိဒ်ကိုလည်း သခင်ဟု ခေါ်ခဲ့သလို ယေရှုကိုလည်း အလားတူခေါ်ခဲ့သည်။ သူတို့လုပ်သောအလုပ်များ ကွာခြားကြသော်လည်း ယင်းတို့ကို အတူတူဟု ခေါ်ကြသည်။ သင်ပြောမည်မှာ၊ သူတို့၏သွင်ပြင်လက္ခဏာများ အဘယ်ကြောင့် မတူသနည်း။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်မှလာသော ရူပါရုံတစ်ခုကို မျက်မြင်တွေ့ခဲ့ပြီး သူသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောကြားလိုသော နှုတ်ကပတ်တော်များကိုလည်း ပြောနိုင်ခဲ့သည်။ ယောဟန်နှင့် ယေရှုတို့၏ သွင်ပြင်လက္ခဏာ အဘယ်ကြောင့်ကွာခြားသနည်း။ ယေရှုပြောသော နှုတ်ကပတ်တော်များသည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏အမှုတော်ကို အပြည့်အဝ ကိုယ်စားပြုခဲ့သည်။ ယောဟန်မြင်သည်မှာ ရူပါရုံတစ်ခုဖြစ်ပြီး သူသည် ဘုရားသခင်၏ အမှုတော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပေ။ သို့ဖြစ်လျှင် ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုနှင့် တူညီသော သွင်ပြင်လက္ခဏာ မရှိခဲ့သော်လည်း နှုတ်ကပတ်တော်များကို အဘယ်ကြောင့် ယေရှုပြောခဲ့သလို ပြောခဲ့ကြသနည်း။ ယင်းမှာ ယေဘူယျအားဖြင့်ဆိုရသော် သူတို့လုပ်ဆောင်ခဲ့သော အလုပ်မှာ မတူညီသောကြောင့်ဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်အလုပ်လုပ်ခဲ့သည်။ သူသည် ခေတ်သစ်၏အလုပ်ကို လုပ်ခဲ့သည်၊ ယင်းအလုပ်များကို ယခင်က မည်သူမျှ မလုပ်ခဲ့ဖူးသေးပေ။ သူသည် အသစ်သောလမ်းကို ဖွင့်ခဲ့သည်။ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်။ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့သည် သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခု၏ သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်၊ ထို့ပြင် သူတို့ကို ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်သည်။ ထို့ကြောင့် သူတို့သည် မည်မျှအလုပ်လုပ်သည် ဖြစ်စေ၊ သူတို့သည် မည်မျှသော တန်ခိုးများကို ပြသခဲ့သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်ဖန်ဆင်းသော သတ္တဝါများသာဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏ နာမတော်၌ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း၌ အလုပ်လုပ်ကြသည်။ ထို့အပြင် သူတို့သည် ယေရှု သို့မဟုတ် ယေဟောဝါစတင်ခဲ့သောခေတ်တွင် အလုပ်လုပ်ပြီး သူတို့လုပ်သော အလုပ်သည် သီးခြားမဟုတ်ပေ။ အဆုံးတွင် သူတို့သည် ဘုရားသခင်က ဖန်ဆင်းသော သတ္တဝါများသာဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ပရောဖက်အများအပြားသည် ရှေ့ဖြစ်များဟောခဲ့သည် သို့မဟုတ် အနာဂတ္တိကျမ်းများ ရေးခဲ့သည်။ မည်သူကမျှ သူတို့သည် ဘုရားသခင်ဖြစ်သည်ဟု မပြောခဲ့သော်လည်း ယေရှုစတင်အလုပ်ခဲ့လုပ်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်အဖြစ် သက်သေခံခဲ့သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ယခုအချိန်တွင် သင်သည် သိထားပြီးဖြစ်သင့်သည်။ တမန်တော်များနှင့် ပရောဖက်များက သြဝါဒစာအမျိုးမျိုးကို မရေးသားမီတွင် ပရောဖက်ပြုချက် အများအပြားကို ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် လူတို့သည် ယင်းတို့ထဲမှအချို့ကို ရွေးထုတ်၍ သမ္မာကျမ်းစာထဲတွင် ထည့်သွင်းကြသည်၊ အချို့မှာ ပျောက်ဆုံးသွားခဲ့သည်။ သူတို့ပြောသမျှ အရာရာတိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်မှ လာသောအရာများ ဖြစ်သည်ဟု ပြောကြသူများရှိခဲ့သည့်အတွက် အဘယ်ကြောင့် ယင်း၏အချို့အရာများမှာ ကောင်းပြီး၊ ယင်း၏ အချို့အရာများမှာ မကောင်းဟု မှတ်ယူရသနည်း။ အချို့မှာ ရွေးချယ်ခံရပြီး အချို့မှာ အဘယ်ကြောင့် မရွေးချယ်ခံရသနည်း။ ယင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်က အမှန်တကယ် ပြောကြားသော နှုတ်ကပတ်တော်များဖြစ်လျှင် လူတို့အနေဖြင့် ယင်းတို့ကို ရွေးချယ်ရန် လိုအပ်ပါသေးသလော။ အဘယ်ကြောင့် ခရစ်ဝင်ကျမ်းလေးကျမ်းတွင်ပါဝင်သော ယေရှု၏ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် အလုပ်များကို ရေးသားချက်များသည် ကွဲပြားနေခဲ့ပါသနည်း။ ထိုသို့ဖြစ်ရခြင်းသည် ယင်းတို့ကို မှတ်တမ်းတင်သူတို့၏ အားနည်းချက် မဟုတ်ပါလော။ "ပေါလုနှင့် ဓမ္မသစ်ကျမ်း၏ အခြားသော ရေးသားသူများ ရေးသားခဲ့သော သြဝါဒစာများနှင့် သူတို့လုပ်ခဲ့သော အလုပ်များသည် လူ၏ဆန္ဒမှ တစ်စိတ်တစ်ပိုင်း လာခဲ့ခြင်းဖြစ်ပြီး လူ၏အယူအဆများနှင့် ရောယှက်လျက်ရှိရာ ယနေ့တွင် ကိုယ်တော် (ဘုရားသခင်) ပြောဆိုသော နှုတ်ကပတ်တော်များတွင် လူသား၏ မသန့်စင်မှုများ မရှိနိုင်ဘူးလော။ ယင်းတို့တွင် လူသားတို့၏ အယူအဆများ အမှန်တကယ် မပါရှိနိုင်ဘူးလော" ဟုအချို့လူများက မေးကြလိမ့်မည်။ ဤအဆင့်ရှိ ဘုရားသခင် လုပ်ခဲ့သော အလုပ်သည် ပေါလုနှင့် အခြားသောတမန်တော်များနှင့် ပရောဖက်များ လုပ်ခဲ့သော အလုပ်နှင့် လုံးဝခြားနားသည်။ သွင်ပြင်လက္ခဏာတွင်သာ ကွဲပြားခြားနားသည် မဟုတ်သေး၊ အခြေခံအားဖြင့်လည်း လုပ်ဆောင်ခဲ့သော အလုပ်များတွင် ခြားနားမှုရှိသည်။ သခင့်ရှေ့မှောက်တွင် ပေါလုသည် ဒဏ်ခတ်ခံရကာ လဲကျပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အလုပ်တွင် ဦးဆောင်ပြီး သူသည် စေလွှတ်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အသင်းတော်များထံသို့ သြဝါဒစာများ ရေးသားခဲ့ပြီး ယင်းသြဝါဒစာများ အားလုံးသည် ယေရှု၏သင်ကြားမှုများကို လိုက်နာခဲ့သည်။ ပေါလုကို သခင်က စေလွှတ်ခဲ့ပြီး သခင်ယေရှု၏ နာမတော်ဖြင့် အလုပ်လုပ်စေခဲ့သည်။ သို့သော်လည်း ဘုရားသခင်ကိုယ်တိုင် ကြွလာသောအခါ သူသည် မည်သည့်အမည်ဖြင့်မျှ အလုပ်မလုပ်ဘဲ မည်သူ့ကိုမျှ ကိုယ်စားမပြုဘဲ သူ့အလုပ်တွင် ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ကိုယ်စားပြုခဲ့သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို တိုက်ရိုက်လုပ်ရန် လာခဲ့သည်။ သူသည် မည်သည့်လူအားဖြင့်မျှ စုံလင်စေခြင်း မခံခဲ့ရ၊ သူ၏အလုပ်သည် မည်သူတစ်ဦးတစ်ယောက်၏ သင်ကြားမှုအပေါ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဤအလုပ်အဆင့်တွင် ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အတွေ့အကြုံများအပေါ် ပြောဆိုခြင်းဖြင့် ဦးဆောင်သည်မဟုတ်၊ သို့ရာတွင် သူ၏ဖြစ်ခြင်းနှင့်အညီ သူ၏အလုပ်ကို တိုက်ရိုက် လုပ်ဆောင်သည်။ ဥပမာ အစေခံသူများ၏ စမ်းသပ်မှု၊ ပြစ်တင်ဆုံးမခြင်း၏ အချိန်အခါများ၊ သေခြင်းတရား၏ စမ်းသပ်မှု၊ မေတ္တာရှင် ဘုရားသခင်၏ အချိန်အခါများ ... ယင်းတို့အားလုံးသည် ယခင်မည်သည့်အခါကမျှ မလုပ်ခဲ့ဖူးသော အလုပ်များဖြစ်ပြီး လူသား၏ အတွေ့အကြုံများထက် ယင်းသည် မျက်မှောက်ခေတ်၏ အလုပ်ဖြစ်သည်။ ငါပြောဆိုခဲ့သော နှုတ်ကပတ်တော်များတွင် မည်သည်တို့သည် လူသား၏အတွေ့အကြုံများ ဖြစ်သနည်း။ ယင်းတို့အားလုံးသည် ဝိညာဉ်တော်မှ တိုက်ရိုက်လာသည် မဟုတ်လော။ ယင်းတို့သည် ဝိညာဉ်တော်က စေခိုင်းသည် မဟုတ်လော။ ယင်းမှာ သင်၏စွမ်းရည်သည် အလွန်နည်းပါးသောကြောင့် သင်သည် သမ္မာတရားကို ထွင်းဖောက်၍ မမြင်နိုင်သောကြောင့်သာ ဖြစ်သည်။ ငါပြောသော လက်တွေ့အသက်တာ၏ လမ်းခရီးသည် လမ်းကြောင်းကို ညွှန်ပြပြီး ယခင်က မည်သူတစ်ဦးတစ်ယောက်ကမျှ မည်သည့်အခါကမျှ မပြောဆိုခဲ့ဖူးသကဲ့သို့ ဤလမ်းကြောင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်ကမျှ အတွေ့အကြုံမရှိ သို့မဟုတ် ဤလက်တွေ့သဘောကို သိရှိခြင်းမရှိခဲ့ပေ။ ဤနှုတ်ကပတ်တော်များကို ငါမမြွက်ဆိုမီ မည်သူတစ်ဦးတစ်ယောက်ကမျှ မပြောခဲ့ဖူးပေ။ မည်သူတစ်ဦးတစ်ယောက်မျှ ယင်းအတွေ့အကြုံများကို မပြောဆိုခဲ့ဖူးသလို ယင်းအသေးစိတ်များကိုလည်း မည်သည့်အခါကမျှ သူတို့မပြောခဲ့ဖူးပေ။ ထို့အပြင် မည်သူတစ်ဦးတစ်ယောက်မျှ ယင်းအရာများကို ဖော်ထုတ်ရန် ယင်းအခြေအနေများကို မည်သည့်အခါကမျှ မထောက်ပြခဲ့ဖူးချေ။ ယနေ့ ငါဦးဆောင်သောလမ်းကို မည်သူတစ်ဦးတစ်ယောက်မျှ မဦးဆောင်ခဲ့ဖူးပေ။ လူသားက ဦးဆောင်ခဲ့ပါက ယင်းသည် အသစ်သောလမ်းဖြစ်မည် မဟုတ်တော့ပေ။ ပေတရုနှင့် ပေါလုတို့ကို ဥပမာယူပါ။ ယေရှုဦးဆောင်သော လမ်းကြောင်းအပေါ်တွင်[က] မလျှောက်လှမ်းမီက သူတို့တွင် သူတို့ကိုယ်ပိုင် အတွေ့အကြုံမရှိခဲ့ကြပေ။ ယေရှုက လမ်းကြောင်းကို ဦးဆောင်ပြီးမှသာလျှင် ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များနှင့် သူဦးဆောင်သောလမ်းကြောင်းကို သူတို့အတွေ့အကြုံရခဲ့သည်။ ထိုမှလျှင် သူတို့သည် အတွေ့အကြုံအများအပြားရရှိလာပြီး သြဝါဒစာများ ရေးခဲ့ကြသည်။ ထို့ကြောင့် လူသား၏ အတွေ့အကြုံများသည် ဘုရားသခင်၏အလုပ်နှင့်မတူဘဲ ဘုရားသခင်၏အလုပ်သည် လူသား၏အယူအဆများနှင့် အတွေ့အကြုံများဖြင့် ဖော်ပြသော အသိပညာများနှင့် မတူပေ။ ထပ်တလဲလဲ ငါပြောခဲ့သည့်အတိုင်း ယနေ့တွင် ငါသည် အသစ်သောလမ်းကြောင်းကို ဦးဆောင်နေပြီး အလုပ်သစ်ကို လုပ်နေသည်။ ငါ၏အလုပ်နှင့် ပြောစကားများသည် ယောဟန်နှင့်၊ အခြားသောပရောဖက်များနှင့် ခြားနားသည်။ ငါသည် ပထမဦးစွာ အတွေ့အကြုံရပြီး ယင်းတို့ကို သင်တို့အား ပြန်ပြောခြင်းကို မည်သည့်အခါမျှ မလုပ်ခဲ့။ အလုံးစုံသည် ယင်းကဲ့သို့ မဟုတ်ပေ။ ထိုသို့သာဖြစ်ခဲ့ပါက သင်တို့ကို အချိန်ကြာမြင့်စွာကပင် နှောင့်နှေးစေခဲ့ပြီးဖြစ်လိမ့်မည် မဟုတ်လော။ အတိတ်အခါက လူအများအပြား ပြောဆိုခဲ့သော အသိပညာများသည် ချီးမြှောက်ခြင်းခံကြရသော်လည်း သူတို့၏ စကားအားလုံးတို့သည် ဘာသာရေးပုဂ္ဂိုလ်များဟုခေါ်သော လူများ၏ စကားများအပေါ်တွင် အခြေခံပြောဆိုခဲ့ခြင်းသာဖြစ်သည်။ သူတို့သည် လမ်းခရီးကို မညွှန်ပြခဲ့ဘဲ သူတို့၏ အတွေ့အကြုံများမှ လာသည်။ သူတို့တွေ့မြင်ခဲ့သည်များမှ လာသည်၊ ထို့ပြင် သူတို့၏ အသိပညာမှ လာသည်။ အချို့မှာ သူတို့၏ အယူအဆများဖြစ်ပြီး အချို့မှာ သူတို့ အကျဉ်းချုံးထားသော သူတို့၏ အတွေ့အကြုံများဖြစ်သည်။ ယနေ့ ငါ့အလုပ်၏သဘာဝသည် သူတို့နှင့် လုံးဝကွာခြားသည်။ ငါသည် အခြားသူများ ဦးဆောင်သည့်နောက်သို့လိုက်သည့် အတွေ့အကြုံမရှိခဲ့သလို ငါသည် အခြားသူများကြောင့် ပြည့်စုံခြင်းကို ခံယူခဲ့ခြင်းမဟုတ်ပေ။ ထို့အပြင် ငါပြောခဲ့သောအရာအားလုံးနှင့် စည်းရုံးဟောပြောချက်များသည် အခြားမည်သူနှင့်မျှ မတူဘဲ အခြားမည်သူမျှလည်း မည်သည့်အခါကမျှ မပြောခဲ့ဖူးပေ။ ယနေ့တွင် သင်တို့သည် မည်သူဖြစ်သည်ဖြစ်စေ၊ သင်တို့၏အလုပ်သည် ငါပြောသော နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ လုပ်ဆောင်ကြသည်။ ယင်းဖွင့်ဆိုချက်များနှင့် အလုပ်မပါဘဲ ယင်းအရာများ (အစေခံသူများ၏စမ်းသပ်မှု၊ ပြစ်တင်ဆုံးမခြင်း၏ အချိန်အခါများ...)ကို မည်သူသည် တွေ့ကြုံရန် တတ်စွမ်းနိုင်မည်နည်း။ ယင်းအသိပညာများကို မည်သူသည် ပြောဆိုနိုင်စွမ်းရှိမည်နည်း။ သင်သည် ယင်းကို အမှန်တကယ်ပင် မြင်နိုင်စွမ်းမရှိသလော။ အလုပ်၏ မည်သည့်အဆင့်ပင်ဖြစ်စေ ငါ၏နှုတ်ကပတ်တော်များ ပြောပြီးသည်နှင့် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ သင်တို့သည် စတင်၍ မိတ်သဟာယဖွဲ့လာကြပြီး ယင်းတို့နှင့်အညီ အလုပ်လုပ်ကြရသည်။ ယင်းမှာ သင်တို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ စဉ်းစားခဲ့သည့် နည်းလမ်းမဟုတ်ပေ။ ဤနေရာအထိ ရောက်ခဲ့ပြီဖြစ်ရာ သင်သည် ယင်းသို့ ရှင်းလင်းပြီး ရိုးစင်းသော မေးခွန်းကို မြင်နိုင်စွမ်းရှိပြီလား။ ယင်းမှာ တစ်စုံတစ်ဦး စဉ်းစားခဲ့ပြီးသည့် နည်းလမ်းမဟုတ်သလို မည်သည့် ဘာသာရေးပုဂ္ဂိုလ်အပေါ်တွင်မျှလည်း အခြေခံထားခြင်း မဟုတ်ပေ။ ယင်းမှာ လမ်းကြောင်းသစ်ဖြစ်ပြီး ယေရှုတစ်ချိန်ကပြောခဲ့သော နှုတ်ကပတ်တော်အများအပြားပင် သက်ဆိုင်ခြင်းမရှိတော့ပေ။ ငါပြောသည်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည့် အလုပ်ဖြစ်ပြီး ယင်းအလုပ်သည် သီးခြားရပ်တည်သည်။ ငါလုပ်သော အလုပ်နှင့် ငါပြောသောနှုတ်ကပတ်တော်များအားလုံးသည် အသစ်ဖြစ်သည်။ ယင်းသည် ယနေ့၏ အလုပ်သစ် မဟုတ်ပါလော။ ယေရှု၏ အလုပ်သည်လည်း ယင်းကဲ့သို့ပင်ဖြစ်သည်။ သူ၏အလုပ်သည်လည်း ဗိမာန်တော်အတွင်းရှိ လူများ၏အလုပ်နှင့် ကွဲပြားခြားနားပြီး ဖာရိရှဲတို့၏အလုပ်နှင့်လည်း ခြားနားကာ ဣသရေလလူအားလုံးလုပ်ခဲ့သော အလုပ်များနှင့်လည်း နည်းနည်းမျှ မတူပေ။ ယင်းကို ကိုယ်တိုင် မြင်တွေ့ပြီးသည့်အခါ လူတို့သည် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပေ။ ယင်းကို ဘုရားသခင်က အမှန်တကယ် လုပ်ဆောင်ခဲ့သလော။ ယေရှုသည် ယေဟောဝါ၏ ဥပဒေကို မဆုပ်ကိုင်ခဲ့ပါ။ သူသည် လူတို့ကို သင်ကြားရန် ရောက်လာချိန်တွင် သူပြောခဲ့သမျှတို့သည် အသစ်ဖြစ်ပြီး ဓမ္မဟောင်းကျမ်းမှ ရှေးဟောင်းသန့်ရှင်းသူများနှင့် ပရောဖက်များ ပြောခဲ့သောအရာများနှင့် ခြားနားသည်။ ယင်းသို့ဖြစ်သောကြောင့်ပင် လူအများသည် မရေမရာ ဖြစ်ကြသည်။ လူသားအနေဖြင့် ရင်ဆိုင်ရန် အလွန်ခက်ခဲစေသည်မှာ ယင်းပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သစ်ကို လက်ခံခြင်းမပြုမီက သင်တို့ အများစုလျှောက်လှမ်းသော လမ်းကြောင်းမှာ ဘာသာရေး ပုဂ္ဂိုလ်များ တည်ထောင်ခဲ့သည့် အခြေခံအပေါ်တွင် လေ့ကျင့်ခြင်းနှင့် ဝင်ရောက်ခြင်းဖြစ်သည်။ သို့သော် ယနေ့တွင် ငါလုပ်သောအလုပ်သည် ကြီးစွာခြားနားပြီး သင်တို့သည် ယင်းမှာ မှန်သည်၊ မှားသည်ကို ခွဲခြားနိုင်စွမ်း မရှိပေ။ ယခင်က သင်မည်သည့်လမ်းကြောင်းလျှောက်ခဲ့သည်ကို ငါဂရုမစိုက်ပါ။ ငါသည် သင်မည်သူ၏ အစားစားသည် သို့မဟုတ် မည်သူ့ကို သင့် "အဖေ" အဖြစ် ရွေးချယ်ခဲ့သည်တို့ကို စိတ်မဝင်စားပါ။ ငါသည် လူသားကို လမ်းညွှန်ရန် အလုပ်သစ်များကို ဆောင်ယူလာကာ လာရောက်ခြင်းဖြစ်ရာ ငါ့နောက်လိုက်သူ အားလုံးသည် ငါပြောကြားသည်နှင့်အညီ ပြုမူလုပ်ဆောင်ရမည်။ သင်သည် မည်မျှအာဏာရှိသော "မိသားစု" မှ လာသည်ဖြစ်စေ၊ သင်သည် ငါ့နောက်ကိုလိုက်ရမည်၊ သင်သည် သင်၏ ယခင်အလေ့အထများနှင့်အညီ ပြုမူကျင့်ကြံခြင်း မပြုရတော့။ သင်၏ "အုပ်ထိန်းသော ဖခင်" သည် နှုတ်ထွက်သင့်ပြီး သင်သည် သင်၏ပိုင်ထိုက်သောဝေစုကို ရှာဖွေရန် သင်၏ဘုရားသခင်ရှေ့မှောက်သို့ လာသင့်သည်။ သင်၏အလုံးစုံသည် ငါ့လက်ထဲတွင်ရှိပြီး သင်သည် သင်၏အုပ်ထိန်းသူဖခင်ကို မျက်စိမှိတ်၍ အလွန်အမင်း ယုံကြည်ခြင်း မပြုသင့်ပေ။ သူသည် သင့်ကို အပြည့်အဝ မထိန်းချုပ်နိုင်ပါ။ ယနေ့ အလုပ်သည် သီးခြားရပ်တည်သည်။ ယနေ့ ငါပြောသမျှအားလုံးသည် ယခင်က အခြေခံပေါ်တွင် အခြေတည်ထားခြင်း မဟုတ်သည်မှာ ထင်ရှားသည်၊ အသစ်သော စတင်မှုဖြစ်ပြီး ယင်းသည် လူ၏လက်ဖြင့် ဖန်ဆင်းထားသည်ဟု သင်ပြောမည်ဆိုပါက သင်၏မျက်စိကန်းမှုကို ကုသနိုင်ရန် မည်သည့်အရာမျှ မရှိတော့သည့်သူတစ်ဦး ဖြစ်လိမ့်မည်။

ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ဣသရေလလူများထဲမှ ရွေးချယ်ထားသော ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များဖြစ်သည်။ သူတို့ကို ဘုရားသခင်ဟူ၍ အဘယ်ကြောင့် မခေါ်ကြသနည်း။ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို သက်သေခံခြင်း မပြုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုက သူ၏အလုပ်ကို စတင်လျှင် စတင်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် ယေရှုကို အဘယ်ကြောင့် သက်သေခံသနည်း။ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို သက်သေခံခြင်း မပြုခဲ့သနည်း။ ဇာတိပကတိ၏ လူများဖြစ်ကြသော သူတို့အားလုံးကို "သခင်" ဟု ခေါ်ကြသည်။ သူတို့ကို မည်သို့ခေါ်သည် ဖြစ်စေ၊ သူတို့၏ အလုပ်သည် သူတို့၏ ဖြစ်တည်မှုနှင့် သူတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး သူတို့၏ ဖြစ်တည်မှုနှင့် သူတို့၏ အနှစ်သာရသည် သူတို့မည်သူမည်ဝါဖြစ်သည်ကို ကိုယ်စားပြုကြသည်။ သူတို့၏ အနှစ်သာရများသည် သူတို့၏ အမည်နာမများနှင့် မသက်ဆိုင်ပေ။ ယင်းသည် သူတို့ အဘယ်အရာကို ဖော်ပြသည်ဆိုခြင်းနှင့် သူတို့ မည်သို့နေထိုင်သည်ဆိုသည်ကို ကိုယ်စားပြုသည်။ ဓမ္မဟောင်းကျမ်းတွင် သခင်ဟု အခေါ်ခံရခြင်းတွင် တစ်မူထူးခြားနေခြင်းမျိုး မရှိဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် မည်သို့ ခေါ်ဆိုသည်ဖြစ်စေ သူ့အနှစ်သာရနှင့် ပင်ကိုသွင်ပြင်လက္ခဏာသည် ပြောင်းလဲ၍မရပေ။ မှားယွင်းသော ခရစ်တော်များ၊ မှားယွင်းသော ပရောဖက်များနှင့် လှည့်ဖျားသူများအကြားတွင် "ဘုရားသခင်" ဟု အခေါ်ခံရသူများလည်း မရှိသလော။ သူတို့သည် အဘယ်ကြောင့် ဘုရားသခင် မဟုတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏အလုပ်ကို လုပ်နိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။ အရင်းအမြစ်အရ သူတို့သည် လူသားများဖြစ်ပြီး လူတို့ကို လှည့်စားသူများဖြစ်သည်၊ ဘုရားသခင် မဟုတ်ကြပေ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာမရှိကြပေ။ မျိုးနွယ်စု ၁၂ စု အတွင်းတွင် ဒါဝိဒ်ကို သခင်ဟု ခေါ်ဆိုကြသည် မဟုတ်လော။ ယေရှုကိုလည်း သခင်ဟုခေါ်သည်၊ အဘယ်ကြောင့် ယေရှုတစ်ဦးတည်းကိုသာ လူ့ဇာတိခံယူသော ဘုရားသခင်ဟု ခေါ်သနည်း။ ယေရမိကိုလည်း လူသားတော်ဟု သိကြသည် မဟုတ်သလော။ ယေရှုကိုလည်း လူသားတော်ဟု သိကြသည်ပင် မဟုတ်လော။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်စား လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သနည်း။ ယင်းမှာ သူ၏ အနှစ်သာရသည် မတူညီသောကြောင့် မဟုတ်ပါသလော။ ယင်းမှာ သူလုပ်ဆောင်သော အလုပ်သည် မတူညီသောကြောင့် မဟုတ်ပါသလော။ အမည်နာမသည် အရေးပါသလော။ ယေရှုသည် လူသားတော်ဟုလည်း ခေါ်ခံရသော်လည်း သူသည် ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည်။ သူသည် တန်ခိုးကို ပြန်လည်ရယူရန်လာခဲ့ပြီး ရွေးနုတ်ခြင်းအလုပ်ကို ပြီးမြောက်စေခဲ့သည်။ ယင်းသည် ယေရှု၏ သွင်ပြင်လက္ခဏာနှင့် အနှစ်သာရသည် အခြားသော လူသားတော်ဟု ခေါ်ခံရသူများနှင့် ကွဲပြားခြားနားကြောင်း သက်သေဖြစ်သည်။ ယနေ့တွင် သင်တို့အနက် မည်သူသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောရဲသနည်း။ တစ်စုံတစ်ယောက်က ထိုသို့ပြောဝံ့သလော။ သင်သည် ထိုသို့ပြောသည်ဆိုလျှင် ဧဇရအနာဂတ္တိကျမ်းကို အဘယ်ကြောင့် ပယ်ဖျက်ရသနည်း၊ ရှေးဟောင်းသန့်ရှင်းသူများနှင့် ပရောဖက်များ ပြောကြားသော မှတ်စာများကိုလည်း အဘယ်ကြောင့် အလားတူလုပ်ရသနည်း။ သူတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယင်းသို့မခန့်မှန်းနိုင်သော ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းရှိသလော။ ဣသရေလမှ အဖြစ်အပျက်အများအပြားသည်လည်း ပယ်ဖျက်ခြင်းခံရသည်။ အတိတ်က ဤရေးသားချက်များအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာခြင်းဖြစ်သည်ဟု သင်ယုံကြည်လျှင် အချို့သောမှတ်စာများကို အဘယ်ကြောင့် ပယ်ဖျက်သနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက ယင်းတို့အားလုံးကို ထားရှိသင့်ပြီး အသင်းတော်များရှိ ညီအစ်ကိုမောင်နှမများဖတ်ရန် ပေးသင့်သည်။ ယင်းတို့ကို လူတို့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မလုပ်သင့်ပေ။ ယင်းသို့လုပ်ခြင်းမှာ မှားယွင်းသည်။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် သူတို့၏ ပုဂ္ဂလိက အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းမှာ သူတို့၏ အတွေ့အကြုံများနှင့် အသိပညာများမှာ စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း သူတို့တွင် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အမြင်များမှ လာသည့်အရာများ ပါရှိနေသည်။ သူတို့၏အသိပညာသည် ထိုအချိန်က အမှန်တကယ် အတွေ့အကြုံများ၏ နောက်ခံနှင့်အညီဖြစ်ပြီး ယင်းတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှလာသည်ဟု မည်သူက ယုံကြည်စွာ ပြောနိုင်သနည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းစလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက ယေရှု၏အလုပ်နှင့် ပတ်သက်၍ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့ တစ်ဦးချင်းစီ၏ ပြောဆိုမှုများသည် အချို့တွင် အဘယ်ကြောင့် ကွဲလွဲနေကြရသနည်း။ သင်တို့ ယင်းကိုမယုံကြည်ပါက ကျမ်းစာတွင် ဖော်ပြထားသည့် ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုသည့် အချက်များကို ကြည့်ပါ။ ယင်းတို့ အားလုံးခြားနားနေပြီး ယင်းတို့အားလုံးတွင် ထူးခြားသော လက္ခဏာများရှိကြသည်။ မသိမိုက်မဲသောသူ အများအပြားက ပြောကြသည်မှာ "လူ့ဇာတိခံယူသော ဘုရားသခင်သည်လည်း လူသားဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လုံးလုံးလျားလျားလာခဲ့ခြင်း ဖြစ်နိုင်သလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူသားဆန္ဒစွဲများ ရောနှောနေပါက သူပြောဆိုသော စကားများသည် လူသားဆန္ဒစွဲများ အမှန်တကယ် ရောနှောမနေဘူးလော။" ယင်းသို့သော အရာများကို ပြောသူများသည် မျက်ကန်းများဖြစ်ပြီး မသိမိုက်မဲသောသူများ ဖြစ်ကြသည်။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်ကြည့်ပါ။ ယေရှုလုပ်ဆောင်ခဲ့သောအရာများကို သူတို့မှတ်တမ်းတင်ထားသည်များနှင့် သူပြောသောစကားများအား မှတ်တမ်းတင်ထားသည်ကို ဖတ်ပါ။ တစ်ခုချင်းသည် အကယ်ပင် ကွဲလွဲနေပြီး တစ်ခုချင်းအလိုက် ကိုယ်ပိုင်ရှုထောင့်များရှိသည်။ ယင်းစာအုပ်များရှိ စာရေးသူများ၏ ရေးသားချက်များ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုလျှင် အားလုံးသည် ရှေ့နောက်ညီပြီး တူညီမနေသင့်ဘူးလော။ အဘယ်ကြောင့် ကွာဟချက်များ ရှိနေရပါသနည်း။ ဤအချက်ကို မမြင်နိုင်ရခြင်းမှာ လူသည် အလွန်အကျွံတုံးအနေ၍ မဟုတ်ပေလော။ ဘုရားသခင်ကို သက်သေခံရန် သင်သည် တောင်းဆိုခြင်းခံရပါက မည်သို့သော သက်သေခံချက်ကို သင်ပေးနိုင်သနည်း။ ဘုရားသခင်ကို ထိုသို့သော နည်းလမ်းဖြင့် သိခြင်းသည် သူ့ကိုသက်သေခံနိုင်သလော။ အခြားသူများက သင့်ကို "ရှင်ယောဟန်နှင့် ရှင်လုကာတို့၏ မှတ်တမ်းများသည် လူသားဆန္ဒစွဲများရောနေလျှင် သင်တို့၏ ဘုရားသခင်ပြောခဲ့သော စကားများသည်လည်း လူသားဆန္ဒစွဲများ ရောမနေဘူးလော" ဟု မေးလျှင် ရှင်းလင်းသောအဖြေကို သင်ပေးနိုင်ပါမည်လော။ လုကာနှင့် မဿဲတို့သည် ယေရှု၏နှုတ်ကပတ်တော်များကို ကြားပြီးနောက်၊ ယေရှု၏ အလုပ်များကို မြင်ပြီးနောက်တွင် သူတို့သည် သူတို့၏ ကိုယ်ပိုင်အသိပညာကို ယေရှုလုပ်ဆောင်ခဲ့သော အချက်အလက်အချို့ကို အသေးစိတ် ပြန်လည်ပြောပြသောပုံစံဖြင့် ပြောပြခဲ့ကြသည်။ သူတို့၏ အသိပညာမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အပြည့်အဝ ဖွင့်ပြပေးထားခြင်းဖြစ်သည်ဟု သင်ပြောနိုင်သလော။ သမ္မာကျမ်းစာပြင်ပတွင် သူတို့ထက် အသိပညာကြွယ်ဝသော ဘာသာရေးခေါင်းဆောင်များ အများအပြား ရှိနေကြသေးသည်။ အဘယ်ကြောင့် သူတို့၏စကားများကို နောက်မျိုးဆက်သစ်များက မယူကြသနည်း။ သူတို့ကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်က အသုံးမပြုခဲ့သလော။ ယနေ့ကာလ၏အလုပ်တွင် ငါသည် ယေရှု၏အလုပ်အုတ်မြစ်ပေါ်တွင် အခြေခံလျက် ငါကိုယ်တိုင်မြင်သည်များကို ပြောနေခြင်းမဟုတ်သလို ယေရှု၏အလုပ်နောက်ခံကို ဆန့်ကျင်လျက် ငါ၏ကိုယ်ပိုင်အသိပညာကို ပြောနေခြင်းလည်း မဟုတ်သည်ကို သိမှတ်ပါ။ ထိုအချိန်က ယေရှုသည် မည်သည့်အလုပ်ကို လုပ်ခဲ့သနည်း။ ယနေ့ ငါသည် မည်သည့်အလုပ်ကို လုပ်နေသနည်း။ ငါ၏လုပ်ကိုင်ပြောဆိုမှုများတွင် ဥပမာများ မရှိပါ။ ယနေ့ ငါလျှောက်သောလမ်းသည် ယခင်က မည်သူမျှ မလျှောက်ဖူးဘဲ ခေတ်အဆက်ဆက်က လူများနှင့် ယခင်က မျိုးဆက်များ မည်သည့်အခါကမျှ မလျှောက်ဖူးကြပါ။ ယနေ့ ယင်းကို ဖွင့်လိုက်ပါပြီ၊ ယင်းမှာ ဝိညာဉ်တော်၏ အလုပ်မဟုတ်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ခဲ့သော်ငြားလည်း အတိတ်က ခေါင်းဆောင်များသည် အခြားသူများ တည်ဆောက်ခဲ့သော အခြေခံပေါ်တွင် သူတို့၏ အလုပ်များကို လုပ်ခဲ့ကြသည်၊ သို့သော်လည်း ဘုရားသခင် ကိုယ်တိုင်၏ အလုပ်သည် ခြားနားသည်။ ယေရှု၏ အလုပ်အဆင့်သည်လည်း အတူတူပင်ဖြစ်ခဲ့သည်၊ သူသည် လမ်းသစ်ကို ဖွင့်လှစ်ခဲ့သည်။ သူလာခဲ့သောအခါ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး လူသားသည် နောင်တရရမည်၊ ဝန်ခံရမည်ဟု ပြောခဲ့သည်။ ယေရှုက သူ၏အလုပ်ကို ပြီးဆုံးစေပြီးသည့်နောက်တွင် ပေတရုနှင့် ပေါလုနှင့် အခြားသူများသည် ယေရှု၏အလုပ်ကို စတင်၍ ဆက်လုပ်ကြသည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုနှင့်ရိုက်ခံရပြီး ကောင်းကင်ဘုံသို့ ကြွသွားပြီးနောက်တွင် သူတို့ကို ဝိညာဉ်တော်က လက်ဝါးကပ်တိုင်၏လမ်းကို ဖြန့်ဝေရန် စေလွှတ်ခဲ့သည်။ ပေါလု၏ စကားများသည် ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း ယင်းတို့သည် ယေရှုပြောဆိုခဲ့သော အရာအားဖြင့် ချထားခဲ့သော အုတ်မြစ်ဖြစ်သည့် သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ ခံစားခြင်း၊ ဦးခေါင်းအုပ်ခြင်း၊ ဗတ္တိဇံခံခြင်း၊ သို့မဟုတ် လိုက်နာရမည့် အခြားအယူဝါဒများအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ထိုအရာအားလုံးတို့သည် ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်က အသုံးပြုထားသော လူသားများသာဖြစ်ကြသဖြင့် သူတို့သည် လမ်းအသစ်ကို ဖွင့်လှစ်နိုင်ခြင်း မရှိကြပေ။

ထိုအချိန်က ယေရှု၏ ဖွင့်ဆိုချက်များနှင့် အလုပ်သည် အယူဝါဒများကို စွဲကိုင်ထားခြင်းမရှိဘဲ သူသည် သူ၏အလုပ်ကို ဓမ္မဟောင်းနည်းဥပဒေသ၏ အလုပ်နှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အလုပ်များအတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူသည် သူလုပ်ဆောင်လာသည့် အလုပ်အတိုင်း၊ သူ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်းနှင့် သူ၏ အမှုတော်အတိုင်း လုပ်ဆောင်သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ နည်းဥပဒေသအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ သူလုပ်သည့် မည်သည့်အရာမျှ ဓမ္မဟောင်းကျမ်းနည်းဥပဒေသနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ သူသည် ပရောဖက်များ၏ စကားများပြည့်စုံအောင် လာခဲ့ခြင်းလည်းမဟုတ်ပေ။ ဘုရားသခင်အလုပ်၏ အဆင့်တစ်ခုစီသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံအောင် ဖော်ထုတ်ခြင်းမဟုတ်၊ သူသည် ရှေးပရောဖက်များ ကြိုတင်ဟောကြားချက်များ အကောင်အထည်ပေါ်စေရန် တမင်သက်သက် သို့မဟုတ် အယူဝါဒများကို လိုက်နာရန် လာခဲ့ခြင်းမဟုတ်ပေ။ သို့ရာတွင် သူ၏လုပ်ဆောင်မှုများသည် ရှေးပရောဖက်များ ဟောကြားချက်များကို နှောင့်ယှက်ဖျက်ဆီးခြင်းမရှိသလို သူယခင်က လုပ်ဆောင်ခဲ့သော အလုပ်များကိုလည်း နှောင့်ယှက်ဖျက်ဆီးခြင်း မရှိပေ။ သူ့အလုပ်၏ သိသာထင်ရှားသောအချက်မှာ မည်သည့်အယူဝါဒကိုမျှ လိုက်နာခြင်းမရှိဘဲ သူကိုယ်တိုင် လုပ်သင့်သောအလုပ်များကို လုပ်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သလို မြင်သောသူလည်း မဟုတ်ပေ။ လုပ်ဆောင်သူသာဖြစ်ပြီး သူလုပ်ဆောင်ရန် လိုအပ်သော အလုပ်များကို အမှန်တကယ်အားဖြင့် လာရောက်လုပ်ဆောင်သူသာဖြစ်ပြီး သူ၏အသစ်သောခေတ်ကို ဖွင့်လှစ်ရန် လာရောက်ခဲ့ပြီး သူ၏အသစ်သောအလုပ်ကို လုပ်ဆောင်သည်။ အမှန်အားဖြင့် ယေရှုသည် သူ၏ အလုပ်များကို လုပ်ဆောင်ရန် ကြွလာသောအခါ သူသည် ဓမ္မဟောင်းကျမ်းအတွင်း ရှေးပရောဖက်များ ပြောကြားခဲ့သော စကားအများအပြားကိုလည်း ပြည့်စုံစေခဲ့သည်။ ယနေ့ အလုပ်သည်လည်း ဓမ္မဟောင်းကျမ်းပါ ရှေးပရောဖက်များ၏ ကြိုတင်ပြောကြားချက်များကို ပြည့်စုံစေသည်။ ငါသည် "အဝါရောင်သမ်းနေသည့် နှစ်ချုပ်စာအုပ်ဟောင်း" ကို မဆုပ်ကိုင်ထားရုံသာ ဖြစ်သည်။ ဤသည်မှာ အကုန်အစင်ပင်။ ငါလုပ်ဆောင်ရမည့် အလုပ်များ အများအပြား ရှိသေးသည်ဖြစ်ရာ သင်တို့ကို ငါပြောရမည့် နှုတ်ကပတ်တော်များလည်း အများအပြားရှိသေးသည်၊ ဤအလုပ်နှင့် နှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာပါ စာပိုဒ်များကို ရှင်းပြခြင်းထက် အလွန်ပို၍ အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အလုပ်သည် သင်တို့အတွက် ကြီးမားသော အရေးပါမှု သို့မဟုတ် တန်ဖိုးမရှိ၊ သင်တို့ကို မကူညီနိုင် သို့မဟုတ် သင်တို့ကို မပြောင်းလဲနိုင်။ ငါသည် အသစ်သော အလုပ်ကို သမ္မာကျမ်းစာ၏ မည်သည့် စာပိုဒ်ကိုမှ ပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရန် မရှိပါ။ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ရှေးပရောဖက်များ၏ စကားများကို ပြည့်စုံစေရန်သာ ကမ္ဘာမြေကြီးသို့ လာခဲ့ပါက မည်သူသည် ပို၍ ကြီးမြတ်မည်နည်း၊ လူ့ဇာတိကိုခံယူသော ဘုရားသခင်လော၊ သို့တည်းမဟုတ် ထိုရှေးပရောဖက်များလော။ အဆုံးတွင်မူ ပရောဖက်များသည် ဘုရားသခင်ကို ကြီးကြပ်သလော၊ သို့မဟုတ် ဘုရားသခင်သည် ပရောဖက်များကို ကြီးကြပ်သလော။ ယင်းစကားများကို သင်မည်သို့ ရှင်းပြမည်နည်း။

အစတွင် ယေရှုသည် သူ၏အမှုတော်ကို တရားဝင် မလုပ်ဆောင်သေးမီတွင် သူ၏နောက်သို့လိုက်သော တပည့်တော်များကဲ့သို့ပင် သူသည် တစ်ခါတစ်ရံ ဗိမာန်တော်အတွင်းတွင် အစည်းအဝေးများ တက်ရောက်ခဲ့သည်၊ ဓမ္မတေးများ သီဆိုခဲ့သည်၊ ချီးမွမ်းခြင်းများပေးသည်၊ ဓမ္မဟောင်းကျမ်းကို ဖတ်ခဲ့သည်။ သူသည် ဗတ္တိဇံခံ၍ ထလာပြီးနောက်တွင် ဝိညာဉ်တော်သည် သူ့အပေါ်တွင် တရားဝင်ဆင်းသက်ခဲ့ပြီး အလုပ်စတင်ခဲ့သည်၊ သူသည် မည်သူမည်ဝါဖြစ်သည်နှင့် သူထမ်းဆောင်ရမည့် အမှုတော်ကို ဖော်ထုတ်ခဲ့သည်။ ဤမတိုင်ခင်တွင် မည်သူကမျှ သူ၏သွင်ပြင်လက္ခဏာကို မသိခဲ့ကြ၊ မာရိမှလွဲ၍ ယောဟန်ပင်လျှင် မသိခဲ့။ ဗတ္တိဇံခံသည့်အချိန်တွင် ယေရှုသည် အသက် ၂၉ နှစ်ဖြစ်သည်။ ဗတ္တိဇံခံခြင်း ပြီးဆုံးသည့်အခါ ကောင်းကင်ဘုံသည် ပွင့်သွားပြီး အသံတစ်ခုက ပြောသည်မှာ "ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။" ယေရှုဗတ္တိဇံခံပြီးသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ဤနည်းဖြင့် သူ့ကို စတင် သက်သေပြုခဲ့သည်။ အသက် ၂၉ နှစ် ဗတ္တိဇံမခံမီက သူသည် ပုံမှန်လူတစ်ဦးကဲ့သို့ အသက်တာကို နေထိုင်ခဲ့သည်၊ စားရမည့်အချိန်တွင် စားသည်၊ အိပ်ခြင်းနှင့် ဝတ်စားခြင်းမှာ ပုံမှန်ဖြစ်ပြီး သူ၏ကိစ္စရပ်များ အားလုံးသည် အခြားသူများနှင့် ခြားနားခြင်းမရှိခဲ့ပေ။ မှန်ပေသည်၊ ယင်းမှာ လူ့ဇာတိ မျက်စိအတွက်သာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူသည်လည်း အားနည်းခဲ့ပြီး တစ်ခါတစ်ရံများတွင် သူသည် အမှုအရာများကို မပိုင်းခြား မသိမြင်နိုင်ဘဲ ရှိသည်။ သမ္မာကျမ်းစာတွင် ရေးသားထားသကဲ့သို့သာ ဖြစ်သည်။ "ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလေ၏။" ဤနှုတ်ကပတ်တော်များက သူ့တွင် သာမန်နှင့် ပုံမှန်လူ့သဘောသဘာဝရှိပြီး အခြားသော သာမန်လူများနှင့် မည်သို့မျှ ထူးကဲစွာ ခြားနားခြင်းမရှိကြောင်း ပြသနေလျက်ရှိသည်။ သူသည် သာမန်ပုဂ္ဂိုလ်ကဲ့သို့ ကြီးပြင်းခဲ့ပြီး သူနှင့်ပတ်သက်၍ ထူးခြားမှု ဘာမျှ မရှိခဲ့ပေ။ သို့ရာတွင် သူသည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိခဲ့သည်။ ဗတ္တိဇံခံပြီးနောက်တွင် သူသည် သွေးဆောင်ဖြားယောင်းခြင်း စတင်ခံခဲ့ရသည်။ ထို့နောက်တွင် သူသည် သူ၏ အမှုတော်ကို စတင်အကောင်အထည်ဖော်ပြီး တန်ခိုး၊ ဉာဏ်ပညာနှင့် အခွင့်အာဏာရှိလာခဲ့သည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အတွင်း အလုပ်လုပ်ခြင်းမရှိ သို့မဟုတ် ဗတ္တိဇံမခံမီက သူ့အတွင်းတွင် ရှိမနေဟု ပြောခြင်းမဟုတ်ပါ။ ဗတ္တိဇံမခံမီက သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အတွင်းတွင် ကျိန်းဝပ်ပြီး ဖြစ်သော်လည်း ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်မည့်အချိန်တွင် အကန့်အသတ်များရှိသည့်အပြင် ပုံမှန်လူများသည် ပုံမှန်ကြီးထွားခြင်းဖြစ်စဉ်ရှိရာ တရားဝင် အလုပ်စတင်ခြင်း မရှိသေးပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အတွင်းတွင် အစဉ်အမြဲ နေထိုင်ခဲ့ပြီး ဖြစ်သည်။ ယေရှုဖွားမြင်သောအခါ သူသည် အခြားသူများနှင့် ခြားနားပြီး မိုးသောက်ကြယ် ပေါ်ပေါက်ခဲ့သည်။ ယေရှုမမွေးဖွားမီ ကောင်းကင်တမန် တစ်ပါးသည် ယောသပ်၏အိပ်မက်တွင်ပေါ်လာပြီး မာရိသည် သားယောက်ျားလေး ဖွားမြင်မည့်အကြောင်းနှင့် ထိုကလေးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူမည့်အကြောင်း ပြောခဲ့သည်။ ယင်းမှာ ယေရှု ဗတ္တိဇံခံယူပြီးနောက်မှ ဖြစ်သည်မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို တရားဝင် စလုပ်ခဲ့ချိန်လည်းဖြစ်ပြီး သူ့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အပေါ် ချိုးငှက်ကဲ့သို့ သက်ဆင်းခဲ့သည်ဆိုသည့် ပြောဆိုချက်သည် သူ၏အမှုတော်ကို တရားဝင်စတင်ခဲ့ခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အထဲတွင် ယခင်ကလည်း ရှိခဲ့ပြီးဖြစ်သော်လည်း အချိန်မရောက်သေးသည်ဖြစ်ရာ သူသည် အလုပ်များကို မစတင်ခဲ့သေးသောကြောင့် ဝိညာဉ်တော်သည် အလျင်အမြန် အလုပ်မစခဲ့သေးပေ။ ဝိညာဉ်တော်သည် ဗတ္တိဇံခံခြင်းမှတစ်ဆင့် သူ့ကို သက်သေခံသည်။ သူသည် ရေထဲမှ ထွက်လာသည့်အခါ ဝိညာဉ်တော်သည် သူ့အထဲတွင် တရားဝင် အလုပ်စတင်ခဲ့သည်။ ယင်းမှာ ဘုရားသခင်ခံယူသော လူ့ဇာတိသည် သူ၏အမှုတော်ကို စတင်ဖြည့်စွမ်းကြောင်း၊ ရွေးနုတ်ခြင်းအလုပ်ကိုလည်း စတင်ခဲ့ကြောင်း၊ ဆိုလိုသည်မှာ ကျေးဇူးတော်ခေတ် တရားဝင်စတင်ခဲ့ခြင်းဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ သို့ဖြစ်ရာ သူသည် မည်သည့်အလုပ် လုပ်သည်ဖြစ်စေ ဘုရားသခင်အလုပ်အတွက် အချိန်ဆိုသည်မှာ ရှိသည်။ ဗတ္တိဇံခံယူပြီး နောက်ပိုင်းတွင် ယေရှုတွင် ထူးခြားသော ပြောင်းလဲမှု မရှိခဲ့ပေ။ သူသည် သူ၏မူလလူ့ဇာတိအတွင်း ရှိနေသေးသည်။ သူသည် သူ၏အလုပ်ကို စတင်ခဲ့ပြီး သူမည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ခဲ့ကာ သူသည် သြဇာအာဏာ၊ တန်ခိုးနှင့် ပြည့်စုံခဲ့ခြင်းသာ ဖြစ်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူသည် ယခင်ကနှင့် ကွာခြားသွားခဲ့သည်။ သူ၏ သွင်ပြင်လက္ခဏာမှာလည်း ခြားနားသွားခဲ့သည်။ သူ၏အနေအထားတွင် ထူးခြားသော အပြောင်းအလဲ ဖြစ်သွားသည်ဟု ပြောနိုင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်ဖြစ်ပြီး လူက လုပ်ဆောင်ခဲ့သည့် အလုပ်မဟုတ်ပေ။ အစတွင် လူများသည် မသိခဲ့ကြဘဲ သန့်ရှင်းသော ဝိညာဉ်တော်က ယေရှုကို ထိုနည်းအားဖြင့် သက်သေခံသည့်အခါမှသာ အနည်းငယ် သိလာကြသည်။ ယေရှုသည် သူ့ကို သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံခြင်းမပြုမီက ကြီးမားသောအလုပ်များ လုပ်ဆောင်ခဲ့သော်လည်း ဘုရားသခင် ကိုယ်တိုင်၏ သက်သေခံခြင်းမရှိပါက သူ့အလုပ်သည် မည်မျှပင် ကြီးမြတ်စေကာမူ လူ၏ မျက်စိသည် ယင်းကို မြင်နိုင်စွမ်းမရှိသောကြောင့် လူများသည် သူမည်သူမည်ဝါ ဖြစ်သည်ကို မည်သည့်အခါမျှ သိကြလိမ့်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံခြင်းအဆင့် မရှိခဲ့ပါက မည်သူတစ်ဦးတစ်ယောက်ကမျှ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည်ကို သိမည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို သက်သေခံပြီးနောက်တွင် ယေရှုသည် အလုပ်များကို ခြားနားမှုမရှိဘဲ ယခင်အတိုင်း ဆက်လုပ်နေခဲ့ပါက ယင်းသည် သက်ရောက်မှု ရှိခဲ့လိမ့်မည် မဟုတ်ပေ။ ယင်းအထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အဓိက ဖော်ပြခြင်းလည်း ဖြစ်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံပြီးသောအခါတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိကိုယ်တိုင်ကို ပြသခဲ့သဖြင့် သူ့အတွင်းတွင် ဝိညာဉ်တော် ရှိသည့်အတွက် သင့်အနေဖြင့် သူသည် ဘုရားသခင် ဖြစ်သည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ဘုရားသခင်၏ သက်သေခံခြင်းသည် မှားယွင်းခြင်းမရှိဘဲ ယင်းမှာ သူ၏သက်သေခံခြင်းသည် မှန်ကန်ကြောင်း သက်သေပြနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော် သက်သေခံခြင်းမတိုင်မီနှင့် ပြီးနောက်တွင် လုပ်သောအလုပ်တို့ တူညီနေပါက လူ့ဇာတိခံယူသော သူ၏အမှုတော်၊ ထို့ပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ထင်ရှားမှုရှိလာမည် မဟုတ်ဘဲ ရှင်းလင်းသည့် ကွဲပြားခြားနားချက် မရှိသောကြောင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိမှတ်နိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ သက်သေခံပြီးသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်သေခံမှုကို ထောက်မပေးထားရမည် ဖြစ်သောကြောင့် သူသည် သူ၏ဉာဏ်ပညာနှင့် အခွင့်အာဏာတို့ကို ယေရှုအထဲတွင် ထင်ရှားပြသခဲ့ရပြီး ယင်းမှာ အတိတ်ကာလ အချိန်များနှင့် ကွဲပြားခြားနားခဲ့သည်။ မှန်ပေသည်၊ ယင်းမှာ ဗတ္တိဇံခံခြင်း၏ သက်ရောက်မှု မဟုတ်ပေ။ ဗတ္တိဇံ ခံခြင်းသည် အခမ်းအနား တစ်ခုသာဖြစ်သည်။ ဗတ္တိဇံခံခြင်းသည် သူ၏အမှုတော်ကို အကောင်အထည်ဖော်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ပြသသည့် နည်းလမ်းသာဖြစ်သည်။ ယင်းအလုပ်သည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ရှင်းလင်းအောင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်ကို ရှင်းလင်းအောင် ပြုလုပ်ခြင်းဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ဤသက်သေခံချက်ကို နောက်ဆုံးသော အချိန်ထိတိုင်အောင် တာဝန်ခံလိမ့်မည်ဖြစ်သည်။ သူ၏အမှုတော်ကို အကောင်အထည်မဖော်မီ ယေရှုသည်လည်း သြဝါဒများကို နားထောင်ခဲ့ပြီး ဧဝံဂေလိတရားကို နေရာအမျိုးမျိုးသို့ ဖြန့်ဝေကာ ဟောပြောခဲ့သည်။ သူသည် သူ၏အမှုတော်ကို လုပ်ဆောင်ရန် အချိန်မကျသေးသည့်အတွက်နှင့် ဘုရားသခင် ကိုယ်တိုင်သည် လူ့ဇာတိခန္ဓာထဲတွင် နှိမ့်ချစွာ ပုန်းကွယ်နေသောကြောင့် ကြီးမားသောအလုပ်များကို မလုပ်ခဲ့ပေ။ အချိန်ရောက်သည်အထိ မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပါ။ ဗတ္တိဇံမခံမီ သူသည် အလုပ်မလုပ်ခဲ့သည့် အကြောင်းရင်း နှစ်ခုရှိပေသည်။ တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ရန် သူ့အပေါ်သို့ တရားဝင် သက်ဆင်းခြင်း မရှိသေးသောကြောင့်ဖြစ်ပြီး (သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုကဲ့သို့သော အလုပ်များကိုလုပ်ရန် တန်ခိုးနှင့် အခွင့်အာဏာကို ယေရှုအား မအပ်နှင်းရသေးဟု ဆိုရမည်) သူသည် သူကိုယ်တိုင် မည်သူဖြစ်သည်ကို သိခဲ့သည်ဆိုလျှင်ပင် ယေရှုသည် သူနောက်ပိုင်းတွင်မှလုပ်ရန် ရည်မှန်းထားသော အလုပ်ကို လုပ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ဘဲ သူ၏ဗတ္တိဇံခံသည့်နေ့တိုင်အောင် စောင့်စားခဲ့ရပေလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ အချိန်ဖြစ်သည်၊ ယေရှုကိုယ်တိုင်အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ မစွက်ဖက်နိုင်၊ ယေရှုကိုယ်တိုင်သည် သူကိုယ်တိုင်၏ အလုပ်ကို မနှောင့်ယှက်နိုင်။ မှန်ပေသည်၊ ယင်းမှာ ဘုရားသခင်၏ နှိမ့်ချခြင်းဖြစ်ပြီး ဘုရားသခင်အလုပ်၏ ဥပဒေသလည်း ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်မလုပ်ပါက မည်သူတစ်ဦးတစ်ယောက်မျှ သူ၏ အလုပ်ကို မလုပ်နိုင်။ ဒုတိယအားဖြင့် ဗတ္တိဇံမခံမီတွင် သူသည် ရိုးရိုးသာမန် လူတစ်ယောက်သာဖြစ်ပြီး အခြားသော ပုံမှန် ရိုးရိုးလူများနှင့် မည်သို့မျှ ခြားနားခြင်းမရှိ။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်မှာ သဘာဝလွန်ဖြစ်ရပ် မဟုတ်ဆိုခြင်း၏ ရှုထောင့်တစ်ခုဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင် ဝိညာဉ်တော်၏ အစီအစဉ်များနှင့် ဆန့်ကျင်ခြင်း မရှိခဲ့ပေ။ သူသည် နည်းလမ်းတကျနှင့် အလွန်ပုံမှန်ဖြစ်စွာ အလုပ်လုပ်ခဲ့သည်။ ဗတ္တိဇံခံပြီးသည့် နောက်တွင်မှသာ သူ၏အလုပ်သည် အခွင့်အာဏာနှင့် တန်ခိုးများ ရှိလာခဲ့သည်။ သူသည် လူ့ဇာတိခံယူသော ဘုရားသခင် ဖြစ်သော်လည်း သူသည် သဘာဝလွန် အပြုအမူများကို ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ အခြားသော ပုံမှန်လူများကဲ့သို့ပင် တူညီသော နည်းလမ်းဖြင့် ကြီးပြင်းခဲ့သည်ဟု ပြောနိုင်သည်။ ယေရှုသည် သူကိုယ်တိုင် မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို သိထားခဲ့ပြီးဖြစ်ပါက သူသည် ဗတ္တိဇံခံခြင်းမတိုင်မီ မြေပြင်အနှံ့တွင် ကြီးကျယ်သောအလုပ်များ လုပ်ခဲ့ပေလိမ့်မည်ဖြစ်ပြီး သူ့ကိုယ်သူ ထူးခြားသူအဖြစ် ပြသခြင်းအားဖြင့် ပုံမှန်လူများနှင့် ကွဲပြားခြားနားခဲ့ပေလိမ့်မည်။ သို့ဖြစ်ပါက ယောဟန်သည် သူ၏အလုပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ရုံသာမက ဘုရားသခင်အနေဖြင့် သူ၏အလုပ်နောက်အဆင့်ကို စတင်ရန် မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ယင်းသည် ဘုရားသခင်ပြုခဲ့သော အရာမှာ မှားယွင်းနေပြီဖြစ်ကြောင်း သက်သေပြနေလိမ့်မည်ဖြစ်ပြီး လူအတွက်မူ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဘုရားသခင်ခံယူသော ဇာတိပကတိတို့သည် တူညီသော အရင်းအမြစ်မှလာခြင်း ဖြစ်ပုံမရသကဲ့သို့ ထင်ရပေလိမ့်မည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ယေရှု၏အလုပ်သည် သူဗတ္တိဇံ ခံယူပြီးနောက် လုပ်ဆောင်သော အလုပ်ဖြစ်သည်။ သုံးနှစ်တာ ကာလတစ်လျှောက် လုပ်ဆောင်ခဲ့သော အလုပ်ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဗတ္တိဇံမခံမီ သူလုပ်ဆောင်ခဲ့သော အလုပ်များကို မှတ်တမ်းတင်ထားခြင်းမရှိ အဘယ်ကြောင့်ဆိုသော် သူသည် ဗတ္တိဇံမခံမီ ဤအလုပ်ကို လုပ်ဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သူသည် သာမန်လူသာဖြစ်ပြီး သာမန်လူကို ကိုယ်စားပြုသည်။ ယေရှုသည် သူ၏ သာသနာကို စတင်မလုပ်ဆောင်မီ သူသည် သာမန်လူများနှင့် ကွာခြားခြင်းမရှိဘဲ အခြားသူများသည် သူ့အထဲတွင် ခြားနားချက်ကို မမြင်ကြပေ။ ယင်းမှာ သူအသက် ၂၉ နှစ် ပြည့်ပြီး နောက်မှသာလျှင် ယေရှုသည် ဘုရားသခင်အလုပ်၏ အဆင့်တစ်ဆင့်ကို ပြီးပြည့်စုံစေရန် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းကို သိခဲ့သည်။ ယင်းမတိုင်မီ ဘုရားသခင်လုပ်ဆောင်သော အလုပ်သည် သဘာဝလွန် မဟုတ်သည့်အတွက် သူကိုယ်၌က မသိခဲ့ပေ။ သူအသက် ၁၂ နှစ်တွင် တရားဇရပ်အတွင်း အစည်းအဝေးတက်နေစဉ် မာရိက သူ့ကို ရှာဖွေခဲ့ရာ သူက အခြားသော ကလေးများ၏ ပုံစံအတိုင်း ဝါကျတစ်ကြောင်း ပြောခဲ့သည်။ "အမေ၊ ငါသည် ငါ့ဖခင်၏ ဆန္ဒကို အခြားအရာအားလုံးထက် ပိုပြီး ဦးထိပ်တင်ရမည်ကို မသိသလော။" မှန်ပေသည်၊ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ကတည်းက သူသည် တစ်နည်းအားဖြင့် ထူးခြားမှု ရှိနေနိုင်သည် မဟုတ်ပါလော။ သို့ရာတွင် သူ၏ထူးခြားမှုဆိုရာတွင် သူသည် သဘာဝလွန်ဖြစ်နေခြင်း မဟုတ်ဘဲ သူသည် ဘုရားသခင်ကို အခြားကလေးများထက် ပို၍ချစ်နေခြင်းဖြစ်သည်။ သူသည် လူသားသွင်ပြင်ရှိသော်လည်း သူ၏အနှစ်သာရသည် အခြားသူများထက် ထူးခြားပြီး ခြားနားမှုရှိသည်။ သို့ရာတွင် ဗတ္တိဇံခံယူပြီးသည့် နောက်ပိုင်းမှသာလျှင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှာ သူ့ထဲတွင် အလုပ်လုပ်သည်ကို ခံစားရသည်၊ သူကိုယ်၌က ဘုရားသခင်ဖြစ်သည်ကို ခံစားရသည်။ သူသည် အသက် ၃၃ နှစ်ရောက်မှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သူမှတစ်ဆင့် လက်ဝါးကပ်တိုင်၌ အသေခံခြင်းအလုပ်အား အကောင်အထည်ဖော်မည်ကို သေချာစွာ သူသည် သိနားလည်ခဲ့သည်။ အသက် ၃၂ နှစ်သို့ ရောက်သောအခါ သူသည် အတွင်းကျသော သမ္မာတရားအချို့ကို သိလာသည်။ ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ရေးထားသကဲ့သို့ ပင်ဖြစ်သည် "ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။... ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။" သူမည်သည့်အလုပ်ကို လုပ်ရမည်ကို သူသည် ကြိုတင်သိထားခြင်းမရှိ၊ သို့ရာတွင် အချိန်ရောက်မှသာ သိသည်။ သူသည် မွေးမွေးချင်းတွင် အပြည့်အဝ သိသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အထဲတွင် တဖြည်းဖြည်း အလုပ်လုပ်ပြီး အလုပ်တွင် လုပ်ငန်းစဉ်ရှိသည်။ အစောပိုင်း အစအဦးတွင် သူသည် ဘုရားသခင်နှင့် ခရစ်တော်၊ လူ့ဇာတိခံယူသော လူ၏သားတော်ဖြစ်ကြောင်း၊ သူသည် လက်ဝါးကပ်တိုင်၌အသေခံခြင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ရမည်ဖြစ်ကြောင်း သူသိလျှင် အဘယ်ကြောင့် အစောပိုင်းက မလုပ်ဆောင်သနည်း။ သူ၏အမှုတော်ကို သူ၏တပည့်တော်များအား ပြောပြီးသည့် နောက်တွင်မှသာ ယေရှုသည် ဝမ်းနည်းခြင်းကို ခံစားရပြီး ယင်းအတွက် အပြင်းအထန် ဆုတောင်းသည်မှာ အဘယ်ကြောင့်နည်း။ သူနားမလည်ခဲ့သော အရာအများအပြားကို သူနားမလည်မီ သူ့အတွက် ယောဟန်က လမ်းဖွင့်ပေးပြီး ဗတ္တိဇံခံပေးသည်မှာ အဘယ်ကြောင့်နည်း။ သူသည် ဘုရားသခင်ခံယူသော လူ့ဇာတိဖြစ်သောကြောင့် ဝိညာဉ်တော်က တိုက်ရိုက်လုပ်သော အလုပ်များသည် သူ၏ အလုပ်များနှင့် ခြားနားသည်ဖြစ်၍ ယင်းမှာ ဘုရားသခင်သည် ဇာတိပကတိထဲတွင် လူ့ဇာတိကိုခံယူသည့်အလုပ်ကို သက်သေပြပြီး ထို့ကြောင့်ပင်လျှင် သူ့အတွက် နားလည်ရန်နှင့် ရရှိရန်လုပ်ငန်းစဉ်ရှိသည်။

ဘုရားသခင်၏ အလုပ်အဆင့် တစ်ခုစီတိုင်းသည် တစ်ခုတည်းသော တူညီသည့် ရေစီးကြောင်းကို လိုက်ပြီး၊ ထိုကဲ့သို့ပင် ဘုရားသခင်၏ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် ကမ္ဘာမြေကြီးကို တည်ထောင်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ အဆင့်တစ်ခုစီကို နောက်အဆင့်တစ်ခုက ကပ်၍ လိုက်လာသည်။ လမ်းဖောက်ရန် တစ်စုံတစ်ယောက် မရှိပါက နောက်တစ်ယောက်သည် လိုက်လာရန် ရှိမည်မဟုတ်ပေ။ နောက်ကလိုက်လာသောလူသည် ရှိသောကြောင့် လမ်းဖောက်သော သူတို့သည်လည်း ရှိကြသည်။ ဤနည်းလမ်းအားဖြင့် အလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းခဲ့သည်။ အဆင့်တစ်ခုသည် အခြားတစ်ခုနောက်က လိုက်လာပြီး လမ်းဖွင့်ပေးသူမရှိပါက အလုပ်ကိုစတင်ရန် ဖြစ်နိုင်မည် မဟုတ်ဘဲ ဘုရားသခင်သည် သူ၏အလုပ်ကို ရှေ့သို့ရာက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ မည်သည့်အဆင့်ကမျှ အခြားတစ်ခုကို ဆန့်ကျင်ခြင်းမရှိဘဲ တစ်ခုခြင်းသည် နောက်တစ်ခုနောက်သို့ အစဉ်လိုက် လိုက်လာခြင်းဖြင့် ရေစီးကြောင်းကို ဖြစ်ပေါ်စေသည်။ ယင်းအရာအလုံးစုံကို တူညီသော ဝိညာဉ်တော်က လုပ်ဆောင်သည်။ သို့ရာတွင် မည်သူက လမ်းဖွင့်သည်သို့မဟုတ် အခြားသူ၏အလုပ်ကို ဆက်လုပ်သည် ဆိုသည်နှင့် မသက်ဆိုင်ဘဲ ယင်းသည် သူတို့မည်သူမည်ဝါဖြစ်သည်ကို သတ်မှတ်မပေးပေ။ ဤအရာမှာ မမှန်ပေလော။ ယောဟန်သည် လမ်းဖွင့်ပေးခဲ့ပြီး ယေရှုက သူ့အလုပ်ကို ဆက်လုပ်ခြင်းဖြင့် ယင်းသည် ယေရှုမည်သူမည်ဝါ ဖြစ်ခြင်းသည် ယောဟန်ဖြစ်ခြင်းထက် နိမ့်ကြောင်း သက်သေပြနေပါသလား။ ယေဟောဝါက သူ၏အလုပ်ကို ယေရှုမတိုင်မီ လုပ်ခဲ့သည်။ သို့ဖြစ်ရာ ယေဟောဝါသည် ယေရှုထက် ကြီးမြတ်သည်ဟု သင်ပြောနိုင်သလော။ သူတို့ လမ်းဖွင့်သည် သို့မဟုတ် အခြားသူများ၏ အလုပ်ကို ဆက်လုပ်သည် ဆိုသည်တို့မှာ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ သူတို့အလုပ်၏ အနှစ်သာရဖြစ်ပြီး ယင်းက ကိုယ်စားပြုသော သွင်ပြင်လက္ခဏာဖြစ်သည်။ ဤအရာသည် မမှန်သလော။ ဘုရားသခင်သည် လူအများကြားတွင် အလုပ်လုပ်ရန် ရည်မှန်းထားသောကြောင့် သူသည် လမ်းဖွင့်ခြင်းအလုပ်ကို လုပ်မည့်သူများကို ပြုစုပျိုးထောင်ရသည်။ ယောဟန်သည် စတင်၍ တရားဟောသည့်အခါ "သခင် ကြွတော်မူရာ လမ်းကို ပြင်ကြလော့၊ သူ၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။" "နောင်တရကြလော့ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ" ဟုသူပြောခဲ့သည်။ သူသည် အစောပိုင်းကတည်းက ယင်းသို့ပြောခဲ့သည်၊ သူသည် ယင်းစကားများကို အဘယ်ကြောင့် ပြောနိုင်သနည်း။ ဤစကားများကို ပြောခဲ့သည့် အစီအစဉ်အရ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ပထမဆုံးပြောသူမှာ ယောဟန်ဖြစ်ပြီး ယေရှုသည် သူ့နောက်မှ ပြောခဲ့သည်။ လူ၏အယူအဆများအရ ယောဟန်သည် အသစ်သောလမ်းကို ဖွင့်ခဲ့ပြီး သေချာသည်မှာ ယောဟန်သည် ယေရှုထက် ကြီးမြတ်သည်ဟု ဖြစ်သည်။ သို့ရာတွင် ယောဟန်သည် သူ့ကိုယ်သူ ခရစ်တော်ဖြစ်သည်ဟု မပြောခဲ့ဘဲ ဘုရားသခင်သည် သူ့ကို ဘုရားသခင်၏ ချစ်လှစွာသော သားတော်အဖြစ် သက်သေခံခြင်း မပြုခဲ့ပေ။ သို့ရာတွင် သူ့ကို သခင်အတွက် လမ်းဖွင့်ရန်နှင့် လမ်းကိုပြင်ဆင်ပေးရန်သာ အသုံးပြုခဲ့သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့သော်လည်း ယေရှုကိုယ်စား အလုပ်မလုပ်နိုင်ပေ။ လူ၏ အလုပ်များ အားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ထိန်းသိမ်းထားသည်။

ဓမ္မဟောင်းကျမ်းကာလတွင် ယေဟောဝါသည် လမ်းကြောင်းကို ဦးဆောင်ခဲ့ပြီး ယေဟောဝါ၏ အလုပ်သည် ဓမ္မဟောင်းကျမ်းခေတ်တစ်ခုလုံးကို ကိုယ်စားပြုကာ အလုပ်အားလုံးကို ဣသရေလတွင် လုပ်ခဲ့သည်။ မောရှေသည် ကမ္ဘာမြေကြီးပေါ်တွင် ဤအလုပ်ကို ထောက်မထားရုံသာရှိပြီး သူ၏ အလုပ်များသည် လူမှ ပံ့ပိုးပေးသော ပူးပေါင်းပေးမှုအဖြစ် သတ်မှတ်ခံရသည်။ ထိုအချိန်က စကားပြောသူမှာ ယေဟောဝါဖြစ်သည်။ သူသည် မောရှေကိုခေါ်ခဲ့ပြီး ဣသရေလလူမျိုးတို့အကြားတွင် ပြုစုပျိုးထောင်ပေးခဲ့ကာ သူတို့ကို မောရှေက တောထဲမှ ခါနာန်ပြည်သို့ ဦးဆောင်စေခဲ့သည်။ ယင်းမှာ မောရှေကိုယ်တိုင်လုပ်သော အလုပ်မဟုတ်ပေ။ ယင်းမှာ ယေဟောဝါက ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားခဲ့သဖြင့် မောရှေကို ဘုရားသခင်ဟု မခေါ်နိုင်ပေ။ မောရှေသည်လည်း ဥပဒေသကိုလည်း ချမှတ်ခဲ့သည်၊ သို့ရာတွင် ဤဥပဒေမှာ ယေဟောဝါက ကိုယ်တိုင် ပြဌာန်းပေးခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် မောရှေကို ပြောဆိုစေခဲ့ခြင်းသာဖြစ်သည်။ ယေရှုသည်လည်း ပညတ်တော်များကို လုပ်ခဲ့ပြီး ဓမ္မဟောင်းကျမ်းမှ ဥပဒေသများကို ပယ်ဖျက်ကာ ခေတ်သစ်အတွက် ပညတ်တော်များကို ချမှတ်ခဲ့သည်။ ယေရှုကိုယ်တိုင် အဘယ်ကြောင့် ဘုရားသခင်ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ မတူသောအရာများ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအချိန်က မောရှေလုပ်ဆောင်ခဲ့သော အလုပ်သည် ခေတ်ကိုကိုယ်စားမပြုခဲ့သလို လမ်းအသစ်ကို ဖွင့်လှစ်ခဲ့ခြင်းမရှိပေ။ သူ့ကို ယေဟောဝါက ရှေ့မှလမ်းညွှန်ခဲ့ပြီး သူသည် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသူသာဖြစ်သည်။ ယေရှုလာသောအခါ ယောဟန်သည် လမ်းခင်းပေးသည့် အလုပ်အဆင့်တစ်ခုကို လုပ်ဆောင်ခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို စတင်ဖြန့်ဝေခဲ့သည်။ (သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို စတင်ခဲ့ပြီဖြစ်သည်။) ယေရှုကြွလာခဲ့သောအခါ သူ၏ကိုယ်ပိုင်အလုပ်ကို သူသည် တိုက်ရိုက်လုပ်ဆောင်သည်၊ သို့ရာတွင် သူ၏အလုပ်နှင့် မောရှေ၏ အလုပ်တို့အကြား ကြီးစွာကွာခြားသည်။ ဟေရှာယသည်လည်း ပရောဖက်ပြုချက် အများအပြားကို ပြောခဲ့သည့်တိုင်အောင်ပင် သူသည် ဘုရားသခင် ကိုယ်တိုင် အဘယ်ကြောင့် မဟုတ်ရသနည်း။ ယေရှုသည် ထိုမျှလောက်သော ပရောဖက်ပြုချက်များကို မပြောခဲ့သည့်တိုင်အောင် သူသည် ဘုရားသခင်ကိုယ်တိုင် အဘယ်ကြောင့် ဖြစ်ရပါသနည်း။ ထိုအချိန်က ယေရှု၏အလုပ်အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူကမျှ မပြောဝံ့ကြသလို အားလုံးသည် လူ၏ ဆန္ဒမှ လာသည် သို့မဟုတ် အလုံးစုံသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ဖြစ်သည်ဟုလည်း မပြောဝံ့ကြပေ။ လူတွင် ယင်းအရာများကို ခွဲခြမ်းစိတ်ဖြာရန် နည်းလမ်းမရှိပေ။ ယင်းသို့သော အလုပ်ကို ဟေရှာယက လုပ်ခဲ့သည်၊ ယင်းသို့သော ပရောဖက်ပြုချက်များကို ပြောခဲ့သည်ဟု ပြောနိုင်ပြီး ယင်းတို့ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟုလည်း ပြောနိုင်သည်။ ယင်းတို့သည် ဟေရှာယ ကိုယ်တိုင်ထံမှ တိုက်ရိုက်လာခြင်း မဟုတ်ဘဲ ယေဟောဝါထံမှ ဖွင့်ပြချက်များ ဖြစ်သည်။ ယေရှုသည် ကြီးမားသောအလုပ်ပမာဏကို လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်အများအပြားကိုလည်း မပြောခဲ့သလို ပရောဖက်ပြုချက် အများအပြားကိုလည်း မပြောခဲ့ပေ။ သူ၏ ဟောကြားချက်များသည် လူအတွက် အထူးချီးမြှောက်စရာ မရှိသည့်တိုင်အောင် သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး ယင်းသည် လူသားတို့အတွက် နက်နဲရာ အချက်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ယောဟန် သို့မဟုတ် ဟေရှာယ သို့မဟုတ် ဒါဝိဒ်ကို မည်သည့်အခါကမျှ ယုံကြည်ခြင်း မရှိခဲ့သလို သူတို့ကို ဘုရားသခင် သို့မဟုတ် ဘုရားသခင်ဒါဝိဒ် သို့မဟုတ် ဘုရားသခင်ယောဟန်ဟုလည်း မည်သူကမျှ မည်သည့်အခါကမျှ မခေါ်ခဲ့ကြပေ။ ယင်းကို မည်သူကမျှ ပြောကြားခြင်းမရှိဘဲ ယေရှုကိုသာ ခရစ်တော်ဟု ခေါ်ဆိုခဲ့ကြသည်။ ယင်းခွဲခြား သတ်မှတ်ချက်မှာ ဘုရားသခင်၏ သက်သေခံခြင်းအရဖြစ်သည်၊ သူလုပ်ဆောင်သော အလုပ်အရ ဖြစ်သည်။ သူထမ်းဆောင်သော လုပ်ငန်းစဉ်အရ ဖြစ်သည်။ အာဗြဟံ၊ ဒါဝိဒ်၊ ယောရှု၊ ဒံယေလ၊ ဟေရှာယ၊ ယောဟန်နှင့် ယေရှုကဲ့သို့သော သမ္မာကျမ်းစာ၏ ကြီးမြတ်သော လူများနှင့် ပတ်သက်၍ သူတို့ လုပ်ခဲ့သော အလုပ်မှတစ်ဆင့် မည်သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်၊ မည်သို့သော သူများသည် ပရောဖက်များဖြစ်ပြီး မည်သူတို့သည် တမန်တော်များ ဖြစ်သည်ကို သင်ပြောနိုင်သည်။ မည်သူကို ဘုရားသခင် အသုံးပြုခဲ့ပြီး၊ မည်သူက ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်မှာ သူတို့လုပ်ကိုင်သော အလုပ်၏ အနှစ်သာရနှင့် အမျိုးအစားအားဖြင့် ကွဲခြားသတ်မှတ်ထားသည်။ သင်သည် ခြားနားချက်ကို မပြောနိုင်ပါက ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်ကို သင်မသိကြောင်း သက်သေပြနေသည်။ ယေရှုသည် ဘုရားသခင်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် နှုတ်ကပတ်တော် အများအပြားပြောခဲ့ပြီး အလုပ်အများအပြား လုပ်ခဲ့သည်။ အထူးသဖြင့် သူ၏များစွာသော တန်ခိုးများကို ပြသခဲ့ခြင်းပင်ဖြစ်သည်။ အလားတူပင် ယောဟန်သည်လည်း အလုပ်အများအပြားလုပ်ခဲ့ပြီး စကားအများအပြား ပြောခဲ့သည်။ မောရှေသည်လည်း အလားတူပင် ဖြစ်သည်။ သူတို့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ အာဒံကို ဘုရားသခင်က တိုက်ရိုက်ဖန်ဆင်းခဲ့သည်။ သူ့ကို ဖန်ဆင်းခံသတ္တဝါဟု ခေါ်မည့်အစား အဘယ်ကြောင့် ဘုရားသခင်ဟု မခေါ်သနည်း။ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို "ယနေ့တွင် ဘုရားသခင်သည် အလုပ်အများအပြားကိုလုပ်ပြီး နှုတ်ကပတ်တော် အများအပြားကို ပြောခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ သို့ဆိုလျှင် မောရှေသည် စကားအများအပြားပြောခဲ့ရာ သူသည်လည်း ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ရမည်" ဟု ပြောခဲ့လျှင် သင်သည် "ထိုအချိန်က ဘုရားသခင်က ယေရှုကို အဘယ်ကြောင့် သက်သေခံတော်မူပြီး ယောဟန်ကို ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် သက်သေမခံခဲ့သနည်း။ ယောဟန်သည် ယေရှုအရင်လာသည် မဟုတ်သလော၊ ယောဟန် သို့မဟုတ် ယေရှု၏အလုပ်၊ မည်သည်က ကြီးမြတ်သနည်း။ လူအတွက် ယောဟန်၏အလုပ်သည် ယေရှု၏အလုပ်ထက် ပိုမိုကြီးမြတ်သည်ဟု ထင်ရသော်လည်း အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ယောဟန်ကို သက်သေမခံဘဲ ယေရှုကို သက်သေခံသနည်း" ဟု သူတို့ကို ပြန်မေးသင့်သည်။ ယနေ့တွင် အလားတူအရာသည် ဖြစ်ပျက်နေသည်။ အစတွင် ဣသရေလ လူမျိုးတို့ကို မောရှေ ဦးဆောင်သောအခါ ယေဟောဝါသည် တိမ်တိုက်များအတွင်းမှ သူ့ကို စကားပြောခဲ့သည်။ မောရှေသည် တိုက်ရိုက် စကားမပြောခဲ့သော်လည်း ယင်းအစား ယေဟောဝါ၏ တိုက်ရိုက်လမ်းညွှန်မှုကို ခံယူခဲ့သည်။ ယင်းသည် ဓမ္မဟောင်းကျမ်းစာရှိ ဣသရေလတို့၏ အလုပ်ဖြစ်သည်။ မောရှေအတွင်းတွင် ဝိညာဉ်တော် သို့မဟုတ် ဘုရားသခင်၏ဖြစ်ခြင်း မရှိပေ။ ထိုအလုပ်ကို သူမလုပ်နိုင်၊ သို့ဖြစ်ရာ သူနှင့် ယေရှုလုပ်သော အလုပ်အကြားတွင် ကြီးစွာသော ခြားနားမှုရှိသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ သူတို့လုပ်သော အလုပ်များ ကွာခြားသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ဘုရားသခင်က အသုံးပြုခြင်း သို့မဟုတ် ပရောဖက်တစ်ဦး၊ တမန်တော်တစ်ဦး သို့မဟုတ် ဘုရားသခင်ကိုယ်တိုင် ဖြစ်ခြင်း၊ မဖြစ်ခြင်းကို သူ၏ အလုပ်သဘာဝအပေါ်တွင် ခွဲခြားနိုင်ပြီး ယင်းသည် သင်၏ သံသယများကို အဆုံးသတ်စေလိမ့်မည်။ သမ္မာကျမ်းစာထဲတွင် သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်ဟု ရေးထားသည်။ ခေတ်များတစ်လျှောက် ကြီးကျယ်သော လူပုဂ္ဂိုလ်များအကြားတွင် သမ္မာကျမ်းစာလာ အချက်များကို ရှင်းပြပေးသူ အများအပြားရှိခဲ့သည်။ သို့ဆိုလျှင် ထိုသူတို့အားလုံးသည် သိုးသငယ်ဖြစ်သည်ဟု သင်ပြောနိုင်သလော။ သူတို့၏ရှင်းပြချက်များအားလုံးသည် ဘုရားသခင်ထံမှ လာသည်ဟု သင်ပြောနိုင်သလော။ သူတို့သည် အနက်ဖွင့်သူများသာ ဖြစ်သည်။ သူတို့တွင် သိုးသငယ်၏ သွင်ပြင်လက္ခဏာမရှိ။ သူတို့သည် မည်သို့လျှင် တံဆိပ်ခုနှစ်ချက်ကိုဖွင့်ရန် ထိုက်တန်နိုင်မည်နည်း။ "သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်" ဆိုသည်မှာ မှန်သည်။ သို့သော်လည်း သူသည် တံဆိပ်ခုနှစ်ချက်ကိုဖွင့်ရုံသာ လာသည်မဟုတ်ပေ။ ဤအလုပ်အတွက် လိုအပ်ချက် မရှိပေ။ ယင်းမှာ သူ့အလိုလို ပြီးစီးသွားသည်။ သူသည် သူ၏ကိုယ်ပိုင်အလုပ်ကို လုံးဝ ရှင်းလင်းသည်။ သူသည် သမ္မာကျမ်းစာလာ အချက်များကို အနက်ဖွင့်ရန်အတွက် အချိန်များစွာယူရန် လိုအပ်ပါသလော။ "သမ္မာကျမ်းစာလာ အချက်များကို အနက်ဖွင့်သော သိုးသငယ်ခေတ်" ကို အနှစ်ခြောက်ထောင် အလုပ်တွင် ထည့်သွင်းရန် လိုအပ်မည်လော။ သူသည် အသစ်သော အလုပ်ကို လုပ်ရန်လာသည်။ သို့သော်လည်း သူသည် အတိတ်ကာလက အလုပ်အကြောင်း ဖွင့်ပြချက်အချို့ကို ပေးခဲ့သည်။ နှစ်ခြောက်ထောင် အလုပ်၏ သမ္မာတရားကို လူများနားလည်အောင် လုပ်ခဲ့သည်။ သမ္မာကျမ်းစာမှ စာပိုဒ်အများအပြားကို ရှင်းပြရန် မလိုအပ်ပေ။ အရေးပါသည့်အရာ၊ သော့ချက်ဖြစ်သည့်အရာမှာ ယနေ့၏ အလုပ်ဖြစ်သည်။ ထိုအရာသည် အရေးကြီးသည်။ ဘုရားသခင်သည် အထူးသဖြင့် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်ရန် လာသည် မဟုတ်ဘဲ၊ ကယ်တင်ခြင်းအလုပ်ကို လုပ်ရန် လာသည်ကို သင်သိသင့်သည်။

နောက်ဆုံးကာလအတွင်းတွင် ယေရှုသည် ဆင်းသက်လာမည်ကိုသာ သင်သိသည်၊ သို့သော်လည်း အတိအကျအားဖြင့် သူမည်သို့ ဆင်းသက်လာမည်နည်း။ သင်ကဲ့သို့ အပြစ်သားတစ်ဦးသည် ရွေးနှုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေး၊ သို့မဟုတ် ဘုရားသခင်အားဖြင့် ပြည့်စုံခြင်းသို့ မရောက်သေး သူအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီနိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့သည်မှာ မှန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက သင်သည် မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်းသဏ္ဌာန်အားဖြင့် သင်သည် မသန့်ရှင်းခြင်း၊ အတ္တနှင့် ညစ်ကျယ်ကျယ်ဖြစ်ခြင်းတို့ဖြင့် ဖွဲ့စည်းထားသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲ ဖြစ်သည်၊ ယုတ္တိရှိလိုက်သည့် ဖြစ်ခြင်း။ သင်သည် သင်၏ ဘုရားသခင်ထံကို ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးနေသည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန် လိုသေးသောကြောင့် ဘုရားသခင်သည် သင့်ကို ပြောင်းလဲရန်နှင့် သန့်စင်စေရန် အလုပ်တို့ကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ကယ်နုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်ခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အလုပ်တွင် အဆင့်တစ်ဆင့်ကို လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ရွေးနုတ်ခြင်းကို မကြာသေးမီက ရရှိသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက် အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

ဤအလုပ်အဆင့်အသစ်ကို မစတင်ဘဲ ဧဝံဂေလိ ဟောသူများ၊ တရားဟောဆရာများ၊ ကျမ်းချက် အဓိပ္ပာယ်ဖွင့်သူများနှင့် ကြီးမြတ်သော ဘာသာရေး ပုဂ္ဂိုလ်များဟုခေါ်သော သင်တို့သည် မည်သည့် အတိုင်းအတာအထိ သွားကြမည်ကို မည်သူသိသနည်း။ ဤအလုပ်အဆင့်အသစ်၏ စတင်ခြင်းမရှိဘဲ သင်တို့၏ ပြောဆိုချက်သည် အချည်းနှီးသာ ဖြစ်သည်။ ယင်းသည် ထီးနန်းတက်ခြင်း သို့မဟုတ် ဘုရင်ဖြစ်လာခြင်းအတွက် ဝိညာဉ်အသက်တာ ပြင်ဆင်ခြင်း တစ်ခုခုဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ခြင်း သို့မဟုတ် ကိုယ်ကိုထိုး၍နှိပ်စက်ခြင်း ဖြစ်သည်။ သည်းခံခြင်း သို့မဟုတ် အရာအားလုံးမှ သင်ခန်းစာ သင်ယူခြင်း ဖြစ်သည်။ နှိမ့်ချခြင်း သို့မဟုတ် ချစ်ခြင်းမေတ္တာဖြစ်သည်။ ယင်းသည် တူညီသည့် သီချင်းဟောင်းကို သီဆိုခြင်းပင် မဟုတ်လော။ တူညီသည့် အရာတစ်ခုကို အခြားအမည်တစ်ခုဖြင့် ခေါ်ဆိုခြင်းသာဖြစ်သည်။ လူတစ်ယောက်၏ ခေါင်းကိုဖုံးထားပြီး မုန့်ကိုချိုးဖဲ့ခြင်း သို့မဟုတ် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းနှင့် နာမကျန်းသူကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းဖြစ်သည်။ ထိုနေရာတွင် အလုပ်အသစ်ရှိနိုင်သလော။ ထိုနေရာတွင် ဖွံ့ဖြိုးမှု၏ အလားအလာ ရှိနိုင်သလော။ ဤလမ်းအတိုင်း သင်ဦးဆောင်လျှင် သင်သည် အယူဝါဒကို မျက်စိမှိတ်လိုက်နာသူ သို့မဟုတ် အစဉ်အလာကို လိုက်နာသူ ဖြစ်လိမ့်မည်။ သင်တို့၏ အလုပ်သည် အလွန်မြင့်မားသည်ဟု သင်တို့ယုံကြည်သော်လည်း ယင်းတို့အားလုံးကို ရှေးခေတ်က "လူအိုကြီးများ" က လက်ဆင့်ကမ်း၍ သင်ကြားထားခြင်းဖြစ်သည်ကို သင်တို့မသိသလော။ ထိုလူအိုကြီးများ၏ နောက်ဆုံးစကားလုံးများကို သင်တို့ပြောနေ၊ လုပ်နေခြင်းသာ ဖြစ်သည်မဟုတ်သလော။ ယင်းလူအိုကြီးများသည် သူတို့မသေဆုံးမီက အလုပ်တာဝန်ပင် မဟုတ်ပါလား။ သင်တို့၏ အပြုအမူများသည် အတိတ်မျိုးဆက်များက တမန်တော်များနှင့် ပရောဖက်များ၏အလုပ်ကို ကျော်လွန်ပြီး အရာအားလုံးထက် ကျော်လွန်သည်ဟု သင်ထင်သလော။ ဤအလုပ်အဆင့်၏အစသည် သက်သေလီ၏ ဘုရင်ဖြစ်ရန်နှင့် နန်းတက်ရန် ရှာဖွေခြင်းအလုပ်ကို သင်တို့၏ချီးမွမ်းခြင်း အဆုံးသတ်ဖြစ်ပြီး သင်တို့သည် ဤအလုပ်အဆင့်ကို စွက်ဖက်ခြင်းငှာ မတတ်နိုင်ရန် သင်တို့၏မာနနှင့် ကြွားဝါမှုကို ရပ်တန့်စေခဲ့သည်။ ဤအလုပ်အဆင့်မရှိဘဲ သင်တို့သည် ရွေးနုတ်၍မရနိုင်သော အခြေအနေသို့ အစဉ်အမြဲ နက်ရှိုင်းစွာ နစ်မြုပ်သွားလိမ့်မည်။ သင်တို့ အတွင်းတွင် အဟောင်းများ များပြားလွန်းနေသည်။ ကံကောင်းသည်မှာ ယနေ့အလုပ်သည် သင်တို့ကို ပြန်လည် ယူဆောင်လာခဲ့သည်။ သို့မဟုတ်ပါက သင်တို့သည် မည်သည့်ဦးတည်ရာသို့ သွားကြမည်ကို မည်သူသိမည်နည်း။ ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းသော ဘုရားသခင် ဖြစ်သည့်အတွက် သင်သည် အဘယ်ကြောင့် အသစ်သော အရာများကို မရှာသနည်း။ သင်သည် အဘယ်ကြောင့် ဟောင်းသော အရာများကို စွဲကိုင်ထားသနည်း။ သို့ဖြစ်ရာ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသိခြင်းသည် အရေးကြီးဆုံးသော အရာပင်ဖြစ်တော့သည်။



နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်စုများ-


က။ မူရင်းစာသားတွင် "အပေါ်တွင် မလျှောက်လှမ်းမီ" ဟူသော စကားစု မပါဝင်ပါ။

No comments:

Post a Comment