သင်တို့၏ အလုပ်နှင့် ဝင်ရောက်မှုသည် အလွန်အားနည်းလေသည်၊ လူသည် အလုပ်ကို တန်ဖိုးမထား၊ ဝင်ရောက်မှုကိုဆိုလျှင် သာ၍ပင် ဂရုမစိုက်ကြ။ လူသည် ထိုသို့ဖြစ်နေခြင်းကို သူတို့ ဝင်ရောက်သင့်သည်ဟူသည်နှင့်ပတ်သတ်သောသင်ခန်းစာများအဖြစ် မသတ်မှတ်ကြပေ။ ထို့ကြောင့် သူတို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံ၌ သူတို့မြင်သည့် အရာအားလုံးနီးပါးက စိတ်ကူးထဲ၌ရှိသော အတွေးမှားများ ဖြစ်နေခြင်း ဖြစ်သည်။ အလုပ်၌ သင်တို့၏ အတွေ့အကြုံနှင့် ပတ်သက်လျှင် သင်တို့ကို များများစားစား မတောင်းဆိုပါ၊ သို့သော် ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံရမည့်သူများ အနေနှင့် သင်တို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ သင်ယူသင့်သည်၊ သိပ်မကြာခင်မှာပင် ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများ ဖြစ်ဖို့အတွက် ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်အတွက် အလုပ်လုပ်ခဲ့ကြသူများကို အမှုဆောင်များ သို့မဟုတ် တမန်တော်များဟု ခေါ်ကြပြီး ထိုအခေါ်အဝေါ်သည် ဘုရားသခင် အသုံးပြုခဲ့သည့် လူအနည်းငယ်ကို ရည်ညွှန်းသည့် အခေါ်အဝေါ် ဖြစ်သည်။ သို့သော် ယနေ့ ငါပြောသည့် အလုပ်သည် ထိုအမှုဆောင်များ သို့မဟုတ် တမန်တော်များကိုသာ မရည်ညွှန်းပေ၊ ဘုရားသခင် စုံလင်အောင် ပြုလုပ်ပေးမည့် သူများအားလုံးကို ရည်ရွယ်ပြီး ပြောသော အလုပ်ဖြစ်သည်။ ထိုအလုပ်ကို စိတ်သိပ်မဝင်စားသောသူ အများအပြားရှိကောင်းရှိမည် ဖြစ်သည်၊ သို့သော်လည်း ဝင်ရောက်မှုနှင့်ဆိုင်သော အကျိုးအတွက် ထိုအမှန်တရားအကြောင်းကို ဆွေးနွေးလျှင် အကောင်းဆုံး ဖြစ်မည် ဖြစ်သည်။
အလုပ်ဟု ပြောသောအခါ၌ အလုပ်ဆိုသည်မှာ နေရာတိုင်း၌ တရားဟောပြီး ဘုရားသခင်အတွက် သုံးစွဲကာ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရန်ဖြစ်သည်ဟု လူက ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သက်ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ခရီးသွားဖို့သာ မဟုတ်ပေ၊ အမှုတော်လုပ်ငန်းနှင့် ဝိညာဉ်တော်၌ ထောက်ပံ့မှုတို့ကိုပါ လုပ်ဆောင်ဖို့ ဖြစ်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီးသည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တခါမျှမစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လိုက်ဖက်သောအရာမဟုတ်ဟု လူက သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသည် အလုပ်နှင့်ပတ်သက်လျှင် ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူ၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ်ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက်သင့်သည်၊ ယင်းနှင့်ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားခြင်းကို မရည်ညွှန်းပါ၊ လူ၏ အသက်တာနှင့် လူအသက်ရှင်ခြင်းသည် ဘုရားသခင် နှစ်သက်ဖွယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူက ဘုရားသခင် အပေါ်၌ထားသော သူတို့၏ သစ္စာနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်၏အကြောင်း သက်သေခံရန်နှင့် လူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူ၏ တာဝန်၊ လူအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ တနည်းအားဖြင့် သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်သည်။ ဘုရားသခင်အတွက် သင်တို့ အလုပ်လုပ်နေစဉ်တွင် ဝင်ရောက်ဖို့ ကြိုးစားခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်နိုင်ခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံနိုင်ရမည်၊ အစေခံနိုင်ရမည်၊ လူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရမည်၊ လူကို ထောက်ပံ့ပေးနိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ လူတိုင်း ပြီးမြောက်အောင်လုပ်သင့်သည့် အရာ ဖြစ်သည်။ ဘုရားသခင်အတွက် တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားခြင်း၊ နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို မနာခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို အစေခံသူများနှင့် လူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသူတို့သည် အလုပ်လုပ်ခြင်းနှင့် တရားဟောခြင်းကို ဝင်ရောက်မှုအဖြစ် ရိုးရိုးလေး သတ်မှတ်ခဲ့ကြသည်။ မည်သူကမျှ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်ဆိုင်သော ကိုယ်ပိုင် အတွေ့အကြုံကို အရေးကြီးသော ဝင်ရောက်မှုအဖြစ် မသတ်မှတ်ခဲ့ကြပေ။ ထိုသို့ မသတ်မှတ်ဘဲ၊ သူတို့သည် အခြားသူများကို သင်ကြားပေးရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့် လုပ်ဆောင်မှုမှ အကျိုးအမြတ် ရအောင် လုပ်ကြသည်။ တရားဟောသောအခါ၌ သူတို့သည် အလွန်အမင်း ဝန်ပိနေကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံကြသည်၊ ထိုသို့လက်ခံခြင်းအားဖြင့် သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏ အသံကိုထွက်လာစေသည်။ ထိုအချိန်၌ အလုပ်လုပ်သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ၎င်းတို့၏ ကိုယ်ပိုင် ဝိညာဉ်ရေးရာ အတွေ့အကြုံဖြစ်သလို ခံစားရပြီး ကိုယ့်ကိုယ်ကို အလွန်အမင်း အားရ၊ ကျေနပ်နေကြသည်။ ထိုအချိန်၌ သူတို့ ပြောသည့် စကားများအားလုံးသည် သူတို့၏ ကိုယ်ပိုင်ဖြစ်တည်မှုအဖြစ် သူတို့ ခံစားရသည်။ သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံသည် သူတို့ ပြောပြသလောက် မရှင်း သလိုလည်း ခံစားရသည်။ ထို့အပြင် စကားမပြောမီတွင် မည်သည့် အရာကို ပြောရမည်နည်းကို အရိပ်အမြွက်ပင် မသိကြ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့၌ အလုပ်လုပ်သောအခါ သူတို့ထံမှ စကားများ အဆက်မပြတ် တရစပ် ထွက်လာတတ်သည်။ သင်သည် ထိုသို့ တစ်ကြိမ် တရားဟောဖူးပြီးအချိန်တွင် သင်၏ ဝိညာဉ်အသက်တာစစ်သည် အရင်က သင်ထင်ထားသလောက် မသေးငယ်ဟု ခံစားရတတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင်၌ အလားတူ အကြိမ်ကြိမ် အလုပ်လုပ် ပြီးသောအခါ သင့်မှာ ဝိညာဉ်အသက်တာ ရှိပြီးဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ဖြစ်တည်မှုဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်တတ်သည်။ သင်သည် ထိုသို့ အဆက်မပြတ် တွေ့ကြုံခံစားရသောအခါ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လျော့တိလျော့ရဲ ဖြစ်လာတတ်သည်။ ထို့နောက် သင်သည် သတိမထားမိဘဲ ပျင်းရိလာတတ်သည်၊ သင်၏ ကိုယ်ပိုင်ဝင်ရောက်မှုကို အရေးကြီးသည်ဟု လုံးဝသဘောမထားဘဲ နေလာတတ်သည်။ ထို့ကြောင့် သင်သည် အခြားသူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းသောအခါ၌ သင်၏ ဝိညာဉ်အသက်တာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရမည်။ ထိုသို့ သိမြင်ခြင်းက သင်၏ ဝင်ရောက်မှုကို သာ၍ လွယ်ကူချောမောစေလိမ့်မည်၊ သင်၏ အတွေ့အကြုံကို သာ၍ အကျိုးရှိစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံအဖြစ် သတ်မှတ်ခြင်းသည် လူ၏ ဆုတ်ယုတ်မှု၏ အစဖြစ်သည်။ ထို့ကြောင့် သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်တို့၏ ဝင်ရောက်မှုကို အရေးကြီးသော သင်ခန်းစာတစ်ခုအဖြစ် သင်တို့ မှတ်ယူသင့်သည်။
ဘုရားသခင်၏ အလိုပြည့်စုံစေဖို့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများအားလုံးကို ဘုရားသခင်၏ ရှေ့သို့ ခေါ်ဆောင်လာရန် လုပ်ဆောင်ခြင်း၊ လူကို ဘုရားသခင်ထံ ခေါ်ဆောင်လာရန် လုပ်ဆောင်ခြင်း၊ လူကိုသန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုတို့ကို မိတ်ဆက်ပေးခြင်းတို့သည် ဘုရားသခင် လုပ်သော အလုပ်၏ အကျိုးကျေးဇူးများကို စုံလင်အောင် ပြုလုပ်ပေးသည့် အရာများ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဝတ်ပြုကိုးကွယ်ခြင်း၏ အနှစ်သာရကို နားလည်ဖို့ အလွန်အရေးကြီးသည်။ ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့် ဆိုသော် လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများဖြစ်သည်၊ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အရေးသည် အားလုံး၌ ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက်ရမည့် အချက်တစ်ချက်ရှိသည်။ လူသည် ဘုရားသခင်၏ အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုတာကို ခံရမည့် အခွင့်အရေး ရှိသည်။ သို့သော် လူပြောသည့်အရာနှင့် လူသိသည့် အရာအားလုံးသည် လူ၏ ဝိညာဉ်အသက်တာ မဟုတ်ပေ။ သင်တို့သည် သင်တို့၏ အလုပ်၌ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာခြင်းသာ ဖြစ်လာနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိကာ သင်တို့၏ အလုပ်၌ ပိုမို ကောင်းမွန်သော ဝင်ရောက်ခွင့်ကို ရရှိလာနိုင်သည်။ လူသည် ဘုရားသခင်၏ လမ်းပြမှုကို လူ၏အထဲ၌ မွေးကတည်းက ရှိသည့် အရာနှင့် လူ၏ ကိုယ်ပိုင် ဝင်ရောက်မှုအဖြစ် သတ်မှတ်လျှင် လူ၏ ဝိညာဉ်အသက်တာ ကြီးထွားဖို့ အလားအလာ မရှိပေ။ သူတို့ သာမန်အခြေအနေ၌ ရှိနေစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူကို ဉာဏ်အလင်းပေးသည်။ ထိုသို့သောအချိန်များ၌ လူသည် သူတို့ လက်ခံရရှိသော ဉာဏ်အလင်းကို လက်တွေ့တွင် သူတို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာအဖြစ် အများအားဖြင့် လွဲမှားစွာ ထင်မြင်ယူဆ တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် လူ၏အထဲ၌ မွေးကတည်းက ရှိသည့် အရာကို အသုံးပြုပြီး သာမန်အဖြစ်ဆုံး နည်းလမ်းဖြင့် ဉာဏ်အလင်းပေးတတ်သောကြောင့် ဖြစ်သည်။ လူသည် အလုပ်လုပ်ခြင်း၊ စကားပြောခြင်းတို့ကို လုပ်ဆောင်သောအခါ၌ သို့မဟုတ် ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဝတ်ပြုကိုးကွယ်မှုများကို ပြုသောအခါ၌ ဆုတောင်းသောအခါ အမှန်တရားကို ရုတ်တရက် ရှင်းရှင်းလင်းလင်း သိလာလိမ့်မည်။ သို့သော် လက်တွေ့တွင် လူမြင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုသာ ဖြစ်သည် (ဤအရာသည် သဘာဝအလျောက် လူ၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်)၊ လူ၏ ဝိညာဉ်အသက်တာစစ် မဟုတ်ပေ။ မြောက်များစွာသော အခက်အခဲစစ်များကို လူက ရင်ဆိုင်ကြုံတွေ့ပြီးသည့် အချိန်ကာလနောက်ပိုင်းတွင် လူ၏ ဝိညာဉ်အသက်တာအစစ်သည် ထိုသို့သော အခြေအနေများတွင် သိသာထင်ရှားလာတတ်သည်။ ထိုသို့သောအချိန်အခါ၌သာ မိမိ၏ ဝိညာဉ်အသက်တာသည် သိပ်မကြီးကြောင်း လူသည် ရှာဖွေတွေ့ရှိလာတတ်ပြီး လူ၏ တကိုယ်ကောင်းဆန်မှု၊ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုများနှင့် လောဘတို့အားလုံး ပေါ်လာတတ်သည်။ ထိုသို့သော အတွေ့အကြုံ သံသရာကို အကြိမ်ကြိမ် တွေ့ကြုံပြီးမှသာ ဝိညာဉ်နိုးထလာသည့် သူတော်တော်များများက ထိုအတွေ့အကြုံသည် အတိတ်ရှိ ၎င်းတို့၏ ကိုယ်ပိုင် ပကတိအရှိတရား မဟုတ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ခဏတာ ဖွင့်ပြမှုသာ ဖြစ်ကြောင်း၊ လူသည် အလင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်းတို့ကို နားလည်သဘောပေါက်လာမည် ဖြစ်သည်။ သမ္မာတရားကို နားလည်စေရန် သန့်ရှင်းသော ဝိညာဉ်တော်က လူကို ဉာဏ်အလင်းပေးသောအခါ အများအားဖြင့် အခြေအနေကို မဖော်ပြဘဲ ရှင်းလင်းထင်ရှားသော နည်းတစ်နည်းကို အသုံးပြုပြီး ဉာဏ်အလင်းပေးလေ့ရှိသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ၏ အခက်အခဲများကို ဤဗျာဒိတ်တော်၌ မပေါင်းစပ်ဘဲ သမ္မာတရားကို တိုက်ရိုက် ထုတ်ဖော်ပြလေ့ရှိသည်။ လူသည် ဝင်ရောက်မှု၌ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ပါဝင်အောင် လုပ်တတ်ကြပြီး ယင်းသည် လူ၏ တကယ့်အတွေ့အကြုံ ဖြစ်လာတတ်သည်။ ဥပမာ- မိဿဟာရဖွဲ့သောအခါ၌ အိမ်ထောင်မကျသေးသော ညီမတစ်ယောက်က "ကျွန်မတို့ ဂုဏ်ရဖို့လည်း မကြိုးစားဘူး၊ ချမ်းသာကြွယ်ဝမှုကို ရဖို့လည်း မကြိုးစားဘူး၊ လင်နှင့် မယားအကြားမှာရှိတဲ့ ပျော်ရွှင်မှုကိုလည်း မတပ်မက်ဘူး။ သန့်ရှင်းတဲ့ နှလုံးသားနှင့် တကိုယ်တည်းနေခြင်းကိုသာ ဘုရားသခင်အတွက် ဆက်ကပ်ဖို့ပဲ ကျွန်မတို့ ကြိုးစားတယ်"ဟု ပြောပြီး "လူတွေက လက်ထပ်ပြီးတာနဲ့ သူတို့ကို အဘက်ဘက်က ဝန်းရံတိုက်ခိုက်တဲ့ အရာတွေအများကြီး ရှိလာပြီး ဘုရားသခင်ကို ချစ်တဲ့ သူတို့ရဲ့ နှလုံးသားကလည်း မစစ်မှန်တော့ဘူး။ သူတို့ရဲ့ နှလုံးသားက မိသားစုအကြောင်း၊ သူတို့ရဲ့ အိမ်ထောင်ဖက်အကြောင်းနဲ့ အမြဲတမ်း ပြည့်နေတယ်။ အဲဒါကြောင့် သူတို့ရဲ့ နှလုံးသားက တော်တော်လေးကို ပိုရှုပ်ထွေးလာတယ် ..."ဟု ဆက်ပြောသည်။ သူမ စကားပြောသောအခါ၌ သူမပြောသော စကားများသည် သူမ၏ နှလုံးသားထဲ၌ တွေးနေသည့် အရာများကဲ့သို့ ဖြစ်သည်။ သူမ၏ စကားများသည် ဟိန်းထွက်နေပြီး အားအင်နှင့် ပြည့်ဝနေသည်။ သူမ ပြောသမျှအားလုံးသည် သူမ၏ နှလုံးသားထဲရှိ နက်ရှိုင်းသောနေရာမှ လာသကဲ့သို့ ဖြစ်သည်။ သူမသည် မိမိကိုယ်ကို ဘုရားသခင်ထံ လုံးဝ ဆက်ကပ်နိုင်ဖို့ ဆန္ဒရှိပြီး ညီအစ်ကို မောင်နှမများသည် သူမလို ဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့ မျှော်လင့်သည်။ သင်၏ ဆုံးဖြတ်ချက်နှင့် ဤအချိန်၌ နှိုးဆော်မှုကို ခံရသည့် ခံစားချက်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု လုံးလုံးလျားလျား ဖြစ်သည်ဟု ပြောနိုင်သည်။ ဘုရားသခင် အလုပ်လုပ်သည့် နည်းပြောင်းလဲသွားသောအခါ သင်သည် နှစ်အနည်းငယ် အသက်ကြီးလာပြီဖြစ်သည်။ အသက်တူသော သင်၏ ကျောင်းနေဖက်များနှင့် မိတ်ဆွေများအားလုံး၌ ယောက်ျားရှိသည်ကို သင်မြင်သည်၊ သို့မဟုတ် 'ဟိုတစ်ယောက်ကတော့ အိမ်ထောင်ကျပြီးနောက်မှာ သူ့ရဲ့ ယောက်ျားက သူ့ကို မြို့မှာ နေဖို့ ခေါ်သွားတယ်၊ အဲဒီမှာ သူအလုပ်ရသည်ဟု သင်ကြားသည်။ သူမကို သင်တွေ့သောအခါ သင့်နှလုံးသားထဲ၌ မနာလိုစဖြစ်သည်။ သူမက ဆွဲဆောင်မှု အပြည့်အဝရှိပြီး နဖူးမှ ခြေဖဝါးအထိ ကျက်သရေရှိကြောင်း၊ သူမ စကားပြောသောအခါ၌ နိုင်ငံမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံနှင့် ရင်းနှီးပုံရှိပြီး သူမ၏ ဒေသမှ စကားပြောဆိုဟန် လုံးဝမရှိတော့ကြောင်းကို သင်မြင်သည်။ ထိုအခါ သင့်အထဲ၌ ခံစားချက်မျိုးစုံ ရှိလာသည်။ ဘုရားသခင်အတွက် တချိန်လုံး အချိန်ပေးခဲ့သောကြောင့် သင့်မှာ မိသားစုလည်းမရှိ၊ အလုပ်အကိုင်လည်းမရှိ၊ ဆုံးမမှုမျိုးစုံကိုလည်း ခံခဲ့ပြီး လူလတ်ပိုင်းအသက်သို့ ရောက်လာသည်မှာလည်း ကြာပြီဖြစ်သည်၊ သင်၏ ငယ်ရွယ်နုပျိုမှုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး အိမ်မက်ထဲ၌ အသက်ရှင်ခဲ့သလို ဖြစ်သည်။ ယနေ့တိုင် သင်သည် ဤလမ်းကို လျှောက်လှမ်းလာခဲ့သော်လည်း မည်သည့်နေရာ၌ အခြေချရမလဲဆိုတာကိုတော့ သင်မသိပေ။ ထိုသို့သောအချိန်၌ သင်၏ အတွေးများ ကစဉ့်ကလျားဖြစ်ကာ သင်သည် တစ်ခုခုကို အရူးအမူးစွဲလမ်းနေသကဲ့သို့ဖြစ်နေသည်။ တကိုယ်တည်းရှိပြီး နှစ်နှစ်ချိုက်ချိုက် အိပ်မပျော်နိုင်ဖြစ်ကာ တညလုံး အိပ်လို့မရဘဲ သင့်ကိုယ်သင် မသိလိုက်ခင်မှာပင် သင်၏ ဆုံးဖြတ်ချက်နှင့် ဘုရားသခင်အားပေးခဲ့သော သင်၏ လေးနက်သော ကတိသစ္စာများအကြောင်းကို စတင်စဉ်းစားလာသည်။ အဘယ်ကြောင့် သင်သည် ထိုသို့သော အခြေအနေများနှင့် ကြုံရသနည်း။ သင်မသိလိုက်ခင်မှာပင် မျက်ရည်များ တိတ်တဆိတ်ကျလာပြီး အလွန်နာကျင်မှုကို သင်ခံစားရသည်။ ဆုတောင်းရန်အတွက် သင်သည် ဘုရားသခင်ရှေ့သို့ သွားပြီး ဘုရားသခင်နှင့်အတူ သင်ပျော်ရွှင်ခဲ့သည့် နေ့ရက်များ၌ ရှိခဲ့သည့် ဘုရားသခင်နှင့် သင်၏ အကြားရှိ ခင်မင်မှုနှင့် ခွဲခွာလို့မရသည့် ရင်းနှီးမှုတို့အကြောင်းကို သင်စတင်စဉ်းစားလာသည်။ သင်၏ မျက်စိထဲတွင် မြင်ကွင်းများ တစ်ခုပြီး တစ်ခု ပေါ်လာပြီး ထိုနေ့က သင်ပြုခဲ့သည့် ကျမ်းသစ္စာစကားကို သင့်နားထဲ၌ ပြန်ကြားလာပြီး "ဘုရားသခင်သာလျှင် ကျွန်မရဲ့ အရင်းနှီးဆုံး မိတ်ဆွေ မဟုတ်လား"ဟု သင်ပြောပြီး ကျယ်လောင်စွာ ငိုကြွေးကာ "ဘုရားသခင်၊ အလွန်ချစ်ခင်ရတဲ့ ဘုရားသခင်၊ ကျွန်မရဲ့ နှလုံးသားကို ဘုရားသခင်အား လုံးလုံးလျားလျား ကျွန်မ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်မ ဘုရားသခင်ရဲ့ သတို့သမီး အစဉ်ထာဝရ ဖြစ်လိုပါတယ်။ ကျွန်မ ဘုရားသခင်ကို တစ်သက်လုံး မပြောင်းမလဲဘဲ ချစ်ပါ့မယ် ..."ဟု သင်ပြောသည်။ ထိုသို့ ပြင်းထန်စွာ နာကျင်ခံစားရသောအခါ၌သာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းကြောင်းကို သင်အမှန်တကယ် ခံစားရမည် ဖြစ်သည်။ ထိုသို့ ခံစားရမှသာ 'ဟိုးအရင်တစ်ချိန်က ကျွန်မ ဘုရားသခင်ကို အားလုံးပေးအပ်ခဲ့သည်'ဟူသည့်စကားကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မည် ဖြစ်သည်။ ထိုသို့သော ထိုးနှက်ချက်ကို ခံစားပြီးမှသာ ဤကိစ္စ၌ သင်သည် ပို၍ အတွေ့အကြုံရှိသောသူ ဖြစ်လာမည် ဖြစ်ပြီး ထိုအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် လူပိုင်သောအရာ မဟုတ်ကြောင်းကို သိမြင်လာမည် ဖြစ်သည်။ ထိုနောက်ပိုင်းတွင် သင်၏ အတွေ့အကြုံများ၌ ဤဝင်ရောက်မှုနှင့်ပတ်သက်လျှင် အကန့်အသတ်များရှိတော့မည် မဟုတ်ပေ။ သင်၏အနာရွတ်များက သင်၏ဝင်ရောက်မှုအတွက် အကျိုးများစွာပေးခဲ့သလို ဖြစ်လာမည်ဖြစ်သည်။။ ထိုသို့သော အခြေအနေများနှင့် သင်ကြုံတွေ့တိုင်း ထိုနေ့၌ ကျခဲ့သည့် သင်၏ မျက်ရည်များကို သင်ချက်ချင်း ပြန်သတိရလိမ့်မည်၊ ဘုရားသခင်နှင့် သင်ပြန်လည် ဆုံဆည်းရသလို ဖြစ်လိမ့်မည်။ သင်နှင့် ဘုရားသခင် အကြားရှိ ရင်းနှီးမှု နောက်တခါ ပြတ်တောက်သွားမှာကို သင် အမြဲ ကြောက်ရွံ့နေသည်။ သင်နှင့် ဘုရားသခင် အကြားရှိ စိတ်ချင်းဆက်စပ်မှု (ပုံမှန်ရင်းနှီးမှု) ပျက်သွားမှာကို သင်အမြဲကြောက်နေသည်။ ဤသည်မှာ သင်၏ အလုပ်၊ သင်၏ ဝင်ရောက်မှုဖြစ်သည်။ ထို့ကြောင့် သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံသောအခါ၌ သင်တို့၏ ဝင်ရောက်မှုအပေါ်၌ ပိုမို အာရုံစိုက်သင့်ပြီး တချိန်တည်းမှာပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သင်တို့၏ဝင်ရောက်မှုဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို တိတိကျကျ နားလည်အောင်လုပ်ပြီး၊ သင်တို့၏ဝင်ရောက်မှု၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကိုလည်း ပေါင်းစပ်သင့်သည်။ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင်သည် သင်တို့အား သာ၍ ကောင်းစွာ ပြီးပြည့်စုံအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်၊ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်၏ အနှစ်သာရကို သင့်အထဲ၌ ဖန်တီးခွင့်ပေးနိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့ ကြုံတွေ့နေသောအချိန်၌ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကိုသာမက သင်တို့ကိုယ်သင်တို့ သိကျွမ်းလာကြသည်၊ အလွန်ပြင်းထန်၍ မရေမတွက်နိုင်အောင် များပြားသော ဒုက္ခအခက်အခဲများကြားတွင် သင်တို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်သွယ်လာကြသည်၊ ဘုရားသခင်နှင့် သင်တို့အကြားရှိ ရင်းနှီးမှုသည်သည် တစ်ရက်ပြီးတစ်ရက် ပိုမို ခိုင်မြဲလာတတ်သည်။ မရေမတွက်နိုင်အောင် ပြုပြင်ခြင်း၊ စစ်ဆေးခြင်းတို့ကို ခံပြီးသောအခါ သင်တို့သည် ဘုရားသခင်အား အမှန်တကယ် ချစ်လာသည်။ ထို့ကြောင့် ဝေဒနာ၊ ထိုးနှက်ချက်နှင့် ဒုက္ခအခက်အခဲများသည် ကြောက်စရာကောင်းသော အရာများ မဟုတ်ကြောင်း သင်တို့ နားလည်သဘောပေါက်ရမည်။ ကြောက်စရာကောင်းသောအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သာရှိပြီး သင်တို့၏ ဝင်ရောက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ် ပြီးမြောက်သည့် နေ့ရောက်သောအခါ သင်တို့သည် အကျိုးမဲ့ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့သလို ဖြစ်နေလိမ့်မည်၊ သင်တို့သည် ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့ခံစားခဲ့ကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း သိဦးမည် မဟုတ်၊ သင်တို့၏ ကိုယ်ပိုင် ဝင်ရောက်မှုလည်း ရှိဦးမည် မဟုတ်သေးပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို ဉာဏ်အလင်းပေးသည်မှာ လူ၏ ကိလေသာစိတ် ဆက်ရှိနေအောင် လုပ်ပေးဖို့ မဟုတ်ပေ၊ လူတို့ ဝင်ရောက်နိုင်အောင် လမ်းဖွင့်ပေးဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လူကသိလာစေဖို့အတွက် အခွင့်ပေးရန် ဖြစ်သည်။ ထိုမှတဆင့် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသား၊ နှစ်သက်မြတ်နိုးသည့် နှလုံးသား ရှိလာစေရန်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
ဆက်လက်ကြည့်ရှုရန် တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
No comments:
Post a Comment