ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူများက သာ၍ လက်ခံလာလေလေ၊ သူတို့သည် ဉာဏ်အလင်း ရလာလေလေဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို မီအောင်လိုက်ရန် ပိုမိုဆာလောင် ငတ်မွတ်လေလေဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိသော သူများသာလျှင် ပိုမိုနက်ရှိုင်းသော၊ ပိုမိုကြွယ်ဝသော အတွေ့အကြုံများကို ရရှိနိုင်သည်။ သူတို့၏ အသက်တာများသည်သာလျှင် သာ၍ သာ၍ ဖွံ့ဖြိုးဝေဆာသူများဖြစ်ကြသည်။ အသက်ကို မီအောင်လိုက်သူ တစ်ဦးတစ်ယောက်တိုင်းသည် ယင်းကို သူတို့၏ အလုပ်အဖြစ် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဘုရားသခင်မရှိဘဲ သူတို့နေထိုင်နိုင်ခြင်းမရှိ၊ ဘုရားသခင်မရှိဘဲ မည်သည့် အောင်မြင်မှုကိုမျှ မရနိုင်၊ ဘုရားသခင်မရှိပါက အလုံးစုံသည် အနှစ်သာရ ကင်းမဲ့သည်ဟူသော ခံစားချက်ကို ရှိထားကြရမည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မရှိဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်ဟူသော သံန္နိဋ္ဌာန်ကို ချထားသင့်ပြီး သူတို့လုပ်ဆောင်မှုများသည် အသီးအပွင့်များ ဖြစ်ထွန်းခြင်း မရှိပါက မည်သည့်အရာကိုမျှ ရှေ့ဆက် မလုပ်ဆောင်လိုခြင်းမျိုး ဖြစ်သင့်သည်။ မိမိတို့ကိုယ်မိမိ လိုက်လျော၍ ပြုမူခြင်းမျိုး မလုပ်ဆောင်သင့်။ ဘုရားသခင်၏ ဉာဏ်အလင်းနှင့် လမ်းညွှန်မှုမှတစ်ဆင့် ဘဝအတွေ့အကြုံများ ရရှိလာပြီး သင်တို့ ရည်ရွယ်လုပ်ဆောင်သော အားထုတ်မှုများသည်လည်း အသီးအပွင့်ဖြစ်ထွန်းမည်ဖြစ်သည်။ သင်တို့၏ ဘဝအတွေ့အကြုံတွင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေဆင်လက်ပေးခြင်းများ မလုပ်မိစေရန်ဟူသော သတ်မှတ်ချက် သင်တို့တွင် ရှိသင့်သည်။
တစ်ခါတစ်ရံတွင် သင့်အခြေအနေများသည် ပုံမှန်မဟုတ်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို သင်ဆုံးရှုံးပြီး သင်ဆုတောင်းသည့်အခါ ကိုယ်တော့်ကို မခံစားရဘဲရှိမည်၊ ထိုအချိန်များတွင် စိုးရိမ်ကြောက်ရွံ့သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သင်သည် ချက်ချင်း ရှာဖွေမှု လုပ်ရမည်။ သို့မဟုတ်ပါက ဘုရားသခင်သည် သင့်ထံမှ ပိုမိုဝေးကွာသွားလိမ့်မည်ဖြစ်ပြီး သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို တစ်ရက် သို့မဟုတ် နှစ်ရက် သို့မဟုတ် တစ်လ သို့မဟုတ် နှစ်လပင်လျှင် မရရှိဘဲ ရှိလိမ့်မည်။၊ ထို့ပြင် ကိုယ်တော်၏ လုပ်ဆောင်မှု မရှိပါက သင်သည် ပိုမို ဝေးကွာသွားလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးနှင့် သင်တွေ့ကြုံခဲ့ပါက သင်သည် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ထုံထိုင်းသွားမည်။ သင်သည် နောက်တစ်ကြိမ် စာတန်၏ သိမ်းပိုက်မှုကို ခံရပြီး မည်သည့်အရာကိုပင်မဆို လုပ်ဆောင်နိုင်လာလိမ့်မည်။ ပိုက်ဆံကို မြတ်နိုးလိုလားခြင်း၊ ညီအစ်ကို မောင်နှမများကို လမ်းလွဲစေခြင်း၊ ရုပ်ရှင်များနှင့် ဗီဒီယိုများ ကြည့်ခြင်း၊ မာကျောက် ကစားခြင်း၊ မည်သည့် စည်းကမ်းကိုမျှ မလိုက်နာပဲ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ပင် ဖြစ်လာမည်။ သင့်စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးရာသို့ ရွေ့သွားပြီး သင်သည် တိတ်တဆိတ် လွတ်လပ်မှုရအောင် ကြိုးစားလာမည်၊ ကိုယ်တော်၏ လုပ်ဆောင်မှုများအပေါ် သင်သည် သဘောရှိပင် ကိုယ်ပိုင်ဝေဖန်ပိုင်းခြားမှုများ ပြုလုပ်လာမည်။ အချို့သော ဖြစ်ရပ်များတွင် လူများသည် ရှက်ခြင်း သို့မဟုတ် စိတ်ကသိကအောက်ဖြစ်ခြင်းမျိုး မရှိဘဲ ဆန့်ကျင်ဘက်လိင်တို့နှင့် အပြစ်ကျူးလွန်ခြင်းအထိ အလွန်ဆိုးရွားလိမ့်မည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်းကို ခံရမည်ဖြစ်ပြီး၊ အမှန်စင်စစ် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုများမရှိဘဲ အချိန်ကြာမြင့်စွာ နေထိုင်နေကြပြီးဖြစ်သည်။ သူတို့သည် တိုး၍တိုး၍ ယိုယွင်းပျက်စီးလာကြခြင်း၊ သူတို့၏ ဆိုးညစ်သော လက်များကို ပို၍ပို၍ ဆန့်တန်းကြခြင်း၊ ထို့ပြင် နောက်ဆုံးတွင် ဤလမ်းကြောင်း တည်ရှိမှုကို ငြင်းပယ်ကြခြင်းတို့ကိုသာ သူတို့၏အတွင်းတွင် သင်မြင်နိုင်သည်၊ သူတို့သည် မိမိတို့၏ အပြစ်များမှတစ်ဆင့် စာတန်၏ ဖမ်းသွားချုပ်ထားခြင်းကို ခံကြရသည်။ သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိသော်လည်း သူ၏ လုပ်ဆောင်ချက် မရှိသည်ကို သင်သိရပါက သင်သည် အလွန်အန္တရာယ်ကြီးသော အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်သည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ကို မခံစားရသည့်အခါ သင်သည် သေခြင်းနှုတ်ခမ်းဝတွင် ရှိနေသည်။ သင်က နောင်တမရပါက သင်သည် စာတန်ထံသို့ လုံးဝဥဿုံ ပြန်လည်ရောက်ရှိသွားပြီး သုတ်သင်ရှင်းလင်းခြင်း ခံရသူများထဲတွင် တစ်ဦး အပါအဝင် ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်သာ ရှိသော အခြေအနေတွင် ရှိနေပြီး (အပြစ်ကျူးလွန်ခြင်းမရှိ၊ ကာမဂုဏ်တွင် ယစ်မူးခြင်းမရှိ သို့မဟုတ် ဘုရားသခင်ကို သိသာစွာ ဆန့်ကျင်ခြင်းမရှိ) သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့နေသည်ဟု (သင်ဆုတောင်းသည့်အခါ တို့ထိခြင်း မခံရခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်သည့်အခါ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းတို့ကို ရှင်းလင်းစွာ မရရှိခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန် ပျင်းရိနေခြင်း၊ အသက်တာတွင် ကြီးထွားမှု အစဉ်အမြဲ ကင်းမဲ့နေခြင်း၊ အချိန်ကြာမြင့်စွာ သိသာထင်ရှားသော အလင်းပေးခြင်းကို မရရှိခြင်း) သင်သိရသောအခါ ထိုအချိန်များတွင် သင်သည် ပိုမို၍ သတိရှိရမည်။ သင်သည် သင့်ကိုသင် လိုက်လျောနေ၍ မရတော့ သို့မဟုတ် ခေါင်းမာ၍လည်း မရတော့။ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်သည် အချိန်မရွေး ပျောက်ဆုံးသွားနိုင်သည်ဖြစ်ရာ ယင်းအခြေအနေများသည် အန္တရာယ်ကြီးမားသော အချိန်များဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့သော အခြေအနေမျိုးကို တွေ့ကြုံရပါက လျင်မြန်စွာ ပြင်ဆင်မှုများလုပ်ရမည်။ ရှေးဦးစွာ သင်သည် နောင်တရရန် ဆုတောင်းသင့်သည်။ ဘုရားသခင်၏ သနားကရုဏာကို တောင်းခံပါ၊ သာ၍ စိတ်ပါလက်ပါ ဆုတောင်းပါ၊ ထို့ထက်ပိုပြီး သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပိုမိုစားသောက်ရန်အတွက် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေရမည်။ ထို့နောက် ယင်းအခြေခံပေါ်တွင် သင်သည် ပိုမို ဆုတောင်းရမည်။ ဓမ္မတေးသီဆိုခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သင်၏ ဝတ္တရားများကို ထမ်းဆောင်ခြင်းတို့တွင် ပိုမိုအားထုတ်ပါ။ သင်သည် အားအနည်းဆုံး အခြေအနေဖြစ်နေပါက သင့်စိတ်နှလုံးသည် စာတန်၏ သိမ်းပိုက်ခြင်းကို အလွယ်တကူခံရသည်။ ထိုသို့ဆိုပါက သင့်စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်မှ ယူသွားခြင်းခံရပြီး စာတန်ထံသို့ ပြန်လည် ရောက်ရှိသွားမည်။ ထို့နောက်တွင် သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိလိမ့်မည် မဟုတ်တော့ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ပြန်လည်ရရှိရန် သင့်အတွက် အလွန်အမင်း ခက်ခဲသွားလိမ့်မည်။ သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် ရှိနေသေးသည့် အချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်ကို ရှာဖွေသင့်သည်၊ သင့်ကို သာ၍ ဉာဏ်အလင်းရခြင်းပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ပါ၊ ထို့နောက် ကိုယ်တော့်ကို သင့်ထံမှ ထွက်ခွာသွားခွင့် မပြုနှင့်။ သင်သည် ဆုတောင်းခြင်း၊ ဓမ္မတေးများသီဆိုခြင်း၊ သင်၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းများ ပြုလုပ်သင့်သည်။ ထိုသို့အားဖြင့် စာတန်သည် သူ့အလုပ်ကိုလုပ်ခြင်းငှာ အခွင့်အရေးမရစေရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို ရရှိလိမ့်မည်။ သင်သည် ဤနည်းလမ်းဖြင့် ပြန်လည်ရယူခြင်းကို မပြုမူဘဲ စောင့်မြဲစောင့်နေလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူးသဖြင့် သင့်ကို တို့ထိခြင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် ဉာဏ်ဖွင့်ပေးခြင်းများ မရှိခဲ့လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်ကို သင်ဆုံးရှုံးသွားသည့်အချိန်၌ ပြန်လည်ရယူရန် ခက်ခဲသွားလိမ့်မည်။ ထိုသို့သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များ ရှိလျှင်ပင် သင့်အခြေအနေသည် တစ်ရက်မှ နှစ်ရက်တွင်း၊ သို့မဟုတ် နှစ်ဝက်ကာလအတွင်းမှာပင် ပြန်လည် နာလန်ထူလာမည် မဟုတ်ပေ။ ဤကဲ့သို့ဖြစ်ရခြင်းမှာ လူတို့သည် ပျင်းရိထိုင်းမှိုင်းနေကြပြီး သင့်တင့်လျောက်ပတ်သည့် အတွေ့အကြုံများနှင့် ရှေ့ဆက်မသွားနိုင်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရကြသည်။ သင်နာလန်ထူလာသည့် အချိန်တွင်ပင် သင်၏ အသက်တာ အတွေ့အကြုံသည် ထိုးဆင်းသွားသည့်အလား အသက်တာအတွေ့အကြုံနှင့် ပတ်သက်လျှင် သင်သည် လွန်စွာ နောက်ကျကျန်နေသောကြောင့်၊ ဘုရားသခင်၏ မျက်မှောက်လုပ်ငန်းများကို သင်သည် သိပ်ပြီးရှင်းလင်းစွာ သိမည်မဟုတ်ပေ။ ဤအရာသည် အသက်အန္တရာယ်ပင် ပြုနိုင်သောအရာ မဟုတ်ပေလော။ သို့သော် ထိုကဲ့သို့သူများကို ငါပြောသည်၊ သင်သည် ယခုအချိန်တွင် နောင်တရရန် သိပ်မနောက်ကျသေးပါ၊ သို့သော် တစ်ခုတော့ရှိသည်၊ ယင်းမှာ သင်သည် ပို၍ကြိုးစားလုပ်ကိုင်ရမည်ဖြစ်ပြီး ပျင်းရိနေ၍မရပါ။ အခြားသူများက တစ်နေ့ငါးကြိမ်ဆုတောင်းလျှင်၊ သင်က တစ်နေ့ဆယ်ကြိမ် ဆုတောင်းသင့်သည်။ အခြားသူများက နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှစ်နာရီ စားသောက်လျှင်၊ သင်က လေးနာရီမှ ခြောက်နာရီအထိ အချိန်ကိုအသုံးပြုပြီး စားသောက်ရမည်။ အခြားသူများက ဓမ္မတေးများကို နှစ်နာရီ နားထောင်လျှင် သင်က အနည်းဆုံး နေ့တစ်ဝက် နားထောင်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင့်ကိုယ်သင် မကြာခဏ ငြိမ်သက်စေပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေးဆပါ။ သင်သည် တို့ထိခြင်း မခံရမချင်း၊ သင့်စိတ်နှလုံးကို ကိုယ်တော်ထံသို့ လှည့်လည်အပ်နှံထားပါ၊ ထို့နောက် သင်သည် ကိုယ်တော်ထံမှ ထပ်မံမထွက်ခွာဝံ့တော့ဘဲ အသီးအပွင့်များ ရရှိလိမ့်မည်။ ဤလက်တွေ့ လုပ်ဆောင်မှုများမှတစ်ဆင့်သာ သင်သည် ယခင်ကကဲ့သို့သော အခြေအနေကို ပြန်လည်ရယူနိုင်မည်။
လူအချို့တို့သည် စိတ်အားထက်သန်စွာဖြင့် ရှာဖွေကြသော်လည်း လမ်းကြောင်းအမှန်ပေါ်သို့ မဝင်ရောက်နိုင်ကြပေ။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည် လွန်စွာအမှုမှတ် အမှတ်မဲ့နေကြပြီး ဝိညာဉ်ပိုင်းဆိုင်ရာ အကြောင်းအရာများကို လုံးဝအာရုံမစိုက်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်ကဲ့သို့ တွေ့ကြုံခံစားရမည်ကို လုံးဝမသိကြ၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်မှာ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့မှာ အဘယ်အရာဖြစ်သည်ကို မသိကြ။ ထိုသူတို့သည် စိတ်အားထက်သန်မှု ရှိသော်လည်း စိတ်ရှုပ်ထွေးနေကြသည်။ သူတို့သည် အသက်တာနောက်သို့ လိုက်မနေကြပါ။ အကြောင်းမှာ သူတို့သည် ဝိညာဉ်တော်အကြောင်းကို အနည်းငယ်မျှပင် မသိကြ၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြောင်းလဲစေနိုင်သော အလုပ်လုပ်ပုံကိုလည်း မသိကြသည့်အပြင် သူတို့ကိုယ်တိုင်၏ ဝိညာဉ်ရေးရာ အခြေအနေနှင့်လည်း ကျွမ်းဝင်မှုမရှိကြပေ။ ဤအရာသည် ရှုပ်ထွေးနေသည့် ယုံကြည်ခြင်မျိုး မဟုတ်ပေဘူးလော။ ဤကဲ့သို့သော လူများသည် အဆုံးစွန်ထိ ရှာဖွေမှုကိုပြုသည့်တိုင် ဘာကိုမျှ ရရှိကြမည်မဟုတ်ပေ။ လူသား၏ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခရာနှင့် အသက်တာ၌ ကြီးထွားမှုရှိခြင်းသည် ဘုရားသခင်က သင့်အတွေ့အကြုံ မှတစ်ဆင့် အဘယ်အလုပ်များကို လုပ်ဆောင်သနည်း ဆိုသည်ကို နားလည်ခြင်း၊ ဘုရားသခင်သည် မည်ကဲ့သို့ ချစ်ခင်မြတ်နိုးဖွယ် ကောင်းသည်ကို မြင်တွေ့ခြင်းနှင့် ကိုယ်တော်၏ အလိုတော်ကို နားလည်ခြင်း စသည်တို့ အပေါ်တွင် တည်မှီနေသည်။ ဤသို့ဖြင့် ဘုရားသခင်၏ စီမံမှုအားလုံးကို သင်ကျိုးနွံနာခံနိုင်ကာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သင့်အသက်တာဖြစ်လာစေရန် သင့်အတွင်း၌ ပြုပြင်စေပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ သင့်တွင် ရှုပ်ထွေးသည့် ယုံကြည်ခြင်းမျိုးသာရှိကာ၊ ဝိညာဉ်ရေးရာ ကိစ္စရပ်များ သို့မဟုတ် အသက်တာ စိတ်သဘောထားကို ပြောင်းလဲမှုနှင့်သက်ဆိုင်သော ကိစ္စများကို အာရုံမစိုက်၊ သမ္မာရားဆီသို့ရောက်ရန် အားစိုက်မှုများမရှိပါက၊ ကိုယ်တော်၏ အလိုတော်ကို သင်နားလည် သဘောပေါက်နိုင်ပါမည်လော။ ကိုယ်တော်၏ သတ်မှတ်ချက်များကို သင်နားမလည်ပါက၊ သင်သည် အတွေ့အကြုံ မရရှိနိုင်သကဲ့သို့ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကိုလည်း ရှာဖွေနိုင်မည် မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားရသည့် အဓိကအချက်မှာ သင့်ထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ရရှိအောင်မြင်သည့် ရလဒ်ကို အလေးပေးရန်နှင့် ယင်းမှတစ်ဆင့် ဘုရားသခင်ကို သိရှိရန် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်သာဖတ်ရှုသော်လည်း မည်သို့တွေ့ကြုံခံစားရမည်ကို မသိပါက ယင်းသည် သင်၌ ဝိညာဉ်ပိုင်းဆိုင်ရာ နားလည်မှုမရှိကြောင်းကို ပြသနေခြင်း မဟုတ်ပေလော။ မျက်မှောက်ကာလတွင် များစွာသောလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားနိုင်ခြင်း မရှိသည့်အတွက် ကိုယ်တော်၏ လုပ်ငန်းဆောင်တာများကို သူတို့မသိကြပါ။ ဤအရာသည် လက်တွေ့လုပ်ဆောင်ခြင်းတွင် အားနည်းချက်တစ်ခု ဖြစ်မနေပေလော။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက အသက်တာအတွင်း ကြွယ်ဝသည့် အတွေ့အကြုံနှင့် ကြီးထွားခြင်းကို မည်သည့်အချိန်တွင် ရရှိနိုင်မည်နည်း။ ထိုအရာက အနှစ်သာရမရှိသည့် ပြောဆိုမှု ဖြစ်မနေပေလော။ သင်တို့ထဲတွင် အယူဝါဒများကို အာရုံစိုက်ကြသောသူများ များစွာရှိသည်။ သင်တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာ အမှုအရာများကို နားမလည်ကြသော်လည်း ဘုရားသခင်၏ ကြီးမြတ်သည့်အရာ တစ်စုံတစ်ခုအတွက် အသုံးတော်ကို ခံလိုပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို အလိုရှိနေသေးသည်။ ဤအရာသည် လုံးဝ လက်တွေ့မကျ။ ထို့ကြောင့် သင်တို့ ဝိညာဉ်အသက်တာ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်ကာ စစ်မှန်သည့် အတွေ့အကြုံ ရှိပြီး ဘုရားသခင် နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဧကန်အမှန် ဝင်ရောက်နိုင်ရန် သင်တို့သည် ထိုချို့တဲ့မှုကို ဖြည့်တင်းသင့်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အပြန်အလှန်ဖတ်ရှုခြင်းများ ဘာသာရေး စာအုပ်များ
No comments:
Post a Comment