သင်တို့အားလုံးသည်ဘုရားသခင်၏ရှေ့၌ ဆုလဒ်များရလျှင်၊ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင် နှစ်သက်သောသူများ ဖြစ်လျှင် ဝမ်းမြောက်ကြ၏။ ဘုရားသခင်ကို စတင် ယုံကြည်လက်ခံပြီး သူတိုင်း ထိုသို့ ဆန္ဒရှိကြပါသည်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် သာ၍ကောင်းသော အရာများကိုရရှိရန် စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားတတ်ပြီး မည်သူကမျှ သူများ၏နောက်တွင် မကျန်ခဲ့လိုသောကြောင့် ဖြစ်သည်။ လူသားသည် ထိုသို့လုပ်လေ့ရှိသည်။ ထို့ကြောင့်ပင် သင်တို့အထဲမှ တော်တော် များများသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်၏ နှစ်သက်မှုကို ရရှိရန် စဉ်ဆက်မပြတ် ကြိုးစားကြခြင်းဖြစ်သည်။ သို့သော် အမှန်တရားတစ်ခုမှာ ဘုရားသခင်အပေါ်၌ ထားသော သင်တို့၏ သစ္စာနှင့် ရိုးသားမှုသည် သင်တို့ အပေါ် သင်တို့ ထားသော သစ္စာ၊ ရိုးသားမှုတို့နှင့် ယှဉ်လျှင် အလွန်ပင် နည်းလှသည်။ ငါအဘယ်ကြောင့် ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အပေါ်၌ထားရှိသော သင်တို့၏သစ္စာကို ငါလုံးဝအသိအမှတ် မပြုသောကြောင့် အပြင် သင်တို့၏ နှလုံးသားများအထဲ၌ ဘုရားသခင်တည်ရှိနေမှုကို ငါလက်မခံသောကြောင့်ဖြစ်သည်။ သင်တို့ကိုးကွယ်ကြသော မပီပြင်သော ဘုရားသခင်သည် တနည်းအားဖြင့် သင်တို့နှစ်သက်ကြသည့် ထိုဘုရားသခင်သည် လုံး၀မရှိ ဟု ငါပြောနေခြင်း ဖြစ်သည်။ ဤသို့ ငါသေသေချာချာ ပြောနိုင်သည်မှာ သင်တို့သည် စစ်မှန်သော ဘုရားသခင်နှင့် အလွန်ဝေးကွာနေသောကြောင့် ဖြစ်သည်။ သင်တို့၏နှလုံးသားများအထဲ၌ ရှိသော ရုပ်တုဆင်းတုကြောင့်သာ သင်တို့၌ သစ္စာရှိခြင်းဖြစ်ပြီး ငါ့ကိုမူ သင်တို့၏ မျက်စိထဲတွင် ကြီးမြတ်သော ဘုရားသခင်ဟုလည်း မမြင်၊ သေးငယ်သော ဘုရားသခင်ဟုလည်း မမြင်ကြ။ သင်တို့သည် ငါ့ကို စကားဖြင့်သာ အသိအမှတ်ပြု ကြသည်။ သင်တို့သည် ဘုရားသခင်နှင့် အလွန်ဝေးကွာနေသည်ဟု ငါပြောသည်မှာ သင်တို့သည် မပီပြင်သောဘုရားသခင် အနီး၌သာရှိပြီး စစ်မှန်သော ဘုရားသခင်နှင့်မူ အလွန်ဝေးနေ သည်ဟု ပြောခြင်းဖြစ်သည်။ ‘မကြီးမြတ်သော’ဟူသည့် စကားကို ငါပြောသည်မှာ ‘သင်တို့ ယနေ့ယုံကြည်သော ဘုရားသခင်သည် ကြီးကြီးမားမား အစွမ်းအစ မရှိသော လူတစ်ယောက်မျှသာ၊ သိပ်မမြင့်မြတ်သော လူတစ်ယောက်ဟု ထင်ရသည်’ဟူသည့် အဓိပ္ပါယ်ကို ရည်ညွှန်း၍ ပြောခြင်းဖြစ်ပြီး ‘မသေးငယ်သော’ဟူသည့် စကားကို ငါပြောသည်မှာ ဤလူသည် လေလာအောင်၊ မိုးရွာအောင် အမိန့်မပေးနိုင်သော်လည်း သူသည် ဘုရားသခင်၏ ဝိညာဉ်ကို ခေါ်ပြီး ကောင်းကင်နှင့် မြေကြီးတုန်လှုပ်စေသည့်အမှုကို ပြု နိုင် ခဲ့သည်၊ လူကို လုံးဝဥဿုံ ဝေခွဲမရ ဖြစ်စေခဲ့သည် ဟုဆိုလိုသည်။ အပြင်ပန်းမှကြည့်လျှင် သင်တို့သည် လောက၌ ခရစ်တော်ကို အလွန်နာခံကြသည်ဟု ထင်ရသော်လည်း တကယ့်တကယ်တမ်းတွင် သင်တို့သည် ခရစ်တော်ကို မယုံကြည်ကြ၊ ချစ်လည်း မချစ်ကြ။ ငါဆိုလိုသည်မှာ သင်တို့ ဧကန်အမှန် ယုံကြည်သောသူသည် သင်တို့ခံစားချက်များအထဲရှိ မပီပြင်သော ဘုရားသခင်သာ ဖြစ်သည်။ သင်တို့စစ်မှန်စွာ ချစ်သည်မှာ သင်တို့ နေ့ရော ညပါ သင်တို့ တောင့်တကြ သော်လည်း လူကိုယ်တိုင် မမြင်ဖူးသည့် မပီပြင်သော ဘုရားသခင်သာ ဖြစ်သည်။ ခရစ်တော်အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းမှာမူ အလွန်နည်းပြီး သူ့အပေါ် သင်တို့၏အချက်မှာ ဘာမျှမဟုတ်ပေ။ ယုံကြည်ခြင်းဆိုရာ၌ ယုံကြည်မှုနှင့် စိတ်ချမှုကိုဆိုလို၍ ချစ်ခြင်းသည် မည်သည့်အခါမျှ ခွဲခွာခြင်းမရှိသည့် ကြည်ညိုခြင်းနှင့် နှစ်ထောင်းအားရ သဘောကျခြင်းကို ဆိုလိုသည်။ ယနေ့ခရစ်တော်အပေါ်၌ထားရှိသော သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် များစွာ လိုအပ်နေ၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သူ့ကို သင်တို့ မည်သို့ယုံကြည်သနည်း။ ချစ်ခြင်းနှင့်ပတ်သက်၍ သူ့ကို သင်တို့ မည်သို့ ချစ်သနည်း။ သင်တို့သည် သူ၏ စိတ်သဘောထားကို လုံး၀နားမလည်ကြ၊ သူ၏အနှစ်သာရကို သာ၍ပင် မသိကြ။ သို့ဖြစ်လျှင် သင်တို့သည် သူ့ကို မည်သို့ ယုံကြည်ကြ သနည်း။ သူ့အပေါ် သင်တို့ယုံကြည်ကြောင်း အမှန်တရားသည် အဘယ်မှာနည်း။ သူ့ကို သင်တို့ မည်သို့ ချစ်သနည်း။ သူ့ကို သင်တို့ ချစ်ကြောင်း အမှန်တရားမှာ အဘယ်မှာနည်း။
လူတော်များစွာသည် ယနေ့ထက်ထိတိုင် ငါ့နောက်သို့ မဆိုင်းမတွ လိုက်ခဲ့ကြပြီး ဤနှစ်များ၌ သင်တို့အားလုံးသည် အလွန် ပင်ပန်းနွမ်းလျမှုကို ခံစားခဲ့ကြသည်။ ငါသည် သင်တို့ အယောက်စီတိုင်း၏ ပင်ကိုစရိုက်နှင့်အလေ့အထများကို စေ့စေ့စပ်စပ် နားလည်ပြီးဖြစ်ပြီး သင်တို့နှင့် ဆက်ဆံရသည်မှာ ငါအတွက် အလွန့်အလွန်ပင် ပင်ပန်းလှသည်။ ဝမ်းနည်းစရာ ကောင်းသောအချက်မှာ ငါသည် သင်တို့အကြောင်း အလွန်သိသော်လည်း သင်တို့သည် ငါ့အား နည်းနည်း လေးမျှပင် နားမလည်ကြသေးခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ရှုပ်ထွေးနေသည့် အချိန်၌ သင်တို့သည် လူတစ်ဦး၏ အလိမ်ခံလိုက်ရသည်ဟု လူတို့က ပြောကြသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ စင်စစ် သင်တို့သည် ငါ၏ စိတ်သဘောထားကို လုံးဝ နားမလည်ကြ။ ငါ၏စိတ်ထဲ၌ ရှိသည့်အရာကို သာ၍ပင် နားမလည်ကြ။ သင်တို့၌ရှိသည့် ငါနှင့်ပတ်သက်သော လွဲမှားသည့် အမြင်များသည် ငါ့ကို ထပ်ပြီး စော်ကားသလိုပင် ဖြစ်သည်။ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည်လည်း ဇဝေဇဝါဖြစ်နေသော ယုံကြည်ခြင်း ဖြစ်နေသေးသည်။ သင်တို့သည် ငါ့ကိုယုံကြည်ကြသည်ဟု ပြောသည်ထက် သင်တို့သည် ငါ့ဆီက မျက်နှာသာရအောင် ကြိုးစားနေကြသည်၊ ငါ့ကို ကြိုးစား ဖားနေသည်ဟု ပြောခြင်းက ပို၍ သင့်တော်ပါသည်။ ငါ့အား ဆုချနိုင်သူ မည်သူမဆို၏နောက်သို့ ငါလိုက်မည်ဖြစ်ပြီး၊ ဘုရားသခင်ဖြစ်စေ၊ မည်သည့်ဘုရားဖြစ်စေ ငါ့အား ကြီးစွာသော ဘေးအန္တရာယ်ဆိုးမှ လွတ်မြောက်စေနိုင်သူအား ငါယုံကြည်မည် ဖြစ်သည် ဟူသော သင်တို့ကို စေ့ဆော်သည့်အရာများသည် အလွန်ပင် ရိုးရှင်းလှသည်။ ယင်းတို့တွင် ငါအမှုထားစရာကိစ္စ တစ်ခုမျှမရှိပါ။ သင်တို့အထဲအတွင် ထိုသို့သော သူများစွာရှိကာ ဤအခြေအနေသည် အလွန်စိုးရိမ်ဖွယ်ကောင်းသည်။ သင်သည် သူ၏အနှစ်သာရကို ထိုးထွင်းမြင်နိုင်သဖြင့် တစ်နေ့တွင် သင်တို့အကြား လူဘယ်နှစ်ဦး ခရစ်တော်အပေါ်ယုံကြည်ကြောင်းကို သိရန် စမ်းသပ်မှုတစ်ရပ်ပြုပါက ငါဆန္ဒရှိသည့်အတိုင်း သင်တို့တစ်ယောက်မျှ မလုပ်ဆောင်နိုင်မည်ကို ငါစိုးရိမ်သည်။ သို့ဖြစ်၍ ‘သင်တို့ ယုံကြည်သော မပီပြင်သော ဘုရားသခင်သည် ငါနှင့် များစွာကွာခြားသည်။ ထို့ကြောင့် ဘုရားသခင် အပေါ်၌ထားသော သင်တို့ ယုံကြည်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်းဟူသည့် မေးခွန်းကို သင်တို့ အယောက်စီတိုင်း စဉ်းစားသင့်သည်။ သင်တို့၏ ဘုရားသခင်ဟူသည်ကို သင်တို့ ယုံကြည်လေလေ၊ သင်တို့သည် ငါနှင့်ဝေးရာသို့ လမ်းလွဲလေလေ ဖြစ်သည်။ သို့ဖြစ်လျှင် ဤပြဿနာ၏ အဓိကအချက်မှာ အဘယ်နည်း။ ဤပြဿနာကို သင်တို့ တခါမျှ မစဉ်းစားဖူးကြောင်းကို ငါ သေချာသည်။ သို့သော် ဤပြဿနာ မည်မျှအရေးကြီးသည်ကို သင်တို့ စဉ်းစားမိဖူးပါသလား။ သင်တို့ ဤပုံစံမျိုးနှင့် ဆက်လက်ယုံကြည်ခြင်း၏ အကျိုးဆက်များကို သင်တို့ စဉ်းစားဖူးပါသလား။
ယခုသင်တို့ ရှေ့မှာ ချပြလိုက်သော ပြဿနာများသည် များပြားလှပြီး ထိုပြဿနာများအတွက် အဖြေရှာရန် သင်တို့ထဲတွင် မည်သူကမျှ မကျွမ်းကျင်ကြ။ ဤသို့ဆက်ဖြစ်မည် ဆိုပါက အရှုံးနှင့် ရင်ဆိုင်ရမည့်သူများမှာ သင်တို့သာ ဖြစ်သည်။ ဤပြဿနာများကို သင်တို့သိအောင် ငါ သင်တို့ကို ကူညီမည်။ သို့သော် အဖြေများကိုတွေ့ရန်မှာ သင်တို့အပေါ် မူတည်သည်။
ရင်ထဲတွင် အခြားသူများအပေါ် သံသယ မထားသည့် သူများကို ငါအလွန် သဘောကျသည်။ အမှန်တရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါအလွန် သဘောကျသည်။ ထိုသို့သော သူနှစ်မျိုးအပေါ် ငါအလွန်ဂရုစိုက်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ မျက်စိထဲ၌ သူတို့သည် ရိုးသားသောသူများ ဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် အလွန် လိမ်လည်လှည့်ဖျားတတ်လျှင် ကိစ္စတိုင်းကိုသာမက လူတိုင်းကို သံသယဝင်နေမည်ဖြစ်၍ အမြဲသတိထား နေတတ်သည့် နှလုံးသားကို ပိုင်ဆိုင်သူ ဖြစ်နေလိမ့်မည်။ ထိုအကြောင်းကြောင့် ငါ့အပေါ်၌ ထားသော သင်တို့၏ ယုံကြည်ခြင်းသည်လည်း သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းမျိုးသည် ငါမည်သည့်အခါမျှ အသိအမှတ် ပြုမည် မဟုတ်သော ယုံကြည်ခြင်းမျိုး ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်း မရှိသောသင်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် သာ၍ပင် ဝေးကွာမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သံသယဝင်နိုင်သည့် အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေး နိုင်လျှင်၊ သင်တို့သည် လူတို့ထဲတွင် အလိမ်လည်အလှည့်ဖျား တတ်ဆုံးသူ ဖြစ်သည်ဟူသည့် အချက်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ် နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတမှု ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို မသိသော၊ ရက်စက်သော၊ လှည့်ဖျားတတ်သော၊ ကောက်ကျစ်သော ဗျူဟာများရှိသော၊ မကောင်းမှု၌သာမက အမှောင်၌ ပျော်မွေ့တတ်သော စသည့် စရိုက်လက္ခဏာများ ရှိသူလူသားအား ဘုရားသခင်နှင့်တူမတူ ကို သင်စဉ်းစားသည်။ ဘုရားသခင်သည် မည်သို့ဟူသည်ကို လူသားသည် နည်းနည်းလေးမျှ မသိသောကြောင့် ထိုသို့သောအတွေးများရှိခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နီးပါးဖြစ်သည်။ ထို့အပြင် ငါနှစ်သက်သော သူများသည် ဖားတတ်သောသူများ၊ ကိုယ်ကျိုးအတွက် မျက်နှာရအောင် လုပ်တတ်သောသူများ ဖြစ်ပြီး ထိုသို့ မလုပ်တတ်သူများကို ငါက ကြိုဆိုမည်မဟုတ်၊ သူတို့သည် ဘုရားသခင်၏ အိမ်တော်ရှိ သူတို့၏ နေရာကို ဆုံးရှုံးလိမ့်မည်ဟု ယုံကြည်ကြသူအချို့ပင် ရှိကြသည်။ ဤနှစ်များအတွင်း သင်တို့ သင်ယူ ခဲ့သောအရာအားလုံးသည် ဤအရာများ ဖြစ်သလော။ သင်တို့ ရရှိခဲ့သောအရာများသည် ဤအရာများ ဖြစ်သလော။ သင်တို့ သိထားသည့် ငါနှင့်ပတ်သက်သော အကြောင်းအရာများသည် ထိုသို့သော အမြင်မှားများ သာမကပေ။ သာ၍ဆိုးသည်မှာ သင်တို့၏ ဘုရားသခင်၏ ဝိညာဉ်ကို စော်ကားခြင်းနှင့် ကောင်းကင်ဘုံကိုလည်း အသရေညစ်နွမ်းအောင် ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၌ ရှိသည့် ယုံကြည်ခြင်းမျိုးသည် ငါနှင့် ဝေးရာသို့ သင်တို့ကို ရောက်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်၍ ငါ့ကို ပိုပြီး ဆန့်ကျင်သူများ ဖြစ်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်သည်ဟု ငါပြောခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီး ဖြစ်သည်။ သို့သော် ငါ၏ နားက မည်သည့် အကြောင်းအရာများ ကြားခဲ့သည်ကို သင်တို့ သိပါသလား။ သင်တို့ထဲတွင် ဘယ်နှစ်ဦးသည် သမ္မာတရားကို လိုလိုလားလား လက်ခံလိုကြသနည်း။ သမ္မာတရား အတွက် အဖိုးအခကို သင်တို့အားလုံး လိုလိုလားလား ပေးလိုကြသည်ဟု သင်တို့ ယုံကြည်ကြသည်။ သို့သော် သင်တို့ထဲတွင် ဘယ်နှစ်ဦး သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ ရှိသည့်အရာအားလုံးမှာ အပြစ်များသာဖြစ်သောကြောင့် လူတိုင်း၊ မည်သူမဆိုသည် လိမ်လည်လှည့်ဖျား တတ်သူများ၊ ကလိမ်ကကျစ် လုပ်တတ်သူများ ဖြစ်သည်ဟု သင်တို့ ယုံကြည်ကြသည်။ လူ့ဇာတိခံယူသော ဘုရားသခင်ပင်လျှင် သာမန်လူတစ်ယောက်ကဲ့သို့ပင် ကြင်နာတတ်သောနှလုံးသားနှင့် စေတနာ မေတ္တာမရှိသူဟုပင် သင်ယုံကြည်သည်။ ထို့အပြင် မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာ တတ်ကာ စေတနာ သဘောသဘာ၀သည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်၌သာ ရှိသည်ပြီး၊ မြေကြီးပေါ်တွင် ထိုသို့သော သူတော်စင်မျိုး တစ်ဦးတစ်ယောက်မျှ မရှိ၊ အမှောင်ထုနှင့် မကောင်းမှုကသာ အုပ်စိုးသည်၊ ဘုရားသခင်ဆိုသည်မှာ ကောင်းသောအရာများ၊ လှပသောအရာ များကို တောင့်တသောလူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူအဖြစ် လူက လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီထဲတွင်သာရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ ယုံကြည်ကြသည်။ သင်တို့၏ စိတ်ထဲတွင် ကောင်းကင်ဘုံ၌ ရှိသောဘုရားသခင်သည် ကိုယ်ကျင့်တရားအလွန် ထူးကဲကောင်းမွန်သောသူ၊ အလွန်ဖြောင့်မတ်သောသူ၊ ကြီးမြတ်သောသူ၊ ဝတ်ပြုကိုးကွယ်ထိုက်သောသူ၊ နှစ်သက်ဖွယ် ကောင်းသောသူဖြစ်ပြီး မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ကိုယ်စားဖြစ်၍ ဘုရားသခင် အသုံးပြုသည့် တန်ဆာပလာတစ်ခုသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူနိုင်၊ ဤဘုရားသခင်ကို ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အဖြစ် တစ်ချိန်တည်းတွင် ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ ယုံကြည်ကြသည်။ ကြီးမြတ်မှုနှင့် ဂုဏ်အသရေ နှင့်ပတ်သက်၍၊ ၎င်းတို့သည်ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်ဆိုင်သော အရာများ ဖြစ်သော်လည်း လူ့သဘာဝနှင့် အကျင့်ပျက်မှုနှင့်ပတ်သက်၍မူ၊ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့်ဆိုင်သော ဂုဏ်သတ္တိများ ဖြစ်သည်၊ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အစဉ်မြင့်မြတ်သောသူဖြစ်သော်လည်း မြေကြီးပေါ်၌ ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါသောသူ၊ အားနည်းသောသူ၊ အရည်အချင်း မပြည့်မီ သောသူဖြစ်သည်၊ ကောင်းကင်ဘုံမှ ဘုရားသည် စိတ်ခံစားမှုအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ ရှိပြီး တရားမျှတမှု မရှိ၊ ကျိုးကြောင်းဆင်ခြင်တတ်ခြင်း မရှိ၊ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ကောက်ကျစ်သောဆန္ဒ အနည်းငယ်မျှ မရှိ၊ အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ မရိုးသားသောစိတ် ရှိသည်၊ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှု ထားခြင်းပင်ပြုသည် ဟု သင်တို့ ယုံကြည်ကြသည်။ သင်တို့သည် ဤသို့ မှားယွင်းသည့်အယူအဆမျိုးကို သင်တို့၏နှလုံးသားထဲ၌ထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင် လည်း အလားတူ ဆက်တွေးကောင်းတွေးနိုင်သည်။ ခရစ်တော်လုပ်ဆောင်သမျှကို သင်တို့သည် မဖြောင့်မတ်သော သူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်၊ ခရစ်တော် မည်သူဖြစ်ကြောင်းနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ကောက်ကျစ်သူတို့၏ ရှုထောင့်မှ သုံးသပ် ကြသည်။ သင်တို့ရှေ့ကလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ ကြသည်။ ဆိုလိုသည်မှာ သင်တို့သည် ဦးခေါင်း၌ သရဖူရှိပြီး ကောင်းကင်ဘုံ၌ရှိသည့် မြင့်မြတ်သော ဘုရားသခင်ကိုသာ အစေခံကြပြီး အလွန်အရေးမပါ လွန်းသဖြင့် မြင်နိုင်စွမ်းမရှိ ဟုသဘော ထားသည့် ဘုရားသခင်ကိုမူ သင်တို့ အစေမခံပေ။ ဤသည်မှာ သင်တို့၏ အပြစ်မဟုတ်လော။ ထိုသို့ပြုခြင်းသည် ဖြစ်နေကျအတိုင်း ဘုရားသခင်၏ စိတ်သဘောကို စော်ကားသည့် နမူနာတစ်ခု မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြသည်။ စကားပြောကောင်းသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးနိုင်သော ဘုရားသခင်ကို သင်ဝမ်းမြောက်စွာနာခံ၍ သင်၏ အလိုဆန္ဒ မှန်သမျှကို ဖြည့်ဆည်းပေးနိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင် မကိုးကွယ်သည့်ဘုရားသခင်မှာ မခမ်းနားသော ဘုရားသခင် ဖြစ်သည်။ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ ဘယ်လူကမျှ အထင်မကြီးနိုင်သည့် ဘုရားသခင်နှင့် ပတ်သက်ခြင်း ဖြစ်သည်။ သင် မလုပ်လိုသည့် တစ်ခုတည်းအသော အရာမှာ သင့်ကို တစ်ပြားမှမပေးဖူးသည့် ဘုရားသခင်ကို အစေခံခြင်း ဖြစ်သည်။ သူ့ကို သင် တောင့်တအောင် မလုပ်နိုင်သော ဘုရားသခင်မှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်သည် သင်၏ ဆန္ဒကို ဖြည့်ဆည်းဖို့မဆိုနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သလို သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင် ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ဖူးပါသလော။
သင်ပြုသောအမှုသည် ခရစ်တော်ကို စော်ကားသည်သာ မဟုတ်၊ ဤထက်သာ၍ အရေးကြီးသည်မှာ ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကိုလည်း စော်ကားခြင်း ဖြစ်သည်။ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့ စော်ကားဖို့ မဟုတ်ဟု ငါထင်သည်။ သင်တို့၌ ဘုရားသခင် ဝမ်းမြောက်စေဖို့ သင်တို့ အလွန်လိုလား ကြသည်။ သို့သော် သင်တို့သည် ဘုရားသခင်နှင့် အလွန်ဝေးလျက်ရှိသည်။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်နည်း။ သင်တို့သည် သူ၏ စကားများကိုသာ လက်ခံကြပြီး သူ၏ ပြုပြင်မှုနှင့် ကိုင်းသင်မှုကိုတော့ လက်မခံကြခြင်း ဖြစ်သည်။ ဤမျှမဆိုနှင့် သူ့ကိုအပြည့်အဝယုံကြည်စေရန်အတွက် သူလုပ်ဆောင်သော အစီအစဉ်တိုင်းကိုပင် သင်တို့ သာ၍လက်မခံနိုင်ကြပေ။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်နည်း။ နောက်ဆုံး သုံးသပ်ချက်အရ သင်တို့၏ ယုံကြည်ခြင်းသည်အထဲမှာ ဘာမျှမရှိ၊ အကောင်ဘယ်တော့မှ မပေါက်နိုင်သော ကြက်ဥခွံလိုဖြစ်သည်။ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ထံသို့ သမ္မာတရား မယူဆောင်လာပေး၊ အသက်ကို မရေစေဘဲ ဆက်လက်အသက်ရှင်နိုင်သည်ဟူသည့် လွဲမှားသော ခံစားချက်နှင့် မျှော်လင့်ခြင်းကို ယူဆောင်လာပေးခဲ့သည်။ သင်တို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက် မှာ ထိုသို့သော လွဲမှားသည့် ခံစားချက်နှင့် မျှော်လင့်ခြင်းကြောင့် ဖြစ်သည်၊ သမ္မာတရားနှင့် အသက်ကို ရလိုသောကြောင့် ယုံခြင်း မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင် အပေါ်၌ထားသော သင်တို့၏ယုံကြည်ခြင်းသည် အလွန်ဖားချင်သောစိတ်နှင့် အရှက်အကြောက်မရှိ ဘုရားသခင်ထံမှ မျက်နှာရအောင် ကြိုးစား လုပ်ဆောင်လိုခြင်း သက်သက် ဖြစ်၍ စစ်မှန်သော ယုံကြည်ခြင်းဟု မည်သည့်နည်းနှင့်မျှ မသတ်မှတ်နိုင်သော ယုံကြည်ခြင်းမျိုးဟု ငါပြောခြင်းဖြစ်၏။ ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သို့ ကြက်အကောင် ပေါက်နိုင်သနည်း။ တစ်နည်းအားဖြင့် ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သည့်အသီး သီးနိုင်သနည်း။ သင်တို့ ဘုရားသခင်ကို ယုံကြည်သည်မှာ သင်တို့၏ ရည်ရွယ်ချက်များ ပြည့်စုံစေရန် ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောကို သင်တို့က စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင် ရှိသည်ဟု ယုံသော်လည်း မြေကြီးပေါ်၌ ဘုရားသခင်ရှိသည် ဟူသည့် အချက်ကိုတော့ လက်မခံကြ။ သို့ရာတွင် သင်တို့၏ အမြင်များကို ငါလက်မခံ။ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသော သူများကိုသာ ငါလက်ခံသည်။ မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကို ငါတစ်ခါမျှ လက်မခံဖူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သော သူများ မည်မျှ သစ္စာရှိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သော သူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည် မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သူများ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို တကြိမ်တခါမျှဝမ်းမြောက်ဝမ်းသာမနာခံဖူးသော ကောက်ကျစ်သူများဖြစ်သည်။ မှန်ပါသည်၊ ထိုသူတို့အထဲတွင် ခရစ်တော်ကိုမသိသူများ၊ ခရစ်တော်ကိုအသိအမှတ် မပြုသူများ ပါဝင်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ်သစ္စာရှိနေသရွေ့ သင်သည်ခရစ်တော်ကို စိတ်ကြိုက် ဆက်ဆံနိုင်သည်ဟု ယုံကြည်နေသည်။ မှား၏။ ခရစ်တော်ကို မသိခြင်းသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မသိခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သင်မည်မျှ သစ္စာရှိသည်ဖြစ်စေ သင်၏ စကားသည် အချည်းနှီးသာ ဖြစ်သည်၊ ဟန်ဆောင်မှုမျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေကြီးပေါ်၌ရှိသော ဘုရားသခင်သည် သမ္မာတရားနှင့် သာ၍နက်နဲသော အသိဉာဏ်ကို လူရရှိဖို့ လုပ်ပေးရာတွင် အဓိကကျသူ ဖြစ်သည့်အပြင် လူကို ဝေဖန်ပြစ်တင်ပြီးနောက် ကောက်ကျစ်သောသူများကို ဒဏ်ပေးရန် အချက်အလက်များ ရယူရာတွင်လည်း အဓိကကျသူ ဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းသည့်အကျိုးဆက်နဲ့ ဆိုးသည့်အကျိုးဆက်များကို သင် ယခု နားလည်ပြီလော။ ထိုအကျိုးဆက်များကို သင် ခံစားဖူးပြီလော။ ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည် ဟူသည့် သမ္မာတရားကို သင်တို့ တနေ့နားလည်ဖို့ ငါဆန္ဒရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါ မဖြစ်ပါနှင့်။ အရေးသိပ်မကြီးသည့် အရာကိုလည်း တကယ်အရေးကြီးသည့် အရာထက်ပိုပြီး ဦးစားမပေးပါနှင့်။ သို့မှသာ ဘုရားသခင်နှင့် သင့်အကြားတွင် ကောင်းမွန်သော ဆက်ဆံရေး အမှန်တကယ် တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယုံကြည် သူအဖြစ် သင့်ကိုယ်သင် ခံယူထားသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သော်လည်း ငါနှင့် ဝေးနေသေးလျှင် သင်သည် ဘုရားသခင်၏စိတ်သဘောထားကို မကြာခဏ စော်ကား သောကြောင့် ဖြစ်ပြီး သင်၏ အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်သည်ဟု ငါပြော၏။ ငါနှင့် နှစ်အတန်ကြာ ပေါင်းသင်းခဲ့ခြင်းက သင့်ကို ကိုယ်ချင်းစာစိတ်ရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ သင်၏ မကောင်းသော စရိုက်များကို သင်၏ သဘာ၀ ဖြစ်လာစေ၍ သင်၏မိမိကိုယ်ကိုယ် ကြီးကျယ်ခန်းနားသည်ဟု ထင်ယောင်မှားခြင်းများသည် အရင်ကထက်နှစ်ဆ များလာသည်သာမက ငါ့ကိုလည်း သာ၍ နားလည်မှုလွဲလာပြီး ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထားလာသည်အထိဖြစ်လျှင် သင်၏ရောဂါသည် အရေပြား၌ သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါ ပြောသည်။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေး သည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ ဘုရားသခင်အဖြစ် တောင်းခံရန် မလိုတော့ပေ။ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ် ပေးထိုက်သောအပြစ်ကို ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်က သင်၏အသက်ကို နုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားခြင်းသည် သာမန်ပြဿနာ တစ်ခုမဟုတ် အလွန်ကြီးလေး သဘာ၀ရှိသော ပြဿနာ တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ ထပ်ပြောရမည်ဆိုလျှင် - သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ် ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးလိမ့်မည်။ သင်တို့အားလုံးကို ငါဆုံးမလိုသည့် တစ်ခုတည်းသော အချက်မှာ ဤအချက်ပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မိတ်ဆွေက ဆောင်းပါတွေကို နှစ်သက်တာ ဖြစ်နိုင်ပါတယ် ဧဝံဂေလိ စာအုပ်
No comments:
Post a Comment