ဘုရားသခင်သည် ပထမအကြိမ် လူ့ဇာတိကိုခံယူခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိ သန္ဓေ စွဲယူခြင်းမှတစ်ဆင့်ဖြစ်ပြီး ယင်းသည် သူလုပ်ရန် ရည်ရွယ်ထားသော အလုပ်နှင့် သက်ဆိုင်သည်။ ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏ အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ အမည်ကို စတင်၍ သက်သေခံခဲ့ပြီး ယေဟောဝါ၏ အမည်ကို ထပ်မံပြောကြားခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်သစ်ကို လုပ်ဆောင်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သယ်ဆောင်လာခြင်းဖြစ်ပြီး၊ သူတို့လုပ်ခဲ့သော အလုပ် သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကထားပြီး လုပ်ဆောင်ခဲ့သော အလုပ်များ အဆုံးသတ်သို့ ရောက်ခြင်းကို ဆိုလိုသည်။ ၎င်းအချိန်မှစတင်၍ ဘုရားသခင်၏ အမည်သည် ယေဟောဝါအဖြစ် ဆက်ရှိ မနေတော့ပေ။ ယင်းအစား သူ့ကို ယေရှုဟု ခေါ်ပြီး ဤနေရာမှ စတင်၍ သနှ့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် လူသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ဆဲဖြစ်ပြီး ပညတ်တော်ခေတ်၏ အလုပ်များအတိုင်း အရာရာကို လုပ်ဆာင်နေဆဲဖြစ်ရာ—ဤနေရာရှိ စည်းမျဉ်းများကို သင်သည် မျက်စိမှိတ်လျက် လိုက်နာ နေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိနေခြင်း မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်လာပြီကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟု ခေါ်ဆဲ ဖြစ်နိုင် သလား။ ယေဟောဝါသည် ဣသရေလ လူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်၊ သူလာသည့်အခါ သူ့ကို မေရှိယဟု မခေါ်ပဲ ယေရှုဟု ခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူထပ်လာအုံးမည်၊ သူသည် ကိုယ်တော် ထွက်ခွာသွားသည်ကဲ့သို့ ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ယင်းတို့မှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သော်လည်း သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလား။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း သူသည် သူကိုယ်တိုင် လူအများကြား ဖြူသော မိုးတိမ်ပေါ်တွင် ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလား။ ထိုသို့ဖြစ်ခဲ့ပါက ကိုယ်တော့်ကို ယေရှုဟု ခေါ်ဆဲ ဖြစ်လိမ့်မည် မဟုတ် လော။ ယေရှု တဖန်ပြန်လာသောအခါ ခေတ်သည် ပြောင်းနေပြီး ဖြစ်လိမ့်မည်ဖြစ်ရာ သူ့ကို ယေရှုဟု ခေါ်ဦးမည်လား။ ဘုရားသခင်ကို ယေရှု အမည်ဖြင့်သာ သိခဲ့ခြင်း ဖြစ်ပါသလား။ ခေတ်သစ်တွင် သူသည် အမည်သစ်ဖြင့် အခေါ်ခံရခြင်း မဖြစ်နိုင်ဘူးလား။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် တစ်ခုတည်းသော အမည် သည် ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ပါသလား။ ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင် သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသော ခေတ်များတွင် တူညီသော အလုပ်ကို သူ့မှာ မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို ဆုပ်ကိုင်ထားနိုင်မည်နည်း။ ယေရှု အမည်နာမကို ရွေးနှုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသော ကာလတွင် သူပြန်လည် ကြွလာသောအခါ ထိုအမည်ကိုဘဲ ခေါ်နေဆဲ ဖြစ်မည်လား။ သူသည် ရွေးနှုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လား။ မတူညီသော ခေတ်များတွင် မတူညီသော နာမတော်များဖြင့် ခေါ်ဆိုခြင်း ခံကြရ သော်လည်း အဘယ်သို့လျှင် ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်း ဖြစ်သနည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များ မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ဘူးလား။ သို့ဖြစ်လျှင် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့် အမည်တစ်ခုကမျှ ဘုရားသခင် ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ဘဲ အမည်တစ်ခုချင်းသည် သက်ဆိုင်ရာ ခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီ ရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏ အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင် သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏ စိတ်သဘောထားနှင့် လိုက်လျောညီထွေ ရှိစေမည့် မည်သည့် နာမတော်ကို မဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။ ကျေးဇူးတော် ခေတ် အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်လာခဲ့ပြီး ယေရှုသည် လာရောက်ခဲ့ပြီး ဖြစ်သည်။ သူ့ကို မည်သို့လျှင် ယေရှုဟု ဆက်ခေါ်မည်နည်း။ သူ့အနေဖြင့် မည်သို့လျှင် လူများအကြားတွင် ယေရှု၏ ပုံသဏ္ဌာန်ကို ယူနိုင်မည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင် မေ့သွားပြီလား။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနှုတ်သူသာ ဖြစ်သည်ဆိုသည်ကို သင်မေ့သွားပြီလား။ နောက်ဆုံးသော ကာလတွင် သူသည် အဘယ်သို့လျှင် သိမ်းပိုက်ခြင်းနှင့် လူကိုစုံလင်ခြင်းသို့ ရောက်စေခြင်း အလုပ်ကို လုပ်နိုင် မည်နည်း။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာသွားသည်—ယင်းမှာ မှန်သော အချက် ဖြစ်သည်—သို့သော်လည်း သူသည် မည်သို့လျှင် လူများကြားတွင် ဖြူသော မိုးတိမ်ကို စီးလျက် ပြန်လာပြီး ယေရှုဟုပင် အခေါ်ခံရဆဲမှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် ဖြူသော မိုးတိမ်ပေါ်တွင် အမှန်စင်စစ် ရောက်ရှိလာခဲ့ပါက၊ လူသားသည် သူ့ကို မည်သို့လျှင် မမှတ်မိဘဲ ရှိမည်နည်း။ ကမ္ဘာတဝှမ်းရှိ လူများအားလုံး သူ့ကို မှတ်မိမည် မဟုတ်လား။ သို့ဖြစ်လျှင် ယေရှု တစ်ပါးတည်းသည်သာ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်ပါသလော။ သို့ဖြစ်လျှင် ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ယုဒတစ်ယောက်၏ သွင်ပြင်မျိုး ဖြစ်ရုံ သာမက ထာဝရ ထိုသို့ ဖြစ်နေလိမ့်မည် မဟုတ်လား။ ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း သူ့နှုတ်ကပတ်တော်များ၏ အမှန်တကယ် အဓိပ္ပာယ်ကို သင်သိပါသလား။ သင်တို့ အုပ်စုကို ထိုအရာ သူပြောသည်မှာ ဖြစ်နိုင်သလား။ သင်သိထားသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကို စီးလျက် သူပြန်လာလိမ့်မည်၊ သို့သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အလုပ်ကို မည်ကဲ့သို့ လုပ်ကိုင်သည်ကို သင်အတိအကျ သိပါသလား။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အဓိပ္ပာယ် ဖွင့်မည်နည်း။ သူပြောခဲ့သည်မှာ "နောက်ဆုံးသောကာလတွင် လူသား၏ သားတော် ကြွလာသောအခါ သူကိုယ်တော်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ တမန်တော်များ သိလိမ့်မည်မဟုတ်၊ လူသား မျိုးနွယ် အားလုံးတို့သည် သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည်။’’ အကယ်၍ သင်သာ သိနိုင်မြင်နိုင်စွမ်း ရှိမည်ဆိုပါက ဤစကားလုံးများ သည် အဓိပ္ပာယ်မဲ့ ဖြစ်မည်မဟုတ်ပါလား။ လူ၏ သားတော်ပင်လျှင် သိသည် မဟုတ်သည့်အတွက် သင်သည် အဘယ်သို့လျှင် မြင်နိုင် သိနိုင်မည်နည်း။ အကယ်၍ သင်သည် သင်၏ မျက်စိဖြင့် မြင်နိုင်ခဲ့ပါက ဤစကားလုံးများကို ပြောသည်မှာ အချည်းနှီးဖြစ်မည် မဟုတ်ပါလော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ "ထိုနေ့ရက်နှင့် နာရီတို့ကို မည်သူမျှ မသိ၊ မသိနိုင်၊ ကောင်းကင်မှ ကောင်းကင်တမန်များလည်း မသိနိုင်၊ သို့သော်လည်း ငါ၏ အဘသာလျှင် သိသည်။ သို့ရာတွင် နောဧ၏ နေ့ရက်များကဲ့သို့ပင် လူ၏ သားတော်လာရောက်ခြင်းသည်လည်း အလားတူ ဖြစ်လိမ့်မည်။.... သို့ဖြစ်ရာ လူ၏ သားတော်မလာဟု သင်တို့ထင်သည့် နာရီအတွက် သင်တို့သည်လည်း အသင့်ပြင်ကြလော့။" ထိုနေ့ရက် ရောက်လာသည့်အခါ လူ၏ သားတော် ကိုယ်တိုင်သိလိမ့်မည် မဟုတ်ပေ။ လူ၏ သားတော်ဆိုသည်မှာ လူ့ဇာတိခံယူတော်မူသော ဘုရားသခင်၊ သာမန်နှင့် ရိုးရိုး လူပုဂ္ဂိုလ်ကို ဆိုလိုသည်။ ထိုသူကိုယ်တိုင်ပင်လျှင် သူ့ကိုယ်သူ မသိလျှင် သင်သည် မည်သို့လျှင် သိသနည်း။ ယေရှုပြောခဲ့သည်မှာ သူသည် ထွက်ခွာသွားသကဲ့သို့ သူပြန်လည် ရောက်ရှိလိမ့်မည်။ သူရောက်ရှိမည့် အချိန်ကို သူကိုယ်တိုင်ပင်လျှင် မသိ၊ သို့ဖြစ်ရာ သင့်ကို ကြိုတင်ပြီး သူက မည်သို့ အသိပေးနိုင်မည်နည်း။ သင်သည် သူဆိုက်ရောက်ခြင်းကို မြင်နိုင်မည်လား။ ယင်းသည် ရယ်စရာ ပြက်လုံး မဟုတ်ဘူးလား။ ကမ္ဘာမြေကြီးသို့ ဘုရားသခင်လာသည့်အခါတိုင်း သူ၏ နာမတော်၊ သူ၏ လိင်သဘာဝ၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အလုပ်တို့ကို ပြောင်းလဲသည်၊ သူသည်သူ၏ အလုပ်ကို ထပ်ကာ ထပ်ကာ မလုပ်။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က ကိုယ်တော်လာသည့်အခါ သူ့ကို ယေရှုဟု ခေါ်သည်၊ ဤတစ်ကြိမ် သူလာသည့်အခါ သူ့ကိုယေရှုဟု ဆက်ခေါ်နေဆဲ ဖြစ်မည်လား။ ယခင်က သူလာသောအခါ သူသည် ယောကျာ်းဖြစ်သည်၊ ဤတစ်ကြိမ်တွင်လည်း သူသည် ယောကျာ်း ဖြစ်နိုင်ပါသလား။ ကျေးဇူးတော်ခေတ်အတွင်း လာစဉ်က သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရန် ဖြစ်သည်။ သူနောက်တစ်ကြိမ် လာသည့်အခါ လူသား မျိုးနွယ်ကို အပြစ်မှ ရွေးနှုတ်နိုင်ဆဲ ဖြစ်သလော။ သူသည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် နောက်တစ်ကြိမ် အရိုက်ခံနိုင်ပါဦးမည်လား။ ယင်းသည် သူ့အလုပ်ကို ထပ်လုပ်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဘုရားသခင် သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်မသိဘူးလား။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လား။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလား။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လား။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထားဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို—သူ၏ ဖြစ်ခြင်းကို—လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော "ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ" ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော "ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ" ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမတော်အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။
ဘုရားသခင်သည် အမြဲတမ်း ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန်မဖြစ်လာပါ။ စာတန် သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့သြဖွယ်ရာများ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူသည် အစဉ် အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းအိုခြင်း မရှိသည့်အတွက်၊ သူ၏ အလုပ်သည် အစဉ် တိုးတက်ကာ ရှေ့သို့ သွားနေပြီး အစဉ်အမြဲ ပိုမို နက်ရှိုင်းနေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမတော် အသစ်ကို ရယူသည်၊ ခေတ်တိုင်းတွင် သူသည် အလုပ်အသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူဖန်ဆင်းသော သတ္တဝါများကို သူ၏ အလိုတော် အသစ်နှင့် စိတ်သဘောထား အသစ်ကို မြင်စေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားအသစ် ဖော်ပြချက်ကို မြင်နိုင်ရန် ပျက်ကွက်ပါက၊ သူတို့သည် သူ့ကို လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် တစ်သက်လုံး ရိုက်ကြလိမ့်မည် မဟုတ်ပါလား။ ထိုသို့ ပြုလုပ်ခြင်းကြောင့် သူတို့ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည် မဟုတ်ပါလား။ ဘုရားသခင်သည် ယောကျာ်းတစ်ယောက် အဖြစ်သာ လူ့ဇာတိကို လာရောက်ခဲ့ပါက၊ လူများသည် သူ့ကို ယောကျာ်းအဖြစ်သာ၊ လူယောကျာ်းများ၏ ဘုရားသခင်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုကြလိမ့်မည်ဖြစ်ပြီး သူ့ကို လူမိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့် အခါမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ယောကျာ်းများက ဘုရားသခင်ကို သူတို့ကဲ့သို့ ယောကျာ်း အဖြစ်သာ ဘုရားသခင်သည် ယောကျာ်းများ၏ ခေါင်းဆောင်အဖြစ်သာ နားလည်ထားလိမ့်မည်။ သို့သော်လည်း မိန်းမများအတွက် မည်သို့ ဖြစ်မည်နည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု မဟုတ်ပါ လား။ ယင်းသို့ဖြစ်ပါက ထိုအခါတွင် ဘုရားသခင်ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောကျာ်းများ သာ ဖြစ်ပြီး မိန်းမတစ်ဦးတစ်ယောက်ကိုမျှ ကယ်တင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည့်အခါ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး သူသည် ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ ဖန်ဆင်းခဲ့ခြင်း မဟုတ်ဘဲ ယောကျာ်းနှင့် မိန်းမကိုသူ၏ သဏ္ဌာန်တော်အတိုင်း ပြုလုပ် ခဲ့သည်။ ဘုရားသခင်သည် ယောကျာ်းများ၏ ဘုရားသခင်သာမဟုတ်ဘဲ၊ သူသည် မိန်းမများ၏ ဘုရားသခင် လည်း ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ခေတ်သစ် အလုပ်အဆင့် တစ်ခုသို့ ဝင်ရောက်သည်။ သူသည် သူ၏ စိတ်သဘောထားကို ပိုမို ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ယေရှုကာလ၏ ကိုယ်ချင်းစာမှုနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်လိမ့်မည်မဟုတ်ပေ။ သူ့လက်တော်တွင် အလုပ်သစ်ရှိသည်ဖြစ်ရာ ယင်းအလုပ်သစ်သည် စိတ်သဘောထား အသစ်နှင့် ယှဉ်တွဲ ပါလာလိမ့်မည်။ ထို့ကြောင့် ယင်းအလုပ်ကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက—ဘုရားသခင်သည် လူ့ဇာတိကို ခံယူခဲ့ခြင်း မရှိပါက၊ ယင်းအစား ဝိညာဉ်တော်က မိုးကြိုးမှ တဆင့် တိုက်ရိုက်စကားပြောခဲ့ပါက၊ လူသည် သူနှင့် ဆက်သွယ်ရန် လမ်းကြောင်း ရှိမည် မဟုတ်ပါက၊ လူသည် သူ၏ စိတ်သဘောထားကို သိနိုင်ပါမည်လား။ ဝိညာဉ်တော် တစ်ပါးတည်း သာလျှင် အလုပ်လုပ်ခဲ့ပါက လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိလာရန် လမ်းရှိမည်မဟုတ်ခဲ့ပေ။ သူလူ့ဇာတိ ခံယူတော်မူသော အခါတွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာသောအခါတွင်၊ သူသည် လူ့ဇာတိမှတဆင့် သူ၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြသော အခါတွင်သာ၊ သူတို့ကိုယ်တိုင် သူတို့၏ မျက်စိဖြင့် မြင်ခဲ့ပါက လူများသည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်နိုင်လိမ့်မည်။ ဘုရားသခင် သည် လူအများကြားတွင် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်သည်။ သူသည် ထိတွေ့နိုင်သည်၊ လူသည် သူ၏ စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်တည်ခြင်းကို ထိတွေ့နိုင် သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် လူသည် သူ့ကို အမှန်တကယ် သိလာနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် "ဘုရားသခင်သည် ယောကျာ်းများ၏ ဘုရားသခင်ဖြစ်သလို မိန်းမများ၏ ဘုရားသခင်ဖြစ်သည်" ဆိုသည့် အလုပ်ကို ဘုရားသခင်သည် ပြီးပြည့်စုံစေခဲ့ပြီး လူ့ဇာတိထဲရှိ သူ၏ အလုပ်အလုံးစုံကို ပြီးမြောက်စေခဲ့သည်။ သူသည် မည်သည့်ခေတ်တွင်မှ အလုပ်များကို မထပ်စေခဲ့ပါ။ နောက်ဆုံးသောကာလ ရောက်လာပြီး ဖြစ်သည့် အတွက် သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်သော အလုပ်များကို လုပ်လိမ့်မည်ဖြစ်ပြီး၊ သူ၏ နောက်ဆုံးကာလ စိတ်သဘောထား အလုံးစုံကို ဖော်ထုတ်လိမ့်မည်။ နောက်ဆုံးသော ကာလအကြောင်း ပြောသောအခါ ယင်းသည် မတူညီသော ခေတ်ကို ဆိုလိုသည်၊ ယင်းခေတ်တွင် ယေရှုသည် သင်သည် သေချာပေါက် ဘေးအန္တရာယ်များ ကြုံတွေ့လိမ့်မည်၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါ တို့ကို ကြုံတွေ့မည်ဟု ပြောခဲ့ရာ၊ ယခုအချိန်သည် ခေတ်သစ်ဖြစ်သည်ကို ပြနေသည်၊ ဟောင်းနွမ်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့ပါ။ ယင်းသို့ဖြစ်လေရာ၊ လူများက ပြောသည့်အတိုင်း ဘုရားသခင်သည် မည်သည့်အခါမျှ မပြောင်းလဲ၊ သူ၏ စိတ်သဘောထားသည် အစဉ်အမြဲ သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာ ဖြစ်ကာ၊ သူသည် သူ့ကိုယ်သူ ချစ်သကဲ့သို့ လူသားကို ချစ်မည်၊ သူသည် လူတိုင်းကို ကယ်တင်ခြင်း ပေးပြီး၊ လူကို မည်သည့်အခါမျှ မမုန်း၊ ယင်းသို့ ဖြစ်ပါက သူ၏အလုပ်သည် အဆုံးသို့ ရောက်နိုင်ပါ့မည်လား။ ယေရှု လာခဲ့ပြီး လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခံရသော အခါ၊ သူကိုယ်တိုင် အပြစ်သားအားလုံးအတွက် ပေးဆပ် တော်မူပြီး ယဇ်ပလ္လင်တော်တွင် ကိုယ့်ကိုယ်ကို ပူဇော်တော်မူခြင်းဖြင့် သူသည် ရွေးနှုတ်ခြင်း အမှုတော်ကို ပြီးဆုံးခဲ့ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ သို့ဖြစ်ရာ ထိုခေတ် အလုပ်များကို နောက်ဆုံး သော ကာလတွင် အဘယ်ကြောင့် လုပ်ရန် လိုအပ်ဦးမည်နည်း။ ထိုအလုပ်များ ပြန်လုပ်ခြင်းသည် ယေရှု၏ အလုပ်ကို ငြင်းပယ်ရာ မရောက်ပေဘူးလား။ ဤခေတ်တွင် သူလာသောအခါ ဘုရားသခင်သည် လက်ဝါး ကပ်တိုင်တွင် အသေခံခြင်းအလုပ်ကို မလုပ်ခဲ့ဘဲ၊ သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာကိုသာ ဆက်လက် ထားရှိခဲ့ပါက သူသည် ခေတ်ကို အဆုံးသတ်ရန် တတ်နိုင်ပါမည်လား။ ချစ်မြတ်နိုးတတ်သော ကြင်နာ သနားတတ်သော ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်နိုင်ပါမည်လား။ ခေတ်ကိုအဆုံးသတ်သော သူ၏ နောက်ဆုံးအလုပ်တွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ခုဖြစ်ပြီး ယင်းတွင် လူအားလုံးကို လူအများရှေ့မှောက်တွင် တရားစီရင်ရန်နှင့် သူ့ကို ရိုးဖြောင့်သော စိတ်နှလုံးဖြင့် ချစ်မြတ်နိုးသော သူများကို ပြည့်စုံခြင်းသို့ ရောက်စေရန် သူသည် မဖြောင့်မတ်မှုများကို ဖော်ထုတ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်သို့ ရောက်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏ သဘာဝအပေါ်မူတည်၍ အမျိုးအမျိုးသော အမျိုးအစား များအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံး ပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရသော လူများ သည် သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ တစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင် သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏ စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိ လိမ့်မည်ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံ အားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်း ဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များ အားလုံးသည် ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ အဘယ်ကြောင့်ဆိုသော် လူသား၏ ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင် ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အခြေခံ ရောစပ်မှုတစ်ခုဖြစ်ပြီး နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းဖြင့် လူသားကိုအပြည့်အဝ ပြောင်းလဲပြီး ပြီးပြည့်စုံစေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။ သို့ဖြစ်ရာ ယင်းသို့သော စိတ်သဘောထားသည် လောကီရေးရာ အရေးပါမှုများ ပြည့်ဝနေပြီး သူ၏ စိတ်သဘောထား ဖွင့်ဟချက်နှင့် ဖော်ပြချက်သည် ခေတ်သစ်တစ်ခုစီ၏ အလုပ်အတွက် ထင်ရှားပြသသည်။ ယင်းမှာ ဘုရား သခင်သည် သူ၏ စိတ်သဘောထားကို စိတ်ကူးပေါက်သည့်အတိုင်းနှင့် သိသာထင်ရှားမှုမရှိဘဲ ထုတ်ဖော်ခြင်း မဟုတ်ပေ။ သို့ဖြစ်ရာ နောက်ဆုံးသောကာလအတွင်း လူ၏ ရလဒ်ကို ထုတ်ဖော်ရာတွင် ဘုရားသခင်သည် လူသားအပေါ်တွင် အဆုံးမဲ့ စာနာမှုနှင့် ချစ်ခြင်းမေတ္တာတို့ကို ပေးပြီး သူ့ကို ဆက်လက်ချစ်မြတ်နိုးစေကာ ဖြောင့်မတ်သော တရားစီရင်မှုကို မခံရစေဘဲ သူ့ကို သည်းခံနိုင်မှု၊ စိတ်ရှည်မှုနှင့် ခွင့်လွှတ်မှုတို့ပြသကာ လူသားကို သူ၏ အပြစ်မည်မျှ ကြီးမားသည်ဖြစ်စေ ဖြောင့်မတ်သော တရားစီရင်မှုကို မြူမှုန်မျှ မရှိစေပဲ ရှိလိမ့်မည်။ သို့ဖြစ်လျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူသားမျိုးနွယ်ကို သင့်လျော်သော ခရီးဆုံးသို့ မည်သည့် အချိန်တွင် ပို့ဆောင်ပေးမည်နည်း။ ချစ်ခြင်းမေတ္တာ အစဉ်အမြဲရှိသော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ဥပမာအားဖြင့် ယူလိုက်ပါ။ သူသည် လူများကို သူတို့ ကျူးလွန် ခဲ့သောအမှု မည်သို့ပင်ရှိစေ ချစ်မြတ်နိုးပြီး သူတို့ မည်သူ ဖြစ်စေကာမူ သူသည် သူတို့ကို ချစ်ခင်မြတ်နိုးပြီး သည်းခံခွင့်လွှတ်သည် ဆိုပါစို့။ ထိုအခြေအနေတွင် သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့် အခါတွင် ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်း ဖြောင့်မတ်သော တရားစီရင်မှု သည်သာလျှင် လူသားကို သူတို့ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး လူသားကို နယ်ပယ်သစ်သို့ ယူဆောင်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း၏ စိတ်သဘောထားမှ တစ်ဆင့် အဆုံးသို့ ရောက်ရှိလိမ့်မည်။
သူ၏ စီမံခန့်ခွဲမှု အလုံးစုံ တစ်လျှောက်တွင် ဘုရားသခင်၏ အလုပ်သည် စုံလင်ရှင်းလင်းသည်။ ကျေးဇူးတော် ခေတ်သည် ကျေးဇူးတော် ခေတ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလ ဖြစ်သည်။ ခေတ်တစ်ခုချင်းစီအတွင်း သိသာသော ခြားနားမှုများ ရှိသည်၊ အကြောင်းမှာ ထိုခေတ်တစ်ခုချင်းစီ အတွက် ဘုရားသခင်၏ လုပ်ဆောင်မှုမှာ ထိုခေတ်ကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ အလုပ်ပြီးမြောက်စေရန်အတွက်၊ ထိုခေတ်ကို အဆုံးသတ်စေရန် လောင်ကျွမ်းမှု၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ဒေါသအမျက်နှင့် ဖျက်စီးမှုများ ရှိရမည် ဖြစ်သည်။ နောက်ဆုံးသော ကာလ ဆိုသည်မှာ နောက်ဆုံးခေတ်ကို ရည်ညွှန်းသည်။ နောက်ဆုံးခေတ် အတွင်းတွင်၊ ဘုရားသခင်သည် ခေတ်ကို အဆုံး သတ်ရန် မလုပ်ဘဲ ရှိလိမ့်မည်လော။ ခေတ်ကို အဆုံးသတ်ရန် ဘုရားသခင်သည် ပြစ်တင်ဆုံးမမှုနှင့် တရား စီရင်မှုများကို သူနှင့်အတူ ယူဆောင်ရမည်။ ထိုနည်းအားဖြင့်သာ သူသည် ခေတ်ကို အဆုံးသတ်နိုင်သည်။ ယေရှု၏ ရည်ရွယ်ချက်မှာ လူသား ဆက်လက်ရှင်သန်စေရန်၊ ဆက်လက် နေထိုင်ရန်နှင့် ပိုမိုကောင်းမွန်သော နည်းလမ်းဖြင့် ဆက်လက်တည်ရှိစေနိုင်ရန် ဖြစ်ခဲ့သည်။ လူသားမှ ဆင်းသက်လာသူများကို ဆိုးယုတ်မှုသို့ သွားခြင်းအား ရပ်တန့်ရန်နှင့် မရဏနိုင်ငံနှင့် ငရဲတွင် ဆက်လက်မနေစေရန် သူသည် လူကို အပြစ်မှ ကယ်တင် ခဲ့ပြီး၊ လူအား မရဏနိုင်ငံနှင့် ငရဲတို့မှ ကယ်တင်ခြင်းအားဖြင့် သူသည် လူကို ဆက်လက် ရှင်သန်နေထိုင်ရန် အခွင့်ပေးခဲ့သည်။ ယခုအခါ နောက်ဆုံးသော ကာလသည် ဆိုက်ရောက်လာခဲ့ပြီ။ သူသည် လူကို ချေမှုန်းပြီး လူသားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးလိမ့်မည်။ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို အသွင် ပြောင်းလိမ့်မည်။ ထိုအကြောင်းရင်းအတွက် အတိတ်က ကြင်နာသနားမှုနှင့် ချစ်မြတ်နိုးခြင်း စိတ်သဘော ထား အားဖြင့် ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ရန် သို့မဟုတ် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား ဆောင်ယူလာမှုကို အကောင်အထည်ဖော်ရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ခေတ် တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားအား အထူးကိုယ်စားပြုမှုကို ဖော်ဆောင်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင် လုပ်ဆောင်ရန် လိုသော အလုပ် ပါဝင်သည်။ ထို့ကြောင့် ခေတ်တစ်ခုချင်းတွင် ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်တွင် သူ၏ စစ်မှန်သော စိတ်သဘောထားနှင့် ခေတ်တစ်လျှောက် တွင် သူ၏ နာမတော်နှင့် သူလုပ်ဆောင်သော အပြောင်းအလဲ အလုပ်နှစ်ခုလုံးတို့ကို ဖော်ပြချက်များ ပါဝင် သည်။ ယင်းတို့ အားလုံးမှာ အသစ်သော အရာများ ဖြစ်သည်။ ပညတ်တော်ခေတ်အတွင်း လူသား မျိုးနွယ်အား လမ်းညွှန်သော အလုပ်ကို ယေဟောဝါ နာမတော်အောက်တွင် ပြုလုပ်ပြီး၊ ပထမဆင့် အလုပ်ကို ကမ္ဘာမြေကြီးပေါ်တွင် အစပျိုးလုပ်ဆောင်သည်။ ထိုအဆင့်တွင် အလုပ်သည် ဗိမာန်တော်နှင့် ယဇ်ပလ္လင် ဆောက်လုပ်ခြင်းနှင့် ဣသရေလ လူမျိုးတို့အား လမ်းပြရန်နှင့် သူတို့အတွင်းတွင် အလုပ်လုပ်ရန် ပညတ်တော် များ အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလ လူမျိုးတို့အား လမ်းပြခြင်းဖြင့် သူသည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏ အလုပ်အတွက် အခြေစိုက်ရာကို ဖော်ဆောင်ခဲ့သည်။ ထိုအခြေစိုက်ရာမှနေ၍ သူသည် သူ၏ အလုပ်ကို ဣသရေလ ပြင်ပသို့ တိုးချဲ့ခဲ့သည်။ ဣသရေလမှ စတင်ပြီး သူသည် သူ၏ အလုပ်ကို အပြင်ဖက်သို့ ချဲ့ထွင်ခြင်းအားဖြင့်၊ နောင်လာနောက်သားများသည် ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်း တဖြည်း ဖြည်း သိလာစေပြီး ယေဟောဝါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့ပြီး၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါ ဖြစ်သည်ဟု ပြောရမည်။ ကိုယ်တော်သည် သူ၏ အလုပ်ကို ဣသရေလ လူတို့မှ တစ်ဆင့် သူတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကျက်သည်။ ဣသရေလ နယ်မြေသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ အလုပ်၏ ပထမဆုံး သန့်ရှင်းသော နေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ပထမဆုံး သွားရောက် အလုပ်လုပ်သော နေရာမှာ ဣသရေလ နယ်မြေအတွင်း ဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အလုပ်ဖြစ်သည်။ ကျေးဇူးတော်ခေတ်၏ အလုပ်အတွက်မူ၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင်ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းများမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထား ကြီးခြင်းတို့ ဖြစ်ပြီး သူလုပ်ခဲ့သော အလုပ်အများအပြားမှာ လူသားအား ရွေးနှုတ်ခြင်းဖြစ်သည်။ သူ၏ စိတ်သဘောထားအတွက်မူ ယင်းသည် သနားကြင်နာခြင်းနှင့် ချစ်မြတ်နိုးခြင်းအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့် ဘုရားသခင်သည် သူ့ကိုယ်ကို ချစ်မြတ်နိုးသကဲ့သို့ လူကို ချစ်မြတ်နိုးကြောင်းပြရန် လူသားတို့အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခြင်း ခံရသည်။ သူသည် သူ၏ အလုံးစုံကို ပေးအပ်ခဲ့သည် အထိဖြစ်သည်။ စာတန်က ပြောသည်မှာ "ကိုယ်တော်သည် လူသားကို ချစ်သောကြောင့်၊ ကိုယ်တော်သည် သူ့ကို အလွန်အမင်း အစွန်းရောက်အောင် ချစ်ရမည်။ ကိုယ်တော်သည် လူကို လက်ဝါးကပ်တိုင်မှ၊ အပြစ်မှ၊ ဖယ်ရှားဖို့ရန် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရမည်၊ ထို့ပြင် ကိုယ်တော်သည် လူသားအားလုံးအတွက် အလဲအလှယ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပေးလှူရမည်။" စာတန်သည် အောက်ပါ အလောင်းအစားကို လုပ်ခဲ့သည်။ "ကိုယ်တော်သည် ချစ်မြတ်နိုးတတ်ပြီး ကြင်နာသနားတတ်သော ဘုရားသခင် ဖြစ်ရာ၊ ကိုယ်တော်သည် လူသားကို အလွန်အမင်း အဆုံးစွန်အထိ ချစ်ရမည်။ ကိုယ်တော်သည် ကိုယ့်ကိုယ်ကိုယ် လက်ဝါးကပ်တိုင် တင်ခံရသည်အထိ ပေးလှူရမည်။" ယေရှုက ပြန်ပြောသည်မှာ "လူသား အတွက် ဖြစ်နေသမျှ ငါသည် ငါ၏ အရာအားလုံးကို စွန့်လွှတ်ရန် အလိုရှိသည်။" ထို့နောက် သူသည် လက်ဝါး ကပ်တိုင်ပေါ်သို့ အနည်းငယ်မျှ စိုးရွံ့မှုမရှိဘဲ တက်သွားခဲ့ပြီး လူသားအားလုံးကို ရွေးနှုတ်တော်မူခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏ နာမတော်မှာ ယေရှုဖြစ်သည်၊ ယင်းကို ဘုရားသခင်သည် လူကို ကယ်တင်သော ဘုရားသခင်ဖြစ်ပြီး သူသည် ကြင်နာသနားတတ်သော ချစ်မြတ်နိုးတတ်သော ဘုရားသခင် ဖြစ်သည်ဟု ပြောရမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ ချစ်ခြင်းမေတ္တာ၊ သူ၏ ကြင်နာ သနားခြင်းနှင့် သူ၏ ကယ်တင်ခြင်းသည် လူတစ်ဦးချင်းနှင့် လူသားအားလုံးနှင့် တွဲဖက်လျက်ရှိသည်။ သူ၏ ကောင်းချီးမင်္ဂလာ၊ သူ၏ ကြီးမား များပြားသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိရန်၊ ယေရှု၏ နာမတော်နှင့် သူ၏ မျက်မှောက်တော်ကို လက်ခံရုံမျှဖြင့် လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ကိုရသည်။ ယေရှု၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့်၊ သူ့ကို လိုက်လျှောက်သူ အားလုံးတို့သည် ကယ်တင်ခြင်းကို ရရှိပြီး သူတို့၏ အပြစ်များကို လွှတ်ခြင်းခံရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမတော်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ကျေးဇူးတော်ခေတ်၏ အလုပ် ကို အဓိကအားဖြင့် ယေရှု၏ နာမတော်အောက်တွင် လုပ်ဆောင်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် ကို ယေရှုဟု ခေါ်သည်။ သူသည် ဓမ္မဟောင်း ကျမ်းစာကို ကျော်လွန်သည့် အသစ်သော အလုပ် အဆင့်ကို လုပ်ဆောင်ပြီး သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် အဆုံးသတ်သည်။ ယင်းသည် သူ့အလုပ်တစ်ခုလုံး ဖြစ်သည်။ သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမတော်ဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမတော်သည် ဘုရားခင်ကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလတွင် သူ၏ နာမတော်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်—လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန် သူ၏ စွမ်းအားကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်စေသည်။ ခေတ်တိုင်းတွင် သူ့အလုပ်၏ အဆင့်တိုင်းတွင် ဘုရားသခင်၏ စိတ်သဘော ထားသည် ထင်ရှားမြင်သာသည်။
အစဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း လူသားအား လမ်းပြမှုသည် ကလေးငယ်၏ ဘဝကို လမ်းပြသည်နှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏ အသစ်သော မွေးဖွားမှု ဖြစ်သည်။ သူတို့သည် ဣသရေလ လူမျိုးများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ရိုသေလေးမြတ် ရန် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရန် နားလည်ခြင်း မရှိကြပေ။ ပြောရမည်ဆိုလျှင် ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့သည်။ ဆိုလိုသည်မှာ သူသည် အာဒံနှင့် ဧဝကို ဖန်ဆင်း ခဲ့သည်။ သို့သော်လည်း ယေဟောဝါကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ၏ ပညတ်တော်များကို မည်သို့ လိုက်နာရမည်ကို နားလည်နိုင်သော ပါရမီကို ကိုယ်တော်သည် သူတို့ကို မပေးခဲ့ပေ။ အစဦးတွင် လူသည် ယင်းသို့သော ပါရမီ ပိုင်ဆိုင်ခြင်းမရှိသည့် အတွက် ယေဟောဝါ၏ တိုက်ရိုက်လမ်းပြမှုမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာကို တိုက်ရိုက်မသိနိုင်ပေ။ လူမှာယေဟောဝါ သည် ဘုရားသခင်ဖြစ်သည် ဆိုသည်ကိုသာ သိခဲ့သော်လည်း သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်၊ သူ့ကို ရိုသေလေးမြတ်ခြင်း ဆိုသည်မှာ မည်သို့သော လုပ်ရပ်ကို ခေါ်သည်၊ သူ့ကို ရိုသေလေးမြတ်ရာတွင် မည်သို့ သော စိတ်ထား ထားရှိရမည် သို့မဟုတ် သူ့ကို ရိုသေလေးမြတ်သည့် အနေဖြင့် အဘယ်အရာအား ပေးလှူ ရမည်ကို မသိခဲ့ပေ။ လူသည် လုံးဝသိရှိခြင်း မရှိခဲ့ပေ။ လူသည် ယေဟောဝါ ဖန်ဆင်းသော အရာများ အားလုံး အကြားတွင် ပျော်ပါးနိုင်သော အရာကို မည်သို့ပျော်ပါးရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကဲ့သို့သော အသက်တာသည် ထိုက်တန်သည် ဆိုခြင်းနှင့် ပတ်သက်၍မူ သူသည် ဘာဆိုဘာမျှပင် မသိခဲ့ချေ။ သူတို့ကို တစ်စုံတစ်ယောက်က ညွှန်ကြားမှုမရှိပါက၊ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ တစ်စုံတစ်ယောက်က လမ်းပြခြင်းမရှိပါက၊ ဤလူသား မျိုးနွယ်သည် လူ့သဘောသဘာဝနှင့် မှန်ကန်ကိုက်ညီသော အသက်တာကို မည်သည့်အခါမျှ နေထိုင်နိုင်ခဲ့မည် မဟုတ်ဘဲ စာတန်၏ လျှို့ဝှက်စွာ ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရလိမ့်မည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ပြောရမည်ဆိုလျှင်၊ သူသည် လူသားမျိုးနွယ်၏ အစဦးဖြစ်သော အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ သည်၊ သို့သော်လည်း သူသည် သူတို့အပေါ် မည်သည့် နောက်ထပ် ဉာဏ်ပညာ သို့မဟုတ် အသိဉာဏ်ကို မပေးခဲ့ပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် မည်သည့်အရာ ကိုမျှ နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါ၏ လူသားကို ဖန်ဆင်းခြင်း အလုပ်သည် တစ်ဝက်တစ်ပျက်သာ ပြီးဆုံးပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ ပုံသဏ္ဌာန်ကိုသာ ပုံသွင်းခဲ့ပြီး သူ၏ ဇီဝအသက် ကို မှုတ်သွင်းပေးခဲ့သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူအပေါ်တွင် ပေးခဲ့ခြင်း မရှိပေ။ အစဦးတွင် လူသည် သူ့ကို ရိုသေလေးမြတ်လိုစိတ် သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏ နှုတ်ကပတ်တော်များကို မည်သို့ နားထောင်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာ မြေကြီးပေါ်တွင်ရှိသော အသက်တာအတွက် အခြေခံ အသိပညာ မရှိခဲ့ဘဲ လူသားအသက်တာ၏ သင့်လျော် သော စည်းမျဉ်းစည်းကမ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောကျာ်းနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး ခုနှစ်ရက် စီမံကိန်းကို အပြီးသတ်ခဲ့သော်လည်း၊ လူသားသည် အခွံသာရှိပြီး လူသားဖြစ်မှု၏ အစစ်အမှန်များ နည်းပါးနေခဲ့သောကြောင့် သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးစီးခဲ့ပေ။ လူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်မှာ ယေဟောဝါဖြစ်သည် ဆိုသည်ကိုသာ သိခဲ့သော်လည်း၊ သူသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တော်များအား မည်သို့ လိုက်နာရမည်ကို အရိပ်အခြေမျှပင် မသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာပြီးနောက် ယေဟောဝါ ၏ အလုပ်မှာ ပြီးဆုံးရန် များစွာ လိုပေသေးသည်။ လူသားမျိုးနွယ်ကို သူ၏ ရှေ့မှောက် ရောက်လာစေရန် သူသည် အပြည့်အဝ လမ်းညွှန်ရန် လိုအပ်နေဆဲဖြစ်သည်။ သို့မှသာ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့အား ရိုသေလေးမြတ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူ၏လမ်းညွှန်မှုဖြင့် သူတို့ သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကအားဖြင့် လုပ်ဆောင်သော အလုပ်သည် အပြည့်အဝ ပြီးစီးခဲ့သည်၊ ဆိုလိုသည်မှာ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်း အလုပ်သည် အပြည့်အဝ အပြီးသတ်ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် လူသား မျိုးနွယ်သည် သူ၏ အမိန့်များနှင့် ပညတ်တော်များကို လိုက်နာစေရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသား အသက်တာ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်စေရန် သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာကို နှစ်ထောင်ပေါင်းအချို့ လမ်းပြခဲ့ရသည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ အလုပ်သည် အပြည့်အစုံ ပြီးမြောက်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် ဤအလုပ်ကို လုပ်ဆောင် ခဲ့ပြီး ယာကုပ်၏ ခေတ်ရောက်သည်အထိ ယင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် သူသည် ယာကုပ်၏ သားဆယ့်နှစ်ယောက်ကို ဣသရေလမျိုးနွယ်စု ဆယ့်နှစ်ခုအဖြစ် ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန် နောက်ပိုင်းတွင် ဣသရေလ လူမျိုးအားလုံးတို့သည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ တရားဝင် လမ်းပြမှုကို ခံခဲ့ရသည့် လူသားမျိုးနွယ်စု ဖြစ်လာပြီး၊ ဣသရေလသည် သူ၏ အလုပ်များကို လုပ်ဆောင်သည့် ကမ္ဘာ မြေကြီးပေါ်ရှိ အထူးနေရာ ဖြစ်လာခဲ့သည်။ ထိုသူတို့ကို ယေဟောဝါသည် ကမ္ဘာပေါ်တွင် ပထမဆုံး သူ၏ အလုပ်များကို တရားဝင် လုပ်ဆောင်သော လူအုပ်စု ဖြစ်လာစေခဲ့ပြီး၊ ဣသရေလ နယ်မြေ တစ်ခုလုံးကို သူ့အလုပ်၏ မူလအမှတ်အဖြစ် ဖြစ်စေခဲ့သည်။ သူတို့ကို အသုံးပြု၍ ပိုမိုကြီးမြတ်သော အလုပ်ကို စတင် ခဲ့ခြင်းအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင် သူမှ မွေးဖွားလာသော လူအားလုံးတို့သည် သူကို မည်သို့ ရိုသေ လေးမြတ်ရမည်နှင့် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရမည်ကို သိစေသည်။ သို့ဖြင့် ဣသရေလ လူတို့၏ လုပ်ဆောင်ချက်များသည် တပါးအမျိုးသား နိုင်ငံများမှ လူများက လိုက်လျှောက်ရသော နမူနာဖြစ်လာခဲ့ပြီး၊ ဣသရေလ လူများအကြား ပြောကြားချက်တို့သည် တပါးအမျိုးသား နိုင်ငံများက လူများ နားထောင်ရသော စကားလုံးများ ဖြစ်လာခဲ့သည်။ သူတို့သည် ယေဟောဝါ၏ ဥပဒေသများနှင့် ပညတ်တော် များကို ပထမဆုံး ရသူများ ဖြစ်ရာ သူတို့သည် ယေဟောဝါကို ရိုသေလေးမြတ်ရမည့် နည်းလမ်းများကို ပထမဆုံး သိသူများ လည်း ဖြစ်လာသည်။ သူတို့သည် ယေဟောဝါ၏ နည်းလမ်းများကို သိသော လူသားမျိုးနွယ်စု၏ အစဦး လူများ ဖြစ်ရုံသာမက ယေဟောဝါက ရွေးချယ်သော လူသားမျိုးနွယ်၏ ကိုယ်စားလှယ်များလည်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သို့ ရောက်သောအခါ ယေဟောဝါသည် လူကို ဤနည်းဖြင့် လမ်းမပြတော့ပေ။ လူသည် အပြစ်ရှိခဲ့ပြီးဖြစ်ပြီး ကိုယ့်ကိုယ်ကို အပြစ်တွင် စွန့်ပစ်ထားသည် ဖြစ်ရာ၊ သူသည် လူကို အပြစ်မှ ကယ်ထုတ် ရန် စတင်လုပ်ဆောင်သည်။ ဤနည်းအားဖြင့် လူသည် အပြစ်မှ သေချာစွာ ဖယ်ရှားပြီးသည်အထိ သူသည် လူကို အပြစ်တင်သည်။ ယနေ့ လူသည် ယင်းကဲ့သို့သော အကျင့်ပျက်ခြင်း အတိုင်းအတာအထိ နစ်မြုပ် နေသည်ဖြစ်ရာ ဤအဆင့်၏ အလုပ်ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အားဖြင့်သာ လုပ်ဆောင်နိုင် သည်။ ဤနည်းလမ်းအားဖြင့်သာ အလုပ်ပြီးမြောက် အောင်မြင်နိုင်ပေသည်။ ယင်းသည် ခေတ်အချို့၏ အလုပ်ဖြစ်လာခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်၏ နာမတော်၊ ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန် အမျိုးမျိုးတို့ကို ခေတ်တစ်ခေတ်မှ တစ်ခေတ်ကို ပိုင်းခြားရန်အတွက်နှင့် ယင်းတို့အကြား အပြောင်းအလဲ လုပ်ရန်အတွက် အသုံးပြုရာတွင် ဘုရားသခင်၏ နာမတော်နှင့် သူ၏ အလုပ်သည် သူ၏ ခေတ်ကို ကိုယ်စားပြုပြီး၊ ခေတ်တိုင်းတွင် သူ၏ အလုပ်ကို ကိုယ်စားပြုသည်။ ခေတ်တိုင်းတွင် ဘုရားသခင်၏ အလုပ်သည် တူညီသည်ဟု ဆိုပါက၊ သူ့ကို နာမည် တစ်ခုတည်းသာ ခေါ်ကြမည်ဖြစ်ရာ လူသည် သူ့ကို မည်သို့လျှင် သိနိုင်မည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟု ခေါ်ကြရမည်ဖြစ်ပြီး၊ ယေဟောဝါဟု ခေါ်သော ဘုရားမှလွဲ၍ အခြားအမည်ဖြင့်ခေါ်ဆိုသော မည်သူမျှ ဘုရားမဟုတ်ပေ။ သို့မဟုတ်ပါကလည်း ဘုရားသခင် သည် ယေရှုသာလျှင် ဖြစ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ယေရှုဟု ခေါ်သော နာမတော်မှလွဲ၍ သူ့ကို အခြား မည်သည့် အမည်နှင့်မျှ ခေါ်ဆိုခြင်းမရှိနိုင်ပဲ ဖြစ်လိမ့်မည်။ ယေရှုမှလွဲ၍ ယေဟောဝါသည် ဘုရားမဟုတ်ဘဲ အနန္တ တန်ခိုးရှင် ဘုရားသခင်သည်လည်း ဘုရားမဟုတ်ဘဲ ဖြစ်လိမ့်မည်။ လူက ဘုရားသခင်သည် အနန္တတန်ခိုး ရှိသည်ဟု ယုံကြည်သော်လည်း၊ ဘုရားသခင်သည် လူနှင့် ရှိသော ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်သည် လူနှင့် ရှိခြင်းကြောင့် သူ့ကို ယေရှုဟု ခေါ်ရလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် အယူဝါဒများကို လိုက်လျှေက်ခြင်း ဖြစ်ပြီး ဘုရားသခင်ကို တစ်စုံတစ်ရာ နယ်ပယ်အတွင်း ဘောင်ခတ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်တိုင်းတွင် ဘုရားသခင်လုပ်သော အလုပ်၊ သူ့ကို ခေါ်သော နာမတော်နှင့် သူ ဆောင်ယူတော်မူသော အဆင်းသဏ္ဌာန်တို့သည်—ခေတ်တိုင်းတွင် ယနေ့အထိတိုင်အောင် သူလုပ်ဆောင်သော အလုပ်—ယင်းတို့ သည် တစ်ခုတည်းသော လုပ်ထုံးလုပ်နည်းကို မလိုက်နာသလို မည်သည့် ကန့်သတ်ချက်များနှင့်မှ ကန့်သတ် ထားခြင်း မရှိပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သူသည် ယေရှုလည်း ဖြစ်သည် သာမက မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ သူ၏ အလုပ်သည် သူ၏ နာမတော် ပြောင်းလဲလာသည်နှင့် အညီ တဖြည်းဖြည်း ပြောင်းလဲနိုင်သည်။ မည်သည့် နာမတော် တစ်ခုတည်းကမျှ သူ့ကို ပြည့်စုံစွာ ကိုယ်စား ပြုနိုင်ခြင်း မရှိသော်လည်း၊ သူ့ကို ခေါ်ဆိုသော ဤနာမတော် အားလုံးသည် သူ့ကို ကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်သော အလုပ်သည် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလသို့ ရောက်လာကာ သင်သိမြင်ထားသော ဘုရားသခင်သည် ယေရှုဖြစ်နေဆဲ ဖြစ်ရုံသာမက သူသည် ဖြူသော မိုးတိမ်ကို စီးလာပြီး ယေရှု၏ ပုံစံရှိနေဆဲဖြစ်ကာ၊ သူပြောသော စကားများသည် ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်သည့် "ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့၊ သင်သည် အစာ ရှောင်ပြီး ဆုတောင်းလော့၊ ကိုယ်၏ အသက်တာကို ချစ်ခင်မြတ်နိုးသကဲ့သို့ သင်၏ရန်သူများကို ချစ်လော့၊ အခြားသူများကို သည်းခံလော့၊ စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းရှိကြလော့။ သင်တို့သည် ငါ၏ တပည့်တော်များ မဖြစ်မီ ဤအရာများအားလုံးကို လုပ်ဆောင်ရမည်’’ ဟူသည့် နှုတ်ကပတ်တော်များကို ပြောဆိုသည် ဆိုကြပါစို့။ ယင်းအရာများအားလုံးကို လုပ်ဆောင်သည်ဆိုပါက သင်သည် ငါ၏ နိုင်ငံတော်ကို ဝင်ရောက် လိမ့်မည်ဟု မှတ်ယူနေခြင်းမှာကား ကျေးဇူးတော်ခေတ်၏ အလုပ်နှင့် သက်ဆိုင်သည် မဟုတ်ပါလား။ သူပြောသော အရာသည် ကျေးဇူးတော်ခေတ်၏ ပုံစံ ဖြစ်လိမ့်မည် မဟုတ်သလော။ သင်တို့သည် ဤ နှုတ်ကပတ်တော်များကို ကြားသောအခါ အဘယ်သို့ ခံစားရမည်နည်း။ ယင်းသည် ယေရှု၏ အလုပ်ပင် ဖြစ်နေဆဲဟု ခံစားရလိမ့်မည် မဟုတ်ပါလော။ ယင်းသည် နောက်တစ်ကြိမ် ထပ်ကျော့နေခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလော။ လူသည် ယင်းတွင် ကျေနပ်မှုကို ရှာတွေ့နိုင်သလား။ ဘုရားသခင်၏ အလုပ်သည် ယခုကဲ့သို့သာ ဆက်လက်ရှိနေပြီး ရှေ့သို့ မဆက်တော့ဟု သင်တို့ ခံစားရလိမ့်မည်။ သူ့တွင် တန်ခိုးများစွာ ရှိလျက် အသစ်သော အလုပ်လုပ်ရန် မရှိတော့ကာ၊ သူသည် သူ၏ တန်ခိုးကို အကန့်အသတ် ဖြစ်စေလိုက် သည်။ ယခုမတိုင်မီ နှစ်ပေါင်း နှစ်ထောင်က ကျေးဇူးတော်ခေတ်ဖြစ်ခဲ့ပြီး၊ နှစ်ပေါင်း နှစ်ထောင်ကြာသောအခါ သူသည် ကျေးဇူးတော်ခေတ်ကဲ့သို့ပင် ဟောကြားနေဆဲဖြစ်ပြီး လူများကို နောင်တရအာင် လုပ်ဆဲ ဖြစ်သည်။ လူများက ပြောလိမ့်မည် "ဘုရားသခင်၊ ကိုယ်တော့်တွင် တန်ခိုးများစွာ ရှိသည်။ ကိုယ်တော်သည် ဉာဏ်ပညာ နှင့် ပြည့်စုံသည်ဟု ကျွန်ုပ်ယုံကြည်ခဲ့သော်လည်း၊ ကိုယ်တော်သည် သည်းခံခြင်းကိုနှင့် စိတ်ရှည်ခြင်းကိုသာ သိသည်၊ ကိုယ်တော်သည် မိမိ၏ ရန်သူကို မည်သို့ ချစ်ရမည်ကိုသာ သိသည်၊ ထို့ထက်မပို"။ လူ၏ စိတ်ထဲတွင် ဘုရားသခင်သည် အစဉ်အမြဲ ကျေးဇူးတော်ခေတ်တွင် ရှိစဉ်က ကဲ့သို့ ဖြစ်လိမ့်မည်၊ ဘုရားသခင်သည် ချစ်မြတ်နိုးပြီး စာနာသနားသည်ဟု လူသည် အစဉ်အမြဲ ယုံကြည်လိမ့်မည်။ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ဟောင်းနွမ်းသော မြေတွင်သာ ခြေချမည်ဟု သင်ထင်ပါသလား။ သို့ဖြစ်ပါက ဤအဆင့်ရှိ သူ၏ အလုပ်တွင် သူသည် လက်ဝါးကပ်တိုင်တွင် အသေခံမည်မဟုတ်ဘဲ သင်တို့ မြင်သမျှနှင့် ထိတွေ့သမျှ အရာအားလုံးတို့သည် သင်တို့ မှန်းဆသည် သို့မဟုတ် ကြားဖူးသည်တို့နှင့် မတူပဲ ရှိလိမ့်မည်။ ယနေ့တွင် ဘုရားသခင်သည် ဖာရိရှဲများနှင့် ပတ်သက်ခြင်းမရှိ၊ ကမ္ဘာကြီးကိုလည်း သိခွင့်မပေး၊ သူသည် နောက်တစ်ဖန် လက်ဝါးကပ်တိုင်တွင် အသေခံတော့မည် မဟုတ်တော့သည့်အတွက် သူ့ကိုသိသောသူများမှာ သူ့နောက်သို့ လိုက်သော သင်တို့သာဖြစ်သည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် သူ၏ ဧဝံဂေလိလုပ်ငန်းတွက် ကမ္ဘာမြေတလွှားတွင် ပွင့်လင်းစွာ တရားဟောကြားခဲ့သည်။ ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်အတွက် ဖာရိရှဲများနှင့် ထိတွေ့ခဲ့သည်။ အကယ်၍ သူသည် ဖာရိရှဲများနှင့် ထိတွေ့ခြင်း မရှိခဲ့ပါက အာဏာပိုင်များသည် သူ့ကို မည်သည့်အခါကမျှ သိခဲ့မည်မဟုတ်ဘဲ၊ သူသည် မည်သို့လျှင် ပြစ်တင်ရှုံ့ချမှုကို ခံရနိုင်မည်နည်း၊ ထို့နောက် သစ္စာဖောက်မှုနှင့် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် စွဲထားမှုကို ခံရနိုင်မည်နည်း။ သို့ဖြစ်ရာ သူသည် လက်ဝါးကပ်တိုင် အတင်ခံရမည့် ကိစ္စအတွက် ဖာရိရှဲများနှင့် ထိတွေ့ ခဲ့သည်။ ယနေ့တွင် ဖျားယောင်း သွေးဆောင်ခြင်းကို ရှောင်ရှားရန်အတွက် သူသည် သူ၏ အလုပ်များကို လျှို့ဝှက်လုပ်ဆောင်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူတော်မူသော နှစ်ကြိမ်တွင် အလုပ်နှင့် အရေးပါမှုမှာ ကွာခြားပြီး အနေအထားသည်လည်း ခြားနားသည်။ သို့ဖြစ်ရာ သူလုပ်ဆောင်သည့် အလုပ်သည် မည်သို့လျှင် အလုံးစုံ တူညီနိုင်မည်နည်း။
ယေရှု၏ နာမတော်—"ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်"—သည် ဘုရားသခင်၏ စိတ်သဘော ထား တစ်ခုလုံးကို ကိုယ်စားပြုနိုင်သလော။ ယင်းနာမသည် ဘုရားသခင်ကို ရှင်းလင်းစွာ ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယေရှု ဟုသာ ခေါ်ဆိုရမည်ဖြစ်ပြီး အခြားနာမတော်မရှိနိုင်ဟု လူသည် ဆိုလျှင် ယင်းစကားလုံးများသည် ဘုရားသခင် ကို ပြစ်မှားပြောဆိုခြင်း အစစ်အမှန် ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်၊ ယေရှုနာမတော် တစ်ခုတည်းသာ သူ၏ အလုံးစုံကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလား။ ဘုရားသခင်ကို နာမတော် အများအပြားဖြင့် ခေါ်ဆိုနိုင်သော်လည်း ယင်းနာမတော်များအကြားတွင် ဘုရားသခင်၏ အလုံးစုံကို အချုပ် အားဖြင့် ဖော်ပြနိုင်သော နာမ တစ်ခုမှမရှိပေ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမှ မရှိပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်တွင် နာမတော် အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားမှာ ကြွယ်ဝလွန်းကာ သူ့ကိုနားလည်နိုင်သော လူသား၏ သိခြင်းစွမ်းရည်ကို ကျော်လွန် နေသောကြောင့် ယင်းနာမတော် အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်စွာ ဖော်ပြနိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုပြီး ဘုရားသခင်ကို အပြည့်အဝ အချုပ်အားဖြင့် ဖော်ပြနိုင်ရန် လူသားတွင် နည်းလမ်း မရှိပေ။ လူသားမျိုးနွယ်တို့တွင် သူတို့ သိသော ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ မြင့်မြတ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသောနှင့် စသဖြင့်၊ ဝေါဟာရများ ရှိသော်လည်း ဘုရားသခင်၏ စိတ်သဘော ထား အလုံးစုံကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် အကန့်အသတ်များ ရှိနေသည်။ စကားလုံးများ များပြား လှသည်။ ယင်းအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်ဖြစ်ခဲ့သော ဘုရားသခင်၏ စိတ်သဘော ထား အနည်းငယ်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့် အမျှ အခြားသူ အများအပြားကလည်း သူတို့၏ စိတ်နှလုံးများတွင် ပြင်းပြလာမှုကို ပိုမို ဖော်ပြနိုင်ရန် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ ဘုရားသခင်သည် အလွန် အမင်း ချစ်မြတ်နိုးဖွယ်ဖြစ်သည်။ ယနေ့တွင် လူသား၏ ထိုကဲ့သို့သော ပြောဆိုမှုများသည် သူတို့၏ အဆုံးစွန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း သူတို့ကိုယ်တိုင်ကိုပင် ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်တွင် နာမတော် အများအပြား ရှိနေသော်လည်း သူ့တွင် အမည်တစ်ခုတည်း မဟုတ်သေးပေ။ ယင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုသည် ကြွယ်ဝလွန်းလှပြီး လူသား၏ ဘာသာစကားမှာ မွဲတေလွန်းလှသောကြောင့် ဖြစ်သည်။ စကားလုံး တစ်လုံး သို့မဟုတ် နာမတော် တစ်ခုသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်သည့် စွမ်းရည် မရှိပေ။ ထို့ကြောင့် သူ၏နာမတော်ကို တသမတ်တည်းထား၍ ဖြစ်နိုင်မည်ဟု သင်ထင်ပါသလား။ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး သန့်ရှင်းလွန်းလှ သော်လည်း သင်သည် ခေတ်သစ် တစ်ခုချင်းအတွက် သူ၏ နာမတော်ကို ပြောင်းလဲရန် ခွင့်မပြု လိုသလော။ သို့ဖြစ်ရာ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ သူ၏ ကိုယ်ပိုင် အလုပ်ကို လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အလုပ်ကို အချုပ်အားဖြင့် ဖော်ပြနိုင်ရန် ထိုခေတ်နှင့် ကိုက်ညီသော နာမတော်ကို အသုံးပြုသည်။ ထိုခေတ်တွင် သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် သီးသန့် နာမတော်ဖြစ်သော၊ ယာယီ ထင်ရှားမှုကို ပိုင်ဆိုင်သော နာမတော်ကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင် က သူ၏ ကိုယ်ပိုင် စိတ်သဘောထားကို ဖော်ပြရန် လူသားတို့၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့တိုင်အောင် ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ကိုယ်တိုင် ဘုရားသခင်ကို မြင်တွေ့ဖူးသော လူအများ သည် အမည်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုခြင်းမရှိနိုင်ဟု ခံစားကြရသည် —ကူကယ်ရာ မဲ့နေသည်တကား။ ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမတော်နှင့်မျှ ခေါ်ဆိုခြင်း မပြုတော့ပဲ ရိုးရှင်းစွာဖြင့် သူ့ကို "ဘုရားသခင်" ဟု ခေါ်သည်။ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့် တိုင်အောင် လူသည် ဘုရားသခင်ကို မည်သို့ ရှင်းပြရမည်ကို မသိသည့်အတွက်ကြောင့် ဝိရောဓိများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်သည် အလွန်ကြွယ်ဝသည် ဖြစ်ရာ ရိုးရှင်းစွာပင် ယင်းကို ဖော်ပြသည့် နည်းလမ်းမရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင် သည့် တစ်ခုတည်းသော နာမတော် မရှိဘဲ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမတော်မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က ငါ့ကို "အတိအကျအားဖြင့် ကိုယ်တော် သည် မည်သည့် နာမတော်ကို သုံးသနည်း" ဟု မေးလာပါက၊ ငါသည် "ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်" ဟု ပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမတော် မဟုတ်လား။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်သည် မဟုတ်ပါလား။ သို့ဖြစ်သည့်အတွက် သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမတော်နောက်သို့ ရှာဖွေရန် ကြီးမား သော အားထုတ်မှုကို အသုံးပြုနေကြသနည်း။ သင့်ဦးနှောက်ကို အဘယ်ကြောင့် ထုရိုက်နေသနည်း၊ အစာ မစား မအိပ်စက်ဘဲ သွားနေသနည်း၊ အားလုံးမှာ အမည်နာမတစ်ခု အတွက်ကြောင့်လော။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက် ရောက်လာပါမည်—သူသည် ရိုးရှင်းစွာပင် “ဖန်ဆင်းရှင်” ဖြစ်ပါလိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်သည် အဆုံးသတ်ပြီးနောက် သူ၏အမည်နာမများလည်း ရှိတော့မည်မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် အမည် နာမများ အားလုံးသည်လည်း အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာအားလုံး ရောက်ရှိသည့်အခါ၊ အလွန် သင့်လျော်သော်လည်း မပြည့်စုံသေးသည့် အမည်နာမတစ်ခုကို သူသည် အဘယ်ကြောင့် လိုလိမ့်မည်နည်း။ သင်သည်ယခု ဘုရားသခင်၏ အမည်နာမကို ရှာဖွေနေဆဲ ဘဲလား။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်သည်ဟု သင်ပြောဝံ့သေးလား။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်သည်ဟု သင်ပြောဝံ့သေးလား။ ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်း အပြစ်ကို သင်ခံနိုင်မည်လား။ ဘုရား သခင်တွင် မူလအစက အမည်နာမ မရှိကြောင်း သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရန် အလုပ်ရှိပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရသည့်အတွက် သူသည် အမည်နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် အမည်နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်အမည်နာမဖြင့် ခေါ်ခေါ်—ဤအရာကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ သူ၏ ဖန်ဆင်းခံများထဲမှ တစ်ဦးဖြစ်သည့် သင်က ဆုံးဖြတ်ပေးရန် သူသင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် အမည်နာမသည် လူသား၏ ဘာသာစကားဖြင့် လူကနားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ညီထွေအောင်ပေးသည့် အမည်ဖြစ်သော်လည်း၊ ဤအမည်နာမသည် လူက ခြုံငုံနိုင်သည့် အရာမဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပြီး ကြီးမြတ်သည့် တန်ခိုးရှိသည်၊ သူသည် အလွန် အမြော်အမြင်ကြီးသည်၊ အလွန်မြင့်မြတ်သည်၊ အလွန်အံ့သြဖွယ်ကောင်းသည်၊ အလွန်နက်နဲပြီး အနန္တတန်ခိုး အလွန်ရှိလှသည်ဟုသာ သင်ပြောနိုင်သည်၊ ဤထက်ပိုပြီး သင်မပြောနိုင်ပါ။ ဤနည်းနည်းလေး မှာ သင်သိနိုင်သမျှ အကုန်သာဖြစ်သည်။ ဤကဲ့သို့ ဖြစ်နေသဖြင့် ယေရှုဟူသည့် အမည်က ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုနိုင်လား။ နောက်ဆုံးသော ကာလ ရောက်လာသည့်အချိန်တွင်၊ သူ၏အလုပ်ကို လုပ်ဆောင်နေသော ဘုရားသခင်သာ ဖြစ်နေသေးသော်လည်း၊ မတူညီသည့် ခေတ်ဖြစ်သည့်အတွက် သူ၏ အမည်နာမက ပြောင်းရလိမ့်မည်။
ဘုရားသခင်သည် စကြဝဠာ တစ်ခုလုံး၊ အထက်နှင့် အောက်နှစ်ခုလုံးတွင် အကြီးမြတ်ဆုံးဖြစ်ရာ၊ သူ၏ဇာတိပကတိ ပုံသဏ္ဌာန်ကို အသုံးပြုပြီး သူ့ကိုယ်ကိုယ် အပြည့်အဝ ရှင်းပြနိုင်မည်လား။ သူ့အလုပ်၏ အဆင့်တစ်ခုကို လုပ်ဆောင်ရန်အတွက် ဘုရားသခင်က ဤဇာတိပကတိကို ခံယူခြင်းဖြစ်သည်။ ဤဇာတိ ပကတိ ပုံသဏ္ဌာန်တွင် အထူး သိသာထင်ရှားမှုမရှိ၊ ပြီးခဲ့သည့် ခေတ်များနှင့် ဆက်နွယ်မှုကို မပြ၊ ဘုရား သခင်၏ စိတ်သဘောထားနှင့်လည်း တစ်ခုမှ မသက်ဆိုင်ပေ။ ယေရှုသည် သူ၏ပုံသဏ္ဌာန်ကို ကျန်ရှိနေစေ ခဲ့ရန် အဘယ်ကြောင့် ခွင့်မပြုခဲ့သနည်း။ သူသည် လူသားအား သူ၏ပုံသဏ္ဌာန်ကို အဘယ်ကြောင့် ပန်းချီ မဆွဲစေဘဲ နောက်လာမည့် မျိုးဆက်များကို လက်ဆင့်ကမ်းရန် ခွင့်မပြုခဲ့သနည်း။ သူ၏ ပုံသဏ္ဌာန်က ဘုရားသခင်၏ ပုံသဏ္ဌာန်ဖြစ်ကြောင်း လူတွေ အသိအမှတ်ပြုရန် ခွင့်မပြုခဲ့သနည်း။ လူသား၏ ပုံသဏ္ဌာန်ကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သော်လည်း၊ လူသား၏ ရုပ်သွင်သည် မြင့်မြတ်သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ကိုယ်စားပြုရန် ဖြစ်နိုင်ပါ၏လော။ ဘုရားသခင် လူ့ဇာတိခံယူစဉ်တွင်၊ သူသည် ကောင်းကင်ဘုံမှနေ၍ သီးသန့်ဇာတိပကတိသို့ ကြွဆင်းလာရုံမျှသာဖြစ်သည်။ ဇာတိပကတိထဲသို့ ကြွဆင်း လာခဲ့သည်မှာ သူ၏ဝိညာဥ်တော် ဖြစ်ပြီး ယင်းမှတစ်ဆင့် သူသည် ဝိညာဥ်တော်၏ အလုပ်ကို လုပ်ဆောင် သည်။ ယင်းသည် ဇာတိပကတိထဲတွင် ဖော်ပြသော ဝိညာဉ်တော်ဖြစ်ပြီး ယင်းသည် ဇာတိပကတိအားဖြင့် သူ၏အလုပ်ကို လုပ်ဆောင်သည့် ဝိညာဉ်တော်ဖြစ်သည်။ ဇာတိပကတိထဲတွင် လုပ်ဆောင်သည့် အလုပ်သည် ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုပြီး၊ ဇာတိပကတိသည် အလုပ်အတွက်ဖြစ်သည်၊ သို့ရာတွင် ဇာတိ ပကတိ၏ ပုံသဏ္ဌာန်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သည့် ပုံသဏ္ဌာန်၏ အစားထိုးခြင်းဟု မဆိုလိုပါ။ ယင်းသည် ဘုရားသခင် လူ့ဇာတိခံယူသည့် အမှတ်အသား သို့မဟုတ် ရည်ရွယ်ချက် မဟုတ်ပါ။ သူလူ့ဇာတိခံယူရခြင်းမှာ သူ၏အလုပ်ကို လုပ်ဆောင်ရန် သူ၏ဝိညာဉ်တော်က သင့်တော်သည့် နေရာ တစ်ခုတွင် တည်မှီနေရန် အတွက်သာဖြစ်သည်။ ဇာတိပကတိအားဖြင့် သူ၏အလုပ်ကို ပိုမိုကောင်းမွန်စွာ ပြီးမြောက်စေရန်ဖြစ်သည်။ သို့ဖြစ်လျှင် လူတို့သည် သူ၏အလုပ်ကို မြင်နိုင်မည်၊ သူ၏ စိတ်သဘောထားနှင့် တွေ့ထိနီးစပ်လာနိုင်မည်၊ သူ၏စကားများကို ကြားနိုင်ပြီး သူ့အလုပ်၏ အံ့သြဖွယ်များကို သိမည်။ သူ၏ အမည်နာမက သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်၊ သူ့အလုပ်က သူ၏သွင်ပြင် လက္ခဏာကို ကိုယ်စားပြုသည်၊ သို့ရာတွင် သူ၏ ဇာတိပကတိရုပ်သွင်က သူ၏ပုံသဏ္ဌာန်ကို ကိုယ်စားပြုသည်ဟု သူ တစ်ခါမျှ မပြောခဲ့ပါ။ ယင်းသည် လူသား၏ ယူဆချက်မျှသာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အရေးပါလှသည့် ကဏ္ဍများမှာ သူ့နာမ၊ သူ့အလုပ်၊ သူ့စိတ်သဘောထားနှင့် သူ၏ကျားမဖြစ်မှုတို့ ဖြစ်ကြပါ သည်။ ယခုခေတ် သူ၏စီမံခန့်ခွဲမှုကို ကိုယ်စားပြုရန် ယင်းတို့ကို အသုံးပြုသည်။ ဇာတိပကတိမှ သူ၏ ရုပ်သွင်သည် သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွယ်မှုမရှိပါ၊ ထိုအချိန်က သူ၏ လုပ်ဆောင်မှုအတွက် ဖြစ်တည်မှုသာ ဖြစ်ပါသည်။ သို့သော်လည်း လူ့ဇာတိခံယူသသည့် ဘုရားသခင်အတွက် သီးခြားရုပ်သွင်ရှိရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် သူ၏ရုပ်သွင်ကို ဆုံးဖြတ်ရန်အတွက် သင့်တော်သည့် မိသားစုကို သူရွေးချယ်သည်။ ဘုရားသခင် ၏ ရုပ်သွင်သည် ထင်ရှားသည့် ကိုယ်စားပြုမှုများ ရှိခဲ့ရမည်ဆိုလျှင်၊ သူနှင့် မျက်နှာ အသွင်အပြင်များ တူသည့် လူများသည်လည်း ဘုရားသခင်ကို ကိုယ်စားပြုရပါလိမ့်မည်။ ယင်းသည် ကမ်းကုန်သည့် အမှားကြီးတစ်ခု ဖြစ်မနေဘူးလား။ ယေရှု၏ ပုံတူပန်းချီသည် လူကသူ့ကို ကိုးကွယ်ဆည်းကပ်ရန်အလို့ငှာ လူကရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော်မှ အထူးတလှယ် လမ်းညွှန်မှုများ မပေးခဲ့ပေ၊ ဤသို့နှင့် လူမှ ပုံတူပန်းချီကို ယနေ့တိုင် လက်ဆင့်ကမ်းခဲ့သည်။ အမှန်အားဖြင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်အရ၊ လူသားက ဤအရာကို မပြုလုပ်ခဲ့သင့်ပေ။ ယေရှု၏ ပုံတူပန်းချီကို ယနေ့တိုင် တည်ရှိနေစေခဲ့သည်မှာ လူသား၏ စိတ်အားထက်သန်မှုသာ ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပြီး၊ လူသားသည် ဘယ်သောအခါမျှ သူ၏ပုံသဏ္ဌာန်ကို အတည်ပြု ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သူ၏ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားကပင် ကိုယ်စားပြုနိုင်ပါမည်။ သူ့နှာခေါင်း၊ သူ့ပါးစပ်၊ သူ့မျက်လုံး များနှင့် သူ၏ဆံပင် အသွင်တို့သည် သင်သိရှိနားလည်နိုင်စွမ်းထက် ကျော်လွန်နေပါသည်။ ဗျာဒိတ်တော်သည် ယောဟန်ထံသို့ လာစဉ်တွင်၊ လူသားတော်၏ ပုံသဏ္ဌာန်ကို သူမြင်ခဲ့သည်မှာ—ခံတွင်းတော်ထဲမှ ထက်သော သန်လျက်ထွက်၏၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏၊ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွေးကဲ့သို့ ဖြူ၏၊ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏၊ ရင်ဘတ်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ယောဟန်၏ စကားလုံးများက အလွန်ထင်ရှားသော်လည်း၊ သူဖော်ပြခဲ့သည့် ဘုရားသခင် ၏ ပုံသဏ္ဌာန်မှာ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပါ။ သူမြင်ခဲ့သည်မှာ ရူပါရုံတစ်ခုသာ ဖြစ်ပြီး၊ လောကီကမ္ဘာမှ လူတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပေ။ ယောဟန်က ရူပါရုံ မြင်တွေ့ခဲ့သော်လည်း၊ ဘုရားသခင် ၏ ရုပ်သွင်အမှန်ကို မျက်မြင်မတွေ့ခဲ့ရပေ။ ဘုရားသခင် ခံယူတားသည့် ဇာတိပကတိ၏ ပုံသဏ္ဌာန်၊ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန်၏ ဖြစ်တည်မှုသည် ဘုရားသခင် စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားမပြု နိုင်ပေ။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့စဉ်က၊ သူ၏ပုံသဏ္ဌာန်နှင့်အညီ လူယောကျာ်းနှင့် လူမိန်းမကို ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ ထိုအချိန်က သူသည် လူယောကျာ်းနှင့် လူမိန်းမကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ လူသား၏ ပုံသဏ္ဌာန်သည် ဘုရား သခင်၏ ပုံသဏ္ဌာန်နှင့် ဆင်တူသော်လည်း၊ ဤသည်ကို လူသား၏သွင်ပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန် ဖြစ်သည့် အဓိပ္ပာယ်ဟု ဖန်တီး၍မရပါ။ ဘုရားသခင်သည် မြင့်မြတ်လွန်း၊ ကြီးမြတ်လွန်း၊ အံ့ဖွယ်ကောင်း လွန်းပြီး နက်နဲလွန်းသည့်အတွက် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူသားအသုံးပြုသည့် ဘာသာစကားဖြင့် ပြည့်စုံစွာ စံနမူနာ ယူ၍မရနိုင်ပါ။
ယေရှုသည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လာခဲ့စဉ်အချိန်က၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလိုရှိသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး၊ ယင်းသည် ဓမ္မဟောင်း ပညတ်တော်ခေတ်အရ သို့မဟုတ် ယေဟောဝါ၏ အလုပ်အရ မဟုတ်ခဲ့ချေ။ ယေရှုလာရောက် လုပ်ဆောင်သည့် အလုပ်သည် ယေဟောဝါ၏ ဥပဒေသများ သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို လိုက်နာခြင်း မဟုတ်သော်လည်း၊ သူတို့၏ ရင်းမြစ်မှာ တစ်ခုတည်း ဖြစ်ပြီး တူညီကြပါသည်။ ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်သည် ယေရှု အမည်နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ခဲ့သည့် အလုပ်မူကား ယေဟောဝါ နှင့် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ သူတို့၏ အလုပ်မှာ ဝိညာဉ်တော် တစ်ခုတည်းမှနေပြီး မတူညီ သည့် ခေတ်နှစ်ခေတ်တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်သည် ကျေးဇူးတော် ခေတ်ကိုသာ ကိုယ်စားပြုနိုင်ပြီး၊ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အလုပ်သည် ဓမ္မဟောင်း ပညတ်တော်ခေတ် ကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါသည် ဣသရေလနှင့် အဲဂုတ္တုမှ လူများနှင့် ဣသရေလတိုင်းပြည် တစ်ဝိုက်ရှိ တိုင်းနိုင်ငံများအားလုံးကိုသာ လမ်းညွှန်ခဲ့သည်။ ဓမ္မသစ်ကျမ်း ကျေးဇူးတော်ခေတ်အောက်မှ ယေရှု၏ အလုပ်သည် ယေရှု နာမတော်အောက်မှ ဘုရားသခင်၏ အလုပ်ဖြစ်သည်၊ သူကခေတ်ကို လမ်းညွှန် ပေးခဲ့သည့်အတွက် ဖြစ်သည်။ ယေရှု၏အလုပ်က ယေဟောဝါ၏ အလုပ်ကိုအခြေခံပြီး၊ သူသည် မည်သည့် အလုပ်သစ်ကိုမျှ စတင်ခဲ့ခြင်းမရှိဘဲ၊ သူလုပ်သမျှ အလုံးစုံတို့သည် ယေဟောဝါ၏ စကားများအတိုင်း၊ ယေဟောဝါ၏ အလုပ်နှင့် ဟေရှာယ၏ ပရောဖက်ပြုသည်များ အတိုင်းဖြစ်သည်ဟု သင်ပြောမည်ဆိုပါက၊ ယေရှုသည် ဘုရားသခင် လူ့ဇာတိခံယူသူ ဖြစ်တော့မည် မဟုတ်ပေ။ ဤနည်းလမ်းဖြင့် သူ၏အလုပ်ကို လုပ်ဆောင်နေခဲ့ပါက၊ သူသည် ပညတ်တော်ခေတ်၏ လုပ်ဆောင်သူတစ်ဦး သို့မဟုတ် တမန်တော်တစ်ဦး ဖြစ်ခဲ့ပါမည်။ သင်ပြောသလိုသာ ဖြစ်မည်ဆိုပါက၊ ယေရှုသည် ခေတ်တစ်ခေတ်ကို ဖွင့်ပေးနိုင်ခဲ့မည် မဟုတ် သကဲ့သို့ အခြားမည်သည့် အလုပ်ကိုမျှလည်း လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပေ။ ထိုနည်းတူစွာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ယေဟောဝါမှတစ်ဆင့် အဓိကအားဖြင့် လုပ်ဆောင်ရပြီး ယေဟောဝါမှ တစ်ဆင့် လုပ်ဆောင်ခြင်းမှလွဲ၍ သန့်ရှင်းသော ဝိညာဥ်တော်သည် မည်သည့် အလုပ်သစ် တစ်ခုကိုမျှ လုပ်နိုင်မည် မဟုတ်ပေ။ ယေရှု၏ အလုပ်ကို ဤနည်းလမ်းဖြင့် လူတို့က နားလည်နေသည်မှာ မှားယွင်း ပါသည်။ ယေရှု လုပ်ခဲ့သည့် အလုပ်က ယေဟောဝါ၏ စကားများနှင့် ဟေရှာယ၏ ပရောဖက်ပြုချက်များအရ ဖြစ်သည်ဟု လူကယုံကြည်နေပါက၊ ယေရှုက ဘုရားသခင် လူ့ဇာတိခံယူခဲ့သူလား သို့မဟုတ် ပရောဖက်များ ထဲမှ တစ်ဦးလား။ ဤအမြင်အရဆိုလျှင်၊ ကျေးဇူးတော်ခေတ် ရှိလိမ့်မည်မဟုတ်၊ ထို့ပြင် ယေရှုသည်လဲ ဘုရားသခင် လူ့ဇာတိခံယူသည့်သူ ဖြစ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားမပြုနိုင်ဘဲ၊ ဓမ္မဟောင်း ပညတ်တော်ခေတ်ကိုသာ ကိုယ်စား ပြုသည့်အတွက် ဖြစ်သည်။ ယေရှု အလုပ်သစ် လုပ်ဆောင်ရန်၊ ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ ဣသရေလ တိုင်းပြည်တွင် အရင်ကလုပ်ခဲ့သည့်အလုပ်ကို ချိုးဖျက်ရန်နှင့် ဣသရေလတိုင်းပြည်တွင် ယေဟောဝါ လုပ်ခဲ့သည့် အလုပ်နှင့် မကိုက်ညီသည့် သို့မဟုတ် သူ၏ စည်းကမ်းဟောင်းများနှင့် မကိုက်ညီသည့် သို့မဟုတ် မည်သည့် စည်းမျဉ်းနှင့်မျှ မကိုက်ညီသော်လည်း၊ သူလုပ်သင့်သည့် အလုပ်သစ်ကိုသာ ဆောင်ရွက်ရန် လာခဲ့သည့်အချိန်တွင်၊ ခေတ်သစ်တစ်ခေတ်သာ ရှိနိုင်သည်။ ဘုရားသခင် ကိုယ်တော်တိုင် ခေတ်တစ်ခုကို ဖွင့်ရန် ကြွလာသည်၊ ထို့နောက် ဘုရားသခင် ကိုယ်တော်တိုင်ပင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ယူသည်။ လူသည် ခေတ်ကိုအစပြုရန်နှင့် ခေတ်ကို အဆုံးသတ်ရန် လုပ်နိုင်သည့် အစွမ်းအစမရှိပေ။ ယေရှုသည် ယေဟောဝါ၏အလုပ်ကို အဆုံးမသတ်ခဲ့ပါက၊ သူသည် လူသားတစ်ဦးမျှသာဖြစ်ပြီး ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ဟု သက်သေပြသကဲ့သို့ ဖြစ်နေမည်။ ယေရှုကြွလာခဲ့ပြီး ယဟောဝါ၏အလုပ်ကို အဆုံးသတ်ခဲ့သည်၊ ယေဟောဝါ၏ အလုပ်ပြီးနောက် သူ၏ကိုယ်ပိုင်အလုပ်၊ အလုပ်သစ်ကို စတင်သည်မှာ အတိအကျပင် ဖြစ်သောကြောင့် ယင်းသည် ခေတ်သစ်တစ်ခုဖြစ်ပြီး ယေရှုသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ် ကြောင်း သက်သေပြနေသည်။ သူတို့သည် မတူညီဘဲ ကွဲပြားသည့် အလုပ်အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့ကြ သည်။ အဆင့်တစ်ဆင့်ကို ဗိမာန်တော်အတွင်း လုပ်ဆောင်ခဲ့ပြီး၊ အခြားတစ်ခုကို ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ခဲ့သည်။ အဆင့်တစ်ခုက လူသား၏ အသက်တာကို ပညတ်တော်အတိုင်း လမ်းညွှန်ရန်ဖြစ်ပြီး၊ အခြားတစ်ခုက အပြစ်ဖြေရာယဇ်ကို ပေးလှူရန်ဖြစ်သည်။ ဤအလုပ်အဆင့် နှစ်ဆင့်မှာ သိသာစွာ ကွဲပြား ကြသည်။ ဤကား ခေတ်သစ်ကို ခေတ်ဟောင်းမှ ခွဲခြားလိုက်ပြီး၊ မတူညီသည့် ခေတ်နှစ်ခေတ်ဟုပြောရန် လုံးဝမှန်ပါသည်။ သူတို့အလုပ်၏ တည်နေရာက ကွဲပြားပြီး၊ သူတို့အလုပ်၏ အကြောင်းအရာလည်း တူညီမှု မရှိသည့်အပြင်၊ သူတို့အလုပ်၏ ရည်မှန်းချက်ကလည်း ခြားနားကြသည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများ စသဖြင့် ခေတ်နှစ်ခေတ်အဖြစ် ခွဲခြားထားနိုင်သည်၊ ပြောရမည်ဆိုလျှင်၊ ခေတ်သစ်နှင့် ခေတ်ဟောင်းများ ဖြစ်ကြသည်။ ယေရှုလာစဉ်အချိန်က သူသည် ဗိမာန်တော်သို့ မသွားခဲ့ပေ၊ ယင်းသည် ယေဟောဝါ၏ခေတ် အဆုံးသတ်ကြောင်းကို သက်သေပြခြင်းဖြစ်သည်။ ဗိမာန်တော်အတွင်းမှ ယေဟောဝါ၏ လုပ်ဆောင်မှု ပြီးပြတ်ခဲ့ပြီး၊ တစ်ဖန်ပြန်လုပ်ဆောင်ရန် မလိုအပ်တော့ဘဲ၊ ယင်းကို ထပ်မံဆောင်ရွက်ခြင်းက ယင်းကို ထပ်ကျော့ခြင်း ဖြစ်သည့်အတွက် သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်ခဲ့ပါ။ ဗိမာန်တော်ကို စွန့်ခွာမှသာ၊ ဗိမာန်တော် ပြင်ပတွင် လမ်းသစ်ကို ဖွင့်လှစ်ပြီး အသစ်သော အလုပ်ကိုစတင်ခြင်းအားဖြင့်၊ သူသည် ဘုရားသခင်၏ အလုပ်ကို အထွတ်အထိပ်သို့ ယူဆောင်သွားနိုင်ခဲ့သည် မဟုတ်လော။ သူ့အလုပ်ကို လုပ်ဆောင်ရန် သူသည် ဗိမာန်တော်မှ မထွက်ခွာခဲ့လျှင်၊ ဘုရားသခင်၏ အလုပ်သည် ဗိမာန်တော်၏ အခြေခံများမှ တိုးတက်လာလိမ့်မည် မဟုတ်ဘဲ၊ အသစ်သော ပြောင်းလဲမှု တစ်ခုမျှလဲ ရှိလာလိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် ယေရှုကြွလာခဲ့စဉ်က ဗိမာန်တော်သို့ မဝင်ရောက်ဘဲ၊ သူ၏အလုပ်ကိုလဲ ဗိမာန်တော်အတွင်းတွင် မလုပ်ဆောင်ခဲ့ပေ။ သူ့အလုပ်ကို ဗိမာန်တော်ပြင်ပတွင် လုပ်ဆောင်ခဲ့ပြီး၊ တပည့် တော်များကို ဦးဆောင်ကာ သူ့အလုပ်အတွက် လွတ်လပ်စွာ လှည့်လည်သွားလာခဲ့သည်။ ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ဆောင်ရန် ဗိမာန်တော်မှ ထွက်ခွာလာခြင်းက ဘုရားသခင်တွင် အသစ်သော လုပ်ငန်းစဉ် ရှိကြောင်းကို ဆိုလိုပါသည်။ သူ့အလုပ်က ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ရန်နှင့်၊ ယင်းကို အကောင် အထည် ဖော်ရာတွင် လွတ်လပ်သည့် နည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည့် အလုပ်သစ်မျိုးဖြစ်သည်။ ယေရှု စတင်ရောက်ရှိလာသည်နှင့် ဓမ္မဟောင်းခေတ်အတွင်းမှ ယေဟောဝါ၏ အလုပ်ကို အဆုံးသတ်စေခဲ့သည်။ ယင်းတို့ကို မတူညီသည့် အမည်နှစ်မျိုးဖြင့် ခေါ်ဆိုပါသော်လည်း၊ အလုပ်နှစ်ဆင့်စလုံးကို ပြီးမြောက် စေသည်မှာ တူညီသည့် ဝိညာဉ်တော်ပင်ဖြစ်ပြီး၊ အလုပ်ကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည်။ အမည်က မတူညီသည့်အတွက်၊ ပါဝင်သည့် လုပ်ဆောင်မှုများကလည်း မတူညီ၊ ခေတ်လည်းမတူညီပေ။ ယေဟောဝါ လာခဲ့သည့်အချိန်သည် ယေဟောဝါ၏ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှုလာခဲ့သည့်အချိန်သည် ယေရှု၏ခေတ် ဖြစ်ခဲ့ သည်။ သို့အတွက်ကြောင့်၊ တစ်ခါလာတိုင်း၊ ဘုရားသခင်သည် အမည်နာမ တစ်မျိုးအခေါ်ခံရပြီး၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုကာ၊ လမ်းသစ်တစ်ခုကို ဖွင့်ပေးသည်။ လမ်းသစ်တစ်ခုစီတိုင်းတွင် သူသည် အမည်အသစ်တစ်ခု ဖော်ဆောင်သည်၊ ယင်းသည် ဘုရားသခင်က အမြဲအသစ်ဖြစ်ပြီး ဘယ်တော့မှ ဟောင်း နွမ်းသွားခြင်း မရှိကြောင်းကို ပြသပြီး၊ သူ၏ ရှေ့သို့ဦးတည်သည့် အလုပ်၏ တိုးတက်မှုလည်း ဘယ်တော့မှ ရပ်တန့်သွားခြင်း မရှိကြောင်းကို ပြသသည်။ သမိုင်းသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အလုပ်ကလည်း အမြဲတမ်း ရှေ့သို့ရွေ့လျားနေပါသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းကို ရှေ့သို့ဦးတည်သည့် လမ်းကြောင်းဖြင့် ဆက်လက်ဆောင်ရွက် ရမည်။ နေ့ရက်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အလုပ်သစ်ကို လုပ်ဆောင် ရမည်။ သူသည် လမ်းသစ်များကိုဖွင့်ပြီး၊ ခေတ်သစ်များကို အစပျိုး ရမည်၊ ပိုမိုကြီးမြတ်သည့် အလုပ်သစ်ကို စတင်ရမည်၊ ယင်းတို့နှင့်အတူ အမည်အသစ်များနှင့် အလုပ်သစ်ကို ယူဆောင်လာရမည်။ နည်းလမ်း ဟောင်းများနှင့် စည်းမျဉ်းစည်းကမ်းဟောင်းများကို မဖက်တွယ်ထားဘဲ၊ တိုတောင်းသောကာလ တစ်ခုမှ တစ်ခုဆီသို့၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်သစ်ကို လုပ်ဆောင်သည်။ သူ၏အလုပ်သည် ဘယ်သောအခါမှ ရပ်တန့်မှုမရှိဘဲ၊ တိုတောင်းသော ကာလတစ်ခုစီကို လာရောက်ဖြတ်ကျော်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ပြောင်းလဲခြင်း မရှိဟု သင်ပြောလျှင်၊ ယေရှုက ဗိမာန်တော်တွင်း မဝင်ရောက်သော်လည်း ယေဟောဝါက ယဇ်ပရောဟိတ်များကို ဗိမာန်တော်အတွင်း သူ့အား အဘယ်ကြောင့် အစေခံစေသနည်း—သို့သော်လည်း၊ ယေရှုရောက်လာခဲ့သည့်အခါ၊ သူသည် ယဇ်ပရောဟိတ် အကြီးအကဲ ဖြစ်ကြောင်း၊ ပြီးတော့ သူသည် ဒါဝိဒ်၏ အိမ်တော်ကဖြစ်ပြီး ယဇ်ပရောဟိတ် အကြီးအကဲနှင့် ကြီးမြတ်သည့် ဘုရင်ဖြစ်ကြောင်း လူများက ပြောဆိုခဲ့ကြသည်။ ပြီးလျှင် သူသည် အဘယ်ကြောင့် ယဇ်ပူဇော်မှုများ မပြုလုပ်သနည်း။ ဗိမာန်တော်ကို ဝင်ရောက်ခြင်း သို့မဟုတ် ဗိမာန်တော်ကို မဝင်ရောက်ခြင်း—ဤအရာ အားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်များ မဟုတ်သလော။ လူတွေးထင်သကဲ့သို့ ယေရှုက တစ်ဖန်ပြန်လာပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ပြီး၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာကာ၊ လူများအကြားတွင် ယေရှု၏ ပုံရိပ်အားဖြင့် ဆင်းသက်ကြွလာမည် ဆိုပါက—သူ၏အလုပ်ကို တစ်ကျော့ပြန်ခြင်းပင် မဟုတ်သလော။ သန့်ရှင်းသော ဝိညာဉ်တော်က အဟောင်းကို တွယ်ဖက်ဖို့ ဖြစ်နိုင် သလား။ လူ၏ယုံကြည်မှုများ အားလုံးက စိတ်ကူးစိတ်သန်းများဖြစ်ပြီး၊ လူသား၏ နားလည်သဘောပေါက်မှု အားလုံးကလည်း သူတို့၏ မူရင်းစာနှင့် တိကျစွာတူညီသော အဓိပ္ပာယ်ကို နားလည်ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးအရလည်း ဖြစ်သည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘော တရားများနှင့် ကိုက်ညီမှုမရှိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း လိုက်လျောညီထွေမှု မရှိပေ။ ဘုရားသခင်သည် ထိုနည်းလမ်းအတိုင်း လုပ်ဆောင်မည်မဟုတ်ချေ။ ဘုရားသခင်သည် မမိုက်မဲ မထုံအပေ၊ ထို့အတူ သူ၏အလုပ်သည်လည်း သင်တွေးထင်သကဲ့သို့ မရိုးစင်းလှပေ။ လူတွေးထင်၍ လုပ်ဆောင်သည့် အရာခပ်သိမ်းကို အခြေခံလျှင် ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ်သို့ ဆင်းသက်လာပေ မည်။ သင်တို့သည် သူ့ကို မြင်ရပြီး၊ သင်တို့ကို သူသည် ယေရှုဖြစ်ကြောင်း မိုးတိမ်ကို စီးလျက် ပြောပေမည်။ သင်တို့သည် သူ၏လက်များမှ သံမှိုအမှတ်အသားများကိုလည်း မြင်ရပြီး၊ သူက ယေရှုဖြစ်ကြောင်းကို သိရပေမည်။ ထို့နောက် သူကသင်တို့ကို နောက်ထပ် ကယ်တင်ရပြီး၊ သင်တို့၏ ကြီးမြတ်သည့် ဘုရားသခင် ဖြစ်ရပေမည်။ သူသည် သင်တို့ကို ကယ်တင်ရပြီး၊ သင်တို့ကို အမည်အသစ်ပေးကာ၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူလက်ဖွဲ့ တစ်ခုစီပေးပြီးနောက်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်အခွင့်ရပြီး ပရဒိသုဘုံက သင့်ကိုလက်ခံရပေမည်။ ဤယုံကြည်မှုများသည် လူသား၏ စိတ်ကူးစိတ်သန်းများပင် မဟုတ် သလော။ ဘုရားသခင်သည် လူသား၏ စိတ်ကူးစိတ်သန်းများအတိုင်း လုပ်ဆောင်သလော၊ သို့မဟုတ် လူသား၏ စိတ်ကူးစိတ်သန်းများကို ဆန့်ကျင်လျက် လုပ်ဆောင်သလော။ လူသား၏ စိတ်ကူးစိတ်သန်းများ အားလုံးသည် စာတန်ထံမှ ဆင်းသက်လာခြင်း မဟုတ်သလော။ လူသားအားလုံးသည် စာတန်၏ ဖျက်ဆီးမှုကို မခံခဲ့ရသလော။ ဘုရားသခင်သည် သူ့အလုပ်ကို လူသား၏ စိတ်ကူးစိတ်သန်းများအတိုင်း လုပ်ဆောင်ပါက၊ သူသည် စာတန်ဖြစ်လာလိမ့်မည် မဟုတ်လော။ သူ၏ ဖန်ဆင်းခံများနှင့် အမျိုးအစားအတူတူ ဖြစ်လာ လိမ့်မည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများက ယခုတွင် စာတန်၏ ဖျက်စီးခြင်းကို ခံခဲ့ရပြီး၊ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာခဲ့သောကြောင့် ဘုရားသခင်က စာတန်၏ အမှုအရာများအတိုင်း လုပ်ဆောင်သည် ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်လိမ့်မည် မဟုတ်လော။ လူက ဘုရားသခင်၏ အလုပ်ကို အဘယ်သို့လျှင် နားလည်သဘောပေါက် နိုင်မည်နည်း။ ထို့ကြောင့်၊ ဘုရားသခင်သည် လူ၏စိတ်ကူး စိတ်သန်းများအတိုင်း ဘယ်တော့မျှ မလုပ်ကိုင်ပါ၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း ဘယ်တော့မှ မလုပ်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်က သူသည် မိုးတိမ်စီးပြီး ရောက်လာမည်ဟု ပြောကြောင်း ပြောသည့် သူများရှိသည်။ ဘုရားသခင်က သူ့ကိုယ်သူပြောကြောင်း မှန်ကန်ပါသည်၊ သို့သော်လည်း ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဘယ်လူသားကမှ နားမလည်နိုင်သည်ကို သင်မသိသလော။ ဘယ်လူသားကမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်ကြောင်း သင်မသိသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုနှင့် အလင်းပေးမှုကို သင်ရရှိကြောင်း သံသယစိုးစဥ်းမျှမရှိဘဲ ကျိန်သေသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံကို ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ညွှန်ကြားခဲ့ခြင်းလော၊ သို့မဟုတ် သင်၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကပင် သင့်ကို ထိုကဲ့သို့ တွေးတောစေခြင်းလော။ “ဒါကို ဘုရားသခင် ကိုယ်တော်တိုင်က ပြောခဲ့တာ” ဟုသင်ပြောသည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းထွာရန်အတွက် ငါတို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် အတွေးအခေါ်များကို အသုံးပြု၍မရပါ။ ဟေရှာယက ပြောခဲ့သည့် စကားများနှင့် ပတ်သက်ပြီး၊ သူ၏စကားများကို အကြွင်းမဲ့ သေချာမှုနှင့် သင်ရှင်းပြနိုင်သလော။ သူ၏စကားများကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ စကားများကို သင့်အနေဖြင့် မရှင်းပြဝံ့လျှင်၊ ယေရှု၏ နှုတ်ကပတ်တော် များကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက် အဘယ်ကြောင့် ယေရှုမှ ပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် ရှင်းပြရသနည်း။ ဘုရားသခင်က သူ၏အလုပ်များကို သင့်အားကြိုတင်၍ ပြောမည်လား။ ဖန်ဆင်းခံ သတ္တဝါ တစ်ခုမျှ မသိနိုင်ပါ၊ ကောင်းကင်မှ တမန်တော်များပင် မသိနိုင်၊ လူသား၏ သားတော်လည်းမသိ၊ ဤသို့လျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။ လူသားသည် ချို့တဲ့လွန်းလှသည်။ ယခုသင့်အတွက် အရေးကြီးသည်မှာ အလုပ်အဆင့် သုံးဆင့်ကို သိရန်ဖြစ်သည်။ ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။ ပထမအဆင့်မှ ယနေ့တိုင် လုပ်ကိုင်သည့် အလုပ်များအားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အလုပ်၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်း နားလည်ရန် ယခုတွင် သင်၌ တာဝန်ရှိသည်။ ဤအရာနှင့် ပတ်သက်၍ သံသယ မရှိနိုင်ပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
ဆောင်ရွက်မှုများ Myanmar Christian Song (လူသားအပေါ် မျှော်လင့်ချက်အပြည့် ဘုရားသခင်ထားရှိ) | Love of God Never Changes
No comments:
Post a Comment