菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

3/23/2019

ဘုရားသခင်၏ စကားတော် | လက်တွေ့လုပ်ဆောင်ခြင်း (၇)

ဘုရားသခင်, သမ္မာတရား, အသင်းတော်, ဝိညာဉ်တော်, ခရစ်တော်၏ ပြောကြားချက်များ,
သင်တို့၏ လူ့သဘာဝသည် အလွန်ချို့တဲ့နေ၏၊ သင်တို့၏ အသက်ရှင်မှုပုံစံသည်လည်း နိမ့်ကျပြီး အလွန်အရှက်ရစရာ ဖြစ်နေသည်၊ သင်တို့၌ လူ့သဘာဝ လုံးဝ မရှိပေ၊ ထိုးထွင်းနားလည်နိုင်စွမ်းလည်း မရှိ။ ထို့ကြောင့် သင်တို့သည် လူ့သဘာဝ၌ ရှိသောအရာများနှင့်အတူ မိမိကိုယ်ကို ပြင်ဆင်ထားဖို့ လိုသည်။ အသိစိတ်ရှိခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ ထိုးထွင်းနားလည်နိုင်စွမ်းရှိခြင်း၊ မည်သို့ ပြောဆိုပြီး မည်သို့ ရှုမြင်ရမည်ကို သိခြင်း၊ သန့်ရှင်းခြင်းကို အလေးထားခြင်း၊ သာမန်လူတစ်ဦးကဲ့သို့ ပြုမူခြင်းစသည့် အရာများအားလုံးသည် ပုံမှန်လူ့သဘာဝအတိုင်း မည်သို့ပြုမူရမည်ကိုသိခြင်း ဖြစ်သည်။ ထိုအရာများကို သင်တို့သေသေချာချာ လုပ်ဆောင်လျှင် သင်တို့၏ လူ့သဘာဝသည် စံနှင့်အညီ ဖြစ်လာမည် ဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ ဝိညာဉ်အသက်တာအတွက် သင်တို့ကိုယ် သင်တို့ ပြင်ဆင်ခြင်း ဖြစ်သည်။ လောက၌ ပြုသော ဘုရားသခင်၏ အမှုအလုံးစုံကို သင်တို့ သိရမည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သင်တို့ ကြုံတွေ့ခံစားဖို့ လိုသည်။ ကိုယ်တော်၏ စီမံမှုများကို သင်မည်သို့ နာခံရမည်ကို သိသင့်သည်။ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်များကို မည်သို့ ကျေပွန်အောင် လုပ်ရမည်ကိုလည်း သင်သိသင့်သည်။ အောက်ပါကဏ္ဍနှစ်ခုသည် ယနေ့ သင်ဝင်ရောက်သင့်သည့် ကဏ္ဍနှစ်ခု ဖြစ်သည်။ ပထမကဏ္ဍမှာ လူ့သဘာဝရှိသော အသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်ခြင်း ဖြစ်သည်။ ဒုတိယကဏ္ဍမှာ ဝိညာဉ်အသက်တာနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဤကဏ္ဍနှစ်ခုစလုံးသည် မရှိမဖြစ်လိုအပ်သော ကဏ္ဍနှစ်ခု ဖြစ်သည်။
လူအချို့တို့သည် အလွန်ပင် ကတ်သီးကတ်သတ်နိုင်လှပြီး၊ လူ့သဘာဝနှင့်ဆိုင်သောအရာများဖြင့်သာ သူတို့ကိုယ်သူတို့ ပြင်ဆင်ထားကြသည်။ သူတို့သည် ဝတ်ကောင်းစားလှများ ဝတ်တတ်ကြသည်၊ သူတို့၏ဆံပင်သည်လည်း အမြဲသန့်ရှင်းနေသည်၊ သူတို့၏ အသွင်သဏ္ဌန်၌ မည်သည့် ချွတ်ယွင်းချက်ကိုမျှ ရှာလို့မရပေ။ သူတို့ ပြောသောစကားနှင့် သူတို့၏ ပြောပုံ၊ ဆိုပုံသည် သင့်တင့်လျောက်ပတ်ပြီး သူတို့၏ အဝတ်အစားသည်လည်း အလွန်ခံ့ညားသည်၊ အလွန်တော်လျော်သည်။ သို့သော် သူတို့၏အထဲ၌ ဘာမျှ မရှိပေ။ သူတို့၏ ပုံမှန်လူ့သဘာဝသည် အပေါ်ယံသာ ဖြစ်သည်။ မည်သည့်အရာကို စားရမည်၊ မည်သည့်အဝတ်ကို ဝတ်ဆင်ရမည်၊ မည်သည့်စကားကို ပြောရမည်စသည်တို့ကိုသာ သူတို့ အာရုံစိုက်ကြသည်။ ကြမ်းပြင်တံမြက်စည်းလှည်းခြင်း၊ အိပ်ယာခင်းများထပ်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ကိုသာ သီးသန့် အာရုံစိုက်တတ်ကြသောသူများပင် ရှိသေးသည်။ ထိုအရာများအား မည်သို့ လုပ်ဆောင်ရမည်ကို သူတို့ ကောင်းကောင်းကျင့်ထားကြသည်၊ သို့သော် နောက်ဆုံးသော ကာလရှိ ဘုရားသခင်၏ အမှုအကြောင်း၊ ပြစ်တင်ဆုံးမခြင်းအကြောင်း၊ စစ်ဆေးခြင်းအကြောင်း၊ စမ်းသပ်ခြင်းအကြောင်း၊ တရားစီရင်မှုအကြောင်းတို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာအကြောင်းကို ပြောပြရန် သူတို့ကို သင်မေးလျှင် ထိုအရာများနှင့်ဆိုင်သော အတွေ့အကြုံ သူတို့၌ နည်းနည်းမျှပင် မရှိကြပေ။ သင်သည် သူတို့ကို "လောက၌ လုပ်ဆောင်သည့် ဘုရားသခင်၏ အဓိကအမှုကို သင်နားလည်ပါသလား။ လူဇာတိခံသည့် ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် မည်သည့် အမှုနည်း။ ယေရှု၏ အမှုနှင့် မည်သို့ကွာခြားသနည်း။ ယေဟောဝါလုပ်သည့် အမှုနှင့် မည်သို့ ကွာခြားသနည်း။ သူတို့သည် ဘုရားတစ်ပါးတည်း ဖြစ်ပါသလား။ ကိုယ်တော်သည် ခေတ်ကို အဆုံးသတ်ဖို့ လာသလော သို့မဟုတ် လူသားများကို ကယ်တင်ဖို့လာသလော။ ကိုယ်တော်လုပ်သည့်အမှုသည် မည်သည့်အမှုနည်း"ဟူသည့် မေးခွန်းများကို မေးလျှင် သူတို့၌ ပြောစရာ ဘာမျှရှိမည် မဟုတ်ပေ။ အပေါ်ယံ၌ သူတို့သည် လှပစွာ ဆင်ယင်ထားကြသည်။ ညီမများသည် ပန်းတစ်ပွင့်လိုလှအောင် သူတို့ကိုယ်သူတို့ ပြင်ဆင်ထားကြသည်။ ညီအစ်ကိုများသည်လည်း မင်းသားများ သို့မဟုတ် စတိုင်ကျသော သူဌေးသားများနှင့် တူကြသည်။ သူတို့သည် သူတို့စားသည့် အရာများနှင့် အပေါ်ယံ၌ ဝတ်ဆင်သည့် အရာများကိုသာ စိတ်ဝင်စားကြပြီး အတွင်း၌ ခိုကိုးရာမဲ့ကြသည်၊ ဘုရားသခင်၏အကြောင်း စိုးစဉ်းမျှ မသိကြပေ။ ထိုသို့ဖြစ်ခြင်းသည် အဓိပ္ပါယ်မဲ့သည် မဟုတ်လော။ အခြားသူများမှာတော့ မသပ်မရပ် ဝတ်ဆင်ထားကြပြီး သူတောင်းစားများနှင့်တူကြသည်၊ အရှေ့တိုင်း ကျွန်များနှင့်တူကြသည်။ သင်တို့ထံမှ ငါတောင်းဆိုသည့်အရာကို သင်တို့အမှန်တကယ်ပင် နားမလည်သလော။ သင်တို့အချင်းချင်း မိတ်သဟာယဖွဲ့ကြပါ။ သင်တို့ မည်သည အရာကို ရသနည်း။ ဤနှစ်များအားလုံး သင်တို့ လေ့လာလိုက်စားခဲ့ကြသည်၊ သို့သော် အရာကိုသာ သင်တို့ ရိတ်သိမ်းကြရ၏၊ သင်တို့ မရှက်ကြသလော။ သင်တို့ မရှက်ကြသလော။ ဤနှစ်များအားလုံးတွင် မှန်သောလမ်းကိုသင်တို့ လေ့လာလိုက်စားခဲ့ကြသော်လည်း ယနေ့ သင်တို့၏ ဝိညာဉ်အသက်တာသည် စာကလေးတစ်ကောင်၏ ဝိညာဉ်အသက်တာထက်ပင် သေးငယ်နေသည်။ သင်တို့အကြား၌ရှိသော မိန်းမပျိုများကို ကြည့်ပါ၊ ပန်းကလေးများကဲ့သို့ လှအောင် ပြင်ဆင်ထားကြပြီး သင်တို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် နှိုင်းယှဉ်ကြည့်နေကြသည်။ မည်သည့်အရာကိုကြည့်ပြီး သင်တို့ တစ်ယောက်နှင့် တစ်ယောက် နှိုင်းယှဉ်နေကြသနည်း။ ပျော်မွေ့ခြင်းဖြစ်သည် မဟုတ်လော။ ထို့နောက် သင်တို့ မည်သည့်အရာများကို တောင်းဆိုကြသနည်း။ ငါလာသည်မှာ မော်ဒယ်လ်မလေးများကို စုဆောင်းဖို့ရန် လာသည်ဟု သင်တို့ထင်ကြသလော။ သင်တို့၌ အရှက်လုံးဝ မရှိကြ။ သင်တို့၏ အသက် အဘယ်မှာနည်း။ သင်တို့၏ လွန်ကဲသော ဆန္ဒများနောက်သို့ သင်တို့ လိုက်ကြ သလော။ သင် အရမ်းလှသည်ဟု သင်ထင်သည်။ သင်အလွန်လှကောင်း လှပေလိမ့်မည်။ သို့သော်လည်း သင်သည် နောက်ချေးပုံ၌ မွေးသည့် လှုပ်ရွနေသည့် လောက်ကောင်တစ်ကောင် မဟုတ်လော။ ယနေ့ ကောင်းကင်မှ ကောင်းကြီးမင်္ဂလာများကို သင်တို့ ခံစားခွင့်ရခြင်းသည် သင့်ကို ဘုရားသခင်က ချွင်းချက်အနေနှင့် ပေါ်လာစေသောကြောင့် ဖြစ်ပြီး သင့်မှာ လှပသောမျက်နှာ ရှိသောကြောင့် မဟုတ်ပေ။ သင်မည်သည့်နေရာမှာလာသည်ကို ယခုတိုင် ရှင်းရှင်းလင်းလင်း မသိသေးသလော။ 'အသက်'ဟု ပြောလိုက်သည်နှင့် သင်သည် ပါးစပ်ကို ပိတ်ပြီး ဘာမျှ မပြောတော့ပေ၊ သင်သည် သစ်သားနှင့်လုပ်ထားသော ကြက်ရုပ်ကလေးများကဲ့သို့ ဖြစ်သော်လည်း မိတ်ကပ်ဖို့ဝံ့သေးသလော၊ သင်၏ မျက်နှာကို ပေါင်ဒါရိုက်ဖို့ တွေးနေသေးသလော။ သင်တို့ထဲ၌ရှိသော လူပေါ်ကြော့များကို ကြည့်ပါ။ သူတို့သည် ထိန်းရကျောင်းရအလွန်ခက်သူများဖြစ်ပြီး တစ်နေကုန် လည်ပတ်တတ်ကြသည်။ သူတို့၏ မျက်နှာပေးသည်လည်း အေးအေးစက်စက်နှင့် စိတ်ဝင်စားမှု မရှိသော မျက်နှာပေးဖြစ်သည်။ သူတို့သည် ဘယ်သွားသွား ကောင်းကောင်းမွန်မွန် ပြုမူပြောဆိုခြင်း မရှိကြ၊ လူသားဆန်သောအချက် တစ်စုံတစ်ခု သူတို့၌ ရှိပါသလော။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သင်တို့အယောက်စီတိုင်းသည် သင်တို့၏အာရုံကို မည်သည့်နေရာ သို့မဟုတ် မည်သူ့ထံ၌ တစ်နေကုန် နှစ်မြှုပ်ထားကြသနည်း။ သင်တို့ အစာစားနိုင်ဖို့အတွက် မည်သူ့ကို အားကိုးရကြောင်း သိပါသလော။ သင်၏ အဝတ်အစားကို ကြည့်ပါ၊ သင့်လက်ထဲ၌ မည်သည့်အရာများကို ရိတ်သိမ်းထားသည်ကို ကြည့်ပါ၊ သင်၏ ဗိုက်ကို ပွတ်လိုက်ပါ။ သင်၏ သွေးချွေး ပေးဆပ်ပြီး လုပ်ဆောင်ခဲ့မှုအတွက် မည်သည့် ရလဒ်ကို သင်ရရှိသနည်း။ ရှုခင်းလျှောက်ကြည့်ဖို့ သင်က စဉ်းစားနေသေးသည်၊ အနံ့ထွက်နေသော လူဇာတိကို အလှဆင်ဖို့ စဉ်းစားနေသေးသည်၊ ယင်းတို့သည် တန်ဖိုးမရှိသော လုပ်ရပ်များ ဖြစ်သည် မဟုတ်လော။ သင့်ကို ပုံမှန်ဖြစ်ဖို့ပြောထားသော်လည်း ယနေ့သင်တို့သည် ပုံမှန် မဖြစ်သည့်အပြင် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုသို့ဖြစ်နေသည့်လူက ငါ့ရှေ့မှောက်သို့ အဘယ်ကြောင့် လာရဲသနည်း။ ထိုသို့သော လူ့သဘာဝနှင့် လမ်းသလားကာ သင်၏ ဇာတိပကတိကို ထုတ်ဖေါ်ပြီး ဇာတိပကတိ၏ တပ်မက်မှု၌ အမြဲအသက်ရှင်နေသောသင်သည် ညစ်ညမ်းသော နတ်ဆိုးများနှင့် ဝိညာဉ်ဆိုးများ၏ မျိုးဆက်ဖြစ်သည် မဟုတ်လော။ ထိုညစ်ညမ်းသော နတ်ဆိုးအား အချိန်ကြာကြာ ဆက်ရှိနေခွင့် ငါပေးမည် မဟုတ်။ သင်၏နှလုံးသားထဲ၌ ရှိသော အတွေးများကို ငါမသိဘူးဟု မထင်နှင့်။ သင်၏ တပ်မက်မှုနှင့် သင်၏ ဇာတိပကတိကို တင်းတင်းကျပ်ကျပ် သင်ထိန်းချုပ်ကောင်း ထိန်းချုပ်ထားမည်။ သို့သော် သင်၏နှလုံးသားထဲ၌ရှိသော အတွေးများနှင့် သင်၏မျက်စိက တပ်မက်သည့်အရာများအားလုံးကိုမူ ငါမသိနိုင်ဟု သင်ထင်သလော။ ငယ်ရွယ်သော မိန်းမပျိုများ၊ သင်တို့သည် သင်တို့၏ ဇာတိပကတိကို မြင်သာအောင် လမ်းသလားပြဖို့အတွက် မိမိကိုယ်ကို ပန်းကလေးတစ်ပွင့်ကဲ့သို့ လှပအောင် ပြင်ဆင်ကြသည် မဟုတ်လော။ သင်တို့အဖို့ ယောက်ျားများသည် မည်သို့သော အကျိုးကျေးဇူးများ ဖြစ်သနည်း။ သူတို့သည် သင်တို့ကို ဒုက္ခပင်လယ်ထဲမှ အမှန်ကယ်တင်နိုင်သလော။ ထို့အပြင် သင်တို့ထဲတွင် လူပေါ်ကြော့များ ဖြစ်ကြသော အမျိုးသားများအားလုံးသည် လူကြီးလူကောင်းတစ်ဦး၊ ဂုဏ်ရှိသောသူတစ်ဦးဟု အထင်ခံရအောင် ဝတ်စားဆင်ယင်ကြသည်။ မည်သူ့အတွက် သင်တို့ ထိုသို့ လုပ်ကြသနည်း။ သင်တို့အဖို့ အမျိုးသမီးများသည် မည်သို့သော အကျိုးကျေးဇူးများ ဖြစ်သနည်း။ သင်တို့ အပြစ်ကျူးလွန်ကြသည့် အဓိကအကြောင်းအရင်းမှာ သူတို့ဖြစ်သည် မဟုတ်လော။ အသင် အမျိုးသားများနှင့် အမျိုးသမီးတို့၊ ငါသည် သင်တို့အား နှုတ်ကပတ်တော်များ ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များထဲမှ အနည်းအကျဉ်းကိုသာ နာခံကြသည်။ သင်တို့သည် နားလေးကြကာ၊ မျက်စိမှုန်ကြပြီး၊ နှလုံးလည်း မာကျောကြသောကြောင့် သင်တို့၏ ခန္ဓာ၌ တပ်မက်မှုသာရှိသည်။ သင်တို့သည် ယင်း၏ ချုပ်နှောင်မှုကို ခံနေကြရပြီး လွတ်မြောက်အောင် ရုန်းမထွက်နိုင်ကြပေ။ အညစ်အကြေးများအကြား၌ လူးလွန့်နေသော လောက်ကောင်များဖြစ်သည့် သင်တို့၏အနားသို့ မည်သူသွားလိုသနည်း။ မူလအစ၌ သင်တို့သည် ပုံမှန်လူ့သဘာဝ မရှိသောသူများ ဖြစ်ကြောင်း၊ သင်တို့သည် နောက်ချေးပုံထဲမှ ငါပေါ်ထွန်းစေသူများသာဖြစ်ကြောင်းကို မမေ့ကြနှင့်။ သင်တို့ထံမှ ငါတောင်းဆိုသောအရာသည် သင်တို့၌ မူလကမရှိသည့် ပုံမှန်လူ့သဘာဝဖြစ်သည်။ သင်တို့၏ ဇာတိပကတိသည် နှစ်ပေါင်းများစွာ နတ်မိစ္ဆာက ပုံစံသွင်းလေ့ကျင့်ထားသည့်ဇာတိ ဖြစ်သည်။ ထိုဇာတိပကတိကို ထုတ်ပြဖို့ သင်တို့အား ငါမတောင်းဆိုပေ။ သို့မဟုတ် သိုးပြီး အနံ့ထွက်နေသည့် သင်တို့၏ ဇာတိပကတိကစေခိုင်းသည့်အတိုင်း အထိန်းအကွပ်မရှိ အသက်ရှင်ဖို့ကိုလည်း သင်တို့အား ငါမတောင်းဆိုပေ။ သင်တို့သည် မိမိကိုယ်ကိုယ် ဤသို့ ဝတ်စားဆင်ယင်ကြသောအခါ အရင်ထက် သာ၍ ခိုင်မာစွာ ချုပ်နှောင်ခံရမည်ကို မကြောက်ကြသလော။ သင်တို့သည် မူလက အပြစ်တရားနှင့် စပ်ဆိုင်ကြောင်းကို သင်တို့ မသိကြသလော။ သင်တို့၏ ခန္ဓာကိုယ်သည် တပ်မက်မှုများနှင့် ပြည့်နေသည်ကို သင်တို့ မသိကြသလော။ သင်တို့၏ တပ်မက်မှုသည် သင်တို့၏အဝတ်များမှပင် စိမ့်ထွက်နေသောကြောင့် သင်တို့၏ အခြေအနေအား မခံမရပ်နိုင်လောက်အောင်ကို ရုပ်ဆိုးပြီး ညစ်ညမ်းသည့် နတ်မိစ္ဆာအသွင် ထုတ်ဖော်ပြသနေသည်အထိပင် ဖြစ်သည်။ သင်တို့အားလုံးနှင့် ပတ်သက်၍ အလွန်ရှင်းလင်းထင်ရှားသည့်အချက်မှာ ထိုအချက်ဖြစ်သည် မဟုတ်လော။ သင်တို့၏ နှလုံးသားများ၊ မျက်စိများ၊ နှုတ်ခမ်းများကို ညစ်ညူးသည့် နတ်မိတ်စ္ဆာများက ညစ်ညမ်းအောင် ပြုလုပ်ထားကြသည် မဟုတ်လော။ ၎င်းတို့သည် မညစ်ညမ်း သလော။ ကိုယ်ကျင့်တရားပျက်သည့်[က] အပြုအမူတစ်ခုခုကိုမလုပ်သရွေ့ သင်သည် အသန့်ရှင်းဆုံးသူဖြစ်သည်ဟု သင် ထင်သည်။ လှလှပပ ဝင်ဆင်ခြင်းအားဖြင့် သင်တို့၏ ယုတ်ညံ့သော စိတ်နှလုံးများကို ဖုံးထားနိုင်သည်ဟု သင်ထင်သည်။ ထိုသို့ လုံးဝ မဟုတ်ပေ။ သာ၍ လက်တွေ့ကျဖို့ သင်တို့အား ငါအကြံပေးလိုသည်။ မမှန်မကန် မလုပ်ကြနှင့်၊ ဟန်မဆောင်ကြနှင့်၊ လှည့်လည်ကာ ကိုယ်ကို ဟန်ရေးမပြကြနှင့်။ သင်တို့ တစ်ဦးနှင့်တစ်ဦး သင်တို့၏ တပ်မက်မှုကို ထုတ်ဖော် ပြကြသည်။ သို့သော် သင်တို့ ရမည့်အရာမှာ ထာဝရဒုက္ခနှင့် ဂရုဏာကင်းသောဆုံးမခြင်း ဖြစ်သည်။ အဘယ်ကြောင့် သင်သည် တစ်ဦးနှင့်တစ်ဦး ပရောပရည်လုပ်ပြီး မေတ္တာမျှဖို့လိုသနည်း။ ထိုသို့လုပ်ဆောင်ခြင်းသည် ရိုးဖြောင့်သောအပြုအမူ ဖြစ်ပါသလော။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်တို့အား လေးစားထိုက်သူတစ်ဦး ဖြစ်စေပါသလော။ သင်တို့ထဲတွင် အောက်လမ်းနည်းနှင့်ဆေးကုခြင်း၊ မှော်အတတ်ကိုကျင့်ခြင်းတို့ လုပ်သူများကို ငါစက်ဆုပ်ရွံရှာသည်၊ သင်တို့ထဲမှ မိမိ၏ ဇာတိပကတိကို ချစ်သော ပျိုရွယ့််သည့် ယောက်ျားများနှင့် မိန်းမပျိုများကို ငါစက်ဆုပ်ရွံရှာသည်။ သင့်တို့ကိုယ်သင်တို့ ချုပ်တီးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ငါသည် သင်၏ တပ်မက်မှုကို ဝါကြွားပြဖို့ မတောင်းဆိုဘဲ၊ သင့်မှာ ပုံမှန်လူ့သဘာဝရှိဖို့သာ တောင်းဆိုသောကြောင့် ဖြစ်သည်။ သင်တို့၏ ဇာတိပကတိသည် အလွန်ပင ပေါများပြီး သင်တို့၏ တပ်မက်မှုသည်လည်း အလွန်ပင်ပြင်းထန်သဖြင့် သင်တို့သည် ရနိုင်သမျှ အခွင့်အရေးယူတတ်ကြ၏။

အပြန်ပန်း၌ သင်သည် လူ့သဘာဝရှိသော သင်၏ အသက်တာကို ကောင်းစွာ စီမံထားသော်လည်း ဘဝ၏ အသိပညာအကြောင်း ပြောပြဖို့ သင့်အားမေးသောအခါ သင့်မှာ ပြောစရာ ဘာမျှမရှိပေ။ ဤကဏ္ဍ၌ သင်သည် ချို့တဲ့သည်။ သင်သည် သမ္မာတရားနှင့်အတူ မိမိကိုယ်ကိုယ် ပြင်ဆင်ထားရမည်။ လူ့သဘာဝရှိသော သင်၏အသက်တာသည် အကောင်းဘက်သို့ ပြောင်းလဲလာပြီဖြစ်သောကြောင့် သင်၏အထဲ၌ ရှိသော အသက်သည်လည်း ပြောင်းလဲလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သော သင်၏ အတွေး၊ အမြင်များ ပြောင်းလဲခြင်း၊ သင်၏အတွင်းရှိ အသိနှင့် တွေးခေါ်မှုပြောင်းလဲခြင်း၊ သင်၏အယူအဆထဲ၌ ရှိသည့် ဘုရားသခင်နှင့်ပတ်သက်သော အသိ ပြောင်းလဲခြင်းတို့ ဖြစ်လိမ့်မည်။ ရိုက်နှက်ဆုံးမခြင်း၊ ထုတ်ဖေါ်ခြင်းနှင့် ထောက်ပံ့ခြင်းတို့အားဖြင့် သင်၏အသိကို စင်ကြယ်စေရင်း သင့်ကိုယ်သင် သိသောအသိ၊ သင်၏ဖြစ်တည်မှုနှင့်ဆိုင်သော အသိ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သောအသိတို့ တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မည်။ ဤနည်းလမ်းဖြင့် လူ၏အထဲ၌ ရှိသော အတွေးများ ပြောင်းလဲလိမ့်မည်၊ အမှုအရာများကို သူတို့ ရှုမြင်ပုံ ပြောင်းလဲလိမ့်မည်၊ သူတို့၏ စိတ်သဘောထားအမြင်လည်း ပြောင်းလဲလိမ့်မည်။ ထိုသို့ပြောင်းလဲမှသာ သူတို့၏ အသက်တာစိတ်သဘောထားလည်း ပြောင်းလဲပြီး ဖြစ်နေလိမ့်မည်။ တစ်နေကုန် စာအုပ်များ ဖတ်ဖို့၊ အခန်းသန့်ရှင်းရေးလုပ်ဖို့ သို့မဟုတ် အဝတ်လျှော်ပြီး သန့်ရှင်းရေးလုပ်ဖို့ သင့်ကို ငါမတောင်းဆိုပေ။ ပင်ကိုအားဖြင့် သင်၏ ပုံမှန်လူ့သဘာဝအတိုင်း လုပ်ဆောင်သောအခါ မည်သည့် ပြဿနာမှ မရှိရပေ။ ထိုသို့လုပ်ဆောင်နိုင်ခြင်းသည် အနည်းဆုံး လိုအပ်သောအရာဖြစ်သည်။ သင်အပြင်သို့ သွားသောအခါ ထိုးထွင်းနားလည်နိုင်သောဉာဏ်နှင့် ဆင်ခြင်တုံတရား အချို့ရှိရဦးမည်။ သို့သော် အရေးအကြီးဆုံးမှာ အသက်၏ သမ္မာတရားနှင့်အတူ ပြင်ဆင်ထားဖို့ဖြစ်သည်။ ဝိညာဉ်နှင့်ဆိုင်သော ကိစ္စများကို ပြောသောအခါ သင်သည် လူ့သဘာဝနှင့်ဆိုင်သောကိစ္စများကို လျစ်လျူရှုတတ်သည်။ ယင်းမှာ မှားယွင်းသည်။ အသက်နှင့်စပ်လျဉ်း၍ သင်သည် ကိုယ့်ကိုယ်ကို ပြင်ဆင်သောအခါ ဘုရားသခင်ကို သိသော အသိအကြောင်း၊ ဖြစ်တည်မှုနှင့် ပတ်သက်သော သင်၏အမြင်အကြောင်းနှင့် အထူးသဖြင့် နောက်ဆုံးသောကာလ၌ ဘုရားသခင် လုပ်သည့် အမှုအကြောင်း သင်မည်မျှသိကြောင်း ပြောနိုင်ရမည်။ သင်သည် အသက်ကို ကြိုးစားရှာဖွေနေသူဖြစ်သဖြင့် သင့်ကိုယ်သင် ထိုသို့ ပြင်ဆင်ထားရမည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သောအခါ သင်၏ကိုယ်ပိုင် အခြေအနေမှန်နှင့် နှိုင်းယှဉ်တိုင်းတာရမည်။ ဆိုလိုသည်မှာ သင်တကယ့်အတွေ့အကြုံများ ရနေစဉ်တွင် သင့်မှာရှိသော အားနည်းချက်များကို တွေ့ရှိပြီးနောက် သင်၏လွဲမှားသည့် စိတ်ပါဝင်စားမှုများနှင့် အယူအဆများကို ကျောခိုင်းကာ လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းကို သင်ရှာဖွေနိုင်စွမ်းရှိရမည်။ သင် ဤအရာ၌ အမြဲကြိုးစားလုပ်ဆောင်သည့်အပြင် သင်၏ နှလုံးသားသည်လည်း ဤအရာများကို အမြဲအာရုံစိုက်နေလျှင် သင့်မှာ လိုက်လျှောက်ဖို့ နည်းလမ်းတစ်လမ်းရှိလာလိမ့်မည်။ အနှစ်မဲ့သည်ဟု သင်ခံစားရမည်မဟုတ်၊ ပုံမှန်အခြေအနေတစ်ခုကို သင်ကိုယ်သင် ထိန်းထားနိုင်လိမ့်မည်။ သို့မှသာ သင်သည် သင်၏ကိုယ်ပိုင်အသက်တာအားဖြင့် ဝန်တာထားသူတစ်ဦး၊ ယုံကြည်ခြင်းရှိသူတစ်ဦး ဖြစ်လာမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် လူတို့သည် အဘယ်ကြောင့် နှုတ်ကပတ်တော်အတိုင်း လက်တွေ့ မလုပ်ဆောင်နိုင်ကြသနည်း။ အရေးကြီးသည့်အချက်ကို နားမလည်သောကြောင့် ထိုသို့ဖြစ်နေခြင်း မဟုတ်လော။ လူတို့သည် ဘဝ နှင့် ကစားနေသောကြောင့် ထိုသို့ဖြစ်နေခြင်း မဟုတ်လော။ သူတို့သည် သူတို့၏ ကိုယ်ပိုင်အခြေအနေကို နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်တိုင်းတာနိုင်စွမ်း မရှိသောကြောင့်၊ သူတို့၏အခြေအနေကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိသောကြောင့် သူတို့သည် အရေးကြီးသည့်အချက်ကို နားမလည်ခြင်းဖြစ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း မရှိခြင်း ဖြစ်သည်။ လူတချို့က "ကျွနုပ်သည် ကျွနုပ်၏ အခြေအနေကို နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ် တိုင်းတာကြည့်ပြီးပြီ။ ကျွနုပ်သည် အကျင့်စာရိတ္တပျက်စီးနေသောသူ၊ အစွမ်းအစနည်းသောသူဖြစ်၏။ ဘုရားသခင်အလိုကို ဖြည်းဆည်းနိုင်စွမ်း ကျွနုပ်တွင် မရှိသည်ကို ကျွနုပ်သိသည်"ဟု ပြောကြသည်။ သင်သည် အပေါ်ယံကိုသာ မြင်ဖူးသေးသည်။ ဇာတိပကတိ၏ သာယာမှုများကို မည်သို့ ဘေးဖယ်ထားမည်နည်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှုကို မည်သို့ ဘေးဖယ်ထားမည်နည်း၊ သင့်ကိုယ်သင် မည်သို့ ပြောင်းလဲမည်နည်း၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်မည်နည်း၊ သင်၏အစွမ်းအစကို မည်သို့ တိုးတက်အောင်လုပ်မည်နည်း၊ မည်သည့်ကဏ္ဍမှ စလုပ်ရမည်နည်း စသည့်အရာများအားလုံးသည် အမှန်တကယ်ဖြစ်ပျက်နေသော အရာများ ဖြစ်သည်။ အပေါ်ယံအရာအချို့ကိုသာ သင်နားလည်သည်။ သင်သည် အမှန်ပင် အလွန်စာရိတ္တပျက်နေသောသူဖြစ်ကြောင်းကိုသာ သင်သိသည်။ သင်၏ ညီအစ်ကိုမောင်နှမများကို သင်တွေ့သောအခါ သင်မည်မျှ ဖောက်ပြန်ပျက်ဆီးကြောင်း သင်ပြောပြသည်။ ထိုသို့ဖြစ်နေကြောင်းနှင့် သင်၏အသက်တာသည် သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်းကို သင်သိသည်ဟု ထင်ရသည်။ အမှန်မှာ သင်သည် မပြောင်းလဲသေးပေ။ ထိုသို့ မပြောင်းလဲခြင်းက သင်သည် လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းကို မတွေ့သေးဟူသည့်အချက်ကို သက်သေပြသည်။ သင်သည် အသင်းတော်၌ ဦးဆောင်နေလျှင် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို သင်ထောက်ပြသောအခါ "အခြားဘယ်နေရာတွင်မှ ဤနေရာထက် နောက်ပြန်သွားနေသည့်အရာ မရှိ၊ သင်တို့တွင် နာခံခြင်း မရှိပါ"ဟု သင်ပြောနိုင်သည်။ သူတို့ မည်သို့ မနာခံကြောင်း၊ မည်သို့ နောက်ပြန်သွားနေကြောင်းပြောသည့်အခါ သူတို့၏ မနာခံမှုအခြေအနေနှင့် မနာခံသော အပြုအမူကိုဖော်ပြသည့် သရုပ်သကန်များအကြောင်းပြောပြီး သူတို့ အပြည့်အဝ လက်ခံလာအောင် ပြောရမည်။ အချက်အလက်များဖြင့် ပြောရမည်ဖြစ်ပြီးဥပမာများ ပေးပြီး ပြဿနာကို ရှင်းပြရမည်၊ နာခံမှုမရှိသော အပြုအမူများကို အမှန်တကယ်မလုပ်တော့အောင် မည်သို့ လုပ်ဆောင်နိုင်ကြောင်းကိုလည်း သင်ပြောနိုင်ရမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရန်နည်းလမ်းကိုလည်း ထောက်ပြရမည်။ ထိုသို့လုပ်ဆောင်မှသာ သူတို့ သင့်ဖက်သို့ ပါလာမည် ဖြစ်သည်။ "ဤနေရာသို့ လာလည်ဖို့ ကျွနုပ်တွင် ဆန္ဒမရှိ။ သင်တို့ထက်ပိုပြီး နောက်ပြန်လှမ်းနေသူ မည်သူမျှမရှိ၊ သင်တို့သည် အလွန်ပင် နာခံမှု မရှိကြ"ဟုသာ သင်ပြောလျှင် သင်၏စကားကို နားထောင်ပြီး မည်သူကမျှ နည်းလမ်းကို တွေ့မည်မဟုတ်။ ထိုသို့လျှင် သင် လူတို့အား မည်သို့ ဦးဆောင်မည်နည်း။ သူတို့၏ အခြေအနေမှန်နှင့် တကယ့်သရုပ်သကန်များအကြောင်း သင်ပြောရမည်။ ထိုသို့ပြောမှသာ လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းကို သင်တို့ ရလိမ့်မည်။ သို့မှသာ သင်သည် စစ်မှန်မှု ရှိလိမ့်မည်။

ယနေ့မှ စ၍ သမ္မာတရားများစွာ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ သို့သော် အကြောင်းအရာများကို သင်ဆက်စပ်ရမည်။ သမ္မာတရားမည်မျှများများ ငါဖော်ပြခဲ့ကြောင်းကို သင် ကောက်ချက်ချနိုင်ရမည်။ လူတစ်ဦးသည် ပုံမှန်လူ့သဘာဝ၏ မည်သည့် စရိုက်လက္ခဏာများကို ပိုင်ဆိုင်သင့်သနည်း။ အသက်တာ၏ စိတ်သဘောထားပြောင်းလဲခြင်းနှင့်ဆိုင်သော အဓိကအချက်များ၊ ရူပါရုံများပိုမိုကြီးမားနက်ရှိုင်းလာခြင်း၊ သင်နားလည်ထားသည့် ခေတ်ကာလတလျှောက် လူတို့၏ မှားယွင်းသည့် သိခြင်း နှင့် တွေ့ကြုံခြင်းနည်းလမ်းများ- ဤအရာများကို ခွဲခြား၊ သိမြင်နိုင်စွမ်း သင့်မှာရှိမှ သင်သည် မှန်သောလမ်းကြောင်းပေါ်သို့ ဝင်ရောက်ရုံသာ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ဘာသာရေးလောကမှလူများသည် ကျမ်းစာကို ဘုရားသခင်သဖွယ် ကိုးကွယ်ကြသည်။ အထူးသဖြင့် သူတို့သည် ဓမ္မသစ်ကျမ်းရှိ ခရစ်ဝင်ကျမ်းလေးကျမ်းကို ယေရှု၏မျက်နှာ လေးမျက်နှာသဖွယ် သဘောထားကြသည်။ ထိုနည်းတူ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း သုံးပါးတစ်ဆူအဖြစ် ပြောကြ၏။ ဤအရာများသည် လုံးဝကျိုးကြောင်းဆီလျော်မှု မရှိဆုံး အရာများ ဖြစ်သည်။ ထိုအရာများကို သင်တို့ ထွင်းဖောက်မြင်တတ်ရမည်။ ထို့အပြင် ဘုရားသခင် လူဇာတိခံခြင်း၏ အနှစ်သာရ နှင့် နောက်ဆုံးသောကာလ၌ လုပ်သည့် အမှုအကြောင်းကို သင်တို့သိရမည်။ ဝိညာဉ်၌ အသက်ရှင်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း၊ အခက်အခဲနှင့် ရင်ဆိုင်ရသောအခါ လက်လျှော့ခြင်း၊ သြဇာအာဏာကို နာခံခြင်း စသည်တို့သည် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းဟောင်းများ ဖြစ်သည်။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သော ဤအယူလွဲများ နှင့် လမ်းလွဲမှုများကိုလည်း သိရမည်။ အရင်က လူတို့မည်သို့ လက်တွေ့လုပ်ဆောင်ခဲ့ကြောင်းနှင့် ယနေ့ခေတ်၌ လူတို့မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သင်သိသင့်သည်[ခ]။ အသင်းတော်များ၌ အလုပ်လုပ်ကြသူများသည် အချင်းချင်း မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သနည်း၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှုကို မည်သို့ ဘေးဖယ်ထားပြီး အဆင့်အတန်းကို မမှီခိုပဲ နေရမည်နည်း၊ ညီအစ်ကိုမောင်နှမများ မည်သို့ အချင်းချင်း သင့်သင့် မြတ်မြတ် နေသင့်သနည်း၊ အခြားလူများနှင့်သာမက ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို မည်သို့ တည်ဆောက်သင့်သနည်း၊ လူသား၏ အသက်တာ၌ ပုံမှန်ဖြစ်မှုကို ရရှိအောင် မည်သို့ လုပ်ဆောင်ရမည်နည်း၊ လူတို့သည် ၄င်းတို့၏ ဝိညာဉ်အသက်တာ၌ မည်သည့်အရာကို ပိုင်ဆိုင်သင့်သနည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်သင့်သနည်း၊ မည်သည့်အရာသည် အသိပညာနှင့်သက်ဆိုင်သနည်း၊ မည်သည့်အရာသည် ရူပါရုံများနှင့် သက်ဆိုင်သနည်း၊ လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းမှာ အဘယ်နည်း၊ ဤမေးခွန်းများအားလုံးအကြောင်းကို မပြောရသေးသလော။ ဤနှုတ်ကပတ်တော်များအားလုံးသည် လေ့လာလိုက်စားသောသူများအတွက် ဖြစ်သည်၊ မည်သူ့ကိုမျှ မျက်နာှသာမပေးပေ။ ယနေ့ သင်တို့သည် အမှီအခိုကင်းမဲ့စွာ အသက်ရှင်နိုင်စေသည့် အစွမ်းအစကို ပျိုးထောင်သင့်သည်။ သင်တို့၌ မှီခိုလိုစိတ်အမြဲရှိနေလျှင် အနာဂတ်တွင် သင့်ကို လမ်းပြမည့်သူမရှိသောအခါ သင်သည် ငါ၏ ဤနှုတ်ကပတ်တော်များကို သတိရလိမ့်မည်။ ဆင်းရဲဒုက္ခကြီးစွာခံရသော အချိန်များ၌ အသင်းတော်၏ အသက်တာကို ဦးဆောင်ဖို့ မဖြစ်နိုင်ပေ။ ညီအစ်ကိုမောင်နှမများ တစ်ဦးနှင့်တစ်ဦး မတွေ့နိုင်၊ အများစုမှာ သူတို့ချည်းသာရှိကြပြီး နေရာတစ်နေရာမှ လူများနှင့်သာ အဆက်အသွယ် လုပ်နိုင်ကြသည်။ ထို့ကြောင့် သင်၏ လက်ရှိ ဝိညာဉ်အသက်တာသည် မလုံလောက်ပေ။ ဆင်းရဲဒုက္ခအလယ်တွင် လူတော်တော်များများသည် ကြံ့ကြံ့ခံနိုင်ဖို့ ခက်ခဲသည်ကို တွေ့ကြလိမ့်မည်။ အသက်လမ်းကို သိပြီး သမ္မာတရားကို စွဲကိုင်ထားသော သူများသာလျှင် ရှေ့ဆက်သွားနိုင်ကာ သန့်ရှင်းခြင်းကို ရရှိနိုင်ကြသည်။ ဆင်းရဲဒုက္ခခံရဖို့ဆိုသည်မှာ သင့်အတွက် မလွယ်ပေ။ ရက်အနည်းငယ်လွန်လျှင် ခံရသော ဆင်းရဲဒုက္ခကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု သင်ထင်လျှင် သင်၏အတွေးက ရိုးရှင်းလွန်းလှသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မမြင်မကန်း စားသောက်ခြင်းဖြင့် အချိန်တန်လျှင် ကြံ့ကြံ့ခံနိုင်လိမ့်မည်ဟု သင်ထင်သည်။ ထိုသို့ဖြစ်မည် မဟုတ်။ အနှစ်သာရ၏ အမှုအရာများကို သင်မသိလျှင်၊ အရေးကြီးသည့် အချက်ကို နားလည်နိုင်စွမ်း မရှိလျှင်၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း သင့်မှာ မရှိလျှင် တစ်ချိန်ချိန်၌ သင်တစ်ခုခုဖြစ်သောအခါ သင် ဝေခွဲမရဖြစ်လိမ့်မည်၊ စာတန်၏ သွေးဆောင်မှုနှင့် စစ်ဆေးမှု ဆိုက်ရောက်ခြင်းကို သင်ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ သင့်မှာ သမ္မာတရားလည်း လုံးဝ မရှိ၊ ရူပါရုံ လုံးဝမရှိလျှင် အချိန်တန်လျှင် သင့်ကိုယ်သင် မပြိုလဲအောင် တားဆီးနိုင်မည် မဟုတ်ပေ။ ထိုအချိန်၌ သင်သည် မျှော်လင့်ချက်များအားလုံးကို စွန့်လွှတ်ပြီး "ငါသည်လည်း သေရမည်ပင်၊ ထို့ကြောင့် အဆုံးအထိ ပြစ်တင်ဆုံးမခြင်းကို ခံလိုက်ခြင်းက ကောင်းလိမ့်မည်။ ငါ့အတွက်တော့ အရေးမကြီးပေ။ ပြစ်တင်ဆုံးမခြင်းကို သင်ခံသည်ဖြစ်စေ၊ မီးကန်ထဲသို့ သင်သွားသည်ဖြစ်စေ နှစ်ခုစလုံးကို ငါလက်ခံသည်။ ဖြစ်လာသည့်အရာများကို ငါလက်ခံမည် ဖြစ်သည်" ဟု ပြောလိမ့်မည်။ ယင်းမှာ အစေခံများ၏ ခေတ်ကာလအတွင်းကဲ့သို့ ဖြစ်သည်။ သူတို့သည် အစေခံများဖြစ်သောကြောင့် အသက်ကို ကြိုးစားရှာဖွေဖို့မလို၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကို ပြုလျှင်လည်း ဘာမျှမဖြစ်၊ ရသည်ဟု လူတို့ ထင်ခဲ့ကြသည်[ဂ]။ တီဗွီကြည့်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းစသည့် အရာများအားလုံးကို လူတို့ လုပ်ခဲ့ကြသည်။ ပတ်ဝန်းကျင်က ဆန့်ကျင်သောအခါ သင်သည် သူတို့၏ ဆန့်ကျင်မှုကို မကျော်ဖြတ်နိုင်ပေ၊ အနည်းငယ်မျှ စိတ်လျှော့လိုက်သည်နှင့် တပြိုင်နက် သင်သည် မျှော်လင့်ချက်များအားလုံးကို စွန့်လွှတ်လိမ့်မည်။ သင်သတိမထားလိုက်ခင်မှာပင် ထိုနည်းလမ်းအားဖြင့် သင်သည် စာတန်၏ ချည်နှောင်ခြင်းကို ခံရလိမ့်မည်။ စာတန်၏ လွှမ်းမိုးမှုကို အောင်နိုင်ခြင်း မရှိလျှင် သင်သည် စာတန်၏ ဖမ်းဆီးခြင်းကို ခံရလိမ့်မည်။ ထပ်မံဖျက်ဆီးဖို့ အပ်နှင်းခြင်း ခံရလိမ့်မည်။ ထို့ကြောင့် ယနေ့ သင့်ကိုယ်သင် ပြင်ဆင်ရမည်။ အမှီအခိုကင်းကင်း နေနိုင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ၌ လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းကို ရှာဖွေနိုင်ရမည်။ အသင်းတော်၌ အလုပ်လုပ်ရန် မည်သူမျှ မလာလျှင်လည်း သင့်မှာ လျှောက်လှမ်းရန် နည်းလမ်းတစ်ခု ရှိသင့်သည်။ သင်၏ အားနည်းချက်များကို ရှာဖွေနိုင်သင့်သည်။ လက်တွေ့လုပ်ဆောင်ပြီး ကိုယ်တိုင် စွဲကိုင်ထားသင့်သည့် သမ္မာတရားများကို ရှာဖွေနိုင်စွမ်း ရှိသင့်သည်။ ကမ္ဘာမြေသို့ လာပြီးနောက် ဘုရားသခင်သည် လူကို အမြဲဖော်ပြုလိမ့်မည်လော။ လူတချို့က "ကျွန်ုပ်တို့၌ အတိုင်းအတာတစ်ခုအထိ ကိုယ်တော် အမှု မပြုလျှင် ကိုယ်တော်၏ အမှု ပြီးပြီဟု မသတ်မှတ်နိုင်။ အဘယ်ကြောင့်ဆိုသော် စာတန်က ကိုယ်တော်ကို စွပ်စွဲသောကြောင့် ဖြစ်သည်"ဟု ယုံကြည်ယူဆကြသည်။ ငါသင့်ကို ပြောမည်၊ ငါ၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီးသောအခါ၊ ယင်းမှာ ငါ၏အမှုကို အောင်မြင်စွာလုပ်ပြီးသော အချိန်ဖြစ်သည်။ ငါ၏ မြွက်ဆိုချက်များ အဆုံးသတ်သည်နှင့် ငါ၏အမှုလည်း ပြီးလိမ့်မည်။ ငါ့အမှု ပြီးဆုံးခြင်းသည် စာတန်ကို အောင်နိုင်ပြီး ဖြစ်ကြောင်းကို ဖော်ပြသည့် သက်သေဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းကို စာတန်၏ စွပ်စွဲခြင်း မရှိဘဲ အောင်မြင်စွာ လုပ်ဆောင်နိုင်သည်ဟု ဆိုနိုင်သည်။ သို့သော် ငါ၏အမှု ပြီးသောအခါ၌ သင်တို့၏ အတွင်း၌ ဘာမျှ မပြောင်းလဲသေးလျှင် သင်တို့ကဲ့သို့သော လူများသည် ကယ်တင်ရန် မဖြစ်နိုင်သူများ ဖြစ်ပြီး သုတ်သင်ဖယ်ရှားခြင်း ခံရမည့်သူများ ဖြစ်သည်။ လိုသည်ထက်ပိုပြီး ငါအလုပ် မလုပ်ပေ။ သင့်ကို အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ခြင်းခံရပြီးသောအခါ တနည်းအားဖြင့် သင်တို့အားလုံး ရှင်းရှင်းလင်းလင်း သိသောအခါ၌ သင်တို့၏ အစွမ်းအစ တိုးတက်လာပြီး ဖြစ်လိမ့်မည်၊ အတွင်း၌သာမက အပြင်၌ပါ သင်တို့ သက်သေခံကြလိမ့်မည်ဟူသည့် အခြေအနေအထိ ဖြစ်လာသောအခါ လောက၌ ငါသည် အမှုကို ပြီးအောင် ပြုလိမ့်မည်ဟူသည်မှာ မမှန်ပေ။ ယင်းမှာ မဖြစ်နိုင်ပေ။ ယနေ့ သင်တို့အထဲ၌ ငါပြုသောအမှုသည် သင်တို့ ပုံမှန်အသက်တာထဲသို့ ဦးဆောင်ခေါ်သွားဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်၊ ခေတ်အသစ်တစ်ခုနှင့် အမှုသစ်တစ်ခုကို ဆောင်ကျဉ်းလာဖို့ ဖြစ်သည်။ တစ်ဆင့်ပြီး တစ်ဆင့်ပြီးမြောက်သည့် ဤအမှုကို ငါသည် သင်တို့အကြားတွင် တိုက်ရိုက် လုပ်ဆောင်ခဲ့သည်။ သင်တို့အား မျက်နှာချင်းဆိုင်ပြီး လက်တွဲ သင်ကြားပေးခဲ့သည်။ သင်တို့၌ မရှိသည့် အရာမှန်သမျှကို ပေးပြီး သင်တို့နားမလည်သည့် အရာမှန်သမျှကို ငါပြောသည်။ သင်တို့အတွက်တော့ ဤအမှုများအားလုံးသည် အသက်၏ အထောက်အပံ့၊ ပုံမှန် လူ့သဘာဝ၏အသက်တာထဲသို့ သင်တို့ကို လမ်းပြသည့် အလုပ်ဖြစ်သည်ဟု ပြောနိုင်သည်။ ဤအမှုများအားလုံးသည် နောက်ဆုံးသောကာလ၌ လူတစ်စု၏အသက်ကိုသီးသန့်ထောက်ပံ့ပေးရန် အလုပ်များ ဖြစ်သည်။ ငါ့အတွက် ဤအမှုများအားလုံးသည် ခေတ်တစ်ခေတ်ကို အဆုံးသတ်ပြီး ခေတ်အသစ်တစ်ခေတ်ကို ဆောင်ကျဉ်းဖို့ ဖြစ်သည်။ စာတန်နှင့် ပတ်သက်၍၊ ဘုရားသခင်သည် သူ့ကို နှိမ်နင်းဖို့အတွက် လူဇာတိခံခဲ့ပြီး ဖြစ်သည်။ သင်တို့အကြား၌ ငါလုပ်သောအမှုသည် ယနေ့၏အထောက်အပံ့၊ အချိန်ကိုက်ပေးသည့် ကယ်တင်ခြင်းဖြစ်သည်။ သို့သော် ဤနှစ်အနည်းငယ်အတွင်း၌ သမ္မာတရားအားလုံးကိုသာမက အသက်လမ်းအား သင်တို့ကို ငါပြောပြမည်။ အနာဂတ်၌ လုပ်မည့်အမှုကိုပင် သင်တို့အား ငါပြောပြမည်။ ထိုသို့ပြောခြင်းသည် အနာဂတ်၌ သင်တို့ပုံမှန် တွေ့ကြုံခံစားဖို့ရန်အတွက် လုံလောက်လိမ့်မည်။ ငါပြောသည့် နှုတ်ကပတ်တော်များအားလုံးသည် သင်တို့အတွက် ငါ၏တစ်ခုတည်းသော တိုက်တွန်းချက်ဖြစ်သည်။ တခြားဘယ်အရာကိုမျှ ငါမတိုက်တွန်းပေ။ ယနေ့ ငါပြောသည့် နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားရသည့် အတွေ့အကြုံ သင်တို့၌ လုံးဝ မရှိသလို၊ ထိုနှုတ်ကပတ်တော်များ၏ အတွင်းပိုင်း အဓိပ္ပါယ်ကို နားမလည်ကြသောကြောင့် ယနေ့ ငါပြောသည့် နှုတ်ကပတ်တော်များအားလုံးသည် သင်တို့အတွက် ငါ၏တိုက်တွန်းချက်ဖြစ်သည်။ တစ်နေ့တွင် ယနေ့ငါပြောသည့်အတိုင်း သင်တို့၏ အတွေ့အကြုံများမှ အသီးအပွင့်များ ဖြစ်ထွန်းလာလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ယနေ့သင် ရရှိသော ရူပါရုံများ၊ အနာဂတ်တွင် သင်မှီခိုအားထားမည့် အရာများ၊ ယနေ့ အသက်၏ အထောက်အပံ့နှင့် အနာဂတ်အတွက် တိုက်တွန်းချက် ဖြစ်သည်။ ပို၍ကောင်းသော တိုက်တွန်းချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် လောက၌ ငါအလုပ်လုပ်ရန်ရသောအချိန်သည် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ တွေ့ကြုံခံစားရရန် ရသောအချိန်လောက် မကြာသောကြောင့် ဖြစ်သည်။ ငါ၏အလုပ်ကို ပြီးရုံသာ ငါလုပ်နိုင်လိမ့်မည်။ သင်တို့ကမူ ရှည်လျားသောဘဝခရီး၌ အသက်ကို ရှာဖွေနေလိမ့်မည်။ များစွာသော အမှုအရာများကို တွေ့ကြုံရပြီးမှ သင်တို့သည် အသက်လမ်းကို အပြည့်အဝ ရရှိနိုင်ကြလိမ့်မည်။ ယနေ့ ငါပြောသည့် နှုတ်ကပတ်တော်များ၏ အတွင်းပိုင်း အဓိပ္ပါယ်ကို ထိုအခါ၌သာ သင်တို့နားလည်နိုင်စွမ်းရှိလိမ့်မည်။ သင်တို့၏ လက်များထဲ၌ ငါ၏ နှုတ်ကပတ်တော်များ ရှိသည်၊ ငါ၏ စေခိုင်းချက်များအားလုံးကိုလည်း သင်တို့ လက်ခံရရှိပြီးဖြစ်သည်၊ သင်တို့ လုပ်သင့်သည့်အရာအားလုံးကိုလည်း သင်တို့ကို စေခိုင်းပြီးဖြစ်သည်။ အကျိုးဆက်မည်မျှ ကောင်းကောင်းရအောင် လုပ်နိုင်သည်ဖြစ်စေ နှုတ်ကပတ်တော်၏ အမှု ပြီးဆုံးသောအခါ ဘုရားသခင်၏ အလို ဆောင်ရွက်ပြီး ဖြစ်လိမ့်မည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲခြင်းခံရလိမ့်မည်ဟု သင်တို့ထင်သကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်သည် သင်၏ အယူအဆများအတိုင်း မလုပ်ဆောင်ပေ။

ရက်အနည်းငယ်အတွင်း လူတို့၏ အသက်တာများ ဖွံ့ဖြိုးကြီးထွားလာလေ့မရှိပေ၊ လူတို့၌ နေ့စဉ် စားသောက်စရာများစွာ ရှိကောင်း ရှိမည်ဖြစ်သော်လည်း ထိုမျှနှင့် မလုံလောက်ပေ၊ သူတို့၏ အသက်တာ ဖွံ့ဖြိုးကြီးထွားသည့် အချိန်ကာလကို ကြုံဖို့လိုသည်။ ဤသည်မှာ လိုအပ်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ယနေ့ လူတို့၌ ရှိသော အစွမ်းအစနှင့်ဆိုလျှင် သူတို့၏ အသက်တာ မည်မျှ ဖွံ့ဖြိုးကြီးထွားနိုင်သနည်း။ လူတို့၏ လိုအပ်ချက်များအပေါ်မူတည်ပြီး ဘုရားသခင်က အလုပ်လုပ်သည်၊ သူတို့၏ ပင်ကို အစွမ်းအစအပေါ်မူတည်ပြီး သင့်တော်သော တောင်းဆိုမှုများကို ပြုလုပ်သည်။ သာ၍ မြင့်မားသည့် အစွမ်းအစရှိသော လူတစ်စု အလယ်တွင် ဤအမှုကို ဆောင်ရွက်ခဲ့သည်ဆိုပါစို့၊ ထိုသို့ဖြစ်လျှင် ကိုယ်တော်၏ မြွက်ဆိုချက်များသည် သင်တို့ထံ၌ ပြောသော မြွက်ဆိုချက်များထက်သာ၍ အဆင့်မြင့်မည်၊ ရူပါရုံများလည်း သာ၍ အဆင့်မြင့်မည်၊ သမ္မာတရားများသည်လည်း သာ၍ပင် အဆင့်မြင့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်လည်း သာ၍ ပြင်းထန်ရလိမ့်မည်၊ လူကို သာ၍ ထောက်ပံ့နိုင်စွမ်းရှိလိမ့်မည်၊ နက်နဲသောအရာများကိုလည်း သာ၍ ထုတ်ဖော်ပြနိုင်စွမ်းရှိလိမ့်မည် ဖြစ်သည်။ လူတို့အလယ် စကားပြောသောအခါ၌ သူတို့၏ လိုအပ်ချက်များအပေါ်မူတည်ပြီး ဘုရားသခင်က သူတို့ကို ထောက်ပံ့ပေးမည် ဖြစ်သည်။ ယနေ့ သင်တို့ထံမှ တောင်းဆိုသောအရာများသည် သင်တို့ထံမှ ဖြစ်နိုင်သမျှ အမြင့်မားဆုံး တောင်းဆိုချက်များဟု ဆိုနိုင်သည်။ အကယ်၍ သာ၍အစွမ်းအစရှိသော လူများထံ၌ ဤအလုပ်ကို လုပ်မည်ဆိုလျှင် ငါ၏တောင်းဆိုချက်များ သာ၍မြင့်မားမည် ဖြစ်သည်။ ဘုရားသခင်၏ အမှု အားလုံးသည် လူတို့၏ ပင်ကို အစွမ်းအစေအပေါ်မူတည်ပြီး လုပ်ဆောင်သော အလုပ်များ ဖြစ်သည်။ ယနေ့ ဘုရားသခင်က လူတို့ကို ပြောင်းလဲခဲ့ပြီးသိမ်းပိုက်ခဲ့သည့် အတိုင်းအတာထက် သာ၍မြင့်မားသောအရာ မရှိပေ။ ဤအဆင့်၌ရှိသော အလုပ်၏ အကျိုးဆက်များကို တိုင်းတာဖို့အတွက် သင်တို့၏ ကိုယ်ပိုင် အယူအဆများကို မသုံးကြနှင့်။ မည်သည့် အရာများကို ပင်ကိုအားဖြင့် သင်တို့ပိုင်ဆိုင်ကြောင်းကို သင်တို့ ရှင်းရှင်းလင်းလင်း သိသင့်သည်။ သင်တို့ကိုယ်သင်တို့ အလွန် အထင်မကြီးသင့်။ သင်တို့ထဲတွင် မည်သူမျှ အသက်ကို ကြိုးစားရှာဖွေခြင်း မရှိ၊ သင်တို့သည် လမ်းပေါ်လျှောက်သွားနေသည့် သူတောင်းစားများ ဖြစ်သည်။ ဘုရားသခင် သင်တို့ကို အမှုပြုဖို့အတွက် ရူပါရုံကြီးတစ်ခုကို သင်မြင်သည့်အခါပြုသလို သင်တို့အားလုံးသည် အပြည့်အဝ ယုံကြည်ပြီး မြေပေါ်၌ ပြပ်ဝပ်ကြသည်အထိ ဖြစ်လိမ့်မည်ဟု သင်ထင်သည်။ ယင်းမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နိမိတ်လက္ခဏာများကို မမြင်ဖူးသူများသည် ငါပြောသည့် နှုတ်ကပတ်တော်များကို အပြည့်အဝ မယုံနိုင်ကြသောကြောင့် ဖြစ်သည်။ ငါပြောသည့် နှုတ်ကပတ်တော်များကို သင်တို့ သေသေချာချာ လေ့လာကောင်း လေ့လာမည်ဖြစ်သော်လည်း အပြည့်အဝတော့ ယုံမည် မဟုတ်။ ဤသည်မှာ လူ့သဘာဝဖြစ်သည်။ ကြိုးစားရှာဖွေသူတို့၏ အတွင်း၌မူ ပြောင်းလဲမှုအချို့ ရှိလိမ့်မည်။ ကြိုးစားရှာဖွေခြင်း မရှိသောသူတို့၏ ယုံကြည်ခြင်းမှာမူ အားနည်းလာပြီး ပျောက်ပင် ပျောက်ကွယ်သွားနိုင်သည်။ သင်တို့၏ အကြီးမားဆုံး ပြဿနာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည်ကို မမြင်ရဘဲ အပြည့်အဝ မယုံနိုင်ခြင်း၊ နိမိတ်လက္ခဏာများကို မမြင်ဘဲ သင်တို့ ပြန်လည်ပြေလည်အောင် လုပ်မှာ မဟုတ်ခြင်း ဖြစ်သည်။ ထိုအမှုအရာများ မတိုင်မီ မည်သူက ဘုရားသခင်အပေါ် အစဉ်အမြဲ သစ္စာရှိနိုင်သနည်း။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို မယုံ၊ နိမိတ်လက္ခဏာများကိုသာ ယုံကြသည်ဟု ငါပြောခြင်း ဖြစ်သည်။ ယနေ့မှစ၍ ကဏ္ဍအမျိုးမျိုးအကြောင်းကို ငါရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီ။ သမ္မာတရားနှင့်ဆိုင်သော ကဏ္ဍများအားလုံးကိုလည်း အဆင်သင့် ဖြစ်စေခဲ့သည်။ ဤသမ္မာတရားများအားလုံးသည်လည်း အချင်းချင်း အကျိုးပြုနိုင်သောအရာများ ဖြစ်သည်။ ထို့ကြောင့် သင်သည် ယခု ၎င်းတို့ကိုလက်တွေ့လုပ်ဆောင်ရမည်။ ယနေ့ သင့်ကို ငါလမ်းပြနေသည်၊ အနာဂတ်၌ သင်သည် ၎င်းတို့ကိုကိုယ်တိုင် လက်တွေ့လုပ်ဆောင် သင့်သည်။ ယနေ့ ငါပြောသော နှုတ်ကပတ်တော်များသည် လူတို့၏ အခြေအနေမှန်အပေါ်မူတည်ပြီး သူတို့ထ တောင်းဆိုချက်များ ပြုသည်။ထိုအပြင် ငါသည် သူတို့၏ လိုအပ်ချက်များ၊ သူတို့အထဲ၌ ရှိသော အရာများ အပေါ်မူတည်ပြီး အလုပ် လုပ်သည်။ လက်တွေ့ကျသောအလုပ်ကို လုပ်ရန်နှင့် လူတို့၏ အခြေအနေမှန်နှင့် လိုအပ်ချက်များ အပေါ်မူတည်ပြီး အလုပ်လုပ်ရန် လက်တွေ့ကျသော ဘုရားသည် လောကသို့ ရောက်လာခဲ့ပြီး ဖြစ်သည်။ သူသည် ယုတ္တမတန်သောသူ မဟုတ်ပါ။ ထို့အပြင် ဘုရားသခင် အလုပ်လုပ်သောအခါ၌ လူတို့ကို အတင်းအကျပ် မလုပ်ခိုင်းပေ။ ဥပမာအားဖြင့် သင်လက်ထပ်ခြင်း၊ လက်မထပ်ခြင်းသည် သင်၏ အခြေအနေမှန်အပေါ်တွင် မူတည်သင့်သည်။ သမ္မာတရားကို သင့်အား ရှင်းလင်းစွာ ပြောပြထားပြီး ဖြစ်သည်။ သင့်အား ငါချုပ်ထိန်းမထားပေ။ တချို့မိသားစုများသည် မင်္ဂလာမဆောင်လျှင် ဘုရားသခင်ကို မယုံရဟု ပြောသည်အထိ လူတို့ကို ဖိနှိပ်ကြသည်။ထို့ကြောင့် အပြန်အလှန်အားဖြင့် မင်္ဂလာဆောင်ခြင်းသည် ၎င်းတို့အတွက် အကျိုးကျေးဇူး ဖြစ်သည်။ တချို့လူများအတွက်မူ မင်္ဂလာဆောင်ခြင်းသည် အကျိုးမရှိသည့်အပြင် မင်္ဂလာဆောင်သောကြောင့် သူတို့၌ မူလရှိသည့်အရာကိုပင် ဆုံးရုံးကြသည်။ မင်္ဂလာဆောင်ခြင်း၊ မဆောင်ခြင်းသည် သင်၏ အခြေအနေမှန်နှင့် သင်၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် အပေါ်၌ မူတည်ပြီး လုပ်ဆောင်သည့် အရာဖြစ်ရမည်။ သင်တို့ထံမှ တောင်းဆိုမှုများ ပြုလုပ်ရန်အတွက် စည်းမျဉ်းများကို ငါဖန်တီးခြင်း မဟုတ်ပေ။ လူတော်တော်များများက "ဘုရားသခင်သည် စစ်မှန်၏၊ ကိုယ်တော်၏ အမှုသည် စစ်မှန်မှုထဲ၌ အခြေခံပြီး ကျွန်ုပ်တို့၏ အခြေအနေမှန် နှင့်အညီ ဆောင်ရွက်သည်"ဟု အမြဲပြောကြသည်။ သို့သော် မည်သည့် အရာက ဘုရားသခင်၏ အမှုကို စစ်မှန်သောအမှု ဖြစ်စေသည်ကို သင်သိပါသလား။ တစ်နေကုန် အနှစ်မဲ့သောစကားများ မပြောနှင့်။ ဘုရားသခင်၏အမှုသည် အမှန်တကယ်ပြုသည့် အမှုဖြစ်သည်၊ စစ်မှန်မှုအပေါ်အခြေခံသော အလုပ်ဖြစ်သည်။ မည်သည့် အယူဝါဒမျှမပါ၊ အလုံးစုံ ထုတ်ပြန်သည့် အလုပ်ဖြစ်ပြီး အားလုံး ဖွင့်ဟထားကာ ဖုံးကွယ်ထားခြင်း မရှိပေ။ ဤအခြေခံသဘောတရားများသည် မည်သည့်အရာကို ခြုံငုံသနည်း။ ဤအရာက ဘုရားသခင်၏ အမှုများထဲမှ မည်သည့်အမှုနှင့် သက်ဆိုင်သည်ဟု သင်ဆိုနိုင်သလော။သင် တိတိကျကျ ပြောရမည်၊ အတွေ့အကြုံလည်း ရှိပြီး ကဏ္ဍတော်တော်များများ၌ သက်သေခံရမည်။ ဤကဏ္ဍကို သင်ရှင်းရှင်းလင်းလင်း သိမြင်မှသာလျှင် သင်သည် ဤနှုတ်ကပတ်တော်များကို ပြောဆိုဖို့အတွက် အရည်အချင်းရှိသူတစ်ဦး ဖြစ်လာမည် ဖြစ်သည်။ အကယ်၍ လောက၌ လူဇာတိခံသည့် လက်တွေ့ကျသောဘုရားသည် မည်သည့်အမှုကို ပြုရမည်နည်း။ အဘယ်ကြောင့် သူ့ကို သင်တို့က လက်တွေ့ကျသောဘုရားဟု ခေါ်သနည်း။ "လက်တွေ့ကျသော"ဟူသည့် စကားလုံး၌ မည်သည့်အရာပါဝင်သနည်း။ သူ၏ လက်တွေ့ကျသော အမှု အကြောင်းကိုသာမက ထိုအလုပ်၌ မည်သည့်အရာ ပါဝင်ကြောင်းကို တိတိကျကျ သင်ပြောနိုင်သလော။ ယေရှုသည် လူဇာတိခံသည့် ဘုရားသခင်ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသည်လည်း လူဇာတိခံသော ဘုရားသခင်ဖြစ်သည်။ ၎င်းတို့ ကြားက ကွာခြားချက်မှာ အဘယ်နည်း။ တူသော အချက်များမှာ မည်သည့် အချက်များနည်း။ သူတို့ မည်သည့် အမှုကို လုပ်ခဲ့ကြသနည်း။ သင်ပြောနိုင်ပါသလား ဟု တစ်စုံတစ်ယောက်က သင့်ကို မေးလျှင် ဤအရာအားလုံးသည် သက်သေရပ်တည်ခြင်း ဖြစ်သည်။ ထိုမေးခွန်းများကြောင့် စိတ်ရှုပ်ထွေးမသွားပါနှင့်။ "လက်တွေ့ကျသော ဘုရား၏ အမှုသည် စစ်မှန်၏၊ သူသည် မည်သည့်အခါမျှ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြ"ဟု ပြောသော သူများလည်း ရှိသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမှန်ပင် မပြသလော။ ထိုအချက်ကို သင်အမှန်တကယ် သိသလော။ ငါ၏အမှုသည် အဘယ်အရာဖြစ်သည်ကို သင်သိသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြမည်မဟုတ်ဟု တချို့က ပြောကြသည်။ သို့သော် သူလုပ်သည့် အလုပ်နှင့် သူပြောသည့် စကားများသည် နိမိတ်လက္ခဏာများ မဟုတ်လော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြမည်မဟုတ်ဟု တချို့က ပြောကြသည်။ သို့သော် ယင်းသည် ဤနှုတ်ကပတ်တော်များကို မည်သူ့အားပြောခဲ့သနည်းဟူသည့် အချက်အပေါ်၌ မူတည်သည်။ အသင်းတော်သို့ မသွားဘဲ သူသည် လူတို့၏ အခြေအနေကို အရှိအတိုင်း ဖော်ပြခဲ့သည်၊ အခြားမည်သည့်အလုပ်ကိုမှ မလုပ်ဘဲ၊ စကားပြောရုံဖြင့် သူသည် လူတို့ကို ရှေ့သို့ဆက်သွားစေခဲ့သည်။ ဤအရာများသည် နိမိတ်လက္ခဏာများ မဟုတ်လော။ နှုတ်ကပတ်တော်များ ပြောရုံဖြင့် သူသည် လူတို့ကို သိမ်းပိုက်ခဲ့သည်၊ အလားအလာ သို့မဟုတ် မျှော်လင့်ချက်များ မရှိသော်လည်း လူတို့သည် ဝမ်းမြောက်စွာ ကိုယ်တော်၏နောက်သို့ လိုက်ကြသည်။ ဤအရာများသည် နိမိတ်လက္ခဏာများ မဟုတ်လော။ ကိုယ်တော် စကားပြောသောအခါ ကိုယ်တော်၏ နှုတ်ကပတ်တော်များက လူတို့၏အတွင်း၌ ဝမ်းမြောက်သည့်ခံစားချက် သို့မဟုတ် အလွန်ဝမ်းနည်းသည့် ခံစားချက် သို့မဟုတ် စစ်ဆေးခံရသည့် ခံစားချက် သို့မဟုတ် ပြစ်တင်ဆုံးမခြင်းခံရသည့် ခံစားချက်ကို ခံစားရစေသည်။ စိတ်ထိခိုက်စေသော နှုတ်ကပတ်တော်အနည်းငယ်ဖြင့် ကိုယ်တော်သည် လူတို့ကို ပြစ်တင်ဆုံးမသည်။ ယင်းသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်လော။ လူပုဂ္ဂိုလ်တစ်ယောက်သည် ထိုသို့ ပြုနိုင်သလော။ ကျမ်းစာကို သင်နှစ်ပေါင်းများစွာ ဖတ်ခဲ့သည်။ သို့သော် သင်ဘာမျှ နားမလည်ခဲ့ပေ၊ ဘာမျှ မြင်ခဲ့ပေ။ ထို့အပြင် သင်သည် ခေတ်မမှီတော့သည့် သမားရိုးကျ ယုံကြည်နည်းများနှင့် မခွဲနိုင်ခဲ့ပေ။ ကျမ်းစာကိုလည်း နားမလည်ခဲ့ပေ။ သို့သော် သူသည် ကျမ်းစာကို အပြည့်အဝနားလည်နိုင်သည်။ ဤအချက်သည် သဘာဝလွန်ဖြစ်ရပ် မဟုတ်လော။ ဘုရားသခင် လောကသို့ လာသောအခါ၌ မည်သည့် သဘာဝလွန်ဖြစ်ရပ်မျှ မဖြစ်ခဲ့လျှင် သူက သင်တို့ကို သိမ်းပိုက်နိုင်ပါမည်လော။ သူသည် သာမန်ထက်ထူးကဲသည့် ဘုရားအလုပ်ကို မလုပ်ခဲ့လျှင် သင်တို့တွင် မည်သူ ယုံမည်နည်း။ သင်၏မျက်စိ၌ သာမန်လူတစ်ယောက်က သင်တို့နှင့်အတူ အလုပ်လုပ်ပြီး နေထိုင်နေသည်ဟု ထင်ရသည်။ သူ၌ သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူတစ်ဦး၏ အပြင်ပန်းသဏ္ဍန်ရှိသည်ဟု ထင်ရသည်။ သင်မြင်သောအရာသည် ပုံမှန်လူ့သဘာဝ၏ အပြင်ပန်းသဏ္ဍန် ဖြစ်သည်။ သို့သော် အမှန်မှာ အလုပ်လုပ်နေသောသူသည် ဘုရားဖြစ်သည်။ အလုပ်လုပ်နေသောသူသည် ပုံမှန်လူ့သဘာဝရှိသူ မဟုတ်ပေ၊ ဘုရားသခင်၏သဘာဝရှိသူ ဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်သည်။ သူသည် အမှုပြုဖို့အတွက် ပုံမှန်လူ့သဘာဝကို အသုံးပြုခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ အလုပ်သည် သာမန်အလုပ်လည်းဖြစ်သလို၊ သဘာဝလွန်တန်ခိုးပြသည့် အလုပ်လည်း ဖြစ်သည်။ သူပြုသောအမှုကို လူမလုပ်နိုင်ပေ။ သာမန်လူတို့ မလုပ်နိုင်သော အလုပ်ကို သာမန်ထက်ထူးကဲသူတစ်ဦးက လုပ်ခြင်းဖြစ်သည်။ သို့သော် သာမန်ထက်ထူးကဲခြင်းသည် ဘုရားသဘာဝဖြစ်သည်။ ယင်းမှာ လူ့သဘာဝက သာမန်ထက်ထူးကဲခြင်းမဟုတ်ပဲ ဘုရားသဘာဝက လူ့သဘာဝနှင့် မတူခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသူသည်လည်း သာမန်ဖြစ်ပြီး၊ ပုံမှန်လူ့သဘာဝရှိသူ ဖြစ်သည်၊ သို့သော် သူသည် ဤအလုပ်ကို လုပ်နိုင်စွမ်း မရှိပေ။ ခြားနားချက်မှာ - သင်က "ဘုရားသခင်သည် သဘာဝလွန်တန်ခိုးရှိသည့် ဘုရားသခင် မဟုတ်။ သူသည် မည်သည့် သဘာဝလွန်ဖြစ်ရပ်ကိုမျှ မလုပ်။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် လက်တွေ့ကျပြီး စစ်မှန်သည့် နှုတ်ကပတ်တော်များကို ပြောသည်။ သူသည် အမှု ပြုရန် အသင်းတော်သို့ အမှန်တကယ် သွားခဲ့သည်၊ နေ့တိုင်း သူသည် ကျွန်ုပ်တို့ကို မျက်နှာချင်းဆိုင် စကားပြောသည်၊ ကျွန်ုပ်တို့၏ အခြေအနေကိုလည်း မျက်နှာချင်းဆိုင်ပြီး ထောက်ပြသည်၊ ကျွန်ုပ်တို့၏ ဘုရားသခင်သည် အမှန်တကယ်စစ်မှန်သော ဘုရားသခင် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့နှင့်အတူ နေသည်၊ အရာအားလုံးသည် သာမန်ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် သူသည် ဘုရားသခင် ဖြစ်ကြောင်းကို သက်သေပြစရာ ဘာမျှမရှိ။ သူဒေါသထွက်သည့် အချိန်များပင်ရှိပြီး သူ့အမျက်၏ ထည်ဝါမှုကို ကျွန်ုပ်တို့ မြင်ကြသည်။ ထို့အပြင် သူပြုံးသောအခါ ကျွန်ုပ်တို့သည် သူ၏ ပြုံးသည့် အမူအရာကို မြင်တွေ့ကြသည်။ သူသည် ကိုယ်ဒြပ်ရှိသည့် ဘုရားသခင်ကိုယ်တိုင်ပင် ဖြစ်သည်၊ အသွေးအသားနှင့် ဖွဲ့စည်းထားသူဖြစ်သည်၊ အမှန်တကယ်ရှိသူဖြစ်သည်"ဟု သင် ပြောကောင်း ပြောလိမ့်မည်။ သင်ထိုသို့ သက်သေခံသောအခါ သင်၏ သက်သေခံမှုသည် မပြည့်စုံပေ။ ထိုသို့ပြောခြင်းက သူတပါးအတွက် မည်သည့် အထောက်အကူဖြစ်သနည်း။ ဘုရားသခင်ကိုယ်တိုင်လုပ်သည့် အမှု၏ အတွင်းပိုင်း ဇာတ်ကြောင်း နှင့် အနှစ်သာရကို သင်သက်သေမခံနိုင် လျှင် သင်သည် သက်သေခံနေခြင်း မဟုတ်ပေ။

အရေးအကြီးဆုံးမှာ သက်သေခံသောအခါ၌ ဘုရားသခင်၏ အမှုအကြောင်း၊ ဘုရားသခင်က လူတို့ကို မည်သို့ သိမ်းပိုက်ကြောင်း၊ သူက လူတို့ကို မည်သို့ ကယ်တင်ကြောင်း၊ သူက လူတို့ကို မည်သို့ ပြောင်းလဲကြောင်း၊ လူတို့ ဝင်ရောက်နိုင်အောင် မည်သို့ လမ်းပြပြီး လူတို့အား သိမ်းပိုက်ခြင်းခံရသည့် အခွင့်၊ စုံလင်အောင် ပြုလုပ်ခြင်း ခံရသည့်အခွင့်နှင့် ကယ်တင်ခြင်းခံရသည့် အခွင့်တို့အား ပေးကြောင်းကို သင်သိသလောက် ပြောဖို့လိုသည်။ သက်သေခံခြင်းဆိုသည်မှာ သူ၏ အမှုအကြောင်း၊ သင်တွေ့ကြုံခဲ့သည့် အရာများအားလုံးအကြောင်း ပြောခြင်း ဖြစ်သည်။ သူ၏ အမှုကသာ သူ့ကို ကိုယ်စားပြုသည်၊ သူ၏ အလုပ်ကသာ သူ့၏အလုံးစုံကို လူသိထင်ရှား ဖော်ပြနိုင်သည်။ သူ၏ အမှုသည် သူ့အတွက် သက်သေခံသည့် အရာဖြစ်သည်။ သူ၏အမှုနှင့် မြွက်ဆိုချက်များသည် ဝိညာဉ်တော်ကို တိုက်ရိုက်ကိုယ်စားပြုသည်၊ သူလုပ်သည့် အလုပ်ကို ဝိညာဉ်တော်က ဆောင်ရွက်ခြင်းဖြစ်သည်။ သူပြောသည့် နှုတ်ကပတ်တော်များကိုလည်း ဝိညာဉ်တော်က ပြောခြင်း ဖြစ်သည်။ ဤအရာများသည် လူဇာတိခံထားသော ဘုရားသခင်အားဖြင့်သာ ဖော်ပြသော အရာများဖြစ်သည်။ အမှန်တကယ်တွင် ထိုအရာများသည် ဝိညာဉ်တော်၏ ဖော်ပြချက်ဖြစ်သည်။ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များသည် သူ၏ အနှစ်သာရကို ကိုယ်စားပြုသည့် အရာများဖြစ်သည်။ လူတို့အကြား၌ ကိုယ်တိုင် လူဇာတိခံပြီးနောက်ပိုင်းတွင် ဘုရားသခင်က စကားလည်း မပြော၊ အလုပ်လည်း မလုပ်ဘဲ သူ၏ အစစ်အမှန်ဖြစ်ခြင်း၊ သူ၏ သာမန်ဖြစ်မှုနှင့် အတိုင်းအဆမရှိ တန်ခိုးကြီးမှုကို သိအောင်လုပ်ဖို့ သင်တို့အား ပြောလျှင် သင်လုပ်နိုင်မည်လော။ ဝိညာဉ်တော်၏ အနှစ်သာရသည် မည်သို့ဖြစ်ကြောင်းကို သင်သိနိုင်မည်လော။ သူ၏ ပင်ကိုအရည်အသွေးသည် မည်သို့ဖြစ်ကြောင်းကို သင်သိနိုင်မည်လော။ သူ့ အမှု၏ အဆင့်တစ်ခုစီတိုင်းကို သင်တို့ တွေ့ကြုံခဲ့သောကြောင့်သာ သင်တို့အား သူ့အတွက် သက်သေခံပေးရန် သူတောင်းဆိုခြင်းဖြစ်သည်။ သင်တို့ ထိုသို့ မတွေ့ကြုံခဲ့လျှင် သူက သင်တို့အား ထိုသို့ တောင်းဆိုမည် မဟုတ်ပေ။ ဘုရားသခင်အတွက် သင်သက်သေခံသောအခါသူ၏ ပုံမှန်လူ့သဘာဝ အပြင်ပန်းသဏ္ဍာန်အတွက် သက်သေခံဖို့ မဟုတ်၊ သူလုပ်သည့် အလုပ်အတွက်၊ သူပြသည့်နည်းလမ်းအတွက်၊ သင့်ကို သူက မည်သို့ သိမ်းပိုက်ခဲ့ကြောင်းနှင့် မည်သည့် ကဏ္ဍများ၌ သင့်ကို စုံလင်အောင် ပြုလုပ်ပေးခဲ့ကြောင်းတို့ကို သက်သေခံဖို့အတွက် ဖြစ်သည်။ ထိုသို့ သက်သေခံခြင်းသည် သင်ပြုသင့်သည် သက်သေခံခြင်းမျိုး ဖြစ်သည်။ မည်သည့် နေရာသွားသွား သင်က၊ ကျွန်ုပ်တို့၏ ဘုရားသခင်သည် အမှုပြုရန် ရောက်လာပြီးဖြစ်သည်၊ သူသည် အမှန်တကယ် လက်တွေ့ကျသူ ဖြစ်သည်။ မည်သည့် သဘာဝလွန်ဖြစ်ရပ် သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မသုံးဘဲ ကိုယ်တော်က ကျွန်ုပ်တို့ကို ရယူခဲ့ပေပြီ ဟု ဟစ်အော်သည်။အခြားသူများက "ကိုယ်တော်က နိမိတ်လက္ခဏာတွေ၊ အံ့သြဖွယ်ရာတွေ မပြဘူးဆိုသည်မှာ မည်သည့်အရာကိုပြောချင်ပါသနည်း။ နိမိတ်လက္ခဏာတွေ၊ အံ့သြဖွယ်ရာတွေ မပြဘဲ ကိုယ်တော်က သင့်ကို သိမ်းပိုက်နိုင်သလေား"ဟု မေးလိမ့်မည်။ ထိုအခါ သင်က "ကိုယ်တော် ငါ့ကို စကားပြော၏"ဟု ပြောနိုင်သည်။ မည်သည့် နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာကိုမှ မပြဘဲ သူသည် ကျွန်ုပ်တို့ကို သိမ်းပိုက်ခဲ့သည်၊ သူလုပ်သည့် အမှုက ကျွန်ုပ်တို့ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ အဆုံး၌ အရေးပါသည့်အရာ တစ်ခုမျှ သင်မပြောနိုင်လျှင်၊ တိတိကျကျ ဘာမျှ မပြောနိုင်လျှင် သင်သည် သက်သေခံနေခြင်း ဖြစ်သလော။ လက်တွေ့ကျသော ဘုရားက လူတို့ကို သိမ်းပိုက်သောအခါ သူ၏ ဘုရားသဘာဝရှိသော နှုတ်ကပတ်တော်များက လူတို့ကို သိမ်းပိုက်ခြင်း ဖြစ်သည်။ လူ့သဘာဝက ထိုသို့ မလုပ်နိုင်ပေ။ ထိုအမှုသည် သေမျိုးဖြစ်သည့် သာမန်လူတစ်ဦး လုပ်နိုင်သည့်အမှု မဟုတ်ပေ။ သာမန်လူတို့အကြားရှိ အစွမ်းအရှိဆုံးသူများပင် ထိုအမှုကို မလုပ်နိုင်ပေ။ အကြောင်းမှာ သူ၏ ဘုရားသဘာဝသည် ဖန်ဆင်းခံသတ္တဝါများထက် သာ၍မြင့်မားသောကြောင့် ဖြစ်သည်။ လူတို့အတွက် ထိုအမှုသည် ထူးကဲသည့် အမှုဖြစ်သည်။ အခြေခံအားဖြင့် ဖန်ဆင်းရှင်သည် မည်သည့် ဖန်ဆင်းခံသတ္တဝါထက်မဆို သာ၍မြင့်မားပေသည်။ တပည့်များသည် သူတို့၏ ဆရာထက် မသာနိုင်ဟု ပြောကြသည်။ ဖန်ဆင်းခံသတ္တဝါများသည် ဖန်ဆင်းရှင်ထက်ပိုပြီး မမြင့်မားပေ။ သင်သည် သူ့ထက်သာလျှင် သူက သင့်ကို သိမ်းပိုက်နိုင်မည် မဟုတ်ပေ။ သူက သင့်ထက် သာသောကြောင့် သင့်ကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်သောသူသည် ဖန်ဆင်းရှင်ဖြစ်သည်။ သို့သော် သူ့အတွက် အခြားမည်သူကမျှ ဤအမှုကို မပြုနိုင်ပေ။ ဤသည်မှာ သက်သေခံခြင်း ဖြစ်သည်။ သင်ပြုသင့်သည့် သက်သေခံမှုမျိုး ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ အခက်အခဲများနှင့် ဆင်းရဲဒုက္ခများနှင့် ဆိုင်သော အဆင့်တစ်ခုစီကို သင်တွေ့ကြုံခဲ့ပြီးဖြစ်သည်။ သိမ်းပိုက်ခြင်းကိုလည်း သင်ရရှိခဲ့သည်၊ ဇာတိပကတိနှင့်ဆိုင်သော မျှော်လင့်ချက်များ၊ သင်၏ စိတ်ကို လှုံ့ဆော်သောအရာများနှင့် ဇာတိပကတိနှင့်ဆိုင်သော သင်၏ စိတ်ဝင်စားမှုများကိုလည်း သင်ဘေးဖယ်ထားပြီး ဖြစ်သည်။ တနည်းအားဖြင့် လူအားလုံး၏ နှလုံးသားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက သိမ်းပိုက်ထားပြီး ဖြစ်သည်။ သူတောင်းဆိုသလောက် သင်၏အသက်တာ မကြီးထွားသေးသော်လည်း သင်သည် ဤအရာများကို သိသည်။ သူလုပ်သည့် အရာကြောင့် အပြည့်အဝ ယုံကြည်သည်။ ဤသည်မှာ သက်သေခံခြင်းပင် ဖြစ်သည်။ ဤသက်သေခံမှုသည် စစ်မှန်သည်။ လုပ်ဆောင်ရန် ဘုရားသခင်လာခဲ့သည့် အမှုဖြစ်သော တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့သည် လူကို သိမ်းပိုက်ရန်အတွက် ဖြစ်သည်။ သို့သော် သူသည် သူ၏အလုပ်ကိုလည်း အဆုံးသတ်သလို ခေတ်တစ်ခေတ်ကိုလည်း အဆုံးသတ်ပြီး သူ့အမှု၏ နောက်ဆုံးအပိုင်းကိုလည်း လုပ်ဆောင်သည်။ ခေတ်တစ်ခေတ်လုံးကို သူက အဆုံးသတ်သည်။ လူသားအားလုံးကိုလည်း ကယ်တင်ပြီး လူသားများကို အပြစ်မှ အပြည့်အဝ ကယ်လွှတ်ကာ သူဖန်ဆင်းခဲ့သည့် လူသားများကို ပြည့်ပြည့်စုံစုံ ရယူခဲ့သည်။ ဤအရာများအားလုံးသည် သင်သက်သေခံသင့်သည့် အရာများဖြစ်သည်။ ဘုရားသခင်၏ အမှု မြောက်များစွာကို သင်တွေ့ကြုံခဲ့ပြီးဖြစ်သည်၊ မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့ပြီးဖြစ်သည်၊ ကိုယ်တိုင် ကိုယ်ကျကြုံခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အဆုံး၌ သင်လုပ်သင့်သည့် အလုပ်ကိုပင် မလုပ်နိုင်လျှင် သနားစရာ ဖြစ်လိမ့်မည်။ အနာဂတ်တွင် ဧဝံဂေလိတရားပျံ့နှံ့သောအခါ၌ သင်ကိုယ်တိုင်သိသည့် အရာအကြောင်း သင်ပြောနိုင်သင့်သည်၊ သင်၏နှလုံးသားထဲ၌ ရရှိခဲ့သည့် အရာအားလုံးအတွက် သက်သေခံနိုင်သင့်သည်၊ အစွမ်းကုန် ကြိုးစားသင့်သည်။ ဤသည်မှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ကြိုးစားလုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင့် အမှု၏ ဤအဆင့်သည် မည်မျှ အရေးပါသနည်း။ ဤအမှုအဆင့်၏ အကျိုးဆက်ကား အဘယ်နည်း။ ယင်း၏ပမာဏမည်မျှကို လူ၌ လုပ်ဆောင်ခဲ့သနည်း။ လူတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူဇာတိခံယူထားသော ဘုရားသခင် လောကသို့ ရောက်လာပြီးနောက် လုပ်ဆောင်ခဲ့သည့် အမှုများအားလုံးအကြောင်းကို သင်တို့ရှင်းရှင်း ပြောပြနိုင်သောအခါ သင်တို့၏ သက်သေခံမှုသည် ပြည့်စုံလိမ့်မည်။ သူ့အမှု၏ အရေးပါမှု၊ ပါဝင်သည့် အရာများ၊ အနှစ်သာရ၊ ထိုအရာအားဖြင့် ဖော်ပြသည့် သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏အခြေခံသဘောတရားများဟူသည့် အကြောင်းအရာငါးမျိုးကို သင်ရှင်းလင်းစွာ ပြောပြနိုင်သောအခါ ဤအရာက သင်သက်သေခံနိုင်ကြောင်းနှင့် သင့်မှာ အမှန်တကယ် အသိပညာရှိကြောင်းကို သက်သေပြလိမ့်မည်။ သင်တို့ထံမှ ငါတောင်းဆိုသောအရာသည် မများပေ၊ အမှန်တကယ် လေ့လာလိုက်စားသူများအားလုံး လုပ်ဆောင်နိုင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် သက်သေခံသူများထဲမှ တစ်ဦးဖြစ်လာဖို့ သင်စိတ်ပိုင်းဖြတ်ထားလျှင် ဘုရားသခင် မည်သည့်အရာကို စက်ဆုပ်ရွံရှာကြောင်းနှင့် မည်သည့်အရာကို ချစ်မြတ်နိုးကြောင်း သင်နားလည်ရမည်။ သူ၏ အမှုများစွာကို သင်တွေ့ကြုံခဲ့ပြီးဖြစ်သည်။ သူ၏ အမှုအားဖြင့် သူ၏ စိတ်သဘောထား၊ သူ စက်ဆုပ်ရွံရှာသည့်အရာနှင့် ချစ်မြတ်နိုးသည့်အရာတို့ကို သိရမည်။ သူ၏အလိုနှင့် လူသားများ၌ ရှိဖို့လိုသည်ဟု သူသတ်မှတ်ထားသည့် အရာများကိုလည်း နားလည်ရမည်။ သူ၏ အမှုကို အသုံးပြုပြီး သူ့အတွက် သက်သေခံရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ရမည်။ "ကျွန်ုပ်တို့ ဘုရားသခင်ကို သိသည်၊ ကိုယ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက အလွန်ပြင်းထန်သည်ကိုလည်း သိပါသည်။ သူ၏ နှုတ်ကပတ်တော်တွေက အလွန်ပြင်းထန်သည်၊ ဖြောင့်မတ်ကာ ထူးကဲ၏၊ ဘယ်လူကမျှ မချိုးဖောက်အပ်သော နှုတ်ကပတ်တော်များဖြစ်သည်"ဟုသာ သင်ပြောကောင်း ပြောလိမ့်မည်။ သို့သော် အဆုံး၌ ထိုနှုတ်ကပတ်တော်များသည် လူကို အထောက်အပံ့ ပေးပါသလော။ ထိုနှုတ်ကပတ်တော်များသည် လူတို့၌ မည်သို့သော အကျိုးဆက်များကို ဖြစ်စေသနည်း။ ဘုရားသခင်၏အမှုသည် ကောင်းသောအမှု်ဖြစ်ကြောင်းကို သင်အမှန်တကယ် သိပါသလော။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သင်၏ စိတ်သဘောထားကို ဖော်ပြနိုင်စွမ်းရှိပါသလော။ ၎င်းတို့က သင်၏မနာခံမှုကို ဖော်ပြနိုင်စွမ်းရှိပါသလား။ သင်၏အထဲ၌ ရှိသောအရာများကို ဖယ်ရှားနိုင်စွမ်းရှိပါသလား။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မရှိလျှင် သင်မည်သို့ ဖြစ်မည်နည်း။ စာတန်က သင့်အား မည်မျှ ဖောက်ပြန်ပျက်ဆီးအောင်လုပ်ထားသည်ကို သင်အမှန်တကယ် သိသလော။ ဤအရာများအားလုံးသည် ယနေ့ သင်တို့ကိုယ်သင်တို့ ပြင်ဆင်သင့်သည့်အရာများ၊ ယနေ့ သင်တို့ သိသင့်သည့် အရာများ ဖြစ်သည်။

ယခုအချိန်သည် သင်၏စိတ်ကူးထဲ၌ရှိသော ယုံကြည်ခြင်းမျိုးအတွက် အချိန် မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့၊ ဆုတောင်းဖို့၊ သီချင်းဆိုဖို့၊ ကဖို့၊ သင်၏တာ၀န်ကို ထမ်းဆောင်ဖို့နှင့် ပုံမှန်လူ့သဘာဝရှိသည့် အသက်တာဖြင့် အသက်ရှင်ဖို့သာလိုသည့် ကိစ္စမဟုတ်ပေ။ ထိုမျှရိုးရှင်းနိုင်ပါသလား။ အဓိကကျသည့်အရာမှာ ရလဒ်ဖြစ်သည်။ သင်မည်မျှလုပ်ခဲ့ကြောင်း မဟုတ်။ အကောင်းဆုံး ရလဒ်ကို အမှန်တကယ်ရအောင် သင်မည်သို့ လုပ်နိုင်သနည်းဟူသည့် အချက်ဖြစ်သည်။ စာအုပ်တစ်အုပ်ကို ကိုင်ထားစဉ်တွင် အသိပညာအနည်းငယ်အကြောင်းကို သင်ပြောကောင်း ပြောနိုင်ပေလိမ့်မည်။ သို့သော် စာအုပ်ကို သင့်လက်မှ ချလိုက်သည့်အချိန်၌မူ သင့်မှာ မည်သည့် အသိပညာမှ ရှိမည် မဟုတ်ပေ။ သင်သည် နှုတ်ကပတ်တော်များနှင့် အယူဝါဒများအကြောင်းကိုသာ ပြောနိုင်ပြီးအတွေ့အကြုံနှင့်ပတ်သက်သော အသိပညာ မရှိပေ။ ယနေ့ အဓိကအချက်ကိုသင်နားလည်ရမည်။ ဤသည်မှာ စစ်မှန်မှုထဲသို့ဝင်ရောက်နိုင်ရန်အတွက် အလွန်အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တခြားဘာမျှ မလုပ်ခင် "ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရင်ဖတ်ပါ၊ နှုတ်ကပတ်တော်များထဲ၌ရှိသော ဝိညာဉ်ရေးရာနှင့်ဆိုင်သော အခေါ်အဝေါ်များနှင့် ရင်းနှီးကျွမ်းဝင်အောင်လုပ်ပါ၊ အရေးကြီးသော ရူပါရုံများကိုရှာပါ၊ လုပ်တွေ့လုပ်ဆောင်သည့် နည်းလမ်းနှင့်ဆိုင်သော ကဏ္ဍများကို ဖော်ထုတ်ပြီး ၎င်းတို့ကို တစ်စုတစ်စည်းတည်း ရှိအောင်လုပ်ပါ"ဟူသည့် လေ့ကျင့်ခန်းကို လုပ်ပါ။ အထက်တွင် ဖော်ပြထားသည့်အရာ တစ်ခုစီတိုင်းကို ရှာဖွေပြီး သင်၏ ထိုအရာများကို ကြုံစဉ်တွင် ၎င်းတို့ထဲသို့ ဝင်ရောက်ပါ။ ဤအရာများသည် သင်နားလည်ရမည့် အဓိက အရာများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အလွန်အရေးပါသည့် လက်တွေ့လုပ်ဆောင်မှုထဲမှ တစ်ခုမှာ- ဘုရားသခင်၏ မြွက်ဆိုချက်များအနက်မှ တစ်ခုကို ဖတ်ပြီးလျှင် ရူပါရုံနှင့်ပတ်သက်သည့် အရေးကြီးသည့် အစိတ်အပိုင်းများကို တွေ့နိုင်စွမ်းရှိခြင်း၊ လက်တွေ့လုပ်ဆောင်မှုနှင့် ပတ်သက်သော အရေးကြီးသည့် အစိတ်အပိုင်းများကို တွေ့နိုင်စွမ်းရှိခြင်း၊ အသက်တာ၌ ရူပါရုံများကို အခြေခံခြင်းနှင့် လက်တွေ့လုပ်ဆောင်မှုကို မိမိအတွက် လမ်းပြသဖွယ် အသုံးပြုခြင်း ဖြစ်သည်။ ဤအရာသည် အားလုံးထဲမှ သင်တို့အလိုအပ်ဆုံးသောအရာ ဖြစ်သည်၊ သင်တို့မှာရှိသည့် အကြီးမားဆုံးသော ပြဿနာလည်း ဖြစ်သည်။ သင်တို့၏ နှလုံးသားထဲ၌ ထိုအချက်ကို အလေးပေးခဲလှသည်။ သင်တို့အားလုံး၌ ပျင်းရိခြင်း၊ စိတ်ထက်သန်မှု မရှိခြင်း သို့မဟုတ် ပေးဆပ်လိုစိတ် မရှိခြင်း သို့မဟုတ် ဘာမျှမလုပ်ဘဲ စောင့်နေခြင်းတို့ ရှိကြသည်။ တချို့လူများသည် မကျေမနပ်ပင် ပြောဆိုတတ်ကြသည်။ ဘုရားသခင့် အမှု၏ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ကို သူတို့ မသိကြပေ။ သမ္မာတရားကို လေ့လာလိုက်စားဖို့ သူတို့အတွက် ခက်ခဲသည်။ ထိုသို့သောလူများသည် သမ္မာတရားကို အလွန်မုန်းကြသည်။ သူတို့သည် အဆုံး၌ သုတ်သင်ဖယ်ရှားခြင်း ခံရမည့်သူများ ဖြစ်သည်။ သူတို့ထဲတွင် မည်သူ့ကိုမျှ စုံလင်အောင် ပြုလုပ်ပေးဖို့ မဖြစ်နိုင်သလို မည်သူ့ကိုမျှလည်း ချမ်းသာပေးမည် မဟုတ်ပေ။ လူတို့သည် စာတန်၏ လွှမ်းမိုးမှုကို တွန်းလှန်ရန် နည်းနည်းလေးမျှ စိတ်ပိုင်းဖြတ်ထားခြင်း မရှိလျှင် သူတို့အတွက် လုပ်ပေးနိုင်သည့်အရာ ဘာမျှ မရှိပေ။

သင်တို့၏ ကြိုးစားလိုက်လျှောက်မှု ထိရောက်ခြင်း ရှိ၊ မရှိ ဟူသည့် အချက်ကို ယနေ့ သင်တို့၏ ကြိုစားလိုက်လျှောက်မှု၊ ယခု သင်တို့ ပိုင်ဆိုင်သည့်အရာတို့အပေါ်၌ အခြေခံပြီး တိုင်းတာသည်။ ယင်းတို့သည် သင်တို့၏ အဆုံးသတ်ကို ဆုံးဖြတ်ဖို့အတွက် အသုံးပြုသည့် အရာများဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့ ပေးဆပ်ခဲ့သည့်အရာနှင့် သင်တို့ လုပ်ခဲ့သည့်အရာများအားဖြင့် သင်တို့၏ အဆုံးသတ်အား ဖော်ပြခံရသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သင်တို့၏ အဆုံးသတ်သည် သင်တို့၏ ကြိုးစားလိုက်လျှောက်မှု၊ သင်တို့၏ ယုံကြည်ခြင်း၊ သင်တို့လုပ်ခဲ့သည့်အရာများအားဖြင့် ဖော်ပြခံရလိမ့်မည်။ သင်တို့အထဲတွင် ကယ်တင်ရန် မဖြစ်နိုင်သူများများစွာ ရှိသည်။ ယနေ့သည် လူတို့၏အဆုံးသတ်ကို ထုတ်ဖေါ်ပြသည့်အချိန်ဖြစ်ပြီး ကယ်တင်၍ မရသူများကို နောက်တစ်ခေတ်ထဲသို့ ဦးဆောင်ခြင်းအား ငါသည် မိုက်မဲစွာလုပ်မည် မဟုတ်ပေ။ ငါ၏အမှု ပြီးဆုံးသည့်အချိန် ရောက်လိမ့်မည်။ ကယ်တင်ရန် မဖြစ်နိုင်သည့်အပြင် နံဟောင်နေပြီး ဝိညာဉ်ကင်းမဲ့နေသည့် အသေကောင်များ၏အထဲ၌ ငါအလုပ် လုပ်မည် မဟုတ်။ ယနေ့သည် လူကို ကယ်တင်ရန် နောက်ဆုံးသောကာလဖြစ်သည်။ အကျိုးမရှိသည့်အလုပ်ကို ငါလုပ်မည်မဟုတ်။ ကောင်းကင်နှင့် မြေကြီးကို မကြိမ်းမောင်းနှင့်။လောက၏ အဆုံးသည် နီးလာပြီဖြစ်ပြီး ယင်းမှာ ရှောင်လွှဲ မရပေ။ အရာခပ်သိမ်းသည် လက်ရှိအခြေအနေအထိပင် ရောက်လာပြီဖြစ်သည်။ တားဆီးရန်အတွက် လူတစ်ဦးအနေနှင့် သင်လုပ်နိုင်သည့်အရာ ဘာမျှမရှိ။ သင့်စိတ်တိုင်းကျ ပြောင်းလဲ၍မရပေ။ မနေ့က သင်သည် မည်သည့်အရာကိုမျှ ပေးဆပ်ပြီး ကြိုးစားလုပ်ဆောင်ခဲ့ခြင်းမရှိ၊ သစ္စာလည်း မရှိခဲ့ပေ။ ယနေ့ အချိန်ကျရောက်ပြီဖြစ်သည်။ သင်သည် ကယ်တင်ရန် မဖြစ်နိုင်သူ ဖြစ်ပြီး မနက်ဖြန်တွင် သုတ်သင်ဖယ်ရှားခြင်း ခံရမည်သူ ဖြစ်သည်။ သင်ကယ်တငခံရနိုင်ချေ လုံးဝမရှိပေ။ ငါ၏ နှလုံးသားသည် နူးညံ့သော်လည်း၊ သင့်ကို ကယ်တင်ရန် ငါအကောင်းဆုံး လုပ်ဆောင်ခဲ့သော်လည်း၊ သင်ကိုယ်တိုင် အပြင်းအထန်မကြိုးစားလျှင် သို့မဟုတ် သင်ကိုယ်တိုင်အတွက် မစဉ်းစား၊ မဆင်ခြင်လျှင် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ မိမိတို့၏ ဇာတိပကတိကိုသာ နှစ်သက်ပြီး သက်တောင့်သက်သာ နေရသည်ကို နှစ်သက်သူများ၊ မပြတ်သားသော ယုံကြည်ခြင်း ရှိသူများ၊ အောက်လမ်းဆေးနှင့် မှော်အတတ်ကို ကျင့်သူများ၊ လက်လွှတ်စပယ်နေတတ်ပြီး မသပ်မရပ် စုတ်စုတ်ပြတ်ပြတ်နေကြသူများ၊ ယေဟောဝါကို ပူဇော်ထားသည့်အရာများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူကြသူများ၊ တန်စိုးလက်ဆောင်ကို နှစ်သက်သူများ၊ ကောင်းကင်နိုင်ငံသို့သွားရန် အကြောင်းမဲ့သက်သက် အိမ်မက်မက်ကြသူများ၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်ချမ်းသာဖို့သာ ကြိုးစားကြသူများ၊ ရိုင်းသောစကားများကို ပျံ့အောင်လုပ်သူများ၊ ဘုရားသခင်ကိုပင် စော်ကားပြောဆိုကြသူများ၊ ဘာအလုပ်မှ မလုပ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်အား ဆန့်ကျင်ဝေဖန်မှုလုပ်ပြီး သွားပုပ်လေလွင့် ပြောဆိုကြသူများ၊ အခြားသူများနှင့် အုပ်စုဖွဲ့ပြီး အထိန်းအကွပ်မရှိ အသက်ရှင်ရန် ကြိုးစားသူများ၊ ကိုယ့်ကိုယ်ကို ဘုရားသခင်ထက် ပိုပြီး ချီးမြှောက်သူများ၊ ဘာကိုမျှ အလေးအနက်မထားဘဲ အသက်ရှင်နေသည့် ငယ်ရွယ်သော အမျိုးသားများနှင့် အမျိုးသမီးများ၊ အကျင့်ဆိုး၏ ချုပ်နှောင်မှုကိုခံနေရသော လူလတ်ပိုင်းနှင့် အသက်ကြီးသော အမျိုးသားများနှင့် အမျိုးသမီးများ၊ မိမိ၏နာမည်ကြီးမှုနှင့် ကြွယ်ဝချမ်းသာမှု၌ မွေ့လျော်ကာ အခြားသူများအကြား၌ ကိုယ်ပိုင်အဆင့်အတန်းကို ရှာဖွေကြ သူများ၊ အပြစ်နွံထဲ၌ရှိပြီး နောင်တ မရကြသူများ အစရှိသည့် သူများအားလုံးသည် ကယ်တင်ရန် မဖြစ်နိုင်သူများဖြစ်သည် မဟုတ်လော။ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ အပြစ်လွန်ကျူးခြင်း၊ အောက်လမ်းဆေးများကို အသုံးပြုခြင်း၊ မှော်တတ်ကို ကျင့်ခြင်း၊ မထီမဲ့မြင်မှုခြင်း၊ ရိုင်းစိုင်းသော စကားများ ပြောဆိုခြင်း စသည့် အရာများအားလုံးသည် သင်တို့အကြား၌ အထိမ်းအကွပ်မရှိ ဖြစ်နေကြသည်။ သမ္မာတရားဖြစ်ပြီး အသက်ကိုပေးသည့် နှုတ်ကပတ်တော်များကို သင်တို့က နင်းချေထားကြသည်၊ သန့်ရှင်းသောဘာသာစကားကို သင်တို့အလယ် ညစ်ညမ်းစေကြ၏။ တပါးအမျိုးသားဖြစ်သော သင်တို့၌ ညစ်ညမ်းမှု၊ မနာခံမှုလွန်ကဲနေသည် တကား။ အဆုံး၌ သင်တို့ မည်သည့်နေရာသို့ ရောက်ကြမည်နည်း။ ဇာတိပကတိကို ချစ်မြတ်နိုးကြသူများ၊ ဇာတိပကတိဖြင့် မကောင်းမှုများကို လွန်ကျူးသူများ၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းထဲ မိနေသောသူများသည် အဘယ်ကြောင့် ဆက်လက်အသက်ရှင်ရဲကြသနည်း။ သင်တို့ကဲ့သို့သောလူများသည် ကယ်တင်ရန် မဖြစ်နိုင်သည့် လောက်ကောင်များဖြစ်သည်ကို သင်တို့ မသိကြသလော။ ဤအရာ၊ ထိုအရာ တောင်းဆိုဖို့ရန် သင်တို့၌ မည်သည့် အရည်အချင်းများ ရှသနည်း။ သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိဘဲ ဇာတိပကတိကိုသာ ချစ်မြတ်နိုးကြသူများ၏ အတွင်း၌ ယနေ့တိုင် ပြောင်းလဲမှုအနည်းငယ်မျှပင် မရှိချေ။ သို့ဖြစ်၍ ထိုကဲ့သို့သောသူများကို မည်သို့ကယ်တင်၍ ရမည်နည်း။ ယနေ့ထိတိုင် အသက်လမ်းကို ချစ်မြတ်နိုးခြင်း မရှိသူများ၊ ဘုရားသခင်ကို မချီးမြောက်သူများ၊ ကိုယ်တော့်အတွက် သက်သေခံခြင်း မပြုသူများ၊ မိမိတို့ ဂုဏ်အဆင့်အတန်းရရှိဖို့အတွက် လျှို့ဝှက်ကြံစည်ကြသူများနှင့် ကိုယ့်ကိုယ်ကို ချီးမွမ်းကြသူများသည် ပြောင်းလဲခြင်းမရှိ၊ အရင်လိုပင် ဖြစ်သည် မဟုတ်လော။ သူတို့ကို ကယ်တင်ရာ၌ မည်သည့် တန်ဖိုးရှိသနည်း။ သင့်ကို ကယ်တင်၍ရနိုင်၊ မရနိုင်ဟူသည့် အချက်သည် သင့်မှာ အရည်အချင်း မည်မျှရှိသနည်း သို့မဟုတ် သင်အလုပ်လုပ်သည်မှာ နှစ်ပေါင်းမည်မျှ ကြာပြီးဖြစ်သနည်း ဟူသည့် အချက်အပေါ်၌ မမူတည်ပေ၊ သင်မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများ အပေါ်၌ သာ၍ပင် မမူတည်ပေ။ သင်၏ ကြိုးစားလုပ်ဆောင်မှုကြောင့် အကျိုးရလဒ် ဖြစ်၊ မဖြစ် ဟူသည့် အချက်အပေါ်၌ မူတည်သည်။ ကယ်တင်ခြင်းခံရသူများသည် အသီးသီးသည့် သစ်ပင်များဖြစ်ကြောင်း၊ အရွက်အမြောက်အများနှင့် အပွင့်များ အများအပြားရှိသော်လည်း အသီးမသီးသည့် သစ်ပင်များမဟုတ်ကြောင်းကို သင်သိသင့်သည်။ လမ်းပေါ်၌ နှစ်ပေါင်းများစွာ သင်အချိန်ကုန်ခဲ့လျှင်ပင် မည်သည့်အကျိုးရှိသနည်း။ သင်၏ သက်သေခံချက်ကား အဘယ်မှာနည်း။ ဘုရားသခင်အား သင်ကြောက်ရွံ့ခြင်းသည် သင့်ကိုယ်သင် ချစ်သော အချစ်နှင့် ရာဂစိတ်ပြင်းထန်သော သင်၏ဆန္ဒနှင့် ယှဉ်လျှင် အလွန်ပင်နည်းသည်။ ထိုကဲ့သို့သောသူသည် ကိုယ်ကျင့်တရားပျက်သူတစ်ဦး မဟုတ်လော။ သင်သည် ကယ်တင်ခြင်းအတွက် စံနမူနာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝသည် ပြောင်းလဲ၍ မရ၊ သင်သည် အလွန်ပုန်ကန်တတ်ပြီး သင့်ကို ကယ်တင်ရန် မဖြစ်နိုင်ပေ။ သင်နှင့်တူသော လူများသည် သုတ်သင်ဖယ်ရှားခြင်း ခံရမည် မဟုတ်လော။ ငါ၏အမှုပြီးသည့်အချိန်သည် သင့်အတွက် နောက်ဆုံးသော ကာလဖြစ်မည့် အချိန်မဟုတ်လော။ သင်တို့အကြားတွင် ငါအလုပ်များစွာ လုပ်ခဲ့ပြီး နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့၏။ သင်တို့နားထဲသို့ မည်မျှ ရောက်သနည်း။ ငါပြောခဲ့သည့် နှုတ်ကပတ်တော်များထဲမှ မည်မျှကို သင်တို့ နာခံခဲ့ကြသနည်း။ ငါ၏အမှု အဆုံးသတ်သည့်အချိန်သည် သင်ငါ့ကို ဆန့်ကျင်မှု ရပ်သည့်အချိန်၊ ငါ့ကို ဖီဆန်မှု ရပ်သည့်အချိန် ဖြစ်သည်။ ငါအမှုပြုနေစဉ်ကာလအတွင်း သင်တို့ငါ့ကို အမြဲဆန့်ကျင်ခဲ့သည်၊ ငါ၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ သင်တို့ မလိုက်နာကြ။ ငါက ငါ့အမှုကို ငါပြုစဉ်တွင် သင်က သင့်ကိုယ်ပိုင်အလုပ်ကိုလုပ်သည်၊ ကိုယ်ပိုင်နိုင်ငံဖန်တီးသည်။ အသင် မြေခွေးနှင့် ခွေးအုပ်များ၊ သင်တို့ လုပ်သမျှသည် ငါ့ကို ဆန့်ကျင်သည့်အရာများ ဖြစ်သည်။ သင်တို့ကိုသာ ချစ်သည့်သူများကို ထွေးပွေ့ထားရန် သင်တို့ အမြဲကြိုးစားနေကြသည်။ သင်တို့၏ ကြောက်ရွံ့မှုသည် အဘယ်မှာ ရှိသနည်း။ သင်တို့ လုပ်သမျှသည် မရိုးသားပေ။ သင်တို့၌ နာခံခြင်းသော်လည်းကောင်း ကြောက်ရွံ့ခြင်းသော်လည်းကောင်း မရှ။ သင်တို့ လုပ်သမျှသည် မရိုးသားသလိုပြစ်မှားစော်ကားမူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ကယ်တင်ခြင်းခံရနိုင်ပါမည်လော။ လိင်ကိစ္စ၌ စောင့်စည်းမှု မရှိသော၊ ကာမရာဂစိတ်ပြင်းပြသော ယောက်ျားများသည် ၄င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် ကလက်တက်တက် ပြည့်တန်ဆာများကို အမြဲ ဆွဲခေါ်လိုကြသည်။ ထိုသို့ လိင်ကိစ္စ၌ စောင့်စည်းမှုမရှိသော မိစ္ဆာများကို ငါကယ်တင်မည်မဟုတ်။ ညစ်ညမ်းသော မိစ္ဆာများဖြစ်သည့် သင်တို့ကို ငါမုန်းတီးသည်။ သင်တို့၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် ကလက်တက်တက်ပြုမူမှုတို့သည် သင်တို့အား ငရဲသို့ ထိုးဆင်းသွားစေခဲ့ပြီးဖြစ်သည်။ သင်တို့ကိုယ်တိုင်အတွက် သင်တို့၌ ပြောစရာ မည်သည့်အရာရှိသနည်း။ ညစ်ညမ်းသော နတ်ဆိုးများဖြစ်သော၊ ဝိညာဉ်ဆိုးများဖြစ်သော သင်တို့သည် အလွန်ပင် ယုတ်မာကြသည်။ သင်တို့သည် ရွံရှာဖွယ်ဖြစ်သည်။ ထိုကဲ့သို့သော အမိုက်သရိုက်သည် မည်သို့ ကယ်တင်ခြင်းခံရပါမည်နည်း။ အပြစ်တရား၏ ချုပ်နှောင်ခြင်းကို ခံနေရသူများသည် ကယ်တင်ခြင်း ခံရနိုင်ပါသလော။ ဤသမ္မာတရားများ၊ ဤနည်းလမ်းနှင့် ဤဘဝသည် သင်တို့အတွက် ဆွဲဆောင်မှုမရှိပေ။ အပြစ်လွန်ကျူးခြင်း၊ ငွေကြေး၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ ဥစ္စာတိုးပွားမှု၊ ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ အမျိုးသားများ၏ ခန့်ညားမှုနှင့် အမျိုးသမီးများ၏ ကလက်တက်တက် အပြုအမူများသည်သာ သင်တို့အတွက် ဆွဲဆောင်မှုရှိသော အရာများဖြစ်သည်။ ငါ၏ နိုင်ငံတော်သို့ ဝင်ရန် သင်တို့၌ မည်သို့သော အရည်အချင်းများ ရှိသနည်း။ သင်တို့၏ ဂုဏ်သိက္ခာအကြောင်း မပြောလျှင်တောင်မှ သင်တို့၏ ပုံသဏ္ဍာန်သည် ဘုရားသခင်ထက်ပင် ပိုမိုကြီးမြတ်နေပြီး အဆင့်အတန်းသည် ဘုရားသခင်ထက် မြင့်ကာ သင်တို့သည် လူများ ကိုးကွယ်သည့် ဆင်းတုသဖွယ် ဖြစ်လာနေသည်။ သင်သည် ကောင်းကင်တမန်မင်းဖြစ်နေပြီ မဟုတ်လော။ လူတို့၏ အဆုံးသတ်ကို ထုတ်ဖေါ်ပြသောအခါ၌ တနည်းအားဖြင့် ကယ်တင်ခြင်းအမှု ပြီးဆုံးခါနီးအချိန်၌ သင်တို့အနက်မှ လူတော်တော်များများသည် ကယ်တင်ရန် မဖြစ်နိုင်သည့် အသေကောင်များ ဖြစ်လိမ့်မည် ဖြစ်ပြီး သုတ်သင်ဖယ်ရှားခံရမည်။ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်နေသည့် ကာလအတွင်း ငါသည် လူအားလုံးအပေါ်၌ ကြင်နာကာ ကောင်းမြတ်သည်။ အမှု ပြီးဆုံးသည့်အခါ လူအမျိုးမျိုး၏ အဆုံးသတ် ဖော်ထုတ်ပြခြင်းခံရမည်။ ထိုအချိန်၌ လူတို့၏ အဆုံးကို ထုတ်ဖေါ်ပြပြီး ဖြစ်မည် ဖြစ်သည့်အတွက် ငါသည် ကြင်နာ၊ ကောင်းမြတ်မည် မဟုတ်ပေ။ အယောက်တိုင်းကို အမျိုးအစားအလိုက် ခွဲထားပြီး ဖြစ်နေလိမ့်မည်၊ ကယ်တင်ခြင်းအမှုကို ပြုခြင်းသည် အဓိပ္ပါယ်ရှိမည် မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ကယ်တင်ခြင်းခေတ် ကုန်လွန်ပြီး ဖြစ်မည် ဖြစ်သည်။ ယင်းသည် ကုန်လွန်ပြီး ဖြစ်သည့်အတွက် ပြန်ရောက်လာမည် မဟုတ်ပေ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်စုများ-

(က) မူရင်း၌ "ကိုယ်ကျင့်တရားပျက်သည့်"ဟူသည့် စကား မပါပေ။

(ခ) မူရင်း၌ "သင် သိသင့်သည်"ဟူသည့် စကား မပါပေ။

(ဂ) မူရင်း၌ "လူတို့ထင်ခဲ့ကြသည်"ဟူသည့် စကား မပါပေ။

အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ

No comments:

Post a Comment