菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

7/13/2019

ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

အသက်, သမ္မာတရား, ဘုရားသခင်, ယုံကြည်ခြင်း, ယေရှု,

ဘုရားသခင် အပေါ်၌ ထားသော လူအများစု၏ ယုံကြည်ခြင်းသည် ဘာသာရေးဆိုင်ရာ ခံယူချက်တစ်ခုသာ ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် တောင့်တခြင်း သို့မဟုတ် မြတ်နိုးခြင်း မရှိဘဲ ဘုရားသခင် နောက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်နိုင်ကြသည်။ သူတို့သည် ဘုရားသခင်၏ နောက်သို့ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ကြသည်။ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ချစ်သောသူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ကပ်ဘေးဒုက္ခကို “ကြောက်လန့်” ကြသောကြောင့်သာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်သည် မြင့်မြတ်ပြီးတန်ခိုးကြီးသောကြောင့် ဘုရားသခင်ကို “လေးစား” ကြခြင်း ဖြစ်သည်။ သူတို့၏ ရိုသေလေးစားမှုနှင့် နှစ်သက်သဘောကျမှုတွင် ချစ်ခြင်းမေတ္တာနှင့် စစ်မှန်သော တောင့်တမှု မပါပေ။ သူတို့သည် သမ္မာတရား၏ အရေးမပါသော အစိတ်အပိုင်းလေးများ သို့မဟုတ် အရေးမပါသည့် လျို့ဝှက်ဆန်းကြယ်မှုများကို သူတို့၏ အတွေ့အကြုံများ၌ ရှာဖွေကြသည်။ လူအများစုသည် ဘုရားသခင် နောက်သို့ လိုက်သည် ဆိုရုံသာ လိုက်ကြသည်။ သူတို့သည် ကောင်းကြီမင်္ဂလာများ ရရန် အတွက်သာ ရေနောက်နေစဉ် အခွင့်ကောင်းယူကာ ငါးဖမ်းသကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ရရန်အတွက် သမ္မာတရားကိုလည်း မရှာဖွေကြ၊ ဘုရားသခင်ကိုလည်း အမှန်တကယ် မနာခံကြ။ ဘုရားသခင်ကို ယုံကြည်ကြသောသူအားလုံးတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်မဲ့ကြသည်။ တန်ဖိုးလည်း မရှိပေ။ သူတို့၏ ယုံကြည်ခြင်း၌ သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် သူတို့ လိုချင်သော အရာများကို ရှာဖွေခြင်းတို့သာ ရှိသည်၊ ဘုရားသခင်ကို ချစ်ရန်အတွက် ယုံကြည်ကြခြင်း မဟုတ်ဘဲ ကောင်းကြီးမင်္ဂလာ ခံစားရရန်အတွက်သာ ယုံကြည်ကြသည်။ များစွာသောသူတို့သည် သူတို့ စိတ်တိုင်းကျ ပြုမူ လုပ်ဆောင်ကြသည်။ သူတို့ လုပ်ချင်သည့် အရာကို လုပ်ကြသည်။ သို့ရာတွင် ဘုရားသခင်၏ အကျိုးအတွက် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိ၊ သို့မဟုတ် သူတို့လုပ်သည့် အရာများသည် ဘုရားသခင်၏ အလိုနှင့် ညီ၊ မညီကို တစ်ခါမျှ စဉ်းစားခြင်း မရှိပေ။ ထိုသို့သောသူများသည် ဘုရားသခင်ကိုချစ်ရန် မဆိုနှင့် စစ်မှန်သော ယုံကြည်ခြင်းကိုပင် ရရန် မလွယ်ကူပေ။ ဘုရားသခင်သည် လူသားတို့ ယုံကြည်ရုံအတွက်သာ မဟုတ်၊ လူသားတို့ ချစ်ခင်ရန်အတွက်လည်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ”လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အား မချစ်ရဲကြ၊ ဘုရားသခင်အား ချစ်ရန် အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ ရှာဖွေတွေ့ ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် လူသားတို့ကို ချစ်သောဘုရား ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားတို့ ချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့ တစ်ခါမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုများကို သူ၏လုပ်ငန်းတွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ကြုံတွေ့ ခံစားရမှသာလျှင် သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ် သက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို လက်တွေ့ဘဝတွင် စောင့်ကြည့် လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာ ရှိပါသည်။ သို့ရာတွင် သူနှင့်အမှန်တကယ် ဆက်သွယ်မှု မရှိဘဲ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည့်အရာမှာ အကယ်၍ ဘုရားသခင်သည် လူသား အဖြစ် မခံယူခဲ့ပါက လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မဆက်သွယ်နိုင်ပါက ဘုရားသခင်၏ လုပ်ငန်းကိုလည်း တွေ့ကြုံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဘုရားသခင် အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အများဖြင့်သာ စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလောက် မစစ်မှန်ပေ။ အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိဉာဏ်သည် သူတို့ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်သည့် အရာများ၊ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက် သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်ကြရသည်။ သူ၏ လက်တွေ့ကျပြီး သာမာန်ဖြစ်သည့် ပင်ကိုယ်စရိုက်အားလုံးကို တွေ့ခွင့်ရကြသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သော အသိထက် အဆထောင်ပေါင်းများစွာ ပို၍ စစ်မှန်ပါသည်။ လူတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ ထိုချစ်ခြင်းမေတ္တာသည် စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိသောအရာ၊ လူသားတို့၏ အတွေးအထင်များဖြင့်သာ ပြည့်နေသောအရာ ဖြစ်သည်။ ကမ္ဘာကြီးပေါ်မှ ဘုရားသခင်ကို အနည်းငယ်သာ ချစ်လျှင်မူ ထိုချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်း ဖြစ်သည်။ အနည်းငယ်သာ ဖြစ်လင့်ကစား စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် စစ်မှန်သောအလုပ်မှ တဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး၊ ထိုအသိမှတဆင့် လူတို့၏ ချစ်ခြင်းမေတ္တာကို ရယူသည်။ ပေတရုကဲ့သို့ပင် ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ မနေခဲ့လျှင်ယေရှုကို ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ ထို့အတူ ယေရှုအပေါ်၌ ထားသော သူ၏ သစ္စာရှိမှုသည်လည်း ယေရှုနှင့် ဆက်နွယ်ခဲ့မှု အပေါ်တွင် တည်ဆောက်ထားသောအရာ ဖြစ်သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ဆီသို့ ကြွဆင်းလာပြီး၊ လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဘုရားသခင်က လူတို့ကို မြင်တွေ့၊ ကြုံဆုံစေသည့် အရာအားလုံးသည် ဘုရားသခင်၏ လက်တွေ့ကျမှုပင် ဖြစ်သည်။


ဘုရားသခင်သည် လူတို့ကို ပြီးပြည့်စုံအောင်ပြုလုပ်ပေးရန်အတွက် သမ္မာတရားနှင့် အချက်အလက်များ ရောက်ရှိလာခြင်းကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏ နှုတ်ထွက်စကားများသည် လူတို့ပြီးပြည့်စုံရန် တစ်ခန်းတစ်ကဏ္ဍမှ ဖြည့်ဆည်းပေးပြီး၊ လမ်းညွှန်ခြင်းနှင့် လမ်းကြောင်းဖွင့်ပေးခြင်းကို လုပ်ဆောင်သည်။ ဆိုလိုသည့်အရာမှာ ဘုရားသခင်၏ နှုတ်ထွက်စကားများထဲတွင် လူသားတို့သည် အမှန်တကယ် လက်တွေ့ကျင့်ဆောင်မှုနှင့် ရူပါရုံများနှင့် ပတ်သက်သော အသိပညာကို ရှာဖွေသင့်ပါသည်။ ဤအရာတို့ကို နားလည်ခြင်းအားဖြင့် လူသည် အမှန်တကယ် လက်တွေ့လုပ်ဆောင်ရင်း လမ်းကြောင်းနှင့် ရူပါရုံများ ရှိလာမည် ဖြစ်ပြီး၊ ဘုရားသခင်၏ စကားမှ တဆင့် ဉာဏ်ပညာအလင်း ရလာကာ၊ ဤအရာတို့သည် ဘုရားသခင်ထံမှ လာသည်ဟု နားလည်ကာ အကြောင်းအရာ တော်တော်များများကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလာပါလိမ့်မည်။ နားလည်ပြီးသည့်နောက်တွင် သူတို့သည် ဤသမ္မာတရားထဲသို့ ချက်ချင်းဝင်ရောက်ကာ သူတို့၏ လက်ရှိဘဝတွင် ဘုရားသခင်ကို စိတ်ကျေနပ်အောင် ပြုရန်အတွက် ဘုရားသခင်၏ နှုတ်ထွက် စကားများကို ကျင့်သုံးရမည်။ ဘုရားသခင်သည် အရာရာ၌ သင့်ကို လမ်းညွှန်မည် ဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို သင့်အားပေးကာ ဘုရားသခင်သည် အလွန်ချစ်ခင်နှစ်သက်ဖွယ် ကောင်းသည်ဟု သင့်အား ခံစားလာစေမည် ဖြစ်ပြီး၊ သင့်၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းသည် သင့်အား ပြီးပြည့်စုံအောင် ပြုလုပ်ရန်အတွက် ဖြစ်ကြောင်းကို သိမြင်ခွင့် ပေးပါလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရရန် ဆန္ဒရှိပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံလိုပါက သင်သည် သမ္မာတရားထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ရမည်။ စစ်မှန်သော ဘဝအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ပြီး ဘုရားသခင် ပြုလုပ်သော အရာတိုင်းသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအတွက် ဖြစ်သည်ဟု မြင်ရမည်။ သို့မှသာ လူတို့သည် မသန့်ရှင်းသည့် အရာများကို နောက်တွင် ချန်ခဲ့ကောင်း ချန်ခဲ့မည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ စိတ်ကို ကျေနပ်နှစ်သိမ့်မှု မပေးနိုင်သော သူတို့အတွင်းရှိ အရာများကို သန့်စင်ဖို့ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန် သူ၏ နှုတ်ထွက် စကားများကို အသုံးပြုပြီး၊ တစ်ချိန်တည်းမှာပင် လူသားတို့အား သူတို့ ကိုယ်တိုင် ကြုံတွေ့ခံစားခွင့် ပေးရန်အတွက် လက်တွေ့ဘဝ၌လည်း အခြေအနေများကို ဖန်တီးပေးပါသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ထွက်စကားများကို သုံးဆောင်မှီဝဲပြီး၊ လက်တွေ့ကျင့်သုံးပါက သူတို့၏ ဘဝများထဲမှ အခက်အခဲအားလုံးကို ဘုရားသခင်၏ များစွာသော စကားတို့ကို အသုံးပြုကာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဆိုလိုသည့်အရာမှာ သမ္မာတရားထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရန်အတွက် ဘုရားသခင်၏ နှုတ်ထွက် စကားများ သင့်ထံတွင် ရှိနေရပါမည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ထွက် စကားများကို မှီဝဲ သုံးဆောင်ခြင်း မရှိ၊ သင့်၌ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်လည်း မရှိပါက သင့်လက်တွေ့ဘဝတွင် သွားစရာလမ်း ရှိမည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ထွက် စကားများကို တစ်ခါမှ သုံးဆောင်ခြင်း သို့မဟုတ် မှီဝဲခြင်း မရှိပါက ဘဝ၌ တစ်စုံတစ်ခု ဖြစ်သောအချိန်တွင် သင်၏စိတ် ရှုပ်သွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ချစ်သင့်သည်ဟူသည်ကိုသာ သင်သိသော်လည်း၊ သင်သည် မည်သည့်ကွဲပြားခြားနားချက်မျှ လုပ်ဆောင်နိုင်စွမ်းမရှိ၊ လက်တွေ့ လုပ်ဆောင်ရန် လမ်းကြောင်းလည်း မရှိဖြစ်လိမ့်မည်၊ သင်သည် မရေမရာနှင့် စိတ်ရှုပ်ထွေးကာ၊ သွေးသားဆန္ဒ ပြည့်အောင်လုပ်ခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ခြင်း ဖြစ်သည်ဟုပင် တစ်ခါတစ်ရံတွင် ယုံကြည်လာပါလိမ့်မည်—ဤအရာအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ထွက် စကားများကို မှီဝဲသုံးဆောင်မှု မရှိခြင်း၏ အကျိုးဆက် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ထွက်စကားများ၏ အကူအညီ မပါဘဲ၊ သမ္မာတရားအတွင်းတွင်သာ စမ်းတဝါးဝါး လှည့်လည်နေပါက လက်တွေ့ ကျင့်ဆောင်မှု လမ်းကြောင်းကို ရှာဖွေနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ချစ်ခြင်း၏ အဓိပ္ပါယ်ကို နားလည်ရန် မဆိုနှင့် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကိုပင် နားမလည်ကြပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ထွက်စကားများထံမှ ဉာဏ်ပညာအလင်းနှင့် လမ်းညွှန်မှုတို့ကို အသုံးပြုပြီး မကြာခဏ ဆုတောင်းခြင်း၊ စူးစမ်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ပြုလုပ်ကာ၊ ထိုမှတဆင့် သင်လက်တွေ့ကျင့်သုံးသင့်သည့် အရာများကို တွေ့ရှိပြီး၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ် လုပ်ဖို့အတွက် အခွင့်အရေးကို ရှာဖွေကာ၊ ဘုရားသခင်နှင့် စစ်မှန်စွာ ပူးပေါင်းပြီး၊ စိတ်ရှုပ်ထွေးမနေတော့လျှင် သင်သည် လက်တွေ့ဘဝတွင် လမ်းကြောင်းတစ်ခုကို ရရှိကာ ဘုရားသခင်ကို စစ်မှန်စွာ စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်အောင် ပြုလုပ်သောအခါ သင့်အထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှု ရှိလာလိမ့်မည် ဖြစ်ပြီး၊ အထူးသဖြင့် ဘုရားသခင်၏ ကောင်းကြီးပေးခြင်းကို ခံရကာ သင်သည် ဝမ်းမြောက်ခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်- ဘုရားသခင်ကို စိတ်ကျေနပ်စေခဲ့သည့်အတွက် သင်သည် အထူးဂုဏ်ယူမိပြီး၊ စိတ်ထဲတွင် အထူးသဖြင့် ရွှင်လန်းတက်ကြွကာ၊ နှလုံးသားထဲတွင် ရှင်းလင်း အေးချမ်းလာမည် ဖြစ်ပြီး၊ သင့်အသိစိတ်သည် နှစ်သိမ့်မှုကို ခံစားရကာ၊ အပြစ်တင်ခြင်းများနှင့် ကင်းဝေး၍ သင့်ညီအကိုမောင်နှမများကို တွေ့ရသည့် အချိန်တွင် သင့်စိတ်ထဲတွင် သာယာပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ထိုသို့ခံစားရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ခြင်းဖြစ်ပြီး၊ ထိုသို့ခံစားရခြင်းသည်သာလျှင် ဘုရားသခင်၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်။ ကိုယ်တိုင်ကြုံတွေ့ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ကြသည်။ အခက်အခဲနှင့် တွေ့ကြုံခြင်း၊ သမ္မာတရားကို လက်တွေ့ ကျင့်သုံးခြင်းဖြင့် သူတို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ရရှိကြသည်။ အကယ်၍ သင်သည် ဘုရားသခင် သင့်အား အမှန်တကယ် ချစ်သည်၊ ဘုရားသခင်သည် လူတို့အတွက် အဖိုးအခကြီးကြီး ပေးခဲ့သည်၊ ဘုရားသခင်သည် မြောက်များစွာသော စကားများကို စိတ်ရှည်စွာ၊ ကြင်နာစွာဖြင့် ပြောကြားခဲ့သည်၊ လူတို့ကို အမြဲတမ်း ကယ်တင်သည်ဟု ပြောရုံသာ ပြောပါက သင်ပြောသော စကားများသည် ဘုရားသခင်၌ မွေ့လျော်ခြင်း၏ အစိတ်အပိုင်း တစ်ပိုင်းသာ ဖြစ်သည်။ သို့သော်လည်း ပို၍ကြီးမားသော ပျော်ရွှင်မှု၊ စစ်မှန်သော ပျော်ရွှင်မှုမှာ လူသားတို့အနေဖြင့် သူတို့၏ တကယ့်အသက်တာတွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် ဖြစ်ပေလိမ့်မည်။ ထို့နောက်တွင်မှ သူတို့၏ နှလုံးသားထဲတွင် ငြိမ်သက်ခြင်းနှင့် ရှင်းလင်းမှုကို ခံစားရကာ၊ စိတ်ထိတွေ့လှုပ်ရှားလာပြီး၊ ဘုရားသခင်သည် အလွန် ချစ်ခင်နှစ်သက်ဖွယ် ကောင်းသည်ဟု ခံစားလာရမည် ဖြစ်သည်။ သင်ပေးခဲ့သော အဖိုးအခသည် ထိုက်တန်သည်ဟု သင်ခံစားလာရလိမ့်မည်။ သင့်လုံ့လဖြင့် ကြီးမားသော အဖိုးအခကို ပေးခဲ့ပြီးနောက်တွင် သင့်စိတ်ထဲတွင် အထူး တောက်ပလာလိမ့်မည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေသည်ဟု ခံစားလာရပြီး၊ ဘုရားသခင်သည် လူတို့ အထဲတွင် ကယ်တင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်ကို နားလည်လာမည်။ ဘုရားသခင်က လူသားများကို အပြစ်ကင်းစင်အောင် လုပ်ခြင်းသည် သူတို့ သန့်ရှင်းစေရန် ဖြစ်ပြီး၊ လူသားတို့သည် သူ့အား အမှန်တကယ် ချစ်၊ မချစ်ကို စမ်းသပ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကို သိရှိလာပါလိမ့်မည်။ သင်သည် သမ္မာတရားကို ဤသို့ လက်တွေ့ကျင့်သုံးပါက ဘုရားသခင်၏ လုပ်ငန်း တော်တော်များများကို တဖြည်းဖြည်း ရှင်းလင်းစွာ နားလည်လာပြီး၊ ထိုအချိန်၌ သင့် ရှေ့၌ရှိသော ဘုရားသခင်၏ နှုတ်ထွက်စကားများသည် ဖန်သားတမျှ ရှင်းလင်းပြတ်သားသည်ဟု အမြဲတမ်း ခံစားလာရပါလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားများစွာကို ရှင်းလင်းစွာ နားလည်နိုင်ပါက ကိစ္စအားလုံးသည် လက်တွေ့ကျင့်ဆောင်ရန် လွယ်ကူသည်ဟု ခံစားလာရမည်။ လက်ရှိပြဿနာကို ကျော်လွားနိုင်ကာ၊ သွေးဆောင်ဖျားယောင်းမှုကိုလည်း ကျော်ဖြတ်နိုင်ပြီး၊ မည်သည့် ကိစ္စမှ သင့်အတွက် ပြဿနာ မဟုတ်ကြောင်း သိမြင်လာမည်။ ထိုသို့သိမြင်ခြင်းက သင့်အား ချုပ်နှောင်မှုမှ ကင်းလွတ်၍ လွတ်မြောက်မှုကို ရလာစေပါလိမ့်မည်။ ထိုအချိန်၌ သင်သည် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာ၌ အမှန်စင်စစ် မွေ့လျော်ကာ၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် သင့်အပေါ်သို့ ရောက်လာပြီး ဖြစ်ပါလိမ့်မည်။ သမ္မာတရား၊ အသိဉာဏ်နှင့်ရူပါရုံများရှိပြီး သူ့ကို အမှန်တကယ်ချစ်သောသူများကို ဘုရားသခင်သည် ကောင်းကြီးပေးသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရန်ဆန္ဒ ရှိပါက၊ လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့ ကျင့်သုံးရမည်။ နာကျင်မှုကို တောင့်ခံလိုစိတ် ရှိရမည်၊ ဘုရားသခင် စိတ်ကျေနပ်စေရန် သူတို့ချစ်သော အရာများကို စွန့်လွှတ်ရမည်။ သူတို့ မျက်လုံးထဲတွင် မျက်ရည်များရှိသော်လည်း ဘုရားသခင် စိတ်ကျေနပ်စေရန်အတွက် ပြုလုပ်နိုင်ကြရမည်။ ထိုသို့ပြုလျှင် ဘုရားသခင်သည် သင့်အား အမှန် တကယ်ကောင်းချီးပေးမည်ဖြစ်သည်။ ထိုသို့သော အခက်အခဲကို သည်းခံနိုင်ပါက သန့်ရှင်းသော ဝိညာဉ်တော်ကလည်း အလုပ် လုပ်လာပါလိမ့်မည်။ လက်တွေ့ဘဝအားဖြင့်၊ ဘုရားသခင်၏ နှုတ်ထွက်စကားများကို တွေ့ကြုံခံစားခြင်းအားဖြင့် လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို တွေ့ကြုံခံစားနိုင်စွမ်းရှိကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းကြည့်ဖူးမှသာ သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်ကြမည် ဖြစ်သည်။

သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင့်ကို ဘုရားသခင် ကောင်းကြီးပေးလေလေ ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လုပ်ဆောင်ပါက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင့်အထဲ၌ တဖြည်းဖြည်း တွေ့မြင်လာကာ၊ ပေတရုက ဘုရားသခင်ကို သိခဲ့သည့်နည်းတူ သင်သည်လည်း ဘုရားသခင်ကို သိလာပါလိမ့်မည်- ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းနိုင်သော အသိဉာဏ် ရှိရုံမက လူတို့ထဲတွင် အမှန်တကယ် အလုပ်လုပ် နိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ရှင်ပေတရုက ပြောခဲ့သည်။ ပေတရုက ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော အစွမ်းကြောင့် လူတို့၏ ချစ်ခြင်း မေတ္တာနှင့် ထိုက်တန်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက ‘ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာ ရှိသည်’ ဟုလည်း ပြောခဲ့သည်။ ပေတရုက ယေရှုအား “ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အတွက်သာမက သင်ပြုခဲ့သော အခြားအရာများစွာ အတွက်လည်း လူတို့သည် သင့်ကို ချစ်ထိုက်သည် မဟုတ်လော။ သင့်ထံတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အရာများထက် ပိုသော အရာများ ရှိပါသည်။ သင်သည် လက်တွေ့ ဘဝတွင် လုပ်ဆောင်သည်၊ လှုပ်ရှားသွားလာသည်။ သင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား အတွင်း၌ တို့ထိသည်။ သင်သည် ကျွန်ုပ်အား သွန်သင်သည်။ ကျွန်ုပ်အား ဆုံးမသည်—ဤအရာများသည် လူတို့၏ချစ်ခြင်းထက်သာ၍ အဖိုးတန်သည်။” ဟု ပြောကြားခဲ့သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကြုံတွေ့ခံစားလိုသည့်ဆန္ဒ ရှိပါက သင့် အသွေးအသားကို ဘေးသို့ ဖယ်ထားရန် လိုလားရမည်။ သင်သည် ထိုသို့ဆုံးဖြတ်ချက် ချရမည်။ သင်သည် ပျင်းရိခြင်း သို့မဟုတ် သွေးသားပျော်ရွှင်မှုတို့ကို တပ်မက်ခြင်း မရှိဘဲ၊ သွေးသားခန္ဓာအတွက် အသက်ရှင်ခြင်း မဟုတ်ဘဲ ဘုရားသခင်အတွက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားသောသူ၊ အရာရာ၌ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်သောသူ ဖြစ်ရမည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးသည့် အချိန်များ ရှိနိုင်ပါသည်။ ထိုသို့ဖြစ်သည်မှာ သင်သည် ဘုရားသခင်၏ စိတ်သဘောကို နားမလည်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် လုံ့လထုတ်ရန် ပိုလိုအပ်မည် ဖြစ်သော်လည်း သင်သည် ဘုရားသခင် ကျေနပ်အောင် ပြုလုပ်ရမည် ဖြစ်ပြီး၊ သွေးသားခန္ဓာကိုယ်၏ တပ်မက်စိတ်ကို ဖြည့်ဆည်းရန် မပြုလုပ်ရပါ။ ဤသို့ သင်တွေ့ကြုံခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို သိရှိလာပါလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ခဲ့ကြောင်း၊ လူတို့သည် သူ့ကို အမှန်တကယ် စစ်မှန်စွာ မြင်နိုင်ရန်၊ သူနှင့် အမှန်တကယ် စစ်မှန်စွာ ဆက်သွယ်နိုင်စေရန်အတွက် ဘုရားသခင်သည် လူ့ဇာတိခံခဲ့ကြောင်း၊ လူတို့အလည်တွင် သူသွားလာနိုင်စွမ်းရှိကြောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် လက်တွေ့ဘဝတွင် လူတို့ကို ပြီးပြည့်စုံအောင် လုပ်ပေးနိုင်ပြီး သူ၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို တွေ့မြင်ခွင့်ပေးကာ သူ၏ ဥပဒေသများ၊ ဆုံးမမှုများနှင့် ကောင်းကြီးမင်္ဂလာများကို လူတို့အား ကြုံတွေ့ ခံစားခွင့်ပေးကြောင်းကို သင်တွေ့မြင်လိမ့်မည်။ ဤသို့ အမြဲတမ်း တွေ့ကြုံခံစားရလျှင် လက်တွေ့ဘဝတွင် သင်သည် ဘုရားသခင်နှင့် ခွဲခွာလို့ရမည် မဟုတ်ပေ။ အကယ်၍ တစ်နေ့တွင် ဘုရားသခင်နှင့် သင့်ကြားရှိ ဆက်ဆံရေးသည် ပုံမှန်အတိုင်း မဟုတ်တော့လျှင် သင်သည် ပြစ်တင်ရှုံ့ချမှုကို ခံနိုင်စွမ်းရှိလိမ့်မည်၊ နောင်တရ နိုင်စွမ်းလည်း ရှိလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိချိန်တွင် ဘုရားသခင်အား လုံးဝ စွန့်ခွာလိုစိတ် ရှိမည် မဟုတ်။ အကယ်၍တစ်နေ့ ဘုရားသခင်သည် သင့်အား စွန့်ခွာသွားမည်ဟု ပြောလျှင် သင်သည် ကြောက်ရွံ့ကာ ဘုရားသခင် ထားခဲ့သည်ကို ခံရသည်ထက် အသက်သေခြင်းက ပိုကောင်းသည်၊ သေလိုပါသည်ဟု ပြောလိမ့်မည်။ ဤသို့သော စိတ်ခံစားချက်များ ရှိသည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်အား စွန့်ခွာနိုင်စွမ်း မရှိဟု ခံစားလာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလာကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်လာနိုင်မည် ဖြစ်သည်။

တစ်ခါတစ်ရံတွင် လူတို့သည် ဘုရားသခင်အား သူတို့ဘဝဖြစ်စေမည်ဟု ပြောကြသော်လည်း သူတို့သည် ထိုအဆင့်၌ တွေ့ကြုံခံစားရသည့် အတွေ့အကြုံကို မရရှိကြသေးပေ။ ဘုရားသခင်သည် သင်၏အသက် ဖြစ်သည်၊ ဘုရားသခင်သည် သင့်အား နေ့စဉ် စောင့်ရှောက် မစသည်၊ သူ၏ နှုတ်ထွက်စကားများကို သင်သည် နေ့စဉ် မှီဝဲသုံးဆောင်သည်၊ သူ့ထံ သင်နေ့စဉ် ဆုတောင်းသည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ ဘဝဖြစ်သည်ဟုသာ သင်ပြောနေခြင်း ဖြစ်သည်။ ထိုသို့ပြောသူများ၏ အသိဉာဏ်သည် အပေါ်ယံသာ ဖြစ်သည်။ လူအများစုတွင် အခြေခံအုတ်မြစ် မရှိကြပေ- ဘုရားသခင်၏ နှုတ်ထွက် စကားများသည် သူတို့ထဲတွင် စိုက်ပျိုးခြင်း ခံထားရသော်လည်း၊ အသီးသီးရန် မပြောနှင့် အညှောက်ပင် မပေါက်သေးပေ။ ယနေ့ သင်သည် မည်သည့် အဆင့်အထိ တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သနည်း။ ယနေ့ ဘုရားသခင်သည် သင့်အား လက်ရှိနေရာအထိ ရောက်အောင် တွန်းပို့ခဲ့သည့်အတွက် သင်သည် ဘုရားသခင်ကို စွန့်ခွာ၍မရဟု ယခုအချိန်ရောက်မှ သင် ခံစားနေရပါသလား။ တနေ့ သင်သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားခဲ့ရပြီဆိုလျှင် ဘုရားသခင်သည် သင့်အား ထွက်ခွာ သွားခိုင်းလျှင်လည်း သင်သည် စွန့်ခွာနိုင်မည် မဟုတ်ပေ။ သင့်အထဲတွင် ဘုရားသခင် မရှိဘဲ သင်မနေနိုင်ဟု အမြဲခံစားနေရမည်။ ယောင်္ကျား၊ မိန်းမ သို့မဟုတ် ကလေးများ မရှိဘဲ၊ အမေ သို့မဟုတ် အဖေ မရှိဘဲ၊ သွေးသားခန္ဓာ၌ ပျော်မွေ့မှုများ မရှိဘဲ နေနိုင်သော်လည်း စိတ်ထဲတွင် ဘုရားသခင် မရှိဘဲ သင်မနေနိုင်တော့ပေ။ ဘုရားသခင် မရှိခြင်းသည် သင့်ဘဝကို ဆုံးရှုံးလိုက် ရခြင်းနှင့် တူပြီး ဘုရားသခင် မရှိဘဲ သင်နေနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအခြေအနေကို တွေ့ကြုံခံစားရပါက ဘုရားသခင်အတွက် သင်မှာ ရှိသင့်သော ယုံကြည်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင့်ဘဝ ဖြစ်လာကာ သူသည် သင့်တည်ရှိမှု၏ အခြေခံအုတ်မြစ် ဖြစ်လာပြီး၊ သင်သည် ဘုရားသခင်အား ဘယ်သောအခါမှ ထပ်မံစွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအခြေအနေကို တွေ့ကြုံခံစားရပါက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်လာကာ၊ ဘုရားသခင်နှင့် သင်၏အကြားရှိ ဆက်ဆံရေးသည်လည်း အလွန်ရင်းနှီးပြီး ဘုရားသခင်သည် သင့်အသက်၊ သင့်ချစ်ရသောသူ ဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ဘုရားသခင်ထံသို့- “အိုး ဘုရားသခင်၊ ကျွန်ုပ် သင့်ကို မစွန့်ခွာနိုင်ပါ။ သင်သည် ကျွန်ုပ်၏ ဘဝ ဖြစ်ပါသည်။ ကျွန်ုပ်သည် အခြားအရာအားလုံး မရှိဘဲ နေနိုင်သော်လည်း သင်မရှိဘဲ အသက် ဆက်မရှင်နိုင်ပါ။ ဤသည်မှာ လူသားတို့၏ စစ်မှန်သော အရေးပါမှု ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ဘဝဖြစ်သည်” ဟု ဆုတောင်းလိမ့်မည်။ လူအချို့တို့သည် ယနေ့ သူတို့ရှိနေသည့် နေရာအထိ ရောက်အောင် တွန်းပို့ခြင်း ခံခဲ့ရသည်- သူတို့ လုပ်ချင်သည် ဖြစ်စေ၊ မလုပ် ချင်သည် ဖြစ်စေ ဆက်လုပ်နေရပြီး သူတို့သည် အခက်အခဲနှစ်ခု အကြားတွင် ရှိနေသည်ဟု အမြဲတမ်း ခံစားနေကြသည်။ ဘုရားသခင်သည် သင့်အသက်ဖြစ်ပြီး၊ ဘုရားသခင်ကို သင့်နှလုံးသားထဲမှ နှုတ်ယူသွားမည်ဆိုပါက သင့်အသက်ဆုံးရှုံးခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်၊ ဘုရားသခင်သည် သင့်ဘဝဖြစ်ပြီး၊ သင်သည် သူ့ကို စွန့်ခွာနိုင်စွမ်း မရှိတော့ဟူသည့် အဆင့်အထိ သင်ခံစားရရန် လိုသည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို အမှန်တကယ် တွေ့ကြုံခံစားလိုက်ရပြီး၊ ထိုအချိန်၌ သင်သည် ဘုရားသခင်ကို နောက်တစ်ဖန် ထပ်မံ ချစ်သောအခါ၊ ဘုရားသခင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးပြီး၊ သင်၏ချစ်ခြင်းမေတ္တာသည် တစ်ဦးတည်းကို ချစ်သော အချစ်၊ ဖြူစင်သည့်အချစ် ဖြစ်လိမ့်မည်။ တစ်နေ့ သင့်အတွေ့အကြုံသည် ထိုသို့ဖြစ်လာပါက သင်သည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ သူ၏နှုတ်ထွက်စကားများကို မှီဝဲသုံးဆောင်လိမ့်မည်၊ ဘုရားသခင်ကို သင်စွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်စွန့်ခွာလိုလျှင်ပင် သူ့ကိုသင် မေ့လျော့နိုင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်ဘဝ ဖြစ်လာလိမ့်မည်၊ သင်သည် ကမ္ဘာကြီးကိုလည်းကောင်း၊ သင့်ဇနီး၊ သင့်ခင်ပွန်း သို့မဟုတ် သင့်သားသမီးများကိုလည်းကောင်း မေ့နိုင်သော်လည်း ဘုရားသခင်ကို မေ့လျော့ဖို့ ခက်ခဲလာပါလိမ့်မည်—ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။ ဤသည်မှာ သင်၏ဘဝစစ်၊ ဘုရားသခင်အပေါ်၌ထားသော သင်၏ ချစ်ခြင်းမေတ္တာစစ် ဖြစ်သည်။ ဘုရားသခင် အပေါ်၌ ထားသော လူတို့၏ ချစ်ခြင်းမေတ္တာသည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင် ဘုရားသခင် အပေါ် ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည် အခြားအရာများ အပေါ်၌ထားသော အချစ်နှင့် မတူတော့ပေ။ ဘုရားသခင်သည် သူတို့၏ နံပါတ်တစ် ချစ်ရသူ ဖြစ်လာပြီး၊ ထိုသို့ ဖြစ်လာသောကြောင့် သူတို့သည် အရာအားလုံးကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်၏ လုပ်ဆောင်မှု မှန်သမျှ၊ ပြုပြင်မှု မှန်သမျှကို လက်ခံလိုသည့် ဆန္ဒ ရှိလာပါလိမ့်မည်။ ဘုရားသခင် အပေါ်၌ ထားသော သင်၏ ချစ်ခြင်းသည် အရာအားလုံးထက် ကြီးမားသာလွန်သွားပါက သင်သည် လက်တွေ့ကျကျ အသက်ရှင်မည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်မည် ဖြစ်သည်။

ဘုရားသခင်သည် လူတို့၏ဘဝ ဖြစ်လာသည်နှင့် တပြိုင်နက်တွင် သူတို့သည် ဘုရားသခင်အား မစွန့်ခွာနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ပင် မဟုတ်ပါလား။ ဤထက် ကြီးမြတ်သော သက်သေခံချက် မရှိတော့ပါ။ ဘုရားသခင်သည် အဆင့်တစ်နေရာအထိ လုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လူတို့ကို အစေခံရန်၊ ပြစ်တင်ဆုံးမခြင်းခံရန် သို့မဟုတ် အသေခံရန် ပြောခဲ့သည်။ လူတို့သည်လည်း ကတိထားပြီးနောက် နောက်ပြန် မဆုတ်ကြတော့ပေ။ ထိုအချက်က ဘုရားသခင်သည် လူတို့ကို အောင်မြင်ခဲ့ကြောင်းကို ပြသနေသည်။ သမ္မာတရားရှိသောသူများသည် သူတို့၏ လက်တွေ့အတွေ့အကြုံများတွင် သူတို့၏ သက်သေခံချက်များ၌ ခိုင်မာစွာ ရပ်တည်နိုင်ပြီး၊ သူတို့၏နေရာ၌ ခိုင်မာစွာရပ်တည်နိုင်ကာ၊ ဘုရားသခင်၏ ဘေးတွင် ရပ်တည်နိုင်၍ နောက်သို့ပြန်ဆုတ်ခြင်း အလျှင်းမရှိဘဲ၊ ဘုရားသခင်ကို ချစ်သောသူများနှင့် ပုံမှန်ဆက်ဆံနိုင်ပြီး၊ တစ်စုံတစ်ခုဖြစ်သောအခါ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်သောသူများ၊ သေသည်အထိ ဘုရားသခင်ကို နာခံနိုင်သောသူများဖြစ်သည်။ လက်တွေ့ဘဝတွင် သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် ထုတ်ဖော်မှုတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပင် ဖြစ်သည်။ ယင်းသည် လူ၏လက်တွေ့ကျင့်သုံးခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် လူ၏ သက်သေခံချက်လည်း ဖြစ်သည်။ ထို့ပြင် ယင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ မွေ့လျော်ခြင်းဖြစ်သည်၊ သင်သည် ဤအဆင့်အထိတွေ့ကြုံခဲ့ပြီးသောအခါ ထိုက်သင့်သော အကျိုးဆက်ကို ရရှိပြီးဖြစ်လိမ့်မည်။ သင်သည် စစ်မှန်သော နေထိုင်ပြောဆိုမှုပုံစံကို ပိုင်ဆိုင်ထားပြီး၊ သင့်လုပ်ဆောင်ချက် တစ်ရပ်စီကို အခြားသူများက လေးစားစွာ မော်ကြည့်လျက်ရှိကြမည် ဖြစ်သည်။ သင့်ပုံပန်းရုပ်သွင်သည် ထူးခြားခြင်းမရှိသော်လည်း ဘုရားတရား အလွန်ပင် ကိုင်းရှိုင်းသောဘဝကို သင်အသက်ရှင်နေထိုင်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ပြောဆိုသည့်အချိန်တွင် ဘုရားသခင်သည် သင့်အား လမ်းညွှန်ကာ ဉာဏ်ပညာအလင်းကို ပေးမည်ဖြစ်သည်။ သင်သည် သင့်စကားလုံးများမှတစ်ဆင့် ဘုရားသခင်၏ဆန္ဒကို ပြောဆိုနိုင်မည်၊ လက်တွေ့အရှိတရားကိုလည်း ပြောဆိုနိုင်ပြီး၊ ဝိညာဉ်တော်အားဖြင့် အသုံးခံခြင်းအကြောင်းကို များစွာနားလည်လာလိမ့်မည်။ သင်သည် စကားပြောရာတွင် တဲ့တိုးပြောပြီး၊ သိက္ခာရှိကာ ဖြောင့်မတ်မည်။ ထိပ်တိုက်ရင်ဆိုင်မှု မရှိဘဲ ယဉ်ကျေးသိမ်မွေ့ကာ၊ ဘုရားသခင်၏ အစီအစဉ်များကို နာခံနိုင်ပြီး၊ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သင်သည် သင့်သက်သေခံချက်အပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်။ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်လုပ်ဆောင်ရာတွင် သင်သည် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေမည် ဖြစ်သည်။ ဤသို့သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အချို့သောသူများသည် ငယ်ရွယ်သေးသော်လည်း လူလတ်ပိုင်းတစ်ဦးကဲ့သို့ ပြုမူကြသည်၊ သူတို့သည် ရင့်ကျက်၍ သမ္မာတရားကို ကိုင်စွဲကာ အခြားသူများ၏ လေးစားမှုကို ခံကြရသည်၊ ဤလူများသည် သက်သေခံချက်ရှိသူများဖြစ်ပြီး ဘုရားသခင်၏ သရုပ်သကန် ဖြစ်ကြသည်။ ဆိုလိုသည့် အချက်မှာ သူတို့သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားပြီးသောအခါ သူတို့၏စိတ်အတွင်းတွင် ဘုရားသခင်ကို ထိုးထွင်းသိမြင်နိုင်မှု ရှိလာပြီး၊ အပြင်ပန်းမှ မြင်ရသော သူတို့၏ပင်ကိုယ်စရိုက်သည်လည်း တည်ငြိမ်သွားလိမ့်မည်။ လူတော်တော်များများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း မရှိသလို သူတို့၏ သက်သေခံချက် အပေါ်တွင် ခိုင်မာစွာ ရပ်တည်ခြင်းလည်း မရှိပေ။ ထိုသို့သောသူများ၌ ဘုရားသခင်အား ချစ်ခြင်းလည်း မရှိ သို့မဟုတ် သက်သေခံခြင်းလည်း မရှိပေ။ ထိုသူတို့သည် ဘုရားသခင် အရွံရှာဆုံးသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ထွက်စကားများကို မှီဝဲသုံးဆောင်ကြသော်လည်း။ သူတို့ ဖော်ပြနေသည့် အရာမှာ စာတန်မာနတ် ဖြစ်နေသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ထွက်စကားများ အကြောင်းကို စာတန်မှ သွားပုပ် လေလွင့်ပြောရန်အတွက် ခွင့်ပြုကြသည်။ ထိုသို့သော သူတို့တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလက္ခဏာ လုံးဝ မရှိပေ။ သူတို့ ဖော်ပြနေသည့် အရာအားလုံးမှာ စာတန်မာရ်နတ်ပင် ဖြစ်သည်။ အကယ်၍ သင့်နှလုံးသားသည် ဘုရားသခင် ရှေ့တွင် အမြဲတမ်း ငြိမ်သက်ခြင်းရှိပြီး၊ သင့်ပတ်ဝန်းကျင်တွင် ရှိသော သူများ၊ ပတ်ဝန်းကျင်တွင်ရှိသော အရာများ၊ ပတ်ဝန်းကျင်တွင် ဖြစ်နေသော အရာများကို အမြဲဂရုပြုနေလျှင်၊ သင်သည် ဘုရားသခင်၏ ဝန်တာကို သင့်စိတ်ထဲတွင် ဂရုပြုကာ၊ ဘုရားသခင်ကို ရိုသေလေးစားသည့် စိတ်နှလုံး အမြဲရှိလျှင် ဘုရားသခင်သည် မကြာခဏ ဆိုသလိုပင် သင့်အထဲ၌ ဉာဏ်အလင်းကို ဖွင့်ပေးမည် ဖြစ်သည်။ အသင်းတော်ထဲတွင် “ကြီးကြပ်သူများ” ရှိကြသည်။ သူတို့သည် အခြားသူတို့၏ ကျရှုံးခြင်းကို အထူးသဖြင့် စောင့်ကြည့်ကြပြီး အတုယူကာ လိုက်လုပ်ကြသည်။ သူတို့၌ ခွဲခြားနိုင်စွမ်း မရှိကြပေ။ သူတို့သည် အပြစ်ကို မမုန်းကြပေ။ စာတန်နှင့် ပတ်သက်သည့် အရာများကို စက်ဆုပ်မုန်းတီးခြင်း သို့မဟုတ် ရွံရှာခြင်း မရှိကြပေ။ ထိုကဲ့သို့သော သူများ၌ စာတန်နှင့်ပတ်သက်သော အရာများဖြင့် ပြည့်နေပြီး သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ လုံးဝစွန့်ခွာမှုကို ခံကြရမည် ဖြစ်သည်။ သင့်နှလုံးသားသည် ဘုရားသခင်ရှေ့၌ အမြဲတမ်း ရိုသေလေးစားမှုနှင့် ပြည့်နေသင့်သည်၊ သင်၏စကားများနှင့် လုပ်ရပ်များကို အစွန်းရောက်မှု မရှိအောင် ထိန်းသိမ်းကာ ဘုရားသခင်ကို ဆန့်ကျင်ရန် သို့မဟုတ် စိတ်ပျက်အောင်လုပ်ရန် ဆန္ဒ လုံးဝ မရှိသင့်ပေ။ သင့်အထဲရှိ ဘုရားသခင်၏လုပ်ဆောင်မှု အလဟဿ ဖြစ်သွားစေရန် ဆန္ဒမရှိသင့်ပါ သို့မဟုတ် သင် သည်းခံခဲ့သော အခက်အခဲများအားလုံးနှင့် သင် လက်တွေ့လုပ်ဆောင်ခဲ့သမျှအားလုံး အလဟဿ ဖြစ်သွားခွင့် မပြုသင့်ပေ။ သင်သည် ပို၍ အလုပ်လုပ်ကာ၊ ရှေ့ဆက်လမ်းတွင် ဘုရားသခင်အား ပိုမိုချစ်ခင်ရန် ဆန္ဒ ရှိသင့်သည်။ ထိုသို့သောသူများသည် ၄င်းတို့၏ ရူပါရုံကို ၄င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ထားရှိသူများ ဖြစ်သည်။ ထိုသူတို့သည် တိုးတက်မှုကို ရှာဖွေသောသူများဖြစ်သည်။

အကယ်၍ လူတို့သည် ဘုရားသခင်ကို ရိုသေလေးစားသည့် နှလုံးသားဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ထွက် စကားများကို ကြုံတွေ့ခံစားရပါက သူတို့ထံ၌ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်သည်။ ထိုလူများသည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြပြီး သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်ကာ၊ သူတို့ သက်သေခံသည့် အကြောင်းအရာသည် သမ္မာတရားအကြောင်း၊ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့အကြောင်းဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်ကြပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက သူတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို မြည်းစမ်းကြည့်ရမည်။ သို့တည်းမှသာ ဘုရားသခင်ကို ချစ်သော နှလုံးသားနှင့် ဘုရားသခင်အတွက် သစ္စာရှိစွာ နေရာချဲ့ပေးလိုသော ဆန္ဒ ရှိသည့် နှလုံးသား ဖြစ်ပေါ်လာမည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ သူ့ကို ချစ်ရန် စကားလုံးများနှင့် အမူအရာများအားဖြင့် မလုပ်၊ သို့မဟုတ် သူတို့၏ စိတ်ကူးစိတ်သန်းအားဖြင့်လည်း မလုပ်ပေ။ လူတို့အား သူ့ကို အတင်းအဓမ္မလည်း မချစ်ခိုင်းပေ။ ထိုအစား သူတို့စိတ်နှင့် သူတို့ ချစ်လာစေရန် ပြုလုပ်ပြီး၊ သူ၏လုပ်ငန်းနှင့် ဖွင့်ဟပြောဆိုချက်များတွင် သူ၏ချစ်ဖွယ် နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်လာရန် ပြုလုပ်သည်။ ထို့နောက်တွင် သူတို့အထဲတွင် ဘုရားသခင်ကို ချစ်ခင်သည့် မေတ္တာကို ပေါက်ဖွားလာစေသည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့သည် ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သော သက်သေခံချက်ကို ပေးနိုင်မည် ဖြစ်သည်။ လူတို့သည် အခြားသူများမှ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို ချစ်ခြင်း မဟုတ်သကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်သော စိတ်ခံစားမှုဆန္ဒအရ ချစ်ခြင်းလည်း မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို တွေ့မြင်သည့်အတွက် ဘုရားသခင်ကို ချစ်ကြသည်။ လူတို့ထံမှ ချစ်ခြင်းမေတ္တာ ရရန် ထိုက်တန်သည့် အကြောင်းရင်း များစွာ ရှိကြောင်းကို သူတို့ တွေ့မြင်ခဲ့သောကြောင့် ဘုရားသခင်ကို ချစ်ကြသည်။ ဘုရားသခင်၏ကယ်တင်ခြင်း၊ ဉာဏ်ပညာနှင့် အံ့ဖွယ်လုပ်ရပ်များကို တွေ့မြင်ခဲ့သောကြောင့် ဘုရားသခင်ကို ချစ်ကြသည်—ရလဒ်အနေဖြင့် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းကြသည်။ ဘုရားသခင်ကို အမှန်တကယ် တောင့်တကြပြီး၊ သူတို့ စိတ်ထဲတွင် ဘုရားသခင်ကို မရလျှင် အသက်မရှင်နိုင်တော့သည့် စိတ်ထက်သန်ပြင်းပြမှု ပေါ်ပေါက်လာသည်။ ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် ဘုရားသခင်အတွက် ခိုင်လုံသော သက်သေခံချက်ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့ ပေါ်တွင် အခြေခံသောကြောင့် ဖြစ်ပါသည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒ မဟုတ်ဘဲ ဘုရားသခင်ကို သိခြင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို သိခြင်းတို့အပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည်ဟု ခံစားမိကြပြီး ဘုရားသခင်ကို သိလိုစိတ် ရှိသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏ လက်တွေ့ကျမှုတို့ကို သိရမည်ဟု သူတို့ ခံစားရကြသည်။ ဘုရားသခင် အပေါ် ထားသော လူတို့၏ ချစ်ခြင်းမေတ္တာ ကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များ ဖြစ်ကာ၊ မှန်ကန်မှုရှိပြီး စစ်မှန်သော ထူးခြားမှုနှင့် တန်ဖိုးရှိသည့် ထိုသက်သေခံချက်များသည် နိုးကြားထကြွသော သက်သေခံချက်များ ဖြစ်သည်။ အနှစ်သာရ မရှိသော သို့မဟုတ် အဓိပ္ပါယ်မဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည် သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြပြီး ဘုရားသခင်ကို ၄င်းတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်၊ ဘုရားသခင်၏ လုပ်ငန်းနှင့် စီမံခန့်ခွဲမှုအတွက် အသက်ရှင်နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ အလင်းထဲတွင် နေထိုင်ကြသည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင် ကောင်းချီးပေးသော ဘဝကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သော သူများသာလျှင် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရပြီး ဘုရားသခင်၏ ကတိတော်များကို သူတို့သာလျှင် လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ဘုရားသခင်နှင့် အနီးစပ်ဆုံးလူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရသောသူများဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော်နိုင်သည်။ ထိုသို့သောသူများသာလျှင် ထာဝရကာလတိုင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ ဘုရားသခင်သည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကိုရရှိရန် ထိုက်တန်သူဖြစ်သည်။ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည် မဟုတ်ပေ။ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့် ပတ်သက်၍ သက်သေခံနိုင်ပြီး၊ ဘုရားသခင်၏ လုပ်ငန်းအတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့် သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို ၎င်းတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ သွားလာ၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာပြီး၊ ဘာသာစကားအမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်။ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူပြီး၊ သူတို့ထံတွင် ဘုရားသခင်ကို ချစ်သောနှလုံးသား ရှိကြသည်။ သူတို့သည် တူညီသော သက်သေကိုခံကြပြီး၊ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသော ဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်းသွားလာနိုင်ကြသည်၊ ဘုရားသခင်အတွက် သက်သေခံသောသူများသည် စကြဝဠာတစ်ဝှမ်းတွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို ခံရသောသူများဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ

အကြံပြုစာမျာ: တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်

No comments:

Post a Comment