ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ယော ၁၄:၆-၇)
“ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ယော ၁၄:၁၀-၁၁)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန်လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းအားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်းအားဖြင့် ဘုရားသခင်ကိုသိရန် ပြုလုပ်ရမည်။ လူအချို့က- “လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ” ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း၊ ထို့ပြင် လူသားမျိုးနွယ်အား သူ၏ ကယ်တင်ရန်နည်းလမ်း တို့ကို သင်မြင်နိုင်သည်။...ဤသည်မှာ ဘုရားသခင်သည် လူသားကို အသုံးပြု၍ နှုတ်ကပတ်တော်ကို ရေးချစေခြင်းနှင့် တခြားစီဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်က ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။ ယင်းကို ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နှုတ်ကပတ်တော်များနှင့် သူ၏အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ယင်းတို့ကို လှိုက်လှိုက်လှဲလှဲရှိသော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ အတွင်းစိတ်ထဲက ထွက်ပေါ်လာ၍ သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏အတွေးများ၊ လူသားမျိုးနွယ်အပေါ် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏မျှော်မှန်းချက်များကို ဖော်ပြနေခြင်းကြောင့် ဖြစ်သည်။...ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများရှိပြီး လူသား၏ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ရှိသည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်သည် အတော်ပင် ခက်ထန်သည်ဟု သင်ခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်၌ သြဇာအာဏာ သိပ်မရှိဟု သင်ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ဤအရာကို ရှေ့နောက်စကားအဆက်အစပ်ကိုချန်၍ လိုရာဆွဲတွေးခြင်းမပြုဘဲ ယင်းကို ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် နူးညံ့သိမ်မွေ့ပြီး ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောသဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် တင်းကျပ်သော ရှုထောင့်မှ စကားပြောသဖြင့် လူတို့သည် စော်ကားတိုက်ခိုက်မှုကို သည်းခံမည်မဟုတ်သည့် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြသည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်သို့လာရန် မထိုက်တန်ပေ။ လူတို့သည် ယခုအခါ ဘုရားသခင်၏ရှေ့မှောက်သို့ လာနိုင်သည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းနှင့် သူ့အမှု၏ အဓိပ္ပာယ်မှနေ၍ သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် ဘုရားသခင်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း မရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်သည်။ ဘုရားသခင်ကို စစ်မှန်စွာ နားလည်သူတစ်ဦးသည် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုလာသည့်အခါ သူသည် ဤအရာကို ဘုရားသခင်အပေါ် သူ၏လက်ရှိနားလည်မှုနှင့် ကိုက်ညီစေနိုင်မည်ဖြစ်သည်၊ သို့သော် သဘောတရားအရသာ နားလည်မှုရှိသူတစ်ဦးသည် ဘုရားသခင်နှင့် တွေ့ဆုံသည့်အခါ သူသည် အပြန်အလှန်ဆက်စပ်နေမှုကို မမြင်နိုင်ပေ။ လူ့ဇာတိခံယူခြင်း၏ သမ္မာတရားသည် အနက်နဲဆုံး လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်သည်၊ ယင်းကို နားလည်သဘောပေါက်ရန် ခက်ခဲ၏။ လူ့ဇာတိခံယူခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အကျဉ်းချုပ်လော့၊ ယင်းတို့ကို ရှုထောင့်မျိုးစုံမှ ကြည့်ပြီးနောက် အတူတကွ ဆုတောင်းကာ ဆင်ခြင်တွေးတော၍ သမ္မာတရား၏ ဤရှုထောင့်ကို ပို၍ မိတ်သဟာယပြုလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို ဉာဏ်အလင်းဖွင့်ပြ၍ နားလည်မှုပေးလိမ့်မည်။ လူသား၌ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်းမရှိသဖြင့် ဘုရားသခင်အပေါ် စစ်မှန်သောနားလည်မှု ရရှိရန်အလို့ငှာ သူသည် စမ်းတဝါးဝါးရှေ့တိုး၍ ဖြည်းဖြည်းချင်းစီ ဝင်ရောက်ရေးအတွက် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို သူအားထားရမည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” မှ
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားတို့တွေ့ကြုံရသည့် ဖြစ်စဉ်မှာ လူ့ဇာတိ၌ ဘုရားသခင်၏ နှုတ်ကပတ်တော် ပေါ်ထွန်းမှုကို သူတို့သိကြသည့် ဖြစ်စဉ်အတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့အနေဖြင့် ကြုံတွေ့ခံစားရလေလေ၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူတို့ ပိုမိုသိလာလေလေ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းမှတစ်ဆင့် ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းဥပဒေသများကို လူတို့သည် နားလည်သဘောပေါက် လာနိုင်မည်ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို သိလာမည်ဖြစ်ပါသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် လူတို့ကို စုံလင်အောင်ပြုလုပ်၍ ၎င်းတို့ကို ရယူသောအခါတွင် ၎င်းတို့ကို လက်တွေ့ကျသော ဘုရားသခင်၏ ဆောင်ရွက်ချက်များကို သိစေခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ အမှန်တကယ် အရေးပါမှုနှင့် လူသားတို့ရှေ့မှောက်တွင် ဘုရားသခင်၏ဝိညာဉ်တော် အမှန်တကယ် ပေါ်ထွန်းလာကြောင်း ပြသဖို့ရန်အတွက် လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်ကို သူအသုံးပြုနေခြင်းဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ
လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အသွင်အပြင်သည် လူသားတစ်ယောက်နှင့် အတိအကျတူသော်လည်း၊ သူသည် လူသား၏ အသိပညာကို လေ့လာသင်ယူပြီး လူသား၏ ဘာသာစကားကို ပြောသော်လည်း၊ တစ်ခါတရံ၌ လူသားမျိုးနွယ်၏ နည်းလမ်းများ သို့မဟုတ် ဖော်ပြချက်များမှတစ်ဆင့် သူ၏ စိတ်ကူးတို့ကိုပင်လျှင် သူဖော်ပြသော်လည်း လူသားတို့ကို သူမြင်သောပုံစံ၊ အမှုအရာတို့၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူတို့က လူသားမျိုးနွယ်နှင့် အမှုအရာတို့၏ အနှစ်သာရကို မြင်သောပုံစံသည် လုံးဝမတူပေ။ သူ့ရှုထောင့်နှင့် သူရပ်တည်သောအမြင့်သည် ဖောက်ပြန်ပျက်စီးသောလူတစ်ယောက် မရရှိနိုင်သော အရာတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သမ္မာတရားဖြစ်သော်ကြောင့်၊ သူဝတ်ဆင်သော ဇာတိခန္ဓာသည်လည်း ဘုရားသခင်၏အနှစ်သာရ ရှိပြီး သူ၏အတွေးတို့နှင့် သူ၏လူ့သဘာဝမှ ဖော်ပြသောအရာသည်လည်း သမ္မာတရားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဇာတိခန္ဓာထဲမှာ သူဖော်ပြသောအရာသည် သမ္မာတရား၏ပံ့ပိုးပေးခြင်းနှင့် အသက်တာအတွက် ပံ့ပိုးပေးခြင်း ဖြစ်သည်။ ဤပံ့ပိုးခြင်းတို့က လူတစ်ယောက်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ်အားလုံးအတွက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သူမဆို သူ့စိတ်ထဲမှာ သူနှင့်ဆက်စပ်သောသူ အနည်းငယ်သာရှိသည်။ သူဂရုစိုက်သော၊ သူစိတ်မအေးသောလူ တစ်ချို့သာရှိသည်။ ဘေးဒုက္ခ နီးကပ်လာသောအခါ သူ၏သားသမီးတို့၊ အိမ်ထောင်ဘက် သို့မဟုတ် မိဘတို့ကို သူအရင်စဉ်းစားသည်ပြီး ပို၍ ပရဟိတဆန်သောလူက အများဆုံးအနေဖြင့် ဆွေမျိုးတစ်ချို့၊ သို့မဟုတ် မိတ်ဆွေကောင်းတစ်ယောက်ကို စဉ်းစားမည်၊ ထပ်ပြီး စဉ်းစားသေးသလော။ မည်သည့်အခါမျှ မစဉ်းစားပေ။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် အမှန်တကယ်တွင်မူ လူသားတို့ပင်ဖြစ်ပြီး လူတစ်ယောက်၏ ရှုထောင့်နှင့် အမြင့်မှသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်သည်။ သို့သော်လည်း လူ့ဇာတိခံယူထားသော ဘုရားသခင်က ဖောက်ပြန်ပျက်စီးသောလူနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိက မည်မျှပင် သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှပင် နိမ့်ကျပါစေ သို့မဟုတ် လူတို့က သူ့ကို မည်မျှလောက်ထိ အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးတို့နှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သော မည်သည့်လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ၏ အမြင့်မှူ အမြဲတမ်း ကြည့်ရှုလေ့လာလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် တွေးတောပုံမှတစ်ဆင့် သူအမြဲတမ်း မြင်လိမ့်မည်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်၏အမြင့်၊ ဖောက်ပြန်ပျက်စီးသောလူတစ်ယောက်၏ အမြင့်မှ သူလုံးဝ မမြင််နိုင်ပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ လူသား၏အမြင်နှင့် ကြည့်ကြပြီး၊ တိုင်းတာချက်တစ်ခုအနေနှင့် လူသား၏ အသိပညာ၊ လူသား၏ စည်းမျဉ်းနှင့် အယူအဆများကဲ့သို့ အရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ လူတို့ သူတို့၏မျက်လုံးဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ ဘုရား၏အမြင်နှင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်မှာ လူတို့ မမြင်နိုင်သောအရာတို့ ပါဝင်ပြီး၊ ဤနေရာသည် လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုက လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ပြီး၊ သူတို့၏ ဝိသေသ လက္ခဏာတို့နှင့် နေရာများအပြင် အမှုအရာများကို သူတို့မြင်သော အမြင်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်က ဤမတူညီသော အနှစ်သာရတို့ပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ
လူတို့၌ရှိသော အရာဝတ္ထုများအပေါ်တွင် ဘုရားသခင်သည် လူများနှင့် အလားတူ အမြင်မျိုး ကိုင်စွဲထားခြင်း မရှိသည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး ထိုမျှသာမက လူတို့၏ ရှုထောင့်အမြင်များ၊ သူတို့၏ အသိပညာများ၊ သူတို့၏ သိပ္ပံပညာ သို့မဟုတ် သူတို့၏ ဒဿနအမြင် သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ရန် လူသားတို့၏ စိတ်ကူးများကို သူအသုံးပြုသည်ကို တွေ့ရလိမ့်မည် မဟုတ်။ ယင်းအစား ဘုရားသခင် လုပ်ဆောင်သမျှ အရာခပ်သိမ်းနှင့် သူထုတ်ဖော်သမျှတို့သည် သမ္မာတရားနှင့် ဆက်စပ်နေသည်။ ဆိုလိုသည်မှာ၊ သူပြောခဲ့သော နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်ခဲ့သော အမှုအရာတိုင်းသည် သမ္မာတရားနှင့် စပ်ဆိုင်သည်။ ဤသမ္မာတရားသည် အခြေမဲ့သော စိတ်ကူးမဟုတ်ဘဲ၊ ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အသက်တာအတွက်ကြောင့် ဘုရားသခင်သည် ဤသမ္မာတရားနှင့် ဤစကားများကို ထုတ်ဖော်သည်။ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သမျှ အရာခပ်သိမ်း၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သည်၊ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသည်ဟု ငါတို့ပြောနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်ခဲ့သမျှ အရာခပ်သိမ်းတို့သည် လူများအတွက် အသက်ရှင်သန်ခြင်းနှင့် အလင်းကို ယူဆောင်လာပေးသည်။ လူများကို ကောင်းသော အရာများနှင့် ထိုကောင်းသောအရာများ၏ စစ်မှန်မှုကို မြင်ခွင့်ပေးပြီး သူတို့သည် လမ်းမှန်ပေါ်တွင် လျှောက်လှမ်းကောင်းလျှောက်လှမ်းရန်အလို့ငှာ ယင်းက လူသားမျိုးနွယ်ကို လမ်းညွှန်ပေးသည်။ ဘုရားသခင်၏ အနှစ်သာရကြောင့် ဤအရာများကို ချမှတ်ထားပေးပြီး ဘုရားသခင်၏သန့်ရှင်းခြင်း အနှစ်သာရအားဖြင့် သူတို့ကို ချမှတ်ပေးထားသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ
ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြခြင်းခံရသည့် အရာခပ်သိမ်းသည် လူသားမျိုးနွယ်၏ ယိုယွင်း ပျက်စီးသော စိတ်သဘောထားအကြောင်းပင် မဟုတ်လေသလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သန့်ရှင်းခြင်းတို့သည် သင်၏ စိတ်ကူးများနှင့် သင်၏ အရင်းခံအကြောင်းတရားများမှ တစ်ဆင့်နှင့် သင်ဖော်ပြသော အရာများမှတစ်ဆင့် ပြသခြင်းခံရသည်။ ဘုရားသခင်သည်လည်း ညစ်ညူး သည့် မြေတွင် နေထိုင်နေသော်လည်း ညစ်ညူးခြင်းနှင့် စွန်းထင်းနေခြင်း စိုးစဥ်းမျှမရှိချေ။ သူသည် သင်ကဲ့သို့ တူညီသည့် ညစ်ညူးသော လောကကြီးထဲတွင် နေထိုင်သော်လည်း သူသည် ဆင်ခြင်တုံတရားနှင့် ထိုးထွင်း သိမြင်သောဉာဏ်ကို ပိုင်ဆိုင်သည်၊ သူသည် ညစ်ညူးခြင်းကို ရွံရှာမုန်းတီးသည်။ သင်ကိုယ်တိုင်သည် မိမိ ကိုယ်တိုင်၏ စကားလုံးများနှင့် လုပ်ရပ်များထဲရှိ ညစ်ညူးသော အရာများကို မမြင်နိုင်သော်လည်း သူသည် မြင်နိုင်၏၊ သူသည် ယင်းအရာတို့ကို သင့်အား ပြသနိုင်သည်။ သင်၏ ပြုစုပျိုးထောင်ခြင်း ကင်းမဲ့မှု၊ ထိုးထွင်း သိမြင်သောဉာဏ် ကင်းမဲ့မှုနှင့် အသိစိတ် ကင်းမဲ့မှု၊ သင်၏ ခေတ်နောက်ကျော့သော နေထိုင်မှုပုံစံဖြစ်သည့် ထိုဟောင်းနွမ်းသော အရာများသည် သူ၏ ယင်းအရာများကို ဖော်ထုတ်ခြင်းမှတစ်ဆင့် အားလုံးပင် ယခုတွင် ဟောင်းလောင်းပွင့်ခြင်း ခံရသည်။ ဘုရားသခင်သည် ဤနည်းလမ်းကို လုပ်ဆောင်ရန် ကမ္ဘာကြီးထဲ ကြွဆင်း လာခဲ့သည်၊ သို့မှသာ လူတို့သည် သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သော စိတ်သဘောထားကို မြင်တွေ့နိုင်ရန် ဖြစ်သည်။ သူသည် သင့်ကို တရားစီရင်၍ ပြစ်တင်ဆုံးမကာ သင့်အား မိမိကိုယ်ကိုယ် နားလည်ရန် ပြုလုပ် ပေးသည်။ တစ်ခါတစ်ရံတွင် သင်၏ မာရ်နတ်နှင့်ဆိုင်သော သဘာဝသည် ပေါ်လာပြီး ဘုရားသခင်သည် သင့်အား ထိုအရာကို ပြသနိုင်သည်။ သူသည် လူသားမျိုးနွယ်၏ အနှစ်သာရကို သူ၏ လက်ဖမိုးကဲ့သို့ သိလေသည်။ သူသည် သင်နေထိုင်သကဲ့သို့ နေထိုင်သည်၊ သင်ကဲ့သို့ တူညီသည့်အစာကို စားသည်၊ သင်ကဲ့သို့ပင် တူညီသည့် အိမ်မျိုးတွင် နေသည်၊ သို့သော်လည်း သူသည် သင့်ထက် သာ၍များစွာ ပိုသိ လေသည်။ သို့သော် သူအမုန်းဆုံးသော အရာမှာ လူသားမျိုးနွယ်၏ ဘဝဒဿနများနှင့် သူတို့၏ လိမ်လည်မှုနှင့် ကောက်ကျစ်မှုတို့ ဖြစ်သည်။ သူသည် ဤအရာများကို မုန်း၍ သူတို့ကို ဂရုပြုရန် အလိုမရှိပေ။ သူသည် လူသားမျိုးနွယ်၏ ဇာတိပကတိဆိုင်ရာ အတုံ့အပြန်ဆက်သွယ်မှုများကို အထူးသဖြင့် မုန်းတီးသည်။ သူသည် လူသား အတုံ့အပြန်ဆက်သွယ်မှုများ၏ အချို့သော ယေဘူယျအသိပညာများကို အလျှင်း နားမလည်သော်လည်း၊ လူတို့သည် သူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထား အချို့ကို ထုတ်ဖော်ကြသောအခါ၊ သူသည် အပြည့်အဝ နားလည်သဘောပေါက်သည်။ သူ၏ လုပ်ဆောင်မှုထဲတွင် သူသည် လူတို့အား သူတို့အထဲရှိ ဤအရာများမှတစ်ဆင့် သင်ကြား၍ ပြောဆိုပြီး ဤအရာများမှတစ်ဆင့် သူသည် လူတို့ကို တရားစီရင်ကာ သူ၏ ဖြောင့်မတ်၍ သန့်ရှင်းသော စိတ်သဘောထားကို ဖော်ပြသည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်၏ အလုပ်အတွက် အဖြည့်ခံများ ဖြစ်လာကြပုံ ဖြစ်သည်။ လူသား မျိုးနွယ်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထား အမျိုးမျိုးနှင့် စာတန်၏ အကျည်းတန်သော မျက်နှာများကို ဖော်ပြနိုင်သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်သည်။ သူသည် သင့်ကို အပြစ်ဒဏ် မပေး၊ သူသည် သင့်အား ဘုရားသခင်၏ သန့်ရှင်းမှုအတွက် အဖြည့်ခံအနေနှင့်သာ ထားရှိလိမ့်မည် ဖြစ်ကာ သင်သည် အလွန်အမင်း ညစ်ညူးလှသည့် အတွက်ကြောင့် သင်ကိုယ်တိုင် ခိုင်ခံ့စွာ ရပ်တည်နိုင်မည် မဟုတ်။ သူသည် လူတို့မှ ဖော်ပြသော ထိုအရာများမှတစ်ဆင့် စကားပြောပြီး ဘုရားသခင်သည် မည်သို့သန့်ရှင်း သည်ကို လူတို့ သိရန်အလို့ငှာ သူသည် လူတို့ကို ဖော်ထုတ်လေသည်။ သူသည် လူသားတို့ထဲရှိ ညစ်ညူးခြင်း အနည်းငယ်မျှကိုပင် အလွတ်ပေးမည်မဟုတ်၊ သူတို့၏နှလုံးသားများထဲတွင် ရှိကြသည့် အသေးငယ်ဆုံးသော ညစ်ညူးသည့် စိတ်ကူး သို့မဟုတ် သူ၏ အလိုတော်နှင့် မညီသည့် လုပ်ရပ်များနှင့် စကားလုံးများကိုပင်လျှင် အလွတ်ပေးမည် မဟုတ်ပေ။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာ တို့အထဲတွင်မှ ညစ်ညူးခြင်း ရှိရစ်နေမည် မဟုတ်၊ ယင်းတို့အားလုံးသည် ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ထို့နောက်မှသာ သင်သည် ဘုရားသခင်မှာ လူနှင့် အမှန်တကယ်ပင် ကွဲပြားခြားနားကြောင်းကို တွေ့မြင်မည်။ သူသည် လူသားမျိုးနွယ်ထဲရှိ အနည်းငယ်သော ညစ်ညူးခြင်းကိုပင် လုံး၀ စက်ဆုပ်ရွံရှာသည်။ တစ်ခါတစ်ရံတွင် လူတို့သည် နားပင်မလည်ကြဘဲနှင့် “ဘုရားသခင်၊ အဘယ်ကြောင့် ကိုယ်တော်သည် အစဥ်အမြဲ ဒေါသထွက်နေရသနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် လူသားမျိုးနွယ်၏ အားနည်းချက်ကို မထောက်ထားရသနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် လူသားမျိုးနွယ်အတွက် အနည်းငယ်သော ခွင့်လွှတ်ခြင်းပင် မရှိရသနည်း။ လူသားအား အဘယ်ကြောင့် ကိုယ်တော်သည် အလွန်အမင်း မထောက်ထားရသနည်း။ လူတို့သည် မည်သို့ ယိုယွင်းပျက်စီးကြကြောင်းကို ကိုယ်တော်သိတော်မူသည်၊ သို့အတွက်လျှင် အဘယ်ကြောင့် ကိုယ်တော်သည် လူတို့အား ဤနည်းလမ်းနှင့် ဆက်ဆံနေဆဲရှိသနည်း”ဟု ပြောကြသည်။ ဘုရားသခင်သည် အပြစ်တရားကို စက်ဆုပ်ရွံရှာသည်၊ သူသည် အပြစ်တရားကို မုန်းသည်။ သင့်အထဲ၌ ရှိနေနိုင်သော မည်သည့် ပုန်ကန်မှုကိုမဆို သူသည် အထူးသဖြင့် စက်ဆုပ်ရွံရှာသည်။ သင်သည် ပုန်ကန်တတ်သော စိတ်သဘောထားကို ထုတ်ဖော်သော အခါ သူသည် အတိုင်းထက်အလွန် စက်ဆုပ်ရွံရှာသည်။ ဤအရာများမှတစ်ဆင့် သူ၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြနိုင်လေသည်။ သင်သည် မိမိကိုယ်ကိုယ် ထိုအရာနှင့် နှိုင်းယှဥ်ကြည့်သောအခါ သူသည် လူတို့ကဲ့သို့ပင် တူညီသောအစာကိုစား၍ တူညီသော အဝတ်အစားကို ဝတ်ဆင်ကာ တူညီသော ပျော်ရွှင်မှုများ ရှိသော်ငြားလည်း၊ သူသည် လူသားမျိုးနွယ်နှင့် ယှဥ်လျက်ပင် နေထိုင်သော်ငြားလည်း သူသည် မတူညီပါ။ ဤသည်မှာ အဖြည့်ခံတစဦး ဖြစ်ခြင်း၏ ပကတိအနက်အဓိပ္ပာယ်ပင် မဟုတ်လော။ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို သိသာထင်ရှားစေရန် ပြုခြင်းမှာ ဤအရာများမှတစ်ဆင့် မဟုတ်၊ အလင်း၏ အဖိုးထိုက်သော တည်ရှိခြင်းကို ထင်ရှားပေါ်လွင်စေသော အရာမှာ အမှောင်ထုပင် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်း အမှုတော်၏ ဒုတိယခြေလှမ်း အသီးသီးပုံ” မှ
သူသည် လူသားအနှစ်သာရကို ကောင်းမွန်စွာ သတိပြုမိပြီး၊ လူအမျိုးအစားအားလုံးထံသို့ သက်ဆိုင်ရာ အလေ့အကျင့် အမျိုးအစားအားလုံးကို သူဖော်ပြနိုင်သည်။ သူသည် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကိုဖော်ပြရာတွင် ပို၍တော်လေသည်။ သူသည် လောကီနှင့်ဆိုင်သော လူများအကြားတွင် နေထိုင်ခြင်းမရှိပေ၊ သို့ရာတွင် သူသည် သေမျိုးများ၏သဘာဝနှင့် လောကီနှင့်ဆိုင်သော လူများ၏ ဖောက်ပြန်မှုအားလုံးကို သတိပြုမိသည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ သူသည် လောကနှင့် ဆက်ဆံမှုမရှိသော်လည်း ကမ္ဘာကြီးနှင့်ဆက်ဆံသည့် စည်းမျဉ်းများကို သူသိသည်၊ အကြောင်းမှာ သူသည် လူသား၏သဘာဝကို အပြည့်အဝ နားလည်သောကြောင့်ဖြစ်သည်။ သူသည် လူသားမျက်လုံးဖြင့် မမြင်နိုင်သော၊ လူသားနားဖြင့် မကြားနိုင်သော၊ ယနေ့နှင့် အတိတ်နှစ်ခုစလုံးမှ ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိသည်။ ထိုအထဲတွင် ဘဝဒဿနိက မဟုတ်သော အသိဉာဏ်နှင့် လူတို့နားလည်ရန် ခက်ခဲသော အံ့ဖွယ်ရာတို့ပါဝင်သည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး၊ လူတို့ကိုသိအောင်ပြုပြီး လူတို့ထံမှလည်း ဖုံးကွယ်ထားလေသည်။ သူဖော်ပြသည့်အရာသည် သာမန်မဟုတ်သောသူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ သူသည် ကမ္ဘာပတ်ခရီး မထွက်သော်လည်း အရာအားလုံးကိုသိသည်။ သူသည် အသိတရား၊ သို့မဟုတ် ထိုးထွင်းအသိဉာဏ်မရှိသော “လူမျောက်ဝံများ” ကိုဆက်သွယ်သော်လည်း အသိတရားထက်မြင့်သော စကားလုံးများနှင့် ကြီးမြတ်သော လူသားများအထက်မှ စကားလုံးများကို ဖော်ပြသည်။ သူသည် လူ့သဘာဝမရှိသော၊ လူသား၏ အစဉ်အလာများနှင့် အသက်တာများကို နားမလည်သော၊ အကင်းမပါးဘဲ ထုံအသော လူအုပ်စုတစ်စုအကြားတွင် နေထိုင်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝဖြင့် နေထိုင်အောင်စေခိုင်းနိုင်ပြီး တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အခြေကျပြီး နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး အသွေးအသားရှိသည့် မည်သည့်လူသားမဆို၏ ဖြစ်ခြင်းထက် မြင့်မားလေသည်။ သူ့အတွက်ဆိုလျှင် သူလုပ်ရန်လိုသော အလုပ်ကိုလုပ်ရန် ရှုပ်ထွေးသော၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန်နှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်မှု၏ အနှစ်သာရကို နှံ့စပ်စွာဖော်ပြရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေးအသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေ။ သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူသားကို လောကနှင့်ဆက်စပ်ရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများပေးအပ်ခြင်း မပြုပေ။ လူသားတို့ကို အသက်ဖြင့် ထောက်ပံ့စဉ်တွင် လူ့အသိုင်းအဝိုင်း၊ သို့မဟုတ် လူသား၏မိသားစုကို စုံစမ်းရန် သူမလိုအပ်ပေ။ လူသားကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာနှင့်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူသား၏မနာခံမှုနှင့် လူသားမျိုးနွယ်၏ စက်ဆုပ်ရွံရှာကောင်းသော ဖောက်ပြန်မှုကို ကြာမြင့်စွာ သိရှိထားပြီးနောက်တွင် လူသား၏မဖြောင့်မတ်မှုကို ဖော်ထုတ်ရန်ဖြစ်သည်။ သူပြုသော အမှုအားလုံးသည် လူသားထံသို့ သူ၏စိတ်သဘောထားကို ပြသရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန်အတွက် ဖြစ်သည်။ သူသာလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်ပြီး၊ ယင်းသည် အသွေးအသားနှင့် လူသားက စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ သူ့အလုပ်နှင့် ပတ်သက်လာလျှင် လူသားအနေဖြင့် ဘုရားသခင်သည် မည်သည့်ပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို မပြောနိုင်ကြပေ။ ဖန်ဆင်းခံလူသားတစ်ဦး အနေဖြင့် လူသားသည် ဘုရားသခင်၏ အလုပ်ပေါ်တွင်အခြေခံကာ ဘုရားသခင်ကို အတန်းအစား ပိုင်းခြားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ဖြစ်ခြင်းသည် ဘုရားသခင်ကို ဖန်ဆင်းခံ လူသားတစ်ဦးကဲ့သို့ ပိုင်းခြားသတ်မှတ်နိုင်ခြင်း မပြုနိုင်မှုကိုလည်း ဖြစ်ပေါ်စေသည်။ လူသားသည် ဘုရားသခင်ကို လူသားမဟုတ်သည့်အရာတစ်ခုဟုသာ စဉ်းစားနိုင်ပြီး ဘုရားသခင်အား မည်သည့်အမျိုးအစားတွင် ထည့်သွင်းရမည်ကို မသိကြပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို ဘုရားအမျိုးအစားထဲတွင် ထည့်သွင်းထားရန် တွန်းအားပေးခြင်း ခံရလေသည်။ ထိုသို့ပြုရန်လူသားအတွက် မတရားရာကျနေပေသည်။ အကြောင်းမှာ ဘုရားသခင်သည် လူသားများကြားတွင် လူသားတို့ မလုပ်ဆောင်နိုင်သည့် မြောက်မြားစွာသော အမှုတို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ
ဘုရားသခင်ကိုယ်တော်တိုင်၌ မနာခံခြင်း၏ အရိပ်လက္ခဏာမရှိ၊ သူ၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သည်။ ဘုရားသခင်သည် လှပမှုနှင့် ကောင်းမွန်မှု အားလုံးတို့အပြင် ချစ်ခြင်းမေတ္တာ အားလုံးတို့၏ ဖော်ပြချက်ပင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော်ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ပါ။ မိမိဘဝကို စတေးရမည့်၊ ပေးဆပ်ရမည့် အခြေအနေမျိုး၌ပင်လျှင် သူသည် စိတ်နှလုံးအပြည့်အဝဖြင့် အလိုတော်ကို နာခံလိမ့်မည်ဖြစ်ပြီး အခြားသောအရာကို ရွေးချယ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်၌ မိမိကိုယ်ကိုမှန်သည်ဟုထင်ခြင်းနှင့် မိမိကိုယ်ကို အရေးပါသည်ဟု ထင်ခြင်းတို့၏ အရိပ်လက္ခဏာမရှိပါ၊ သို့မဟုတ် မာန်မာနကြီးမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အရိပ်လက္ခဏာ မရှိပါ၊ ဘုရားသခင်၌ မရိုးဖြောင့်သော စိတ်သဘော လုံးဝမရှိပါ။ ဘုရားသခင်ကို မနာခံသည့်အရာ အားလုံးမှာ စာတန်ထံမှ လာသည်၊ စာတန်သည် ရုပ်ဆိုးအကျည်းတန်မှုနှင့် ဆိုးသွမ်းမိုက်မဲမှု အားလုံးတို့၏ အရင်းအမြစ်ဖြစ်သည်။ လူသားတို့၌ စာတန်ကဲ့သို့သော စရိုက်များရှိနေရခြင်းမှာ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းနှင့် ပြုပြင်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရပါ၊ ထိုအကြောင်းကြောင့် သူ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာများသာလျှင်ရှိပြီး စာတန်၏ပင်ကိုလက္ခဏာ တစ်ခုမျှ မရှိပါ။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အသက်ရှင်နေစဉ်အတောအတွင်း သူ၏အလုပ်မှာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ သို့မဟုတ် ဇာတိခန္ဓာမှာ မည်မျှပင် အားနည်းနေပါစေ ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို မနာခံဘဲ စွန့်ပယ်ရန် မဆိုထားနှင့် သူ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေသော မည်သည့်အရာမျိုးကိုမျှ လုပ်လိမ့်မည် မဟုတ်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ရမည်ထက် သူသည် ဇာတိခန္ဓာ၏ နာကျင်မှုများကိုသာ ခံစားပေလိမ့်မည်၊ ယင်းမှာ ယေရှုက သူ၏ဆုတောင်းပဌာနာထဲ၌ ပြောထားသကဲ့သို့ ဖြစ်သည်၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” လူသားမှန်လျှင် ရွေးချယ်လိမ့်မည်၊ သို့သော် ခရစ်တော်မှာ မရွေးခဲ့ပါ။ သူ၌ ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမြဲဖြစ်ပြီး ဇာတိခန္ဓာ၏ ရှုထောင့်မှတစ်ဆင့် ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသောအရာကို ဖြည့်ဆည်းလုပ်ဆောင်သည်။ ယင်းမှာ လူသားတို့ မကြိုးပမ်း မဆောင်ရွက်နိုင်သော အရာမျိုးဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ
ငါတို့ သတိမထားမိလိုက်ဘဲနှင့် မထင်ရှားသော ထိုသူသည် ငါတို့ကို ဘုရားသခင်၏ အမှုတော်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင်ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်ခြင်းကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ငါတို့ သင်ယူသိရှိကြသည်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကိုလည်း မျက်မြင်တွေ့ကြရသည်၊ လူသားကို ကယ်တင်လိုသော ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ နှုတ်ကပတ်တော်များအားဖြင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ထို့ပြင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး ထိုမှတစ်ဖန် ငါတို့ကို “အသစ်တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှုပေးသည်၊ သည့်အပြင် အပြစ်ရှိကြောင်း ခံစားချက်နှင့် သူ့အပေါ် အကြွေးတင်သည့် ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်၏၊ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူမြတ်နိုးရာ မျက်ရှုပမာများကဲ့သို့ဖြစ်ပြီး သူ၏ ယုယသော ချစ်ခြင်းမေတ္တာ၌ ပျော်မွေ့ကြသည်၊ တစ်ခါတစ်ရံတွင်မူ ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်မှုအောက်တွင် သူ၏အမျက်ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားကြ၏။ ငါတို့သည် သူ၏ကယ်တင်ခြင်းကို ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်၌ ငါတို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေနေသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ်၌ ကရုဏာထားသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ နှစ်သိမ့်ပေးသည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ ပဲ့ပြင်သည်၊ ထို့အပြင် ငါတို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရောညပါ ငါတို့အတွက် စိုးရိမ်သည်၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြရသည်။ ထိုသို့ဖြစ်သော်လည်း ဝင့်ဝါခြင်းသည် ငါတို့၏ စိတ်နှလုံးများအထဲ၌ ပြဿနာပေးဆဲဖြစ်ပြီး ထိုသို့သောပုဂ္ဂိုလ်ကို ငါတို့၏ ဘုရားသခင်အဖြစ် လိုလိုလားလား လက်ခံလိုစိတ် ငါတို့၌ မရှိသေးပေ။ သူသည် ငါတို့စားဖို့အတွက် မန္နမုန့် အမြောက်အမြား ပေးခဲ့ပြီးဖြစ်သော်လည်း မည်သည့်အရာကမျှ ငါတို့၏ နှလုံးသားများထဲရှိ သခင်၏နေရာကို မယူနိုင်ပါ။ ငါတို့သည် ထိုသူ၏ ထူးခြားသော ဖြစ်တည်မှုနှင့် အဆင့်အတန်းကို အလွန်ဝန်လေးစွာဖြင့်သာ လက်ခံကြသည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်း ငါတို့အနေဖြင့် အသိအမှတ်ပြုပါရန် သူ၏နှုတ်မှ ထုတ်မပြောသရွေ့ ငါတို့အလယ်တွင် အချိန်အကြာကြီး အလုပ်လုပ်လျက်နေပြီး မကြာမီ ရောက်လာမည့် ဘုရားသခင်အဖြစ် သူ့ကို ငါတို့သည် မိမိတို့သဘောနှင့်မိမိ မည်သည့်အခါမျှ အသိအမှတ်ပြုမည် မဟုတ်ပေ။
ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဆက်ပြောလျက်နေသည်၊ သူသည် ငါတို့အား အဘယ်အရာလုပ်သင့်သည်ဆိုခြင်းကို တိုက်တွန်းဖို့နှင့် တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သလို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ငါတို့၏စိတ်များသည် သတိရှိလာသည်၊ ငါတို့၏ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အကြား၌ နေပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်အကြာကြီး ခံနေခဲ့ရသူဖြစ်သည့် သာမန်ဖြစ်ပြီး မထင်ရှားသော ဤပုဂ္ဂိလ်သည် နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူပင်ဖြစ်ပေ၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်းဖြစ်သည်။ သူသည် ငါတို့ကို နောက်တစ်ဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ငါတို့၏ နှလုံးသားများ ခြေဦးတည့်ရာ လျှောက်သွားမနေအောင် တားပေးသည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်၊ သူနှင့်မျက်နှာချင်းဆိုင် တွေ့နေရပြီဖြစ်သည်၊ သူ၏မျက်နှာတော်ကို ငါတို့ မြင်တွေ့ပြီးဖြစ်သည်၊ ငါတို့၏ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ထိုအချိန်၌ သူက ငါတို့၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ခဲ့သည်၊ သူမည်သူဖြစ်ကြောင်းကို ငါတို့အနေဖြင့် သံသယမဝင်တော့ပါ၊ သူ့အလုပ်နှင့် သူ၏ နှုတ်ကပတ်တော်ကိုလည်း ငါတို့မဆန့်ကျင်တော့ပါ၊ သူ့ရှေ့၌ ငါတို့သည် ပျပ်ဝပ်နေ၏။ ငါတို့၏ ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်လိုသည့်ဆန္ဒ၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသည့်ဆန္ဒ၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ ငါတို့အပေါ်၌ ထားသော သူ၏ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံလိုသည့်ဆန္ဒ၊ သူ့အလုပ်၌ ပူးပေါင်းလုပ်ဆောင်လိုသည့်ဆန္ဒ၊ ထို့ပြင် ငါတို့အား သူတာဝန်ပေးစေခိုင်းထားသည့် အရာကို ပြီးမြောက်စေရန် ငါတို့လုပ်နိုင်သည့်အရာမှန်သမျှကို လုပ်လိုသည့် ဆန္ဒတို့မှလွဲ၍ ငါတို့၌ အခြားဘာဆန္ဒမျှ မရှိပါ။
ဘုရားသခင်၏ သိပ်ပိုက်မှုကို ခံရခြင်းသည် သိုင်းပြိုင်ပွဲတစ်ခုနှင့်တူသည်။
ဘုရားသခင်၏ နှုတ်ထွက်စကားတိုင်းက ငါတို့၏ သေကွင်းသေကွက်များကို ထိုးနှက်ပြီး ငါတို့အား ကြောက်ရွံ့စိတ်နှင့် ပြည့်စေပြီး နာကျင်စူးရှစေသည်။ ဘုရားသခင်သည် ငါတို့၏ အယူအဆများ၊ ငါတို့၏ စိတ်ကူးများနှင့် ငါတို့၏ ဖောက်ပြန်သော စိတ်သဘောထားကို ထုတ်ဖော်ပြသည်။ ငါတို့ ပြောသမျှနှင့် လုပ်သမျှမှသည် ငါတို့၏အတွေးအခေါ်၊ အယူအဆတစ်ခုချင်းစီတိုင်းအထိ ငါတို့၏ သဘာဝနှင့် အနှစ်သာရသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ထုတ်ဖော်ခြင်း ခံရပြီး ငါတို့ကို ပုန်းစရာနေရာမရှိအောင် အရှက်ရစေသည်သာမက ကြောက်စိတ်နှင့် တုန်နေစေသည်။ ဘုရားသခင်သည် ငါတို့၏ လုပ်ရပ်များ၊ ငါတို့၏ ပန်တိုင်များနှင့် ရည်ရွယ်ချက်များအားလုံးအကြောင်းကို ငါတို့အား တစ်ခုပြီးတစ်ခု ပြောပြသည်၊ ငါတို့ကိုယ်တိုင်ပင် မည်သည့်အခါမျှ မတွေ့ရှိသေးသည့် ဖောက်ပြန်သော စိတ်သဘောထားကိုပင် ပြောပြပြီး ငါတို့၏ စိတ်ပျက်ဖွယ် အပြစ်အနာအဆာများ အားလုံးကို မြင်သာအောင် ပြထားခြင်း ခံရသလို ငါတို့ကို ခံစားရစေသည်၊ ထို့အပြင် အပြည့်အဝ သိမ်းသွင်းခံထားသလို သာ၍ပင် ခံစားရစေသည်။ သူ့ကို ဆန့်ကျင်သည့်အတွက် သူသည် ငါတို့ကို တရားစီရင်သည်၊ သူ့ကို စော်ကားပြောဆိုပြီး ပြစ်တင်ရှုတ်ချသောကြောင့် ငါတို့ကို ပြစ်တင်ဆုံးမသည်၊ ထို့ပြင် ဘုရားသခင်၏အမြင်တွင် ငါတို့၌ ရွေးနုတ်ထိုက်သော အင်္ဂါရပ် တစ်ခုမျှမရှိဟု ခံစားရစေသည်၊ ငါတို့သည် ရှင်သန်နေသော စာတန်ဖြစ်သည်ဟု ခံစားရစေသည်။ ငါတို့၏ မျှော်လင့်ချက်များ တစစီကျိုးပဲ့သွားသည်၊ အကျိုးအကြောင်း မသင့်သော တောင်းဆိုမှုများကို ငါတို့မပြုရဲတော့၊ သူ့အပေါ်လည်း မျှော်လင့်ချက်များ မထားရဲတော့ပါ၊ ထို့အပြင် ငါတို့၏ အိမ်မက်များသည်ပင် ညတွင်းချင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ငါတို့ထဲတွင် မည်သူကမျှ စိတ်မကူးနိုင်သော၊ ငါတို့ထဲတွင် မည်သူကမျှ လက်မခံနိုင်သော အချက်အလက်တစ်ခု ဖြစ်သည်။ အချိန်တစ်ခဏအတွင်းတွင် ငါတို့သည် မိမိတို့၏ အတွင်းစိတ် ဟန်ချက်ညီမှုကို ဆုံးရှုံးသွားပြီး ရှေ့တွင်ရှိနေသော လမ်းကို မည်သို့ဆက်လျှောက်ရမည်ကို ငါတို့မသိကြ၊ သို့မဟုတ် ငါတို့၏ ယုံကြည်ခြင်းများ၌ မည်သို့ရှေ့ဆက်ရမည်ကို မသိကြပေ။ ငါတို့၏ ယုံကြည်ခြင်းသည် မူလအစကလို ပြန်ဖြစ်သွားပြီး သခင်ယေရှုနှင့် ငါတို့ တစ်ခါမျှ မတွေ့ဖူးသလို၊ တစ်ခါမျှ မရင်းနှီးဖူးသလို ထင်ရသည်။ ငါတို့၏ မျက်စိရှေ့၌ရှိသော အရာမှန်သမျှသည် ငါတို့ကို စိတ်ရှုပ်ထွေးစေပြီး စိတ်မပိုင်းဖြတ်နိုင်ဘဲ တွေဝေနေစေသည်။ ငါတို့သည် တုန်လှုပ်ချောက်ချားကြသည်၊ စိတ်ပျက်ကြသည်၊ ငါတို့၏ နှလုံးသားအတွင်းရှိ နက်ရှိုင်းသောနေရာ၌ ထိန်းထား၍မရသည့် ဒေါသနှင့် အရှက်ရခြင်း ရှိကြသည်။ ငါတို့သည် ထွက်ပေါက်ရှာဖို့ ကြိုးစားကြသည်၊ လွတ်မြောက်ရာလမ်းကို ရှာတွေ့ဖို့ ကြိုးစားကြသည်၊ ထို့ပြင် ငါတို့၏ ကယ်တင်ရှင် ယေရှုကို ဆက်စောင့်ဖို့ ကြိုးစားကြသည်၊ ယေရှုအား ရင်ဖွင့်ဖိုလည်း ကြိုးစားကြသည်။ ငါတို့သည် အပြင်ပန်း၌ စိတ်တည်ငြိမ်နေပြီး မောက်မာခြင်း မရှိသလို၊ နှိမ့်ချခြင်းလည်း မရှိဟု ထင်ရသည့်အချိန်များရှိသော်လည်း ငါတို့၏ နှလုံးသားထဲတွင်မူ ယခင်က တစ်ခါမျှ မခံစားဖူးသည့် ဆုံးရှုံးမှုဝေဒနာ၏ ဖိစီးနှိပ်စက်ခြင်းကို ခံနေရသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် အပြင်ပန်း၌ ထူးထူးခြားခြား တည်ငြိမ်နေသည်ဟု ထင်ကောင်း ထင်ရသော်လည်း ငါတို့၏စိတ်များမှာမူ မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ အလွန်အမင်း စိတ်ဆင်းရဲမှုဒဏ်ကို ခံနေရသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များ အားလုံးကို ခွာချပစ်ပြီး ငါတို့၏ အလွန်အကျွံဖြစ်သော စိတ်ဆန္ဒများကို အဆုံးသတ်ပေးသည့်အပြင် သူသည် ငါတို့၏ ကယ်တင်ရှင်ဖြစ်ပြီး ငါတို့ကို ကယ်တင်နိုင်စွမ်းရှိသောသူ ဖြစ်သည် ဟူသည့်အချက်ကိုလည်း ယုံကြည်လိုခြင်း မရှိတော့ဘဲ ဖြစ်စေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူနှင့် ငါတို့အကြား၌ မည်သူကမျှ ကြိုးစား၍ မဖြတ်ကူးလိုသည့် ချောက်နက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ပထမဦးဆုံးအကြိမ် ငါတို့ခံစားခဲ့ရသည့် အလွန်ကြီးမားသော ဆုတ်ဆိုင်းမှုဖြစ်သည်၊ ငါတို့၏အသက်တာ၌ အလွန်ကြီးမားသော အရှက်ရမှုဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ဘုရားသခင်၏ ဂုဏ်သရေနှင့် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းအား ငါတို့ကို အမှန်တကယ် နားလည်စေသည်၊ ထိုအရာများနှင့်ယှဉ်လျှင် ငါတို့သည် အလွန်ပင်နိမ့်ကျပြီး မစင်ကြယ်သူများ ဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုက ငါတို့သည် မည်မျှမောက်မာကြောင်း၊ မည်မျှခမ်းကြီးနားကြီးနိုင်ကြောင်း၊ လူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ အဆင့်ချင်းတူမည် မဟုတ်ကြောင်း၊ သို့မဟုတ် ဘုရားသခင်နှင့် တန်းတူဖြစ်မည် မဟုတ်ကြောင်းကို ငါတို့အား ပထမဦးဆုံးအကြိမ် သတိထားမိစေသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက ဖောက်ပြန်သော စိတ်သဘောထားဖြင့် ဆက်လက် အသက်မရှင်တော့အောင် တောင့်တသည့်စိတ်ကို ငါတို့၌ ဖြစ်စေသည့်အပြင် ထိုသို့သော သဘာဝနှင့် အနှစ်သာရကို အမြန်ဆုံး စွန့်လိုစိတ်ရှိအောင်၊ ဘုရားသခင် မနှစ်မြို့သောသူ မဖြစ်တော့အောင်၊ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောသူ မဖြစ်တော့အောင်လည်း လုပ်ပေးသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူ့နှုတ်ကပတ်တော်များကို ငါတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ နာခံလိုစိတ်ရှိအောင်နှင့် သူ၏စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ပုန်ကန်လိုစိတ် မရှိတော့အောင် လုပ်ခဲ့ပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် အသက်ကို ရှာဖွေလိုစိတ်အား ငါတို့ကို နောက်တစ်ကြိမ် ထပ်ပေးပြီးဖြစ်သည်၊ သူ့ကို ငါတို့၏ ကယ်တင်ရှင်အဖြစ် ဝမ်းမြောက်ဝမ်းသာလက်ခံအောင် လုပ်ခဲ့ပြီးဖြစ်သည်...။ ငါတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ထားခဲ့ပြီးဖြစ်သည်၊ ငရဲမှလည်း ထွက်ခွာလာခဲ့ပြီး ဖြစ်သည်၊ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲမှ လှမ်းထွက်လာခဲ့ပြီးဖြစ်သည်...။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဤလူစုဖြစ်သည့် ငါတို့ကို ရရှိပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် စာတန်ကို အောင်နိုင်ပြီးဖြစ်သည်၊ သူ၏ရန်သူများအားလုံးကို နှိမ်နင်းပြီး ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” မှ
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။
များပြားသောအကြံပြုချက်များ
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း
No comments:
Post a Comment