ဘုရားသခင်ကို ယုံကြည်ရာတွင် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိမှုကိစ္စကို အနည်းဆုံး ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါမှု ပျောက်ဆုံးသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်းအားဖြင့် အလုံးစုံရရှိခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ဆိုသည်မှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယဝင်ခြင်းမျိုး သို့မဟုတ် ငြင်းပယ်မှုတို့ မရှိနိုင်ဘဲ ယင်းကို ဆက်ကပ်ခြင်း ဖြစ်သည်သာမက ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သော ရည်မှန်းချက်များ ရှိခြင်း၊ သင့်ကိုသင် မစဉ်းစားခြင်း၊ သင်မည်သည့်အရာပင် ပြုနေသည်ဖြစ်စေ ဘုရားသခင်၏ မိသားစု အကျိုးစီးပွားများကို အရေးအကြီးဆုံးအဖြစ် အစဉ်အမြဲထားခြင်း၊ ဘုရားသခင်၏ စောင့်ကြည့်မှုကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအမံများကို လိုက်နာခြင်းတို့ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်သည်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စွာထားနိုင်သည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သည့်တိုင်အောင် သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေးနေရမည်။ ဘုရားသခင်၏ အလိုတော်ကို သင့်အား ပြသခြင်းကို စောင့်စားရန် အချိန်နှောင်းလွန်းခြင်းမရှိသောကြောင့် ယင်းကို လက်တွေ့ လုပ်ဆောင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင် သင်သည် အခြားသူများနှင့်လည်း ပုံမှန်ဆက်ဆံရေး ရရှိလာလိမ့်မည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြုပြီး တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်လျက် သင်၏အမြင်ကို မှန်ကန်စွာထားကာ ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်သော အရာများကို မလုပ်ဆောင်နှင့်။ ညီအစ်ကို မောင်နှမများ၏ ဘဝအသက်တာများအတွက် အကျိုးမရှိသော အရာများကို မလုပ်နှင့်၊ အခြားသူများအတွက် အကျိုးမရှိသော အရာများကို မပြောနှင့်။ ရှက်ဖွက်ကောင်းသော အရာများကို မလုပ်နှင့်။ အရာရာကို မျှမျှတတနှင့် ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းတို့ကို တင့်တယ်စေလော့။ တစ်ခါတစ်ရံတွင် လူ့ဇာတိသည် အားနည်းတတ်သော်လည်း၊ သင်သည် ဘုရားသခင်၏ မိသားစု အကျိုးဖြစ်ထွန်းစေရေးကို အရေးအကြီးဆုံးအရာအဖြစ် အလေးထားနိုင်ကာ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို မမျှော်ကိုးဘဲ ဖြောင့်မတ်ခြင်းတရားကို လုပ်ဆောင်နိုင်၏။ ဤနည်းလမ်းအတိုင်း သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။
သင်အဘယ်အရာကို လုပ်သည်ဖြစ်စေ သင်၏အရင်းခံအကြောင်းများသည် မှန်မမှန် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပေသည်။ ယင်းမှာ အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ အရင်းခံအကြောင်းများကို ဆန်းစစ်ပါက မမှန်ကန်သော အရာများ ပေါ်ထွက်လာမည်ဖြစ်ပြီး၊ အကယ်၍ ယင်းတို့ကို သင်မျက်ကွယ်ပြုနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူ ဖြစ်လာလိမ့်မည်။ ယင်းသည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ ပုံမှန်ဖြစ်ပြီး သင်လုပ်ဆောင်သမျှတို့သည် ဘုရားသခင်အတွက်ဖြစ်ကာ သင်ကိုယ်တိုင်အတွက် မဟုတ်သည်ကို ပြသလိမ့်မည်။ တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့် အချိန်တိုင်း သို့မဟုတ် ပြောဆိုသည့် အချိန်တိုင်းတွင် သင်၏စိတ်နှလုံးကို တည့်မှန်အောင် ထားရမည်ဖြစ်ပြီး ဖြောင့်မတ်ရမည်ဖြစ်ကာ သင့်စိတ်ခံစားချက်များ၏ ဦးဆောင်ရာသို့ မလိုက်နှင့် သို့မဟုတ် သင်၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ မလုပ်ဆောင်နှင့်။ ယင်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတို့မှ မိမိတို့ကိုယ်တိုင် ပြုကျင့်သော အခြေခံစည်းမျဉ်းများဖြစ်သည်။ လူတစ်ဦး၏ အရင်းခံအကြောင်းများနှင့် ဝိညာဉ်အသက်တာတို့ကို သေးငယ်သောအရာတွင် ပေါ်လွင်စေနိုင်သည် ဖြစ်သောကြောင့် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်းခံရသော လမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန် လူတို့သည် ဦးစွာပထမ သူတို့၏ ကိုယ်ပိုင်အရင်းခံအကြောင်းများနှင့် ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးကို ဖြေရှင်းကြရမည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်သည့်အခါမှသာလျှင် သင်သည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်းခံရနိုင်ပြီး သင့်ကို ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့၏ လိုလားသော သက်ရောက်မှု ရှိလာနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင်၊ လူတို့သည် သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ရှိနိုင်ပြီး ပုဂ္ဂလိက အကျိုးစီးပွားများကို မရှာဖွေ၊ သူတို့၏ ပုဂ္ဂလိက အနာဂတ်အကြောင်း စဉ်းစားခြင်းများ (လူ့ဇာတိအကြောင်း တွေးတောခြင်းကို ရည်ညွှန်းသည်) မပြုလုပ်ဘဲ အသက်တာ ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ သမ္မာတရားကို မီအောင်လိုက်ရန်အတွက် အကောင်းဆုံးလုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို နာခံကြသည်။ ဤနည်းလမ်းအားဖြင့် သင်ရှာဖွေသော ရည်မှန်းချက်များ မှန်ကန်ပြီး၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်၏။ ဘုရားသခင်နှင့် တစ်ဦးတစ်ယောက်၏ ဆက်ဆံရေးကို မှန်ကန်စေရန် ပြင်ဆင်ခြင်းသည် ထိုသူ၏ ဝိညာဉ်ရေး ခရီးလမ်းကို ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောနိုင်သည်။ လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တွင်း၌ ရှိပြီး၊ ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီးဖြစ်ကာ လူတို့ကိုယ်တိုင်က ပြောင်းလဲခြင်း မပြုနိုင်သော်လည်း၊ ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်း သို့မဟုတ် ရယူခြင်း ခံရနိုင်မည် မခံရနိုင်မည် ဆိုသည်မှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း မဖြစ်ခြင်းအပေါ်တွင် မူတည်သည်။ သင့်တွင် အားနည်းသော သို့မဟုတ် မနာခံတတ်သော အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်။ သို့သော်လည်း သင်၏အမြင်သည် မှန်ကန်ပြီး သင်၏အရင်းခံအကြောင်းများသည် မှန်ကန်နေသရွေ့ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို မှန်ကန်စွာထားရှိပြီး ပုံမှန်ဖြစ်အောင် လုပ်ထားပါက သင်သည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်းခံရရန် အရည်အသွေး ပြည့်မီလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး မရှိပါက သို့မဟုတ် ဇာတိပကတိအတွက် သို့မဟုတ် သင့်မိသားစုအတွက် လုပ်ဆောင်ပါက သင်မည်ကဲ့သို့ ကြိုးစားဆောင်ရွက်သည်ဖြစ်စေ ထိုအရာအားလုံးသည် အချည်းနှီးဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပါက အခြားအရာအားလုံးသည် နေရာတကျ ရှိလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ သင်မည်သူ့ကို ယုံကြည်သနည်း၊ မည်သူ့အတွက် သင်ယုံကြည်သနည်းနှင့် အဘယ်ကြောင့် သင်ယုံကြည်သနည်း အစရှိသည့် ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သင်၏အမြင်များ မှန်ကန်မှု ရှိမရှိကိုသာ ကြည့်သည်။ ထိုအရာများကို သင်သည် ရှင်းလင်းစွာ မြင်နိုင်ပြီး သင်၏အမြင်များနှင့် လက်တွေ့လုပ်ဆောင်မှုတို့ကို မှန်ကန်စွာ ထားရှိနိုင်ပါက သင်၏ ဘဝအသက်တာသည် တိုးတက်မှုကို ရပြီး သင်သည် လမ်းကြောင်းမှန်ပေါ်သို့ ဧကန်ပင် ဝင်ရောက်နိုင်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်မဟုတ်ဘဲ ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏အမြင်များ လွဲချော်နေပါက ယင်းတို့သည် အခြားအရာအားလုံးကို တားဆီးထားလိမ့်မည်။ ဘုရားသခင်ကို မည်သို့ သင်ယုံကြည်သည်ဖြစ်စေ သင်သည် အဘယ်အရာကိုမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့်အခါမှသာလျှင် ဇာတိပကတိကို သင်မျက်ကွယ်ပြုပြီး ဆုတောင်းခြင်း၊ ဒုက္ခခံခြင်း၊ ကြံ့ကြံ့ခံခြင်း၊ နာခံခြင်း၊ သင်၏ ညီအစ်ကို မောင်နှမများကို ကူညီခြင်းနှင့် ဘုရားသခင်အတွက် လုံ့လ ပိုစိုက်ထုတ်ခြင်း အစရှိသည်တို့ကို လုပ်သောအခါ ဘုရားသခင်သည် သင့်ကို လက်ခံလိမ့်မည်ဖြစ်သည်။ သင်လုပ်သော တစ်စုံတစ်ရာတွင် တန်ဖိုးနှင့် အရေးပါမှု ရှိမရှိမှာ သင်၏ ရည်ရွယ်ချက်များ မှန်ကန်မှု ရှိမရှိနှင့် သင်၏ အမြင်များ မှန်ကန်မှု ရှိမရှိအပေါ် မူတည်သည်။ ယနေ့ခေတ်တွင် လူအများအပြား၏ ဘုရားသခင်ကို ယုံကြည်မှုသည် မိမိတို့၏ဦးခေါင်းများကိုစောင်းငဲ့ပြီး နာရီကြည့်သောသူများကဲ့သို့ သူတို့၏ အမြင်များ စောင်းနေကြသည်။ ဤနေရာတွင် ထိုးဖောက်ကျော်လွှားမှုကို လုပ်ဆောင်နိုင်ပါက အရာရာသည် ကောင်းမွန်လိမ့်မည်၊ ဤအရာကို ဖြေရှင်းနိုင်ပါက အရာရာသည် အဆင်ပြေလိမ့်မည်။ ဤအရာကို မဖြေရှင်းနိုင်ပါမူ အရာရာသည် အချည်းနှီးဖြစ်လိမ့်မည်။ အချို့သောလူတို့သည် ငါ၏ရှေ့မှောက်တွင် ကောင်းမွန်စွာ ကျင့်ကြံသော်လည်း ငါ၏နောက်ကွယ်တွင် သူတို့လုပ်သမျှသည် ဆန့်ကျင်ခြင်းသာ ဖြစ်သည်။ ယင်းတို့သည် ကောက်ကျစ်ပြီး မရိုးဖြောင့်သော သရုပ်သကန်များဖြစ်ပြီး ဤသို့သောလူမျိုးသည် စာတန်၏ အစေခံဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို စမ်းသပ်ရန် စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်သည်။ သင်သည် ငါ၏အမှုနှင့် ငါ၏နှုတ်ကပတ်တော်များကို နာခံနိုင်မှသာလျှင် မှန်ကန်သော လူပုဂ္ဂိုလ်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်သမျှ ကာလပတ်လုံး၊ သင်လုပ်ဆောင်သမျှသည် ဘုရားသခင်ရှေ့မှောက်တွင် တင့်တယ်ပြီး သင်လုပ်ဆောင်သမျှသည် မျှတပြီး ဂုဏ်သရေရှိနေသမျှ ကာလပတ်လုံး၊ ရှက်ဖွယ်ကောင်းသော အရာများကို သင်မလုပ်ဆောင်ဘဲ လူတို့၏ အသက်တာများကို ထိခိုက်စေသောအရာများ သင်မလုပ်ဆောင်သမျှ ကာလပတ်လုံး၊ အလင်းတွင် သင်နေပြီး စာတန်၏ အမြတ်ထုတ်ခြင်းကို မခံရသမျှ ကာလပတ်လုံး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် မှန်ကန်စွာ ရှိလိမ့်မည်။
ဘုရားသခင်ကို ယုံကြည်ရာတွင် သင်၏ ရည်ရွယ်ချက်များနှင့် အမြင်များကို မှန်ကန်စွာ ထားရမည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏အမှုတော်၊ ဘုရားသခင် စီစဉ်ထားသော ပတ်ဝန်းကျင်များ၊ ဘုရားသခင် သက်သေခံသော လူသားနှင့် လက်တွေ့ကျသော ဘုရားသခင် စသည်တို့အပေါ် မှန်ကန်သော နားလည်မှုနှင့် မှန်ကန်သော သဘောထားအမြင်တို့ရှိရမည်။ သင်သည် သင်၏ ပုဂ္ဂိုလ်ရေး စဉ်းစားချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် သင်၏ ကိုယ်ပိုင် အစီအစဉ်လေးများကို လုပ်ဆောင်ခြင်း မပြုရ။ သင်သည် အရာရာတွင် သမ္မာတရားကို ရှာဖွေနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ ဖန်ဆင်းခံအရာအဖြစ် သင်၏နေရာတွင် ရပ်တည်နိုင်ရမည်ဖြစ်ကာ ဘုရားသခင်၏ အမှုတော်အလုံးစုံကို နာခံရမည်။ ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခံရခြင်းကို သင်ရယူလိုပြီး အသက်တာ၏ မှန်သောလမ်းထဲသို့ ဝင်ရောက်လိုပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အစဉ်အမြဲ အသက်ရှင်ရမည်၊ ဖောက်ပြန်ခြင်း မရှိရ၊ စာတန်နောက်မလိုက်ရ၊ စာတန်ကို သူ၏ အလုပ်ကိုလုပ်နိုင်အောင် မည်သည့်အခွင့်အရေးမျှ မပေးရ၊ သင့်ကို စာတန်က အသုံးပြုခြင်းကို ခွင့်မပြုရပေ။ သင်သည် သင့်ကိုယ်ကို ဘုရားသခင်ထံ အပြည့်အဝ ပေးအပ်ပြီး ဘုရားသခင်ကို သင့်အား စိုးမိုးခွင့် ပြုရမည်။
သင်သည် စာတန်၏အစေခံ ဖြစ်လိုသလော။ သင်သည် စာတန်၏အသုံးချခံ ဖြစ်လိုသလော။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကိုရရှိနိုင်ရန်အတွက် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်လျှောက်သလော။ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုတော်တွင် အဖြည့်ခံတစ်ဦး ဖြစ်လာရန်အတွက်လော။ သင်သည် ဘုရားသခင်၏ ရယူခြင်းကိုခံရပြီး အဓိပ္ပာယ်ပြည့်ဝသည့် အသက်တာကို နေထိုင်လိုသလော၊ သို့မဟုတ် သုံးမရသည့် အနှစ်မဲ့သော အသက်တာကို နေထိုင်လိုသလော။ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းကို ခံလိုသလော၊ သို့မဟုတ် စာတန်၏ အသုံးချခြင်းကိုခံလိုသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအားဖြင့် သင်ပြည့်ဝလိုသလော၊ သို့မဟုတ် အပြစ်နှင့် စာတန်အားဖြင့် သင့်ပြည့်ဝလိုသလော။ ဤသည်ကို စဉ်းစားချိန်ဆလော့။ သင်၏ နေ့စဉ်အသက်တာတွင်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ပုံမှန်မဖြစ်စေမည့် ထိုစကားလုံးများ ပြောဆိုခြင်းနှင့် ထိုအရာများ ပြုလုပ်ခြင်းကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ထို့နောက် သင့်ကိုယ်သင် ပြုပြင်ကာ မှန်ကန်သည့် နည်းဟန်ဖြင့် ဝင်ရောက်လော့။ သင့်စကားလုံးများ၊ သင့်အပြုအမူများ၊ သင်၏လှုပ်ရှားမှုတစ်ခုစီ၊ သင့်စိတ်ကူးများနှင့် အတွေးအခေါ်များကို အချိန်တိုင်းတွင် ဆန်းစစ်လော့။ သင်၏အခြေအနေမှန်ကို နားလည်သဘောပေါက်ပြီး သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်မှု လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လော့။ ဤလမ်းကြောင်း တစ်ခုတည်းတွင်သာ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိမည်ဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးက ပုံမှန်ဟုတ် မဟုတ်ကို ချိန်ဆခြင်းအားဖြင့်၊ သင်သည် သင်၏ရည်ရွယ်ချက်များကို အမှန်ပြင်နိုင်လာပြီး၊ လူသား၏ သဘာဝနှင့် အနှစ်သာရကို နားလည်လာမည်ဖြစ်ပြီး သင့်ကိုယ်သင်လည်း အမှန်တကယ် နားလည်လာမည်ဖြစ်သည်၊ ယင်းမှတစ်ဆင့် သင်သည် စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်နိုင်ကာ၊ သင့်ကိုယ်သင် အမှန်တကယ် စွန့်ပစ်နိုင်ပြီး၊ ဆပ်ကပ်လိုစိတ် ရှိနိုင်ပေမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်မဖြစ်ဟူသည့် အခြေအနေကို သင်ကြုံတွေ့နေရသည့် ထိုကဲ့သို့သော အခြေအနေများတွင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကိုခံရသည့် အခွင့်အရေးကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်နေသည့် အခြေအနေများစွာကို သင်နားလည်နိုင်မည်ဖြစ်ကာ၊ စာတန်၏ လှည့်စားမှုများနှင့် လျှို့ဝှက်ကြံစည်မှုများစွာကို လုံးလုံးလျားလျား သင်မြင်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်မည်။ ဘုရားသခင်၏ အစီအမံအားလုံးထံသို့ သင့်ကိုယ်သင် ဆက်ကပ်ရန်အလို့ငှာ ဘုရားသခင်နှင့် ဆက်ဆံရေးကို မှန်ကန်စွာ ထားရှိလော့။ ဤသည်မှာ စစ်မှန်သည့် အတွေ့အကြုံများထဲသို့ ပိုနက်နဲစွာ သင်ဝင်ရောက်ရန်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပို၍ ရရှိရန်ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိမှုကို လက်တွေ့လုပ်ဆောင်နေစဉ်၊ အချိန်အများစုတွင် သင်သည် လူ့ဇာတိကို စွန့်ပစ်ခြင်း၊ ဘုရားသခင်နှင့် ဧကန်အမှန် ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် အဆိုပါ အတွေ့အကြုံကို ရရှိမည်ဖြစ်သည်။ "ပူးပေါင်းလုပ်ဆောင်သည့် စိတ်နှလုံးမရှိလျှင်၊ ဘုရားသခင်၏ အမှုတော်ကို ရရှိရန် ခက်ခဲသည်။ လူ့ဇာတိသည် အခက်အခဲများကို မခံစားရပါက၊ ဘုရားသခင်ထံမှ ကောင်းချီးများလည်း မရှိပါ။ ဝိညာဉ်က ရုန်းကန်ခြင်း မရှိပါက၊ စာတန်က အရှက်ရမည်မဟုတ်ပါ" ဆိုသည်ကို သင်တို့နားလည်ထားသင့်သည်။ သင်သည် ဤဥပဒေသများကို လက်တွေ့လုပ်ဆောင်ပြီး ရှင်းလင်းစွာ နားလည်ထားပါက၊ သင်၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း အမြင်များကလည်း မှန်ကန်နေလိမ့်မည်။ သင်တို့၏လက်ရှိ လက်တွေ့လုပ်ဆောင်မှုများတွင်၊ "အဆာပြေရန်အတွက် ပေါင်မုန့်ကို ရှာဖွေခြင်း" အမြင်ကိုပစ်ပယ်ထားရမည်၊ "သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အရာအားလုံးကို လုပ်ဆောင်ပြီး လူများက ကြားဝင်နှောင့်ယှက်၍မရနိုင်" ဟူသည့်အမြင်ကို ပစ်ပယ်ရမည်။ ထိုကဲ့သို့ပြောသည့် လူများသည် "လူတို့သည် သူတို့လုပ်လိုသည့် မည်သည့်အရာကိုမဆို လုပ်နိုင်ပြီး၊ အချိန်တန်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်မည်ဖြစ်ကာ လူတို့သည် ဇာတိပကတိကို အနိုင်ယူစရာမလို၊ သူတို့သည် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အား တို့ထိခြင်းတစ်ခုတည်းကိုသာ လိုအပ်သည်" ဟုတွေးတောကြသည်။ ထိုအမြင်အားလုံးက အဓိပ္ပာယ်မရှိပေ။ ဤသို့သော အခြေအနေမျိုးတွင်၊ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုအတွက် ကြီးစွာသော နှောင့်ယှက်ဟန့်တားမှုတစ်ခု ဖြစ်လာသည်မှာ ထိုကဲ့သို့သောအမြင်မျိုး ဖြစ်သည်။ မကြာခဏပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို လူတို့၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် ရရှိသည်။ လူတို့သည် ပူးပေါင်းလုပ်ဆောင်မှုမရှိသည့်အပြင် စိတ်ဓာတ်ကြံ့ခိုင်မှု မရှိပါက သူတို့၏ စိတ်သဘောထားကို ပြောင်းလဲလိုခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ရရှိလိုခြင်းနှင့် ဘုရားသခင်ထံမှ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးမှုတို့ကို ရရှိလိုခြင်း၊ ဤအရာအားလုံးတို့သည် လွန်ကဲသည့် အတွေးများပင်ဖြစ်သည်။ ဤသည်ကို "မိမိကိုယ်ကို အလိုလိုက်ပြီး စာတန်ကို ချမ်းသာခွင့်ပေးခြင်း" ဟုခေါ်သည်။ ထိုသို့သော လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိကြပေ။ သင့်အတွင်းနှင့် အတိတ်က သင့်လုပ်ဆောင်မှုများထဲတွင်၊ စာတန်၏ သရုပ်သကန်များစွာကို သင်ရှာဖွေတွေ့ရှိခဲ့သည်။ ဘုရားသခင်၏ လက်ရှိသတ်မှတ်ချက်များနှင့် ဆန့်ကျင်နေခဲ့သည့် အရာများစွာရှိသည်။ သင်သည် ယင်းတို့ကို ယခုစွန့်ပယ်နိုင်သလော။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိရန် ကြိုးပမ်းလော့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်လော့၊ လူသစ်တစ်ယောက် ဖြစ်လာပြီး အသက်တာအသစ်တစ်ခု ရှိစေလော့၊ အတိတ်က ဖောက်ဖျက်ကျူးလွန်မှုများကို ပြန်လှည့်မကြည့်နှင့်၊ အလွန်အမင်း နောင်တရခြင်း မဖြစ်နှင့်၊ ရပ်တည်ပြီး ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းရှိလော့၊ ထို့ပြင် သင်လုပ်ဆောင်သင့်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်လော့။ ဤနည်းလမ်းဖြင့် သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။
ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက် သင်သည် နှုတ်ပြောအရသာ ယင်းတို့ကို လက်ခံရုံမျှဖြစ်ပြီး၊ သင့်စိတ်နှလုံးတွင် တို့ထိမှုမရှိဘဲ၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းကို အလေးအနက်ထားမှု မရှိပါက၊ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို အလေးမထားကြောင်း သက်သေပြနေသည်။ သင့်အမြင်များက နေရာမှန်တွင် မရောက်ရှိသေး၊ သင့်ရည်ရွယ်ချက်များက သင့်အား ဘုရားသခင်၏ သိမ်းပိုက်မှုကို ခွင့်မပြုခြင်းနှင့် ဘုရားသခင်၏ ဘုန်းတော်ကို ခွင့်ပြုခြင်းတို့ထံ ဦးတည်ထားခြင်း မရှိသေးဘဲ သင်၏ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များကို ရရှိရေးနှင့် စာတန်၏ အောင်နိုင်ရန်အတွက် လျှို့ဝှက်ကြံစည်ခြင်းများကို ခွင့်ပြုရေးတို့ကိုသာ ဦးတည်နေဆဲဖြစ်သည်။ ဤကဲ့သို့သောလူမျိုးတွင် မမှန်ကန်သည့် ရည်ရွယ်ချက်များနှင့် အမြင်များရှိနေသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ သို့မဟုတ် မည်ကဲ့သို့ ပြောခဲ့သည်ဖြစ်စေ၊ သူတို့သည် စိတ်ဝင်စားခြင်းမရှိဘဲ ပြောင်းလဲမှုကိုလည်း မမြင်နိုင်ပေ။ သူတို့၏ စိတ်နှလုံးများက မည်သည့်ကြောက်ရွံ့ခြင်းကိုမျှ မခံစားရဘဲ သူတို့သည် အရှက်မဲ့ကြသည်။ ဤသို့သောလူမျိုးသည် စိတ်ရှုပ်ထွေးနေပြီး ဝိညာဉ်ကင်းမဲ့သည့်လူ ဖြစ်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက် တစ်ခုချင်းစီကို သင်ဖတ်ကြားပြီး နားလည်မှုရှိသည့်နောက်တွင်၊ ယင်းကို သင်လက်တွေ့လုပ်ဆောင်သင့်သည်။ ယခင်က မည်သို့ပင် သင်လက်တွေ့လုပ်ဆောင်ခဲ့ပါစေ၊ အတိတ်ကာလတွင် သင်၏လူ့ဇာတိက အားနည်းကောင်းအားနည်းခဲ့မည်၊ သင်သည် ပုန်ကန်ခဲ့ပြီး၊ ခုခံကောင်း ခုခံခဲ့လိမ့်မည်၊ ဤသည်က သိပ်အရေးမကြီးသည့်အပြင်၊ ယနေ့ သင့်အသက်တာ ဖွံ့ဖြိုးမှုကိုလည်း မဟန့်တားနိုင်ပေ။ ယနေ့တွင် သင်၌ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိနေသရွေ့၊ မျှော်လင့်ချက် ရှိနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်သည့်အချိန်တိုင်းတွင် သင်သည် ပြောင်းလဲသွားပြီး၊ သင်၏အသက်တာသည် ပိုကောင်းရန်အတွက် ပြောင်းလဲသွားသည်ကို အခြားလူများအား တွေ့မြင်စေပါက ယင်းက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပြီး နေရာမှန်တွင် ရှိနေသည်ကို ပြသသည်။ ဘုရားသခင်သည် လူသားများကို သူတို့၏ ဖောက်ဖျက်မှုများအပေါ် အခြေခံပြီး ဆက်ဆံခြင်းမပြုပေ။ ၎င်းကို သင်နားလည်ပြီး သတိပြုမိသည့်နောက်ပိုင်းတွင် သင်သည် ဆန့်ကျင်ခုခံခြင်း နောက်တစ်ဖန် မပြုနိုင်သရွေ့၊ ဘုရားသခင်က သင့်အပေါ် သနားခြင်းကရုဏာ ရှိနေဆဲပင်ဖြစ်မည်။ သင်၌ ဤအသိရှိပြီး ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို လိုက်လျှောက်လိုသည့် ဆန္ဒရှိပါက၊ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏အခြေအနေက ပုံမှန်ပင် ဖြစ်နေမည်။ သင်အဘယ်အရာကိုပင် ပြုသည်ဖြစ်စေ၊ ဤအရာကို ငါလုပ်လျှင် ဘုရားသခင် မည်ကဲ့သို့ထင်မည်နည်း၊ ယင်းသည် ညီအစ်ကို မောင်နှမများကို အကျိုးကျေးဇူး ခံစားရစေမည်လော၊ ယင်းသည် ဘုရားသခင်၏ အိမ်တော်အလုပ်အတွက် အကျိုးပြုမည်လော၊ စသည်တို့ကို ဆင်ခြင်သုံးသပ်လော့။ သင်၏ဆုတောင်းခြင်း၊ မိတ်သဟာယပြုခြင်း၊ စကားပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းနှင့် လူများနှင့် ဆက်သွယ်ခြင်းတို့တွင် သင်၏ရည်ရွယ်ချက်များကို ဆန်းစစ်ပြီး၊ သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် ပုံမှန်ဟုတ်မဟုတ်ကို ဆန်းစစ်လော့။ သင်၏ ရည်ရွယ်ချက်များနှင့် အတွေးအခေါ်များကို သင်သည် မခွဲခြားမသိမြင်နိုင်ပါက၊ သင့်တွင် ဆုံးဖြတ်တတ်မှု မရှိခြင်းဖြစ်သည်၊ ဤအချက်က သမ္မာတရားအပေါ် သင်သည် စိုးစဉ်းမျှသာ နားလည်ကြောင်း သက်သေပြနေခြင်းဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှ တစ်ခုစီတိုင်းကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး၊ ဘုရားသခင်ဘက်မှ ရပ်တည်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အမှုအရာများကို ရှုမြင်နိုင်ပါက သင်၏အမြင်များ မှန်ကန်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုအတွက် ထိပ်ဆုံးဦးစားပေး ဖြစ်ရမည်။ လူအယောက်စီတိုင်း ယင်းကို အရေးကြီးသည့် တာဝန်အဖြစ်၊ သူတို့၏ အဓိကအသက်တာ ဖြစ်ရပ်အဖြစ် မှတ်ယူသင့်သည်။ သင်လုပ်ဆောင်သမျှ အရာတိုင်းတွင် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိမရှိကို ချိန်ဆဆုံးဖြတ်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးက ပုံမှန်ဖြစ်ပြီး သင်၏ရည်ရွယ်ချက်များက မှန်နေပါက ယင်းကို လုပ်ဆောင်လော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းထားရန်အတွက်၊ သင်သည် ပုဂ္ဂိုလ်ရေးရာ အကျိုးများကို ဆုံးရှုံးရန် မကြောက်ရွံ့ရ၊ စာတန်ကို အနိုင်ယူခွင့်မပေးရ၊၊ စာတန်အား သင့်ကိုစွဲချက်တင်ခွင့် မပေးရ၊ စာတန်က သင့်အားပြက်ရယ်ပြုခြင်းကို ခွင့်မပြုရပေ။ ထိုသို့သော ရည်ရွယ်ချက်သည် သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း၏ သရုပ်သကန်ပင်ဖြစ်သည်။ ၎င်းသည် ဇာတိပကတိအတွက် မဟုတ်ဘဲ ဝိညာဉ်ငြိမ်းချမ်းမှုအတွက်ဖြစ်သည်၊ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ရရှိခြင်းအတွက်နှင့် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်မှုပေးရန်အတွက် ဖြစ်သည်။ သင်သည် မှန်ကန်သည့် အခြေအနေသို့ ဝင်ရောက်မည်ဆိုလျှင်၊ ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရမည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်သည့် အမြင်ကို မှန်ကန်စွာ ထားရှိရမည်။ ယင်းက ဘုရားသခင်အား သင့်ကို သိမ်းပိုက်ရန် ခွင့်ပြုခြင်း၊ သူ့နှုတ်ကပတ်တော်များ၏အသီးများကို သင့်အထဲတွင် ဖွင့်ပြရန် ဘုရားသခင်ကို ခွင့်ပြုခြင်းနှင့် သင့်ကို ပို၍ပင် ဉာဏ်ဖွင့်ပေးပြီး အလင်းပေးရန်ဖြစ်သည်။ ဤနည်းလမ်းဖြင့် သင်သည် မှန်ကန်သည့် အမူအကျင့်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များကို စဉ်ဆက်မပြတ် စားသောက်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ လက်ရှိလမ်းကြောင်းထဲသို့ ဝင်ရောက်လော့၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်လော့၊ ခေတ်ဟောင်း လက်တွေ့လုပ်ဆောင်မှုများကို မလိုက်လျှောက်နှင့်၊ လုပ်ဆောင်မှုနည်းလမ်းဟောင်းများကို မဖက်တွယ်ဘဲ၊ ယနေ့အမှုတော်၏ လုပ်နည်းလုပ်ဟန်ထဲသို့ လျင်မြန်စွာ ဝင်ရောက်လော့။ ဤနည်းလမ်းအားဖြင့် သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးက အပြည့်အဝ ပုံမှန်ဖြစ်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်း အမှန်ထဲသို့ ဝင်ရောက်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
ဆက်သွယ်မှုများဆုတောင်းရန် သင်ယူခြင်း | ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍
တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
No comments:
Post a Comment