ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
ကမ္ဘာဦး ၆:၁၈-၂၂ သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘော ထဲသို့ ဝင်ရမည်။ အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။
…………
ထိုခေတ်၌ အင်မတန်အရေးကြီးသည့်အရာကိုလုပ်ခြင်းငှာ နောဧကိုခေါ်ရန် ဘုရားသခင်ရည်ရွယ်ခဲ့သည်။ သူသည် အဘယ်ကြောင့် ၎င်းကို လုပ်ခဲ့ရခြင်းဖြစ်သနည်း။ ထိုအချိန်အခါက သူ့နှလုံးသားထဲတွင် ဘုရားသခင်သည် အစီအစဉ်တစ်ခုရှိခဲ့၍ဖြစ်သည်။ သူ၏အစီအစဉ်မှာ ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးရန်ဖြစ်သည်။ ကမ္ဘာကြီးကို အဘယ်ကြောင့် ဖျက်ဆီးသနည်း။ ဤစာစုတွင် ပြောပြထားသည်၊ “ထိုအခါ မြေကြီးသည် ဘုရားသခင်သခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။” “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဟူသည့်စာစုမှ သင်တို့ အဘယ်အရာကို မြင်သနည်း။ ကမ္ဘာကြီးနှင့် ကမ္ဘာပေါ်က လူများသည် အဆုံးစွန်အထိ ပျက်စီးနေသည့်အချိန်တွင် ကမ္ဘာပေါ်ရှိ ဖြစ်ရပ်တစ်ခုဖြစ်သည်။ ၎င်းမှာ “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဆိုသည့်အရာဖြစ်သည်။ ယခုခေတ်စကားနှင့်ဆိုလျှင် “အဓမ္မအမှုနှင့်ပြည့်စုံသည်” ဆိုသည်မှာ အရာအားလုံး ကမောက်ကမဖြစ်နေခြင်းကို ဆိုလိုသည်။ လူသားအတွက် သက်ရှိသတ္တဝါအားလုံးတွင် စနစ်ကျမှုမရှိဘဲ ပရမ်းပတာဖြစ်နေပြီး စီမံခန့်ခွဲဖို့ရန် ခက်ခဲသည်ဟု ဆိုလိုသည်။ ဘုရားသခင်၏အမြင်တွင်မူ ကမ္ဘာပေါ်၌ လူသားများသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြသည်ဟု ဆိုလိုသည်။ မည်သည့်အတိုင်းအတာထိ ပျက်စီးကြသနည်း။ ဘုရားသခင်က မကြည့်ချင်လောက်တော့သည့်အထိ၊ သည်းမခံနိုင်လောက်တော့သည့်အထိ ပျက်စီးကြသည်။ ဘုရားသခင်က ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ရလောက်သည့်အထိ ဖောက်ပြန်ပျက်စီးနေကြခြင်း ဖြစ်သည်။ ကမ္ဘာကိုဖျက်ဆီးရန် ဆုံးဖြတ်ပြီးသည့်အခါ ဘုရားသခင်သည် သင်္ဘောဆောက်ခြင်းငှာ လူတစ်ဦးကိုရှာရန် စီစဉ်ခဲ့သည်။ ထို့နောက် ဘုရားသခင်က ဤအရာကို ပြုဖို့ရန် နောဧကို ရွေးချယ်ခဲ့သည်။ နောဧကို သင်္ဘောဆောက်စေရန်ဖြစ်သည်။ အဘယ်ကြောင့် နောဧကို ရွေးချယ်ခဲ့သနည်း။ ဘုရားသခင်၏အမြင်၌ နောဧသည် ဖြောင့်မတ်သည့်လူဖြစ်ပြီး ဘုရားသခင်က သူ့ကို မည်သည့်အရာပင် ညွှန်ကြားသည်ဖြစ်စေ ထိုအတိုင်း သူလုပ်ဆောင်လိမ့်မည်ဖြစ်သောကြောင့်တည်း။ သူ့ကို ဘုရားသခင်လုပ်ခိုင်းသည့်အရာမှန်သမျှကို သူလုပ်လိမ့်မည်ဟု ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ သူ၏အမှု ပြီးမြောက်စေဖို့၊ သူတာဝန်ပေးစေခိုင်းထားသည်ကို ပြီးမြောက်စေဖို့၊ မိမိနှင့်အတူ အလုပ်လုပ်စိမ့်သောငှာ ဘုရားသခင်သည် ဤသို့သောလူတစ်ယောက်ကို ရှာတွေ့လိုခဲ့ပေသည်။ ထိုအချိန်အခါက နောဧအပြင် ဤသို့သောအလုပ်မျိုးကို ပြီးဆုံးအောင်လုပ်နိုင်မည့် အခြားလူရှိသလော။ လုံးဝမရှိပေ။ ဘုရားသခင်တာဝန်ပေးစေခိုင်းထားသည်ကို ပြီးဆုံးအောင်လုပ်နိုင်မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ၊ တစ်ဦးတည်းသော သင့်တော်သည့်သူမှာ နောဧဖြစ်သောကြောင့် ဘုရားသခင်က သူ့ကိုရွေးချယ်ခဲ့သည်။ သို့ရာတွင် လူများကို ကယ်တင်ခြင်းနှင့်ပတ်သက်၍ ထိုအချိန်အခါက ဘုရားသခင်၏ နယ်ပယ်နှင့် စံသတ်မှတ်ချက်များက ယခုနှင့် အတူတူပင်ဖြစ်သလော။ ကွဲပြားခြားနားမှုတစ်ခု ဧကန်ပင်ရှိသည်ဟု ဖြေရပေလိမ့်မည်။ အဘယ်ကြောင့် ငါမေးသနည်း။ ထိုအချိန်အခါက ဘုရားသခင်၏အမြင်တွင် နောဧသာလျှင် ဖြောင့်မတ်သည့်လူဖြစ်သည်။ သွယ်ဝိုက်အနက်အရ သူ့မိန်းမ၊ သားနှင့်ချွေးမတို့အားလုံးသည် ဖြောင့်မတ်သည့်သူများ မဟုတ်ပေ။ သို့ရာတွင် နောဧကြောင့် ဤလူများကို ဘုရားသခင်က ကယ်တင်ခဲ့သည်။ ဘုရားသခင်သည် ယခုခေတ်လူများကို တောင်းဆိုသကဲ့သို့ သူတို့ကို မတောင်းဆိုခဲ့ဘဲ ထိုအစား နောဧ၏မိသားစုရှစ်ယောက်လုံးကို အသက်ရှင်စေခဲ့သည်။ နောဧ၏ ဖြောင့်မတ်မှုကြောင့် ဘုရားသခင်၏ကောင်းချီးကို သူတို့ရခဲ့ကြသည်။ နောဧသာမရှိလျှင် ဘုရားသခင်တာဝန်ပေးစေခိုင်းသည်ကို သူတို့ပြီးဆုံးအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုအချိန်က ကမ္ဘာ၏ပျက်စီးခြင်းမှ ရှင်သန်လွတ်မြောက်ရမည့်လူက နောဧသာဖြစ်ပြီး အခြားလူများက ဆွေမျိုးဆက်စပ်ပြီး အကျိုးခံစားရသည့်သူများသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏စီမံခန့်ခွဲသည့်အမှုကို တရားဝင် စတင် မလုပ်ဆောင်ခင်အချိန်က လူများကို သူဆက်ဆံသည့်၊ တောင်းဆိုသည့် စည်းမျဉ်းနှင့် စံသတ်မှတ်ချက်များသည် အတော်အတန် သက်သာမှုရှိသည်ကို ပြသည်။ ယနေ့ခေတ်လူများအနေနှင့်ကြည့်လျှင် နောဧ၏မိသားစု ရှစ်ယောက် အပေါ်တွင် ဘုရားသခင်ဆက်ဆံခဲ့သည့်ပုံစံက တရားမျှတမှုကင်းမဲ့သည်ဟု ထင်မြင်ရသည်။ သို့ရာတွင် ယခုခေတ် လူများအပေါ်တွင် လုပ်ဆောင်သည့် အမှုပမာဏနှင့် သူဆက်သွယ်ပြောဆိုသည့် သူ၏နှုတ်ကပတ်တော် ပမာဏနှင့် ယှဉ်ကြည့်လျှင် နောဧ၏မိသားစုရှစ်ယောက်ကို ဘုရားသခင်ဆက်ဆံခဲ့သည့်ပုံစံသည် ထိုအချိန်အခါက သူ၏အမှုနောက်ကွယ်မှ အမှု၏အခြေခံသဘောတရားတစ်ခုသာ ဖြစ်သည်။ ယှဉ်ကြည့်လျှင် ဘုရားသခင်ထံမှ နောဧ၏ မိသားစု ရှစ်ယောက်သည် ပိုရရှိသလော သို့မဟုတ် ယနေ့ခေတ် လူများက ပိုရရှိသလော။
နောဧသည် ခေါ်တော်မူခြင်းခံရသည်မှာ ရိုးရှင်းသည့်အချက်တစ်ခုဖြစ်သည်။ သို့ရာတွင် ငါတို့ပြောနေသည့် အဓိကအချက်ဖြစ်သည့် ဤမှတ်တမ်းထဲမှ ဘုရားသခင်၏စိတ်သဘောထား၊ သူ၏အလိုတော်နှင့် သူ၏အနှစ်သာရတို့မှာ မရိုးရှင်းပေ။ ဘုရားသခင်၏ ဤသွင်ပြင်လက္ခဏာအချို့ကို နားလည်ရန် အရင်ဦးဆုံး ဘုရားသခင်ခေါ်လိုရှိသည့် လူပုဂ္ဂိုလ်မျိုးကို ငါတို့နားလည်ရမည်။ ဤသည်မှတစ်ဆင့် သူ၏စိတ်သဘောထား၊ အလိုတော်နှင့် အနှစ်သာရကို နားလည်ရမည်ဖြစ်သည်။ ဤသည်မှာ အင်မတန်အရေးကြီးသည်။ သို့ဆိုလျှင် ဘုရားသခင်၏အမြင်၌ သူခေါ်ဆိုသည့်ဤသူက မည်သို့သောလူမျိုးနည်း။ ဤသူမှာ သူ၏ညွှန်ကြားချက်များကို လိုက်လျှောက်နိုင်သည့်၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူဖြစ်ရမည်။ တစ်ချိန်တည်းမှာပင် တာဝန်ဝတ္တရားကို နားလည်သည့်သူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပြီးမြောက်အောင်ပြုလုပ်ရမည့် တာဝန်ဝတ္တရားအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်မည့်သူဖြစ်ရမည်။ ဤသို့ဆိုလျှင် ဤလူက ဘုရားသခင်ကို သိသည့်လူ ဖြစ်ဖို့ရန် လိုအပ်သလော။ မဟုတ်ပေ။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်၏အမှုကို ကြုံဖူးခြင်း သို့မဟုတ် ဘုရားသခင်၏သွန်သင်ချက်များကို ကြားဖူးခြင်းတို့ သိပ်မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ နောဧသိထားချက်မှာ အလွန်နည်းသည်။ နောဧသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်ဟု ဤနေရာတွင် မှတ်တမ်းတင်ထားသော်လည်း ဘုရားသခင်ကို သူကိုယ်တိုင်မြင်ခဲ့ဖူးသလော။ လုံးဝ မမြင်ဖူးပေ။ အဘယ်ကြောင့်ဆိုလျှင် ထိုခေတ်၌ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများသာ လူတို့ထံ လာခြင်းဖြစ်သည်။ သူတို့သည် အကြောင်းကိစ္စများကို လုပ်ကိုင်ပြောဆိုရာတွင် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သော်လည်း သူတို့သည် ဘုရားသခင်၏အလိုတော်နှင့် ရည်မှန်းချက်များကို သယ်ဆောင်ပေးခြင်း သက်သက်သာဖြစ်သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားရှေ့၌ မျက်နှာချင်းဆိုင် ကိုယ်ထင်ပြခြင်း မရှိပေ။ ကျမ်းစာ၏ ဤအပိုင်း၌ နောဧဟူသည့် ဤပုဂ္ဂိုလ်က အဘယ်အရာကို ပြုလုပ်ခဲ့ရသည်နှင့် သူ့ကို ဘုရားသခင်ပေးသည့် ညွှန်ကြားချက်များကိုသာ ငါတို့မြင်ရသည်။ ဤသို့ဆိုလျှင် ဤနေရာတွင် ဘုရားသခင်ဖော်ပြခဲ့သည့် အနှစ်သာရက မည်သို့ဖြစ်သနည်း။ ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် သေသေချာချာ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အကြောင်းအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ပေါ်ပေါက်လာသည်ကို မြင်သည့်အခါ၊ ထိုအရာကို တိုင်းတာသတ်မှတ်သည့် စံတစ်ခု သူ့အမြင်တွင် ရှိလိမ့်မည်။ ဤစံသတ်မှတ်ချက်က ဤအကြောင်းကိစ္စကို ကိုင်တွယ်ရန် အစီအစဉ်တစ်ခု စတင်လုပ်ဆောင်မည်လော သို့မဟုတ် အခြေအနေနှင့် အကြောင်းအရာများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ သူသည် စိတ်မဝင်စားခြင်း သို့မဟုတ် အရာအားလုံးအပေါ်၌ ခံစားချက်မရှိခြင်း မဟုတ်ပေ။ စင်စစ်အားဖြင့် ထိုအချက်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောသည့် ကျမ်းပိုဒ်တစ်ခုရှိသည်။ “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအကြိမ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သူသည် လူသားကိုသာ ဖျက်ဆီးမည်ဟု ပြောခဲ့သလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က အဘယ်ကြောင့် ဖျက်ဆီးလိုသနည်း။ ဤနေရာတွင် ဘုရားသခင်၏စိတ်သဘောထားနှင့်ပတ်သက်၍ နောက်ထပ် ဖွင့်ပြချက်တစ်ခုရှိသည်။ ဘုရားသခင်၏အမြင်တွင် လူသား၏ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် သတ္တဝါအားလုံးတို့၏ မနာခံမှုတို့အပေါ်တွင် သူ၏သည်းခံမှုနှင့်ပတ်သက်၍ အကန့်အသတ်တစ်ခုရှိသည်။ သူ၏ အကန့်အသတ်က မည်သို့ဖြစ်သနည်း။ ဘုရားသခင် ပြောသကဲ့သို့ပင်ဖြစ်သည်။ “ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စာစုက အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်နောက် လိုက်ခဲ့ကြသည့်သူများအပါအဝင်၊ ဘုရားသခင်၏ အမည်နာမကို ခေါ်ဆိုခဲ့သည့်၊ ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသည့်၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသည့်၊ သက်ရှိအားလုံးကို ဆိုလိုသည်။ သူတို့၏အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဤသည်ကို ဘုရားသခင်မြင်သည့်အခါ ဘုရားသခင်သည် သူတို့ကို ဖျက်ဆီးရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကန့်အသတ်ဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားကို ဘုရားသခင်က မည်မျှအထိ သည်းခံသနည်း။ ဘုရားသခင်၏နောက်လိုက်များဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို မလျှောက်တော့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် အကျင့်စာရိတ္တ ဖောက်ပြန်ပျက်စီးပြီး မကောင်းမှုနှင့်ပြည့်ရုံသာမကဘဲ ကမ္ဘာကို ဘုရားသခင်က အုပ်ချုပ်သည်၊ ဘုရားသခင်သည် လူသားများကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သည့်သူကို မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သူတစ်ယောက်မျှ မရှိတော့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပြုသည့် အတိုင်းအတာထိဖြစ်သည်။ လူသား၏ ပျက်စီးမှုသည် ဤအခြေအနေကိုရောက်သည်နှင့် ဘုရားသခင်သည် ဆက်ပြီးသည်းခံတော့မည် မဟုတ်ပေ။ မည်သည့်အရာနှင့် အစားထိုးမည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်ခြင်းနှင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားကို တစ်ပိုင်းတစ်စ ဖွင့်ပြခြင်းတစ်ခု မဟုတ်သလော။ လက်ရှိခေတ်ကာလတွင် ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သူ ရှိသေးသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူရှိသေးသလော။ ဤခေတ်ကာလတွင် ကမ္ဘာပေါ်တွင်ရှိသည့် သတ္တဝါအားလုံး၏အပြုအမူသည် ဘုရားသခင်၏အမြင်၌ ပျက်စီးနေပြီလော။ ယနေ့ခေတ်ကာလတွင် ဘုရားသခင်မှ စုံလင်အောင် ပြုလိုသည့်သူများ၊ ဘုရားသခင်၏နောက်ကိုလိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍ အသွေးအသားနှင့် လူသားအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအတိုင်းအတာကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်နေသည့်အရာအားလုံး၊ သင်တို့၏နားနှင့် ကြားနေရသည့်အရာများ၊ သင်တို့၏ မျက်လုံးနှင့် မြင်တွေ့နေရသည့်အရာများနှင့် ဤကမ္ဘာ၌ နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရသည့်အရာများသည် အဓမ္မအမှုနှင့် ပြည့်စုံနေသည် မဟုတ်လော။ ဘုရားသခင်၏ အမြင်၌ ဤသို့သောကမ္ဘာ၊ ဤသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧတုန်းကကာလ၏ နောက်ခံနှင့် လုံးဝ မတူညီသော်လည်း လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် ထိုအချိန်အခါကနှင့် လုံးဝ အတူတူပင် ရှိနေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း အခြေအနေအရပ်အရပ်ကိုကြည့်လျှင် ဘုရားသခင်၏အမြင်၌ ဤကမ္ဘာသည် ဖျက်ဆီးခြင်းခံရသင့်သည်မှာ ကြာလှချေပြီ။ ကမ္ဘာက ရေနှင့်လွှမ်းမိုးပြီး ဖျက်ဆီးခံရသည့်အချိန်နှင့်စာလျှင် ယခုအခြေအနေသည် လုံးဝမတူပေ။
…………
ဤသို့သော အခြေအနေမျိုးအောက်တွင် ဘုရားသခင်သည် အဘယ်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်လျှောက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဘာပဲဖြစ်ဖြစ် ဆန့်ကျင်သည့်သူများ အနေဖြင့် သူ့ကို မည်ကဲ့သို့ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်ပေ၊ သို့တည်းမဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်းပြောဆိုကြပုံကို မဟုတ်ပေ။ သူ့နောက်ကို လိုက်လျှောက်သောသူများ၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် သူ၏ကယ်တင်ခြင်းခံရသည့် အရာများ၊ သူ့အားဖြင့် စုံလင်အောင်ပြုခြင်း ခံရသည့်သူများသည် သူ့ကိုကျေနပ်အားရစေခြင်း ရှိမရှိကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲပြီး အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် အပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကိုသာ ရံဖန်ရံခါ ပြုလုပ်သည်။ ဥပမာ ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ အစရှိသဖြင့်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကိုလိုက်ပြီး သူ့အားဖြင့် ကယ်တင်ခြင်းခံရဆဲဆဲရှိသည့် သူများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်။ တစ်ဖက်တွင် သူသည် စုံလင်အောင်ပြုပေးရန် သူရည်ရွယ်ထားသည့် လူများကို အဆုံးစွန်သော စိတ်ရှည်သည်းခံခြင်းကို ပေးနိုင်ပြီး ထိုသူတို့ကို သူတတ်နိုင်သမျှ ကြာကြာစောင့်နိုင်သည်။ အခြားတစ်ဖက်တွင်မူ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ကဲ့သို့သော လူများကို အလွန်အမင်း ရွံရှာမုန်းတီးသည်။ ဤစာတန်ကဲ့သို့သော လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် ကိုးကွယ်ခြင်းများ ပြုမပြုကို ဂရုမစိုက်သော်လည်း သူ့နှလုံးသားထဲတွင် သူတို့အတွက် သည်းခံပေးလျက် သူတို့ကို စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ကဲ့သို့သော လူများ၏အဆုံးသတ်ကို သူသတ်မှတ်သကဲ့သို့ပင် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များရောက်ရှိလာဖို့ကိုလည်း သူစောင့်နေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
သင်နှစ်သက်နိုင်သည့် အရာများ
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နောက်ဆုံးသော သဘော
နောက်ဆုံးသောကာလ၏ သံလွင်ခက်- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း
No comments:
Post a Comment