ဘုရားသခင် အမှု၏ ရည်ရွယ်ချက်ကို နားမလည်သော သူတို့သည် ဘုရားသခင်တစ်ဖက် ဆန့်ကျင် ရပ်တည်သောသူများ ဖြစ်ကြပြီး၊ ဘုရားသခင် အမှု၏ ရည်ရွယ်ချက်ကို ဂရုပြုမိသော်ငြားလည်း ဘုရားသခင်ကို ကျေနပ်စေရန် မရှာဖွေသော သူတို့အတွက်မူ သာ၍ပင် ဆိုးလှပေ၏။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်သေးဘဲ၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် တန်ဖိုးမဲ့၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီ ရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏ နာမကို ကိုင်ဆောင်ပြတတ်သော်လည်း စိတ်ဆန္ဒမှာမူ ဘုရားသခင်ကို ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့်နတ်ဆိုးများ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောက်အယှက်ပေးတတ်သော ခေါင်းဆောင်နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသော သူတို့၏လမ်းကို ဟန့်တား ကြန့်ကြာစေမည့် အရာများနှင့် ပိတ်ဆို့တတ်ကြသော မာရ်နတ်များဖြစ်ကြ၏။ သူတို့သည် "အကြမ်းပတမ်း လူသား" များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကာ လူများအား ဘုရားသခင်တဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့ သိနိုင်မည်နည်း။ သူတို့သည် ဤသူများမှာ အထူးသဖြင့် ဝိညာဉ်များကို ဝါးမျိုရန် ရှာဖွေနေကြသည့် ရှင်သန်နေသော မာရ်နတ်တို့ဖြစ်သည်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။ ဘုရားသခင်၏ ရှေ့တွင် မိမိကိုယ်ကို ဂုဏ်တင်တတ် သူများသည် အနိမ့်ကျဆုံး လူသားများ ဖြစ်ကြပြီး ကိုယ်ကိုယ်ကို နှိမ့်ချတတ်သော သူတို့မှာမူ ဂုဏ်ပြုခံထိုက်ဆုံး သူများဖြစ်ကြ၏။ ပြီးလျှင် ကိုယ့်ကိုယ်ကို ဘုရားသခင်၏ အမှုကို သိသည်၊ သူတို့၏ အမြင်သည် သူ့အပေါ်တွင်ရှိ၏ဟု အမှုကို သူတစ်ပါးထံ ခမ်းနားကြီးကျယ်စွာ ကြွေးကြော်သောသူတို့သည် အသိဉာဏ် အမဲ့ဆုံးသောလူများ ဖြစ်ကြ၏။ ထိုသူတို့၌ ဘုရားသခင်၏ သက်သေခံချက်မရှိကြဘဲ မောက်မာတတ်ကြကာ၊ မိမိကိုယ်ကို အထင်ကြီးတတ်သော မာနရှိကြ၏။ အကြင်သူတို့၌ ဘုရားသခင်နှင့်ဆိုင်သော လက်တွေ့သိကျွမ်းခြင်းနှင့် စစ်မှန်သော အတွေ့အကြုံများ ရှိသော်လည်း ဘုရားသခင်နှင့်ဆိုင်သော သိကျွမ်းခြင်း အနည်းငယ်သာ ရှိသည်ဟူ၍ ယုံကြည်သော သူတို့သည် ဘုရားသခင်၏ မေတ္တာကို အများဆုံးရသောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် စစ်မှန်သော သက်သေခံချက်ကို ရသူများဖြစ်ကာ၊ ဘုရားသခင်အားဖြင့် စစ်မှန်စွာ ပြည့်စုံမှု ရနိုင်သူများ ဖြစ်ကြ၏။ အကြင်သူတို့သည် ဘုရားသခင်၏ အလိုကိုမသိ၊ ထိုသူတို့သည် ဘုရားသခင်၏ အတိုက်အခံများပင် ဖြစ်ကြ၏။ အကြင်သူသည် ဘုရားသခင်၏ အလိုကို သိရှိသည့်တိုင် သမ္မာတရားအတိုင်း မကျင့်ကြံလျှင်လည်း ဘုရားသခင်၏ အတိုက်အခံပင် ဖြစ်၏။ အကြင်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်သည့်တိုင် နှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်လျှင် ဘုရားသခင်၏ အတိုက်အခံပင်တည်း။ အကြင်သူသည် လူဇာတိခံသော ဘုရားသခင်နှင့်ဆိုင်သော အယူအဆရှိကာ ရည်ရွယ်ချက်ရှိရှိ ပုန်ကန်သော သူတို့သည်လည်း ဘုရားသခင်၏ အတိုက်အခံပင်ဖြစ်၏။ အကြင်သူသည် ဘုရားသခင်ကို စီရင်လျှင် ဘုရားသခင်၏ အတိုက်အခံပင်ဖြစ်၏။ အကြင်သူသည် ဘုရားသခင်ကို မသိကျွမ်းနိုင်ဘဲ သူ့အတွက် သက်သေမခံနိုင်လျှင်လည်း ဘုရားသခင်၏ အတိုက်အခံပင်။ ထို့ကြောင့် ငါ၏ တိုက်တွန်းချက်ကို ကြားနာလော့။ အကယ်၍ သင်တို့သည် ဤလမ်းကိုလျှောက်ရန် ယုံကြည်ခြင်း အမှန် တကယ် ရှိသည်ဆိုလျှင် ဆက်လက် လိုက်လျှောက်ပါ။ အကယ်၍ သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှ ရှောင်ရန် မတတ်နိုင်လျှင် အကောင်းဆုံးမှာ အလွန်နောက်မကျခင် ပါဝင်ပတ်သက်ရန် ငြင်းဆန်ပါ။ သို့မဟုတ်လျှင် အကောင်းထက် အဆိုးနိမိတ် အစစ်ပင်ဖြစ်၏၊ အကြောင်းမှာ သင်တို့၏ သဘာဝသည် အလွန်ပင် ပျက်စီးယိုယွင်းနေသောကြောင့် ဖြစ်၏။ သင်တို့၌ သစ္စာတရားနှင့် နာခံမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်း တရားနှင့် သမ္မာတရားကို ဆာငတ်သော နှလုံးသား စိုးစဉ်းမျှ မရှိပေ။ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာလည်း သင်တို့၌ စိုးစဉ်းမျှ မရှိ။ ဘုရားသခင်ရှေ့တွင် သင်တို့၏ အခြေအနေသည် လုံးဝ အမြင်မကောင်းဟု ပြော၍ရသည်။ သင်တို့သည် ထိန်းသိမ်းသင့်သည့် အရာများကိုလည်း မထိန်းနိုင် သို့မဟုတ် ပြောသင့်သည့် အရာများကိုလည်း မပြောနိုင်ကြ။ သင်တို့ လက်တွေ့ ကျင့်ဆောင်သင့်သည့် အရာများကိုလည်း မကျင့်နိုင်၊ လုပ်ဆောင်သင့်သည့် လုပ်ငန်းကိုလည်း မလုပ်နိုင်ကြ။ သင်တို့၌ ရှိသင့်သည့် သစ္စာစောင့်ခြင်း၊ အသိတရား၊ နာခံမှု၊ သို့မဟုတ် မျှော်မှန်းချက်များ မရှိကြ။ သင်တို့ သည်းညည်းခံရမည့် ဝေဒနာကိုလည်း သင်တို့မခံခဲ့။ သင်တို့၌ ရှိသင့်သော ယုံကြည်ခြင်းလည်း မရှိကြပါ။ သင်တို့တွင် ကုသိုလ်ကောင်းမှု ဆိုသည်မှာလည်း လုံးဝ ကင်းမဲ့နေသည်။ အသက်ရှင်နေထိုင်ရန်အတွက် မိမိကိုယ်ကို လေးစားမှု သင်တို့၌ ရှိပါ၏လော။ ထာဝရ အနားယူခြင်းအတွက် သင်တို့၏ မျက်လုံးများကို ပိတ်ထားလိုက်ခြင်းက ပိုကောင်းသည်ဟု သင်တို့ကို ငါတိုက်တွန်းလိုသည်၊ သို့မှသာ သင်တို့ကို စိတ်ပူပန်ရခြင်း၊ သင်တို့ အတွက်ကြောင့် နာကျင်မှုဝေဒနာကို ကြိတ်မှိတ်ခံစားရခြင်းမှ ဘုရားသခင်လည်း ချမ်းသာရာရမည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် သူ၏အလိုကို မသိသေး။ သင်တို့သည် နှုတ်ကပတ်တော်ကို စားသောက်နေသည့်တိုင် ဘုရားသခင်၏ တောင်းဆိုမှုများကို ထိန်းသိမ်းရန် မတတ်နိုင်သေး။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်နေသည့်တိုင် သူနှင့် မသိကျွမ်းသေးဘဲ ရှင်သန်နေထိုင် နေသော်လည်း ရုန်းကန်ရမည့် ပန်းတိုင်မရှိကြ။ သင်တို့၌ ရည်မှန်းချက်မဲ့ကာ တန်ဖိုးလည်းမရှိ။ သင်တို့သည် လူသားအဖြစ် အသက်ရှင်နေသည့်တိုင် အသိတရား၊ ရိုးဖြောင့်မှုဂုဏ်၊ သို့မဟုတ် ယုံကြည်ရလောက်ခြင်း စိုးစဉ်းမျှမရှိ။ သင်တို့ကို လူသားအဖြစ် မည်ကဲ့သို့ စဉ်းစားရမည်နည်း။ သင်တို့ သည် ဘုရားသခင်ကို ယုံသည့်တိုင် သူ့ကို လှည့်ဖျားနေသည်။ ထို့ထက်မက သင်တို့သည် ဘုရားသခင်ပိုင်သော ငွေကိုယူပြီး၊ သူ၏ ပူဇော်သက္ကာများကိုလည်း စားပစ်သည့်တိုင်၊ အဆုံးတွင် ဘုရားသခင်၏ ခံစားချက်ကိုလည်း စဉ်းစားဆင်ခြင်မှုမရှိ၊ သို့မဟုတ် ဘုရားသခင်အပေါ်တွင် အသိတရားမဲ့၏။ ဘုရားသခင်၏ အသေးငယ်ဆုံးသော တောင်းဆိုချက်လေး တစ်ခုကိုပင် သင်တို့က မလိုက်နာနိုင်။ ထို့ကြောင့် သင်တို့ကို လူသားအဖြစ် မည်ကဲ့သို့ စဉ်းစားရမည်နည်း။ သင်တို့စားသောအစာ၊ သင်တို့ ရှူသောလေသည် ဘုရားသခင်ထံမှ လာ၏။ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားနေသည့်တိုင် အဆုံးတွင် ဘုရားသခင်နှင့် သိကျွမ်းခြင်း စိုးစဉ်းမျှပင် မရှိကြပါတကား။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုသည့် အသုံးမကျသူများ ဖြစ်လာကြသည်။ သင်တို့သည် ခွေးထက်မသာသည့် သားရဲပင် မဟုတ်ပေလော။ တိရစ္ဆာန်များ အကြားတွင်ပင် သင့်ထက် ဖျက်လိုဖျက်ဆီး လုပ်လိုသူ ရှိပါ၏လော။
တရားဟော စင်မြင့်ပေါ်မှ လူတို့ကို သွန်သင်နေသည့် ထိုသင်းအုပ်များနှင့် အသက်ကြီးသူများသည် ဘုရားသခင်ကို အတိုက်အခံ ပြုကြသူများနှင့် စာတန်နှင့် မိတ်ဖက်ကြသူများပင် ဖြစ်သည်။ သင်တို့အထဲမှ တရားဟော စင်မြင့်ပေါ်မှနေ၍ လူတို့ကို သွန်သင်ခြင်းမပြုသည့် ထိုသူတို့မှာ ဘုရားသခင်၏ သာ၍ ကြီးမားသော အတိုက်အခံများပင် မဟုတ်ပေလော။ ထို့အပြင် သင်တို့သည် စာတန်နှင့်အတူ ပူးပေါင်း လိမ်လည်ရန် ကြံစည်ထားသည်ပင် မဟုတ်လော။ အကြင်သူတို့သည် ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို နားမလည် ပါက ဘုရားသခင်၏ စိတ်နှလုံးနှင့် တစ်ထပ်တည်း မည်ကဲ့သို့ ကျရမည်ဟူသည်ကို မသိနိုင်။ ဟုတ်ပေသည်၊ သူ့အမှု၏ ရည်ရွယ်ချက်ကို နားလည်သော သူများအတွက်မူ ဤအချက်က မမှန်နိုင်ပါ။ ဘုရားသခင်၏ အမှုသည် ဘယ်ခါမျှ အမှားမရှိပါဘဲ လူ၏လိုက်လျှောက်မှုသာလျှင် အပြစ်အနာအဆာ ရှိနေခြင်းဖြစ်သည်။ ထိုသင်းအုပ်ဆရာနှင့် အသက်ကြီးသူတို့ထက် ဘုရားသခင်ကို မိမိစိတ်ဆန္ဒဖြင့် ဆန့်ကျင်သော ထိုအမျိုးယုတ်တို့မှာ သာ၍ဆိုးယုတ်ပြီး ဖျက်လိုဖျက်စီး လုပ်တတ်သည် မဟုတ်လော။ ဘုရားသခင်ကို ဆန့်ကျင်သည့် လူအများရှိပြီး ထိုလူအများထဲတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်း နည်းမျိုးစုံရှိ၏။ ယုံကြည်သူများတွင်လည်း အမူအကျင့်အစုံရှိရာ ဘုရားသခင်ကို ဆန့်ကျင်သည့် သူများတွင်လည်း အမူအကျင့် အစုံရှိပြီး တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ ဘုရားသခင် အမှု၏ ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်း သဘောမပေါက်သူ တစ်ယောက်မျှ ကယ်တင်ခြင်း မခံနိုင်ကြ။ လူသားသည် အတိတ်ကာလတွင် ဘုရားသခင်ကို မည်မျှပင် ဆန့်ကျင်ခဲ့စေကာမူ ထိုသူသည် ဘုရားသခင် အမှု၏ ရည်ရွယ်ချက်ကို နားလည်လာပြီး သူ၏ ကြိုးစားအားထုတ်မှုများကို ဘုရားသခင် ကျေနပ်စေရန် လုပ်ဆောင်သည့် နေရာတွင် နှစ်မြှုပ်ထားလိုက်မည် ဆိုပါက သူ၏ ယခင်အပြစ်များသည် ဘုရားသခင်၏ သန့်စင်ဖယ်ရှားခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူသားသည် သမ္မာတရားကို ရှာဖွေကာ၊ သမ္မာတရား၏ အကျင့်များကို ရှာဖွေနေသ၍ လူသားဘာလုပ်ခဲ့သည် ဆိုသည်ကို ဘုရားသခင်က စိတ်ထဲထားရှိ လိမ့်မည်မဟုတ်။ ယင်းသည် လူသား၏ သမ္မာတရားကို ကျင့်ခြင်းပေါ်တွင်သာ အခြေခံ၍ ဘုရားသခင်သည် လူသားကို ဆုံးဖြတ်သောကြောင့် ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်မှုပင် ဖြစ်၏။ လူသားသည် ဘုရားသခင်ကို မမြင်မီ၊ သို့မဟုတ် သူ့အမှုကို မတွေ့ကြုံမီတွင်မူ၊ လူသားတို့ ဘုရားသခင်အား မည်ကဲ့သို့ ပြုမူသည်ကို သူ၏ စိတ်ထဲ၌ အမှတ်မထား။ သို့သော် လူသားသည် ဘုရားသခင်ကို ဖူးမြင်ခြင်းနှင့် သူ့အမှုကို တွေ့ကြုံခဲ့ရပြီဆိုသည်နှင့် လူ၏ လုပ်ဆောင်ချက်အားလုံးနှင့် အပြုအမူအားလုံးတို့ကို ဘုရားသခင်က "မှတ်တမ်းစာစောင်"ထဲ၌ ရေးသွင်းပေလိမ့်မည်၊ အကြောင်းမှာ လူသားသည် ဘုရားသခင်ကို မြင်ခဲ့ပြီး၊ သူ့အမှု၌ နေထိုင်ခဲ့ရ၍ ဖြစ်၏။
လူသားသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို စစ်မှန်စွာ သိမြင်ပြီး၊ သူ၏ ထူးမြတ်ခြင်းကို သိမြင်လာကာ၊ ဘုရားသခင်အမှုကို စစ်မှန်စွာ သိကျွမ်းလာပါက၊ ထို့ထက်ပို၍ လူသား၏ ယခင် စိတ်သဘောထားသည် ပြောင်းလဲသွားသော အခါတွင် လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ဘက် ပြုတတ်သည့် သူ၏ စိတ်သဘောထားကို အပြီးတိုင် စွန့်ထုတ်ပေလိမ့်မည်။ လူတိုင်း လူတိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြပြီး၊ ပုဂ္ဂိုလ်တိုင်းသည်လည်း တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ခဲ့ကြ ဖူး၏ဟု ပြောနိုင်သည်။ သို့သော်လည်း အကယ်၍ သင်သည် လူဇာတိခံယူထားသောဘုရားသခင်ကို နာခံလိုစိတ်ရှိပါက ထိုအရာမှတစ်ဆင့် သင်၏ သစ္စာစောင့်သိမှုအားဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေလျှင်လည်းကောင်း၊ သင်လက်တွေ့ ကျင့်သုံးသင့်သည့် သမ္မာတရားကို လက်တွေ့ကျင့်သုံးမည် ဆိုလျှင်လည်းကောင်း၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကိုလည်း ထမ်းဆောင်မည် ဆိုလျှင်လည်းကောင်း၊ သင်စောင့်ထိန်းသင့်သည့် စည်းမျဉ်းများကိုလည်း စောင့်ထိန်းမည်ဆိုလျှင် သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန်အတွက် သင်၏ ပုန်ကန်ထကြွခြင်းကို ဘေးဖယ်စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်က ပြီးပြည့်စုံစေနိုင်သူ တစ်ယောက်လည်း ဖြစ်သည်။ သင်၏ အမှားများကို သဘောပေါက်လက်ခံရန် သင်ငြင်းဆိုပြီး နောင်တနှလုံးသား မရှိလျှင် လည်းကောင်း၊ သင်၏ ပုန်ကန်တတ်သော နည်းလမ်းများကိုသာ စွဲကိုင်ထားပြီး ဘုရားသခင်နှင့် အမှုပြုရန်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် နှလုံးသား လုံးဝမရှိလျှင်သော်လည်းကောင်း၊ ထိုသို့ ခေါင်းမာသော အရူးတစ်ယောက်အနေနှင့် သင်သည် အသေအချာပင် အပြစ်ပေးခံရမည်ဖြစ်ကာ ဘုရားသခင်အားဖြင့် သင်သည် မည်သည့်အခါမျှ ပြည့်စုံသူတစ်ဦး ဖြစ်လာလိမ့်မည် မဟုတ်ချေ။ အကယ်၍ ဤသို့သာဆိုလျှင်၊ သင်သည် ယနေ့ကော မနက်ဖြန်ပါ ဘုရားသခင်၏ ရန်သူဖြစ်ပြီး နောက်နေ့များတွင်ပါ သင်သည် ဘုရားသခင်၏ရန်သူ ဖြစ်နေဦးမည်ဖြစ်ကာ၊ သင်သည် ဘုရားသခင်၏ ရန်သူနှင့် အတိုက်အခံတစ်ဦး အဖြစ်နှင့်ပင် ထာဝရဖြစ်တည်နေပါလိမ့်မည်။ ဘုရားသခင်သည် သင့်ကို မည်သို့ လွတ်ခွင့်ပေးမည်နည်း။ ဘုရားသခင်ကို ဆန့်ကျင်သည်မှာ လူသား၏သဘာဝပင် ဖြစ်သော်လည်း၊ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့် "လျှို့ဝှက်ချက်များ"ကို ရည်ရွယ်ချက်ရှိစွာ ရှာဖွေခြင်း မပြုနိုင်ပါ၊ အကြောင်းမှာ လူသား၏ သဘာ၀ကို ပြောင်းလဲရန်မှာ မကျော်လွှားနိုင်သော အလုပ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ဤသို့သာဆိုပါက သိပ်နောက်မကျခင် သင်ခေါင်းရှောင်ပါက ပို၍ကောင်း၏၊ သို့မဟုတ်ပါက အနာဂတ်ရှိ သင်၏ ပြစ်တင်ဆုံးမခံရမှုမှာ သာ၍ ပြင်းထန်လာလိမ့်မည်၊ သို့မဟုတ်ပါက သင်၏ ရိုင်းစိုင်းသော သဘာဝသည် ပေါ်ထွက်လာကာ သင်၏ အသွေးသား ခန္ဓာကိုယ်ကို ဘုရားသခင်မှ အဆုံးသတ်ပေး လိုက်သည်အထိ ထိန်းမနိုင် သိမ်းမရ ဖြစ်လာပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ကောင်းချီးခံရရန် ဖြစ်ရာ အကယ်၍ အဆုံးတွင် သင်၌ အကြောင်းမလှခြင်းသာ ဖြစ်ခဲ့လျှင် အချိန်ကုန် လူပင်ပန်းရကျိုး မနပ်ပေ။ ငါသင်တို့ကို တိုက်တွန်းလိုသည်မှာ အခြားအစီအစဉ်ကို အကောင်းဆုံး တည်ဆောက်လိုက်ပါ။ အခြားသော အလေ့အကျင့်တစ်ခုခုသည် ဘုရားသခင်အတွက် ရှိနေသော သင့်ယုံကြည်ချက်ထက် ကောင်းလိမ့်မည်။ ဤလမ်းကြောင်းတစ်ခု သာမကဘဲ ထပ်၍ရှိသေးသည်မှာ သေချာပါသည်။ သမ္မာတရားကို ရှာဖွေခြင်းမပြုဘဲ သမားရိုးကျပင် သင်သည် ဆက်လက်နေထိုင် သွားလိမ့်မည်လော။ အဘယ်ကြောင့် ဘုရားသခင်နှင့် ဆန့်ကျင်ပြီး ဤအမူအကျင့်ထဲတွင် နေနေဦးမည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
No comments:
Post a Comment