လူသည် လေးနက်စွာ ရှင်သန်နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်းနှင့် သူ၏ အတွေ့အကြုံများအကြောင်းကို သိထားရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်၏ ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းမေတ္တာအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည်ဖြစ်သည်။ ယင်းသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ လက်တွေ့ကျကျ ကြိုးစားအားထုတ်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုနက်နဲသိမ်မွေ့ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအတွက် ယခင်အခြေအနေအတိုင်း ပြန်နေရန် သင့်ကိုယ်သင် ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်နှင့်မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ သင့်ကိုယ်သင် လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် လေးနက်သောဘဝ၊ တန်ဖိုးရှိသောဘဝဖြင့် ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့ရှင်သန်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်။ လေးနက်သော အသက်တာဖြစ်စေရန်နှင့် လေးနက်သောအမှန်တရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ဤသို့ဖြင့် သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် လေးနက်တည်ကြည်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦး အနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားသင့်သည်။ ယနေ့၊ သင်မည်သို့ သိမ်းပိုက်ခံရကြောင်းကိုသာ ကျေနပ်အားရနေ၍မဖြစ်၊ အနာဂတ်တွင် သင်လျှောက်လှမ်းမည့် လမ်းကြောင်းကိုလည်း သင်စဉ်းစားရမည်။ သင့်တွင် စုံလင်အောင်ပြုခံရခြင်းငှာ ရည်မှန်းချက်များနှင့် ရဲရင့်ခြင်းရှိရမည်။ သင့်ကိုယ်သင် မစွမ်းဆောင်နိုင်သူဟု အမြဲမတွေးသင့်။ သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သမ္မာတရားနောက်သို့ သင်လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်ရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက် နောက်သို့လိုက်ရန် သင့်တွင် ရည်မှန်းချက် အမှန်ရှိပါက အသက်က သင့်ကို တိမ်းရှောင်မည်လော။ သင်သည် သမ္မာတရားနှင့်အတူ မရှိလျှင် ယင်းမှာ သမ္မာတရားက သင့်ကို မသိကျိုးကျွန်ပြုခြင်း မဟုတ်ဘဲ သင်က သမ္မာတရားနှင့်ဝေးရာမှာ နေသောကြောင့်သာဖြစ်သည်။ တရားမျှတမှုအတွက် သင်ခိုင်မြဲစွာ မရပ်တည်နိုင်လျှင် ယင်းမှာ တရားမျှတမှုတွင် တစ်စုံတစ်ခု မှားယွင်းနေခြင်းမဟုတ်ဘဲ အချက်အလက်များနှင့်မညီဟု သင်ထင်သောကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ သင်ရှာဖွေသော်လည်း အသက်ကို သင်မရသေးလျှင် ယင်းမှာ အသက်တာက သင်အပေါ် စောင့်သိမှုမရှိခြင်း မဟုတ်ဘဲ သင်က အသက်တာအပေါ် မစောင့်သိဘဲ အသက်ကို မောင်းထုတ်ထားခြင်းတို့ကြောင့် ဖြစ်သည်။ သင်သည် အလင်းထဲ၌နေပြီး အလင်းကိုရယူရန် မစွမ်းဆောင်နိုင်ခဲ့ပါက သင့်အပေါ်သို့ အလင်းထွန်းတောက်ရန် မဖြစ်နိုင်ခြင်း မဟုတ်ဘဲ အလင်းတည်ရှိခြင်းကို သင်အာရုံမစိုက်သောကြောင့် အလင်းသည် သင့်ထံမှ တိတ်ဆိတ်စွာ ဖယ်ခွာသွားခြင်းသာဖြစ်သည်။ သင်ရှာမှီးခြင်း မရှိပါက သင်သည် အဖိုးမတန်သော အမှိုက်ဖြစ်သည်၊ သင့်အသက်တာတွင် ရဲရင့်ခြင်းမရှိ၊ အမှောင်စွမ်းအားကို ခုခံရန် စွမ်းအားမရှိဟုသာ ပြောနိုင်သည်။ သင်သည် ပျော့ညံ့လွန်းသည်။ သင့်ကိုဝိုင်းထားသော စာတန်၏ စွမ်းအားများမှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ ဤသို့သော လုံခြုံဘေးကင်းသောဘဝကို ဦးဆောင်ပြီး မသိနားမလည်မှုများဖြင့် သေဆုံးသွားရန်သာ သင်အလိုရှိသည်။ သင်လုပ်ဆောင်ရမည်မှာ သိမ်းပိုက်ခြင်း ခံရဖို့ဖြစ်သည်၊ ယင်းသည် သင်၏ အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ အကယ်၍ သင်သည် သိမ်းပိုက်ခံရမှုကို ကျေနပ်နေပါက အလင်းတည်ရှိမှုကို သင်မောင်းထုတ်ခြင်းဖြစ်သည်။ သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားအတွက် သင့်ကိုယ်သင် ပေးဆပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲဖြစ်ခြင်းကို ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝတစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှုအတွက် သင့်ဘဝ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ လှပကောင်းမွန်သောအရာအားလုံးကို သင်လေ့လာလိုက်စားရမည်၊ ပိုမိုလေးနက်သော ဘဝလမ်းကြောင်းကို ရှာမှီးသင့်သည်။ ဤသို့သော ပေါ့တန်သည့်ဘဝတွင် သင်နေထိုင်ပြီး မည်သည့်ရည်ရွယ်ချက်နောက်ကိုမျှ မလိုက်လျှင် သင့်ဘဝကို အချည်းနှီးဖြစ်စေသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင်ရနိုင်မည်နည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့ဖွယ်ရာများ အားလုံးကို သင်ကျောခိုင်းသင့်ပြီး ပျော်ရွှင်မှုအနည်းငယ်အတွက် သမ္မာတရားအားလုံးကို မစွန့်ပယ်သင့်။ ဤကဲ့သို့သောသူများတွင် သမာဓိ၊ သို့မဟုတ် ဂုဏ်သိက္ခာ မရှိ၊ သူတို့၏ ဖြစ်တည်မှုသည် အဓိပ္ပာယ်အလျှင်းမရှိ။
ဘုရားသခင်သည် လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ အကြောင်းမှာ ယင်းသည် သူ၏အလုပ် လိုအပ်ချက်အရ ဖြစ်သည့်အပြင် လူအတွက်လည်း လိုအပ်ပေသည်။ လူသည် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံယူရန် လိုအပ်ပြီး သို့မှသာ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ရရှိနိုင်မည်။ ယနေ့၊ သင်တို့သည် လုံးလုံးလျားလျား ယုံကြည်သွားခဲ့ပြီ။ သို့သော် သင်တို့ အနည်းငယ်မျှ အနှောင့်အယှက်ဖြစ်သွားလျှင် ဒုက္ခ ရောက်တော့သည်။ သင်တို့၏ ဝိညာဉ်ရေးရာအသက်တာသည် အလွန်သေးငယ်လှပြီး ပိုမိုလေးနက်သော အသိကို ရရှိရန်အတွက် ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင်တို့ ပိုမိုကြုံတွေ့ရန် လိုနေသေးသည်။ ယနေ့ သင်တို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့သည်၊ သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း သင်တို့သိသည်၊ သို့သော် ဖြူစင်သော ချစ်ခြင်းကို သင်တို့ရရှိရန် မဆိုထားနှင့် သူ့အား နက်ရှိုင်းသောချစ်ခြင်း မရှိလျှင် သင်တို့၏ အသိပညာသည် အလွန်အပေါ်ယံဆန်လှပြီး သင်တို့၏ အရေးပါမှုသည် မလုံလောက်သေးပါ။ သင်တို့သည် ပတ်ဝန်းကျင်တစ်ခုနှင့် အမှန်တကယ် ကြုံကြိုက်ချိန်တွင် သင်တို့သည် သက်သေခံခြင်း မရှိသေးပါက သင်တို့၏ ကြိုးစားအားထုတ်မှု အနည်းငယ်သည်သာ လက်တွေ့ကျပြီး မည်သို့လက်တွေ့ကျင့်ကြံရမည်ကို သင်တို့မသိပါ။ လူအများစုသည် မတုန်မလှုပ်နှင့် တက်ကြွမှု မရှိကြ၊ သူတို့သည် ဘုရားသခင်အား သူတို့၏ နှလုံးသားထဲ၌သာ တိတ်တဆိတ် ချစ်ကြ၏၊ သို့သော် အကျင့် မရှိကြ၊ သို့မဟုတ် သူတို့၏ ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း မသိကြ။ စုံလင်အောင်ပြုခံရပြီးသောသူများသည် ပုံမှန်လူ့သဘောသဘာဝကို ပိုင်ဆိုင်ကြရုံမျှမက အသိစိတ်အတိုင်းအတာ ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်၊ ယင်းတို့သည် အသိစိတ် စံချိန်စံနှုန်းများထက်ပင် ပိုမိုမြင့်မားသေးသည်။ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် သူတို့၏တည်ကြည်မှုကို အသုံးပြုရုံသာမက ထို့ထက်ပို၍ သူတို့သည် ဘုရားသခင်ကို သိခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်သည် ချစ်ခင်နှစ်သက်ဖွယ် ဖြစ်ကြောင်းနှင့် လူတို့၏ ချစ်ခြင်းကို ထိုက်တန်ကြောင်းကို မြင်ခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်ကို ချစ်ခြင်းကလွဲ၍ တစ်ခြားဘာမျှ လူက မတတ်နိုင်သည့် ဘုရားသခင်ကို ချစ်ရန် အကြောင်းများစွာရှိပေသည်။ စုံလင်အောင်ပြုခံရပြီးသော သူများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖြစ်သည်။ ယင်းမှာ အတုံ့အပြန်ကိုမတောင်းဆိုဘဲ အပေးအယူမပါသည့် အလိုအလျောက်ဖြစ်သော မေတ္တာဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို ချစ်ကြသည့်အကြောင်းမှာ ဘုရားသခင်ကို သိခြင်းအရာကြောင့်သာ ဖြစ်သည်။ ထိုသို့သောသူတို့သည် ၎င်းတို့အပေါ်သို့ ဘုရားသခင် ကျေးဇူးတော်များ အပ်နှင်းသည်ဖြစ်စေ မအပ်နှင်းသည်ဖြစ်စေ ဂရုမပြုပါ၊ ဘုရားသခင်အား ကျေနပ်နှစ်သိမ့်စေရန်ထက် ပိုသော ကျေနပ်အားရခြင်းမျိုး မရှိပါ။ သူတို့သည် ဘုရားသခင်နှင့် အပေးအယူမလုပ်ကြသလို ဘုရားသခင်အပေါ် ထားရှိသည့် သူတို့၏မေတ္တာကို အသိစိတ်ဖြင့် မတိုင်းတာကြပါ- ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ သို့ကြောင့် အပြန်အလှန်အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပါသည်၊ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင် ကိုယ်တော့်ကို ပြန်ပေးစရာ ကျွန်ုပ်တွင် ဘာမျှမရှိပါ။ စုံလင်အောင်ပြုခြင်းခံရပြီးသောသူများက ဘုရားခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူသည် ငါတို့အပေါ်၌ သူ့အမှုကို ဆောင်ရွက်သည်ဟု အမြဲယုံကြည်ကြသည်။ ငါ့ထံ၌ ထိုအခွင့်အရေး၊ အခြေအနေနှင့် စုံလင်စေခြင်းခံရရန် အရည်အချင်းပြည့်မီခြင်းတို့ ရှိသောကြောင့် ငါ၏ ကြိုးပမ်းမှုမှာ လေးနက်သော အသက်တာကို ရှင်သန်ရန်သာဖြစ်ပြီး ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်အောင် ငါလုပ်ဆောင်ပေးရမည်။ ယင်းမှာ ပေတရုတွေ့ကြုံသကဲ့သို့ပင် ဖြစ်သည်၊ သူအားအနည်းဆုံးအချိန်တွင် ဘုရားသခင်ထံ သူဆုတောင်းခဲ့သည် “အို ဘုရားသခင်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်အမြဲ သတိရကြောင်းကို ကိုယ်တော်သိပါ၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုသည်ကို ကိုယ်တော်သိပါ၏။ သို့သော် ကျွန်ုပ်၏ ဝိညာဉ်အသက်တာသည် အလွန်သေးငယ်ပါ၏၊ ကျွန်ုပ်သည် အလွန်အားနည်းပြီး စွမ်းအားနည်းလှပါ၏။ ကျွန်ုပ်၏မေတ္တာသည် နည်းပါးပြီး ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားမှန်ကန်မှုမှာ အလွန်အားနည်းပါ၏။ ကိုယ်တော်၏မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်ပါ။ ကျွန်ုပ်၏အသက်တာကို အချည်းနှီးမဖြစ်စေရန်သာ ကျွန်ုပ်လိုလားပြီး ကိုယ်တော်၏မေတ္တာကို ပြန်လည်ပေးနိုင်ရုံမက ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ဆန္ဒရှိပါသည်။ လူသတ္တဝါ တစ်ဦးအနေဖြင့် ကိုယ်တော်စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်ပါက ကျွန်ုပ်စိတ်နှလုံးတွင် ငြိမ်းချမ်းခြင်းကို ရမည်ဖြစ်ပြီး ကျွန်ုပ်ထပ်မံမတောင်းဆိုတော့ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အားအင်ချည့်နဲ့သော်လည်း ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်ပါ၊ ထို့ပြင် ကိုယ်တော်၏ မေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။ ယခု ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို တုံ့ပြန်ရုံသာ လုပ်ဆောင်ပါသည်။ အို ဘုရားသခင်၊ ကျွန်ုပ် စိတ်မသက်သာပါ။ ကျွန်ုပ်၏ နှလုံးသားထဲ၌ရှိသော မေတ္တာကို ကိုယ်တော့်ထံ မည်သို့ပေးနိုင်ပါမည်နည်း၊ ကျွန်ုပ်အစွမ်းရှိသမျှ မည်သို့လုပ်နိုင်ပါမည်နည်း၊ ကိုယ်တော်၏ အလိုတော်များကို ဖြည့်ဆည်းရန် မည်သို့တတ်စွမ်းပါမည်နည်း၊ ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ မည်သို့ ဆက်ကပ်အပ်နှံနိုင်မည်နည်း။ လူ၏အားနည်းချက်ကို ကိုယ်တော်သိပါ၏၊ ကိုယ်တော်၏ မေတ္တာနှင့် ကျွန်ုပ် မည်သို့ထိုက်တန်ပါမည်နည်း။ အို ဘုရားသခင်၊ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်အသက်တာသာ ရှိသူဖြစ်ပြီး ကျွန်ုပ်၏မေတ္တာသည် အလွန်အားနည်းပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် မည်သို့အကောင်းဆုံး လုပ်ဆောင်နိုင်ပါမည်နည်း။ ကိုယ်တော်၏မေတ္တာကို ပေးဆပ်သင့်ကြောင်း ကျွန်ုပ်သိပါ၏၊ ကျွန်ုပ်ထံတွင် ရှိသမျှအရာ အားလုံးကို ကိုယ်တော့်ထံ ပေးအပ်သင့်ကြောင်း ကျွန်ုပ်သိပါ၏၊ သို့သော် ယနေ့ ကျွန်ုပ်၏ ဝိညာဉ်အသက်တာမှာ အလွန်သေးငယ်နေပါသည်။ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးပါမည့်အကြောင်း ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏၊ သို့မှသာ ကိုယ်တော့်ထံသို့ အပ်နှံရန် ဖြူစင်သောမေတ္တာကို ကျွန်ုပ်ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ထံတွင် ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများအပြင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ရှုမြင်ခွင့်ကို ကျွန်ုပ်အား ကိုယ်တော်ပေးခဲ့ပါ၏၊ ကျွန်ုပ်သည် ကိုယ်တော်ကို မချစ်ရန် မတတ်စွမ်းနိုင်ပါ၊ ယနေ့ကျွန်ုပ်သည် ခွန်အားနည်းပြီး စွမ်းအားမရှိသော်လည်း ကိုယ်တော်ကို ကျွန်ုပ်မည်သို့မေ့နိုင်ပါမည်နည်း။ ကိုယ်တော်၏မေတ္တာ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကိုယ်တော့်ကို ကျွန်ုပ်သိလာစေရန်ဖြစ်သည်။ သို့သော် ကိုယ်တော်သည် အလွန်ကြီးမြတ်တော်မူသည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ဖြည့်ဆည်းရန် မတတ်စွမ်းနိုင်ဟုလည်း ခံစားရသည်။ ကျွန်ုပ်တွင် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံသို့ မည်သို့အပ်နှံနိုင် မည်နည်း။” ယင်းသည် ပေတရု၏ တောင်းဆိုချက်ဖြစ်သည်၊ သို့သော် သူ၏ဝိညာဉ်အသက်တာမှာ မလုံလောက်ပါ။ ဤအခိုက်အတန့်တွင်၊ သူ့နှလုံးသားထဲတွင် ဓားဖြင့် အမွှေခံရသကဲ့သို့ ခံစားရပြီး သောကများနေသည်။ ထိုကဲ့သို့သော အခြေအနေများတွင် မည်သို့လုပ်ရမည်ကိုမသိ ဖြစ်နေခဲ့သည်။ သို့တိုင် သူသည် ဆက်လက်ဆုတောင်းနေခဲ့သည်၊ “အို ဘုရားသခင်၊ လူသည် ကလေးဆန်သော ဝိညာဉ်အသက်တာသာရှိပါ၏၊ သူ၏အသိစိတ်မှာ ချည့်နဲ့လှပြီး ကျွန်ုပ်ရနိုင်သည်မှာ ကိုယ်တော်၏မေတ္တာကို ပေးဆပ်ရန်ပင်ဖြစ်သည်။ ယနေ့၊ ကိုယ်တော်၏ အလိုတော်များကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ကို ကျွန်ုပ်မသိပါ၊ ကျွန်ုပ်တတ်နိုင်သမျှ လုပ်ဆောင်ရန်၊ ကျွန်ုပ်တွင်ရှိသမျှကို ပေးအပ်ရန်နှင့် ကျွန်ုပ်တွင်ရှိသမျှကို ကိုယ်တော့်ထံ အပ်နှံရန်သာ ကျွန်ုပ်လိုလားပါ၏။ ကိုယ်တော်၏ တရားစီရင်မှု မည်သို့ပင်ဖြစ်ပါစေ၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှု မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသည့်အရာများ မည်သို့ပင်ဖြစ်ပါစေ၊ ကျွန်ုပ်ထံမှ ဖယ်ရှားလိုက်သောအရာများ မည်သို့ပင်ဖြစ်ပါစေ၊ ကိုယ်တော့်ကို စောဒကတက်ခြင်း အလျှင်းပင် မရှိပါစေနှင့်။ ကြိမ်ဖန်များစွာ ကိုယ်တော် ကျွန်ုပ်ကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည့်အခါ၊ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ညည်းတွားမိခဲ့ပြီး ဖြူစင်မှုကိုရယူခြင်း သို့မဟုတ် ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့ကို မလုပ်ဆောင်နိုင်ခဲ့ပါ။ ကိုယ်တော်၏မေတ္တာအတွက် ကျွန်ုပ်၏ ပေးဆပ်မှုမှာ ဝမ်းတွင်းစေ့ဆော်မှုဖြစ်ပြီး ဤအချိန်တွင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပို၍ပင် မုန်းမိပါသေးသည်။” ထိုသို့ဖြစ်ခြင်းမှာ ဤနည်းဖြင့် ပေတရုဆုတောင်းခဲ့သည့် ဘုရားသခင်၏ ပိုမိုဖြူစင်သည့်မေတ္တာကို သူရှာဖွေခဲ့ခြင်းကြောင့်ဖြစ်သည်။ သူရှာဖွေနေခဲ့ပြီး တောင်းပန်တိုးလျှိုးနေခဲ့သည်၊ ထို့အပြင် သူ့ကိုယ်သူ တန်ပြန်စွပ်စွဲနေခဲ့ပြီး သူ၏အပြစ်များကို ဘုရားသခင်ထံ ဝန်ခံနေခဲ့သည်။ သူသည် ဘုရားသခင်ထံ အကြွေးတင်နေသကဲ့သို့ ခံစားနေခဲ့ရပြီး သူ့ကိုယ်သူ မုန်းတီးစိတ်ဝင်ခဲ့သည်၊ သို့သော် သူသည် အနည်းငယ် ဝမ်းနည်းနေခဲ့ပြီး မတုန်မလှုပ်ဖြစ်နေခဲ့သည်။ သူသည် ဘုရားသခင်၏ အလိုတော်များအတွက် ပြည့်စုံကောင်းမွန်ခြင်း မရှိသလို၊ အကောင်းဆုံး မလုပ်ဆောင်နိုင်သလို အမြဲခံစားခဲ့ရသည်။ ထိုသို့သောအခြေအနေများတွင် ပေတရုသည် ယောဘ၏ယုံကြည်မှုကို ရှာဖွေဆဲဖြစ်သည်။ ယောဘ၏ ယုံကြည်မှုသည် မည်မျှကြီးမြတ်ကြောင်း သူမြင်ခဲ့သည်။ ယောဘသည် သူ့၌ရှိသည့် အရာများအားလုံးသည် ဘုရားသခင်က အပ်နှင်းထားခြင်း ဖြစ်ကြောင်းနှင့် သူ့ထံမှ အလုံးစုံကိုယူရန် ဘုရားသခင်အတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ ဘုရားသခင်အလိုရှိသည့် မည်သူ့မဆိုထံသို့ ပေးလိမ့်မည်ဖြစ်ကြောင်းတို့ကို သိမြင်ခဲ့သည့်အတွက်ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပင်ဖြစ်သည်။ ယောဘသည် စောဒကမတက်ဘဲ ဘုရားသခင်ကို ချီးမွမ်းနေမြဲဖြစ်သည်။ ပေတရုသည်လည်း မိမိအကြောင်းကို သိခဲ့ပြီး သူ၏စိတ်နှလုံးထဲတွင် ဆုတောင်းခဲ့သည်၊ “ယနေ့ ကျွန်ုပ်၏အသိစိတ်ကို အသုံးပြုပြီး ကိုယ်တော်၏မေတ္တာကို ပေးဆပ်ခြင်းနှင့် ကိုယ်တော့်ထံသို့ မည်မျှပင် ပြန်ချစ်စေကာမူ ကျွန်ုပ်ကျေနပ်မနေသင့်ပါ။ အကြောင်းမှာ ကျွန်ုပ်၏အတွေးများသည် အလွန်ဖောက်ပြန်နေပြီး ကိုယ်တော့်အား ဖန်ဆင်းရှင်အဖြစ်မြင်ရန် ကျွန်ုပ်မစွမ်းသာသောကြောင့်ဖြစ်သည်။ ကျွန်ုပ်သည် ကိုယ်တော်ကိုချစ်ရန် မသင့်လျော်သေးသောကြာင့် ကျွန်ုပ်တွင်ရှိသော အရာများအားလုံးကို ကိုယ်တော့်ထံသို့ အပ်နှံနိုင်စွမ်းကို ကျွန်ုပ် လိုလိုလားလား ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ ကိုယ်တော်လုပ်ဆောင်ပြီးသည့် အရာအားလုံးကို ကျွန်ုပ်သိရမည်၊ ကျွန်ုပ်တွင် ရွေးချယ်စရာမရှိပါ၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်ရှုမြင်ရမည်၊ ကိုယ်တော်၏ ကျေးဇူးတော်များကို ချီးမွမ်းနိုင်ရမည့်အပြင် ကိုယ်တော်၏မြင့်မြတ်သန့်ရှင်းသော နာမတော်ကို ချီးမြှောက်မည်၊ သို့နှင့် ကိုယ်တော်သည် ကျွန်ုပ်အားဖြင့် ကြီးစွာသော ဘုန်းတော်ကိုရနိုင်မည်။ ကိုယ်တော့်အား သက်သေခံရာတွင် ကျွန်ုပ်မြဲမြံစွာ ရပ်တည်လိုပါသည်။ အို ဘုရားသခင်၊ ကိုယ်တော့်၏ ချစ်ခြင်းမေတ္တာသည် အလွန်ပင် အဖိုးထိုက်၍ လှပပေ၏။ မာရ်နတ်လက်ထဲတွင် ကျွန်ုပ် မည်သို့အသက်ရှင်ချင်ပါမည်နည်း။ ကျွန်ုပ်အား ကိုယ်တော်ဖန်ဆင်းသည် မဟုတ်ပါလော။ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ်မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။ ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ် နေလိုပါသည်။ မာရ်နတ်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရန် ကျွန်ုပ်မလိုလားပါ။ ကျွန်ုပ်ကို ဖြူစင်စေနိုင်၍ ကျွန်ုပ်၏အလုံးစုံကို ကိုယ်တော့်ထံ အပ်နှံနိုင်ပါက ကိုယ်တော်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအတွက် ကျွန်ုပ်၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်လိုပါသည်။ ဤသည်မှာစာတန်ကို ကျွန်ုပ်စက်ဆုပ်ပြီး သူ၏အုပ်စိုးမှုအောက်တွင် မနေလိုသည့်အတွက်ဖြစ်သည်။ ကျွန်ုပ်ကို တရားစီရင်ခြင်းအားဖြင့် ကိုယ်တော်သည် ကိုယ်တော်၏ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသသည်။ ကျွန်ုပ်သည် ပျော်ရွှင်ပြီး စောဒက အနည်းငယ်မျှပင် မရှိပါ။ လူသတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ်ထမ်းဆောင်နိုင်မည်ဆိုပါက ကျွန်ုပ်၏ ဘဝတစ်ခုလုံးတွင် ကိုယ်တော်၏ တရားစီရင်မှု အတူပါရှိရန် လိုလားပါသည်။ ယင်းမှ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်သိလာနိုင်ပြီး မာရ်နတ်၏ သြဇာလွှမ်းမိုးမှုအောက်မှ ကျွန်ုပ်ကိုယ်ကို ဖယ်ရှားနိုင်ပါမည်။” ပေတရုသည် ဤသို့ အမြဲဆုတောင်းခဲ့သည်၊ ဤသို့ အမြဲရှာဖွေခဲ့သည်၊ ထို့နောက် ပိုမြင့်မားသော နယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ဘုရားသခင်၏မေတ္တာကို သူပြန်လည်ပေးဆပ်နိုင်ရုံသာမက ပိုမိုအရေးကြီးသည့် လူသတ္တဝါတစ်ဦး၏ တာဝန်ကိုလည်းကျေခဲ့သည်။ သူ၏အသိစိတ်အားဖြင့် စွပ်စွဲမခံရရုံသာမဟုတ် အသိစိတ် စံချိန်စံနှုန်းများကို ကျော်သွားနိုင်ခဲ့သည်။ သူ၏ဆုတောင်းသံများသည် ဘုရားသခင်၏ ရှေ့တော်မှောက်ထိ ဆက်လက် ရောက်ရှိခဲ့သည်၊ ဥပမာ သူ၏ရည်မှန်းချက်များသည် အမြဲပိုမိုမြင့်မားနေပြီး ဘုရားသခင်ကိုချစ်သော သူ့မေတ္တာမှာ အမြဲပိုမိုကြီးမားခဲ့သည်။ သူသည် နာကျင်မှုကို မချိမဆံ့ခံစားခဲ့ရသော်လည်း ဘုရားသခင်အား ချစ်ရန် သူမမေ့ခဲ့ပေ၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းကို ရရှိရန် သူဆက်လက် ရှာဖွေခဲ့သည်။ အောက်ပါစကားများဖြင့် သူဖွင့်ဟ ဆုတောင်းခဲ့သည်၊ ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပေးဆပ်ခြင်းသာ လုပ်ဆောင်ခဲ့ပြီးပါပြီ။ စာတန်၏ရှေ့တွင် ကိုယ်တော့်အတွက် သက်သေခံခြင်း မရှိခဲ့ပါ၊ စာတန်၏ သြဇာလွှမ်းမိုးမှုမှ ကျွန်ုပ်ကိုယ်ကို လွတ်မြောက်အောင် မလုပ်ဆောင်ခဲ့ဘဲ ဇာတိပကတိအလယ်၌ နေထိုင်ဆဲဖြစ်သည်။ စာတန်ကို အနိုင်ယူရန် ကျွန်ုပ်၏ မေတ္တာကို အသုံးပြုလိုပြီး အရှက်ရစေလိုသည်၊ သို့ဖြင့် ကိုယ်တော်၏ အလိုဆန္ဒကို ဖြည့်ဆည်းလိုပါသည်။ စာတန်သည် ကိုယ်တော်၏ ရန်သူဖြစ်သောကြောင့် ကျွန်ုပ်၏ အစိတ်အပိုင်း သေးသေးကလေးမျှပင် စာတန်ဆီသို့ မပေးလိုဘဲ ကိုယ်တော့်ထံသာ ကျွန်ုပ်၏အလုံးစုံကို ပေးအပ်လိုပါသည်။ ဤလမ်းကြောင်းတွင် သူပိုမိုရှာဖွေလေလေ၊ သူပိုမို လှုံ့ဆော်ခံရလေလေ၊ ဤအကြောင်းကိစ္စများအကြောင်း သူ့အသိပညာ မြင့်မားလေလေဖြစ်ပေသည်။ ယင်းကို သတိမမူမိဘဲ သူ့ကိုယ်သူ စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင်လုပ်သင့်ကြောင်းနှင့် ဘုရားသခင်ထံသို့ လုံးလုံးလျားလျား ပြန်သွားသင့်ကြောင်း သူသိလာခဲ့သည်။ ဤသည်မှာ သူရရှိခဲ့သော နယ်ပယ်ဖြစ်သည်။ သူသည် စာတန်၏သြဇာလွှမ်းမိုးမှုကို ကျော်လွှားခဲ့ပြီး ဇာတိပကတိ၌ သာယာမှုနှင့် ပျော်မွေ့မှုမှ သူ့ကိုယ်သူ ဖယ်ရှားခဲ့ကာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နှစ်ခုလုံးကို ထူးထူးခြားခြား ပိုမိုတွေ့ကြုံရန် လိုလားလျက်ရှိသည်။ “ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုနှင့် ကိုယ်တော်၏ တရားစီရင်မှုအလယ်၌ ကျွန်ုပ်နေထိုင်ပါသော်လည်း၊ ဖြစ်ပေါ်လာသော အခက်အခဲများ မည်သို့ပင်ရှိစေကာမူ စာတန်၏ အုပ်စိုးမှုအောက်တွင် မနေထိုင်လိုပါ၊ စာတန်၏လှည့်စားမှုများကို မခံစားလိုပါ။ ကိုယ်တော်၏ ကျိန်ခြင်းများကြားတွင် နေထိုင်ရင်း ပျော်ရွှင်ပြီး အလွန်ဝမ်းမြောက်စေပါသည်၊ စာတန်၏ ကောင်းချီးများအကြားတွင် နေထိုင်ရခြင်းမူ ကျွန်ုပ်ကို နာကျင်စေပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်းအလယ်၌ နေထိုင်ခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး၊ ယင်းအရာသည် ကျွန်ုပ်အား ကြီးစွာသောဝမ်းမြောက်ခြင်းကို ယူဆောင်လာပေးပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ဖြောင့်မတ်ပြီး မြင့်မြတ်သန့်ရှင်းသည်၊ ယင်းမှာ ကျွန်ုပ်ကို သန့်ရှင်းစေရုံသာမက ကျွန်ုပ်ကို ကယ်တင်ရန်လည်း ဖြစ်သည်။ ကိုယ်တော်၏ စောင့်ရှောက်မှုအောက်တွင် နေရန် ကိုယ်တော်၏ တရားစီရင်မှုအလယ်၌ ကျွန်ုပ်၏ ဘဝတစ်ခုလုံး နေထိုင်သွားရန် ဆန္ဒရှိပါသည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် တစ်ခဏလေးမျှပင် မနေလိုပါ။ စာတန်၏ အသုံးချမှုနှင့် လှည့်စားမှုကို မခံလိုပါ၊ အခက်အခဲများ ခံစားစေရန် ကိုယ်တော်အားဖြင့် ကျွန်ုပ်သည် သန့်ရှင်းခြင်းသို့ရောက်ရန် လိုလားပါသည်။ ဤလူသတ္တဝါဖြစ်သော ကျွန်ုပ်အား ကိုယ်တော် အသုံးပြုသင့်ပါသည်၊ ကိုယ်တော်ပိုင်သင့်ပါသည်၊ ကိုယ်တော် တရားစီရင်သင့်ပါသည်၊ ကိုယ်တော် ပြစ်တင်ဆုံးမသင့်ပါသည်။ ကိုယ်တော်၏ ကျိန်ခြင်းကိုပင် ကျွန်ုပ်ခံသင့်ပါသည်။ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်မြင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ကျွန်ုပ်အား ကိုယ်တော် ကောင်းချီးပေးလိုသည့်အခါ ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်လှပါသည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်၊ ကိုယ်တော့်ကို ကျွန်ုပ်သစ္စာမဖောက်သင့်၊ စာတန်၏အုပ်စိုးမှုအောက်တွင် မနေသင့် သို့မဟုတ် စာတန်၏ အသုံးချမှုကို မခံသင့်ပါ။ စာတန်အတွက် အသက်ရှင်မည့်အစား ကျွန်ုပ်သည် ကိုယ်တော်၏မြင်း၊ သို့မဟုတ် နွားဖြစ်သင့်ပါသည်။ ရုပ်ပိုင်းဆိုင်ရာသုခများ မရှိဘဲ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုအလယ်၌ အသက်ရှင်လိုပါသည်၊ အကယ်၍ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်ဆုံးရှုံးရလျှင်ပင် ယင်းသည် ကျွန်ုပ်အား ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးပါလိမ့်မည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်နှင့်အတူမရှိသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကျွန်ုပ်ပျော်မွေ့ပါသည်။ ယင်းသည် ကိုယ်တော်၏ အကောင်းဆုံးသော ကောင်းချီးမင်္ဂလာ၊ အကြီးမားဆုံးသော ကျေးဇူးတော်ပင်ဖြစ်သည်။ ကိုယ်တော်သည် ဘုန်းအာနုဘော်နှင့် အမြဲထည်ဝါပြီး ကျွန်ုပ်အပေါ် အမျက်ဒေါသရှိသော်လည်း ကျွန်ုပ်ကိုယ်တော့်ကို မစွန့်ခွာနိုင်ပါ၊ ကိုယ်တော်အား လုံလောက်အောင်ပင် မချစ်နိုင်သေးပါ။ ကိုယ်တော်၏ အိမ်တော်တွင် ကျွန်ုပ်နေလိုပါသည်၊ ကိုယ်တော်၏ ကျိန်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ရိုက်နှက်ခြင်းကို ခံလိုပြီး စာတန်၏အုပ်စိုးမှုအောက်တွင် မနေလိုသကဲ့သို့ ဇာတိပကတိအတွက် အသက်ရှင်ဖို့ မဆိုထားနှင့် ဇာတိပကတိအတွက်သာ လှုပ်ရှားရုန်းကန်နေရန် အလိုမရှိပါ” ဟု သူပြောခဲ့သည်။ ပေတရု၏ မေတ္တာသည် စင်ကြယ်သော မေတ္တာတစ်ခုဖြစ်သည်။ ယင်းသည် စုံလင်အောင်ပြုခံရခြင်း၏ အတွေ့အကြုံဖြစ်ပြီး စုံလင်အောင်ပြုခံရခြင်း၏ အမြင့်မားဆုံး နယ်ပယ်ဖြစ်ကာ ထို့ထက်ပို၍ လေးနက်သော အသက်တာ မရှိတော့ပါ။ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံခဲ့သည်၊ သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တန်ဖိုးထားခဲ့ပြီး ပေတရုတွင် ထို့ထက် ပိုမိုအဖိုးထိုက်တန်ခြင်းကား မရှိတော့ပါ။ သူက “စာတန်သည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သာယာကြည်နူးမှုများကို ပေးသော်လည်း ကျွန်ုပ်သည် ယင်းတို့ကို တန်ဖိုးမထားပါ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ကျွန်ုပ်ပေါ်သို့ ကျရောက်သည်၊ ဤ၌ ကျွန်ုပ်သည် ကျေးဇူးတော်ကို ခံစားရသည်၊ ဤ၌ ပျော်ရွှင်မှုကို ကျွန်ုပ်တွေ့ရှိသည့်အပြင် ဤ၌ ကောင်းချီးကို ကျွန်ုပ်ခံစားရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့်သာ မဟုတ်ခဲ့ပါမူ ကျွန်ုပ်သည် ဘုရားသခင်အား မည်သည့်အခါမျှ ချစ်လိမ့်မည် မဟုတ်ပါ၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက် နေနေရဆဲ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ၎င်း၏ထိန်းချုပ်ခြင်းကို ခံနေရဆဲ ဖြစ်လိမ့်မည်ဖြစ်ကာ၊ ၎င်း၏ အမိန့်ပေးစေခိုင်းခြင်းကို ခံနေရဆဲ ဖြစ်ပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့ပါလျှင်မူ ကျွန်ုပ်သည် ဘုရားသခင်အား ကျေနပ်နှစ်သိမ့်စေခြင်းငှာ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သည့်အတွက် ကျွန်ုပ်သည် မည်သည့်အခါကမျှ စစ်မှန်သည့် လူသတ္တဝါ ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ ကျွန်ုပ်၏ အလုံးစုံကိုလည်း ဘုရားသခင်ထံ ဆက်ကပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ။ ငြိမ်းချမ်းခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိဘဲ ကျွန်ုပ်၏အတွင်းထဲတွင် လောင်ကျွမ်းနေသည့်အလား ကျွန်ုပ်စိတ်နှလုံးတွင်းထဲ၌ နှစ်သိမ့်မှုမရှိဘဲဖြစ်စေလျက် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးမပေးစေကာမူ ဘုရားသခင်သည် ကျွန်ုပ်အား အမြဲတစေ ပြစ်တင်ဆုံးမကာ ဆုံးမပဲ့ပြင်ပေးနေစေကာမူ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတွင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်ရှုမြင်နိုင်ပါသည်။ ဤအမှုတွင် ကျွန်ုပ်ပျော်ရွှင်ကြည်နူးမိပါသည်၊ အသက်တာတွင် ထို့ထက် ပို၍ တန်ဖိုးရှိသောအရာ သို့မဟုတ် ပို၍လေးနက်သောအရာ မရှိပါ။ ကိုယ်တော်၏ အကာအကွယ်ပေးမှုနှင့် စောင့်ရှောက်မှုတို့သည် ရက်စက်သော ပြစ်တင်ဆုံးမမှု၊ တရားစီရင်မှု၊ ကျိန်ခြင်းများနှင့် ရိုက်နှက်ခြင်းတို့ ဖြစ်လာခဲ့သော်လည်း ယင်းတို့တွင် ကျွန်ုပ်မွေ့လျော်လျက်ပင်ဖြစ်သည်၊ အကြောင်းမှာ ယင်းတို့သည် ကျွန်ုပ်အား သာ၍သန့်ရှင်းစင်ကြယ်စေကာ၊ ကျွန်ုပ်ကို ပြုပြင်ပြောင်းလဲပေးနိုင်ပြီး၊ ဘုရားသခင်နှင့် ပိုမိုနီးစေ၍၊ ဘုရားသခင်အား ပိုမိုချစ်နိုင်စေကာ ဘုရားသခင်ကိုချစ်သည့် မေတ္တာကိုလည်း ပိုမိုဖြူစင်စေပါသည်။ ဤသည်က လူသတ္တဝါတစ်ဦးအဖြစ် ကျွန်ုပ်၏တာဝန်ကို ကျေပွန်စေပြီး ဘုရားသခင်ရှေ့တော်သို့ ကျွန်ုပ်အား ဆောင်ယူပြီး စာတန်၏ သြဇာလွှမ်းမိုးမှုမှ ကင်းဝေးစေကာ ကျွန်ုပ်အနေဖြင့် စာတန်ကို အစေခံတော့မည် မဟုတ်ပါ။ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ်မနေထိုင်ဘဲ၊ မည်သည့်အရာကိုမျှ ထိမ်ချန်ခြင်းမရှိ၊ ကျွန်ုပ်၌ရှိသော အရာအားလုံးနှင့် ကျွန်ုပ်လုပ်နိုင်သမျှ အားလုံးတို့ကို ဘုရားသခင်ထံ အပ်နှံနိုင်သည့် အချိန်သည်၊ ကျွန်ုပ်လုံးလုံးလျားလျား ကျေနပ်နှစ်သိမ့်သည့် အချိန်ပင် ဖြစ်လိမ့်မည်။ ကျွန်ုပ်ကို ကယ်တင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်ပြီး ကျွန်ုပ်၏ အသက်တာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ခွဲခြားထား၍ မရပါ။ ကမ္ဘာပေါ်ရှိ ကျွန်ုပ်၏ အသက်တာသည် စာတန်၏ အုပ်စိုးမှုအောက်တွင်ရှိပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အကာအကွယ်ပေးမှုနှင့် စောင့်ရှောက်မှုတို့ကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်ုပ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အမြဲနေထိုင်သွားရခြင်း၊ ထို့ပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်သွားရန် အခွင့်အရေး သို့မဟုတ် နည်းနာများ ကျွန်ုပ်၌ရှိခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ကျွန်ုပ်နှင့်အတူ အမြဲရှိမှသာ ကျွန်ုပ်ကို ဘုရားသခင်သန့်ရှင်းစေနိုင်မည်။ ကြမ်းတမ်းသော စကားများနှင့် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်သဘောထားအပြင် ဘုရားသခင်၏ ဘုန်းအာနုဘော်ရှိသော တရားစီရင်ခြင်းဖြင့်သာ ကျွန်ုပ်သည် အထူးအကာအကွယ်ကိုရရှိပြီး အလင်းအောက်တွင် အသက်ရှင်ကာ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိခဲ့ခြင်းဖြစ်သည်။ သန့်ရှင်းစေခြင်းခံရခြင်းငှာ တတ်စွမ်းနိုင်ခြင်း၊ ကျွန်ုပ်ကိုယ်ကို စာတန်ထံမှ လွတ်မြောက်နိုင်စေခြင်းနှင့် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေထိုင်နိုင်ခြင်း၊ ယင်းသည် ယနေ့ ကျွန်ုပ်၏အသက်တာတွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာဖြစ်ပါသည်” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ပေတရုတွေ့ကြုံခဲ့သည့် အမြင့်ဆုံးသော နယ်ပယ်ဖြစ်သည်။
ယင်းတို့မှာ လူသည် စုံလင်စေခြင်းကို ခံရပြီးနောက် ရရှိရမည့် အခြေအနေများဖြစ်သည်။ သင်သည် ဤမျှလောက် မရရှိနိုင်ပါက အဓိပ္ပာယ်ရှိသော အသက်တာဖြင့် သင်မရှင်သန်နိုင်ပါ။ လူသည် ဇာတိပကတိအကြားတွင် နေထိုင်သည်၊ ဆိုလိုသည်မှာ သူသည် လူ့ငရဲတွင် နေထိုင်နေပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ လူသည် စာတန်ကဲ့သို့ ဆိုးညစ်လေသည်။ လူသည် မည်သို့သန့်ရှင်းမြင့်မြတ် နိုင်ပါမည်နည်း။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူ၏အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကျေးဇူးတော်ပင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့်သာ လူသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော စည်းကမ်းများသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လူကို ပယ်ရှားပေးသည်။ သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှ လွတ်မြောက်စေပြီး ဘုရားသခင်၏ မျက်မှောက်တော် အလင်းထဲတွင် နေထိုင်ခွင့်ရစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်းမရှိပေ။ ပေတရုမှ “အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမ၍ တရားစီရင်နေသမျှ ကာလပတ်လုံး ကိုယ်တော် ကျွန်ုပ်ကို ပစ်ခွာမသွားကြောင်း ကျွန်ုပ်သိလိမ့်မည်။ ကိုယ်တော် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းကို မပေးလျှင်ပင်၊ ဒုက္ခဆင်းရဲများ ခံစားရစေလျှင်ပင်၊ ကျွန်ုပ်အား မရေမတွက်နိုင်အောင် ပြစ်တင်ဆုံးမလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မပစ်ပယ်သမျှကာလပတ်လုံး ကျွန်ုပ်၏ နှလုံးသားသည် ငြိမ်သက်နေပါလိမ့်မည်။ ယနေ့၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာခဲ့ပါပြီ။ ကျွန်ုပ်အားပေးသော ကိုယ်တော်၏ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပေးပါသည်။ ယနေ့ ကျွန်ုပ်အပေါ်သို့ အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပေါ်လွင်ထင်ရှားမှုတစ်ခုဖြစ်ပြီး ယင်းသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်စစ်ဆေးခြင်းနှင့် ထိုထက်မက၊ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခုဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် လူ့ဇာတိ၏သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော အကာအကွယ်ကို ရှာဖွေနိုင်ခဲ့သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ့အသက်တာတွင် လူသည် သန့်ရှင်းခြင်းသို့ ရောက်လိုပြီး သူ၏ စိတ်သဘောထား အပြောင်းအလဲများကို ရရှိလိုသည့်အပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ လူသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွာစေရပါ။ သို့နှင့် သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ပေမည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူ၏ ကယ်တင်ခြင်းအလင်းဖြစ်ကြောင်းနှင့် လူအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ်မရှိတော့ကြောင်းကို သိနားလည်ပါ။ လူသည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပြီး လူ့ဇာတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းနှင့် ဘုရားသခင်၏ ကာကွယ်ခြင်းကို မရရှိပါက၊ လူသည် ပို၍ပင် အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို သူချစ်လိုပါက သူသည် သန့်ရှင်းစေခြင်းနှင့် ကယ်တင်ခြင်းကို ခံရမည်။ ပေတရုမှ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာဆက်ဆံပါက ကျွန်ုပ်ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပါက ပို၍ပင် နှစ်သိမ့်ခြင်းကိုခံစားရပြီး ဝမ်းမြောက်လှပါသည်။ ကျွန်ုပ်သည် အားနည်းပြီး များလှစွာသော ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်နှင့် ကျွန်ုပ်၏ အားနည်းချက်ကြောင့်ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ တောင်းဆိုချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံမလုံလောက်သောကြောင့် ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏။ သို့သော် ဤနယ်ပယ်သို့ ရောက်ရှိရန် ကျွန်ုပ်လိုလားပြီး ကိုယ်တော်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှအားလုံးကို လုပ်ဆောင်ရန်လည်း ကျွန်ုပ်လိုလားပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုက ကျွန်ုပ်အား ကာကွယ်ပေးပြီး အကောင်းဆုံးသော ကယ်တင်ခြင်းကို ပေးခဲ့ပါသည်။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဖုံးအုပ်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မရှိဘဲ ကိုယ်တော်၏ကရုဏာနှင့် ချစ်ကြင်နာမှုကို ကျွန်ုပ်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့၊ ကိုယ်တော်၏ မေတ္တာသည် ကောင်းကင်ဘုံသို့ ကျော်လွန်ပြီး အကောင်းတကာ့ အကောင်းဆုံးဖြစ်ကြောင်း ကျွန်ုပ် ပိုမိုမြင်လာရပါသည်။ ကိုယ်တော်၏ မေတ္တာသည် ကရုဏာနှင့် ချစ်ကြင်နာရုံသာမကပါ။ ထို့ထက်ပိုပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းလည်း ပါပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို များစွာပေးခဲ့ပြီးပါပြီ။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မပါဘဲ မည်သူတစ်ဦးတစ်ယောက်မျှ သန့်ရှင်းနိုင်မည်မဟုတ်ပါ၊ မည်သူတစ်ဦးတစ်ယောက်မျှ ဖန်းဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံခဲ့ပြီး သေလုနီးနီးပင်ဖြစ်သည်။ ထိုသို့သော ဒုက္ခဆင်းရဲက က ကျွန်ုပ်အား ကိုယ်တော်ကို စစ်စစ်မှန်မှန် သိခြင်းနှင့် အထူးကယ်တင်ခြင်းကို ရရှိစေခဲ့သည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမ ပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားမည်ဆိုလျှင် ကျွန်ုပ်သည် အမှောင်ထုထဲ၊ စာတန်၏ အုပ်စိုးမှုအောက်တွင် နေရလိမ့်မည်ဖြစ်သည်။ လူ၏ ဇာတိပကတိတွင် မည်သည့်အကျိုးကျေးဇူးများ ရှိပါသနည်း။ အကယ်၍ ကိုယ်တော်၏ ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ယင်းမှာ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်အား စွန့်ခွာသကဲ့သို့၊ ကိုယ်တော် ကျွန်ုပ်နှင့်အတူ မရှိတော့သကဲ့သို့ ဖြစ်ပေမည်။ ထိုသို့ဖြစ်လျှင် ကျွန်ုပ် မည်သို့ရှင်သန်ရပါမည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာဖျားစေပြီး ကျွန်ုပ်၏ လွတ်လပ်ခွင့်ကိုယူလျှင်ပင် ကျွန်ုပ် ဆက်လက်ရှင်သန်နိုင်သေးသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ကျွန်ုပ်ရှင်သန်နိုင်မည် မဟုတ်တော့ပါ။ အကယ်၍ ကျွန်ုပ်ထံတွင် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ကင်းမဲ့ပါက စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းသည့် မေတ္တာဖြစ်သော ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ်ဆုံးရှုံးရပါလိမ့်မည်။ ကိုယ်တော်၏ မေတ္တာမပါလျှင် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရမည်ဖြစ်ပြီး ကိုယ်တော်၏ အသရေတင့်တယ်သော မျက်နှာတော်ကို မြင်တွေ့နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်အနေဖြင့် မည်သို့ဆက်လက်ရှင်သန်နိုင်ပါမည်နည်း။ ထိုသို့သောအမှောင်ထု၊ ထိုသို့သောဘဝတွင် ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံ ရပ်နိုင်ပါမည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ်မည်သို့စွန့်ခွာနိုင်ပါမည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်ပင် ဖြစ်ပါစေ၊ ကျွန်ုပ်၏ အမြင့်မားဆုံးသော နှစ်သိမ့်မှုကို သိမ်းယူမသွားပါရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီး ယခု ကိုယ်တော့်ထံပါးမှ မခွာနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့် ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များကို ကျခဲ့ရသော်လည်း ထိုသို့သော အသက်တာသည် ပို၍လေးနက်သည်၊ ပို၍ တိုးတက်စေသည်၊ ကျွန်ုပ်ကို ပိုမိုပြောင်းလဲစေနိုင်သည်၊ လူသတ္တဝါအားလုံး ရရှိသင့်သည့် သမ္မာတရားကို ပိုမိုရနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။
လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏ သြဇာလွှမ်းမိုးမှုမှ မိမိခွန်အားဖြင့် လွတ်မြောက်အောင် ဆောင်ရွက်နိုင်သောသူ တစ်ဦးမျှမရှိ။ အားလုံးသည် အဓိပ္ပာယ်အနည်းငယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှပင် မရှိဘဲ အကျင့်ပျက်မှုနှင့် လစ်ဟာမှုတို့အထဲ ဆိုးညစ်သော ကမ္ဘာတစ်ခုတွင် နေထိုင်နေကြသည်။ အသွေးအသားအတွက်၊ တပ်မက်ခြင်းတဏှာအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သော ဘဝတွင် ရှင်သန်နေကြသည်။ သူတို့၏ တည်ရှိမှုသည် တန်ဖိုးအနည်းငယ်မျှပင်မရှိ။ လူသည် သူ့ကို စာတန်၏သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်မည့် သမ္မာတရားကို ရှာဖွေနိုင်ခြင်းမရှိ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း စာတန်၏သြဇာလွှမ်းမိုးထိန်းချုပ်မှုမှ သူ့ကိုယ်သူ မည်သို့လွတ်မြောက်အောင် လုပ်ဆောင်ရမည်ကို သူနားမလည်။ ခေတ်အဆက်ဆက်တစ်လျှောက်လုံး လူအနည်းငယ်သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းငယ်သာ ယင်းကို ထည့်သွင်းစဉ်းစားလေသည်။ ဤအတိုင်း၊ လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ပိတ်မိနေခြင်းမှ မိမိကိုယ်ကို မည်သို့ရုန်းထွက်ရမည်ကို မသိပေ။ ယနေ့ သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်တို့သည် ဆိုးညစ်ပြီး မနာခံကြောင်းကို ခံစားသိရှိရန် မဆိုထားနှင့် သင်တို့၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရပါ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်၏စိတ်နှလုံးထဲတွင် အေးချမ်းခြင်းနှင့် လွန်ကဲသောငြိမ်သက်ခြင်းကို ခံစားနေသေးသည်။ သင်၏ငြိမ်သက်ခြင်းက သင်အကျင့်ပျက်ခြင်းကြောင့် မဟုတ်လော။ ထိုစိတ်နှလုံးအေးချမ်းခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် နေထိုင်ပြီး စာတန်၏ မှောင်မိုက်သော သြဇာလွှမ်းမိုးမှုထဲတွင် နေထိုင်သည်။ မြေတစ်ပြင်လုံး ဝိညာဉ်များသည် လူသားများနှင့် အတူနေထိုင်ပြီး လူ့ဇာတိပကတိအပေါ်တွင် ကျူးကျော်စွက်ဖက်နေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော ပရဒိသုဘုံတွင် နေထိုင်နေခြင်း မဟုတ်ပါ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲ၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းခြင်းသို့ မရောက်ပါက သူသည် ဆိုးညစ်နေမည်၊ သူ့ကို ဘုရားသခင် ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသား ဖြစ်မြဲဖြစ်နေမည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်သော သြဇာလွှမ်းမိုးမှု အချုပ်ချယ်ခံအဖြစ်မှ လွတ်မြောက်ရန်အတွက် နည်းလမ်းရှိမည် မဟုတ်ပါ။ သင်ထုတ်ဖော်ပြသသော ယိုယွင်းပျက်စီးသည့် စိတ်သဘောထားနှင့် သင်ရှင်သန်သော မနာခံခြင်းအပြုအမူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် သင်ဆက်လက် နေထိုင်နေကြောင်း လုံလောက်သည့် သက်သေပင်ဖြစ်သည်။ သင့်စိတ်နှလုံးနှင့် အတွေးအကြံတို့ကို သန့်ရှင်းစေခြင်း မရှိသေးသည့်အပြင် သင်၏ စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မရှိသေးပါက သင့်အသက်တာတစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံနေရဆဲဖြစ်ပြီး သင့်စိတ်နှလုံးကို စာတန်မှ ထိန်းချုပ်နေသည်၊ သင့်အတွေးအကြံများကို စာတန်မှ ကြိုးကိုင်ခြယ်လှယ်နေသည်၊ သင့်ဖြစ်တည်မှု အလုံးစုံသည် စာတန်၏ လက်ထဲတွင် ထိန်းချုပ်ခံနေရသည်။ သင်သည် ပေတရု၏စံနှုန်းများနှင့် မည်မျှဝေးကွာနေသည်ကို ယခုသင်သိပြီလော။ သင်သည် အရည်အချင်းရှိပါသလော။ ယနေ့တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အကြောင်း သင်မည်မျှသိသနည်း။ ပေတရုသိလာခဲ့သော အရာများထဲမှ သင်မည်မျှလောက် သိသနည်း။ အကယ်၍ ယနေ့ သင်မသိနိုင်ပါက နောင်တွင် ဤအကြောင်း အရာကို သိလာနိုင်ပါမည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို အကယ်ပင်မသိနိုင်ပါ။ သင်သည် ဇာတိပကတိ၏ အေးချမ်းခြင်းနှင့် ဇာတိပကတိ၏ အပျော်အပါးများနောက်သို့ လိုက်ပါက သင်သည် သန့်ရှင်းခြင်းသို့ရောက်ရန် လမ်းမမြင်ပါ။ သင့်ရှင်သန်မှုမှာ စာတန်နှင့် ဇာတိပကတိတွင် တည်သည့်အတွက် အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်ပို့ခံရလိမ့်မည်။ ယနေ့လက်ရှိအခြေအနေမှာ လူအများတို့သည် အသက်ကို မရှာဖွေကြ။ ဆိုလိုသည်မှာ သန့်ရှင်းခြင်းသို့ ရောက်ခြင်းအကြောင်း သို့မဟုတ် ပိုမိုလေးနက်သော ဘဝအတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်းအကြောင်း သူတို့ဂရုမစိုက်ကြ။ သို့ဆိုလျှင် သူတို့သည် စုံလင်စေခြင်းကို မည်သို့ခံရနိုင်ပါမည်နည်း။ အသက်ကို မရှာဖွေသောသူများတွင် စုံလင်အောင်ပြုခြင်းခံရရန် အခွင့်အရေးမရှိ၊ ဘုရားသခင်အကြောင်းကို မရှာဖွေသူများနှင့် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲရန် မရှာဖွေသူများသည် စာတန်၏ မှောင်မိုက်သော သြဇာလွမ်းမိုးမှုမှ လွတ်မြောက်နိုင်စွမ်းမရှိ။ ဘုရားသခင်အကြောင်း သူတို့သိခြင်းနှင့် သူတို့၏စိတ်သဘောထား၌ ပြောင်းလဲမှုများ ပြုလုပ်ရန် သူတို့၏ ကြိုးစားအားထုတ်မှုနှင့် ပတ်သက်၍၊ သူတို့ အလေးအနက်မထားပါ။ သူတို့သည် ဘာသာရေးကို သက်ဝင်ယုံကြည်ကြရုံ၊ အခမ်းအနားများသို့ လိုက်တက်ကြပြီး ပုံမှန်ဝတ်ပြုအစည်းအဝေးများသို့ တက်ရောက်ရုံသာ ပြုသောသူများကဲ့သို့ ပင်ဖြစ်သည်။ ယင်းသည် အချိန်ဖြုန်းခြင်း မဟုတ်လော။ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းတွင် လူသည် အသက်၏ အခြင်းအရာကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ရန် မကြိုးစားလျှင်၊ သူ၏ စိတ်သဘောထား၌ ပြုပြင်ပြောင်းလဲရန် မကြိုးစားလျှင် ဘုရားသခင်၏ အမှုအကြောင်း လုံးဝမသိနိုင်ဘဲ သူသည် စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် စုံလင်အောင်ပြုခြင်းခံရလိုလျှင် သင်သည် ဘုရားသခင်၏အမှုကို နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ ရည်ရွယ်ချက်နှင့် ထိုအမှုတို့ကို လူတို့အပေါ် အဘယ်ကြောင့် လုပ်ဆောင်သည်ကို နားလည်ရမည်။ သင်လက်ခံနိုင်ပါသလော။ ထိုသို့သော ပြစ်တင်ဆုံးမနေသည့်အတောအတွင်း ပေတရုကဲ့သို့သော တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ ရနိုင်ပါမည်လော။ အကယ်၍ သင်သည် ဘုရားသခင်အကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်အကြောင်းကို လေ့လာပြီး သင့်စိတ်သဘောထား၌ ပြောင်းလဲဖို့ ကြိုးစားလျှင် သင်သည် စုံလင်အောင်ပြုခံရရန် အခွင့်အလမ်းရှိသည်။
စုံလင်စေခြင်းခံမည့်သူများအတွက် သိမ်းပိုက်ခံရသော ဤအလုပ်အဆင့်သည် မရှိမဖြစ်ပင်ဖြစ်သည်။ သူသည် သိမ်းပိုက်ခံရပြီးမှသာ စုံလင်စေခြင်း အလုပ်အကြောင်းကို တွေ့ကြုံနိုင်မည်။ သိမ်းပိုက်ခံရရန်အတွက်သာ လုပ်ဆောင်ခြင်းမှာ တန်ဖိုးမကြီးမားလှပါ၊ သင့်အား ဘုရားသခင် အသုံးပြုရန်အတွက် တိကျကိုက်ညီလိမ့်မည်လည်း မဟုတ်ပါ။ ဧဝံဂေလိတရား ပျံ့နှံ့သောအချိန်တွင် သင်ပါဝင် လုပ်ဆောင်နိုင်ရန် လမ်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သင်သည် အသက်ကို မရှာဖွေ၊ သင်ကိုယ်တိုင် အပြောင်းအလဲဖြစ်ခြင်း၊ အသစ်ပြုပြင်ခြင်းကို မရှာဖွေသည့်အပြင် စစ်မှန်သော အသက်တာအတွေ့အကြုံ သင်၌ မရှိသည့်အတွက် ကြောင့်ပင်ဖြစ်သည်။ တစ်ချိန်က သင်သည် ဤလုပ်ငန်းအဆင့်ဆင့်တွင် အစေခံသူအဖြစ်နှင့် အဖြည့်ခံအဖြစ် လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် ပေတရုကဲ့သို့ ဖြစ်အောင် မလုပ်ဆောင်ခဲ့လျှင်၊ သင်၏ ကြိုးပမ်းအားထုတ်မှုသည် ပေတရုကို စုံလင်စေသည့် လမ်းကြောင်းနှင့်အညီ မဟုတ်လျှင်၊ အလိုအလျောက်ပင် သင့်စိတ်သဘောထား ပြောင်းလဲမှုကို သင်တွေ့ကြုံရမည်မဟုတ်ပါ။ အကယ်၍ သင်သည် စုံလင်အောင်ပြုခံရခြင်းကို ရှာမှီးသူတစ်ဦးဖြစ်ပါက ယခုလို သင်ပြောဆိုကာ သက်သေခံလိမ့်မည်။ “ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်ဆင့်တွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုများကို ကျွန်ုပ်လက်ခံခဲ့ပြီးပါပြီ။ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း ဘုရားသခင်သည် လူသားအား စုံလင်ခြင်းသို့ရောက်အောင် မည်သို့ပြုလုပ်ပေးကြောင်းကို ကျွန်ုပ်သိလာရပါသည်၊ ဘုရားသခင်လုပ်ဆောင်သော အလုပ်ကို ကျွန်ုပ်ရရှိခဲ့သည်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို ကျွန်ုပ်သိခဲ့ရပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ကြွရောက်လာခဲ့ပြီး ကျွန်ုပ်ထံသို့ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များ ဆောင်ယူပေးခဲ့ပါသည်၊ ကျွန်ုပ်ကို အကာအကွယ်ပေးခဲ့ပြီး စင်ကြယ်စေခဲ့သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပါက၊ ဘုရားသခင်၏ ကြမ်းတမ်းသောစကားများ ကျွန်ုပ်အပေါ်သို့မရောက်လာခဲ့ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိလာနိုင်ခဲ့မည် မဟုတ်ပါ၊ သို့တည်းမဟုတ် ကျွန်ုပ်သည် ကယ်တင်ခြင်းကို ခံရမည်မဟုတ်ပါ။ ယနေ့ ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံး၌သာ ပျော်မွေ့ရမည်မဟုတ်ဘဲ ပို၍ပင် အရေးကြီးသည်မှာ လူသတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် တရားစီရင်ခြင်းတို့၌လည်း မွေ့လျော်ရန်ပင်ဖြစ်ကြောင်း ကျွန်ုပ်သဘောပေါက်မိပါသည်၊ အကြောင်းမှာ ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ဖွယ်ရာ အဖိုးထိုက်တန်လှသောကြောင့် ဖြစ်ပါသည်။ စာတန်၏ဖျက်ဆီးခြင်းခံရသော ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင် ကြီးစွာသောမေတ္တာလည်း ပါပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို အပြည့်အဝရရှိရန် မတတ်စွမ်းနိုင်သော်လည်း ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်းရှိသောကြောင့် ဤနေရာတွင် ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်ခံစားရပါသည်။” ယင်းသည် စုံလင်အောင်ပြုခံရသောသူများ လျှောက်လှမ်းခဲ့သော လမ်းဖြစ်ပြီး သူတို့ပြောသော အသိပညာဖြစ်ပါသည်။ ထိုသို့သောသူများမှာ ပေတရုနှင့်တူပြီး ပေတရုတွေ့ကြုံခဲ့ရသလို သူတို့လည်း တွေ့ကြုံခဲ့ရသည်။ ထိုသို့သောသူများမှာ အသက်ကိုရရှိပြီးသူများနှင့် အမှန်တရားကို ပိုင်ဆိုင်ထားသူများလည်း ဖြစ်သည်။ ထိုသူတို့သည် နောက်ဆုံးအချိန်ထိ တွေ့ကြုံသောအခါ ဘုရားသခင်၏ တရားစီရင်ခြင်းကာလတွင် သူတို့သည် စာတန်၏စွမ်းအားကို မလွဲဧကန် လုံးလုံးလျားလျား ဖယ်ရှားနိုင်မည်ဖြစ်ပြီး ဘုရားသခင်ရယူခြင်းကို ခံရမည်။
သူတို့သည် သိမ်းပိုက်ခံရပြီးသည့်နောက် လူတို့တွင် မည်သည့် ထူးထူးကဲကဲ သက်သေခံချက်မျှ မရှိပါပေ။ သူတို့သည် စာတန်အား အရှက်ရစေရုံသာဖြစ်ပြီး ဘုရားသခင်၏ စကားများအတိုင်း လက်တွေ့နေထိုင်ခြင်းမရှိ။ သင်သည် ဒုတိယအကြိမ် ကယ်တင်ခြင်းကို မရသေးပါ၊ သင်သည် အပြစ်ဖြေရာယဇ်ကို ရရုံသာဖြစ်ပြီး သင်သည် စုံလင်အောင်ပြုခြင်း မခံရသေးပေ၊ ဤသည်မှာ မဟာဆုံးရှုံးမှုပင်ဖြစ်သည်။ သင်တို့သည် ဝင်ရောက်ရမည့်အရာနှင့် နေထိုင်ရမည့်အရာတို့ကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ယင်းသို့ သင်တို့ ဝင်ရောက်ရမည်။ အဆုံးတွင် သင်သည် စုံလင်အောင်ပြုခံရခြင်းကို အထမမြောက်စေနိုင်ပါက သင်သည် စစ်မှန်သောလူသား ဖြစ်မည်မဟုတ်ဘဲ နောင်တတရားများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ အစအဦး၌ ဘုရားသခင်ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသူများဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အတွင်း၌ သူတို့နေထိုင်ခဲ့စဉ်တွင် သူတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့ပြီး ညစ်ညမ်းမှုများ ကင်းစင်ခဲ့သည်။ သူတို့သည် ယေဟောဝါကိုလည်း သစ္စာရှိခဲ့ကြပြီး ယေဟောဝါကို သစ္စာဖောက်ခြင်းအကြောင်း လုံးလုံးမသိခဲ့ကြပေ။ ယင်းမှာ သူတို့သည် စာတန်၏ သြဇာလွှမ်းမိုးမှု အနှောင့်အယှက်မရှိ၊ စာတန်၏အဆိပ်မရှိခဲ့ဘဲ လူသားမျိုးနွယ် အားလုံးတွင် အသန့်ရှင်းဆုံးသူများ ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ သူတို့သည် ဧဒင်ဥယျာဉ်ထဲတွင် မည်သည့်ညစ်ညမ်းမှုမျှမရှိ၊ ဇာတိပကတိ စရိုက်လက္ခဏာမရှိဘဲ ယေဟောဝါအား ရိုသေလေးမြတ်ခြင်းဖြင့် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် စာတန်၏ သွေးဆောင်မှုကို ခံရသည့်အခါ သူတို့သည် မြွေဆိပ်မိခဲ့ရပြီး ယေဟောဝါအား သစ္စာဖောက်လိုခဲ့ကြသည့်ပြင် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေထိုင်ခဲ့ကြသည်။ အစအဦး၌ သူတို့သည် သန့်ရှင်းပြီး ယေဟောဝါအား ရိုသေလေးမြတ်ခဲ့သည်၊ လူသားတို့သည် ဤအတိုင်းသာ ဖြစ်ရမည်။ နောက်ပိုင်း၌ စာတန်၏ သွေးဆောင်မှုကို ခံရပြီးနောက် သူတို့သည် ကောင်းမကောင်းကို သိကျွမ်းရာအပင်မှ အသီးကို စားခဲ့ကြပြီး စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေခဲ့ကြသည်။ သူတို့သည် တဖြည်းဖြည်း စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး မူလလူသားသဏ္ဌာန် ပျောက်ဆုံးခဲ့လေသည်။ အစအဦး၌ လူတွင် ယေဟောဝါ၏ ဇီဝအသက်ရှိခဲ့ပြီး သူတို့တွင် မနာခံခြင်း တစိုးတစိမျှ မရှိခဲ့၊ သူ၏ စိတ်နှလုံးထဲတွင် မကောင်းမှု အလျှင်းမရှိခဲ့။ ထိုအချိန်တွင် လူသည် စစ်မှန်သောလူဖြစ်ခဲ့၏။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက် လူသည် သားရဲ ဖြစ်လာခဲ့သည်၊ သူ့အတွေးတို့သည် ကောင်းခြင်း သို့မဟုတ် သန့်ရှင်းခြင်းမရှိဘဲ မကောင်းမှု အညစ်အကြေးတို့ဖြင့် ပြည့်နှက်နေသည်။ ယင်းသည် စာတန်မဟုတ်လော။ သင်သည် ဘုရားသခင်၏ အမှုတော်များစွာကို တွေ့ကြုံခဲ့ပြီးသော်လည်း ပြောင်းလဲခြင်းမရှိ၊ သန့်ရှင်းခြင်းမရှိသေး။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ဆက်လက်နေထိုင်နေသေးပြီး ဘုရားသခင်ထံသို့ မအပ်နှံသေး။ ယင်းသည် သိမ်းပိုက်ခြင်းကို ခံရပြီးသော်လည်း စုံလင်စေခြင်းကို မခံရသေးသည့် တစ်စုံတစ်ဦးဖြစ်သည်။ ယင်းကဲ့သို့သောသူကို အဘယ်ကြောင့် စုံလင်စေခြင်းကို မခံရသေးဟု ဆိုရသနည်း။ အကြောင်းမှာ ဤလူသည် အသက်တာ သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်းကို မလေ့လာဘဲ လောကီအပျော်အပါးများနှင့် တဒင်္ဂနှစ်သိမ့်မှုတို့ကိုသာ အငမ်းမရ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ အကျိုးရလဒ်အနေဖြင့် သူတို့၏အသက်တာ စိတ်သဘောထားမှာ ပြောင်းလဲခြင်းအလျှင်းမရှိဘဲ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့်အတိုင်း လူ၏မူရင်းအသွင်သဏ္ဌာန်ကို ပြန်လည်မရရှိပေ။ ထိုသို့သောလူများသည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ပြီး ဝိညာဉ်မရှိသော အသေကောင်များသာ ဖြစ်ပေသည်။ ဝိညာဉ်ရေးရာအကြောင်းကို လေ့လာလိုက်စားခြင်း မရှိသူများ၊ မြင့်မြတ်သန့်ရှင်းမှုကို ရှာမှီးခြင်း မရှိသူများအပြင် သမ္မာတရားနှင့်အညီ နေထိုင်ရန် ကြိုးစားအားထုတ်ခြင်း မရှိသူများ၊ အပျက်သဘောဖြင့် သိမ်းပိုက်ခြင်းကိုသာ ခံရရန် ရောင့်ရဲနေသူများနှင့်၊ သမ္မာတရားနှင့်အညီ မနေထိုင်နိုင်၊ မဖော်ပြနိုင်ကာ သန့်ရှင်းသူတစ်ဦး ဖြစ်မလာနိုင်သူများ၊ ထိုသူတို့သည် ကယ်တင်ခြင်း မခံရသေးသောသူများ ဖြစ်လေသည်။ အကြောင်းမှာ သမ္မာတရားမရှိဘဲ လူသည် ဘုရားသခင်၏ စမ်းသပ်မှုကာလအတွင်း ကြံ့ကြံ့မခံနိုင်ပေ။ ဘုရားသခင်၏ စမ်းသပ်မှုကာလအတွင်း ကြံ့ကြံ့ခိုင်နိုင်သောသူများသာ ကယ်တင်ခြင်းခံရပြီးသော သူများဖြစ်သည်။ ငါလိုချင်သည်မှာ ပေတရုကဲ့သို့ စုံလင်အောင်ပြုခံရခြင်းကို လိုက်စားသူများဖြစ်၏။ ယနေ့ သမ္မာတရားကို အလိုဆန္ဒရှိပြီး လိုက်ရှာသူများအား ထိုသမ္မာတရားကိုပေးသည်။ ဘုရားသခင်ကယ်တင်ခြင်းကို အလိုရှိသောသူများအား ဤကယ်တင်ခြင်းကို ပေးအပ်သည်။ ကယ်တင်ခြင်းကို သင်တို့ရရှိသည်ဟုသာ ဆိုလိုသည်မဟုတ်၊ ယင်းကြောင့် သင့်အား ဘုရားသခင် ပိုင်ဆိုင်သွားသည်ဟုလည်း ဆိုလိုသည်။ ဘရားသခင် သင့်အား ပိုင်ဆိုင်နိုင်ရန်အလို့ငှာ သင်သည် ဘုရားသခင်အား ပိုင်ဆိုင်ရသည်။ ယနေ့ သင်တို့အား ဤစကားများကို ငါပြော၏။ သင်တို့လည်းကြား၏။ သင်တို့သည် ဤစကားများကို ကျင့်ကြံသင့်သည်။ အဆုံးတွင် ဤစကားများကို ကျင့်ကြံသည့်အချိန်သည် ဤစကားများအားဖြင့် သင်တို့အား ငါရယူချိန်ဖြစ်မည်။ တစ်ချိန်တည်းတွင် သင်တို့သည် ဤစကားများကို ရရှိမည်၊ ဆိုလိုသည်မှာ ဤအမြင့်ဆုံးသော ကယ်တင်ခြင်းကို သင်ရရှိမည်။ သင်တို့သည် သန့်ရှင်းအောင်ပြုခြင်းကို ခံရပြီးသည်နှင့် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပြီဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်းမရှိပါက သို့မဟုတ် စုံလင်စေခြင်းကို ခံရပြီးသော သူတစ်ဦးကဲ့သို့ နေထိုင်နိုင်ခြင်း မရှိပါက သင်သည် လူသားတစ်ဦးမဟုတ်ဟု ဆိုနိုင်ပေသည်။ သင်သည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ဦး၊ သားရဲတစ်ကောင်ပင် ဖြစ်ပေသည်။ အကြောင်းမှာ သင်၌ သမ္မာတရားမရှိ၊ ယေဟောဝါ၏ ဇီဝအသက်မရှိဟု ဆိုရမည်ဖြစ်ပြီး ယင်းကြောင့် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦးပင် ဖြစ်လေသည်။ သိမ်းပိုက်ခံရပြီးနောက် သက်သေခံရန် ဖြစ်နိုင်သော်လည်း သင်ရသည်မှာ ကယ်တင်ခြင်း အနည်းငယ်သာဖြစ်ပြီး ဝိညာဉ်နှင့် အသက်ရှင်သောကိုယ် သင်ဖြစ်မလာသေးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်တွေ့ကြုံခဲ့ရပြီး ဖြစ်သော်လည်း ရလဒ်အနေဖြင့် သင့်စိတ်သဘောထားမှာ အသစ်ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းမရှိ၊ သင်သည် ယခင်ကအတိုင်း ရှိနေသေးသည်၊ သင့်ကို စာတန်က ပိုင်ဆိုင်နေသေးပြီး သင်သည် သန့်ရှင်းခြင်းသို့ ရောက်သူမဟုတ်ပါ။ စုံလင်စေခြင်းကို ခံရပြီးသူများသာ အဖိုးတန်ပြီး ထိုသို့သောသူများသည်သာ စစ်မှန်သော အသက်တာကိုရကြသည်။ တစ်နေ့တွင် တစ်စုံတစ်ဦးက သင့်ကို ပြောလိမ့်မည်။ “သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရပြီး ထိုအမှုတော်မှာ မည်သို့မည်ပုံဖြစ်ကြောင်းကို သင်အနည်းငယ်ပြောသည်။ ဒါဝိဒ်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရပြီး ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှုမြင်ခဲ့ရသည်၊ မောရှေသည်လည်း ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှုမြင်ခဲ့ရသည်၊ ထိုသူနှစ်ယောက်တို့သည် ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှင်းပြပြောဆိုနိုင်ခဲ့ကြပြီး ယေဟောဝါ၏ အံ့သြဖွယ်များကိုလည်း ပြောပြနိုင်ခဲ့ကြသည်။ သင်တို့သည် နောက်ဆုံးသောကလအတောအတွင်း လူ့ဇာတိခံယူသော ဘုရားသခင်ပြုသည့်အမှုကို ရှုမြင်ခဲ့ကြပြီးပြီ၊ ဘုရားသခင်၏ ဉာဏ်ပညာအကြောင်းကို သင်ပြောနိုင်ပြီလော။ ဘုရားသခင့်အမှုတော်၏ အံသြဖွယ်များအကြောင်း သင်ပြောပြနိုင်သလော။ ဘုရားသခင်က သင်တို့အား အဘယ်အရာကိုတောင်းဆိုပြီး ယင်းတို့ကို သင်တို့ မည်သို့တွေ့ကြုံခဲ့ရသနည်း။ နောက်ဆုံးသောကာလ ဘုရားသခင့်အမှုတော်ကို သင်တို့ကြုံတွေ့ခဲ့ပြီးပြီ၊ သင်တို့၏ အကြီးမားဆုံးရူပါရုံက အဘယ်အရာနည်း။ ထိုအကြောင်းကို သင်တို့ပြောပြနိုင်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ပြောပြနိုင်သလော။” ထိုသို့သော မေးခွန်းများကို သင်ရင်ဆိုင်ရပါက သင်မည်သို့ ပြန်ဖြေမည်နည်း။ “ဘုရားသခင်သည် အလွန်ဖြောင့်မတ်၏။ ကျွန်ုပ်တို့အား ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ ထို့အပြင် ကျွန်ုပ်တို့အား မညှာမတာ ထုတ်ဖော်ပြသ၏။ ဘုရားသခင်၏ စိတ်သဘောထားက လူတို့၏ ပြစ်မှုများကို အမှန်တကယ် လက်မခံပါ။ ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီးနောက် ကျွန်ုပ်တို့၏ ဆိုးဝါးယုတ်မာမှုကို ကျွန်ုပ်သိလာခဲ့ရပြီး ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်အမှန်တကယ်ရှုမြင်ခဲ့ပါပြီ” ဟု သင်ပြန်ပြောလျှင် အခြားသူတစ်ဦးက သင့်အား “ဘုရားသခင်အကြောင်း တခြားဘာသိသေးသနည်း။ လူတစ်ဦးသည် အသက်လမ်းသို့ မည်သို့ ဝင်ရောက်သနည်း။ သင့်မှာ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိသလော” ဟု ဆက်လက်မေးမြန်းပါက “စာတန်၏ ဖျက်ဆီးခြင်းခံရပြီးနောက် ဘုရားသခင်ဖန်ဆင်းထားသောလူများသည် သားရဲများဖြစ်လာခဲ့ပြီး မြည်းသတ္တဝါများနှင့် မထူးခြားတော့ပါ။ ယနေ့ ကျွန်ုပ်သည် ဘုရားသခင်၏လက်တော်ထဲတွင် အသက်ရှင်နေထိုင်နေသည့်အတွက် ဖန်ဆင်းရှင်၏ အလိုတော်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး ဘုရားသခင်သွန်သင်သမျှကို လိုက်နာရပါမည်။ ကျွန်ုပ်တွင် အခြားရွေးချယ်စရာ မရှိပါ” ဟု သင်ဖြေလိမ့်မည်။ ထိုသို့ ယေဘုယျဆန်သည့် စကားများကိုသာ သင်ပြောနေပါက ထိုသူသည် သင်ပြောနေသည့်အရာကို နားလည်လိမ့်မည် မဟုတ်ပါ။ ဘုရားသခင်၏ အမှုတော်အကြောင်း သင်သိသည့်အရာများကို သူတို့မေးသည့်အခါ သူတို့သည် သင်၏ကိုယ်တွေ့များကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိသည့်အရာများကို သူတို့မေးမြန်းခြင်းဖြစ်ပြီး သင်တွေ့ကြုံပြီးနောက် သင့်ကိုယ်တွေ့အခြင်းအရာများကို ရည်ညွှန်းနေခြင်းဖြစ်ပြီး သမ္မာတရားအကြောင်းကို ပြောပြရန် သင့်အားမေးမြန်းခြင်းဖြစ်သည်။ ထိုအကြောင်းအရာများကို သင်ပြောနိုင်ခြင်းမရှိပါက ယနေ့အမှုတော်အကြောင်းကို သင်မသိကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေ၏။ မရေရာသော စကားများ၊ သို့မဟုတ် လူတိုင်းသိသော အရာများကိုသာ သင်အမြဲပြောဆိုနေသည်၊ သင့်တွင် ကိုယ်တွေ့အကြောင်းအရာ တိတိကျကျ မရှိရုံသာမက သင့်အသိတွင် အနှစ်သာရမရှိ၊ သင့်တွင် မှန်ကန်သော သက်သေခံချက်များမရှိ၊ သို့အတွက်ကြောင့် တခြားသူများက သင့်အား လက်ခံယုံကြည်မည်မဟုတ်။ ဘုရားသခင်၏ မတုန်မလှုပ်နောက်လိုက် မဖြစ်ပါစေနှင့်၊ သင့်ကို စူးစမ်းလိုစိတ် ဖြစ်စေသည့်အရာနောက် မလိုက်နှင့်။ အအေးမဟုတ်၊ အပူမဟုတ် နေခြင်းအားဖြင့် သင့်ကိုယ်သင် ပျက်စီးစေပြီး သင့်အသက်တာ နှောင့်နှေးပေလိမ့်မည်။ ထိုသို့မတုန်မလှုပ်ဖြစ်ခြင်းနှင့် တက်ကြွမှုမရှိခြင်းတို့ကို သင့်ထံမှ ဖယ်ရှားပစ်ရမည်။ အပြုသဘောဆောင်သော အရာများ၌ ကျွမ်းကျင်လာအောင်ပြုပြီး သင့်အားနည်းချက်များကို ကျော်လွှားရမည်။ သို့နှင့် သင်သည် သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားနှင့်အညီ နေထိုင်နိုင်ပေမည်။ သင့်အားနည်းချက်များအကြောင်း စိုးရိမ်စရာမရှိပါ။ သင့်ချို့ယွင်းချက်များသည်လည်း သင့်အတွက် အကြီးမားဆုံးပြဿနာ မဟုတ်ပါ။ သင်၏အကြီးမားဆုံးပြဿနာနှင့် အကြီးကျယ်ဆုံး ချို့ယွင်းချက်မှာ သင်၏ မပူမအေးဖြစ်နေခြင်းနှင့် သမ္မာတရားကို ရှာဖွေလိုစိတ် မရှိခြင်းပေတည်း။ သင်တို့၌ရှိသမျှ၏ အကြီးဆုံးပြဿနာမှာ အရှိအတိုင်း ပျော်မွေ့နေသော သတ္တိကြောင်သည့် စိတ်နေစိတ်ထားနှင့် မတုန်မလှုပ် စောင့်စားနေခြင်းပင်ဖြစ်သည်။ ဤသည်မှာ သင်တို့ သမ္မာတရားနောက်သို့ လိုက်ရာတွင် သင်တို့အတွက် အကြီးမားဆုံး အဟန့်အတားနှင့် အကြီးမားဆုံး ရန်သူပင်ဖြစ်သည်။ ငါပြောသောစကားများက အလွန်နက်နဲသိမ်မွေ့သောကြောင့်သာ သင်နာခံခြင်း ဖြစ်ပါက သင်သည် အသိပညာကို အမှန်တကယ် ပိုင်ဆိုင်ခြင်း မရှိသလို သမ္မာတရားကို တန်ဖိုးထားခြင်းလည်းမရှိ။ သင်၏နာခံခြင်းမျိုးသည် သက်သေခံချက် မဟုတ်ပေ။ ထိုသို့သော နာခံမှုကို ငါအတည်မပြု။ တစ်စုံတစ်ယောက်က သင့်အား “ဘုရားသခင်က အဘယ်နေရာမှ လာခဲ့နည်းဆိုသည်အား အတိအကျ ပြောပြပါ။ သင်၏ ဤဘုရားသခင်၏ အနှစ်သာရဆိုသည်မှာ အဘယ်နည်း” ဟု မေးနိုင်သည်။ သင်က “ဘုရားသခင်၏ အနှစ်သာရမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ထို့နောက် သူက “ဘုရားသခင်က လူသားတွေကို ကရုဏာမထားသလော၊ မချစ်သလော။ ဤသည်ကို သင်မသိသလော” ဟုဆက်ပြောလိမ့်မည်။ “ယင်းမှာ အခြားသူများ၏ ဘုရားသခင်ဖြစ်သည်။ ဘာသာတရားကို လိုက်စားသောသူများ ယုံကြည်သည့် ဘုရားသခင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘုရားသခင် မဟုတ်ပါ” ဟု သင်ပြောလိမ့်မည်။ သင့်လိုလူများသည် ဧဝံဂေလိတရားကို ဖြန့်ဝေသောအခါ မှန်သောလမ်းကို လိုရာဆွဲ၍ မမှန်မကန် ပြောဆိုကြပေသည်။ သို့ဆိုလျှင် သင်အသုံးကျသည်မှာ ဘာရှိမည်နည်း။ မှန်သောလမ်းကို သင့်ထံမှ အခြားသူများ အဘယ်သို့ ရနိုင်မည်နည်း။ သင့်တွင် သမ္မာတရားမရှိ၊ သမ္မာတရားအကြောင်း သင်ဘာမျှ မပြောနိုင်သည့်အပြင် သမ္မာတရားအတိုင်း သင်မနေထိုင်နိုင်။ ဘုရားသခင်ရှေ့တွင် သင်နေရန် မည်သည့်အရည်အချင်းများ သင့်မှာရှိပါသနည်း။ ဧဝံဂေလိတရားကို အခြားသူများထံ သင်ဖြန့်ဝေသောအခါ၊ သမ္မာတရားအကြောင်း သင်မိတ်သဟာယဖွဲ့ဆွေးနွေးသောအခါ၊ ဘုရားသခင်အကြောင်း သင်သက်သေခံသောအခါ၊ သူတို့ကို သင်မစည်းရုံးနိုင်ပါက သင့်စကားကို သူတို့ငြင်းဆိုလိမ့်မည်။ သင်သည် အသုံးမဝင်သူတစ်ဦး မဟုတ်လော။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ များစွာသင်တွေ့ကြုံပြီးဖြစ်သော်လည်း သမ္မာတရားအကြောင်း သင်ပြောသောအခါ အဓိပ္ပာယ်မရှိပေ။ သင်သည် မည်သည့်နေရာတွင်မျှ အသုံးမကျသူတစ်ဦး မဟုတ်လော။ သင်အသုံးကျသည့်အရာ ဘာရှိမည်နည်း။ သင်တို့တွင် ဘုရားသခင်၏အမှုကို များစွာကြုံတွေ့ပြီးဖြစ်သော်လည်း ဘုရားသခင်အကြောင်း အနည်းငယ်မျှပင် မသိသလော။ သူတို့က ဘုရားသခင်အကြောင်း သင်အမှန်တကယ် သိသည့်အရာများကို မေးသောအခါ သင်သည် စကားစရှာမရ၊ သို့မဟုတ် မသက်ဆိုင်သည့်အရာများ ပြန်ပြောလေ၏၊ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်တော်မူကြောင်း၊ သင်ရရှိထားသော ကြီးမားသည့် ကောင်းချီးမင်္ဂလာများသည် ဘုရားသခင်၏ချီးမြှောက်ခြင်း အမှန်စင်စစ်ဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ကိုယ်တွေ့ရှုမြင်နိုင်သည်ထက် ပိုကြီးမားသော အခွင့်ထူးမရှိကြောင်း ပြောလေသည်။ ဤသို့ပြောဆိုရာတွင် မည်သည့်တန်ဖိုးများ ရှိလေသနည်း။ ယင်းတို့သည် အသုံးမဝင်၊ အနှစ်သာရမဲ့သော စကားများဖြစ်၏။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်၏ ချီးမြှောက်ခြင်းသည် သမ္မာတရားဖြစ်ကြောင်းသာ သင်သိပါသလော။ သင်သည် ဘုရားသခင်၏အမှုကို သိရမည်ဖြစ်ကာ သို့မှသာ ဘုရားသခင် အတွက် စစ်မှန်သော သက်သေခံချက်ကို သင်တို့ကြားပြောနိုင်မည်။ သမ္မာတရားကို မရရှိသေးသောသူသည် ဘုရားသခင်အတွက် မည်သို့သက်သေခံနိုင်မည်နည်း။
အလုပ်များစွာနှင့် စကားပေါင်းများစွာသည် သင့်အပေါ်သို့ မသက်ရောက်လျှင် ဘုရားသခင်၏ အလုပ်ကို ဖြန့်ဝေရန် အချိန်ကျသောအခါ သင့်တာဝန်ကို သင်ကျေနိုင်မည်မဟုတ်ဘဲ သင်အရှက်ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်အကြောင်း သင်သိသမျှသည် အပေါ်ယံမျှသာဖြစ်ပြီး ဘုရားသခင်ထံ အကြွေးများစွာ တင်နေပြီဖြစ်ကြောင်း သင်ခံစားရလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်နေစဉ် ယနေ့ ဘုရားသခင်အကြောင်း သင်မရှာမှီးလျှင် နောက်ပိုင်းတွင် အလွန်နောက်ကျသွားပေလိမ့်မည်။ အဆုံးတွင် သင်၌ပြောစရာ ဘာမျှမရှိ၊ သင့်တွင် ဘာမျှမရှိ၊ ဗလာနတ္ထိသာ ကျန်ပေလိမ့်မည်။ ဘုရားသခင် အကြောင်းပြောပြရန် သင်ဘာကိုအသုံးပြုမည်နည်း။ ဘုရားသခင်ကို ကြည့်ရှုရန် သင့်ထံတွင် နာကြည်းမှု ရှိနေသလော။ ယခုပင်လျှင် သင်ရှာမှီးရန် အပြင်းအထန် ကြိုးစားသင့်သည်။ သို့ဖြင့် အဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့အတွက် မည်မျှလောက် အကျိုးကျေးဇူးရှိသည်ကို ပေတရုကဲ့သို့ သင်သိလာလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမပါဘဲ လူသည် ကယ်တင်ခြင်းကို မရနိုင်ဘဲ ဆိုးညစ်သောမြေထဲ၊ နွံထဲသို့ နစ်သည်ထက်သာ နစ်နိုင်ပေသည်။ လူတို့အား စာတန်က ဖျက်ဆီးခဲ့ပြီး အချင်းချင်းဆန့်ကျင်ကြံစည်လျက်၊ အချင်းချင်းအပေါ် ဗိုလ်ကျခြယ်လှယ်ကာ၊ ဘုရားသခင်အား မကြောက်ရွံ့တော့ဘဲ သူတို့၏ မနာခံမှုသည် ပိုမိုကြီးထွားလာသည်။ သူတို့၏ စိတ်ကူးအကြံများမှာ အလွန်များပြားပြီး အားလုံးမှာ စာတန်နှင့် သက်ဆိုင်လေသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက လူ၏ ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်နိုင်ခြင်းမရှိဘဲ သူသည် ကယ်တင်ခြင်းကို ရနိုင်မည်မဟုတ်။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်၏ လူ့ဇာတိအလုပ်အားဖြင့် ဖော်ပြသည်မှာ အတိအကျဆိုရလျှင် ဝိညာဉ်တော်က ဖော်ပြသည့်အရာဖြစ်ပြီး ဘုရားသခင် လုပ်သည့်အလုပ်မှာ ဝိညာဉ်တော်အားဖြင့် လုပ်သောအလုပ်အတိုင်းသာ ဖြစ်လေသည်။ ယနေ့တွင်၊ ဤအလုပ်အကြောင်း သင်ဘာမျှမသိပါက သင်သည် အလွန်မိုက်မဲလှပြီး ဆုံးရှုံးမှုများလှသည်။ အကယ်၍ သင်သည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို မရသေးပါက သင့်ယုံကြည်မှုသည် ဘာသာရေးယုံကြည်မှုဖြစ်ပြီး သင်သည် ဘာသာရေးခရစ်ယာန်တစ်ဦး ဖြစ်ပေသည်။ အကြောင်းမှာ သင်သည် မသုံးတော့သော အယူဝါဒကို စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို သင်ဆုံးရှုံးခဲ့သည်။ ဘုရားသခင်၏ မေတ္တာနောက်သို့လိုက်သော အခြားသူများသည် သမ္မာတရားနှင့် အသက်ကို ရနိုင်ပြီး စင်စစ်အားဖြင့် သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ အတည်ပြုမှုကို ရရန် မစွမ်းသာပေ။ ယင်းအစား၊ သင်သည် ဖျက်ဆီးတတ်ပြီး မုန်းစရာကောင်းသော အပြုအမူများကို လုပ်သည့် ယုတ်မာသူတစ်ဦးဖြစ်လာကာ သင်သည် စာတန်လှောင်ပြောင်စရာတစ်ဦး၊ စာတန်၏ အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းကို ခံရဖို့မဟုတ်၊ လူ၏ချစ်ခြင်းကို ခံရန်၊ လူ၏နောက်သို့လိုက်ခြင်းနှင့် ဆည်းကပ်ကိုးကွယ်ခြင်းတို့ကို ခံရန်ဖြစ်လေသည်။ သင်ယနေ့မရှာမှီးပါက “ယခင်က ငါသည် ဘုရားသခင်နောက်သို့ အဘယ်ကြောင့် ကောင်းစွာမလိုက်ခဲ့သနည်း၊ ကိုယ်တော့်ကို အဘယ်ကြောင့် ကောင်းစွာကျေနပ်အောင် မပြုခဲ့သနည်း၊ ငါ၏အသက်တာ စိတ်သဘောထားထဲရှိ ပြောင်းလဲမှုများကို အဘယ်ကြောင့် လက်ကိုင်မပြုခဲ့သနည်း။ ထိုအချိန်၌ ဘုရားသခင်ထံ မဆက်ကပ်နိုင်ခဲ့ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်သက်ဆိုင်သည့် အသိပညာကို မရှာမှီးခဲ့ခြင်းတို့ကို ငါနောင်တရလိုက်လေခြင်း။ ထိုစဉ်က ဘုရားသခင်သည် များစွာပြောခဲ့သည်။ ငါဘယ်လိုများ မရှာမှီးခဲ့မိပါလိမ့်။ ငါသည် အလွန်မိုက်မဲခဲ့သည်တကား” ဟု သင်ပြောမည့် နေ့ရက်သည် ရောက်လာလိမ့်မည်။ သင်သည် သင့်ကိုယ်သင် အတိုင်းအတာတစ်ခုအထိ မုန်းတီးမိလိမ့်မည်။ ယနေ့တွင် သင်သည် ငါပြောသောစကားများကို သင်မယုံကြည်၊ ငါ့စကားများကို သင်ဂရုမပြု၊ ဤအလုပ်ကို ဖြန့်ဝေရန် နေ့ရက်သို့ရောက်သောအခါ သင်သည် အလုံးစုံမြင်ရမည်။ သင်နောင်တရမည်ဖြစ်ပြီး ထိုအချိန်တွင် သင်သည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ကောင်းချီးမင်္ဂလာများရှိ၏၊ သို့သော် ယင်းတို့၌ ပျော်မွေ့ရကောင်းမှန်း သင်မသိ။ သမ္မာတရားရှိ၏၊ သို့သော် သင်မရှာမှီး။ သင့်ကိုယ်သင် အထင်သေးခြင်း မဖြစ်သလော။ ယနေ့တွင်၊ ဘုရားသခင်၏အလုပ် နောက်တစ်ဆင့် မစတင်သေးသော်လည်း သင့်အား တောင်းဆိုသောအရာများနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုသောအရာများနှင့် ပတ်သက်ပြီး ထူးထူးခြားခြား မရှိပါ။ အလုပ်များစွာရှိ၏၊ သမ္မာတရားများစွာရှိ၏။ ယင်းတို့သည် သင်၏သိခြင်းကိုခံရရန် မထိုက်တန်သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို လှုပ်နှိုးနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးရန် မစွမ်းဆောင်နိုင်သလော။ သင်သည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ငြိမ်းချမ်းစွာ၊ ဝမ်းမြောက်စွာ၊ လောကီရေးရာ အနည်းငယ် သက်သောင့်သက်သာရှိစွာ နေထိုင်ရန် တင်းတိမ်ရောင့်ရဲနေပါသလော။ သင်သည် လူအားလုံးတွင် အနိမ့်ဆုံးဖြစ်မနေသလော။ ကယ်တင်ခြင်းကို မြင်ပြီးသော်လည်း ကယ်တင်ခြင်းရရန် မလိုက်လျှောက်သူထက် ပို၍ ရူးမိုက်သောသူမရှိ၊ သူတို့သည် မိမိကိုယ်ကို ဇာတိပကတိ၌ အလွန်ပျော်ပါးပြီး စာတန်နှင့် ပျော်မွေ့နေသူများဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့်စိန်ခေါ်မှုများ၊ သို့မဟုတ် ကြီးစွာသောဘေးဒုက္ခများ၊ သို့မဟုတ် ဆင်းရဲဒုက္ခ စိုးစဉ်းကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ အသုံးမကျသော အရာများနောက်သို့ သင်အမြဲလိုက်သည်၊ ဘဝကို တန်ဖိုးရှိအောင် သင်မလုပ်၊ ထိုအစား သင့်အတွေးမြောက်မြားစွာကို သမ္မာတရားရှေ့မှောက်၌ ချထားသည်။ သင်သည် အလွန်ပင် အသုံးမကျပေ။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ ရှင်သန်နေသည်၊ သင်သည် ဝက်များ၊ ခွေးများနှင့် ဘာများကွာခြားသနည်း။ သမ္မာတရားနောက်သို့ မလိုက်ဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက်နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အထဲတွင် စကားပေါင်းမည်မျှပြောပြီးပြီနည်း။ သင်တို့ကြားတွင် အလုပ်အနည်းငယ်လောက်သာ ပြီးမြောက်ထားခြင်း ရှိသလော။ သင်တို့အကြား ငါမည်မျှလောက် ထောက်ပံ့ပေးခဲ့ပြီနည်း။ သို့တိုင် သင်အဘယ်ကြောင့် မရသေးပါသနည်း။ သင်၌ အဘယ်စောဒကတက်စရာ ရှိသနည်း။ သင်သည် ဇာတိပကတိ၌ အလွန်အမင်း ပျော်မွေ့နေသောကြောင့်သာ ဘာမျှမရခြင်း မဟုတ်လော။ သင်၏အတွေးများမှာ အလွန်ပင် တရားလွန်နေသောကြောင့် မဟုတ်သလော။ သင်သည် အလွန်မိုက်မဲသောကြောင့် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို ရယူရန် သင်မစွမ်းဆောင်နိုင်ပါက သင့်ကို ဘုရားသခင် မကယ်တင်ခြင်းကို သင်အပြစ်တင်နိုင်မည်လော။ သင်ရှာမှီးသည်မှာ ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် ငြိမ်းသက်ခြင်း ရနိုင်ရန်ဖြစ်သည်၊ သင့်သားသမီးများ နေထိုင်မကောင်း မဖြစ်စေရန်၊ သင့်ခင်ပွန်း အလုပ်ကောင်းကောင်းရရန်၊ သင့်သား ဇနီးကောင်းတစ်ဦးကိုရရန်၊ သင့်သမီး ရည်မွန်သော ခင်ပွန်းတစ်ဦးကိုရရန်၊ သင့်မြင်းများ၊ နွားများ မြေကိုကောင်းစွာထွန်ယက်ရန်၊ သင့်ကောက်ပဲသီးနှံများအတွက် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်ရန်၊ သင်ရှာဖွေသည်မှာ ယင်းတို့ဖြစ်သည်။ သင်လိုက်လျှောက်သည်မှာ သက်သောင့်သက်သာ နေထိုင်ရန်သာ ဖြစ်သည်၊ သင့်မိသားစုထံသို့ မတော်တဆမှုများ မကျရောက်ရန်၊ သင့်အနား လေပြေဖြတ်သွားရန်၊ သင့်မျက်နှာကို မြေမှုန်မထိစေရန်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်၊ မည်သည့်သဘာဝဘေးအန္တရာယ်မှ သင့်အပေါ်သို့ မကျရောက်စေရန်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် နေထိုင်ရန်၊ ဇိမ်ရှိသောအသိုက်အမြုံထဲတွင် နေထိုင်ရန်တို့အတွက်သာ သင်ရှာမှီးနေသည်။ ဇာတိပကတိနောက်သို့ အမြဲလိုက်နေသည့် သင်ကဲ့သို့သော သတ္တိကြောင်သူတစ်ဦး၌ စိတ်နှလုံးရှိပါသလော၊ သင့်မှာ ဝိညာဉ်ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အတုံ့အပြန် ဘာကိုမျှ မတောင်းဆိုဘဲ စစ်မှန်သောလမ်းကို သင့်အား ငါပေးခဲ့သော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော ထိုသူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ်သို့ စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဝက်များ၊ ခွေးများနှင့် ဘာမျှမထူးဘူး မဟုတ်လော။ ဝက်များသည် လူ့အသက်ကို မလိုက်လျှောက်၊ သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရန် မလိုက်လျှောက်၊ အသက်ဆိုသည်ကို သူတို့နားမလည်။ နေ့စဉ်ဝသည်ထိစားပြီး အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား လမ်းမှန်ကိုပေးပြီးဖြစ်သော်လည်း သင်၌ ဤလမ်းမှန်မရှိသေး၊ သင်သည် လက်ချည်းသက်သက်ပင် ဖြစ်ပေသည်။ ဝက်တစ်ကောင်၏ဘဝ၊ ဤဘဝတွင် ဆက်လက်နေထိုင်ရန် သင်လိုလားပါသလော။ ထိုသို့သောသူများ၏ အသက်ရှင်မှုတွင် မည်သည့်အရေးပါမှု ရှိသနည်း။ သင့်ဘဝသည် အထင်သေးဖွယ်၊ ရှက်ဖွယ်ဖြစ်ပြီး သင်သည် ညစ်ညမ်း၍ သိက္ခာကင်းမဲ့စွာ အသက်ရှင်နေသည်၊ ထို့ပြင် သင်သည် မည်သည့် ရည်မှန်းချက်နောက်သို့မှ မလိုက်ပေ၊ သင့်ဘဝသည် အားလုံးထဲတွင် ရှက်စရာအကောင်းဆုံး ဖြစ်နေသည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းအတိုင်း သင်ဆက်တွေ့ကြုံနေပါက သင်ဘာကိုမျှ မရဘဲဖြစ်မည် မဟုတ်လော။ မှန်ကန်သောလမ်းကို သင့်အား ပေးပြီးသော်လည်း နောက်ဆုံးတွင် သင်ရ၊ မရဆိုသည်မှာ သင်၏ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှုပေါ် မူတည်ပေသည်။ လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ပြီး လူသည် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နေသမျှကာလပတ်လုံး ဘုရားသခင်သည် အဖြောင့်မတ်ဆုံးဖြစ်သည့်အတွက် လူတို့အပေါ်တွင် သမာသမတ်ကျမည်မှာ သေချာသည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်ပါက ဘုရားသခင်က သူ့အား ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူတိုင်းအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူအား ငါတောင်းဆိုသော သင့်လျော်သည့် သတ်မှတ်ချက်များရှိပြီး မည်သူမဆို လူတိုင်း ငါတောင်းဆိုသောအရာကို ပြီးမြောက်ရမည်၊ သင့်အရည်အချင်းများ မည်မျှကျယ်ပြန့်သည် သို့မဟုတ် မည်သို့အားနည်းသည်ကို ငါဂရုမစိုက်၊ သမ္မာတရားကို သင်ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိမရှိနှင့် ငါ့လမ်းတွင် သင်လျှောက်၏၊ မလျှောက်၏ကိုသာ ငါဂရုစိုက်သည်။ သင့်တွင် သမ္မာတရားမရှိဘဲ ငါ့နာမည်ကို အရှက်ရစေပြီး ငါ့နည်းလမ်းအတိုင်း မလုပ်ဆောင်၊ ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်နာသည်ဆိုရုံမျှသာ လုပ်ဆောင်ပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို လဲကျစေပြီး သင်ပြုသော မကောင်းမှုအတွက် သင့်ကိုပြစ်ဒဏ်ပေးမည်။ သို့ဆိုလျှင် သင်ဘာပြောမည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်မည်လော။ ယနေ့တွင်၊ ငါပြောခဲ့သော စကားများအတိုင်း သင်လိုက်နာပါက သင်သည် ငါအတည်ပြုသော လူမျိုးဖြစ်လိမ့်မည်။ ဘုရားသခင်နောက်သို့လိုက်စဉ် သင်သည် ဒုက္ခဆင်းရဲ အမြဲခံစားရသည်၊ သူ့နောက်သို့ အေးအတူပူအမျှ လိုက်ခဲ့ပြီးပြီ၊ သူနှင့် ဆိုးတူကောင်းဖက် အတူဝေမျှခဲ့ပြီဟု သင်ဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများအတိုင်း မနေထိုင်ခဲ့ပါ၊ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် ပြေးလွှားလုပ်ဆောင်ပြီး ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိကာ အဓိပ္ပာယ်ရှိသော အသက်တာကို ရှင်သန်ရန်ကိုမူ ဘယ်သောအခါမျှ သင်မစဉ်းစားခဲ့ဟု သင်ပြောသည်။ “အရာရာတွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ သူ့အတွက် ကျွန်ုပ်ဒုက္ခဆင်းရဲ ခံခဲ့ရသည်၊ သူ့အတွက် ကျွန်ုပ်ပြေးလွှားလုပ်ဆောင်သည်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့ထံ၌ ပေးအပ်ဆက်ကပ်ထားသည်၊ မည်သည့်အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း ကျွန်ုပ်ကြိုးစားလုပ်ဆောင်၏။ သူကျွန်ုပ်ကို အမှတ်ရမည်မှာ သေချာပါသည်” ဟုလည်း သင်ပြောသည်။ ဘုရားသခင်သည် ဖြောင့်မတ်သည် ဆိုသည်မှာ အမှန်ဖြစ်၏။ သို့သော် ဖြောင့်မတ်မှုတွင် မည်သည့်မစင်ကြယ်ခြင်းမျှ စွန်းထင်းမနေပါ၊ ယင်းတွင် လူသားတို့၏ အလိုဆန္ဒမပါ၊ ဇာတိပကတိ သို့မဟုတ် လူသားတို့၏ ကိစ္စအဝဝတို့ဖြင့် အမည်းစက်ထင်ခြင်း မရှိပါ။ သူ့အား ပုန်ကန်သူ၊ ဆန့်ကျင်သူနှင့် သူ၏လမ်းကို မလိုက်လျှောက်သောသူ အားလုံးတို့သည် အပြစ်ဒဏ်ပေးခြင်းကို ခံရကြမည်၊ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရ၊ မည်သူ့ကိုမျှ ချမ်းသာမပေး။ အချို့လူများက “ယနေ့ ကိုယ်တော့်အတွက် ကျွန်ုပ်လှုပ်ရှားရုန်းကန်ပါ၏။ အဆုံးသို့ရောက်သောအခါ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လော” ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည် “သင်သည် ငါ့စကားများကို လိုက်နာပြီးပါပြီလော။” သင်ပြောသော ဖြောင့်မတ်မှုသည် ကိစ္စရပ်ပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသားအားလုံးအပေါ် သမာသမတ်ကျကာ အဆုံးတိုင်အောင် ငါ့နောက်လိုက်သူမှန်သမျှသည် ကယ်တင်ခြင်းကိုခံရပြီး ငါ့ကောင်းချီးများကို သေချာပေါက်ရမည်ဟုသာ သင်ထင်နေသည်။ ငါ့စကားများတွင် သိုဝှက်သောအဓိပ္ပာယ်ရှိသည် “နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိမည်”၊ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူတို့သည် ငါလုံးလုံးလျားလျား ရယူမည့်သူများဖြစ်ပေသည်။ သူတို့ကို ငါသိမ်းပိုက်ပြီးနောက် သူတို့သည် သမ္မာတရားကို ရှာဖွေပြီး စုံလင်အောင်ပြုခြင်း ခံကြရသူများဖြစ်သည်။ မည်သည့်အခြေအနေများကို သင်ရရှိပြီးပြီနည်း။ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့လိုက်ခြင်းသာ သင်ရရှိပြီ၊ အခြားဘာရှိသေးသနည်း။ ငါ့စကားများကို လိုက်နာပြီးပြီလော။ သင်သည် ငါ့တောင်းဆိုချက် ငါးချက်ထဲမှတစ်ချက်ကို လုပ်ဆောင်ပြီးဖြစ်သော်လည်း ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် ရည်ရွယ်ချက် မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကို တွေ့ရှိပြီးဖြစ်ပြီး သင့်ကိုယ်သင် ကံကောင်းပြီဟုထင်ကာ ယင်းလမ်းကို လိုက်လျှောက်ခဲ့သည်။ သင်ကဲ့သို့သော လူများအတွက် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ခုခုဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံရခြင်းတစ်ခုဖြစ်ပြီး မကောင်းမှုပြုလုပ်သူအားလုံးအတွက် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသောသူအားလုံးသည် နောက်ဆုံးအချိန်အထိ လိုက်လျှင်ပင် ပြစ်ဒဏ်ပေးခြင်းကို သေချာပေါက်ခံရပေမည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပင်ဖြစ်၏။ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးခြင်းဖြင့် ဖော်ပြသည့်အခါ လူသားသည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ဘုရားသခင်နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်း၌ မလျှောက်ခဲ့သည့်အတွက် နောင်တရပေမည်။ ထိုအချိန်ရောက်လျှင် ဘုရားသခင်နောက် လိုက်နေစဉ် သူအနည်းငယ်သာ ဒုက္ခခံစားခဲ့သည် သို့သော် ဘုရားသခင်၏လမ်း၌ မလျှောက်လှမ်းခဲ့။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမခံရခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ သို့တိုင် သူ့စိတ်ထဲတွင် “မည်သို့ပင်ဆိုစေ နောက်ဆုံးအချိန်ထိ လိုက်ခဲ့ပြီးပြီ။ ကိုယ်တော် ကျွန်ုပ်ကို ဆုံးမလျှင်ပင် ပြင်းပြင်ထန်ထန် ဆုံးမလိမ့်မည် မဟုတ်ပါ။ ဤသို့ဆုံးမပြီးလျှင် ကိုယ်တော် ကျွန်ုပ်ကို အလိုရှိနေပေဦးမည်။ ကိုယ်တော်သည် ဖြောင့်မတ်ကြောင်း ကျွန်ုပ်သိပါ၏။ ကျွန်ုပ်အား ထိုနည်းဖြင့် အမြဲဆက်ဆံလိမ့်မည် မဟုတ်ပါ။ အဆုံးမှာတော့ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရသူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရသူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်းမျိုးကို ခံရမည်ဖြစ်သော်လည်း ကျွန်ုပ်အား ပြစ်တင်ဆုံးမခြင်းမှာတော့ ပေါ့ပါးလိမ့်မည်” ဟု တွေးနေပေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသလိုမဟုတ်။ မိမိတို့အပြစ်ကို ဝန်ခံတတ်သည့်သူများကို သက်ညှာစွာ ဆက်ဆံသည့် ကိစ္စမဟုတ်။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းမြင့်မြတ်ခြင်းဖြစ်ပြီး လူတို့၏ပြစ်မှုများကို အမှန်တကယ် လက်မခံသော စိတ်သဘောထားဖြစ်သည့်အပြင် ညစ်ညမ်းသောအရာများနှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင် စက်ဆုပ်ရွံရှာသောအရာဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်၊ သို့သော် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်၊ ယင်းသည် နိုင်ငံအတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ ပြောင်းလဲမှုမရှိသော မည်သူမဆိုအတွက် ဖြောင့်မတ်သော ပြစ်ဒဏ်ဖြစ်ပြီး ကယ်တင်ခြင်းအတွက် နယ်နိမိတ် မရှိပါ။ လူကို အမျိုးအစားအလိုက် ခွဲခြားသည့်အခါ ကောင်းသောသူများသည် ဆုကိုရမည်ဖြစ်ပြီး မကောင်းသောသူများသည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ လူ၏ပန်းတိုင်ကို ရှင်းလင်းအောင် လုပ်သည့်အချိန်သည် ကယ်တင်ခြင်းအလုပ် အဆုံးသတ်မည့် အချိန်ဖြစ်ပြီး၊ ယင်းနောက်တွင် လူကိုကယ်တင်ခြင်းသည် နောက်ထပ် မဖြစ်တော့ပေ။ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်း အပေါ်သို့ ကျရောက်လိမ့်မည်။ အချို့တို့က “ဘုရားသခင်သည် ကိုယ်တော့်အနားမှာ မကြာခဏရှိသောသူတိုင်းကို အမှတ်ရလိမ့်မည်။ ကျွန်ုပ်တို့ထဲမှ မည်သူ့ကိုမျှ ကိုယ်တော်မေ့နိုင်လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရမည်မှာ သေချာပါသည်။ အောက်တွင်ရှိသောလူများကို ကိုယ်တော် သတိရမည်မဟုတ်၊ သူတို့အထဲတွင် စုံလင်စေခြင်းကို ခံရမည့်သူများမှာ ဘုရားသခင်အား မကြာခဏတွေ့သော ကျွန်ုပ်တို့လောက် မသေချာပါ။ ကျွန်ုပ်တို့တွင် မည်သူ့ကိုမျှ ဘုရားသခင်မေ့မည်မဟုတ်၊ ကျွန်ုပ်တို့အားလုံးကို ဘုရားသခင်အတည်ပြုပြီးဖြစ်ပြီး ဘုရားသခင်က စုံလင်စေမည်မှာ သေချာလှပါသည်” ဟု ဆိုလိမ့်မည်။ သင်တို့အားလုံးတွင် ထိုကဲ့သို့သော အတွေးအမြင်များရှိသည်။ ၎င်းသည် ဖြောင့်မတ်ခြင်း ဟုတ်ပါသလော။ သမ္မာတရားကို သင်လက်တွေ့ကျင့်သုံးသလော၊ သို့မဟုတ် မကျင့်သုံးသလော။ ထိုကဲ့သို့သော ကောလာဟလများကို သင်အမှန်တကယ် ဖြန့်ဝေနေသည်၊ သင့်မှာ အရှက်မရှိ။
ယနေ့တွင် အချို့သောသူတို့သည် ဘုရားသခင် အသုံးပြုခြင်းကို ခံရရန် ကြိုးစားကြသည်၊ သို့သော် သိမ်းပိုက်ခံရပြီးနောက် သူတို့အား တိုက်ရိုက် အသုံးမပြုနိုင်ပါ။ ယနေ့ပြောစကားများအတိုင်း ဘုရားသခင်သည် လူတို့ကို အသုံးပြုသည့်အခါ သင်သည် ယင်းတို့ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိသေးပါက၊ သင်သည် စုံလင်စေခြင်းကို မခံရသေးပါ။ တစ်နည်းအားဖြင့် လူကို စုံလင်စေသည့် ကာလပြီးဆုံးချိန် ရောက်ရှိလာသောအခါ လူကိုသုတ်သင်ဖယ်ရှားမည်လား သို့မဟုတ် ဘုရားသခင်အသုံးပြုမည်လား ဆိုသည်ကို အဆုံးအဖြတ်ပေးသွားလိမ့်မည်။ သိမ်းပိုက်ခြင်း ခံရပြီးသောသူများသည် မတုန်မလှုပ်နေခြင်းနှင့် ဆန့်ကျင်ခြင်းဆိုင်ရာ ဥပမာများထက် ဘာမျှမပိုပေ။ သူတို့သည် နမူနာများနှင့် စံပြလူများ ဖြစ်သည် သို့သော် သူတို့သည် ဆန့်ကျင် ကွဲပြားမှု တစ်ခုထက် ဘာမျှ မပိုပေ။ လူသည် အသက်ကို ရရှိမှသာ သူ၏ စိတ်သဘောထားသည် ပြောင်းလာပြီး အတွင်း၊ အပြင် ပြောင်းလဲမှုကို ရရှိပြီး သူသည် ပြီးပြည့်စုံစေခြင်းသို့ လုံးလုံးလျားလျား ရောက်ရှိလိမ့်မည်။ ယနေ့တွင်၊ မည်သည့်အရာကို သင်အလိုရှိသနည်း၊ သိမ်းပိုက်ခံရခြင်းလား၊ စုံလင်အောင်ပြုခံရခြင်းလား။ မည်သည့်အရာကိုရရှိရန် သင်အလိုရှိပါသနည်း။ စုံလင်အောင်ပြုခံရခြင်းအတွက် သတ်မှတ်ချက်များကို သင်ဖြည့်ဆည်းပြီးပြီလော။ မည်သည့်အချက် သင်၌ကင်းမဲ့နေသေးသနည်း။ သင့်ကိုယ်သင် မည်သို့အသင့်ဖြစ်အောင် လုပ်သင့်သနည်း၊ သင်၏ ချို့တဲ့ခြင်းများကို သင်မည်သို့ဖြည့်မည်နည်း။ စုံလင်စေခြင်းသို့ရောက်ရန် လမ်းကြောင်းသို့ သင်မည်သို့ ဝင်ရောက်သင့်သနည်း။ သင်မည်သို့ လုံးလုံးလျားလျား အပ်နှံသင့်သနည်း။ သင်သည် စုံလင်အောင်ပြုခြင်းခံရရန် တောင်းဆိုသည်၊ သို့ဆိုလျှင် သင်သည် သန့်ရှင်းမြင့်မြတ်ခြင်းနောက်သို့ လိုက်ပါသလော။ ဘုရားသခင် သင့်အား ကာကွယ်စောင့်ရှောက်နိုင်ရန် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်ရှာမှီးပါသလော။ သင်သည် သန့်ရှင်းခြင်းသို့ရောက်ရန် လိုက်လျှောက်ခဲ့သည်၊ သို့ဆိုလျှင် သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန် လိုလားပါသလော။ သင်သည် ဘုရားသခင်အား သိကျွမ်းရန် တောင်းဆိုသည် သို့သော် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိပါသလော။ ယနေ့တွင်၊ သင့်အပေါ်၌ ဘုရားသခင်လုပ်သော အလုပ်အများစုမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြစ်၏။ ဤအလုပ်အကြောင်း သင်ဘာသိသနည်း။ သင့်အပေါ်၌ မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်တွေ့ကြုံခဲ့ရသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် သင့်အား သန့်ရှင်းစေပါသလော။ ယင်းသည် သင့်ကို ပြောင်းလဲစေခဲ့ပါသလော။ ယင်းသည် သင့်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိသလော။ ယနေ့ အလုပ်များစွာကြောင့် သင်သည် မောပန်း နွမ်းနယ်နေပါသလော—ကျိန်ခြင်းများ၊ တရားစီရင်ခြင်းများနှင့် ဖော်ထုတ်ပြသမှုများ—သို့မဟုတ် ယင်းတို့သည် သင့်အတွက် အကျိုးထူးဖြစ်စေသည်ဟု ခံစားရပါသလော။ သင်သည် ဘုရားသခင်ကိုချစ်သည် သို့သော် မည်သည့်အတွက်ကြောင့် ချစ်ပါသနည်း။ ဘုရားသခင်အား သင်ချစ်သည်မှာ ကျေးဇူးတော် အနည်းငယ် သင်လက်ခံရသောကြောင့်လော၊ သို့မဟုတ် ဘုရားသခင်အား သင်ချစ်သည်မှာ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိခြင်းကြောင့်လော။ သို့မဟုတ် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်ပြီးနောက် ဘုရားသခင်အား ချစ်ပါသလော။ မည်သည့်တိကျသောအရာက သင့်အား ဘုရားသခင်ကို ချစ်စေပါသနည်း။ ပေတရုသည် စုံလင်စေခြင်းခံရရန် မည်သည့်သတ်မှတ်ချက်များကို ဖြည့်ဆည်းခဲ့ပါသနည်း။ သူသည် စုံလင်စေခြင်းခံရပြီးနောက် ဖော်ပြသည့် အရေးပါသောလမ်းမှာ အဘယ်နည်း။ ပေတရုက သခင်ယေရှုအား ချစ်သည်မှာ သူသည် သခင်ယေရှုအား တမ်းတသောကြောင့်လော၊ သို့မဟုတ် သခင်ယေရှုအား သူ မမြင်နိုင်သောကြောင့်လော၊ သို့မဟုတ် သူ့အား အပြစ်တင်သောကြောင့်လော။ သို့မဟုတ် သခင်ယေရှုအား သူချစ်သည်မှာ အတိဒုက္ခခံစားရခြင်းကို သူလက်ခံခြင်း၊ သူ၏ညစ်ညမ်းမှုနှင့် မနာခံတတ်မှုတို့ကို သိလာပြီး သခင်၏ သန့်ရှင်းမြင့်မြတ်မှုကို သိလာသောကြောင့် ဖြစ်ပါသလော။ ဘုရားသခင်ကို သူ၏ချစ်ခြင်းက ပိုမိုဖြူစင်လာသည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့်လော သို့မဟုတ် အခြားအရာ တစ်ခုခုကြောင့်လော။ အဘယ်အရာနည်း။ သင်သည် ဘုရားသခင်ကိုချစ်သည်မှာ ဘုရားသခင်၏ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပြီး ယနေ့ သင့်အား ကောင်းချီးမင်္ဂလာ အနည်းငယ်ပေးသောကြောင့် ဖြစ်သည်။ ယင်းသည် မေတ္တာစစ်ဖြစ်ပါသလော။ ဘုရားသခင်အား မည်သို့ သင်ချစ်သင့်သနည်း။ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်လက်ခံမည်လော၊ ထို့အပြင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်ပြီးနောက်တွင် သင့်အနေဖြင့် သူ့ကို လုံးဝလက်ခံယုံကြည်ပြီး သင်၌ သူနှင့်ဆိုင်သည့် အသိပညာရှိသည်အထိ သူ့ကို စစ်မှန်စွာ သင်ချစ်နိုင်မည်လော။ ပေတရုကဲ့သို့ ဘုရားသခင်အား လုံလုံလောက်လောက် မချစ်နိုင်ဟု သင်ဆိုနိုင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ပြီးသည့်နောက် သိမ်းပိုက်ခံရရန် သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ပြီးသည့်နောက် သန့်ရှင်းစေရန်၊ အကာအကွယ်ရရန်နှင့် စောင့်ရှောက်ခံရရန်တို့အတွက် သင်လုပ်ဆောင်သောအရာများ ဟုတ်ပါသလော။ ဤအရာများထဲမှ မည်သည်ကို သင်လုပ်ဆောင်သနည်း။ သင်၏အသက်တာသည် လေးနက်သောအသက်တာ ဖြစ်ပါသလော၊ သို့မဟုတ် အဓိပ္ပာယ်ကင်းမဲ့ကာ တန်ဖိုးမရှိသည့် ဘဝလော။ သင်သည် ဇာတိပကတိကို လိုချင်သလော၊ သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရားစီရင်ခြင်းကို သင်ဆန္ဒရှိပါသလော သို့မဟုတ် သက်သောင့်သက်သာ နေချင်သလော။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခဲ့ပြီး၊ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ခဲ့ပြီးခြင်းဖြင့် သင်မည်သို့ လိုက်လျှောက်မည်နည်း။ ဤလမ်းကြောင်းတွင် သင်မည်သို့လျှောက်လှမ်းမည်နည်း။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အပေါ်၌ တစ်စုံတစ်ရာသော သက်ရောက်မှု ရှိခဲ့သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိခြင်း၊ မသိခြင်းသည် သင်အသက်ရှင်နေထိုင်မှုနှင့် ဘုရားသခင်အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား သင်ချစ်သည်ဟုဆိုသည်။ သို့သော် သင်သည် ယခင်အတိုင်း၊ ပျက်စီးနေသည့် စိတ်သဘောထားဖြင့် ရှင်သန်နေထိုင်နေသည်။ ဘုရားသခင်ကို သင်ကြောက်ရွံ့ခြင်းမရှိ၊ အသိတရားလုံးဝမရှိ။ ယင်းကဲ့သို့သောသူများက ဘုရားသခင်ကို ချစ်ပါသလော။ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်ကို သစ္စာစောင့်သိပါ၏လော။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူများ ဟုတ်သလော။ သင်က ဘုရားသခင်ကို ချစ်ပါသည်၊ ယုံကြည်ပါသည်ဟု ပြောသည်၊ သို့သော် သင်သည် သင်၏ သဘောထားခံယူချက်များကို မစွန့်လွှတ်။ သင့်အလုပ်၊ ဝင်ရောက်မှု၊ သင်ပြောသောစကားများနှင့် သင့်အသက်တာထဲတွင် ဘုရားသခင်အား သင်ချစ်ခြင်းသည် ပေါ်လွင်ထင်ရှားမှု မရှိဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းလည်း မရှိ။ ထိုသူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးသူလော။ ယင်းကဲ့သို့သောသူသည် ပေတရု ဖြစ်နိုင်ပါမည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး ထိုသို့ အသက်ရှင်နေထိုင်ခြင်း မရှိသလော။ ယနေ့တွင်၊ စစ်မှန်သောအသက်တာဖြင့် အသက်ရှင်နေထိုင်ရန် မည်သည့် သတ်မှတ်ချက်များ လိုအပ်ပါသနည်း။ ပေတရု၏ ဆုတောင်းသံများသည် သူ့နှုတ်မှထွက်လာသော စကားများနှင့် မထူးခြားပါသလော။ ယင်းတို့သည် သူ့နှလုံးသား အတွင်းထဲမှ ထွက်လာသော စကားများ မဟုတ်ပါသလော။ ပေတရုက ဆုတောင်းရုံသာ ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း မရှိပါသလော။ သင်လုပ်ဆောင်သည်မှာ မည်သူ့အတွက်ပါနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကာလတွင် သင့်ကိုယ်သင် မည်သို့ကာကွယ်စောင့်ရှောက်မည်နည်း၊ မည်သို့သန့်ရှင်းစေမည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူအတွက် အကျိုးမရှိပါသလော။ တရားစီရင်မှုမှန်သမျှသည် ပြစ်ဒဏ်ပေးခြင်းဖြစ်ပါသလော။ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သာ၊ ပစ္စည်းဥစ္စာကောင်းချီးမင်္ဂလာများနှင့် တဒင်္ဂသက်သောင့်သက်သာရှိမှုတို့သာ လူ့အသက်တာအတွက် အကျိုးရှိခြင်း ဖြစ်နိုင်ပါသလော။ လူသည် သာယာပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်နေထိုင်ကာ တရားစီရင်ခြင်းကင်းမဲ့သည့် အသက်တာတွင် သန့်ရှင်းခြင်းသို့ ရောက်နိုင်ပါမည်လော။ လူသည် ပြောင်းလဲလိုပြီး သန့်ရှင်းခြင်းသို့ရောက်ရန် အလိုရှိပါက စုံလင်စေခြင်းကို မည်သို့လက်ခံသင့်ပါသနည်း။ ယနေ့ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားမှာ “ထိုအရာ” ဖြစ်သည်။
No comments:
Post a Comment