လူ့ဇာတိခံယူသော ယေရှု၏သမ္မာတရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်- ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ ရှိသည်မဟုတ်၊ သူ၏ သားတော်လည်း ရှိပြီး၊ ဝိညာဉ်တော်ပါ ရှိသေးသည်ဟူ၍ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တပါးရှိသည်- သုံးပါးတစ်ဆူဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးပေါင်း တစ်ဆူဟူသည်မှာ လူကိုင်စွဲထားသော သမားရိုးကျ အယူအဆပင်ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးတွင် ဤအယူအဆရှိသည်- ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သော်လည်း အပိုင်းသုံးပိုင်းနှင့် ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် အလွန်အမင်းခိုင်မာစွာ အမြစ်တွယ်နေသော အရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ပင် ဖြစ်သည်။ ထိုအပိုင်း သုံးပိုင်းပေါင်း၍ တစ်ပါး ဖြစ်ခြင်းသည် ဘုရားသခင်၏ အလုံးစုံပင်ဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ သူတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းဆိုလျှင် ဘုရားသခင်ဟု သတ်မှတ်၍ မရဟု သူတို့ ယုံကြည်ကြ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု မှတ်ယူသည်။ ယခုတွင် သင်တို့အထဲမှ နောက်လိုက်သူများ အယောက်ချင်းစီတိုင်း အပါအဝင်၊ ဘာသာရေး ယုံကြည်သူ အားလုံးတို့သည် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသည်။ သို့သော်လည်း ဤယုံကြည်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည့် အရာကိုမူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မရေရာ ရှုပ်ထွေးမှု မြူမှိုင်းထဲ၌ အမြဲရှိနေသော ကြောင့်ဖြစ်သည်။ သင်တို့သည် ဘာသာရေး အယူအဆများ၏ ကြီးလေးစွာ ညစ်ညူးခြင်းကို ခံထားရသဖြင့်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ သင်တို့ကမူ ၎င်းတို့ မှန်၏၊ မှား၏ ဆိုသည်ကိုပင် မသိချေ။ သင်တို့သည် ဤသမားရိုးကျ ဘာသာရေး အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်းပင် လက်ခံထားပြီး၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင်လည်း သင်တို့သည် အန္တရာယ်ကြီးမားလှသော ဤလွှမ်းမိုး မှုကို လက်လျှော့ခံယူပြီးသား ဖြစ်သည်၊ အကြောင်းမှာ သုံးပါးတစ်ဆူသည် အကယ်ပင် မရှိပေ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ အကယ်မရှိ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများသာဖြစ်ပြီး၊ လူ၏ မှားယွင်းနေသော ယုံကြည်ချက်များပင် ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲမှ အယူအဆများဖြင့် ရုပ်လုံး ဖော်ထားသော၊ လူမှ လုပ်ကြံဖန်တီးထားသော၊ လူသည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ဤသုံးပါးတစ်ဆူကို လူမှ ယုံကြည်နေခဲ့သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြခဲ့သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ များစွာရှိခဲ့သော်လည်း၊ ယင်းကဲ့သို့ ကွဲပြားခြားနားပြီး နဂိုပကတိဖြစ်သော ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူအား ရှင်းပြချက်များသည် မရေရာ၊ မရှင်းလင်းခဲ့ဘဲ လူအားလုံးတို့သည် ဘုရားသခင်၏ “ဖွဲ့စည်းတည်ဆောက်ပုံ” နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ပုဂ္ဂိုလ်ကြီးများမှ ရှင်းလင်းစေ့စပ်သော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိခဲ့ကြ၊ ရှင်းပြချက် အများစုသည် ကျိုးကြောင်းသင့် တွေးခေါ်ခြင်းနှင့် စာရွက်ပေါ်တွင်တော့ လက်ခံနိုင်လောက်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ယင်း၏ အဓိပ္ပာယ်အား ပြည့်ဝရှင်းလင်းစွာ နားလည်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လူ၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤမဟာ သုံးပါးတစ်ဆူဆိုသည်မှာ အကယ် မရှိသောကြောင့်ပင် ဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ဖူးကြ၊ သို့မဟုတ် ဘုရားသခင်၏ ကိန်းဝပ်ရာသို့ အလည်အပတ်အနေနှင့် ကံကောင်းထောက်မစွာ တက်ရောက်ခွင့်ရရှိကာ ဘုရားသခင် ကျိန်းဝပ်သောနေရာတွင် အဘယ်အရာများ ရှိသည်ကို ဆန်းစစ်ရန်၊ “ဘုရားသခင်၏ အိမ်တော်” တွင် မျိုးဆက်များ ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို အတိအကျ ဆုံးဖြတ်ရန် သို့မဟုတ် ဘုရားသခင်၏ ပင်ကိုယ်ဖွဲ့စည်း တည်ဆောက်ပုံတွင် အစိတ်အပိုင်း မည်မျှပါဝင်သည်ကို စူးစမ်းရှာဖွေခွင့်ရရှိသူ တစ်စုံတစ်ယောက်မျှ မရှိသောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ဆန်းစစ်ရန် လိုသည့်အရာမှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်တမ်း၊ တစ်ပါးချင်းစီတိုင်း၏ သက်ဆိုင်ရာ အသွင်အပြင်၊ သူတို့၏ ခွဲခွာပုံ အတိအကျနှင့် သူတို့ တစ်ဆူတည်းဖြစ်သည်မှာ မည်ကဲ့သို့နည်း စသည်တို့ပင် ဖြစ်သည်။ အကြောင်းမလှစွာပင်၊ ဤနှစ်များစွာအတွင်း ယင်းကိစ္စရပ်များ၏ သမ္မာတရားကို ပိုင်းဖြတ်နိုင်ရန် မည်သူ တစ်ဦးတစ်ယောက်ကမျှ မတတ်နိုင်ခဲ့ကြပါ။ ယင်းတို့အားလုံးသည် မှန်းဆခြင်းမျှသာ ဖြစ်သည်၊ အကြောင်းမှာ ကောင်းကင်ဘုံသို့ အလည်အပတ်အဖြစ် တက်သွားခဲ့ပြီး လူသားမျိုးနွယ် အားလုံးအတွက် “စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ” ဖြင့် သုံးပါးတစ်ဆူနှင့် ပတ်သက်သော အကြောင်းအရာ၏ သမ္မာတရားကို ထက်သန် ကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများအား အစီရင်ခံတင်ပြရန် အလို့ငှာ ပြန်လာခဲ့သူ တစ်ဦး တစ်ယောက်မျှ မရှိသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆများ ထုတ်ကြသည့် လူအပေါ် အပြစ်ဖို့၍ မရသည်မှာ မှန်ပါသည်၊ အကြောင်းမှာ ခမည်းတော် ယေဟောဝါသည် သူ့ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်တွင် အဘယ့်ကြောင့် သားတော် ယေရှုနှင့်အတူ မတွဲဖက်ခဲ့သနည်း။ အကယ်၍ အစအဦး၌ အရာအားလုံးကို ယေဟောဝါအမည်နှင့်သာ လုပ်ခဲ့ပါက ပို၍ကောင်းခဲ့ပေလိမ့်မည်။ အကယ်၍ အပြစ်ဖို့ရမည် ဆိုပါက၊ ဖန်ဆင်းခြင်းအချိန်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား သူ၏ ရှေ့မှောက်သို့ မခေါ်ခဲ့ဘဲ ထိုအစား သူ၏အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သော ယေဟောဝါ ဘုရားသခင်၏ တဒင်္ဂ သတိ လက်လွတ် ဖြစ်သွားခြင်းအပေါ် အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သူတို့အားလုံးသည် တစ်ပြိုင်တည်း အလုပ် လုပ်ခဲ့ပါက၊ သူတို့သည် တစ်ဆူတည်း ဖြစ်လာခဲ့လိမ့်မည် မဟုတ်လော။ အကယ်၍များသာ အစအဦးမှ နိဂုံးအဆုံးတိုင်အောင် ယေဟောဝါ၏ အမည်တစ်ခုသာရှိခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ ယေရှုအမည် မရှိခဲ့ပါက၊ သို့မဟုတ် ယင်းခေတ်တွင်ပင် သူ့အား ယေဟောဝါဟူ၍သာ ခေါ်ဆိုသေးမည် ဆိုပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းဒဏ်မှ ချမ်းသာရာရခဲ့လိမ့်မည် မဟုတ်လော။ ယေဟောဝါမှာ ဤအရာအားလုံးအတွက် မြည်တမ်း၍ မရသည်မှာ သေချာပါသည်၊ အပြစ်ဖို့ရမည် ဆိုပါက သန့်ရှင်းသော ဝိညာဉ်တော်ကိုပင် အပြစ်ဖို့ပါလေ့စေ။ အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်း များစွာကြာအောင် သူ၏ အလုပ်အား ယေဟောဝါ၏ အမည်၊ ယေရှု၏ အမည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် အမည်နှင့်ပင် ဆက်လက်လုပ်ဆောင်ခဲ့ပြီး လူအား ဘုရားသခင်မှာ မည်သူဖြစ်သည် ဟူ၍ အတိအကျ မသိနိုင်အောင် စိတ်ရှုပ်ထွေးစေသော ကြောင့်ပင်ဖြစ်သည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်သည် အဆင်းသဏ္ဌာန် သို့မဟုတ် ပုံရိပ်မပါဘဲနှင့် အလုပ် လုပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် ယေရှုကဲ့သို့သော အမည်မပါဘဲနှင့် လုပ်ခဲ့မည်ဆိုပါက၊ လူသည် သူ့အား ထိတွေ့၍မရ၊ မမြင်ရဘဲ၊ မိုးချုန်းသံများကိုသာ ကြားရမည်ဆိုပါက၊ ဤကဲ့သို့သော အလုပ်မျိုးသည် လူသား မျိုးနွယ်အတွက် သာ၍ အကျိုးဖြစ်ထွန်းစေခဲ့မည် မဟုတ်လော။ ယခု၌မူ မည်သည်ကို လုပ်၍ရနိုင်သနည်း။ လူ၏ အယူအဆများ မြောက်မြားလှပုံမှာ တောင်ကဲ့သို့ မြင့်မားပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှသည်၊ ယနေ့ကာလ ဘုရားသခင်မှပင် သည်းမခံနိုင်တော့သည့် အတိုင်းအတာထိ ရောက်နေပြီး အကြွင်းမဲ့ လမ်းစ ပျောက်နေ၏။ ယေဟောဝါ၊ ယေရှုနှင့် ထိုနှစ်ပါးကြား သန့်ရှင်းသော ဝိညာဉ်တော်သာ ရှိသော အတိတ်ကာလ တွင်ပင်၊ လူသည် မည်သို့ရင်ဆိုင် နားလည်ရမည်ဆိုသည်အား လမ်းစပျောက်နေပြီးသား ဖြစ်၏၊ ယခုတွင်မူ ထပ်တိုးအနေနှင့် မိမိကိုယ်ကို ဘုရားသခင်၏ တစ်ဌာနဖြစ်သည်ဟူသော အနန္တတန်ခိုးရှင်ပါ ရှိလာသည်။ သူသည် မည်သူဖြစ်သည်နှင့် သုံးပါးတစ်ဆူ၏ မည်သည့်အပါးထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ရောယှက် နေခဲ့သည် သို့မဟုတ် သိုဝှက်နေခဲ့သည်ကို မည်သူသိမည်နည်း။ လူသည် ဤအရာကို မည်သို့ ခံယူနိုင် မည်နည်း။ သုံးပါးတစ်ဆူ တစ်ခုတည်းကို ရှင်းပြရန် လူသည် တစ်ဘဝစာ အချိန်ယူခဲ့ရသည်၊ ယခုတွင်မူ “လေးပါးတစ်ဆူ” ရှိလာပေပြီ။ ဤအရာကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။ သင်ရှင်းပြနိုင်သလော။ ညီအစ်ကို မောင်နှမတို့။ ထိုကဲ့သို့သော ဘုရားသခင်ကို သင်တို့ ယနေ့အချိန်ထိ မည်ကဲ့သို့ ယုံကြည်ခဲ့ကြသနည်း။ ငါသင်တို့ကို ချီးကျူးပါသည်။ သုံးပါးတစ်ဆူကိုပင် မနည်းခံယူခဲ့ရသည်၊ သို့သော်ငြားလည်း ယခုသင်တို့သည် ဤလေးပါးတစ်ဆူအားလည်း ယင်းကဲ့သို့ မယိမ်းယိုင်သော ယုံကြည်ခြင်းမျိုး ဆက်လက်ထားရှိသည်။ သင်တို့အား ထွက်သွားရန် တိုက်တွန်းခြင်းခံရသော်လည်း၊ သင်တို့ ငြင်းဆို၏။ စိတ်ကူး၍ပင် မရနိုင်လောက် အောင်ပင်တည်း။ သင်တို့သည် အကယ်ပင် တမူထူးသော သူများဖြစ်ကြ၏။ လူတစ်ဦးသည် လေးပါးတစ်ဆူ အထိပင် ယုံကြည်နိုင်သော်လည်း ထိုအရာအား နားမလည်၊ ဤအချက်သည် နိမိတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် ယင်းကဲ့သို့သော နိမိတ်လက္ခဏာကြီးကို ပြုနိုင်စွမ်းရှိသည် ဆိုခြင်းကို ငါနားမလည်ခဲ့။ ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ်ကောင်းသည်မှာ ဤအတွေး အခေါ်များ အားလုံးသည် ယုတ္တိအမှားများသာဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် စစ်မှန်သော သမ္မာတရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် ရုပ်လုံးဖော်ခြင်းများနှင့် အယူအဆများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းအယူအဆများ အားလုံးကို အကြောင်းအရာ တစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်၏ ကြီးကျယ်၍ ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားသခင်သည် သင်တို့၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်၊ မျိုးဆက်အသီးသီး၏ ပိုကောင်း သည်ထက် ကောင်းအောင် ပိုင်းစိတ်ခြင်း၊ ဘုရားသခင် တစ်ပါးတည်းမှ ဘုရားသခင် သုံးပါး ဖြစ်သွားသည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်။ ယခုတွင်မူ ဘုရားသခင်အား တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူအတွက် အကယ်ပင် မဖြစ်နိုင်တော့ပေ၊ အကြောင်းမှာ သင်တို့သည် သူ့အား အလွန့်အလွန် ခမ်းနားစွာ ပိုင်းစိတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ငါ၏ အလွန် နောက်မကျခင် ချက်ချင်း လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် ဤလမ်းအတိုင်း ရဲရဲ တင်းတင်းနှင့် မည်မျှကြာရှည်စွာ ဆက်လိုက်နေကြဦးမည်ကို ပြောရန် ခက်သည်။ ဘုရားသခင်အား ဤလမ်း အတိုင်းပင် ဆက်၍ ပိုင်းစိတ်နေလျှင်၊ သူသည် သင်တို့၏ဘုရားသခင်အဖြစ် မည်ကဲ့သို့ ဆက်ရှိနေနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ် ပြုကြဦးမည်လော။ သင်တို့သည် သူ့ထံသို့ လှည့်ပြန်ကြဦး မည်လော။ ငါသည် အနည်းငယ်သာ နောက်ကျ၍ ရောက်လာခဲ့မည် ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ တစ်ဌာန ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ဝမ်းသာစရာမှာ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာခဲ့ပြီ၊ အလုပ်၏ ဤအဆင့်ကို ငါ၏လက်နှင့် ငါကိုယ်တိုင် ထမ်းဆောင်ပြီးစီးသည့် နောက်ပိုင်းတွင်မှ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ပိုင်းစိတ်ခြင်းသည် ရပ်တန့်သွားမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် သာ၍ ပြင်းထန်လာပြီး၊ သင်တို့အထဲမှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ရန် ယဇ်ပလ္လင်များအပေါ် နေရာ ပေးထားကြလောက်သည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှုပင်ဖြစ်သည်။ ဘုရားသခင်အား ပိုင်းစိတ်သော သင်တို့၏ နည်းလမ်းပင်တကား။ ယခုတွင် သင်တို့သည် ယင်းကဲ့သို့ ဆက်လုပ်ဦးမည်လော။ သင်တို့အား ငါမေးပါရစေ၊ ဘုရားသခင် ဘယ်နှစ်ပါးရှိသနည်း။ အဘယ်ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းကို ယူလာပေးမည်နည်း။ ယင်းသည် သင်တို့ အမြဲ ဆုတောင်းလေ့ရှိသော ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ယင်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ယင်းမှာ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြပါ။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းတွင် သင်ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက် ကိုပင်ဖြစ်သည် ။ သင်တို့၏ နှလုံးသား ထဲတွင် ဘုရားသခင် အကယ်ပင်မရှိ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင်တော့ “သုံးပါးတစ်ဆူများ” အတော်များများ ရှိကြ၏။ သင်တို့ သဘောမတူသလော။
အကယ်၍သာ အလုပ်၏ အဆင့်သုံးဆင့်ကို သုံးပါးတစ်ဆူ၏ ဤအယူအဆနှင့်အညီ အကဲဖြတ် ရမည်ဆိုပါက၊ အသီးသီးလုပ်ဆောင်ခဲ့သော အလုပ်များမှာ မတူညီသည့်အတွက် ဘုရားသခင် သုံးပါးရှိရ ပေမည်။ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူသည် အမှန်ပင် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ဘုရားသခင်တစ်ဆူထဲတွင် မည်ကဲ့သို့ ပုဂ္ဂိုလ်သုံးပါး ရှိနေသည်ကို အတိအကျ ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည်နည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ပင် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အလုပ်အား ဆောင်ရွက် ခဲ့သည့် ဝိညာဉ်တော်မှာ ယေရှုတုန်းကနှင့် အတူတူပင် မဟုတ်လော။ ဘုရားသခင်တွင် ဝိညာဉ်တော်များ မည်မျှရှိနိင်မည်နည်း။ သင်၏ ရှင်းပြချက်အရ ဆိုပါက၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးပေါင်း တစ်ဆူဟုဆိုသည်၊ ဤသို့ဆိုပါက၊ ဝိညာဉ်တော် သုံးပါးရှိပေမည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤအရာသည် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်းမရှိဟု ဆိုလိုနေသည်၊ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် အဘယ်နည်းနှင့် ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်နေမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံလျှင် သူ့မှာ အဘယ်နည်းနှင့် သားတော်တစ်ပါး ရှိကာ ခမည်းတော်ဖြစ် နေနိုင်မည်နည်း။ ဤအရာများ အားလုံးသည် သင်၏ အယူအဆများပင် မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်းသာ ရှိသည်၊ ထိုနည်းတူ သမ္မာကျမ်းစာထဲ၌လည်း “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏” ဟူ၍ ရေးသားထားသည်။ သင်ပြောသည့် ခမည်းတော်ဖြစ်ဖြစ်၊ သားတော်ဖြစ်ဖြစ် တည်ရှိသည်ဖြစ်စေ၊ စင်စစ်မူကား ဘုရားသခင် တစ်ဆူတည်းသာ ရှိ၏၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်၍ လူတို့အကြား နေထိုင်နိုင်ပြီး၊ အရာအားလုံး၏ အထက်၌လည်း ဖြစ်နေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ ပြည့်ဝပြီး နေရာတိုင်းတွင် တစ်ပြိုင်နက် ရှိနေသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာတစ်လျှောက်လုံးတွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးသည် စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု ပြောကြသည် ဖြစ်၍၊ မည်သူမျှ စိတ်ထင်တိုင်း ပိုင်းစိတ်၍မရသော ဘုရားသခင်တစ်ဆူတည်း ရှိပေမည်။ ဘုရားသခင်သည် ဝိညာဉ်တော် တစ်ပါးတည်း၊ ပုဂ္ဂိုလ်တစ်ပါးတည်းသာ ဖြစ်၏၊ ယင်းသည်ပင် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ဆိုကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ ဖြစ်သည်ဆိုပါက၊ ယင်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်အခြား တစ်ပါး ဖြစ်နေမည်။ သူတို့သည် မတူညီသော အနှစ်သာရများရှိသည့် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဖြစ်သည်၊ သို့ကြောင့် ထိုသူအသီးသီးတို့သည် အဘယ်နည်းနှင့် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ ဖြစ်နိုင် မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်တော်ပင်ဖြစ်သည်၊ ဤအချက်မှာမူ လူအတွက် နားလည်ရန် လွယ်ကူသည်။ ထိုသို့ဆိုလျှင်၊ ခမည်းတော်သည် ဝိညာဉ်တော် သာ၍ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းကြွခဲ့သည်သာမက မည်သည့်အခါမျှ လူ့ဇာတိလည်း မခံယူခဲ့ပေ။ လူ၏ နှလုံးသားထဲတွင် သူသည် ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သူသည်လည်း ဝိညာဉ်တော် အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဉ်တော် အသီးသီး၏ အနှစ်သာရသည် အတူ တူပင် ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏ အသုံးခံတန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ ရနိုင်မည်နည်း။ ပြီးနောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော် တစ်ပါးအကြားရှိ ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် ရှင်းပြချက် ဘာမျှမရှိသော အရာများပင်ဖြစ်သည်။ အကယ်၍ ထိုသူတို့ အားလုံးသည် ဝိညာဉ်တော် တစ်ပါး တည်း ဆိုပါက၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြောနေ၍မရနိုင်ပါ၊ အကြောင်းမှာ ထိုသူတို့သည် ဝိညာဉ်တော် တစ်ပါးတည်းကိုသာ ပိုင်ဆိုင်ထားကြ၍ ဖြစ်သည်။ အကယ်၍သာ သူတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဆိုပါက သူတို့၏ ဝိညာဉ်တော်များသည် အစွမ်းခွန်အားအရ ကွဲပြားနေလိမ့်မည် ဖြစ်ပြီး၊ သူတို့သည် အမှန်ပင် ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်၍မနေနိုင်ပါ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဆိုသည်မှာ မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ပင် မဟုတ်လော။ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဉ်တော်ပင် မဟုတ်လော။ အကယ်၍ အလုပ်အား သန့်ရှင်းသော ဝိညာဉ်တော်မှ (ဘုရားသခင်၏ ဝိညာဉ်တော်ဟု ဆိုလိုသည်) ဆောင်ရွက်ခဲ့ခြင်း မရှိလျှင်၊ သူ၏ အလုပ်သည် ဘုရားသခင်ကိုယ်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။ ယေရှုသည် သူဆုတောင်းခဲ့စဉ်တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်ဖြင့် ခေါ်ဆိုခဲ့သောအခါ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုသို့ခေါ်ခဲ့ခြင်းဖြစ်သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရိုးရိုးသာမန်ဇာတိခန္ဓာကို ယူတင်ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ သူ၏အထဲမှာမူ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်နေခဲ့သော်လည်း၊ သူ၏အပြင်ပန်းသွင်ပြင်သည် သာမန်လူသားတစ်ယောက် အတိုင်းသာ ရှိခဲ့သည်၊ တစ်နည်းဆိုရလျှင်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “လူသား” ဖြစ်လာခဲ့သည်။ သူသည် လူသား၏သားဟု ခေါ်ဆိုခံရခြင်းကို ထည့်တွက်ပါက၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (လူယောက်ျားဖြစ်စေ၊ သို့မဟုတ် လူမိန်းမဖြစ်စေ၊ မည်သည့် အနေအထားတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အခွံနှင့်ပင် ဖြစ်သည်) ပင်ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆို ခဲ့ခြင်းနှင့် အတူတူပင်ဖြစ်သည်၊ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိ သေးလား။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ…” သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော် (အဖ) ဟူသည့် အမည်နှင့်ပင် ခေါ်ဆိုရန် သင်ကြားပေးခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းမှာ၊ သင်တို့အားလုံးနှင့် တန်းတူနေရာတွင် ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံမှ ဘုရား သခင်အား ခမည်းတော်ဟူသော အမည်နှင့် ခေါ်ဆိုသည့်အတွက်၊ ယေရှုသည် ဘုရားသခင်၏ ရွေးချယ် ခံရသည့် ကမ္ဘာပေါ်မှ လူသားတစ်ဦးအနေနှင့် (ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သားတော် အနေနှင့်) သူ့ကိုယ်သူ သင်တို့နှင့် တန်းတူ ဖြစ်သည်ဟု ရှုမြင်ခဲ့ခြင်းကို ဤအရာက ပြသည်။ သင်တို့သည် ဘုရားသခင်အား “ခမည်းတော်” ဟူ၍ ခေါ်ဆိုလျှင်၊ ယင်းက သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေ၍ပင် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှပင် ကြီးမားစေကာမူ၊ ကားတိုင်ပေါ်တွင် အသေမခံမီ၊ သူသည် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ (ဘုရားသခင်ဟု ဆိုလိုသည်) အုပ်စိုးခြင်း ခံရသော၊ ကမ္ဘာကြီးရှိ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦးသာ ဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် သူ၏ အလုပ်အား ပြီးစီးရန် လိုနေခဲ့သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟု သူခေါ်ဆိုခြင်းသည် သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း လုံးလုံးကြောင့်သာ ဖြစ်သည်။ သူ၏ ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) ထိုကဲ့သို့သော ခေါ်ဆိုခြင်းသည်၊ မည်သို့ ဆိုစေကာမူ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်သည် ဆိုခြင်းအား သက်သေမပြပါ။ ထိုအစား သူ၏ ရှုထောင့်သာ ပြောင်းသွားခြင်း ကွဲပြားခြားနားနေခြင်း ဖြစ်ပြီး၊ သူသည် ကွဲပြား ခြားနားသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေခြင်း မဟုတ်ပါ။ ကွဲပြားသော ပုဂ္ဂိုလ်များ အပါးပါး တည်ရှိသည် ဆိုခြင်းမှာ ယုတ္တိအမှားသာလျှင် ဖြစ်သည်။ ကားတိုင်ပေါ်၌ အသေမခံမီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင်ထားခံရသည့် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို သူသည် အပြည့်အဝ မပိုင်ဆိုင်ခဲ့ပါ။ ဤအကြောင်းကြောင့် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍သာ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါတိုင် သူဆုတောင်းခဲ့သည့် အတိုင်းပင် ဖြစ်သည်။ “အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော” သူသည် ကားတိုင်ပေါ်တွင် အတင် မခံရမီ၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်၊ သူသည် ခရစ်တော်၊ လူသား၏သားဖြစ်ခဲ့ပြီး၊ ဘုန်းနှင့် ပြည့်စုံသော ကိုယ်မဟုတ်ခဲ့။ ထို့ကြောင့်ပင် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှနေ၍ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ယခု၊ ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ဆိုသူများအား သားတော်ဟု သင်ပြော၍ မရနိုင်ပါ။ ဤအတိုင်းသာ ခေါ်ရမည် ဆိုပါက၊ တစ်ခါက ယေရှုမှ သင်တို့ကို ပဌနာတော် သင်ပေး ခဲ့သည့်အတွက် သင်တို့ အားလုံးသည်လည်း သားတော်ပင် ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေလော။ သင်တို့သည် မယုံကြည်သေးဘူး ဆိုပါက၊ ငါ့ကိုပြောပါ၊ သင်တို့ ခမည်းတော် (အဖ) ဟု ခေါ်ဆိုသော သူမှာ မည်သူနည်း။ အကယ်၍ သင်တို့သည် ယေရှုကို ညွှန်းဆိုနေခြင်း ဖြစ်သည်ဆိုပါက၊ ယေရှု၏ ခမည်းတော်မှာ မည်သူနည်း။ ယေရှု ထွက်ခွာသွားပြီး နောက်ပိုင်းတွင်မူ၊ ဤခမည်းတော်နှင့် သားတော်ဟူသော စိတ်ကူးအကြံသည် မရှိ တော့ပါ။ ဤစိတ်ကူးအကြံသည် ယေရှုမှ လူ့ဇာတိခံယူသည့် နှစ်များအတွက်သာ သင့်လျော်ခဲ့သည်၊ အခြား မည်သည့် အခြေအနေ အမျိုးမျိုး အောက်တွင်မဆို၊ သင်သည် ဘုရားသခင်အား ခမည်းတော် (အဖ) ဟု ခေါ်ဆိုသောအခါ ဖန်ဆင်းခြင်းသခင်နှင့် ဖန်ဆင်းခံ သတ္တဝါတို့ အကြားရှိ ဆက်နွှယ်မှုကြောင့်ပင် ဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ စိတ်ကူးအကြံ ရပ်တည် နိုင်သည့် အချိန်ကာလ မရှိပါ၊ ယင်းသည် ခေတ်ကာလများ တစ်လျှောက် မြင်ရခဲသော ယုတ္တိအမှားသာဖြစ်ပြီး တည်ရှိမနေပါ။
ဤအရာသည် လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ နှုတ်ကပတ်များကို အမှတ်ရစေပေမည်၊ “ငါတို့ ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့”။ ဘုရားသခင်သည် “ငါတို့” ပုံသဏ္ဍာန်နှင့် အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်း “ကြစို့” ဟု ပြောသည်ကို ထည့်တွက်ရလျှင်၊ “ငါတို့” သည် နှစ်ပါး သို့မဟုတ် နှစ်ပါးထက် ပိုနေခြင်းကို ညွှန်ပြနေသည်၊ သူသည် “ငါတို့” ဟု ပြောဆိုခဲ့သည့်အတွက်၊ ဘုရားသခင် တစ်ဆူတည်းသာ မဟုတ်တော့ပေ။ ဤနည်းလမ်းအားဖြင့်၊ လူသည် အကောင်အထည်မဲ့သော ကွဲပြားသည့် ပုဂ္ဂိုလ်များကို စတင်တွေးခေါ်လာခဲ့ပြီး၊ ဤနှုတ်ကပတ်များမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် စိတ်ကူးအကြံ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ သားတော်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ ယနေ့ခေတ် လူသားမျိုးနွယ်အား သုံးပါးစလုံး အတူတကွ ပေါင်းထားသော ပုံသဏ္ဌာန် တစ်ခုတည်းနှင့်အညီ ဖန်ဆင်းခဲ့ခြင်း ဖြစ်နိုင်ခဲ့သလော။ ဤသို့ဆိုလျှင် လူ၏ ပုံသဏ္ဌာန်သည် ခမည်းတော်၏ ပုံသဏ္ဌာန်လော၊ သားတော်၏ ပုံသဏ္ဌာန်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံသဏ္ဌာန်လော။ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တစ်ပါးနှင့် လူသား၏ ပုံသဏ္ဌာန် ညီနေသနည်း။ လူသား၏ ဤစိတ်ကူးအကြံမှာ တကယ်ပင် မှန်ကန်မှုမရှိဘဲ၊ အဓိပ္ပာယ်မရှိပေ။ ယင်းမှာ ဘုရားသခင် တစ်ပါး တည်းအား ဘုရားသခင် အပါးပါးအဖြစ်သာ ခွဲခွာနိုင်သည်။ မောရှေ ကမ္ဘာဦးကျမ်းကို ရေးခဲ့သည့် အချိန်သည်၊ ကမ္ဘာကြီးအား ဖန်ဆင်းခြင်းနောက် လိုက်လာသည့် လူသားမျိုးနွယ်အား ဖန်ဆင်းပြီး နောက်ပိုင်း မှ ဖြစ်သည်။ ကမ္ဘာကြီး စတင်ခဲ့သည့်အချိန် အစအဦး၌ မောရှေသည် ရှိမနေခဲ့ပါ။ များစွာကြာပြီး နောက်ပိုင်းတွင်မှ မောရှေသည် ကျမ်းစာကို ရေးသားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ပြောသည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သူမည်ကဲ့သို့ သိနိုင်ခဲ့မည်နည်း။ ဘုရားသခင်သည် ကမ္ဘာကြီးအား မည်ကဲ့သို့ ဖန်ဆင်းခဲ့ပုံနှင့် ပတ်သက်၍ သူ့တွင် အရိပ်အမြွက်မျှပင် မရှိခဲ့။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့အား ဖော်ပြချက် ဘာမျှမရှိပေ၊ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည့် ယေဟာဝါမှ ဣသရေလ ပြည်တွင် သူ၏ အလုပ်အား ဆောင်ရွက်ပုံကိုသာ ဖော်ပြထားသည်။ ခေတ်ကာလများ ပြောင်းသွားသည်နှင့် သူသည်လည်း ကွဲပြားခြားနားသော အမည်များဖြင့် ခေါ်ဆိုခံသည်၊ သို့သော် ဤအချက်က အမည်တစ်ခုချင်း စီတိုင်းသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါးကို ရည်ညွှန်းသည်ဟု သက်သေမပြနိုင်ပါ။ ဤသို့သာဆိုပါက၊ ဘုရားသခင်တွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ အပါးပါး ရှိနေလိမ့်မည် မဟုတ်ပေလော။ ဓမ္မဟောင်း ကျမ်းတွင် ရေးသားထားသော အရာမှာ ယေဟောဝါ၏ အလုပ်အကြောင်း၊ ပညတ်တော်ခေတ်၌ စတင်ခဲ့သည့် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်အဆင့် အကြောင်းပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အလုပ်ဖြစ်ခဲ့ပြီး သူပြောသည့် နေရာတွင် ၎င်းရှိခဲ့ကာ၊ သူမိန့်မှာသည့်နေရာတွင် ၎င်းရပ်တည်ခဲ့သည်။ မည်သည့်အချိန်တွင်မျှ ယေဟောဝါမှာ သူသည် အလုပ်လုပ်ဆောင်ရန် ကြွဆင်းလာသော ခမည်းတော်ဖြစ်ကြောင်း မပြောခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် သားတော်ကြွလာမည့် အကြောင်းကိုလည်း ပရောဖက်မပြုခဲ့ပါ။ ယေရှု၏ အချိန်ကာလ ရောက်လာသောအခါတွင်မူ၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့ခြင်းဟုသာ ပြောခဲ့ပြီး၊ ကြွဆင်းလာသူမှာ သားတော်ဖြစ်ကြောင်း မပြောခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြဘဲ၊ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သော အလုပ်သည်လည်း ကွဲပြားသည့် အတွက်၊ သူသည် သူ၏ အလုပ်အား ကွဲပြားခြားနားသော နယ်ပယ်များအတွင်း လုပ်ဆောင်ရန်လိုသည်။ ဤနည်းလမ်းအားဖြင့်၊ သူကိုယ်စားပြုသော သွင်ပြင်လက္ခဏာမှာလည်း ကွဲပြားသွားသည်။ လူသည် ယေဟောဝါမှာ ယေရှု၏ ခမည်းတော်ဟု ယုံကြည်သည်၊ သို့သော် အမှန်တွင်မူ ယေရှုမှာ ဤအရာအား အသိ အမှတ်မပြုခဲ့ပါ။ သူဆိုသည်ကား၊ “ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ၊ ငါနှင့် ကောင်းကင်ဘုံမှ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ခမည်းတော်ကို မြင်၏” ဟုပြောခဲ့သည့် ယေရှုမှာ ဤအရာအား အသိအမှတ်မပြုခဲ့ပါ။ အရာအားလုံး ပြောပြီးသွားသောအခါတွင်၊ ခမည်းတော်ပင်ဖြစ်စေ၊ သားတော်ပင်ဖြစ်စေ၊ သူတို့သည် ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်၍ ခြားနားသော ပုဂ္ဂိုလ်နှစ်ပါးအဖြစ်သို့ ခွဲခွာမနေပါ။ လူမှ ရှင်းပြရန် ကြိုးစားသည်နှင့် ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးဟူသည့် စိတ်ကူးအကြံ၊ ထို့အတူ ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တို့ အကြားရှိ ဆက်နွှယ်မှု စသည်တို့နှင့် ရှုပ်ထွေးကုန်၏။ လူသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါး အကြောင်းပြောသောအခါတွင်၊ ဤအရာသည် ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်ခြင်းပင် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်အပါးပါးအား ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် ခွဲကြသည်၊ ဤအရာ အားလုံးသည် လူ၏ အယူအဆများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းဖော်ပြရန်ပင် မထိုက်တန်၊ လုံးဝ လက်တွေ့ မကျသောအရာပင် ဖြစ်သည်။ သင်သည် အကယ်၍သာ ထိုသူအား “ဘုရားသခင် ဘယ်နှစ်ပါး ရှိသနည်း” ဟု မေးမည်ဆိုပါက၊ ထိုသူက ဘုရားသခင်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူဖြစ်ကြောင်း၊ စစ်မှန်သော ဘုရားတစ်ဆူဖြစ်ကြောင်း ပြောပေလိမ့်မည်။ သင်က “ခမည်းတော် ဆိုသည်မှာ မည်သူနည်း” ဟု ထပ်၍ မေးမည်ဆိုလျှင်၊ ထိုသူက “ခမည်းတော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်၊ သူသည် အရာအားလုံး၏ တာဝန်ခံဦးစီးဖြစ်ပြီး၊ ကောင်းကင်ဘုံ၏ အရှင်သခင်လည်း ဖြစ်သည်” ဟုပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် ယေဟောဝါသည် ဝိညာဉ်တော် ဖြစ်သလော” ဟု သင်မေးမည်ဆိုပါက၊ ထိုသူက “ဟုတ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ထို့နောက် သင်က “သားတော်သည် မည်သူနည်း” ဟု ထိုသူအား မေးမည်ဆိုပါက၊ ယေရှုမှာ သားတော်ပင်ဖြစ်သည်ဟု ထိုသူက ပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် ယေရှု၏ အကြောင်းကား မည်သို့ရှိသနည်း။ မည်သည့်နေရာမှ သူလာခဲ့သနည်း” ဟု မေးမည် ဆိုပါက၊ ထိုသူက “ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းမှတစ်ဆင့် မာရိမှ မွေးဖွားခဲ့သည်” ဟု ပြန်ပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် သူ၏ အနှစ်သာရသည် ဝိညာဉ်တော်ဖြစ်သည်ပင် မဟုတ်လော။ သူ၏အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်အား ကိုယ်စားပြုခြင်းပင် ဖြစ်သည် မဟုတ်လော။ ယေဟောဝါသည် ဝိညာဉ်တော်ဖြစ်သည်၊ ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင်၊ ဝိညာဉ်တော် အလုပ်လုပ်နေသေးသည်မှာက ပြောစရာပင်မလိုပေ၊ ထိုသူတို့သည် မည်သည့်နည်းနှင့် ကွဲပြားခြားနားသော ပုဂ္ဂိုလ်အပါးပါး ဖြစ်နိုင်မည်နည်း။ ယင်းသည် ကွဲပြား ခြားနားသော ရှုထောင့်ပေါင်းစုံမှ ဝိညာဉ်တော်၏ အလုပ်အား ဆောင်ရွက်နေသည့် ဘုရားသခင်၏ ဝိညာဉ်တော်ပင် ဖြစ်သည် မဟုတ်လော။” ထိုကဲ့သို့လျှင်၊ ပုဂ္ဂိုလ်အပါးပါး အကြားတွင် ကွဲပြားချက် မရှိပါ။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ ထို့ကြောင့် မလွဲဧကန်ပင်၊ သူ၏ အလုပ်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အတိအကျပင် ဖြစ်သည်။ ယေဟောဝါမှ ဆောင်ရွက်ခဲ့သည့် အလုပ်၏ ပထမအဆင့်တွင် သူသည် လူ့ဇာတိ မခံယူခဲ့သလို လူ့ထံသို့လည်း မပေါ်လာခဲ့ပါ။ ထို့ကြောင့် လူသည် သူ၏ ရုပ်သွင်အား မည်သည့်အခါမျှ မတွေ့ခဲ့ချေ။ သူသည် မည်မျှပင် မြင့်မြတ်၍၊ မည်မျှပင် ကြီးမား နေသော်လည်း၊ သူသည် ဝိညာဉ်တော် ဖြစ်နေခဲ့တုန်းပင် ဖြစ်ပြီး၊ လူအား ဦးစွာ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေတုန်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ပင် ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်များ အကြားမှ လူအား စကားပြောခဲ့သောအခါ သူသည် ဝိညာဉ်တော်မျှသာ ဖြစ်သည်။ သူ၏ ရုပ်သွင်အား မည်သူကမျှ မျက်မြင် မတွေ့ခဲ့ကြရပေ၊ ကျေးဇူးတော်ခေတ်တွင်သာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိ အထဲသို့ ကြွဆင်းလာပြီး၊ ယုဒနယ်တွင် လူ့ဇာတိခံယူခဲ့သည့် အခါတွင်မှ လူသည် ပထမဦးဆုံးအနေနှင့် လူ့ဇာတိခံယူခြင်း၏ ရုပ်သွင်ကို ယုဒလူမျိုး တစ်ယောက်အဖြစ် တွေ့မြင် ခဲ့ကြခြင်းဖြစ်သည်။ ယေဟောဝါ၏ ခံစားချက်အား အာရုံခံ၍ မရနိုင်ခဲ့ပါ။ သို့သော်ငြားလည်း၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တိုင်၏ ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင် ဝိညာဉ်တော်၏ ပြယုဂ်အဖြစ် မွေးဖွား လာခဲ့သည်။ လူသည် အဦးဆုံးတွင် မြင်ခဲ့ရသော အရာမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ ယေရှု၏ သီးသန့်ဝိညာဉ်တော် မဟုတ်သော်လည်း၊ တကယ်တမ်းတော့ သန့်ရှင်းသော ဝိညာဉ်တော်သာ ဖြစ်သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်မှ ခွဲခွာ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်သာ ဖြစ်မည်ဆိုပါက သူတို့သည် မည်ကဲ့သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့သာ ဆိုပါက၊ အလုပ်သည် ပြီးမြောက်ခဲ့မည်ပင် မဟုတ်ပါ။ ယေရှု အထဲရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်၊ အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်ဆိုနိုင်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာကြီးအား ဖန်ဆင်းနိုင်ပြီး၊ ၎င်းအား ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်၊ လူသားမျိုးနွယ် အားလုံးကိုလည်း ရွေးနုတ်နိုင်သည်၊ ထို့ထက်အပြင် လူသားမျိုးနွယ် အားလုံးအားလည်း သိမ်းပိုက်နိုင်ပြီး ဖျက်လည်းဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တိုင်ကသာလျှင် ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ် တစ်ပါးပါးကမျှ သူ့ကိုယ်စား လုပ်ဆာင်၍မရနိုင်ပါ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်အမည်များဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသား၏သားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်၊ သူသည် စကြဝဠာများအထက်နှင့် တိုင်းနိုင်ငံများ အထက်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင်ပင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယခုအထိ၊ ဤအလုပ်ကို ဘုရားသခင်ကိုယ်တိုင်၏ ဝိညာဉ်တော်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံမှ အလုပ်ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိထဲမှ အလုပ်ဖြစ်စေ၊ အလုံးစုံအား သူ၏ ဝိညာဉ်တော် ကိုယ်တိုင်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံတွင် သော်လည်းကောင်း၊ မြေကြီး ပေါ်တွင် သော်လည်းကောင်း၊ ရှိသမျှသော ဖန်ဆင်းခံခပ်သိမ်းတို့သည် သူ၏ အနန္တလက်ဖဝါး ပေါ်တွင်သာ ရှိကြသည်၊ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်များ ဖြစ်ကြပြီး၊ သူ့အစား အခြား မည်သူကမျှ လုပ်ဆောင်နိုင်ခြင်းမရှိ။ ကောင်းကင်ဘုံတွင် သူသည် ဝိညာဉ်တော်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လည်းဖြစ်သည်၊ လူတို့ကြားတွင်မူ သူသည် ဇာတိပကတိဖြစ်သော်လည်း ဘုရားသခင် ကိုယ်တိုင်အဖြစ် ဆက်လက်တည်ရှိနေသေးသည်။ သူ့အား ရာထောင်ချီသောအမည်များဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင်ပင် ဖြစ်နေသေးပြီး၊ အလုပ်ခ အားလုံးမှာလည်း သူ့ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးအား ရွေးနုတ်ခြင်းမှာလည်း သူ့ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ်ပင် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလတွင် လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံ အားလုံးတို့အား ကြွေးကြော်ခြင်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ခပ်သိမ်းသော အချိန်တို့တွင် ဘုရားသခင်အား အနန္တတန်ခိုးရှိသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆိုနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤစိတ်ကူးအကြံအား မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးသည်ပင် မတည်ရှိချေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။
ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် နှစ်ပေါင်းခြောက်ထောင် ရှည်ကြာပြီး၊ သူ့အလုပ်၏ ကွဲပြား ခြားနားမှုများအပေါ် အခြေခံ၍ ခေတ်သုံးခေတ်အဖြစ်သို့ ခွဲခြားထားသည်။ ပထမအဆင့်သည် ဓမ္မဟောင်း ကျမ်း၏ ပညတ်တော်ခေတ်ဖြစ်သည်၊ ဒုတိယအဆင့်သည် ကျေးဇူးတော်ခေတ်ဖြစ်ပြီး၊ တတိယအဆင့်မှာမူ နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သည့် နိုင်ငံတော်ခေတ်ဖြစ်သည်။ ခေတ်အသီးသီးတွင် ကွဲပြား ခြားနားသော ကိုယ်ပိုင်လက္ခဏာ တစ်ခုကို ကိုယ်စားပြုသည်။ ဤသည်မှာ အလုပ်ထဲရှိ ကွဲပြားခြားနားမှု ကြောင့်သာဖြစ်သည်၊ ဆိုလိုသည်မှာ၊ အလုပ်၏ လိုအပ်ချက်များ အရသာဖြစ်သည်။ အလုပ်၏ ပထမအဆင့်ကို ပညတ်တော်ခေတ်အတောအတွင်း ဣသရေလပြည်တွင် ဆောင်ရွက်ခဲ့ပြီး၊ ရွေးနုတ်ခြင်းအလုပ်အား အဆုံးသတ်သည့် ဒုတိယ အဆင့်ကို ယုဒနယ်တွင် ဆောင်ရွက်ခဲ့သည်။ ရွေးနုတ်ခြင်း အလုပ်အတွက် ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ကာ တစ်ဦးတည်းသော သားတော်အဖြစ် မွေးဖွားခဲ့သည်။ ဤအရာ အားလုံးသည် အလုပ်၏ လိုအပ်ချက်များ အရသာလျှင် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင် သည် သူ၏အလုပ်အား တစ်ပါးအမျိုးသား နိုင်ငံများထဲသို့ ချဲ့ထွင်ပြီး ထိုအထဲမှ လူများတို့အား သိမ်းပိုက်ရန် ဆန္ဒရှိသည်၊ ထိုသို့အားဖြင့် သူ၏ အမည်သည် ထိုသူတို့အကြားတွင် ကြီးမြတ်ခြင်း ရှိမည်ဖြစ်သည်။ သမ္မာတရားခပ်သိမ်းကို နားလည်ခြင်း၊ သမ္မာတရားခပ်သိမ်းအတွင်းသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ လူတို့ကို လမ်းပြပေးရန် သူဆန္ဒရှိသည်။ ဤအလုပ်အားလုံးကို ဝိညာဉ်တော် တစ်ပါးတည်းကသာလျှင် ဆောင်ရွက်ခြင်းဖြစ်သည်။ သူသည် ကွဲပြားခြားနားသော ရပ်တည်ချက်များမှ ထိုအရာများကို လုပ်ကောင်း လုပ်နိုင်သည် ဆိုသော်ြငားလည်း၊ အလုပ်၏ သဘာဝနှင့် နိယာမများမှာတော့ အတူတူပင် ဖြစ်သည်။ သူတို့ဆောင်ရွက်ခဲ့သော အလုပ်၏သဘာဝနှင့် နိယာမများကို သင်ဂရုစိုက် လေ့လာမည်ဆိုသည်နှင့်၊ ဤအရာအားလုံးကို ဝိညာဉ်တော်တစ်ပါးတည်းက ဆောင်ရွက်ခဲ့ကြောင်းကို သင်သိလိမ့်မည်။ အချို့ကမူ “ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ပင်ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်ပြီး၊ အဆုံးတွင် ထိုသူတို့သည် တစ်ဆူတည်း ဖြစ်ကြလိမ့်မည်” ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ ဤသို့ဆိုပါက၊ သင်သည် ထိုသူတို့အား တစ်ဆူတည်းအဖြစ် မည်သို့ပြုမည်နည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကဲ့သို့ တစ်ဆူတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ သူတို့သည် ပင်ကိုဗီဇအားဖြင့် နှစ်ပါးဖြစ်နေခဲ့သည်ဆိုပါက၊ သူတို့အား မည်သို့ပင် ပေါင်းစပ်သော်ငြားလည်း၊ သူတို့သည် နှစ်ဌာနအဖြစ်သာ ကျန်ရစ်နေလိမ့်ဦးမည် မဟုတ်ပါလော။ သင်သည် သူတို့အား တစ်ဆူတည်း ဖြစ်သည်ဟု ပြောရာတွင်၊ ကွဲပြားသော နှစ်ဌာနကို တစ်လုံးတစ်ဝတည်း အဖြစ်သို့ပြုရန် ရိုးစင်းစွာ ပေါင်းဆက်ခြင်းပင် မဟုတ်လော။ သို့သော် သူတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်ခင်တွင် နှစ်ဌာနဖြစ်နေခဲ့သည်ပင် မဟုတ်လော။ ဝိညာဉ်တော် တစ်ပါးစီတွင် ကွဲပြားသော အနှစ်သာရ ရှိကြပြီး၊ ဝိညာဉ်တော် နှစ်ပါးအားလည်း တစ်ပါးတည်း အဖြစ်သို့ ပြုပြင်၍ မရနိုင်ပါ။ ဝိညာဉ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်ဘဲ၊ ဤရုပ်ဝတ္ထု လောကကြီးထဲမှ မည်သည့်အရာနှင့်မျှပင် မတူပါ။ လူတို့ မြင်သည့်အရာမှာ၊ ခမည်းတော်သည် ဝိညာဉ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် အခြားတစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အခြားတစ်ပါးဖြစ်ပြီး၊ ဤဝိညာဉ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ် ရောနှောလိုက်သည် ဟုပင်ဖြစ်သည်။ ဤအရာသည်ပင် သုံးပါးသည် တစ်ဆူဖြစ်၏ ဆိုခြင်း မဟုတ်လော။ ဤအရာသည် မှားယွင်းသော ရှင်းပြချက်သက်သက်ပင်တည်း။ ဤအရာသည် ဘုရားသခင်အား ပိုင်းစိတ်ခြင်းပင် မဟုတ်ပေလော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်နည်းနှင့် တစ်ဆူတည်းအဖြစ်သို့ ပြုပြင်နိုင်မည်နည်း။ သူတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် သုံးဌာန ဖြစ်၍နေသည် မဟုတ်လော။ “ဘုရားသခင်သည် ယေရှုကို သူ၏ချစ်သားဟုပင် ပွင့်လင်းစွာ ပြောခဲ့သည်မဟုတ်လော” ဟု ဆိုကြသော ထိုသူအချို့ ရှိကြသေးသည်။ “ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း” ဟူသည်ကိုဘုရားသခင် ကိုယ်တိုင်မှ ပြောခဲ့သည်မှာ သေချာပါသည်။ ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း” ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။ ခေတ်ကာလများ၏ အပြောင်းအလဲအရ၊ အလုပ်၏ လိုအပ်ချက်များအရနှင့် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များအရ သူ့အား လူမှခေါ်ဆိုသော အမည်သည်လည်း ကွဲပြားခြားနားသွားရခြင်း ဖြစ်သည်။ အလုပ်၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွဆင်းလာခဲ့သော အခါတွင်၊ သူ့အား ယေဟောဝါ၊ ဣသရေလလူမျိုးများ၏ သိုးထိန်းဟူ၍သာ ခေါ်ဆို နိုင်သည်။ ဒုတိယအဆင့်တွင်မူ၊ လူ့ဇာတိခံယူသော ဘုရားသခင်အား သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို နိုင်သည်။ သို့သော် ထိုအချိန်တွင်မူ၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် ထိုသူမှာ ဘုရားသခင်၏ ချစ်သား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသည့် သူ့ဖြစ်ခြင်းနှင့် ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပါ။ ဤအရာသည် တကယ်ပင် ဖြစ်ပွားခြင်းမရှိခဲ့။ အဘယ်သို့နှင့် ဘုရားသခင် ထံတွင် ကလေးတစ်ဦးတည်းသာ ရှိနိုင်လိမ့်မည်နည်း။ ဤသို့ဆိုပါက ဘုရားသခင်သည် လူပင်ဖြစ်နေလိမ့်မည် မဟုတ်ပေလော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခံရခြင်းဖြစ်ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့်ပင် ဖြစ်သည်။ ယေရှုသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းခဲ့သည်။ သူသည် ထိုကဲ့သို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားသည့် အတွက်၊ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ “ငါ၏ အပြင်ပန်းအခွံသည် ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အရာသာ ဖြစ်သည်။ ဤမြေကြီးသို့ ကြွဆင်းလာရန် ငါသည် ဇာတိပကတိအား ယူတင်ဝတ်ဆင် သည့်အတွက် ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့် အလွန် ဝေးကွာလျက်ရှိ၏” ဟုသူပြောခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှ နေ၍သာ ဆုတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် သူ၏တာဝန်ပင် ဖြစ်ခဲ့ပြီး၊ ယင်းအား လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဝိညာဉ်တော်မှ ဖြည့်ဆည်းသင့်သည့် အရာလည်း ဖြစ်သည်။ ခမည်းတော်အား သူသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းသော အကြောင်းကြောင့် သူ့အား ဘုရားသခင် တကယ် မဟုတ်ဟု ပြော၍မရနိုင်ပါ။ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံရသော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်နေသေးသည်၊ အကြောင်းမှာ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ လူတို့ အမြင်အရဆိုပါက၊ ထိုသူမှာ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်လျှင် အဘယ်ကြောင့် ဆုတောင်းနေသေးသနည်းဟု အံ့သြကြသည်။ ဤအချက်မှာ အဘယ့်ကြောင့်ဆိုလျှင် သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ပြီး၊ ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင်ဖြစ်ကာ၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော် မဟုတ်သောကြောင့် ဖြစ်သည်။ လူတို့ အမြင်အရဆိုလျှင်၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးတို့သည် ဘုရားသခင်ဖြစ်သည် ဟူ၍ဖြစ်သည်။ ဤသုံးပါးပေါင်း၍ တစ်ဆူတည်းအဖြစ် ပြုမှသာ စစ်မှန်သည့် တစ်ဆူ တည်းသော ဘုရားသခင်ဟု သတ်မှတ်နိုင်မည်ဖြစ်ပြီး၊ ဤနည်းအားဖြင့်၊ သူ၏ အစွမ်းတန်ခိုးမှာ ခြွင်းချက်မရှိ ကြီးမားသွားသည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် ခုနှစ်ဆပြင်းသော ဝိညာဉ်တော်ဖြစ်သည်ဟု ပြောဆို ကြသော သူအချို့ ရှိသေးသည်။ သူကြွဆင်းလာပြီးနောက် သားတော် ဆုတောင်းခဲ့သောအခါ၊ သူသည် ဝိညာဉ်တော်ထံ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ လက်တွေ့တွင်မူ၊ သူသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍ ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ဇာတိခန္ဓာသည် မပြည့်စုံ၊ သူသည်လည်း ဇာတိခန္ဓာထဲသို့ ကြွဆင်းလာခဲ့သည့်အခါ ပြည့်စုံခြင်းမရှိခဲ့ဘဲ အားနည်းချက်များစွာ ရှိခဲ့ပြီး၊ ဇာတိခန္ဓာဖြင့် သူ၏အလုပ်အား ဆောင်ရွက်သည့်အချိန်တွင် သူသည် များစွာဒုက္ခခံခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင် သူသည် သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်း မတိုင်မီတွင် ခမည်းတော် ဘုရားသခင်ထံ သုံးကြိမ်သုံးခါ ဆုတောင်းခဲ့ပြီး၊ ထိုအမှု မတိုင်မီ ကြိမ်ဖန်များစွာပင်ဆုတောင်းခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏ တပည့်တော်များ အကြားတွင် ဆုတောင်းခဲ့သည်၊ တောင်ပေါ်တွင် တစ်ဦးတည်းလည်း သူ ဆုတောင်းခဲ့သည်၊ သူသည် ငါးဖမ်းလှေပေါ်တွင် ဆုတောင်းခဲ့သည်၊ မြောက်မြားလှစွာသော လူအုပ်ကြီး ကြားတွင်လည်း သူဆုတောင်းခဲ့သည်၊ မုန့်အား ချိုးဖဲ့သော အခါတွင်လည်း သူဆုတောင်းခဲ့သည်၊ အခြားသူ များအား သူကောင်းချီးပေးနေစဉ် အခါတွင်လည်း ဆုတောင်းခဲ့သည်။ သူသည် အဘယ်ကြောင့် ဤသို့ ပြုခဲ့ရသနည်း။ သူဆုတောင်းခဲ့သည့်သူမှာ ဝိညာဉ်တော်ကိုဖြစ်သည်၊ သူသည် ဇာတိပကတိ၏ ရှုထောင့်မှ နေ၍ ကောင်းကင်ဘုံမှ ဘုရားသခင်ထံ၊ ဝိညာဉ်တော်ထံ ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူ၏ ရပ်တည်ချက်မှ ဆိုပါက၊ အလုပ်၏ ယင်းအဆင့်တွင် ယေရှုသည် သားတော် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခု အဆင့်တွင်မူ၊ သူသည် ဆုမတောင်းပါ။ ဤအရာသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော သူထုတ်ဆောင်လာသည့် အရာမှာ နှုတ်ကပတ်တော်၏ အလုပ်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သူသည် ဆုတောင်းခြင်းများ မလိုအပ်ပါ၊ အကြောင်းမှာ သူ၏ သာသနာသည် စကားများပြောရန်ပင် ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင် အပေါ်၌ အတင်မခံရသကဲ့သို့၊ အာဏာရှိသော သူများလက်ထဲသို့ လူ၏ လွှဲအပ်ပေးခြင်းလည်း မခံရပေ။ သူသည် သူ၏ အလုပ်အား ရိုးစင်းစွာပင် ထမ်းဆာင်ပြီး အရာအားလုံးသည် နေသားတကျပင် ဖြစ်၏။ ယေရှုဆုတောင်း ခဲ့သည့်အချိန်တွင်၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော် ဘုရားသခင်အား ကောင်းကင်နိုင်ငံတော် ဆင်းသက်လာခြင်းအတွက်၊ ခမည်းတော်၏ အလို ပြည့်စုံနိုင်ရန်အတွက်နှင့် လာမည့် အလုပ်အတွက် ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ ဤအဆင့်တွင်၊ ကောင်းကင်နိုင်ငံတော်သည် ဆင်းသက်လာပြီး ဖြစ်သည်၊ ထို့ကြောင့် သူသည် ဆုတောင်းရန် လိုဦးမည်လော။ သူ၏ အလုပ်သည် ခေတ်အား အဆုံးသတ်ပေးရန်ပင် ဖြစ်ပြီး၊ ခေတ်အသစ်များလည်း မရှိတော့သည့်အတွက်၊ နောက်တစ်ဆင့်အဖို့ ဆုတောင်းရန် လိုသေးဦး မည်လော။ မလိုတော့ပေ။
လူ၏ ရှင်းပြချက်များတွင် ဆန့်ကျင်ကွဲလွဲမှုများ များစွာရှိသည်။ အမှန်တွင်မူ၊ ဤအရာအားလုံးသည် လူ၏ အယူအဆများသာ ဖြစ်သည်၊ ဆက်လက်၍ လေ့လာဆန်းစစ်ခြင်း မရှိဘဲနှင့် သင်တို့ အားလုံးသည် ယင်းတို့အား မှန်ကန်သည်ဟူ၍ ယုံကြည်ကြသည်။ ဘုရားသခင်သည် သုံးပါးတစ်ဆူ ဖြစ်သည်ဟူသော စိတ်ကူးအကြံသည် လူ၏ အယူအဆမှလွဲ၍ အခြားဘာမျှမဟုတ် ဆိုခြင်းအား သင်တို့ မသိသလော။ လူ၏ မည်သည့် အသိပညာမဆို ပြီးပြည့် စုံလင်နှံ့စပ်ခြင်း မရှိပေ။ ယင်းတို့တွင် အမြဲပင် မသန့်စင်သော အရာများ ပါဝင်နေပြီး၊ လူတွင် စိတ်ကူးအကြံများ များစွာပင်ရှိ၏၊ ဤအချက်မှာ ဖန်ဆင်းခံ သတ္တဝါသည် ဘုရားသခင်၏ အလုပ်အား အကယ်ပင် ရှင်းပြ၍ မရနိုင်ခြင်းကို ဖော်ပြနေသည်။ လူ၏ စိတ်ထဲတွင် အရာများ များစွာရှိနေပြီး ခပ်သိမ်းတို့သည် သမ္မာတရားနှင့် သဘောထား ကွဲလွဲသော ယုတ္တိဗေဒနှင့် အတွေးအခေါ်များမှ ပေါ်လာခြင်း ဖြစ်သည်။ သင်၏ ယုတ္တိဗေဒသည် ဘုရားသခင်၏အလုပ်ကို နှံ့စပ်စွာ ပိုင်းခြား စိတ်ဖြာနိုင်သလော။ သင်သည် ယေဟောဝါ၏ အလုပ်အားလုံးတို့ကို ထိုးသွင်းသိမြင်သော ဉာဏ်ကို ရရှိနိုင်သလော။ အရာအားလုံးကို ထွင်းဖောက်၍ မြင်နိုင်သောသူမှာ သင်ဖြစ်သလော၊ သို့မဟုတ် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မြင်နိုင်စွမ်းရှိသော ဘုရားသခင်ကိုယ်တော်တိုင်ပင်လော။ ရှေးယခင် ထာဝရကာလမှ နောင်လာမည့် ထာဝရကာလတိုင်အောင် မြင်နိုင်သောသူမှာ သင်ဖြစ်သလော၊ သို့တည်းမဟုတ် ထိုကဲ့သို့ ပြုနိုင်သောသူမှာ ဘုရားသခင်ပေလော။ သင်ဘာပြောမည်နည်း။ ဘုရားသခင်အကြောင်း ရှင်းပြရန် သင်သည် မည်သို့ထိုက်တန်သနည်း။ သင့်ရှင်းပြချက်မှာ မည်သည်အပေါ် အခြေခံထားသနည်း။ သင်သည် ဘုရားသခင်လော။ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာအားလုံးကို ဖန်ဆင်းထားသူမှာ ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ဤအရာကို ဖန်ဆင်းခဲ့သူမှာ သင်မဟုတ်၊ သို့ဆိုလျှင် သင်သည် အဘယ့်ကြောင့်နှင့် မမှန်ကန်သော ရှင်းပြချက်များကို ပေးနေရသနည်း။ ယခုတွင် သင်သည် သုံးပါးတစ်ဆူကို ဆက်ယုံကြည်သေးသလော။ ဤနည်းလမ်းသည် အလွန်ပင် ဝန်လေးလှသည်ဟု သင်မထင်သလော။ ဘုရားသခင် သုံးပါးမဟုတ်ဘဲ၊ တစ်ပါးတည်းကိုသာ ယုံကြည်ခြင်းမှာ သင့်အတွက် ပို၍ကောင်းပေလိမ့်မည်။ ပေါ့ပါးရသည်မှာ အကောင်းဆုံးပင် ဖြစ်သည်၊ အကြောင်းမှာ “သခင်၏ဝန်သည်ပေါ့၏” ဆိုသောကြောင့်ပင် ဖြစ်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာတွင် “အလုပ်လုပ်နေသေးသည်မှာ” ဟူသည့် စကားစု မပါဝင်ပါ။
ခ။ မူရင်းစာတွင် “အလုပ်” ဟူသည့်စကားစု မပါဝင်ပါ။
No comments:
Post a Comment