သင်သည် ယေရှုကိုမြင်တွေ့လိုသလော။ ယေရှုနှင့်အတူနေလိုသလော။ ယေရှုပြောသည့် နှုတ်ကပတ်တော်များကို ကြားလိုသလော။ သို့ဖြစ်ပါက ယေရှုတစ်ဖန်ကြွလာမည်ကို သင်မည်သို့ ကြိုဆိုမည်နည်း။ သင်အလုံးစုံပြင်ဆင်ပြီးပြီလော။ ယေရှုတစ်ဖန်ကြွလာမည်ကို သင်မည်သည့်နည်းဖြင့် ကြိုဆိုမည်နည်း။ ယေရှုနောက်သို့လိုက်သည့် ညီအစ်ကိုမောင်နှမတိုင်းသည် ယေရှုကို ကောင်းစွာကြိုဆိုလိုကြလိမ့်မည်ဟု ငါထင်သည်။ သို့သော် ယေရှုတစ်ဖန်ကြွလာချိန်၌ သူ့ကို အမှန်စင်စစ် သင်တို့သိနေလိမ့်မည်လောဟူသည်ကို သင်တို့သည် စဉ်းစားပြီးပြီလော။ သူပြောသည့် ခပ်သိမ်းသောနှုတ်ကပတ်တော်များကို သင်တို့အမှန်ပင်နားလည်မည်လော။ သူဆောင်ရွက်သည့် အမှုခပ်သိမ်းကို သင်တို့ အမှန်ပင် ခြွင်းချက်မရှိလက်ခံမည်လော။ ကျမ်းစာဖတ်ဖူးသူတိုင်း ယေရှု တစ်ဖန်ကြွလာမည့်အကြောင်းကိုသိပြီး ကျမ်းစာဖတ်ဖူးသူတိုင်း သူကြွလာမည့် နေ့ရက်ကို မမှိတ်မသုန် စောင့်နေကြ၏။ သင်တို့သည် ရောက်လာမည့် ထိုအချိန်ကို အစွဲအလမ်းကြီးနေကြပြီး သင်တို့၏ရိုးသားမှန်ကန်မှုသည် ချီးမြှောက်ထိုက်၏။ သင်တို့၏ ယုံကြည်ခြင်းသည် အမှန်တကယ်ပင် အားကျစရာကောင်း၏။ သို့သော် သင်တို့သည် ကြီးလေးသော အမှားတစ်ရပ်ကိုကျူးလွန်မိကြောင်း သိကြသလော။ ယေရှုသည် မည်သည့်နည်းဖြင့် တစ်ဖန်ပြန်ကြွလာမည်နည်း။ ယေရှုသည် ဖြူသောမိုးတိမ်ပေါ်မှနေ၍ တစ်ဖန်ပြန်ကြွလာမည်ဟု သင်တို့ယုံကြည်သည်။ သို့ရာတွင် သင်တို့ကို ငါမေးစရာရှိ၏။ ဤဖြူသောမိုးတိမ်သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယေရှုတစ်ဖန်ကြွလာရန်စောင့်နေသော သူ့နောက်လိုက်သူ အများအပြားရှိနေသဖြင့် မည်သူတို့အကြား သူဆင်းသက်ရမည်နည်း။ သင်တို့သည် ယေရှု ပထမဆုံး ဆင်းသက်သောသူတို့အကြားတွင် ရှိနေလျှင် ဤသည်မှာ အလွန်အကျွံ မတရားမှုဟု အခြားသူများ မြင်မည်မဟုတ်လော။ သင်တို့သည် ယေရှုအပေါ် လွန်စွာရိုးသားမှန်ကန်၍ သစ္စာရှိသည်ကို ငါသိသော်လည်း သင်တို့သည် ယေရှုကို မြင်ဖူးသလော။ သူ၏စိတ်နေသဘောထားကို သိသလော။ သူနှင့်အတူ နေဖူးသလော။ သူ့အကြောင်း သင်တို့ အမှန်တကယ် မည်မျှနားလည်သနည်း။ အချို့က ဤစကားများသည် ၎င်းတို့ကို အနေရခက်ကာ စိတ်အကျပ်အတည်းဖြစ်စေသည်ဟု ဆိုမည်။ "ကျွန်ုပ်သည် ကျမ်းစာကို အစအဆုံး ကြိမ်ဖန်များစွာ ဖတ်ပြီးပါပြီ။ ယေရှုကို ကျွန်ုပ်နားမလည်ဘဲ အဘယ်သို့ရှိမည်နည်း။ ယေရှု၏စိတ်နေသဘောထားကိုမဆိုနှင့် ကိုယ်တော်ဝတ်ဆင်လိုသည့် အဝတ်အစားအရောင်ကိုပင် ကျွန်ုပ်သိပါ၏။ ယေရှုကို ကျွန်ုပ်နားမလည်ဟု ကိုယ်တော်ဆိုသည့်အခါ ကျွန်ုပ်ကိုချိုးနှိမ်ခြင်း မဟုတ်ပါလော" ဟု ထိုသူတို့ဆိုမည်။ ဤကိစ္စရပ်များကို အငြင်းမပွားရန် ငါအကြံပြု၏။ စိတ်ကို ငြိမ်သက်စေပြီး အောက်ပါမေးခွန်းများအကြောင်း ဆွေးနွေးပြောဆိုပါက ပို၍ကောင်း၏။ ဦးစွာပထမ လက်တွေ့အရှိတရားသည် မည်သည့်အရာဖြစ်ပြီး သဘောတရားသည် မည်သည့်အရာဖြစ်ကြောင်း သင်သိသလော။ ဒုတိယအနေဖြင့် အယူအဆသည် မည်သည့်အရာဖြစ်ပြီး၊ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို သင်သိသလော။ တတိယအနေဖြင့် မည်သည့်အရာသည် စိတ်ကူးဖြစ်ပြီး၊ မည်သည့်အရာသည် အမှန်တကယ်ဖြစ်သည်ကို သင်သိသလော။
အချို့သူများက ၎င်းတို့ ယေရှုကိုနားမလည်ကြောင်းကို ငြင်းဆိုကြသည်။ သို့သော်လည်း သင်တို့သည် သူ့ကို အနည်းငယ်မျှပင် နားမလည်ကြောင်းနှင့် ယေရှု၏နှုတ်ကပတ်တော်တစ်လုံးကိုမျှ နားမလည်ကြောင်း ငါဆို၏။ ဤသည်မှာ သင်တို့တစ်ဦးစီသည် ကျမ်းစာတွင်ဖော်ပြထားသည့် အကြောင်းအရာများကြောင့်၊ အခြားသူများက ပြောသောအရာများကြောင့်၊ သူ့နောက်သို့ လိုက်သည့်အတွက်ဖြစ်၏။ သင်တို့သည် ယေရှုနှင့်အတူနေဖို့မဆိုနှင့် သူ့ကို လုံးဝမြင်ဖူးခြင်းမရှိ၊ သူနှင့် ခဏတာမျှပင် မရှိဖူးပေ။ သို့ဖြစ်၍ ယေရှုအပေါ်သင်တို့၏နားလည်ခြင်းမှာ သဘောတရားသက်သက်ပင် မဟုတ်ပါလော။ ဤသည်မှာ လက်တွေ့အရှိတရား ကင်းမဲ့နေသည် မဟုတ်လော။ အချို့သူများက ယေရှု၏ပုံတူကို မြင်ကောင်း မြင်ဖူးလိမ့်မည်၊ သို့မဟုတ် အချို့သူများက ယေရှု၏အိမ်သို့ ကိုယ်တိုင်သွားကောင်း သွားဖူးလိမ့်မည်။ အချို့က ယေရှု၏အဝတ်အစားများကို ကိုင်ကောင်းကိုင်ဖူးလိမ့်မည်။ သို့သော် ယေရှုစားသည့်အစာကိုပင် သင်ကိုယ်တိုင်စားခဲ့ဖူးသော်မှ သူ့အပေါ် သင်၏နားလည်မှုသည် သဘောတရားသာ ဖြစ်ဆဲဖြစ်ပြီး လက်တွေ့မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သင်သည် ယေရှုကို တစ်ခါမျှမမြင်ဖူး။ ထို့ပြင် ဇာတိခန္ဓာအသွင်ဖြင့် တစ်ခါမျှ ကိုယ်တော်နှင့်အတူ အဖော်မပြုဖူးချေ။ ထို့ကြောင့် ယေရှုအပေါ်သင်၏နားလည်မှုမှာ အစဉ်ပင် လက်တွေ့အရှိတရား ကင်းမဲ့နေသည့် အချည်းနှီးသော သဘောတရားသာလျှင် ဖြစ်ရမည်။ ငါ၏နှုတ်ကပတ်တော်များအပေါ် သင်စိတ်ဝင်စားမှုနည်းချင်နည်းမည်။ သို့သော် သင့်ကိုငါဤသို့မေး၏၊ သင်သည် သင်အကြိုက်နှစ်သက်ဆုံးသော စာရေးဆရာ၏ ရေးသားချက်များစွာကို ဖတ်ဖူးချင်ဖတ်ဖူးခဲ့မည် ဖြစ်သော်လည်း ထိုသူနှင့်အတူ တစ်ခါမျှအတူမရှိဖူးဘဲ ထိုသူကို သင်အပြည့်အဝ နားလည်နိုင်မည်လော။ ထိုသူ၏ကိုယ်ရည်ကိုယ်သွေး မည်သို့ရှိမည်ကို သင်သိမည်လော၊ သူနေထိုင်သည့် အသက်တာကို သင်သိသလော၊ ထိုသူ၏စိတ်ခံစားချက် အနေအထားအကြောင်း သင်တစ်ခုခု သိသလော၊ သင်နှစ်သက်မြတ်နိုးသည့် လူသားတစ်ဦးကိုပင် သင့်အနေဖြင့် အပြည့်အဝနားမလည်နိုင်ဘဲ ယေရှုခရစ်ကို သင်မည်သို့နားလည်နိုင်မည်နည်း။ ယေရှုအကြောင်း သင်နားလည်သည့် အရာခပ်သိမ်းသည် လုံးဝစိတ်ကူးယဉ်၊ အယူအဆမျှသာဖြစ်ပြီး သမ္မာတရား သို့မဟုတ် လက်တွေ့အရှိတရား မဟုတ်။ ဤအရာသည် အနံ့နံ၍ ဇာတိပကတိနှင့် ပြည့်ဝနေ၏။ ယေရှုတစ်ဖန်ကြွလာခြင်းကို ကြိုဆိုရန် ထိုသို့သောနားလည်မှုဖြင့် သင်မည်ကဲ့သို့ အရည်အချင်းမီနိုင်မည်နည်း။ ဇာတိပကတိ၏ စိတ်ကူးယဉ်များ၊ အယူအဆများနှင့် ပြည့်ဝနေသူများကို ယေရှုလက်ခံမည်မဟုတ်ပေ။ ယေရှုကိုနားမလည်သူများသည် သူ့ကိုယုံကြည်သူများဖြစ်ရန် မည်သို့သင့်တော်နိုင်မည်နည်။
ဖာရိရှဲတို့ ယေရှုကိုဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ ၎င်းတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် ၎င်းတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကိုဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကိုနားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို တစ်ခါမျှမြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ တစ်ခါမျှအဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းအမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော် မဟုတ်ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ရာမကောင်းသလော။ သင်တို့သည် ယေရှုကို အနည်းငယ်မျှပင် နားမလည်သည့်အတွက် ရှေးအကျဆုံးသော ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန်မလွယ်ကူပေသလောဟု ငါသင်တို့ကို တစ်ဖန်ပြန်မေး၏။ သင်သည် သမ္မာတရားလမ်းကို သိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်ခြင်းမပြုဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နောက် လိုက်နိုင်မည်လော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက သင်သည် သေခြင်း၏ချောက်ကမ်းပါးတွင် နေလျက်ရှိနေပြီဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူခပ်သိမ်းသည် ယေရှုကိုဆန့်ကျင်ခြင်း၊ ယေရှုကိုငြင်းပယ်ခြင်း၊ သူ့ကို အသရေဖျက်ခြင်းများ လုပ်နိုင်စွမ်းရှိသည်။ ယေရှုကို နားမလည်သူခပ်သိမ်းသည် သူ့ကို ငြင်းပယ်ခြင်းနှင့် သူ့ကို ဝေဖန်ပုတ်ခတ်ခြင်းများ ပြုနိုင်စွမ်းရှိသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ယေရှုတစ်ဖန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုဟု မြင်နိုင်စွမ်းရှိကြပြီး ယေရှုခရစ် လူ့ဇာတိတစ်ဖန်ခံယူ၍ ပြန်လာခဲ့သည်ကို သာ၍များသောသူများက ရှုတ်ချလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို ကြောက်ရွံ့စိတ် မပေါ်စေသလော။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့ကို ပြောသည့်နှုတ်ကပတ်တော်များကို ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှုထုတ်ဖော်ပြောဆိုခဲ့သည့် အရာခပ်သိမ်းကို ပစ်ပယ်ခြင်းတို့နှင့် သင်တို့ရင်ဆိုင်ရမည်။ အကယ်၍ သင်တို့သည် ဤမျှစိတ်ရှုပ်ထွေးနေပါက ယေရှုထံမှ မည်သည့်အရာရနိုင်မည်နည်း။ သင်တို့၏အမှားများကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းဆိုပါက ဖြူသောမိုးတိမ်ပေါ်မှ လူ့ဇာတိသို့ ယေရှုပြန်ကြွလာချိန်တွင် သူ၏ အမှုတော်ကို သင်တို့သည် မည်သို့နားလည်နိုင်မည်နည်း။ သမ္မာတရားကို လက်မခံသော်လည်း ဖြူသောမိုးတိမ်ပေါ်မှ ယေရှုကြွလာသည်ကို ဆင်ကန်းတောတိုးစောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် အမျိုးအစားဖြစ်ကြောင်း ငါသင်တို့ကိုပြော၏။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုသာ လိုလား၍ ပျော်ရွှင်ဖွယ်ရာ ကောင်းကင်ဘုံကိုသာ ခံစားလိုကြသော်လည်း ယေရှုပြောသော နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ နာခံခဲ့ခြင်းမရှိဘဲ သူလူ့ဇာတိသို့ တစ်ဖန်ကြွလာချိန်တွင် သူထုတ်ဖော်ပြောခဲ့သည့် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံရရှိခြင်းမရှိခဲ့ပေ။ ဖြူသောမိုးတိမ်ပေါ်မှ ယေရှုတစ်ဖန်ကြွလာသည့်အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို ခိုင်မြဲစွာကိုင်ဆွဲထားမည်နည်း။ အပြစ်များ ကြိမ်ဖန်များစွာကျူးလွန်၍ ထပ်တလဲလဲ အပြစ်ဝန်ခံသည့် သင်တို့၏ရိုးဖြောင့်မှုလော။ ဖြူသောမိုးတိမ်ပေါ်မှ တစ်ဖန်ကြွလာသည့်ယေရှုအတွက် သင်တို့မည်သည့်အရာကို ဆက်ကပ်ပူဇော်မည်နည်း။ သင်တို့ကိုယ်သင်တို့ချီးမြှောက်သည့် နှစ်ပေါင်းများစွာသော အလုပ်ကိုလော။ တစ်ဖန်ပြန်ကြွလာသည့်ယေရှုအနေဖြင့် သင်တို့အပေါ် ယုံကြည်စိတ်ချစေရန် သင်တို့မည်သည့်အရာကို ကိုင်ဆွဲထားမည်နည်း။ မည်သည့်သမ္မာတရားကိုမျှ လိုက်နာခြင်းမရှိသည့် သင်တို့၏ဝင့်ဝါသောသဘောထားလော။
သင်တို့သည် စကားဖြင့်သာ သစ္စာရှိကြ၏။ သင်တို့၏အသိသည် ပညာဉာဏ်၊ အယူအဆတို့နှင့်သာဆိုင်၏။ သင်တို့၏ဝါယမစိုက်ထုတ်မှာ ကောင်းကင်မှကောင်းချီးမင်္ဂလာများ ရရှိရေးအတွက်ဖြစ်၏။ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်ပုံစံဖြစ်ရမည်နည်း။ ယနေ့တိုင်အောင် သင်တို့သည် သမ္မာတရားအကြောင်း စကားတစ်လုံးစီတိုင်းကို နားမထောင်ကြ။ ဘုရားသခင်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ရိုသေလေးမြတ်ရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အတွင်း မည်သို့ဝင်ရောက်ရမည်ကို သင်တို့မသိ၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုတော်နှင့် လူသား၏လှည့်ဖြားမှုများအကြား မည်သို့ခွဲခြားရမည်ကို သင်တို့မသိကြချေ။ သင့်အတွေးအခေါ်နှင့် မကိုက်ညီသော ဘုရားသခင်ထုတ်ဖော်ပြောကြားသည့် သမ္မာတရား၏ နှုတ်ကပတ်တော်ကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ နာခံမှုသည် အဘယ်မှာနည်း။ သင်၏သစ္စာရှိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်စိတ်သည် အဘယ်မှာနည်း။ နိမိတ်လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ပျက်စီးခြင်းသို့ ဧကန်အမှန် ရောက်မည့်အမျိုးအစားဖြစ်ကြောင်း သင်တို့ကို ငါပြော၏။ လူ့ဇာတိသို့ တစ်ဖန်ပြန်၍ ကြွလာသော ယေရှု၏နှုတ်ကပတ်တော်များကို လက်မခံနိုင်သူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များဖြစ်သည်မှာ သေချာပြီး ၎င်းတို့သည် ထာဝရပျက်စီးခြင်းသို့ ရောက်မည့်အမျိုးအစားဖြစ်သည်။ ငါပြောသည့်အရာများကို များစွာသောလူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်။ သို့သော် ဖြူသောမိုးတိမ်ပေါ်မှနေ၍ ယေရှုသည် ကောင်းကင်ဘုံမှဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယေရှုကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ်ပေးခံရရန် သင်ငရဲသို့ဆင်းချိန်ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ဤအချိန်သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန်ကို ကြေညာပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော၊ လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန်ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ "ဖြူသောမိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်" ဟု မလျှော့တမ်းယုံကြည်သူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ်လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့်တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်လမ်းကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန်ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယုံကြည်စိတ်များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေသူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့်ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။ ဘုရားသခင်ကိုယုံကြည်သည့်လမ်းကြောင်းကို သတိဖြင့်လျှောက်လှမ်းရန် သင်တို့ကို ငါအကြံပြု၏။ အလွယ်တကူ ကောက်ချက်ချခြင်း မပြုနှင့်။ ထို့အပြင် ဘုရားသခင်အပေါ် သင်တို့ယုံကြည်ခြင်းအရာတွင် သာမန်ကာလျှံကာဖြစ်ခြင်းနှင့် ပူပန်ကြောင့်ကြမဲ့ခြင်းတို့ မဖြစ်စေနှင့်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အနည်းဆုံးအနေဖြင့် စိတ်နှလုံးနှိမ့်ချ၍ ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်ကြောင်း သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားဖူးသော်လည်း ၎င်းတို့အတွက် သေးသိမ်သဖြင့် လက်မခံသောသူတို့သည် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားဖူးသော်လည်း သတိမပြုဘဲ အလွယ်တကူကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် ဝင့်ဝါခြင်းဒုက္ခ ခံစားနေကြ၏။ ယေရှုကိုယုံကြည်သူ မည်သူမျှ တစ်ပါးသူအား ကျိန်ဆဲခြင်း၊ ရှုတ်ချခြင်းများပြုရန် အရည်အချင်းမရှိပေ။ သင်တို့အားလုံးသည် ဆင်ခြင်တုံတရားရှိ၍ သမ္မာတရားကို လက်ခံသူများ ဖြစ်ရမည်။ သင်သည် သမ္မာတရားလမ်းအကြောင်းကို ကြားခဲ့ပြီး အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက် ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏ခံယူချက်များနှင့် သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင်ယူဆကောင်းယူဆနိုင်သည်။ ထို့နောက် သင်သည် ဤစကားလုံးများ၏ ၁၀၀၀၀ မြောက်သောစကားလုံးကို ဆက်လက်ရှာဖွေရမည်။ သင်သည် နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးကျူးရန် ငါအကြံပြုသေး၏။ သင်၏နှလုံးသားတွင် ဘုရားသခင်ကို ထိုသို့အနည်းငယ် ရိုသေလေးမြတ်မှု ရှိလျှင်ပင် သင်သည် ပို၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေး၍ ကြိမ်ဖန်များစွာ ဆင်ခြင်ပါက ၎င်းတို့သည် သမ္မာတရား ဟုတ်မဟုတ်နှင့် ၎င်းတို့သည် အသက်ဟုတ်မဟုတ်ကို သင်နားလည်လိမ့်မည်။ အချို့သူများသည် ဝါကျတစ်ကြောင်း၊ နှစ်ကြောင်းကိုသာ ဖတ်ပြီး၍ "ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရစေခြင်းသာဖြစ်သည်" ဟူ၍ဖြစ်စေ၊ "ဤသည်မှာ လူသားတို့အားလှည့်ဖြားရန် ရောက်လာသည့် ခရစ်တော်၏အယောင်ကိုဆောင်သောသူဖြစ်၏" ဟူ၍ဖြစ်စေပြောဆိုလျက် ဤနှုတ်ကပတ်တော်များကို ဆင်ကန်းတောတိုး ရှုတ်ချနိုင်သည်။ ဤသို့ပြောသူများသည် အသိဉာဏ်ကင်းမဲ့မှုဖြင့် မျက်စိကန်းနေကြသည်။ ဘုရားသခင်၏အမှုတော်နှင့် ဉာဏ်အမြော်အမြင်ကို သင်နားလည်သည်မှာ နည်းပါးလွန်း၏။ ထို့ကြောင့် အစမှပြန်စရန် သင့်ကိုငါအကြံပြု၏။ နောက်ဆုံးကာလတွင် ခရစ်တော်၏အယောင်ကိုဆောင်သောသူများ ပေါ်ထွက်လာခြင်းကြောင့် သင်တို့သည် ဘုရားသခင် ထုတ်ဖော်ပြောဆိုသော နှုတ်ကပတ်တော်များကို ဆင်ကန်းတောတိုး ရှုတ်ချခြင်း မပြုရ။ သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်း ပြုသူတစ်ဦး မဖြစ်ရ။ ဤသို့ဖြစ်ပါက လွန်စွာသနားဖွယ်မကောင်းပေဘူးလော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရား မဟုတ်၊ လမ်းခရီးမဟုတ်၊ ဘုရားသခင်၏ ထုတ်ဖော်ပြောဆိုချက် မဟုတ်ဟု သင်ယုံကြည်ဆဲဖြစ်ပါက သင်သည် အဆုံးတွင် အပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်ပြီး သင်သည် ကောင်းချီးမင်္ဂလာများ ကင်းမဲ့လိမ့်မည်။ ထိုသို့သော သိသာထင်ရှားလှစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မထိုက်တန်ပေ။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ တစ်ဖန်ပြန်ရောက်ရန် အခွင့်မသာသောသူတစ်ဦး ဖြစ်နေမည်မဟုတ်ပေလော။ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မလုပ်နှင့်။ ထို့အပြင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအရာကို ကစားပွဲတစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်၏ပန်းတိုင်အတွက်၊ သင်၏ အလားအလာများအတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ မိမိကိုယ်ကိုအပေါ် တာဝန်မမဲ့နှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
No comments:
Post a Comment