菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

10/25/2018

ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ယေရှု, ဆုတောင်း, Myanmar Christian Music, ဘုရားသခင်, ခရစ်တော်
အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိနေခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့ပေ၊ ထို့ပြင် ဘုရားသခင်သည် မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲ ရှိနေခဲ့သည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုအလုပ်ကို လူသားတည်ရှိလာပြီး လူသားဖောက်ပြန်ပျက်စီးလာခဲ့ချိန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် မည်သည့်အခါမျှ အနားမယူတော့ဘဲ လူသားများအကြားတွင် သူကိုယ်တိုင် စတင်၍ အလုပ်များနေခဲ့သည်။ လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဘုရားသခင်သည် အနားမယူတော့ခြင်းဖြစ်ပြီး၊ ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဘုရားသခင်သည် အနားမယူတော့ခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဖျက်ဆီးခြင်းခံရသည့် လူသားကို မကယ်တင်ပါက ဘုရားသခင်သည် အနားယူခြင်းထဲသို့ မည်သည့်အခါမျှ နောက်တစ်ကြိမ် ဝင်ရောက်နိုင်မည်မဟုတ်ပေ။ လူသားသည် အနားယူခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်သည်လည်း အလားတူပင်ဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သည့်အခါ လူသားသည်လည်း အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ အနားယူနေသည့် အသက်တာတွင် စစ်ပွဲမရှိ၊ ညစ်ညမ်းမှုမရှိ၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိချေ။ စာတန်၏ နှောင့်ယှက်ခြင်း (ဤနေရာတွင် "စာတန်" သည် ရန်လိုသော အင်အားစုများကိုရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းသာမက ဘုရားသခင်ကို ဆန့်ကျင်သော အင်အားစုတစ်ခုခု၏ ကျူးကျော်ခြင်းတစ်ခုမျှ မရှိကြောင်းဆိုလိုသည်။ အရာအားလုံးသည် ကိုယ့်အမျိုးအစားနောက်ကိုယ်လိုက်ကြပြီး ဖန်ဆင်းခြင်း၏သခင်ကို ကိုးကွယ်ကြသည်။ ကောင်းကင်နှင့်မြေကြီးသည် အကြွင်းမဲ့ ငြိမ်သက်အေးချမ်းလျက်ရှိသည်။ ယင်းမှာ လူသားတို့၏ အနားယူခြင်းနှင့်ပြည့်သော အသက်တာဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ မဖြောင့်မတ်မှုသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိမည်မဟုတ်ဘဲ ရန်လိုသော အင်အားစုတို့၏ ကျူးကျော်မှုလည်း ရှိတော့မည်မဟုတ်ချေ။ လူသားတို့သည်လည်း နယ်ပယ်သစ်သို့ ဝင်ရောက်ကြလိမ့်မည်။ သူတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံထားရသော လူသားများ ဖြစ်ကြတော့မည်မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းခံရပြီးနောက် ကယ်တင်ခြင်းခံရသော လူသားများ ဖြစ်ကြလိမ့်မည်။ လူသားတို့ အနားယူသောရက်သည် ဘုရားသခင်၏ အနားယူသောရက်လည်း ဖြစ်သည်။ လူသား၏ အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိခြင်းကြောင့် ဘုရားသခင်သည် သူ၏အနားယူခြင်းကို ဆုံးရှုံးခဲ့သည်။ သူသည် မူလကတည်းက အနားမယူနိုင်ခဲ့ခြင်းမျိုး မဟုတ်ပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်မှုဆိုသည်မှာ အလုံးစုံသော အရာတို့ ရပ်တန့်သွားခြင်း သို့မဟုတ် အလုံးစုံသော အရာတို့ ဖွံ့ဖြိုးမှု မရှိတော့ခြင်းကို မဆိုလိုသကဲ့သို့ ဘုရားသခင်က အလုပ်လုပ်မှု ရပ်တန့်သွားခြင်း သို့မဟုတ် လူသားများ အသက်ရှင်မှု မရှိတော့ခြင်းကိုလည်း မဆိုလိုပေ။ အနားယူခြင်းထဲသို့ ဝင်ရောက်သည့် လက္ခဏာမှာ ဤသို့ဖြစ်သည်၊ စာတန်သည် ဖျက်ဆီးခြင်းခံခဲ့ရသည်၊ စာတန်၏ မကောင်းမှုပြုခြင်းတွင် ၎င်းနှင့် ပါဝင်ကြသော ထိုကောက်ကျစ်စဉ်းလဲသူများသည် အပြစ်ဒဏ်ပေးခြင်းခံရကာ ဖယ်ရှားခံခဲ့ရသည်၊ ဘုရားသခင်ကို ရန်လိုသည့် အင်အားစုအားလုံးသည် တည်ရှိခြင်း မရှိကြတော့။ အနားယူခြင်းထဲသို့ ဘုရားသခင်ဝင်ရောက်ခြင်း ဆိုသည်မှာ လူသားများအား ကယ်တင်ခြင်းအမှုကို သူမလုပ်ဆောင်တော့ခြင်းကို ဆိုလိုသည်။ အနားယူခြင်းထဲသို့ လူသားတို့ ဝင်ရောက်ခြင်းဆိုသည်မှာ လူသားအားလုံးတို့သည် ဘုရားသခင်၏အလင်းအတွင်းနှင့် သူ၏ကောင်းချီးမင်္ဂလာအောက်တွင် နေထိုင်ခြင်းကို ဆိုလိုသည်။ စာတန်၏ ဖျက်ဆီးခြင်းတို့ ရှိတော့မည်မဟုတ်သကဲ့သို့ မဖြောင့်မတ်သော အရာများလည်း ဖြစ်ပေါ်တော့မည်မဟုတ်ချေ။ လူသားတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်နေထိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ကြလိမ့်မည်။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကာ လူသားတို့အကြား ဘုရားသခင်၏အမှု လုံးဝဥဿုံပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။ ဘုရားသခင်သည် လူတို့အကြားတွင် အလုပ်ဆက်လုပ်တော့မည် မဟုတ်ဘဲ၊ လူသားတို့သည်လည်း စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက်အလုပ်မများတော့ဘဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလအနေအထားသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းသည်လည်း မိမိတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး ပြီးဆုံးပြီးသည့်နောက်တွင် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် အသီးသီး နေထိုင်သွားကြမည့် ခရီးပန်းတိုင်များဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင်ရှိပြီး လူသား၌ လူသား၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်အတွင်း ဘုရားသခင်သည် ကမ္ဘာမြေပေါ်မှ လူသားအားလုံးတို့၏ အသက်တာကို ဆက်လက်လမ်းပြမည် ဖြစ်သည်။ ဘုရားသခင်၏ အလင်းအတွင်းရှိနေစဉ် လူသားသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် လူသားများအကြားတွင် ဆက်လက်နေထိုင်တော့မည်မဟုတ်ဘဲ လူသားသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ်တစ်ခုထဲတွင် အတူတကွ မနေနိုင်ချေ။ ယင်းအစား နှစ်ဦးစလုံး၌ မိမိတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားအားလုံးကို လမ်းပြသောသူဖြစ်သော်လည်း လူသားအားလုံးတို့မှာမူ ဘုရားသခင့်စီမံခန့်ခွဲမှုအလုပ်၏ ပုံဆောင်ခဲဖြစ်သည်။ ဦးဆောင်ခြင်းခံရသည်မှာ လူသားဖြစ်သည်၊ အနှစ်သာရအားဖြင့် လူသားသည် ဘုရားသခင်နှင့် မတူပေ။ အနားယူခြင်း၏ အဓိပ္ပာယ်မှာ တစ်ဦးတစ်ယောက်၏ မူလနေရာသို့ ပြန်သွားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်က အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်၊ သို့မဟုတ် လူသားတို့အကြားရှိနေစဉ် လူသားတို့၏ ပျော်ရွှင်မှုနှင့် နာကျင်မှုများကို ဝေမျှခံစားတော့မည် မဟုတ်ပေ။ လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်သည်ဆိုခြင်းမှာ လူသားသည် စစ်မှန်သည့် ဖန်ဆင်းခြင်းတစ်ခုဖြစ်လာခြင်းကို ဆိုလိုသည်၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး ပုံမှန်လူသားအသက်တာများ ရှိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံခြင်း သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြသည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် လားရာပင်ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ် ပြီးပြည့်စုံပြီးနောက် ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း၊ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူပင် ရှောင်လွဲ၍မရသော လားရာများဖြစ်သည်။ လူသား၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာအရပ်မှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားသည် အနားယူလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စဉ်၊ သူသည်ကမ္ဘာမြေပေါ်တွင် နေထိုင်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် အနားယူလျက် ကျန်ရှိနေသော လူသားတစ်စိတ်တစ်ပိုင်းကို ဦးဆောင်နေစဉ်၊ သူသည်မြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ထိုသူတို့ကို ဦးဆောင်လိမ့်မည်။ ဘုရားသခင်သည် ဝိညာဉ်အဖြစ် ဆက်လက်ရှိလိမ့်မည်ဖြစ်ပြီး လူသားသည် အသွေးအသားဖြင့် ဆက်လက်ရှိနေလိမ့်မည်။ ဘုရားသခင်နှင့် လူသားတို့ နှစ်ဦးနှစ်ဖက်လုံး၌ သူတို့၏ မတူညီသော သက်ဆိုင်ရာ အနားယူခြင်းနည်းဟန်များ ရှိကြလိမ့်မည်။ ဘုရားသခင် အနားယူနေစဉ် သူသည် လူသားများအကြား လာရောက်၍ ကိုယ်ထင်ပြလိမ့်မည်၊ လူသားအနားယူနေစဉ် လူသားသည် ကောင်းကင်ဘုံသို့ လည်ပတ်ရန်နှင့် ကောင်းကင်ဘုံရှိ အသက်တာကို စံစားရန် ဘုရားသခင်၏ ဦးဆောင်မှုကို ခံရမည်။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးသည့်အခါ၊ စာတန်သည် ဆက်လက်တည်ရှိနေတော့မည်မဟုတ်ဘဲ စာတန်ကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသော ထိုလူတို့သည်လည်း ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်မီတွင် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို တစ်ချိန်က နှိပ်စက်ညှဉ်းပန်းခဲ့ကြသည့် ကောက်ကျစ်စဉ်းလဲသော ထိုလူပုဂ္ဂိုလ်များတို့နှင့် ဘုရားသခင်ကို မနာခံသော ကမ္ဘာမြေကြီးပေါ်ရှိ ရန်သူတို့သည် ဖျက်ဆီးခံကြရပြီး ဖြစ်လိမ့်မည်။ သူတို့သည် နောက်ဆုံးသောကာလ၏ ကြီးမားသည့် ဘေးအန္တရာယ်တို့၏ ဖျက်ဆီးခြင်းကို ခံကြရပြီးဖြစ်လိမ့်မည်။ ကောက်ကျစ်စဉ်းလဲသော ထိုပုဂ္ဂိုလ်များ လုံးဝဖျက်ဆီးခံရပြီးသည့်နောက်တွင် ကမ္ဘာမြေကြီးသည် စာတန်၏ နှောင့်ယှက်ခြင်းကို မည်သည့်အခါမျှ ထပ်မံကြုံရတော့မည်မဟုတ်ပေ။ လူသားသည် ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် အလုံးစုံပြီးဆုံးသွားလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်များ ဖြစ်ကြသည်။

အရာအားလုံး၏ အဆုံးသတ် ချည်းကပ်လာမှုသည် ဘုရားသခင့်အမှု၏အဆုံးသတ်နှင့် လူသားဖွံ့ဖြိုးတိုးတက်မှု၏ အဆုံးသတ်ကို ညွှန်ပြသည်။ ဤသည်မှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံရသော လူသားတို့သည် သူတို့၏ဖွံ့ဖြိုးတိုးတက်မှု အဆုံးကို ရောက်ရှိသွားပြီဖြစ်ပြီး အာဒံနှင့် ဧဝမှ ဆင်းသက်လာသူတို့သည် သူတို့၏ သက်ဆိုင်ရာ လမ်းဆုံးများသို့ မျိုးပွားခဲ့ကြပြီးဖြစ်သည်ဟု ဆိုလိုသည်။ ထို့ပြင် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ယင်းသို့သော လူသားများအတွက် ဆက်လက်ဖွံ့ဖြိုးရန် မဖြစ်နိုင်တော့ဟုလည်း ဆိုလိုသည်။ အစအဦးတွင် အာဒံနှင့် ဧဝတို့သည် ဖျက်ဆီးခြင်း မခံခဲ့ရပေ၊ သို့သော်လည်း ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်းခံခဲ့ရသော အာဒံနှင့် ဧဝတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ကြရသည်။ ဘုရားသခင်နှင့် လူသားတို့သည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သောအခါ၊ ဧဒင်ဥယျာဉ်အတွင်းမှ နှင်ထုတ်ခံခဲ့ရသော အာဒံနှင့် ဧဝတို့အပြင် သူတို့မှ ဆင်းသက်လာသူတို့သည် နောက်ဆုံးတွင် အဆုံးသတ်သွားကြလိမ့်မည်၊ အနာဂတ် လူသားတို့၌ အာဒံနှင့် ဧဝတို့မှ ဆင်းသက်လာသူများ ဆက်လက်ပါဝင်နေမည် ဖြစ်သော်လည်း ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်သောသူများ ဖြစ်ကြမည်မဟုတ်ချေ။ ထိုအစား သူတို့သည် ကယ်တင်ခြင်းခံရပြီး သန့်စင်ခြင်းခံခဲ့ရသောသူများ ဖြစ်ကြလိမ့်မည်။ ယင်းလူသားတို့မှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရပြီးသူများဖြစ်ကြလိမ့်မည်ဖြစ်ပြီး သူတို့သည် သန့်ရှင်းသူများ ဖြစ်ကြလိမ့်မည်။ ထိုသူတို့သည် မူရင်း၌ရှိခဲ့သော လူသားမျိုးနွယ်စုနှင့် တူလိမ့်မည်မဟုတ်ပေ။ ထိုသူတို့သည် မူလအာဒံနှင့် ဧဝတို့မှ လုံးဝကွဲပြားခြားနားသော ပုဂ္ဂိုလ်မျိုးဖြစ်သည်ဟု တစ်စုံတစ်ယောက်မှ လုံးဝနီးပါး ပြောနိုင်သည်။ ထိုသူတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသော သူအားလုံးထဲမှ ရွေးကောက်ခြင်း ခံခဲ့ရပြီးသူများဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကာလတွင် အဆုံးတိုင် အခိုင်အမာ ရပ်တည်ခဲ့သူများ ဖြစ်ကြလိမ့်မည်၊ သူတို့သည် အကျင့်ပျက်သော လူသားမျိုးနွယ်ကြားမှ နောက်ဆုံးကျန်ရှိသော လူအုပ်စုဖြစ်လိမ့်မည်။ ဤလူအုပ်စုသည်သာလျှင် ဘုရားသခင်နှင့်အတူ နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။ နောက်ဆုံးသောကာလတစ်လျှောက်လုံး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အမှုအတောအတွင်း၊ ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှုအတောအတွင်း အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့်အတူ နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများဖြစ်သည်။ သို့ဖြစ်ရာ အနားယူခြင်းထဲသို့ ဝင်ရောက်သောသူတို့သည် ဘုရားသခင်၏ နောက်ဆုံးသန့်စင်စေခြင်းအမှုကို ဖြတ်ကျော်ပြီးမှသာလျှင် စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက်လွတ်မြောက်ပြီးသား၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသား ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကိုခံရပြီးဖြစ်လိမ့်မည်ဖြစ်သော ထိုသူတို့သည် နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု၏ အနှစ်သာရသည် လူသားတို့ကို သန့်ရှင်းစေရန်ဖြစ်ပြီး ယင်းသည် နောက်ဆုံးသော အနားယူရာနေ့အတွက်ဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ရပ်လုံးသည် သူတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်သို့ လိုက်နိုင်ကြမည်မဟုတ်ပေ၊ သို့မဟုတ် အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤအမှုသည် လူသားအတွက် အနားယူခြင်းထဲသို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားမျိုးနွယ်ကို သူတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်အကြားမှ မနာခံသော ထိုအရာများကို ဖော်ထုတ်လိမ့်မည်။ ထိုသို့ဖြင့် ကယ်တင်ခြင်း ခံရနိုင်သူတို့ကို မခံရနိုင်သူတို့နှင့် ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများနှင့် ခွဲခြားထားလိမ့်မည်။ သူ၏အမှုပြီးဆုံးသောအခါ ကျန်ရှိမည့်သူများသည် သန့်စင်စေခြင်း ခံကြရမည်ဖြစ်ပြီး လူသားမျိုးနွယ်၏ ပို၍မြင့်သောနယ်ပယ်သို့ သူတို့ဝင်ရောက်သည်နှင့် ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော ဒုတိယလူသားဘဝကို ကမ္ဘာမြေပေါ်တွင် ခံစားကြရမည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် လူသား၏ အနားယူရာနေ့ထဲသို့ ဝင်ရောက်ကြမည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ နေထိုင်ကြလိမ့်မည်။ မကျန်ရှိနိုင်သော သူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံကြရပြီးနောက်တွင် သူတို့၏ မူလပုံသဏ္ဌာန်မှာ လုံးဝဥဿုံ ထုတ်ဖော်ခြင်းခံရလိမ့်မည်။ ထို့နောက်တွင် သူတို့အားလုံးသည် စာတန်ကဲ့သို့ပင် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ်လူသားတို့တွင် ဤကဲ့သို့သောလူများ ဆက်လက်ပါဝင်တော့မည် မဟုတ်ပေ၊ ထိုလူများသည် လုံးဝအနားယူရာပြည်အတွင်းသို့ ဝင်ရောက်ရန် မထိုက်တန်ကြသကဲ့သို့ ဘုရားသခင်နှင့် လူသားတို့ မျှဝေခံစားကြမည့် အနားယူရာနေ့ရက်ကို ဝင်ရောက်ရန်လည်း မထိုက်တန်ကြပေ။ အကြောင်းမှာ ထိုသူတို့သည် အပြစ်ဒဏ်ပေးခြင်းကိုခံရမည့် ပစ်မှတ်များဖြစ်ကြပြီး ကောက်ကျစ်စဉ်းလဲသူများဖြစ်ကာ သူတို့သည် မဖြောင့်မတ်သောလူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် တစ်ချိန်က ရွေးနုတ်ခြင်းခံခဲ့ရပြီး၊ သူတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်၊ သူတို့သည် ဘုရားသခင်အတွက် တစ်ချိန်က အစေခံခဲ့ကြရသည်၊ သို့သော်လည်း နောက်ဆုံးနေ့ရက် ရောက်လာသောအခါ သူတို့၏ ကိုယ်ပိုင်စဉ်းလဲခြင်းကြောင့်၊ သူတို့၏ ကိုယ်ပိုင်နာမခံခြင်းနှင့် ရွေးနုတ်၍မရနိုင်ခြင်းတို့ကြောင့် ဖယ်ရှားခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခံကြရလိမ့်မည်။ သူတို့သည် အနာဂတ်ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိတော့မည်မဟုတ်၊ ထို့ပြင် သူတို့သည် အနာဂတ်လူသားမျိုးနွယ်စုအကြားတွင်လည်း ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။ လူသားများအကြား သန့်ရှင်းသူတို့ အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ မကောင်းမှုလုပ်သောသူမှန်သမျှနှင့်၊ ကယ်တင်ခြင်းမခံရသောသူမှန်သမျှတို့မှာ သေဆုံးသူတို့၏ ဝိညာဉ်အနေဖြင့် ရှိသည်ဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်လျက်ရှိသည်ဖြစ်စေ ဖျက်ဆီးခြင်းခံကြရမည်။ မကောင်းမှုလုပ်သည့် ထိုဝိညာဉ်များနှင့် မကောင်းမှုလုပ်သည့် လူများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများ၏ ဝိညာဉ်များနှင့် ဖြောင့်မတ်ခြင်းကိုပြုသော ထိုလူတို့သည် မည်သည့်ခေတ်ကာလနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မကောင်းမှုကိုလုပ်သူတိုင်း ဖျက်ဆီးခြင်းခံရမည်ဖြစ်ပြီး၊ ဖြောင့်မတ်သည့် မည်သူမဆို ရှင်ကျန်ရစ်လိမ့်မည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်မှာ နောက်ဆုံးသောခေတ်၏ အမှုအပေါ်ကိုအခြေခံ၍ လုံးလုံးအဆုံးအဖြတ်ပေးသည် မဟုတ်ဘဲ၊ ယင်းအစား ထိုသူတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့သလော၊ သို့မဟုတ် မနာခံခဲ့သလော ဆိုသည့်အချက်အပေါ်ကိုအခြေခံပြီး အဆုံးအဖြတ်ပေးသည်။ အကယ်၍ ယခင်ခေတ်ကာလက လူများသည် မကောင်းမှုပြုလုပ်ခဲ့ပြီး ကယ်တင်၍မရနိုင်ပါက၊ သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့် ပစ်မှတ်များ အသေအချာပင် ဖြစ်ကြပေမည်။ ယနေ့ခေတ်ကာလရှိ လူများသည် မကောင်းမှုကျူးလွန်ပြီး ကယ်တင်၍မရနိုင်ပါက၊ သူတို့သည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းခံရမည့် ပစ်မှတ်များဖြစ်သည်။ လူများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ခေတ်ကိုအခြေခံပြီး ခွဲခြားခြင်းမဟုတ်ပေ။ ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားပြီးနောက်တွင် လူများသည် ချက်ချင်း အပြစ်ဒဏ်ပေးခံရသည်မဟုတ် သို့မဟုတ် ဆုလာဘ်ပေးခံရသည် မဟုတ်ပေ။ ယင်းအစား ဘုရားသခင်သည် သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးသောအမှုနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးသောအမှုတို့ကို နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ထမ်းဆောင်ပြီးမှသာ လုပ်ဆောင်လိမ့်မည်။ အမှန်တကယ်အားဖြင့် သူသည် လူသားတို့အကြားတွင် သူ၏အမှုကို လုပ်ဆောင်ပြီးချိန်မှစ၍ ကောင်းမှုနှင့် မကောင်းမှုတို့ကို အသုံးပြုလျက် လူသားတို့ကို ခွဲခြားနေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူ၏အမှုပြီးစီးသည့်အခါ ကောက်ကျစ်စဉ်းလဲသူနှင့် ဖြောင့်မတ်သူများကို ခွဲခြားပြီးနောက်တွင် မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းအမှုနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုတို့ကို ချက်ချင်း လုပ်ဆောင်မည့်အစား သူ၏အမှုပြီးစီးချိန်တွင် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးပြီး ကောက်ကျစ်စဉ်းလဲသူများကို အပြစ်ဒဏ်ပေးရုံသာပြုလိမ့်မည်။ မကောင်းသောသူများကို သူ၏အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် နောက်ဆုံးအမှုသည် လူသားအားလုံးကို လုံးဝသန့်စင်စေရန်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် သန့်ရှင်းသော လူသားအားလုံးကို ထာဝရ အနားယူခြင်းထဲသို့ သူဆောင်ယူသွားရန်ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး အလုပ်ဖြစ်သည်။ ယင်းမှာ သူ့စီမံခန့်ခွဲမှု အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ကောက်ကျစ်စဉ်းလဲသူများကို မဖျက်ဆီးဘဲ သူတို့ကို ကျန်ရှိစေပါက၊ လူသားအားလုံးတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် လူသားအားလုံးကို ပိုမိုကောင်းမွန်သော နိုင်ငံတော်သို့ ခေါ်ဆောင်မသွားနိုင်ဘဲ ရှိလိမ့်မည်။ ဤအမှုမျိုးသည် အဆုံးတိုင် ပြီးစီးခြင်းရှိမည်မဟုတ်ပေ။ သူ့အမှုကို သူအပြီးသတ်သည့်အခါ လူသားအားလုံးတို့သည် လုံးဝသန့်ရှင်းကြလိမ့်မည်။ ထိုသို့သော အနေအထားမျိုးမှသာလျှင် ဘုရားသခင်သည် အနားယူခြင်း၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။

ယနေ့လူသားများသည် အသွေးအသားဆိုင်ရာ အရာများကို မခွဲခွာနိုင်ကြချေ။ သူတို့သည် အသွေးအသား ပျော်ရွှင်မှုကို မစွန့်လွှတ်နိုင်ကြသကဲ့သို့၊ ကမ္ဘာလောက၊ ငွေ၊ သို့မဟုတ် သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုလည်း မစွန့်လွှတ်နိုင်ကြချေ။ လူအများစုတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် သူတို့၏လိုက်လျှောက်ခြင်းများကို လုပ်ဆောင်ကြသည်။ အမှန်တကယ်တွင် ထိုလူများသည် သူတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်မရှိဘဲ၊ ပိုဆိုးသည်မှာ သူတို့သည် ဘုရားသခင်ကို မကြောက်ခြင်းဖြစ်သည်။ သူတို့သည် သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်မရှိသည်ဖြစ်ရာ သူတို့သည် ဘုရားသခင်လုပ်ဆောင်သောအရာအားလုံးကို မသိရှိနိုင်ကြဘဲ ဘုရားသခင်၏နှုတ်မှ သူပြောဆိုသော နှုတ်ကပတ်တော်တို့ကို ပို၍ပင် မယုံကြည်နိုင်ဘဲ ရှိကြသည်။ ဤသူတို့မှာ ဇာတိအလွန်ဆန်သောသူများဖြစ်ကြသည်။ သူတို့သည် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေကြပြီး သမ္မာတရားဟူ၍ ဘာဆိုဘာမျှ မရှိကြပေ။ ပိုဆိုးသည်မှာ ဘုရားသခင်သည် လူ့ဇာတိခံနိုင်သည်ကို သူတို့အနေဖြင့် မယုံကြည်ကြပေ။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆို၊ ဆိုလိုသည်မှာ မြင်တွေ့နိုင်သော ဘုရားသခင်၏ အမှုနှင့် စကားတို့ကို မယုံသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကိုမယုံကြည်ဘဲ မမြင်တွေ့နိုင်သော ကောင်းကင်ဘုံမှ ဘုရားသခင်ကို ကိုးကွယ်သူများသည် သူတို့၏စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ သူတို့သည် ဘုရားသခင်ကို မနာခံ၍ ဆန့်ကျင်သောသူများဖြစ်ကြသည်။ ဤလူများ၌ သမ္မာတရားကို ထည့်မတွက်နှင့်ဦး၊ လူ့သဘာဝနှင့် အသိစိတ်တို့ ချို့တဲ့ကြသည်။ ဤလူများအတွက်မူ မြင်တွေ့နိုင်ပြီး ကိုင်တွယ်နိုင်သော ဘုရားသခင်ကို အခြားအရာများထက်ပို၍ပင် မယုံကြည်နိုင်ကြသော်လည်း၊ မမြင်တွေ့နိုင်၍ မကိုင်တွယ်နိုင်သော ဘုရားသခင်ကမူ ယုံကြည်ရဆုံးနှင့် သူတို့၏စိတ်နှလုံးကို အချမ်းမြေ့စေနိုင်ဆုံးဖြစ်သည်။ သူတို့ရှာဖွေသည်မှာ လက်တွေ့အရှိတရား၏ သမ္မာတရားမဟုတ်သကဲ့သို့ အသက်တာ၏ မှန်ကန်သော အနှစ်သာရလည်းမဟုတ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များလည်း သာ၍ပင်မဟုတ်ဘဲ၊ ယင်းအစား သူတို့သည် စိတ်လှုပ်ရှားမှုနောက်ကိုသာ လိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဆန္ဒများကို ကြိုးပမ်းရရှိနိုင်ခွင့် အပေးနိုင်ဆုံးသော မည်သည့်အရာမဆိုသည် ယုံမှားဖွယ်ရာမလိုဘဲ သူတို့၏ယုံကြည်ခြင်းများနှင့် လိုက်လျှောက်ခြင်းများဖြစ်သည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းသာဖြစ်ပြီး သမ္မာတရားကို ရှာဖွေရန် မဟုတ်ပေ။ ဤလူများသည် မကောင်းမှုကျူးလွန်သူများ မဟုတ်ပါလော။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းယုံကြည်စိတ်ချကြပြီး ကောင်းကင်ဘုံမှ ဘုရားသခင်သည် ဤ "လူကောင်းများ" ဖြစ်သော သူတို့အား ဖျက်ဆီးမည်ဆိုသည်ကို မယုံကြည်ကြပေ။ ထိုအစား သူတို့သည် ဘုရားသခင်က သူတို့ကို ကျန်ရှိရန် ခွင့်ပြုမည်ဟုယုံကြည်ကြပြီး၊ ထို့ထက်မက ဘုရားသခင်အတွက် အရာများစွာကို သူတို့လုပ်ဆောင်ခဲ့ပြီး သူ့အပေါ် "သစ္စာစောင့်သိမှု" ကို အကြီးအကျယ် ပြသခဲ့ခြင်းတို့အတွက် သူတို့ကို ရက်ရက်ရောရော ဆုလာဘ်ပေးသနားမည်ဟု ယုံကြည်ကြသည်။ အကယ်၍သာ သူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို လိုက်လျှောက်ကြမည်ဆိုလျှင် သူတို့သည် ချက်ချင်းပင် ဘုရားသခင်ကို ဆန့်ကျင်ကြလိမ့်မည် သို့မဟုတ် သူတို့၏ဆန္ဒများ ပျက်ပြားသွားသည်နှင့် ယမ်းပုံမီးကျဖြစ်ကြလိမ့်မည်။ ဤသူတို့သည် သူတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန် ကြိုးပမ်းကြသည့် ဆိုးညစ်သောသူများ ဖြစ်ကြသည်၊ သူတို့သည် သမ္မာတရားကို လိုက်လျှောက်ကြသည့် ဂုဏ်သိက္ခာရှိသောသူများ မဟုတ်ကြပေ။ ထိုကဲ့သို့သောလူများသည် ခရစ်တော်နောက်ကိုလိုက်သည့် ကောက်ကျစ်စဉ်းလဲသော လူများဟုဆိုသည့် လူများဖြစ်သည်။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သမ္မာတရားကို မယုံကြည်နိုင်ကြပေ။ မြင်တွေ့နိုင်သော ဘုရားသခင်၏အမှု သို့မဟုတ် စကားများကို မယုံကြည်ကြသောကြောင့် သူတို့သည် လူသား၏ အနာဂတ်ရလဒ်များကို သာ၍ပင် မသိမြင်နိုင်ကြပေ၊ ထို့အပြင် သူတို့သည် လူသား၏ အနာဂတ် ခရီးပန်းတိုင်ကိုလည်း မယုံကြည်နိုင်ကြပေ။ သို့ဖြစ်ရာ သူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို လိုက်လျှောက်သည့်တိုင်အောင်ပင် သူတို့သည် မကောင်းမှုကို ကျူးလွန်ကြဆဲဖြစ်ပြီး သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ငါအလိုရှိသော သမ္မာတရားကိုလည်း သူတို့လက်တွေ့မကျင့်သုံးကြပေ။ မိမိတို့ကိုယ်ကို ဖျက်ဆီးခြင်းခံရမည်ဟု မယုံကြည်သော ထိုလူတို့သည် အပြန်အလှန်အားဖြင့် ဖျက်ဆီးခြင်းခံရမည့် ပုဂ္ဂိုလ်များပင် ဖြစ်သည်။ သူတို့အားလုံးသည် သူတို့ကိုယ်သူတို့ အလွန်ထက်မြက်သူများဟု ယုံကြည်ကြပြီး သူတို့သည် သူတို့ကိုယ်သူတို့ သမ္မာတရားကို လက်တွေ့ကျင့်သုံးသူများဟု ယုံကြည်ကြသည်။ သူတို့၏ မကောင်းသော လုပ်ရပ်များကို သမ္မာတရားအဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယင်းကို တန်ဖိုးထားကြသည်။ ကောက်ကျစ်စဉ်းလဲသော ထိုသူများသည် ကိုယ့်ကိုယ်ကိုယ် အလွန်ပင် ယုံကြည်စိတ်ချကြသည်၊ သူတို့သည် သမ္မာတရားကို အယူဝါဒအဖြစ် မှတ်ယူကြသည်၊ ထို့ပြင် သူတို့၏ မကောင်းမှုလုပ်ရပ်များကို သမ္မာတရားဟု မှတ်ယူကြသည်။ နောက်ဆုံးတွင် သူတို့သည် မိမိတို့စိုက်ပျိုးထားသည်များကိုသာ ရိတ်သိမ်းနိုင်ကြသည်။ ကိုယ့်ကိုယ်ကိုယ် ပို၍ယုံကြည်စိတ်ချသည့်လူများဖြစ်ပြီး မာန်မာန လွန်စွာထောင်လွှားသူများဖြစ်လေ၊ သမ္မာတရားကို ပို၍မရနိုင်ဖြစ်လေဖြစ်ပြီး၊ ကောင်းကင်ဘုံမှ ဘုရားသခင်ကို လူတို့အနေဖြင့် ပိုမိုယုံကြည်လေ၊ ဘုရားသခင်ကို သူတို့ပို၍ခုခံကြလေဖြစ်သည်။ ဤသူများသည် အပြစ်ဒဏ်ပေးခံရမည့်သူများ ဖြစ်သည်။ လူသားတို့ အနားယူခြင်းထဲသို့ မဝင်ရောက်မီ၊ မည်သည့်ပုဂ္ဂိုလ်မျိုးသည် အပြစ်ဒဏ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ရရှိမည်ဆိုသည်ကို သူတို့သည် သမ္မာတရားကို ရှာဖွေသလော၊ သူတို့သည် ဘုရားသခင်ကို သိသလော၊ သူတို့မြင်တွေ့နိုင်သော ဘုရားသခင်ကို နာခံနိုင်သလော ဆိုသည်တို့အပေါ် မူတည်ပြီး ဆုံးဖြတ်လိမ့်မည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံခဲ့သော်လည်း သူ့ကိုမသိသေးသောသူများ၌ သို့မဟုတ် မနာခံသေးသောသူများ၌ သမ္မာတရား မရှိကြပါ။ ဤလူများသည် မကောင်းမှု ကျူးလွန်သူများဖြစ်ပြီး မကောင်းမှုကျူးလွန်သူများသည် ဧကန်အမှန်ပင် အပြစ်ဒဏ်ပေးခံကြရမည်။ ထို့အပြင် သူတို့သည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်အတိုင်း အပြစ်ဒဏ်ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်အရာဖြစ်သည်၊ ထို့ပြင် သူသည် လူသား၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ဘုရားသခင်ကို မနာခံနိုင်ကြပေ။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ထိုသူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်သေးပါက၊ ထို့ပြင် လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ထိုမရေရာသောသူများသည် ဖျက်ဆီးခံကြရမည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သင်တို့အကြားတွင် လက်ရှိအခြေအနေအတိုင်းသာဖြစ်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံခြင်း၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသောသူမှန်သမျှသည် အဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရလိမ့်မည်၊ ထို့ပြင် မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုပြီး မြင်တွေ့နိုင်သော ဘုရားသခင်ဖော်ပြသည့် သမ္မာတရားကိုပါ စားသောက်သော်လည်း မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကို ရှာဖွေသောသူမှန်သမျှသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခြင်းကို ခံကြရမည်။ ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် အနားယူခြင်း အချိန်ရောက်သည်အထိ ထိုသူတို့အထဲမှ မည်သူမျှ ကျန်ရှိနိုင်မည်မဟုတ်ပေ၊ အနားယူခြင်း အချိန်အထိ ကျန်ရှိမည့် ထိုသူများနှင့်တူသူ မည်သူမျှ မရှိနိုင်ပေ။ ဆိုးသွမ်းသော သူတို့သည် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများဖြစ်ကြသည်၊ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်းဖြစ်သည်၊ ထို့ပြင် သူတို့တွင် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက်များ စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင့်တွင် သမ္မာတရား ရှိမရှိနှင့် သင်သည် ဘုရားသခင်ကို ခုခံခြင်းရှိမရှိတို့ကို သင်၏သွင်ပြင် သို့မဟုတ် သင်၏ အခါအားလျော်စွာ ပြောဆိုပြုမူမှုများအပေါ် မူတည်ဆုံးဖြတ်ခြင်း မဟုတ်ဘဲ သင်၏ အနှစ်သာရပေါ်တွင် ဆုံးဖြတ်သည်။ လူပုဂ္ဂိုလ်တိုင်း၏ အနှစ်သာရသည် ထိုသူတို့ ဖျက်ဆီးခြင်း ခံရမည် မခံရမည်ကို အဆုံးအဖြတ်ပေးသည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်မှုနှင့် သူတို့၏ သမ္မာတရားအပေါ် လိုက်လျှောက်မှုအားဖြင့် ဖော်ထုတ်ခံရသည့် အနှစ်သာရအရ ဆုံးဖြတ်ခြင်းဖြစ်သည်။ တစ်ပုံစံတည်း အလုပ်လုပ်ပြီး တူညီသောအလုပ်ပမာဏများကိုလည်း လုပ်သည့် လူများအကြားတွင် လူသားအနှစ်သာရ ကောင်းမွန်သောလူများနှင့် သမ္မာတရားကို ပိုင်ဆိုင်သောလူများသည် ကျန်ရစ်မည့်သူများဖြစ်သော်လည်း လူသားအနှစ်သာရ မကောင်းသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်သည်။ လူသား၏ ခရီးပန်းတိုင်ကို ရည်စူးထားသော ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနှစ်သာရအပေါ်မူတည်၍ လူသားတို့နှင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းသည်။ မတော်တဆဖြစ်ခြင်းများ ရှိမည်မဟုတ်ဘဲ အနည်းငယ် မှားယွင်းမှုလည်း လုံးဝရှိမည် မဟုတ်ပေ။ လူတစ်ဦးသည် အလုပ်ကို လုပ်ဆောင်သော အခါမှသာ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောပါဝင်လာမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် အသင့်လျော်ဆုံးဖြစ်သည်။ သူသည် မည်သည့်ဖန်ဆင်းခံသတ္တဝါကိုမျှ မှားယွင်းစွာ တောင်းဆိုမည် မဟုတ်သည်မှာ သေချာပေသည်။ ယခုအခါတွင် လူသားတို့၏ အနာဂတ် ခရီးပန်းတိုင်ကို သိမြင်နိုင်ခြင်းမရှိသော လူများစွာရှိနေပြီး ငါပြောသော နှုတ်ကပတ်တော်များကိုလည်း မယုံကြည်ကြသောသူ များစွာရှိနေ၏။ မယုံကြည်သော လူအားလုံးတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိသော သူတို့နှင့်အတူ နတ်ဆိုးများ ဖြစ်ကြသည်။

ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ယခုအခါ မတူညီသော လူနှစ်မျိုးဖြစ်ကြပြီး သူတို့သည် မတူညီသော ခရီးပန်းတိုင်များနှင့် လူနှစ်မျိုးနှစ်စားဖြစ်ကြသည်။ သမ္မာတရား၏ အသိပညာကို ရှာဖွေပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတို့သည် ဘုရားသခင်ကယ်တင်မည့်သူများ ဖြစ်ကြသည်။ မှန်သောလမ်းကို မသိသောသူတို့သည် နတ်ဆိုးများနှင့် ရန်သူများဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများဖြစ်ပြီး ဖျက်ဆီးခြင်း ခံကြရလိမ့်မည်။ မရေရာသော ဘုရားသခင်၏ ဘာသာတရားကိုင်းရှိုင်းသော ယုံကြည်သူတို့ အားလုံးသည်ပင်လျှင် နတ်ဆိုးများဖြစ်သည် မဟုတ်လော။ ကောင်းသော အသိစိတ်တို့ကို ပိုင်ဆိုင်သော်လည်း မှန်သောလမ်းကို လက်မခံသူတို့သည် နတ်ဆိုးများဖြစ်ကြသည်။ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံသော အနှစ်သာရဖြစ်သည်။ မှန်သောလမ်းကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသူတို့သည် ဒုက္ခဆင်းရဲ အများအပြားကို ကြံ့ကြံ့ခံခဲ့သည့်တိုင် သူတို့သည် ဖျက်ဆီးခံရဆဲပင် ဖြစ်လိမ့်မည်။ လောကကို စွန့်ခွာခြင်းမပြုလိုသူ၊ မိမိတို့၏ မိဘများနှင့် ခွဲခွာခြင်းကို မခံစားနိုင်သူ၊ သူတို့၏ ကိုယ်ပိုင်အသွေးအသားပျော်ပါးမှုများကို ဖယ်ရှားရန် မဆောင်ရွက်နိုင်သူအားလုံးသည် ဘုရားသခင်ကို မနာခံသူများဖြစ်ကြပြီး၊ သူတို့အားလုံးသည် ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သောသူမှန်သမျှသည် နတ်ဆိုးနှင့်ဆိုင်ကြပြီး ထို့ထက်ပို၍ ထိုသူတို့သည် ဖျက်ဆီးခြင်း ခံကြရလိမ့်မည်။ ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မကျင့်သူများ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝမယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံကြရမည်။ ကျန်ရစ်နိုင်သည့် လူမှန်သမျှသည် စစ်ဆေးခြင်း၏ ခါးသည်းမှုကို ခံခဲ့ကြရပြီး ခိုင်မာစွာ ရပ်တည်သောသူများဖြစ်သည်၊ ထိုသူသည် စမ်းသပ်ခြင်းများကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ်မပြုသူမှန်သမျှသည် ရန်သူဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်ကို အသိအမှတ်မပြုသော ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပမှ မည်သူမဆိုသည် အန္တိခရစ်ပင် ဖြစ်တော့သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းမရှိသော ခုခံသူများ မဟုတ်ပါက စာတန်မှာ မည်သူဖြစ်သနည်း၊ နတ်ဆိုးများမှာ မည်သူတို့ဖြစ်သနည်း၊ ထို့ပြင် ဘုရားသခင်၏ ရန်သူများမှာ မည်သူတို့ဖြစ်သနည်း။ ထိုသူတို့သည် ဘုရားသခင်ကို မနာခံသောသူများ မဟုတ်သလော။ သူတို့သည် နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာဆိုကြသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်သလော။ သူတို့သည် ကောင်းချီးမင်္ဂလာများ ရရန်သာ ကြိုးပမ်းကြပြီး ဘုရားသခင်ကို သက်သေမခံနိုင်သူများ မဟုတ်သလော။ သင်သည် ထိုနတ်ဆိုးများနှင့် ယနေ့တွင် တရင်းတနှီးနေနိုင်ဆဲ ဖြစ်ပြီး ဤနတ်ဆိုးများအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာကို ဇောင်းပေးနေနိုင်ဆဲဖြစ်သည်၊ ယင်းကို စာတန်ထံ ကောင်းသောရည်ရွယ်ချက်များအား လက်ကမ်းပေးနေခြင်းဟု မှတ်ယူထားသည် မဟုတ်လော။ ယင်းကို နတ်ဆိုးများနှင့် ပေါင်းဖော်ခြင်းဟု မှတ်ယူထားသည် မဟုတ်လော။ အကယ်၍ လူများသည် ယနေ့တွင် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးဘဲ ဘုရားသခင်၏အလိုကို ရှာဖွေရန် မျှော်လင့်ခြင်း တစ်စုံတစ်ခုမရှိဘဲ မျက်စိမှိတ်ကာ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကို ဇောင်းပေးနေဆဲဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံးကို သူတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ မရှိနိုင်ပါက သူတို့၏အဆုံးသတ်များသည် အားလုံးထက်ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ရှိသော ဘုရားသခင်ကို မယုံကြည်သောသူမှန်သမျှသည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ရန်သူထံ အသိစိတ်နှင့် ချစ်ခြင်းမေတ္တာကို ဇောင်းပေးနိုင်ပါက သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါစက်ဆုပ်ရွံရှာပြီး သဘောမတူသူတို့နှင့် သင်သည် သဟဇာတဖြစ်နေပြီး ထိုသူတို့အပေါ် ချစ်ခြင်းမေတ္တာနှင့် ပုဂ္ဂိုလ်ရေး ခံစားချက်များကို ဇောင်းပေးနေပါက သင်သည် မနာခံသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော ပုဂ္ဂိုလ်သည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူများသည် ရန်သူများအပေါ် အသိစိတ်ကို ဇောင်းပေးပြီး မကောင်းဆိုးဝါးများအပေါ် ချစ်ခြင်းမေတ္တာကို ဇောင်းပေးကာ စာတန်ကို သနားနေပါက ထိုသူတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည်ပင် မဟုတ်လော။ ဘုရားသခင်ကို မယုံကြည်သူများကိုမဆိုထားနှင့် သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကို ယုံကြည်ခြင်းမရှိသော သူများနှင့် လူ့ဇာတိခံယူသော ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု ပြောဆိုသော်လည်း မကောင်းမှုကို လုပ်ဆောင်သူအားလုံးတို့သည် အန္တိခရစ်များဖြစ်ကြသည်။ ထိုသူတို့အားလုံးသည် ဖျက်ဆီးခြင်း ခံရကြလိမ့်မည်။ လူသားက လူသားကို စီရင်ဆုံးဖြတ်ခြင်း၏ စံချိန်စံညွှန်းမှာ သူ၏ အပြုအမူပေါ်တွင် အခြေခံသည်၊ အပြုအမူကောင်းသောလူသည် ဖြောင့်မတ်သော ပုဂ္ဂိုလ်ဖြစ်ပြီး အပြုအမူ စက်ဆုပ်ဖွယ်ကောင်းသူသည် ကောက်ကျစ်စဉ်းလဲသူဖြစ်၏။ လူသားကို ဘုရားသခင် တရားစီရင်သော စံချိန်စံညွှန်းမှာ တစ်စုံတစ်ယောက်၏ အနှစ်သာရသည် သူ့ကိုနာခံမှု ရှိမရှိအပေါ် အခြေခံသည်၊ ဘုရားသခင်ကို နာခံသောသူသည် ဖြောင့်မတ်သူဖြစ်သည်၊ ဘုရားသခင်ကို မနာခံသောသူသည် ရန်သူဖြစ်ပြီး ကောက်ကျစ်စဉ်းလဲသူတစ်ဦး ဖြစ်သည်၊ ထိုပုဂ္ဂိုလ်၏ အမူအကျင့်တို့ ကောင်းသည် သို့မဟုတ် ဆိုးသည်နှင့် မသက်ဆိုင်ပေ။ ထိုသူပြောသော စကားမှန်သည် သို့မဟုတ် မှားသည်နှင့် မသက်ဆိုင်ပေ။ အချို့သော သူများသည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုလိုပြီး၊ အချို့သူများသည် ကောင်းသော ခရီးပန်းတိုင်ကို ဝယ်ယူရန် ကောင်းသော စကားများကို အသုံးပြုလိုကြသည်။ ဘုရားသခင်သည် လူသား၏ ရလဒ်ကို ဆုံးဖြတ်ရာတွင် သူ၏အပြုအမူ သို့မဟုတ် ပြောစကားတို့အရ ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်၊ ထို့ကြောင့်ပင် လူအများအပြားသည် လှည့်ဖြားမှုမှတစ်ဆင့် ယာယီမျက်နှာသာပေးခြင်းကို ရရှိစိမ့်သောငှာ ယင်းကို အသုံးပြုရန် ကြိုးပမ်းကြလိမ့်မည်။ အနားယူခြင်းအားဖြင့် နောက်ပိုင်းရှင်သန်မည့် သူအားလုံးတို့သည် ကြီးစွာဆင်းရဲဒုက္ခခံရမည့်နေ့ကို သည်းခံပြီး ဘုရားသခင်အတွက် သက်သေခံကြသည်၊ သူတို့အားလုံးသည် သူတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဘုရားသခင်ကို နာခံလိုသူများဖြစ်ကြသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုအား ရှောင်ရှားရန် အစေခံခြင်း အခွင့်အရေးကို အသုံးပြုရုံမျှသာ ပြုလိုသူတို့သည် ကျန်ရစ်နိုင်ကြမည်မဟုတ်ပေ။ ဘုရားသခင်၌ လူအားလုံးတို့၏ ရလဒ်များအပေါ် စီမံခန့်ခွဲမှုအတွက် သင့်လျော်သော စံချိန်စံညွှန်းများရှိသည်။ သူသည် လူတစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် လုပ်ဆောင်မှုအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်မဟုတ်သကဲ့သို့ အချိန်တစ်ခုအတောအတွင်းရှိ သူတို့၏ အပြုအမူအပေါ်တွင်မူတည်ကာ ယင်းဆုံးဖြတ်ချက်များကို ချမှတ်မည်လည်း မဟုတ်ပေ။ တစ်စုံတစ်ယောက်က ဘုရားသခင်အတွက် အတိတ်တွင် တစ်ကြိမ်တစ်ခါ အစေခံခဲ့သောကြောင့် သူ၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုအားလုံးကို ဘုရားသခင်အနေဖြင့် သက်ညှာပေးမည်မဟုတ်သကဲ့သို့ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါ အသုံးခံခဲ့မှုအတွက်လည်း သူသည် တစ်စုံတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ မိမိတို့၏ စဉ်းလဲခြင်းအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို ရှောင်လွဲနိုင်မည်မဟုတ်ဘဲ မည်သူတစ်ဦးတစ်ယောက်မျှလည်း သူတို့၏ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို ဖုံးကွယ်၍ မထားနိုင်သောကြောင့် ဖျက်ဆီးခံရခြင်း၏ အကြီးအကျယ်ဒုက္ခရောက်ရခြင်းကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် မိမိ၏တာဝန်ကို အမှန်တကယ် လုပ်ဆောင်နိုင်ပါက ဤသည်မှာ သူတို့သည် ကောင်းချီးမင်္ဂလာ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ ဘုရားသခင်ကို အဆုံးအစမရှိ သစ္စာရှိပြီး ဆုလာဘ်များကို မမျှော်ကိုးဟု အဓိပ္ပာယ်ရသည်။ လူများသည် ကောင်းချီးမင်္ဂလာကို တွေ့ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း သူတို့သည် ကောင်းချီးမင်္ဂလာကို မတွေ့မြင်ရသည့်အခါ သူတို့၏ သစ္စာရှိမှု လျော့နည်းပြီး နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေခံခြင်းကို မထမ်းဆောင်နိုင်သေးပါက၊ သူတို့ထမ်းဆောင်သင့်သည့် တာဝန်များကို မထမ်းဆောင်နိုင်ပါက၊ တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိစွာ အစေခံခဲ့သော ထိုသူတို့သည် ဖျက်ဆီးခြင်းကို ခံကြရဆဲဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ကောက်ကျစ်စဉ်းလဲသူတို့သည် အစဉ်ထာဝရ ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့ အနားယူခြင်းထဲသို့လည်း ဝင်ရောက်နိုင်မည်မဟုတ်ပေ၊ ဖြောင့်မတ်သော သူတို့သည်သာ အနားယူခြင်း၏ အရှင်သခင်များဖြစ်သည်။ လူသားတို့သည် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးသောအခါ၊ လူများသည် ပုံမှန်လူသားဘဝများကို ရကြလိမ့်မည်။ သူတို့အားလုံးသည် မိမိတို့၏ သက်ဆိုင်ရာတာဝန်ကို ထမ်းရွက်ကြပြီး ဘုရားသခင်ကို အကြွင်းမဲ့သစ္စာရှိကြလိမ့်မည်။ သူတို့သည် သူတို့၏ မနာခံမှုနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အလုံးစုံပစ်ပယ်ကြမည်ဖြစ်သည်၊ ထို့ပြင် သူတို့သည် ဘုရားသခင်အတွက်၊ ဘုရားသခင်ကြောင့် အသက်ရှင်ကြလိမ့်မည်။ သူတို့၌ မနာခံမှုနှင့် ခုခံမှုတို့ ရှိမည်မဟုတ်။ သူတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ နာခံနိုင်ကြလိမ့်မည်။ ယင်းမှာ ဘုရားသခင်နှင့် လူသား၏ အသက်တာဖြစ်ပြီး နိုင်ငံတော်၏ အသက်တာဖြစ်ကာ အနားယူခြင်း၏ အသက်တာဖြစ်သည်။

ယုံကြည်မှု လုံးဝမရှိသော မိမိတို့၏ ကလေးများနှင့် ဆွေမျိုးများကို ဘုရားကျောင်းအတွင်းသို့ ခေါ်လာသူများသည် အလွန်အတ္တကြီးပြီး မိမိတို့၏ကြင်နာမှုကို ပြသသည်။ ဤလူများသည် ချစ်ခြင်းမေတ္တာကိုသာ အရေးပေးပြီး သူတို့ ယုံကြည်ခြင်း၊ မယုံကြည်ခြင်း သို့မဟုတ် ယင်းမှာ ဘုရားသခင်၏ အလိုဟုတ်မဟုတ်ကို ဂရုမစိုက်ကြချေ။ အချို့မှာ မိမိတို့၏ ဇနီးများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာကြသည်၊ သို့မဟုတ် မိမိတို့၏ မိဘများကို ဘုရားသခင် ရှေ့မှောက်သို့ ခေါ်ဆောင်လာပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ အမှုပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ သူတို့သည် မျက်စိစုံမှိတ်၍ ဘုရားသခင်အတွက် "ပင်ကိုယ်စွမ်းရည်ရှိသူများကို မွေးစားသည်။" ထိုမယုံကြည်သူများအပေါ် ဤကြင်နာမှုကို လက်ကမ်းပေးခြင်းမှ မည်သည့်အကျိုးကျေးဇူးများ ရနိုင်ခြေရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် မပါရှိသော ဤမယုံကြည်သူများသည် ဘုရားသခင်နောက်လိုက်ရန် ကြိုးစားရုန်းကန်ငြားပင်လျှင်၊ တစ်ဦးတစ်ယောက်အနေဖြင့် ထိုသူတို့သည် ကယ်တင်ခြင်း ခံရနိုင်သည်ဟု ယုံကြည်တတ်သော်လည်း ထိုသူတို့သည် ကယ်တင်ခြင်းမရနိုင်ပေ။ ကယ်တင်ခြင်း ရရှိသူတို့သည် အမှန်တကယ်အားဖြင့် ဤမျှလွယ်လွယ်ကူကူ ရရှိသည်မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် စမ်းသပ်မှုများကို တွေ့ကြုံခြင်းမရှိဘဲ လူ့ဇာတိခံယူသော ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို မခံရသော သူတို့သည် စုံလင်ခြင်း လုံးဝမရှိနိုင်ပေ။ သို့ဖြစ်ရာ ဤသူများသည် ဘုရားသခင်ကို အမည်ခံအဖြစ်သာ စတင်လိုက်လျှောက်သည့် အချိန်မှစကာ သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ကင်းမဲ့နေတော့သည်။ သူတို့၏ အခြေအနေများနှင့် အမှန်တကယ် အနေအထားများအရ သူတို့သည် စုံလင်အောင်ပြုခြင်းခံရရန် အကယ်ပင် မတတ်နိုင်ပေ။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ် အားအင်များစွာ စိုက်ထုတ်ရန် ဆုံးဖြတ်ခြင်း မရှိသကဲ့သို့ သူတို့ကို မည်သည့်ဉာဏ်အလင်းမျှ ထောက်ပံ့မပေးပေ၊ သို့မဟုတ် မည်သို့မျှပင် လမ်းညွှန်မပေးပေ၊ သူတို့ကို အတူတကွ လိုက်လျှောက်ရုံမျှသာ သူခွင့်ပြုပြီး သူတို့၏ရလဒ်ကို နောက်ဆုံးတွင် ဖော်ပြသည်၊ ယင်းမှာ လုံလောက်ပေပြီ။ လူသား၏ စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်များသည် စာတန်ထံမှလာပြီး သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်နည်းဖြင့်မျှ မပြည့်စုံစေနိုင်ပေ။ တစ်စုံတစ်ယောက်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သည်ဖြစ်စေ ထိုသူတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုရှိရမည်၊ လူပုဂ္ဂိုလ်တစ်ဦးသည် အခြားလူပုဂ္ဂိုလ်တစ်ဦးကို ပြည့်စုံစေနိုင်သလော။ လင်ယောက်ျားသည် ဇနီးမယားကို အဘယ်ကြောင့်ချစ်သနည်း။ ထို့ပြင် ဇနီးမယားသည် လင်ယောက်ျားကို အဘယ်ကြောင့်ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် တာဝန်ကျေကြသနည်း။ မိဘများက သားသမီးများကို အဘယ်ကြောင့် အလွန်အမင်း ချစ်မြတ်နိုးသနည်း။ လူများသည် အမှန်တကယ်အားဖြင့် အဘယ်သို့သော ရည်ရွယ်ချက်များ ထားရှိကြသနည်း။ ယင်းသည် မိမိ၏ ကိုယ်ပိုင်အစီအစဉ်များနှင့် အတ္တဆန်သော လိုလားချက်များကို နှစ်သိမ့်ရန်ဖြစ်သည် မဟုတ်လော။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှန်တကယ် ဖြစ်သလော။ ယင်းမှာ ဘုရားသခင်၏အမှုအတွက် ဖြစ်သလော။ ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန်ဖြစ်သလော။ ဘုရားသခင်ကို ဦးစွာယုံကြည်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်ကို မရနိုင်သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မည်သည့်အခါမျှ ရနိုင်မည်မဟုတ်ပေ၊ ထိုလူတို့မှာ ဖျက်ဆီးခြင်းခံရမည်ဟု သတ်မှတ်ထားပြီးဖြစ်သည်။ သူတို့အတွက် တစ်စုံတစ်ယောက်သည် ချစ်ခြင်းမည်မျှပင် ရှိသည်ဖြစ်စေ၊ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အစားထိုး၍ မရနိုင်ပေ။ လူသား၏ စိတ်ထက်သန်မှုနှင့် ချစ်ခြင်းမေတ္တာသည် လူသား၏ ရည်ရွယ်ချက်များကို ကိုယ်စားပြုသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်၏အမှုကို အစားမထိုးနိုင်ပေ။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို အမည်ခံအားဖြင့် ယုံကြည်ပြီး သူ့နောက်သို့ လိုက်ဟန်ဆောင်စေကာမူ ဘုရားသခင်ကို ယုံကြည်ခြင်းအရာမှာ အဘယ်အရာဖြစ်သည်ကို မသိသောသူများထံသို့ ကြီးနိုင်သမျှ အကြီးမားဆုံးသော မေတ္တာနှင့် သနားကရုဏာကို လက်ကမ်းပေးစေကာမူ၊ သူတို့သည် ဘုရားသခင်၏ ကရုဏာကို ရရှိကြမည် မဟုတ်၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ရရှိနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်ကို ရိုးသားစွာ လိုက်လျှောက်သည့် လူများသည် အစွမ်းအစနည်းပါးပြီး သမ္မာတရားအမြောက်အမြားကို နားမလည်နိုင်သည့်တိုင်အောင်ပင် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ရံဖန်ရံခါ ရရှိနိုင်သေးသည်၊ သို့သော်လည်း အတော်အတန် အစွမ်းအစကောင်းစေကာမူ ရိုးသားစွာ ယုံကြည်မှုမရှိသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်ကို အကယ်ပင် ရယူနိုင်မည် မဟုတ်ပေ။ ထိုသူများသည် ကယ်တင်ခြင်းကို ရရှိနိုင်ခြေ ရှိကိုမရှိပေ။ သူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုလျှင်ပင်၊ သို့မဟုတ် သတင်းစကားများကို ရံဖန်ရံခါ ကြားလျှင်ပင်၊ သို့မဟုတ် ဘုရားသခင်ထံ ချီးမွမ်းသီချင်းများ သီဆိုလျှင်ပင်၊ နောက်ဆုံး၌ သူတို့သည် အနားယူသော အချိန်ရောက်သည့်တိုင် ကျန်ရစ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ တစ်ဦးတစ်ယောက်အနေဖြင့် ရိုးသားစွာ ရှာဖွေခြင်းရှိမရှိသည် သူတို့အပေါ် အခြားသူများက မည်သို့ သတ်မှတ်သည် သို့မဟုတ် သူတို့ပတ်ဝန်းကျင်မှ လူများက သူတို့ကို မည်သို့ရှုမြင်သည်နှင့် မသက်ဆိုင်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အပေါ် အလုပ်လုပ်မှုရှိမရှိနှင့် သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက် ရှိမရှိအပေါ်တွင် အဆုံးအဖြတ်ပေးသည်၊ ထို့ပြင် ထို့ထက်ပို၍ သူတို့၏ စိတ်သဘောထား ပြောင်းလဲမှုရှိမရှိနှင့် အချိန်အတိုင်းအတာ တစ်ခုတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တွေ့ကြုံပြီးသည့်နောက်တွင် သူတို့၌ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာ ရှိမရှိတို့အပေါ်တွင် အဆုံးအဖြတ်ပေးသည်၊ သန့်ရှင်းသော ဝိညာဉ်တော်က ပုဂ္ဂိုလ်တစ်ဦးအပေါ် အမှုပြုသည့်အခါ ထိုပုဂ္ဂိုလ်၏ စိတ်သဘောထားသည် တဖြည်းဖြည်းပြောင်းလဲလာမည်ဖြစ်ပြီး ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သူတို့၏အမြင်သည် တဖြည်းဖြည်း ပိုမိုသန့်စင်လာမည်။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ကာလမည်မျှကြာအောင် လိုက်လျှောက်သည်နှင့် မသက်ဆိုင်ဘဲ သူတို့ပြောင်းလဲနေသရွေ့ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ် အလုပ်လုပ်သည်ဟု ဆိုလိုသည်။ အကယ်၍ သူတို့သည် ပြောင်းလဲခြင်း မရှိပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ်တွင် အလုပ်မလုပ်ဟု ဆိုလိုသည်။ ထိုသူများအနေဖြင့် တချို့တစ်ဝက် အစေခံခဲ့သည့်တိုင်အောင် ကံကောင်းခြင်းကိုရလိုသော သူတို့၏ရည်ရွယ်ချက်များက သူတို့ကို တွန်းအားပေးခြင်းသာ ဖြစ်သည်။ ရံဖန်ရံခါ အစေခံခြင်းသည် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုကို အစားမထိုးပေးနိုင်ပေ။ အဆုံးတွင် သူတို့သည် ဖျက်ဆီးခြင်းကို ခံရဆဲဖြစ်လိမ့်မည်၊ အကြောင်းမှာ နိုင်ငံတော်အတွင်း၌ အစေခံသောသူတို့ကို မလိုအပ်သောကြောင့်ဖြစ်သကဲ့သို့၊ စုံလင်အောင်ပြုခြင်းကို ခံထားရသူတို့နှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူတို့ကို အစေခံရန် စိတ်သဘောထား ပြောင်းလဲခြင်းမရှိသူ မည်သူ့ကိုမျှ မလိုအပ်သောကြောင့် ဖြစ်သည်။ အတိတ်က စကားလုံးများဖြစ်သည့် "တစ်စုံတစ်ယောက်သည် သခင့်ကို ယုံကြည်သောအခါ၊ ကံကောင်းခြင်းသည် ထိုသူ၏မိသားစုတစ်ခုလုံးအပေါ် သက်ရောက်သည်" ဆိုသည်မှာ ကျေးဇူးတော်ခေတ်အတွက် ကိုက်ညီသော်လည်း လူသား၏ ခရီးပန်းတိုင်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်အတွင်း အဆင့်တစ်ဆင့်အတွက်သာ သင့်လျော်ခဲ့သည်။ ထိုစကားလုံးများ၏ ရည်ရွယ်သောအဓိပ္ပာယ်မှာ လူများပျော်မွေ့သော ငြိမ်းချမ်းရေးနှင့် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးများကိုသာ ရည်ညွှန်းသည်၊ ယင်းတို့က သခင်ကိုယုံကြည်သူ တစ်ဦးတစ်ယောက်၏ မိသားစုတစ်ခုလုံး ကယ်တင်ခြင်းခံရမည်ဟု မဆိုလိုသကဲ့သို့ တစ်စုံတစ်ယောက်သည် ကံကောင်းခြင်းကို ရရှိသည့်အခါ ထိုသူ၏ မိသားစုတစ်ခုလုံးသည် အနားယူခြင်းထဲသို့ ဆောင်ယူခြင်းခံရမည်ဟု မဆိုလိုပေ။ တစ်စုံတစ်ယောက်သည် ကောင်းချီးများ ရရှိခြင်း သို့မဟုတ် ကံမကောင်းခြင်းကို ခံစားရခြင်းတို့သည် ထိုသူ၏အနှစ်သာရအရ သတ်မှတ်ပြီး အခြားသူများနှင့် တူညီသည့် ဘုံအနှစ်သာရအရ မသတ်မှတ်ပေ။ နိုင်ငံတော်တွင် ထိုကဲ့သို့သောဆိုရိုးမျိုး သို့မဟုတ် ထိုကဲ့သို့သော စည်းမျဉ်းမျိုး ရှိကိုမရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် နောက်ဆုံး၌ ရှင်သန်နိုင်လျှင် ယင်းမှာ ထိုသူသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ရရှိထားသောကြောင့်ဖြစ်ပြီး၊ အကယ်၍ တစ်စုံတစ်ယောက်သည် အနားယူခြင်းအချိန်တွင် အဆုံး၌ မကျန်ရှိနိုင်လျှင် ယင်းမှာ ထိုပုဂ္ဂိုလ်သည် ဘုရားသခင်ကို မနာခံသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းနိုင်ခြင်းကြောင့်ဖြစ်သည်။ လူတိုင်းတွင် သင့်လျော်သော ခရီးပန်းတိုင်ရှိသည်။ ထိုခရီးပန်းတိုင်များကို လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပြီး အခြားသူများနှင့် လုံးဝမသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို သူ၏မိဘများထံ လွှဲပြောင်းမပေးနိုင်ပေ၊ ထို့ပြင် ကလေးတစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် မဝေမျှနိုင်ပေ။ မိဘတစ်ဦး၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကို သူ၏သားသမီးများထံ လွှဲပြောင်း၍ မရပေ၊ ထို့ပြင် မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏သားသမီးများနှင့် မဝေမျှနိုင်ပေ။ လူတိုင်းသည် မိမိ၏ သက်ဆိုင်ရာအပြစ်များကို လွယ်ပိုးထားကြပြီး လူတိုင်းသည် မိမိ၏ သက်ဆိုင်ရာ ကံကြမ္မာကို ခံစားကြရသည်။ မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူအတွက် အစားမထိုးနိုင်ပေ။ ယင်းသည် ဖြောင့်မတ်ခြင်းဖြစ်သည်။ လူသား၏အမြင်တွင် မိဘများသည် ကံကောင်းခြင်းကို ရရှိပါက သူတို့၏သားသမီးများလည်း ရရှိမည်၊ သားသမီးများသည် မကောင်းမှုကို ကျူးလွန်ပါက သူတို့၏မိဘများသည် ထိုသားသမီးအပြစ်များအတွက် ပေးလျော်ကြရမည်။ ယင်းမှာ လူသား၏ အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်ပုံဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမြင်မဟုတ်။ လူတိုင်း၏ ရလဒ်သည် သူတို့ လုပ်ဆောင်မှုမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပြီး၊ ယင်းကို အစဉ်အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်သည်။ မည်သူမျှ အခြားသူတစ်ဦး၏ အပြစ်ကို မသယ်ပိုးနိုင်၊ ထို့ထက်မက မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူတစ်ဦးအတွက် အပြစ်ဒဏ်ပေးခြင်းကို မခံရနိုင်။ ယင်းမှာ မလွဲဧကန်ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်သည်ဟု မဆိုလိုသကဲ့သို့ ကလေးတစ်ဦး၏ သူ့မိဘများအပေါ် ဝတ္တရားကျေသော ခင်တွယ်မှုသည် သူတို့အနေဖြင့် သူတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပေ။ ယင်းမှာ "ထိုအခါလယ်၌ရှိသော လူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့" ဟူသော နှုတ်ကပတ်တော်များ၏ နောက်ကွယ်ရှိ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ မိမိတို့၏ သားသမီးများအပေါ်ထားသည့် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို အနားယူခြင်းထဲသို့ မဆောင်ယူနိုင်သကဲ့သို့၊ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို သူတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ်အခြေခံ၍ အနားယူခြင်းထဲသို့ မဆောင်ယူနိုင်ပေ။ ယင်းသည် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းဖြစ်သည်၊ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ခြွင်းချက်များမရှိပေ။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုကို လုပ်ဆောင်သူများသည် မကောင်းမှုကို လုပ်ဆောင်သူများဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူတို့သည် ရှင်သန်နိုင်ကြလိမ့်မည်ဖြစ်ပြီး မကောင်းမှုကို လုပ်ဆောင်သူများသည် ဖျက်ဆီးခြင်း ခံကြရမည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများဖြစ်သည်၊ သူတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများဖြစ်ကြပြီး သူတို့တွင် သန့်ရှင်းသောအစိတ်အပိုင်း တစ်ခုမျှမပါရှိပေ။ မကောင်းမှုလုပ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ပြုသည့်တိုင်အောင်၊ ထို့ပြင် ဖြောင့်မတ်သောပုဂ္ဂိုလ်တစ်ဦး၏ မိဘများက စဉ်းလဲသော လုပ်ဆောင်ချက်များ ကျူးလွန်သည့်တိုင်အောင်၊ စဉ်းလဲသော လူအားလုံးတို့သည် ဖျက်ဆီးခံရမည်ဖြစ်ပြီး၊ ဖြောင့်မတ်သူအားလုံးတို့သည် ရှင်သန်ကြလိမ့်မည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့်ဆက်နွှယ်မှုမျှမရှိဘဲ၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင်လည်း မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သူတို့သည် သဟဇာတမဖြစ်သော အမျိုးအစားနှစ်မျိုး ဖြစ်သည်။ အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်းမပြုမီတွင် တစ်စုံတစ်ဦးသည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိသော်လည်း ထိုသူသည် အနားယူခြင်းထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုသူတွင် ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ မရှိတော့ပေ။ မိမိတို့၏ တာဝန်များကို ထမ်းရွက်သူများနှင့် မထမ်းရွက်သူတို့သည် ရန်သူများ ဖြစ်ကြသည်၊ ဘုရားသခင်ကို ချစ်မြတ်နိုးသူနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ အနားယူခြင်းထဲသို့ ဝင်ရောက်သူများနှင့် ဖျက်ဆီးခြင်းခံရသူတို့သည် မတူညီသော ဖန်ဆင်းခံသတ္တဝါအမျိုးအစားများ ဖြစ်ကြသည်။ မိမိတို့၏တာဝန်ကို ထမ်းရွက်ကြသော ဖန်ဆင်းခံသတ္တဝါတို့သည် ရှင်သန်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ပြီး မိမိတို့၏တာဝန်ကို မထမ်းရွက်ကြသော ဖန်ဆင်းခံသတ္တဝါတို့သည် ဖျက်ဆီးခြင်းခံရကြလိမ့်မည်၊ ထို့ထက်သာမက ယင်းသည် ထာဝရတည်တံ့လိမ့်မည်။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ထမ်းရွက်ရန်အလို့ငှာ သင်၏ခင်ပွန်းကို သင်ချစ်ခြင်းဖြစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ထမ်းရွက်ရန်အလို့ငှာ သင်၏ဇနီးကို ချစ်ခြင်းဖြစ်သလော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မိမိတာဝန်ကို ထမ်းရွက်ရန်အလို့ငှာ မယုံကြည်သော သင်၏မိဘများအပေါ် ဝတ္တရားကျေခြင်းဖြစ်သလော။ လူသား၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း အမြင်သည် မှန်သလော၊ သို့မဟုတ် မမှန်သလော။ သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အဘယ်အရာကို ရလိုသနည်း။ ဘုရားသခင်ကို သင်မည်သို့ချစ်သနည်း။ ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏တာဝန်ကို မထမ်းရွက်နိုင်သူများနှင့် အပြည့်အဝ အားထုတ်မှု မလုပ်နိုင်သူတို့သည် ဖျက်ဆီးခြင်းခံကြရမည်။ ယနေ့လူများသည် တစ်ဦးနှင့်တစ်ဦးကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသကဲ့သို့ အသွေးအားဖြင့်လည်း ဆက်နွှယ်မှုများ ရှိကြသည်၊ သို့သော်လည်း နောက်ပိုင်းတွင် ယင်းတို့အားလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတဖြစ်ကြသည်မဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ကြသည်။ အနားယူခြင်းတွင် ရှိသူတို့သည် ဘုရားသခင်တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို နာခံကြသည်။ ဘုရားသခင်ကို မနာခံသော သူတို့အားလုံးသည် ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ ရှိတော့မည်မဟုတ်၊ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့လျှင် ရှိတော့မည်နည်း။ ယုံကြည်ခြင်းနှင့် မယုံကြည်ခြင်း၏ လွန်စွာ သဟဇာတမဖြစ်မှုသည် ယင်းရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ဖြတ်တောက်ပြီးဖြစ်လိမ့်မည်။

အစအဦး၌ လူသားများအကြားတွင် မိသားစုများမရှိကြပေ၊ မိန်းမနှင့် ယောက်ျားဟူ၍ လူနှစ်မျိုးသာရှိခဲ့သည်။ မိသားစုများကို မဆိုထားနှင့် နိုင်ငံများပင် မရှိခဲ့ပေ၊ သို့သော်လည်း လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် အမျိုးစုံသော လူသားများအားလုံးသည် သူတို့ကိုယ်သူတို့ လူမျိုးစုအနွယ်များ တစ်ခုစီအဖြစ် ဖွဲ့စည်းခဲ့ကြပြီး၊ နောက်ပိုင်းတွင် နိုင်ငံများနှင့် တိုင်းပြည်များအဖြစ်သို့ တိုးတက်ပြောင်းလဲလာကြသည်။ ဤနိုင်ငံများနှင့် တိုင်းပြည်များကို သေးငယ်သည့် မိသားစုတစ်စုချင်းစီဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်၊ ထို့ပြင် ဤကဲ့သို့သောပုံစံဖြင့် အမျိုးစုံသော လူတို့သည် အမျိုးမျိုးသော လူမျိုးများအကြားတွင် ဘာသာစကား မတူညီမှုနှင့် ပိုင်းခြားထားသော နယ်ခြားစည်းများအားဖြင့် ပျံ့နှံ့သွားခဲ့ကြသည်။ စင်စစ်အားဖြင့် ကမ္ဘာပေါ်တွင် လူမျိုးများ မည်မျှပင်များပြားပါစေ၊ လူသားတို့၌ ဘိုးဘေးမျိုးနွယ် တစ်ခုသာရှိသည်။ အစအဦး၌ လူနှစ်မျိုးသာရှိခဲ့သည်၊ ထိုလူနှစ်မျိုးမှာ မိန်းမနှင့် ယောက်ျားတို့ဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏အမှု တိုးတက်လာခြင်းကြောင့်၊ သမိုင်းကုန်လွန်သွားပြီး ပထဝီအနေအထားပြောင်းလဲမှုကြောင့်၊ ဤလူအမျိုးအစားနှစ်မျိုးမှသည် သာ၍များသောလူအမျိုးအစားအဖြစ်သို့ အမျိုးမျိုးသော အတိုင်းအတာထိ ဖွံ့ဖြိုးပွားများလာခဲ့သည်။ ထိုသို့ဆင်းသက်လာရာတွင်၊ လူသားမျိုးနွယ်စုများ မည်မျှပင် ပါဝင်နေစေကာမူ၊ လူသားအားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းပင် ဖြစ်နေသေးသည်။ လူများသည် မည်သည့်လူမျိုးနှင့် သက်ဆိုင်နေပါစေ၊ သူတို့အားလုံးသည် သူ၏ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ သူတို့အားလုံးသည် အာဒံနှင့် ဧဝမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏လက်ဖြင့် ပြုလုပ်ခြင်းမခံရသော်လည်း၊ သူတို့သည် ဘုရားသခင်ကိုယ်တိုင် ဖန်ဆင်းထားသည့် အာဒံနှင့် ဧဝမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ လူတို့သည် မည်သို့သောအမျိုးအစားနှင့် သက်ဆိုင်နေပါစေ၊ သူတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြသည်၊ သူတို့သည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားများနှင့် သက်ဆိုင်သောကြောင့်၊ သူတို့၏ ခရီးပန်းတိုင်မှာ လူသားများရှိသင့်သည့်အရာဖြစ်ပြီး၊ လူသားများကို စီမံထားသည့် စည်းမျဉ်းများအရ သူတို့ကို ခွဲခြားထားသည်။ မကောင်းမှုပြုသူများနှင့် ဖြောင့်မတ်သောသူများအားလုံးသည် စင်စစ်အားဖြင့် ဖန်ဆင်းခံသတ္တဝါများပင်ဖြစ်သည်ဟု ဆိုလိုသည်။ မကောင်းမှုကို ကျူးလွန်သည့် ဖန်ဆင်းခံသတ္တဝါများသည် နောက်ဆုံးတွင် ဖျက်ဆီးခံရမည်ဖြစ်ပြီး၊ ဖြောင့်မတ်သော လုပ်ဆောင်ချက်ကို ပြုသည့် ဖန်ဆင်းခံသတ္တဝါများသည် ဤနည်းဖြင့် အသက်ရှင်ကျန်ရစ်နေလိမ့်မည်။ ယင်းမှာ ဤဖန်ဆင်းခံသတ္တဝါနှစ်မျိုးအတွက် အသင့်တော်ဆုံးသော အစီအစဉ်ပင်တည်း။ မကောင်းမှုပြုသူများသည် သူတို့၏နာမခံမှုကြောင့် သူတို့မှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းဖြစ်သည့်အကြောင်းကို မငြင်းဆန်နိုင်ကြဘဲ စာတန်၏လုယူမှုကို ခံခဲ့ရကာ ထိုအကြောင်းကြောင့် သူတို့သည် ကယ်တင်ခြင်းကို မခံရနိုင်ကြပေ။ ဖြောင့်မတ်သော အပြုအမူရှိသည့် ဖန်ဆင်းခံသတ္တဝါများသည် စာတန်၏ဖျက်ဆီးခြင်းကိုခံခဲ့ရပြီးနောက်၊ ဘုရားသခင်၏ ဖန်ဆင်းခံရခြင်းကို မငြင်းပယ်ရသေးသော်လည်း၊ သူတို့သည် အသက်ရှင်နေလိမ့်မည်၊ ကယ်တင်ခြင်းရရှိလိမ့်မည် ဟူသည့်အချက်ကို အမှီမပြုနိုင်ပေ။ မကောင်းမှုပြုသူများသည် ဘုရားသခင်ကို မနာခံသည့် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်၊ သူတို့သည် ကယ်တင်ခြင်းမခံရနိုင်သည့် ဖန်ဆင်းခံသတ္တဝါများဖြစ်ကြပြီး စာတန်၏ လုံးလုံးလျားလျား လုယူခြင်းခံထားရသူများ ဖြစ်ကြသည်။ မကောင်းမှု ကျူးလွန်သူများသည်လည်း လူများပင်ဖြစ်ကြသည်၊ သူတို့သည် လွန်ကဲစွာ ဖောက်ပြန်ပျက်စီးနေကြပြီး၊ ကယ်တင်ခြင်းမခံရနိုင်သည့် လူများဖြစ်ကြသည်။ သူတို့သည်လည်း ဖန်ဆင်းခံသတ္တဝါများ ဖြစ်သည့်အတိုင်း၊ ဖြောင့်မတ်သော အပြုအမူရှိသည့် လူများသည်လည်း ဖောက်ပြန်ပျက်စီးနေသည်၊ သို့သော် သူတို့သည် သူတို့၏ အကျင့်ပျက်သည့် စိတ်သဘောထားကို ချိုးဖျက်လွတ်မြောက်လိုသည့် ဆန္ဒရှိကြပြီး ဘုရားသခင်ကို နာခံနိုင်စွမ်းရှိကြသည်။ ဖြောင့်မတ်သော အပြုအမူရှိသည့် လူတို့သည် ဖြောင့်မတ်ခြင်းနှင့် ပြည့်လျှံမနေပါ၊ တကယ်တမ်းမှာ၊ သူတို့သည် ကယ်တင်ခြင်း ရရှိခဲ့ကြပြီး ဘုရားသခင်ကို နာခံရန်အတွက် သူတို့၏ အကျင့်ပျက်သည့် စိတ်သဘောထားမှ ချိုးဖျက်ပြီး လွတ်မြောက်ခဲ့ကြသည်၊ သူတို့သည် အဆုံးတွင် ခိုင်မာစွာ ရပ်တည်နေကြမည်၊ သို့သော် ဤအရာက သူတို့သည် စာတန်၏ဖျက်ဆီးခြင်းကို မခံခဲ့ရဟု ပြောရန်မဟုတ်ပေ။ ဘုရားသခင်၏အမှု အဆုံးသတ်ပြီးနောက်၊ သူ၏ဖန်ဆင်းခံသတ္တဝါအားလုံးအကြားတွင် ဖျက်ဆီးခံရမည့်သူများရှိသကဲ့သို့ အသက်ရှင်ကျန်မည့်သူများလည်း ရှိလိမ့်မည်။ ဤကား သူ့စီမံခန့်ခွဲမှုအလုပ်၏ မလွဲမသွေဖြစ်လာမည့် လားရာပင် ဖြစ်သည်။ မည်သူတစ်ဦးတယောက်မျှ ယင်းကိုမငြင်းနိုင်ပေ။ မကောင်းမှုပြုသူများသည် မရှင်သန်နိုင်ပေ၊ သူ့ကို နာခံပြီး သူ့နောက်သို့ အဆုံးထိတိုင် လိုက်သောသူများသည် ဧကန်အမှန်ပင် အသက်ရှင်ကျန်လိမ့်မည်။ ဤအမှုသည် လူသားများကို စီမံခန့်ခွဲမှုဖြစ်သည့်အတွက်၊ ကျန်ရစ်နေမည့်သူများနှင့် ပယ်ရှားခြင်းခံရမည့်လူများ ရှိလိမ့်မည်။ ယင်းတို့သည် မတူညီသော လူအမျိုးအစားတို့အတွက် မတူညီသည့် ရလဒ်များဖြစ်ပြီး၊ ယင်းတို့သည် သူ၏ ဖန်ဆင်းခံသတ္တဝါများအတွက် အသင့်တော်ဆုံးသော စီစဉ်မှုများဖြစ်သည်။ ဘုရားသခင်၏ လူသားမျိုးနွယ်အတွက် နောက်ဆုံးအစီအစဉ်မှာ မိသားစုများကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းအားဖြင့် ခွဲခြားရန်၊ တိုင်းနိုင်ငံများကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းနှင့် နိုင်ငံနယ်နိမိတ်များကို အစိတ်စိတ်အမွှာမွှာ ကွဲကွာစေခြင်းဖြင့် ခွဲခြားရန် ဖြစ်သည်။ ထိုအရာကား မိသားစုများနှင့် တိုင်းနိုင်ငံနယ်နိမိတ်များမရှိသည့် အစီအစဉ်တစ်ခုဖြစ်သည်၊ အကြောင်းမှာ လူသားသည် စင်စစ်အားဖြင့် ဘိုးဘေးမျိုးနွယ်တစ်ခုတည်းရှိပြီး ဘုရားသခင်၏ဖန်ဆင်းခြင်းဖြစ်သောကြောင့်တည်း။ အတိုချုပ်ပြောရလျှင်၊ မကောင်းမှုပြုသည့် ဖန်ဆင်းခံသတ္တဝါများသည် ဖျက်ဆီးခြင်းခံရမည်ဖြစ်ပြီး၊ ဘုရားသခင်ကို နာခံသည့် ဖန်ဆင်းခံသတ္တဝါများသည် အသက်ရှင်လိမ့်မည်။ ဤနည်းလမ်းအားဖြင့် မိသားစုမရှိ၊ နိုင်ငံများမရှိ အထူးသဖြင့် ကျန်ရှိနေသည့် အနာဂတ်တွင် တိုင်းပြည်များ ရှိမည်မဟုတ်ပေ၊ ဤကဲ့သို့သော လူသားများသည် အသန့်ရှင်းသော လူသားအမျိုးအစားဖြစ်သည်။ လူသားသည် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးကို ကြည့်ရှုစောင့်ရှောက်နိုင်ရန်အတွက် အာဒံနှင့် ဧဝတို့သည့် မူလအစက ဖန်ဆင်းခံခဲ့ရခြင်းဖြစ်သည်၊ လူသားသည် မူလအစက အရာအားလုံး၏ အရှင်သခင်ဖြစ်ခဲ့သည်။ ယေဟောဝါ၏ လူသားကို ဖန်ဆင်းရခြင်း ရည်ရွယ်ချက်မှာ လူသားကို ကမ္ဘာမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ခွင့်ပြုပြီး၊ ယင်းပေါ်တွင်ရှိသည့် အရာအားလုံးကိုလည်း ကြည့်ရှုစောင့်ရှောက်စေရန်ဖြစ်သည်၊ အကြောင်းမှာ မူလအစတွင် လူသားသည် ဖောက်ပြန်ပျက်စီးခြင်းမရှိခဲ့သေးဘဲ မကောင်းမှုကို ကျူးလွန်ခြင်းငှာ မတတ်စွမ်းနိုင်သောကြောင့်လည်းဖြစ်သည်။ သို့သော် လူသားသည် အကျင့်ပျက်လာပြီးနောက်တွင် သူသည် အရာအားလုံးကို ကြည့်ရှုစောင့်ရှောက်သူ မဟုတ်တော့ပေ။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်ရွယ်ချက်မှာ လူသား၏ ဤတာဝန်ကို မူလအတိုင်းပြန်ဖြစ်စေရန်၊ လူသား၏ မူလအသိစိတ်နှင့် သူ၏မူလနာခံမှုကို မူလကအတိုင်းပြန်ဖြစ်စေရန်ဖြစ်သည်၊ အနားယူလျက်ရှိသည့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုမှ ရရှိရန်မျှော်လင့်သည့် ရလဒ်၏ ပြယုဂ်ပင်ဖြစ်ပါလိမ့်မည်။ ယင်းမှာ ဧဒင်ဥယျာဉ်ထဲမှ အသက်တာတစ်ခုကဲ့သို့သော အသက်တာဖြစ်တော့မည် မဟုတ်သော်လည်း၊ ယင်း၏အနှစ်သာရက အတူတူပင် ဖြစ်လိမ့်မည်၊ လူသားတို့သည် အစောပိုင်း မဖောက်ပြန်မပျက်စီးသည့်ကိုယ်မျိုး ရှိတော့မည်မဟုတ်ဘဲ၊ ထိုအစား ဖျက်ဆီးခံရပြီးနောက်တွင် ကယ်တင်ခြင်းခံရသော လူသားများဖြစ်လိမ့်မည်။ ကယ်တင်ခြင်းရရှိသည့် ဤလူသားများသည် နောက်ဆုံးတွင် (ဘုရားသခင်၏အမှု ပြီးဆုံးပြီးနောက်တွင်ဟုဆိုလိုသည်) အနားယူခြင်းထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ထိုနည်းတူစွာပင် အပြစ်ဒဏ်ပေးခြင်းခံရသူများ၏ ရလဒ်များသည်လည်း အဆုံးတွင် လုံးဝထုတ်ဖော်ခြင်းခံရမည်၊ ထို့ပြင် ဘုရားသခင်၏အမှု ပြီးဆုံးသွားပြီးမှ ထိုသူတို့သည် ဖျက်ဆီးခံရလိမ့်မည်။ ဆိုလိုသည်မှာ သူ၏အမှု ပြီးဆုံးသွားပြီးမှ မကောင်းမှုပြုသူများနှင့် ကယ်တင်ခြင်းခံရသည့် လူများအားလုံးတို့သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်၊ အကြောင်းမှာ လူအမျိုးအစားအားလုံးအား (သူတို့သည် မကောင်းမှုပြုသူများဖြစ်စေ သို့မဟုတ် ကယ်တင်ခြင်းခံရသည့်သူများဖြစ်စေ) ထုတ်ဖော်ခြင်းအမှုကို လူသားအားလုံးအပေါ် တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်သောကြောင့်တည်း။ မကောင်းမှုပြုသူများသည် ပယ်ရှားခြင်းခံရမည်ဖြစ်ပြီး၊ ကျန်ရှိနေနိုင်မည့် လူများသည် တစ်ပြိုင်နက်တည်း ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ ထို့ကြောင့် လူအမျိုးအစားအားလုံး၏ ရလဒ်များသည် တစ်ပြိုင်နက်တည်း ထုတ်ဖော်ခြင်း ခံရလိမ့်မည်။ မကောင်းမှုပြုသူများကို တစ်ကြိမ်လျှင် အနည်းငယ်စီမျှ ဘေးဖယ်ခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ခတ်ခြင်းတို့ကို မပြုလုပ်မီတွင်၊ သူသည် ကယ်တင်ခြင်းခံထားရသော လူတစ်စုကို အနားယူခြင်းထဲသို့ ဝင်ရောက်ရန် ဦးစွာခွင့်ပြုမည်မဟုတ်ပေ၊ အမှန်တရားက အမှန်တကယ်တွင် ဤကဲ့သို့မဟုတ်ပေ။ မကောင်းမှုပြုသူများ ဖျက်ဆီးခြင်းခံရပြီး အသက်ရှင်သန်နိုင်သူတို့သည် အနားယူခြင်းထဲသို့ ဝင်ရောက်ကြချိန်တွင် စကြဝဠာတစ်ခုလုံးရှိ သူ၏အမှုသည် ပြီးမြောက်သွားလိမ့်မည်။ ကောင်းချီးရရှိသူများနှင့် ကံဆိုးမှုကို ခံစားရသူများအကြားတွင် ဦးစားပေး အစီအစဉ်မရှိပေ၊ ကောင်းချီးရရှိသူများက ထာဝရအသက်ရှင်မည်ဖြစ်ပြီး ကံဆိုးမှုကို ခံစားရသူများက ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ အမှု၏ ဤအဆင့်နှစ်ဆင့်သည် တစ်ပြိုင်နက်တည်း ပြီးမြောက်လိမ့်သည်။ နာခံခြင်းမရှိသောသူများ ရှိခြင်းကြောင့် နာခံသော သူတို့၏ဖြောင့်မတ်ခြင်းသည် ဖော်ထုတ်ခံရမည်မှာ အသေအချာဖြစ်သည်၊ ကောင်းချီးများရရှိသော သူတို့ရှိသောကြောင့် မိမိတို့၏ ကောက်ကျစ်စဉ်းလဲသော အပြုအမူအတွက် မကောင်းမှုလုပ်သူတို့ ခံစားကြရမည့် ကံဆိုးခြင်းသည် ဖော်ထုတ်ခံရမည်မှာ အသေအချာဖြစ်သည်။ မကောင်းမှုလုပ်သူတို့ကို ဘုရားသခင် မဖော်ထုတ်ခဲ့ပါက ဘုရားသခင်ကို ရိုးသားစွာ နာခံသောသူတို့သည် မည်သည့်အခါမျှ နေကို မြင်ကြရမည်မဟုတ်ပေ၊ ဘုရားသခင်သည် သူ့ကို နာခံသူတို့ကို သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်ထဲသို့ မဆောင်ယူခဲ့ပါက ဘုရားသခင်ကို နာခံခြင်းမရှိသူတို့သည် မိမိတို့ရသင့်သော အပြစ်ဒဏ်ပေးခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ ယင်းသည် သူ့အမှု၏လုပ်ငန်းစဉ်ပင်ဖြစ်သည်။ အကယ်၍ သူသည် မကောင်းသောသူများကို အပြစ်ဒဏ်ပေးပြီး ကောင်းသောသူများကို ဆုလာဘ်ပေးသည့် အမှုကို မလုပ်ဆောင်ခဲ့ပါက သူ၏ဖန်ဆင်းခံသတ္တဝါများသည် သူတို့၏ သက်ဆိုင်သော ခရီးပန်းတိုင်များသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ လူသားမျိုးနွယ်တို့ အနားယူခြင်းထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် မကောင်းမှု ပြုသူတို့သည် ဖျက်ဆီးခြင်းခံရကြလိမ့်မည်၊ လူသားအားလုံးသည် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး လူပုဂ္ဂိုလ်အမျိုးအစားတိုင်းသည် သူတို့လုပ်ဆောင်သင့်သော တာဝန်များနှင့်အညီ မိမိတို့၏ ကိုယ်ပိုင်အမျိုးအစားနှင့်အတူ ရှိကြလိမ့်မည်။ ယင်းသည်သာလျှင် လူသားတို့၏ အနားယူရာနေ့ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားတို့၏ ဖြစ်ပေါ်တိုးတက်မှုအတွက် မလွှဲမရှောင်သာသော လားရာဖြစ်လိမ့်မည်၊ ထို့ပြင် လူသားတို့ အနားယူခြင်းထဲသို့ ဝင်ရောက်သောအခါမှသာ ဘုရားသခင်၏ ကြီးမြတ်ပြီး အဆုံးစွန်သော ဖြစ်ထွန်းမှုတို့သည် ပြီးဆုံးခြင်းသို့ ရောက်လိမ့်မည်၊ ယင်းသည် သူ့အလုပ်၏ နိဂုံးဖြစ်လိမ့်မည်။ ဤအမှုသည် လူသားအားလုံးတို့၏ ယိုယွင်းသောရုပ်ပိုင်းဆိုင်ရာ အသက်တာကို အဆုံးသတ်ပေးလိမ့်မည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားတို့၏ အသက်တာကို အဆုံးသတ်ပေးလိမ့်မည်။ ဤနေရာမှစ၍ လူသားတို့သည် နယ်ပယ်သစ်တစ်ခုထဲသို့ ဝင်ရောက်လိမ့်မည်။ လူသားသည် ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုကို ဦးဆောင်သော်လည်း သူ့အသက်တာ၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော လူသားတို့၏ အသက်တာ အနှစ်သာရအကြားတွင် ထင်ရှားသော ခြားနားချက်များရှိသည်။ သူ့တည်ရှိမှု၏ အဓိပ္ပာယ်နှင့် ဖောက်ပြန်ပျက်စီးသော လူသားတို့ တည်ရှိမှု၏ အဓိပ္ပာယ်များသည်လည်း ခြားနားကြသည်။ ယင်းသည် လူပုဂ္ဂိုလ်အမျိုးအစားသစ်၏ အသက်တာ မဟုတ်သော်လည်း ကယ်တင်ခြင်းရရှိသော လူသား၏ အသက်တာ၊ လူ့သဘာဝနှင့် အသိစိတ်တို့ ပြန်လည်ရရှိထားသော အသက်တာဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုသူတို့သည် တစ်ချိန်က ဘုရားသခင်ကို မနာခံခဲ့သူများဖြစ်ကြပြီး၊ တစ်ချိန်တွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံခဲ့ရပြီးနောက် သူ၏ကယ်တင်ခြင်းကိုခံခဲ့ရသည်၊ ထိုသူတို့သည် ဘုရားသခင်ကို စော်ကားခဲ့သူများဖြစ်ကြပြီး နောက်ပိုင်းတွင် သူ့ကို သက်သေခံခဲ့သူများဖြစ်ကြသည်။ ဘုရားသခင်၏ စမ်းသပ်ခြင်းကို တွေ့ကြုံကာ လွန်မြောက်ပြီးနောက်တွင် သူတို့၏တည်ရှိမှုသည် အဓိပ္ပာယ်အရှိဆုံးသော တည်ရှိမှုဖြစ်သည်၊ သူတို့သည် စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်ကို သက်သေခံသူများဖြစ်ကြသည်၊ သူတို့သည် အသက်ရှင်ရန် သင့်တော်သူများဖြစ်သည်။ ဖျက်ဆီးခြင်းခံရမည့်သူများမှာ ဘုရားသခင်အတွက် သက်သေခံရပ်တည်ခြင်း မပြုနိုင်သူများဖြစ်ပြီး၊ အသက်ရှင်ရန် မသင့်လျော်သူများဖြစ်သည်။ သူတို့၏ ပျက်စီးခြင်းသည် သူတို့၏ ကောက်ကျစ်စဉ်းလဲသော လုပ်ဆောင်မှုကြောင့် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပျက်စီးခြင်းသည် သူတို့အတွက် အကောင်းဆုံး ခရီးပန်းတိုင်ဖြစ်သည်။ လူသားသည် နောက်ပိုင်းတွင် ကောင်းသောနယ်ပယ်ထဲသို့ ဝင်ရောက်သောအခါ သူ့အနေဖြင့် တွေ့ရှိမည်ဟု တွေးထင်ထားသော ခင်ပွန်းနှင့် ဇနီးအကြား၊ ဖခင်နှင့် သမီးအကြား သို့မဟုတ် မိခင်နှင့် သားအကြား ဆက်ဆံရေးများသည်လည်း တစ်ခုမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် လူသားသည် သူ၏ ကိုယ်ပိုင်အမျိုးအစားနောက်ကို လိုက်လိမ့်မည်ဖြစ်ပြီး မိသားစုသည် အစိတ်စိတ်အမွှာမွှာပြိုကွဲနှင့်ပြီး ဖြစ်လိမ့်မည်။ အလုံးစုံကျဆုံးသွားသဖြင့် စာတန်သည် လူသားကို မည်သည့်အခါမျှ ထပ်မံနှောင့်ယှက်တော့မည်မဟုတ်ဘဲ လူသား၌ ဖောက်ပြန်ပျက်စီးသော စာတန်နှင့်ဆိုင်သည့် စိတ်သဘောထား ရှိတော့မည်မဟုတ်ပေ။ နာခံခြင်းမရှိသော သူတို့သည် ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်၊ ထို့ပြင် နာခံသူများသည်သာ အသက်ရှင်လိမ့်မည်။ သို့ဖြစ်ရာ မိသားစု အနည်းငယ်သာလျှင် မပျက်မစီးဘဲ ရှင်သန်လိမ့်မည်၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် မည်သို့လျှင်ဆက်လက်တည်ရှိနေနိုင်ဦးမည်နည်း။ လူသား၏ အတိတ်က ရုပ်ပိုင်းဆိုင်ရာ အသက်တာသည် လုံးဝတားမြစ်ခံရလိမ့်မည်။ လူတို့အကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများသည် မည်သို့လျှင် တည်ရှိနိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားမရှိဘဲ လူများ၏ အသက်တာသည် အတိတ်က အသက်တာဟောင်းဖြစ်တော့မည် မဟုတ်ဘဲ အသစ်သောအသက်တာ ဖြစ်လိမ့်မည်။ မိဘများသည် သားသမီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သားသမီးများသည်လည်း မိဘများကို ဆုံးရှုံးလိမ့်မည်။ ခင်ပွန်းများသည် ဇနီးများကို ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး ဇနီးများသည် ခင်ပွန်းများကို ဆုံးရှုံးလိမ့်မည်။ ယခုအခါ လူများသည် တစ်ဦးနှင့်တစ်ဦးအကြား ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည်။ သူတို့အားလုံး အနားယူခြင်းထဲသို့ ဝင်ရောက်သောအခါ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများ ရှိတော့မည်မဟုတ်ပေ။ ထိုသို့သော လူသားတို့၌သာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ထိုသို့သော လူသားတို့သည်သာ ဘုရားသခင်ကို ကိုးကွယ်သောသူများ ဖြစ်ကြလိမ့်မည်။


ဘုရားသခင်သည် မျက်မှောက်နေ့ရက်သို့ သူဦးဆောင်ခဲ့ရသည့် လူသားတို့ကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် နေရာချထားခဲ့သည်။ ထို့နောက်တွင် လူသားတို့ကို သူကယ်တင်ခဲ့ပြီး လူသားတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားတို့ကို သိမ်းပိုက်ရဦးမည်ဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရမည်ဖြစ်ကာ သူတို့၏မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ယင်းအမှုသည် လူသားကို သူ၏မူရင်းရုပ်သွင်နှင့် သူ၏မူလရုပ်ဆင်းသဏ္ဌာန်တို့ကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းဟူသည့် အစမှ အဆုံးတိုင် သူထိတွေ့လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ သူသည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည်ဖြစ်ပြီး လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ ဆိုလိုသည်မှာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများ အားလုံးအကြားတွင် သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးပျောက်ဆုံးခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတွင် ရှိသင့်သည့် အလုပ်တာဝန် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူဖြစ်လာခဲ့သည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် လူသားသည် နေထိုင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်လျှောက်ခဲ့သည်၊ သို့ဖြစ်ရာ ဘုရားသခင်တွင် သူ၏ဖန်ဆင်းခံသတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ဘဲ ထိုထက်ပို၍ သူ၏ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး သူသည် ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသားသည် ဘုရားသခင်ကို မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူသား၏စိတ်နှလုံးထဲတွင် ရုပ်တုဆင်းတုဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏။ ဆိုလိုသည်မှာ သူသည် လူသားအား ဖန်ဆင်းခြင်းအဓိပ္ပာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားကို သူဖန်ဆင်းခြင်း၏အဓိပ္ပာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်းပြန်ဖြစ်စေပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ဖျက်ပစ်ရမည်။ လူသားကို စာတန်ထံမှ ပြန်လည်ရယူရန် သူသည် လူသားကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို တဖြည်းဖြည်း နဂိုအတိုင်းပြန်ဖြစ်စေနိုင်ပြီး လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေကာ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်ကို ပိုမိုကိုးကွယ်နိုင်ရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် နာခံခြင်းမရှိသော သူများကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့သည်ဖြစ်ရာ သူသည် လူသားကို သူ့အား ကိုးကွယ်စေရန် လုပ်ဆောင်လိမ့်မည်၊ သူသည် လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိုသည်ဖြစ်ရာ သူသည် ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး မည်သည့် အစွန်းအထင်းမျှ ရှိစေမည်မဟုတ်ပေ။ သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်းဆိုသည်မှာ လူသားကို သူ့အား ကိုးကွယ်စေပြီး လူသားကို သူ့အားနာခံအောင် လုပ်ခြင်းဖြစ်သည်။ သူသည် လူသားကို သူ့အားဖြင့် ရှင်သန်အောင်လုပ်ပြီး သူ၏အခွင့်အာဏာဖြင့် သူ၏ရန်သူများကို ဖျက်ဆီးလိမ့်မည်ဟု ဆိုလိုသည်။ သူသည် လူသားထံမှ မည်သည့်ခုခံမှုမျိုးမျှ မရှိစေဘဲ သူ၏နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင် ဆက်လက်ရှိမြဲရှိစေမည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင်နိုင်ငံတော်ဖြစ်သည်။ သူအလိုရှိသောလူသားသည် သူ့ကို ကိုးကွယ်သူများ၊ သူ့ကို အကြွင်းမဲ့ နာခံသူများနှင့် သူ၏ဘုန်းရှိထားသူများဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးနေသော လူသားတို့ကို ကယ်တင်ခြင်းမပြုပါက လူသားကို သူဖန်ဆင်းခြင်း၏အနှစ်သာရမှာ အချည်းနှီးဖြစ်သွားပေမည်၊ သူသည် လူတို့အကြား အာဏာဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ သူ၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို နာခံခြင်းမရှိသော ရန်သူများကို သူမဖျက်ဆီးပါက သူသည် မိမိ၏စုံလင်သော ဘုန်းတော်ကို ရယူနိုင်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်တော့မည် မဟုတ်ပေ။ ယင်းအရာတို့သည် သူ၏အမှု ပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ သူ့ကို နာခံခြင်းမရှိသောသူတို့ကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်အောင်ပြုခြင်း ခံရပြီးသောသူများကို အနားယူခြင်းထဲသို့ ဆောင်ယူရန်ဖြစ်သည့် သူ၏ ကြီးမြတ်သော အောင်မြင်ခြင်း၏ ပြည့်စုံမှုသင်္ကေတများဖြစ်သည်။ လူသားတို့ကို သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အခါ၊ လူသားတို့သည် သူတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်သည့်အခါ၊ သူတို့၏ ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များအားလုံးကို နာခံသည့်အခါ၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် သူ့ကိုကိုးကွယ်သူ လူတစ်စုကို ရယူပြီးဖြစ်လိမ့်မည်ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်တွင် သူ့ကို ကိုးကွယ်သော နိုင်ငံတော်ကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် အဆုံးမရှိသည့် အောင်မြင်ခြင်းကို သူရရှိလိမ့်မည်ဖြစ်ပြီး သူ့ကို ဆန့်ကျင်သူတို့သည် ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ ယင်းသည် လူသားကို သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ ယင်းသည် အရာအလုံးစုံကို သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာအလုံးစုံအကြား၊ သူ၏အာဏာနှင့် သူ၏ရန်သူများအကြား၊ သူ၏အာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ယင်းတို့သည် သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း၏ သင်္ကေတများဖြစ်သည်။ ထိုအချိန်မှစ၍ နောင်တွင် လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လမ်းကြောင်းမှန်ကို လိုက်လျှောက်သော အသက်တာအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်သည်လည်း အဆုံးမရှိသော အနားယူခြင်းထဲသို့ လူသားနှင့်အတူ ဝင်ရောက်ကာ ဘုရားသခင်နှင့် လူသားတို့ အတူတကွမျှဝေသည့် ထာဝရအသက်ထဲသို့ ဝင်ရောက်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ကမ္ဘာမြေကြီးပေါ်ရှိ ငိုကြွေးခြင်းတို့ကဲ့သို့ပင် ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်ကို ဆန့်ကျင်သောအရာအားလုံး ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သူကယ်တင်ခဲ့သော လူများသာလျှင် ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာလျှင် ကျန်ရှိလိမ့်မည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာမျာ:

Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary]

No comments:

Post a Comment