လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်သည့် စိတ်နေသဘောထားကို ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးသောခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝပြီးဆုံးသွားကာ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု မရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသောကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ "လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း" ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဖောက်ပြန်နေသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားကြောင်းကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ဖောက်ပြန်ခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ကယ်တင်သည်ကိုဖြစ်စေ၊ လူသားမျိုးနွယ် ဖောက်ပြန်ခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်၏ဖန်ဆင်းခံသတ္တဝါအနေနှင့် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ၊ ဤသို့ဖြစ်ပါက သင်သည် တယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားရောက်ရှိခြင်း၊ လူသားမျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်းဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများအား နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် ရူပါရုံများအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ဖို့မှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေသည် မဟုတ်ပါလော။
အကယ်၍ လူသားသည် အလေ့အကျင့်ကိုသာ အာရုံစိုက်၍ ဘုရားသခင်၏အမှုနှင့် လူသား၏အသိဉာဏ်တို့ကို ဒုတိယအဖြစ်မြင်ပါက ငွေတစ်ပြားနှင့်ပတ်သက်၍ အမြော်အမြင်ရှိသော်လည်း ပေါင်ငွေနှင့်ပတ်သက်၍ မိုက်မဲခြင်းနှင့် တူနေမည် မဟုတ်ပါလော။ သင်သိရမည့်အရာကို သင်သိရမည်ဖြစ်၍ သင်လက်တွေ့ကျင့်သုံးရမည့်အရာကို သင်လက်တွေ့ကျင့်သုံးရမည် ဖြစ်သည်။ သို့မှသာ သင်သည် သမ္မာတရားအား မည်ကဲ့သို့ လေ့လာလိုက်စားရမည်ကို သိသောသူတစ်ဦးဖြစ်လိမ့်မည်။ ဧဝံဂေလိတရားကို သင်ဖြန့်ဝေရမည့်နေ့ ရောက်လာသည့်အခါ ဘုရားသခင်သည် ကြီးမြတ်၍ ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် အမြင့်မြတ်ဆုံးသော ဘုရားသခင်ဖြစ်ကြောင်း၊ ကြီးမြတ်သော မည်သည့်လူသားမျှ နှိုင်းယှဉ်၍မရသော ဘုရားသခင်နှင့် မည်သူမျှ သာ၍မြင့်မားခြင်း မရှိသော ဘုရားသခင်ဟုသာ သင်ပြောနိုင်ပါက...၊ သက်ဆိုင်ခြင်းမရှိဘဲ အပေါ်ယံသာဖြစ်သော ဤစကားများကိုသာ ပြောနိုင်၍ အရေးပါသောစကားများ၊ အနှစ်သာရရှိသော စကားများကို သင်မပြောနိုင်ပါက၊ သင်သည် ဘုရားသခင်ကို သိကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်း ဘာမျှပြောစရာ မရှိသည့်အပြင် သမ္မာတရားကို ရှင်းပြနိုင်ခြင်းမရှိပါက၊ သို့မဟုတ် လူသားချို့တဲ့နေသည့်အရာကို မပေးနိုင်ပါက၊ သင်ကဲ့သို့သော သူတစ်ဦးသည် မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိပါ။ ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် လွယ်ကူရိုးရှင်းသည့် ကိစ္စမဟုတ်ပါ။ ရှေးဦးစွာ သင့်တွင် သမ္မာတရားနှင့် နားလည်ရန်လိုသည့် ရူပါရုံများ ရှိရပါမည်။ ဘုရားသခင့်အမှု၏ ကွဲပြားသော ရှုထောင့်များဆိုင်ရာ ရူပါရုံများနှင့် သမ္မာတရားအကြောင်းကို ရှင်းလင်းစွာ သင်သဘောပေါက်သည့်အခါ၊ သင့်နှလုံးသားတွင် ဘုရားသခင်၏အမှုကို သင်သိလာသည့်အခါ၊ ထို့အပြင် ဘုရားသခင်က မည်သည့်အမှုကို ပြုသည်ဖြစ်စေ၊ ထိုအမှုမှာ ဖြောင့်မတ်သည့် စီရင်ခြင်းဖြစ်စေ၊ လူသားကို သန့်စင်ခြင်းဖြစ်စေ၊ သင်သည် သင်၏အခြေခံအုတ်မြစ်အဖြစ် အကြီးမားဆုံးသော ရူပါရုံကို ပိုင်ဆိုင်၍ လက်တွေ့ကျင့်သုံးရန် မှန်ကန်သည့် သမ္မာတရားကို ပိုင်ဆိုင်ပါက၊ သင်သည် အဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်နိုင်မည် ဖြစ်သည်။ သူမည်သည့်အမှုကို ပြုသည်ဖြစ်စေ ဘုရားသခင့်အမှု၏ ရည်မှန်းချက်သည် ပြောင်းလဲခြင်းမရှိ၊ သူ့အမှု၏ အချက်အချာသည် ပြောင်းလဲခြင်းမရှိ၊ ထို့အပြင် လူသားအပေါ် သူ၏ဆန္ဒသည် ပြောင်းလဲခြင်း မရှိကြောင်းကို သင်သိရမည်။ သူ၏နှုတ်ကပတ်တော်များ မည်မျှပြင်းထန်သည်ဖြစ်စေ၊ ပတ်ဝန်းကျင်က မည်မျှဆိုးရွားသည်ဖြစ်စေ၊ သူ့အမှု၏ အခြေခံသဘောတရားများက ပြောင်းလဲမည်မဟုတ်ပေ။ ထို့အပြင် လူသားကို ကယ်တင်ရန်ဟူသည့် သူ၏ရည်ရွယ်ချက်သည်လည်း ပြောင်းလဲမည်မဟုတ်ပေ။ သူ၏အမှုသည် လူသား၏အဆုံး၊ သို့မဟုတ် လူသား၏ ခရီးလမ်းဆုံးကိုဖော်ပြခြင်း မဟုတ်ပါက၊ ထို့အပြင် နောက်ဆုံးအဆင့်၏ အမှုလည်း မဟုတ်ပါက၊ သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတစ်ရပ်လုံးကို အဆုံးသတ်ခြင်းအမှု မဟုတ်ပါက၊ ထို့အပြင် ၎င်းအချိန်သည် လူသားအပေါ် သူအမှုဆောင်ရွက်သည့် အချိန်ဖြစ်ပါက၊ သူ့အမှု၏ အချက်အချာသည်လည်း ပြောင်းလဲမည်မဟုတ်ပေ၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းသာ အစဉ်ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ် ဖြစ်ရမည်။ ထိုအမှုအဆင့်သုံးဆင့်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏အုပ်စိုးမှုအောက်မှ လူသားကို လုံးဝကယ်တင်ခြင်းဖြစ်သည်။ အမှုအဆင့်သုံးဆင့်၏ အဆင့်တိုင်းတွင် ရည်မှန်းချက်နှင့် အရေးပါပုံတို့ ကွဲပြားသော်လည်း တစ်ဆင့်စီသည် လူသားကို ကယ်တင်ခြင်းအမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်၍ လူသား၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်သည့် ကွဲပြားသော ကယ်တင်ခြင်းအမှု ဖြစ်သည်။ ဤအမှုအဆင့်သုံးဆင့်၏ ရည်ရွယ်ချက်ကို သင်သိသည်နှင့် တစ်ပြိုင်နက် သင်သည် အမှုအဆင့်တစ်ဆင့်စီ၏ အရေးပါမှုကို မည်သို့နားလည်သဘောပေါက်ရမည်ကို သိလိမ့်မည်ဖြစ်၍ ဘုရားသခင်၏ဆန္ဒကို ဖြည့်ဆည်းရန်အလို့ငှာ မည်သို့လုပ်ဆောင်ရမည်ကို သင်သိလိမ့်မည်။ ဤအဆင့်ကို သင်ရောက်နိုင်ပါက ရူပါရုံအားလုံးအနက် အကြီးမားဆုံးဖြစ်သော ဤအရာသည် ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်းအရာ၏ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။ လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများရော ရူပါရုံများအပေါ် အခြေခံသည့် အသိဉာဏ်ပါ နှစ်ခုစလုံးရှိရေးအတွက် သင်သည် လွယ်ကူသော ကျင့်စဉ်များ၊ သို့မဟုတ် လေးနက်သည့် သမ္မာတရားများကိုသာ ရှာဖွေရန်မသင့်ဘဲ ရူပါရုံများကို ကျင့်သုံးမှုဖြင့် ပေါင်းစပ်ရမည်။ သို့မှသာ သင်သည် သမ္မာတရားကို အပြည့်အဝ လေ့လာလိုက်စားသူတစ်ဦး ဖြစ်လိမ့်မည်။
အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင် ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်အနေဖြင့် သူ၏စိတ်နေသဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်းမရှိပါ။ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပါ။ ထို့အပြင် ထိုသူတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ဆန္ဒကိုလည်း မသိဘဲရှိနေကြ၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်သည့်အမှုကို အပြည့်အဝ ဖော်ပြချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းမျိုးစုံနှင့် အခြေခံသဘောတရားမျိုးစုံကို မသိဘဲရှိလိမ့်မည်။ အမှုအဆင့်တစ်ရပ်မှ ကျန်ရှိနေသော အယူဝါဒကိုသာ တင်းကျပ်စွာ လိုက်နာသူများသည် ဘုရားသခင်ကို အယူဝါဒတွင် ကန့်သတ်ထားသူများဖြစ်ကြ၍ ထိုသူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဝိုးတဝါးနှင့် မသေချာမရေရာဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သာလျှင် ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အပြည့်အဝဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း လုပ်ငန်းစဉ်တစ်ရပ်လုံးကို လုံးဝဖော်ပြနိုင်မည်ဖြစ်သည်။ ဤသည်မှာ သူသည် စာတန်အပေါ် အောင်နိုင်၍ လူသားမျိုးနွယ်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း သက်သေအထောက်အထားဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း အထောက်အထားဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံး၏ ဖော်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ နားလည်သူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ဒေသကိုသာ သိကြ၏။ လူသား၏ အယူအဆတွင် ဤအဆင့်တစ်ဆင့်တည်းသာ အယူဝါဒဖြစ်သွားရန် လွယ်ကူ၏၊ လူသားအနေနှင့် ဘုရားသခင်အကြောင်း စည်းမျဉ်းစည်းကမ်းများ ချမှတ်မည့် အလားအလာများရှိလာပြီး၊ လူသားသည် ဘုရားသခင်၏ စိတ်နေသဘောထားမှ ဤအစိတ်အပိုင်းတစ်ရပ်ကိုသာ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံး၏ ကိုယ်စားပြုမှုအဖြစ် အသုံးပြု၏။ ထို့အပြင် လူသား၏ စိတ်ကူးစိတ်သန်းအများစုမှာ အတွင်းတွင် ရောယှက်နေ၏။ ထို့ကြောင့် သူသည် ဘုရားသခင်မှာ တစ်ချိန်တစ်ခါက ဤသို့ဖြစ်ခဲ့ပါလျှင် သူသည် အစဉ်ဤသို့ရှိနေပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်လျက် ဘုရားသခင်၏ စိတ်နေသဘောထား၊ ဖြစ်ခြင်းနှင့် ဉာဏ်ပညာတို့အပြင် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကိုလည်း ကန့်သတ်ချက်ဘောင်များအတွင်း တင်းတင်းကျပ်ကျပ် ကန့်သတ်ထား၏။ အမှုအဆင့်သုံးဆင့်ကိုသိ၍ နားလည်သူများသာလျှင် ဘုရားသခင်ကို အပြည့်အဝနှင့် တိကျမှန်ကန်စွာ သိနိုင်လိမ့်မည်။ အနည်းဆုံးအနေဖြင့် ထိုသူတို့သည် ဘုရားသခင်ကို ဣသရေလအမျိုးတို့၏ ဘုရားသခင်၊ သို့မဟုတ် ယုဒလူတို့၏ ဘုရားသခင်အဖြစ် သတ်မှတ်လိမ့်မည်မဟုတ်ဘဲ၊ သူ့ကို လူသားအတွက် လက်ဝါးကပ်တိုင်တွင် အစဉ်အမြဲ သံမှိုစွဲ ရိုက်နှက်ခံထားရမည့် ဘုရားအဖြစ် မြင်လိမ့်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်ကို သူ၏အမှုမှတစ်ဆင့်သာ သိလာသူဖြစ်ပါက သင်၏ အသိဉာဏ်သည် အလွန့်အလွန်နည်း၏။ သင်၏အသိဉာဏ်သည် သမုဒ္ဒရာအတွင်းရှိ ရေတစ်စက်သာလျှင်ဖြစ်၏။ ထိုသို့မဟုတ်ပါက ရှေးရိုးစွဲ ဘာသာရေးကိုင်းရှိုင်းသူ အများအပြားသည် အဘယ်ကြောင့် ဘုရားသခင်ကို လက်ဝါးကပ်တိုင်တွင် အရှင်လတ်လတ် သံနှင့်ရိုက်မည်နည်း။ ဤသည်မှာ လူသားသည် ဘုရားသခင်ကို ကန့်သတ်ချက်ဘောင်အချို့အတွင်း ကန့်သတ်ထားသဖြင့် မဟုတ်လော။ လူအများအပြားသည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိဉာဏ်နှင့် အယူဝါဒ အနည်းငယ်သာရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်၍ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်ပါလော။ ထိုကဲ့သို့သောသူများ၏ အတွေ့အကြုံများသည် အပေါ်ယံသာဖြစ်သော်လည်း ထိုသူတို့သည် သဘောသဘာဝအားဖြင့် မာနထောင်လွှားလျက် စိတ်အလိုလိုက်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရွံရှာစက်ဆုပ်စရာအဖြစ် သဘောထား၍ သန့်ရှင်းသောဝိညာဉ်တော်၏ စည်းကမ်းများကို လျစ်လျူရှုသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အတည်ပြုရန် ၎င်းတို့၏ ဟောင်းနွမ်းသော ပေါ့တန်သည့် လျှောက်လဲချက်များကို အသုံးပြုကြ၏။ ထိုသူတို့သည် ဟန်ဆောင်ခြင်းလည်းပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အတတ်ပညာနှင့် စာပေကျမ်းဂန်နှံ့စပ်မှုအပေါ်၊ ထို့ပြင် ၎င်းတို့ ကမ္ဘာတစ်ဝှမ်း ခရီးသွားနိုင်စွမ်းအပေါ် လုံးဝယုံကြည်နေကြ၏။ ထိုကဲ့သို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီး၍ ငြင်းပယ်သူများ မဟုတ်ပါလော။ ထိုသူများကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်ပါလော။ ဘုရားသခင်၏ ရှေ့မှောက်သို့လာ၍ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် အမြင်တိုသူ လူကလေးများ၊ ၎င်းတို့မည်မျှတော်ကြောင်း ပြရန်သာ ကြိုးစားနေသူများ မဟုတ်ပါလော။ ကျမ်းစာအနည်းအကျဉ်း တတ်ရုံဖြင့် ထိုသူတို့သည် ကမ္ဘာ့ "ပညာရေးလောက" ကို ခွရန်ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံအယူဝါဒဖြင့် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပြောင်းပြန်လှန်ရန် ကြိုးစားကြသည့်အပြင် ထိုအမှုကို ၎င်းတို့တွေးခေါ်ပုံ နည်းလမ်းအဆင့်ဆင့်၌သာ ဗဟိုပြုထားစေရန် ကြိုးစားကြ၏။ ထို့အပြင် ၎င်းတို့သည် အမြော်အမြင် တိုတောင်းသည့်အတွက် ဘုရားသခင်၏အနှစ် ၆၀ဝ၀ အမှုကို တစ်ချက်ကလေးကြည့်ရန် ကြိုးစားကြ၏။ ထိုသူတို့တွင် စကားပြောစရာ အကြောင်းရင်း တစ်စုံတစ်ရာ မရှိပါတကား။ အကယ်စင်စစ်မူ လူတို့၌ ဘုရားသခင်အကြောင်း အသိဉာဏ်များလေလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်၏ ယနေ့အမှုအကြောင်း သူတို့၏အသိဉာဏ် အနည်းငယ်ကိုသာ ပြောဆို၏။ သို့သော် ထိုသူတို့သည် ဝေဖန်ရာတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို ယုံကြည်ခြင်းလွန်ကဲမှုတို့ များလေလေဖြစ်၍ ဘုရားသခင်၏ ဖြစ်ခြင်းအကြောင်းကို ဖျက်လိုဖျက်ဆီး ပိုမိုပြောလေလေဖြစ်၏၊ သို့ရာတွင် ထိုသူတို့သည် သဘောတရားများကိုသာ ပြောဆို၍ စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသူတို့တွင် တန်ဖိုးလုံးဝ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ရပ်အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်းမရှိသူတို့၊ အလျင်အမြန် ဝေဖန်သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်ခွင့်ပေးထားသူတို့နှင့် စော်ကားပုတ်ခတ် ပြောဆိုမှုများလည်း ပြုလုပ်သူတို့၊ စသဖြင့် ထိုသို့လေးစားမှုမရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအကြောင်း အသိဉာဏ်ကင်းမဲ့သူများ မဟုတ်ပါလော။ ထို့အပြင် ထိုသူတို့သည် မာနထောင်လွှားသူများ၊ နဂိုစိတ်သဘောအရ မာနကြီး၍ ထိန်းမရသူများ မဟုတ်ပါလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်သော်မှ ဘုရားသခင်သည် ထိုသူတို့ကို သည်းခံလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက ဘုရားသခင်ကိုယ်တိုင်ကိုပင် ပုတ်ခတ်ပြောဆိုကြ၏။ ထိုကဲ့သို့ မိုက်ရူးရဲပြုမူသူများသည် ဤကာလ၌သော်လည်းကောင်း၊ နောက်ကာလ၌သော်လည်းကောင်း ခွင့်လွှတ်ခြင်းခံရမည် မဟုတ်ဘဲ ငရဲတွင် ထာဝရပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုသို့သော လေးစားမှုကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြ၍ ၎င်းတို့ ဟန်ဆောင်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ အုပ်ချုပ်မှုအမိန့်များကို စော်ကားရန် အလားအလာများလေလေ ဖြစ်သည်။ ပင်ကိုအရင်းခံ စိတ်သဘောအရ ထိန်းချုပ်ထားခြင်း မရှိသော၊ တစ်ခါမျှ မည်သူ့ကိုမျှ နာခံခဲ့ဖူးခြင်းမရှိသော ထိုမာနထောင်လွှားသူ အားလုံးတို့သည် ဤလမ်းကြောင်းပေါ်တွင် လျှောက်ကြသည် မဟုတ်ပါလော။ ထိုသူတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်၍ မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်ပါလော။ ယနေ့ သင်တို့သည် ဘုရားသခင်အမှုတော် အဆင့်သုံးဆင့်၏ အရေးပါမှုအား သိရမည့်အကြောင်းရင်းကို နားလည်ရမည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်တို့အတွက်အကျိုးရှိကာ အလဟဿပြောဆိုနေခြင်းသာ မဟုတ်ပါ။ အကယ်၍ သင်တို့သည် မြင်းကျောပေါ် ဒုန်းစိုင်းစီးနေစဉ် ပန်းများကို အားကျရှုစားသကဲ့သို့ ထိုအရာများကို ဖတ်ရှုမည်ဆိုပါက ငါ၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလော။ သင်တို့တစ်ဦးစီသည် သင်တို့ကိုယ်တိုင်၏ သဘာဝဗီဇကို သိသင့်သည်။ သင်တို့အများစုသည် ငြင်းခုံရာတွင် ကျွမ်းကျင်ကြ၏။ အယူအဆဆိုင်ရာ မေးခွန်းများ၏ အဖြေများသည် သင်တို့၏လျှာမှ လိမ့်ဆင်းကြသော်လည်း အနှစ်သာရနှင့် သက်ဆိုင်သည့် မေးခွန်းများအပေါ် ပြောစရာ သင်တို့တွင် ဘာမျှမရှိကြပါ။ ယနေ့တွင်ပင် သင်တို့သည် ပေါ့တန်သည့် စကားစမြည်ပြောဆိုခြင်း၌ မွေ့လျော်နေကြဆဲဖြစ်၏။ သင်တို့၏ သဘာဝဗီဇဟောင်းများကို ပြောင်းလဲနိုင်စွမ်း မရှိကြပေ။ ထို့အပြင် သင်တို့အများစုတွင် ပို၍မြင့်မားသော သမ္မာတရားကို ရရှိရေးအတွက် သင်တို့လုပ်ဆောင်သည့် နည်းများကို ပြောင်းလဲရန် ရည်ရွယ်ချက် လုံးဝမရှိကြပါ။ သင်တို့၏အသက်တာများကို စိတ်မပါ့တပါဖြင့် အသက်ရှင်နေကြ၏။ ထိုသို့သောသူများ၌ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်နိုင်စွမ်း မည်သို့ရှိနိုင်ပါမည်နည်း။ သင်တို့သည် လမ်းကြောင်းအဆုံးသို့ ရောက်ခဲ့လျှင်ပင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။ စစ်မှန်စွာ ကြိုးစားလုပ်ဆောင်၍ ဖြစ်စေ၊ သို့မဟုတ် စောစီးစွာ အရှုံးပေးလိုက်ခြင်းဖြင့်ဖြစ်စေ၊ နောက်မကျလွန်းမီ သင်တို့၏ အတွေးအခေါ်များကို ပြောင်းလဲလျှင် ပိုကောင်းသည်။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့သည် ကပ်စားနေသော ကပ်ပါးပိုးတစ်ကောင် ဖြစ်သွားလိမ့်မည်၊ ဤသို့နိမ့်ကျ၍ ယုတ်ညံ့သော အခန်းကဏ္ဍမှ သင်တို့ပါဝင်ရန် လိုလားသလော။
အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ အမှုတစ်ရပ်လုံးနှင့်ဆိုင်သည့် မှတ်တမ်းတစ်ခုဖြစ်၏။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းဆိုင်ရာ မှတ်တမ်းဖြစ်၍ ၎င်းတို့သည် စိတ်ကူးယဉ်မဟုတ်ပေ။ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို သိရှိရန် ကြိုးစားလိုသည့်ဆန္ဒ သင်တို့တွင် အမှန်တကယ် ရှိပါက ဘုရားသခင် လုပ်ဆောင်သည့် အမှုအဆင့်သုံးဆင့်ကို သင်တို့သိရမည် ဖြစ်သည့်အပြင် သင်တို့သည် မည်သည့်အဆင့်ကိုမျှ မချန်ထားရပါ။ ဤသည်မှာ ဘုရားသခင်ကို သိရန်ကြိုးစားသူတို့ ရရှိရမည့် အနည်းဆုံးအရာ ဖြစ်သည်။ လူသားကိုယ်တိုင် ဘုရားသခင်အား စစ်မှန်စွာသိခြင်းကို မရရှိနိုင်ပေ။ ဤသည်မှာ လူသားကိုယ်တိုင် စိတ်ကူး၍ရသောအရာ မဟုတ်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ လူတစ်ဦးအပေါ် အထူးမျက်နှာပေးခြင်း၏ အကျိုးဆက်လည်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ဤသည်မှာ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးနောက် ပေါ်ပေါက်လာသည့် အသိဉာဏ်ဖြစ်၍ ဘုရားသခင်အမှု၏ အမှန်တရားများကို ကြုံတွေ့ပြီးနောက်မှသာလျှင် ပေါ်ပေါက်လာသည့် အသိဉာဏ်ဖြစ်၏။ ထိုကဲ့သို့သော အသိဉာဏ်သည် စိတ်ကူးပေါက်သည့်အတိုင်း ရရှိနိုင်သည့်အရာ မဟုတ်သကဲ့သို့ သင်ကြားပေးနိုင်သော အရာလည်းမဟုတ်ပါ။ ဤသည်မှာ ကိုယ်ပိုင်အတွေ့အကြုံနှင့်သာ လုံးဝသက်ဆိုင်ပါသည်။ လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ဤအမှုအဆင့်သုံးဆင့်၏ ဗဟိုအချက်အချာတွင်ရှိသော်လည်း ကယ်တင်ခြင်းအမှုအတွင်းတွင် အမှုဆောင်သည့်နည်းအချို့နှင့် ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ပြသောနည်းများ ပါဝင်သည်။ ဤသည်မှာ လူသားအတွက် ဖော်ထုတ်ရန် အခက်ခဲဆုံးဖြစ်၍ လူသားအတွက် နားလည်ရန်လည်း ခက်ခဲသည်။ ခေတ်ကာလများ ပိုင်းခြားခြင်း၊ ဘုရားသခင်၏အမှုတွင် ပြောင်းလဲခြင်းများ၊ အမှုဆောင်သည့်နေရာ ပြောင်းလဲခြင်းများ၊ ဤအမှုကို လက်ခံရရှိသူတို့ ပြောင်းလဲခြင်းများ စသည်ဖြင့်၊ ထိုအရာအားလုံးသည် အမှုအဆင့်သုံးဆင့်တွင် ပါဝင်သည်။ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော် အမှုဆောင်နည်း၏ ကွဲပြားချက်နှင့် ဘုရားသခင်၏ စိတ်နေသဘောထား၊ ရုပ်သွင်၊ အမည်၊ မည်သူမည်ဝါဖြစ်ခြင်းတို့ ပြောင်းလဲခြင်း၊ သို့မဟုတ် အခြားပြောင်းလဲခြင်းများ အားလုံးတို့သည် အမှုအဆင့်သုံးဆင့်၏ တစ်စိတ်တစ်ဒေသဖြစ်၏။ အမှုအဆင့်တစ်ဆင့်သည် အစိတ်အပိုင်းတစ်ရပ်ကိုသာ ကိုယ်စားပြုနိုင်၍ နယ်ပယ်တစ်ရပ်အတွင်း ကန့်သတ်ထား၏။ ၎င်းတွင် အခြားကဏ္ဍများကို မဆိုထားနှင့်၊ ကာလများ ပိုင်းခြားထားခြင်း၊ သို့မဟုတ် ဘုရားသခင်၏အမှုတော် အပြောင်းအလဲများပင် မပါဝင်ပါ။ ဤသည်မှာ ရှင်းလင်းစွာ ထင်ရှားသည့် အချက်တစ်ချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်ကို ဘုရားသခင်ကယ်တင်ခြင်းအမှု တစ်ရပ်လုံးဖြစ်၏။ လူသားသည် ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းအမှုတွင် ဘုရားသခင်၏ စိတ်သဘောထားကို သိရမည်ဖြစ်၍ ဤအချက်မပါပါက ဘုရားသခင်အကြောင်း သင်သိရှိမှုသည် အနှစ်သာရကင်းမဲ့သော စကားလုံးများသာဖြစ်ကာ လက်တင်ကုလားထိုင်မှ လူတတ်လုပ်နေခြင်းထက် ဘာမျှမပိုပေ။ ထိုသို့သော အသိဉာဏ်သည် လူသားကို သိမ်းသွင်းနိုင်ခြင်း မရှိသကဲ့သို့ လူသားအပေါ် သိမ်းပိုက်နိုင်ခြင်းလည်း မရှိပေ။ ထိုသို့သောအသိဉာဏ်သည် အမှန်တရားနှင့် ကွဲလွဲနေပြီး သမ္မာတရားမဟုတ်ပေ။ ၎င်းသည် အလွန်ပေါများ၍ နားဝင်ချိုနိုင်သော်လည်း ဘုရားသခင်၏ အရင်းခံစိတ်နေသဘောထားနှင့် မကိုက်ညီပါက ဘုရားသခင်သည် သင့်ကိုသက်ညှာမည် မဟုတ်ပါ။ သူသည် သင်၏အသိဉာဏ်ကို ချီးကျူးခြင်း မပြုရုံသာမက သူ့ကို ပုတ်ခတ်ပြောဆိုသည့် အပြစ်သားတစ်ဦးဖြစ်နေခြင်းအတွက် သင့်အပေါ်ဒဏ်ခတ်ခြင်းလည်း ပြုလိမ့်မည်။ ဘုရားသခင်ကို သိခြင်းအကြောင်း စကားလုံးများကို ပေါ့ပေါ့တန်တန် ပြောဆိုထားခြင်း မဟုတ်ပါ။ သင်သည် စကားကို ရွှန်းရွှန်းဝေအောင်ပြောဆို၍ စကားကြွယ်ကာ သင်၏စကားလုံးများသည် သေသူကို ရှင်စေနိုင်ပြီး ရှင်သူကို သေစေနိုင်သော်လည်း ဘုရားသခင်ကို သိခြင်းအကြောင်းနှင့် ပတ်သက်လာလျှင်မူ သင်သည်ဉာဏ်မမီဆဲပင် ရှိသေးသည်။ ဘုရားသခင်သည် သင်မဆင်မခြင် ဝေဖန်နိုင်သူတစ်ဦး၊ သို့မဟုတ် သာမန်ကာလျှံကာ ချီးမွမ်းနိုင်သူတစ်ဦး၊ သို့မဟုတ် ခပ်တည်တည်နှင့် သိက္ခာချနိုင်သူတစ်ဦး မဟုတ်ပါ။ သင်သည် မည်သူ့ကိုမဆိုနှင့် လူတိုင်းကို ချီးမွမ်းသော်လည်း ဘုရားသခင်၏ ကြီးမြတ်သော ပါရမီနှင့်ပြည့်စုံခြင်း၊ သဘောထားကြီးခြင်းတို့ကို ဖော်ပြရန် သင့်တော်သည့် စကားလုံးများအတွက်မူ သင်ရုန်းကန်ရ၏၊ ဤသည်မှာ အရှုံးသမားတိုင်း သင်ခန်းစာရသည့် အရာဖြစ်၏။ ဘုရားသခင်ကို ဖော်ပြနိုင်သော ဘာသာစကား အထူးပြုပညာရှင် မြောက်မြားစွာရှိသော်လည်း ထိုသူတို့ ဖော်ပြချက်၏ တိကျမှန်ကန်မှုမှာမူ ဘုရားသခင်နှင့်သက်ဆိုင်၍ ဝေါဟာရအနည်းအကျဉ်းသာ ရှိသော်လည်း ကြွယ်ဝသော အတွေ့အကြုံရှိသူတို့ ပြောဆိုသော သမ္မာတရား၏ တစ်ရာပုံတစ်ပုံသာရှိ၏။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းသည် တိကျမှန်ကန်မှုနှင့် အဖြစ်မှန်တို့တွင် ရှိကြောင်း၊ စကားလုံးများကို ပါးနပ်စွာ အသုံးပြုခြင်း၊ သို့မဟုတ် ကြွယ်ဝသည့် ဝေါဟာရများတွင် မရှိကြောင်း၊ လူသား၏ အသိဉာဏ်နှင့် ဘုရားသခင်၏ အသိဉာဏ်တို့သည် လုံးဝ တခြားစီဖြစ်ကြောင်းကို တွေ့နိုင်သည်။ ဘုရားသခင်ကို သိခြင်းသင်ခန်းစာသည် လူသားမျိုးနွယ်၏ သဘာဝသိပ္ပံပညာရပ် အားလုံးထက် ပို၍မြင့်မား၏။ ဤသည်မှာ ဘုရားသခင်ကို သိရန်ကြိုးစားသည့် အလွန်နည်းပါးသော လူဦးရေသာ သင်ယူနိုင်သည့် သင်ခန်းစာ တစ်ရပ်ဖြစ်၍ ပါရမီရှင် မည်သူမဆို ရယူနိုင်သည့်အရာ မဟုတ်ပါ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို သိခြင်းနှင့် သမ္မာတရားအား လေ့လာလိုက်စားခြင်းတို့ကို သာမန်ကလေးတစ်ဦးက ရယူနိုင်သော အရာများကဲ့သို့ မမြင်ရပါ။ သင်သည် သင်၏မိသားစုဘဝ၊ သို့မဟုတ် သင်၏အသက်မွေးလုပ်ငန်း၊ သို့မဟုတ် သင်၏အိမ်ထောင်ရေးတို့တွင် လုံးဝ အောင်မြင်သူတစ်ဦး ဖြစ်ချင်ဖြစ်နေမည်။ သို့ရာတွင် သမ္မာတရားနှင့် ပတ်သက်ပါက၊ ထို့အပြင် ဘုရားသခင်ကိုသိခြင်း သင်ခန်းစာနှင့်ပတ်သက်ပါက သင့်တွင် ပြစရာဘာမျှမရှိပါ။ သင်သည် ဘာမျှ အောင်မြင်ပြီးဆုံးထားခြင်း မရှိပါ။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် သင်တို့အတွက် လွန်စွာခက်ခဲသည်ဟု ဆိုနိုင်၍ ဘုရားသခင်ကို သိခြင်းသည် သာ၍ကြီးမားသော ပြဿနာဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သင်တို့၏အခက်အခဲဖြစ်၍ လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်ရသည့် အခက်အခဲလည်း ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းအရေးတွင် အောင်မြင်မှုအချို့ ရရှိခဲ့ပြီးသူအချို့အကြား အဆင့်အတန်းမီသူ လုံးဝမရှိလုနီးပါး ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းမှာ မည်သည်ကိုဆိုလိုကြောင်း၊ သို့မဟုတ် ဘုရားသခင်ကိုသိရန် အဘယ်ကြောင့် လိုအပ်ကြောင်း၊ သို့မဟုတ် မည်သည့်အတိုင်းအတာသည် ဘုရားသခင်ကို သိခြင်းဖြစ်ကြောင်းကို လူသားသည် မသိပါ။ ဤသည်မှာ လူသားအတွက် လွန်စွာစိတ်ရှုပ်ထွေးစေ၍ အတန်ငယ် ရိုးရှင်းစွာပြောရလျှင် လူသားမျိုးနွယ်ရင်ဆိုင်ရသည့် အကြီးမားဆုံးသော ပဟေဠိဖြစ်၏၊ ထို့အပြင် မည်သူမျှ ဤမေးခွန်းကို မဖြေနိုင်ပါ။ မည်သူမျှလည်း ဤမေးခွန်းကို ဖြေလိုသည့်ဆန္ဒမရှိပါ။ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ ဤအမှုကို လေ့လာရာတွင် လူသားမျိုးနွယ်အကြား မည်သူမျှ အောင်မြင်ခဲ့ခြင်း မရှိပါ။ လူသားမျိုးနွယ်အား အမှုအဆင့်သုံးဆင့် ပဟေဠိကို အသိပေးသည့်အခါ ဘုရားသခင်ကိုသိသူ ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်းပေါ်လာပါလိမ့်မည်။ ဤသို့ဖြစ်ရန် ငါမျှော်လင့်သည်မှာ အမှန်ပင်ဖြစ်ကာ ထို့ထက်ပို၍ ငါသည် ဤအမှုအား အကောင်အထည်ဖော်ခြင်းကို လုပ်ဆောင်လျက်ရှိကာ မကြာမီအနာဂတ်တွင် ပိုမိုများပြားသည့် ထိုကဲ့သို့သော ပါရမီရှင်များ ပေါ်ထွက်လာသည်ကိုတွေ့ရန် ငါမျှော်လင့်သည်။ ထိုသူတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များအတွက် သက်သေခံသူများ ဖြစ်လာကြမည်ဖြစ်ပြီး၊ ဤအမှုအဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏အမှု အဆုံးသတ်သည့်နေ့တွင် ဤကဲ့သို့သော ပါရမီရှင်များ မရှိပါက၊ သို့မဟုတ် တစ်ဦးနှစ်ဦးသာရှိပါက၊ ထို့အပြင် ထိုသူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ကိုယ်တိုင်လက်ခံပြီးပါက၊ ဤအရာထက်သာ၍ စိတ်သောကရောက်စရာ၊ သာ၍နောင်တရစရာ မရှိပါ၊ သို့သော် ဤသည်မှာ အဆိုးဆုံး ဖြစ်နိုင်ခြေသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ အမှန်တကယ် လိုက်လျှောက်သူများသည် ဤကောင်းချီးမင်္ဂလာကို ရနိုင်မည်ဟု ငါမျှော်လင့်နေဆဲဖြစ်၏။ အချိန်ဟူသည် စတင်ကတည်းက ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိခဲ့ဖူးပါ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် ဤသို့လုပ်ငန်းတာဝန် တစ်ခါမျှ မရှိခဲ့ဖူးပါ။ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက ဤသည်မှာ သတ္တဝါများအကြားတွင် အမြင့်မြတ်ဆုံးသော ဂုဏ်ပုဒ်တစ်ရပ် မဖြစ်ပေဘူးလော။ လူသားမျိုးနွယ်အကြား ဘုရားသခင်က သာ၍ချီးမွမ်းမည့်သတ္တဝါ ရှိဦးမည်လော။ ထိုကဲ့သို့သောအမှုကို စွမ်းဆောင်ရယူရန် မလွယ်သော်လည်း အဆုံး၌ ဆုလာဘ်များ ရိတ်သိမ်းရဦးမည်ဖြစ်သည်။ အမျိုးသား အမျိုးသမီးဖြစ်မှု၊ သို့မဟုတ် နိုင်ငံသားနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်ကို သိနိုင်စွမ်းရှိသူ အားလုံးသည် အဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိ၍ ၎င်းတို့သာလျှင် ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ ယနေ့၏အမှုဖြစ်၍ အနာဂတ်၏အမှုလည်းဖြစ်၏။ ဤသည်မှာ အနှစ် ၆၀ဝ၀ အမှုတွင် အောင်မြင်ပြီးဆုံးရမည့် နောက်ဆုံးသောအမှုနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အမျိုးအစားတစ်ရပ်စီကို ဖော်ထုတ်သည့် အမှုဆောင်နည်းဖြစ်၏။ လူသားအား ဘုရားသခင်ကိုသိစေသည့် အမှုမှတစ်ဆင့် လူသား၏ကွဲပြားသည့် အဆင့်များကို ဖော်ထုတ်၏၊ ဘုရားသခင်ကို သိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမီ၍ ဘုရားသခင်ကို မသိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမမီကြပေ။ ဘုရားသခင်ကို သိသူများသည် ဘုရားသခင်နှင့် ရင်းနှီးသူများဖြစ်၍ ဘုရားသခင်ကို မသိသူများအား ဘုရားသခင်နှင့် ရင်းနှီးသူများဟု ခေါ်၍မရပေ။ ဘုရားသခင်နှင့် ရင်းနှီးသူများသည် ဘုရားသခင်၏ မည်သည့်ကောင်းချီးမင်္ဂလာကိုမဆို လက်ခံရရှိနိုင်သော်လည်း သူနှင့်မရင်းနှီးသူများသည် သူ၏မည်သည့်အမှုနှင့်မျှ မထိုက်တန်ပေ။ ဆင်းရဲဒုက္ခများဖြစ်စေ၊ စစ်ဆေးပြုပြင်ခြင်းဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ အားလုံးသည် အဆုံးတွင် လူသားကို ဘုရားသခင်အား သိခွင့်ပေးရန်နှင့် ဘုရားသခင်ကို လူသားက နာခံနိုင်ရန်ဖြစ်၏။ ဤသည်မှာ အဆုံးတွင်ရရှိမည့် တစ်ခုတည်းသော သက်ရောက်မှုဖြစ်လိမ့်မည်။ အမှုအဆင့်သုံးဆင့်၏ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိပေ၊ ထို့ပြင် ဤသည်မှာ ဘုရားသခင်ကို လူသား၏သိရှိမှုအတွက် အကျိုးရှိ၍ ဘုရားသခင်အကြောင်း ပိုမိုပြည့်စုံ၍ မခြွင်းမချန်သိရှိမှုကို လူသားရနိုင်ရန် အထောက်အကူပြုပါသည်။ ဤအမှုအားလုံးသည် လူသားအတွက် အကျိုးရှိ၏။
ဘုရားသခင်ကိုယ်တိုင်၏ အမှုသည် လူသားသိရမည့် ရူပါရုံဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမှုကို လူသားက စွမ်းဆောင်နိုင်ခြင်းမရှိဘဲ လူသားက ပိုင်ဆိုင်ခြင်း မရှိသောကြောင့်ဖြစ်၏။ ဤအမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း တစ်ရပ်လုံးဖြစ်၍ လူသားမှသိသင့်သည့် ဤထက်ကြီးမြတ်သော ရူပါရုံမရှိပါ။ လူသားသည် ဤဘုန်းတန်ခိုးကြီးမားသော ရူပါရုံကို မသိပါက ဘုရားသခင်ကို သိရန်မလွယ်ပေ။ ဘုရားသခင်၏ အလိုဆန္ဒကို နားလည်ရန်လည်း မလွယ်ကူသည့်အပြင် လူသားလျှောက်လှမ်းသည့် လမ်းကြောင်းသည် တိုး၍တိုး၍ ခက်ခဲကြမ်းတမ်းလာလိမ့်မည်။ ရူပါရုံများမရှိဘဲ လူသားသည် ဤမျှအထိ ရောက်လာနိုင်ခဲ့မည် မဟုတ်ပေ။ လူသားကို ယနေ့တိုင် ကာကွယ်ထားခဲ့ပြီး အကြီးမားဆုံးသော အကာအကွယ်ကို ပေးခဲ့သည်မှာ ဤရူပါရုံများဖြစ်၏။ အနာဂတ်တွင် သင်တို့၏ အသိဉာဏ်သည် ပိုမိုနက်နဲလာရမည်ဖြစ်ကာ သင်တို့သည် သူ၏အလိုဆန္ဒ တစ်ရပ်လုံးနှင့် အမှုအဆင့်သုံးဆင့်ရှိ သူ၏ဉာဏ်ပညာရှိသော အနှစ်သာရကို သိလာရမည်ဖြစ်သည်။ ဤသည်သာလျှင် သင်တို့၏ စစ်မှန်သော ဝိညာဉ်အသက်တာဖြစ်၏။ အမှု၏ နောက်ဆုံးအဆင့်သည် သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ ယခင်အဆင့်နှစ်ဆင့်နှင့်အတူ ဖွဲ့စည်းထားချက် တစ်ရပ်လုံး၏ တစ်စိတ်တစ်ဒေသဖြစ်၏။ အမှုအဆင့်သုံးဆင့်မှ တစ်ဆင့်ကိုသာ ဆောင်ရွက်ခြင်းဖြင့် ကယ်တင်ခြင်း အမှုတစ်ရပ်လုံးကို ပြီးဆုံးစေရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ အမှု၏ နောက်ဆုံးအဆင့်သည် လူသားကို အပြည့်အဝ ကယ်တင်နိုင်သော်လည်း ဤအဆင့်တစ်ရပ်တည်းကိုသာ သီးခြားလုပ်ဆောင်ရန် လိုအပ်၍ စာတန်၏လွှမ်းမိုးမှုမှ လူသားကိုကယ်တင်ရန် ယခင်အမှုအဆင့်နှစ်ဆင့်ကို မလိုအပ်ဟု မဆိုလိုပါ။ ဤအဆင့်သုံးဆင့်မှ မည်သည့်အဆင့်တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ်အားလုံးသိရမည့် တစ်ခုတည်းသောရူပါရုံဟု စွဲကိုင်ထား၍မရပါ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်း အမှုတစ်ရပ်လုံးသည် ဤအမှုအဆင့်သုံးရပ်ဖြစ်၏။ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်ပေ။ ကယ်တင်ခြင်းအမှု အောင်မြင်ပြီးဆုံးခြင်း မရှိသေးသမျှ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လုံးဝအဆုံးသတ်ခြင်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ဖြစ်ခြင်း၊ စိတ်နေသဘောထားနှင့် ဉာဏ်ပညာတို့ကို ကယ်တင်ခြင်းအမှု တစ်ရပ်လုံးတွင် ဖော်ပြထား၏။ လူသားအတွက် အစဦးဆုံးတွင် ဖော်ပြထားခြင်း မဟုတ်သော်လည်း ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားခဲ့သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်တစ်ဆင့်စီသည် ဘုရားသခင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှုအဆင့်တိုင်းမှ ဘုရားသခင်၏ဖြစ်ခြင်းတစ်ရပ်လုံးကို တိုက်ရိုက်နှင့် လုံးဝအပြည့်အစုံ ဖော်ပြနိုင်သည် မဟုတ်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းအမှုသည် အမှုအဆင့်သုံးဆင့် ပြီးဆုံးမှသာလျှင် လုံးဝအဆုံးသတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံအပေါ် လူသား၏သိရှိမှုကို ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ အမှုအဆင့်တစ်ရပ်မှ လူသားရရှိသည့် အရာသည် သူ၏အမှု အစိတ်အပိုင်းတစ်ရပ်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်နေသဘောထားသာဖြစ်၏။ ဤသည်မှာ ယခင်အဆင့်၊ သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ဖော်ပြထားသော စိတ်နေသဘောထားနှင့် ဖြစ်ခြင်းကို ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ကာလတစ်ရပ်အတွင်း၊ သို့မဟုတ် တည်နေရာတစ်ခုတွင် ချက်ချင်း ပြီးဆုံးနိုင်ခြင်း မရှိဘဲ၊ မတူညီသော အချိန်များနှင့် မတူညီသော နေရာများတွင် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နှင့်အညီ တဖြည်းဖြည်း နက်ရှိုင်းလာသောကြောင့် ဖြစ်၏။ ဤသည်မှာ အဆင့်များဖြင့် လုပ်ဆောင်ရသော အမှုဖြစ်၍ အဆင့်တစ်ဆင့်တည်းတွင် ပြီးဆုံးခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာတစ်ရပ်လုံးကို သီးခြားအဆင့် တစ်ဆင့်တည်းတွင် မဟုတ်ဘဲ အဆင့်သုံးဆင့်တွင် ပုံဖော်ထား၏။ သူ၏ဖြစ်ခြင်းတစ်ရပ်လုံးနှင့် ဉာဏ်ပညာတစ်ရပ်လုံးကို ဤအဆင့်သုံးဆင့်တွင် ချမှတ်ထား၍ အဆင့်တစ်ဆင့်စီတွင် သူ၏ဖြစ်ခြင်းပါရှိကာ အဆင့်တစ်ဆင့်စီမှာ သူ့အမှု၏ ဉာဏ်ပညာဆိုင်ရာ မှတ်တမ်းဖြစ်၏။ လူသားသည် ဤအဆင့်သုံးဆင့်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို သိသင့်သည်။ ဘုရားသခင်၏ ဤဖြစ်ခြင်းအားလုံးသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အရေးကြီးဆုံးဖြစ်၍ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့်အခါ ဤအသိဉာဏ်မရှိပါက ထိုသူတို့သည် ဗုဒ္ဓကို ကိုးကွယ်သူများနှင့် မခြားဖြစ်သည်။ လူသားတို့အကြား ဘုရားသခင်၏အမှုကို လူသားထံမှ ကွယ်ဝှက်ထားသည် မဟုတ်ပေ။ ထို့အပြင် ထိုအမှုကို ဘုရားသခင်ကို ကိုးကွယ်သူအားလုံးက သိသင့်သည်။ ဘုရားသခင်သည် လူသားတို့အကြား ကယ်တင်ခြင်းအမှု အဆင့်သုံးဆင့်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သဖြင့် လူသားသည် ဤအမှုအဆင့်သုံးဆင့် ကာလအတွင်း ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၏ ဖော်ပြချက်ကို သိသင့်သည်။ ဤသည်မှာ လူသားလုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားက ရရှိနိုင်စွမ်းမရှိသော အရာဖြစ်၍ လူသားမသိသင့်သော အရာဖြစ်၏။ သို့ရာတွင် ဘုရားသခင်က လူသားကို ပြသည့်အရာမှာမူ လူသားသိသင့်သည့် အရာဖြစ်၍ လူသားပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ ဤအမှုအဆင့်သုံးဆင့်၏ တစ်ဆင့်စီကို ယခင်အဆင့်၏ အခြေခံအုတ်မြစ်အပေါ်တွင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ကယ်တင်ခြင်းအမှုမှ သီးခြားလွတ်လပ်စွာ လုပ်ဆောင်ခြင်း မဟုတ်ပေ။ လုပ်ဆောင်သည့်ခေတ်နှင့် အမှုအမျိုးအစားတို့မှာ ကြီးမားစွာ ကွဲပြားသော်လည်း လူသားမျိုးနွယ်၏ ကယ်တင်ခြင်းသည် ၎င်း၏ဗဟိုအချက်အချာတွင် ရှိနေဆဲဖြစ်၍၊ ကယ်တင်ခြင်းအမှု၏ အဆင့်တိုင်းသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်း၏။ အမှု၏အဆင့်တစ်ဆင့်စီသည် ဖျက်သိမ်းခြင်းမရှိသည့် ပြီးခဲ့သည့်အဆင့်၏ အခြေခံအုတ်မြစ်မှ ဆက်လက်လုပ်ဆောင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် အစဉ်သစ်လွင်လျက် မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော သူ၏အမှုတွင် ဘုရားသခင်သည် လူသားတို့ကို ယခင်က ဖော်ပြခဲ့ခြင်းမရှိသော သူ၏စိတ်နေသဘောထားကို စဉ်ဆက်မပြတ် ဖော်ထုတ်ပြနေကာ လူသားအား သူ၏အမှုသစ်နှင့် သူ၏ဖြစ်ခြင်းအသစ်ကို အစဉ်ဖော်ထုတ်ပြသနေပြီး၊ ရှေးရိုးစွဲ ဘာသာရေးကိုင်းရှိုင်းသူသည် ဤသည်ကို ခုခံရန် အစွမ်းကုန်ကြိုးစားကာ ထင်ထင်ပေါ်ပေါ်ဆန့်ကျင်သော်လည်း ဘုရားသခင်သည် သူလုပ်ရန်ရည်ရွယ်သည့် အမှုအသစ်ကို အစဉ်လုပ်ဆောင်၏။ သူ၏အမှုသည် အစဉ်ပြောင်းလဲနေလျက်ရှိ၏၊ ဤသည်အတွက်ကြောင့် လူသား၏ ဆန့်ကျင်မှုနှင့် အစဉ်တွေ့ကြုံနေ၏။ သူ၏ စိတ်နေသဘောထားသည်လည်း အစဉ်ပြောင်းလဲနေကာ၊ သူ့အမှု၏ခေတ်နှင့် လက်ခံရရှိသူတို့သည်လည်း အစဉ်ပြောင်းလဲနေ၏။ ထို့အပြင် သူသည် ယခင်က ပြုလုပ်ခဲ့ဖူးခြင်း မရှိသောအမှုကို အစဉ်ဆောင်ရွက်လျက်ရှိကာ ၎င်းနှင့်ဆန့်ကျင်ရန်အတွက် ယခင်တစ်ခါကမျှ မလုပ်ခဲ့ဖူးသောအမှုနှင့် လူသား၏အမြင်တွင် ယခင်က လုပ်ထားသည့်အမှုနှင့် ဆန့်ကျင်ပုံပေါက်သည့် အမှုကိုပင် လုပ်ဆောင်၏။ လူသားသည် အမှုတစ်မျိုးကိုသာ၊ သို့မဟုတ် ကျင့်နည်းတစ်မျိုးကိုသာ လက်ခံနိုင်၏။ လူသားအတွက် ၎င်းတို့နှင့် မကိုက်ညီသော၊ ၎င်းတို့ထက်အဆင့်မြင့်သောအမှု၊ သို့မဟုတ် ကျင့်နည်းများကို လက်ခံရန် ခက်ခဲသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုအသစ်ကို အစဉ်ဆောင်ရွက်နေသဖြင့် ဘုရားသခင်၏ အမှုအသစ်ကို ဆန့်ကျင်သည့် ဘာသာရေး ကျွမ်းကျင်သူများအုပ်စု တစ်စုပြီးတစ်စု ပေါ်ပေါက်၏။ ထိုသူတို့သည် ကျွမ်းကျင်သူများ ဖြစ်လာရခြင်းမှာ အတိအကျအားဖြင့် ဘုရားသခင်သည် အစဉ်အမြဲအသစ်ဖြစ်လျက် မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည်ကို လူသားသည် လုံးဝမသိရှိသောကြောင့်၊ ထို့ပြင် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို လုံးဝမသိသည့်အပြင် ဘုရားသခင်က လူသားကို ကယ်တင်သည့် နည်းများစွာကိုလည်း လုံးဝမသိသောကြောင့် ဖြစ်၏။ ထိုသို့ဖြစ်သောကြာင့် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်မှလာသည့်အမှုဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်ထံမှ လာသည့်ဖြစ်သည်ဟူ၍ လူသားက လုံးဝဥဿုံ ပြောနိုင်စွမ်းမရှိပါ။ ၎င်းသည် ယခင်က နှုတ်ကပတ်တော်များနှင့် ကိုက်ညီပါက လက်ခံပြီး၊ ယခင်ကအမှုနှင့် ကွဲပြားချက်များရှိပါက ဆန့်ကျင်၍ ငြင်းပယ်သော သဘောထားကို လူအများအပြား ဖက်တွယ်ကြ၏။ ယနေ့ သင်တို့အားလုံးသည် ဤကဲ့သို့သော အခြေခံသဘောတရားများကို လိုက်နာကြသည် မဟုတ်လော။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်သည် သင်တို့အပေါ်တွင် ကြီးမားသည့် သက်ရောက်မှု မရှိခဲ့ပေ၊ ထို့ပြင် ယခင်အမှုအဆင့်နှစ်ဆင့်သည် သိရန်မလိုသော ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်သည်ဟု ယူဆသူများရှိ၏။ လူတို့သည် အမှုအဆင့်သုံးဆင့်၏ ယခင်အဆင့်နှစ်ဆင့်ကြောင့် ဝန်ပိမသွားစေရန် ဤအဆင့်များကို လူအုပ်စုကြီးများထံ မကြေညာသင့်ဘဲ တတ်နိုင်သရွေ့ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းသင့်သည်ဟု ထိုသူများက ယူဆကြသည်။ အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို အသိပေးခြင်းသည် လွန်ကဲလွန်း၍ ဘုရားသခင်ကို သိရေးတွင် လုံးဝအထောက်အကူမဖြစ်ဟု အများစုက ယုံကြည်ကြ၏၊ ဤသည်မှာ သင်တို့၏ ထင်မြင်ချက်သာဖြစ်၏။ ယနေ့ ဤသို့ပြုမူခြင်းသည် မှန်သည်ဟု သင်တို့အားလုံး ယုံကြည်ကြသော်လည်း၊ ငါ့အမှု၏ အရေးပါပုံကို သင်တို့သိလာကြမည့်နေ့ ရောက်လာလိမ့်မည်၊ ငါသည် အရေးမပါသော မည်သည့်အမှုကိုမျှ မလုပ်ကြောင်းကို သိထားလော့။ ငါသည် အမှုအဆင့်သုံးဆင့်ကို သင့်ထံ ကြေညာနေသည်ဖြစ်သဖြင့် ၎င်းတို့သည် သင့်အတွက် အကျိုးရှိရပေမည်။ ဤအမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ ဗဟိုအချက်အချာတွင် ရှိသဖြင့် ၎င်းတို့သည် စကြဝဠာတစ်ခုလုံးရှိ လူတိုင်း၏ အာရုံပြုရာ ဖြစ်လာရမည်။ တစ်နေ့တွင် သင်တို့အားလုံးသည် ဤအမှု၏ အရေးပါပုံကို သိလာလိမ့်မည်။ သင်တို့သည် ဘုရားသခင်၏အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်းမှာ သင်တို့သည် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို လုံလောက်စွာ အလေးအနက် သဘောမထားသောကြောင့်ဖြစ်သည်ကို သိထားလော့။ ဘုရားသခင်အပေါ် သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပေါ် သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကိုအားဖြင့် မာနထောင်လွှားမှုကြောင့်ဖြစ်သည်ကို သိထားလော့။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့်သာ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှုကို တွေ့ရှိပြီးနောက် အချို့သူများသည် လူသားအနေနှင့် မည်သည့်နေရာမှ လာသည်ကိုပင် သေချာစွာ ပြောဆိုနိုင်ခြင်း မရှိသော်လည်း ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော့်အမှု၏ အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလျက် ဝေဖန်ခြင်းများ၊ မိမိအလှည့်မရောက်မီ ပြောဆိုခြင်းများ ပြုကြ၏။ ၎င်းတို့၏ လူ့သဘာဝသည် နိမ့်ကျလွန်း၍ ထိုသူတို့တွင် အသိစိတ်အနည်းငယ်မျှပင် မရှိပေ။ ထိုကဲ့သို့သောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏အမှုက ငြင်းပယ်၍ ငရဲ၏မီးများနှင့် လောင်ကျွမ်းခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏အမှုကို မသိသော်လည်း သူ၏အမှုကို ဝေဖန်ကာ မည်သို့အမှုဆောင်ရမည်ကို ဘုရားသခင်အား ညွှန်ကြားရန်လည်း ကြိုးပမ်းကြ၏။ ထိုသို့သော ဆင်ခြင်တုံတရားမရှိသည့် လူတို့သည် ဘုရားသခင်ကို မည်သို့သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေ၍ တွေ့ကြုံခံစားသည့် လုပ်ငန်းစဉ်အတွင်း သူ့ကိုသိလာခြင်းဖြစ်၏။ စိတ်ကူးပေါက်သည့်အတိုင်း သူ့ကို ဝေဖန်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် လူတို့၏သိခြင်းသည် တိကျမှန်ကန်လေလေ၊ သူ့အပေါ်ဆန့်ကျင်မှု နည်းလေလေဖြစ်၏။ ၎င်းနှင့်ဆန့်ကျင်ဘက်မှာ ဘုရားသခင်အပေါ် လူတို့အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေဖြစ်၏။ သင့်အယူအဆများ၊ သင်၏ဗီဇသဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သဘောထားအမြင်တို့သည် သင့်အနေနှင့် ဘုရားသခင်အပေါ် ခုခံရာတွင် အသုံးပြုသည့် "ငွေလုံးငွေရင်း" ဖြစ်၍ သင်သည် ဖောက်ပြန်၍ သိက္ခာကျကာ အောက်တန်းကျလေလေ၊ ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်၏။ အလွန်ဆိုးရွားသော အယူအဆများရှိ၍ မိမိကိုယ်ကို မှန်ကန်သည်ဟုယူမှတ်သော စိတ်နေသဘောထား ရှိသူများသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရန်လိုမှုကို ပိုခံရလေဖြစ်၍၊ ထိုကဲ့သို့သောသူများသည် အန္တိခရစ်များဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ပြောင်းလဲခြင်း မရှိပါက ၎င်းတို့သည် ဘုရားသခင်ကို အစဉ်ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည်မဟုတ်၊ ထို့အပြင် သင်သည် သူ့ထံမှ အစဉ်အမြဲ ဝေးကွာလျက်ရှိလိမ့်မည်။
သင်၏အယူအဆအဟောင်းတို့ကို ဘေးဖယ်ထားမှသာလျှင် သင်သည် အသိဉာဏ်အသစ်ကို ရရှိမည်ဖြစ်၏။ သို့သော် အသိဉာဏ်အဟောင်းဟူသည် အယူအဆအဟောင်းများ ဖြစ်စရာမလိုပါ။ "အယူအဆများ" ဆိုသည်မှာ လူသားစိတ်ကူးသည့် လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အရာများကို ရည်ညွှန်းသည်။ အသိဉာဏ်အဟောင်းသည် ခေတ်ဟောင်းတွင် ခေတ်နောက်ကျပြီးသားဖြစ်ပြီး လူသားကို အမှုသစ်အတွင်း ဝင်ရောက်ရာတွင် တားဆီးခဲ့ပါက ထိုသို့သော အသိဉာဏ်သည်လည်း အယူအဆတစ်ရပ်ဖြစ်၏။ ဤသို့သော အသိဉာဏ်အပေါ် လူသားက မှန်ကန်သည့်ချဉ်းကပ်မှု ပြုလုပ်နိုင်၍၊ အဟောင်းနှင့် အသစ်ပေါင်းကာ ဘုရားသခင်ကို ကွဲပြားသောရှုထောင့်အချို့မှ သိလာနိုင်ပါက အသိဉာဏ်အဟောင်းသည် လူသားအတွက် အထောက်အကူတစ်ရပ်ဖြစ်လာပြီး ခေတ်သစ်အတွင်း လူသားဝင်ရောက်သည့် အခြေခံဖြစ်လာ၏။ ဘုရားသခင်ကိုသိခြင်း သင်ခန်းစာအတွက် သင်သည် ဘုရားသခင်ကိုသိသည့် လမ်းကြောင်းပေါ်သို့ မည်သို့ဝင်ရောက်ရမည်၊ ဘုရားသခင်ကိုသိရန် မည်သည့်သမ္မာတရားများကို နားလည်ရမည်နှင့် ဘုရားသခင်၏ အမှုသစ်ဆိုင်ရာ စီမံမှုအားလုံးကို သင်နာခံနိုင်ရန်အလို့ငှာ သင်၏အယူအဆများနှင့် သဘာဝဗီဇအဟောင်းကို မည်သို့ဖယ်ရှားရမည်ဟူသည့် အခြေခံသဘောတရားများစွာတို့ကို ပိုင်နိုင်ရန်လိုအပ်၏။ သင်သည် ဤအခြေခံ သဘောတရားများကို ဘုရားသခင်ကိုသိခြင်း သင်ခန်းစာအတွင်းသို့ ဝင်ရောက်ရန် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပါက သင်၏အသိဉာဏ်သည် သာ၍သာ၍ နက်ရှိုင်းလာလိမ့်မည် ဖြစ်သည်။ သင်သည် အမှုအဆင့်သုံးဆင့်ကို၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးကို ရှင်းလင်းစွာ သိသည့်အပြင်၊ သင်သည် ဘုရားသခင့်အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို လက်ရှိအဆင့်နှင့် အပြည့်အဝ အပြန်အလှန် ဆက်စပ်နိုင်ကာ ဤသည်မှာ ဘုရားသခင် တစ်ဆူတည်းမှ ဆောင်ရွက်သည့် အမှုဖြစ်ကြောင်းကို မြင်နိုင်ပါက ဤထက်သာ၍ခိုင်မာသော အခြေခံအုတ်မြစ် သင့်တွင်ရှိမည်မဟုတ်ပါ။ အမှုအဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းကသာ ဆောင်ရွက်ခဲ့၏။ ဤသည်မှာ အကြီးမားဆုံးသော ရူပါရုံဖြစ်၍ ဘုရားသခင်ကို သိရှိခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တိုင်သာလျှင် ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်၍ မည်သည့်လူသားမျှ သူ့ကိုယ်စား ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သာလျှင် သူ၏အမှုကို အစမှ ယနေ့တိုင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုလိုသည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို ကွဲပြားသည့်ခေတ်များ၊ ကွဲပြားသည့် တည်နေရာများတွင် လုပ်ဆောင်ခဲ့သော်လည်း၊ ထို့အပြင် တစ်ခုစီ၏အမှုသည် ကွဲပြားသော်လည်း၊ ဤသည်မှာ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့သည့် အမှုအားလုံးဖြစ်၏။ ရူပါရုံအားလုံးတွင် ဤသည်မှာ လူသားအနေဖြင့် သိသင့်သည့် အကြီးမားဆုံးသော ရူပါရုံဖြစ်ကာ၊ လူသားအနေနှင့် ဤသည်ကို လုံးဝနားလည်နိုင်ပါက သူသည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်၏။ ယနေ့ အမျိုးမျိုးသောဘာသာတရားများနှင့် အမျိုးမျိုးသောဂိုဏ်းဂဏတို့ ရင်ဆိုင်နေရသည့် အကြီးဆုံးပြဿနာမှာ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မသိကြခြင်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုမဟုတ်သည့် အရာတို့အကြား မခွဲခြားနိုင်ကြခြင်းဖြစ်၏၊ ထို့ကြောင့် အမှု၏ လွန်ခဲ့သော အဆင့်နှစ်ဆင့်ကဲ့သို့ အမှု၏ ဤအဆင့်ကိုလည်း ယေဟောဝါဘုရားသခင်က ဆောင်ရွက်ခဲ့သည်ကို ထိုသူတို့မပြောနိုင်ကြပေ။ လူတို့သည် ဘုရားသခင်နောက် လိုက်ကြသော်လည်း ဤသည်မှာ လမ်းမှန်ဟုတ်၊ မဟုတ်ကို အများစုက မပြောနိုင်ဘဲ ရှိနေကြသေးသည်။ ဤလမ်းသည် ဘုရားသခင်ကိုယ်တိုင်က လမ်းပြသည့်လမ်း ဟုတ်၊ မဟုတ်နှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ်ကို လူသားက စိုးရိမ်၍၊ လူအများစုသည် ဤကဲ့သို့သော အရာများနှင့် ပတ်သက်လာပါက မည်သို့ထိုးထွင်းသိမြင်ရမည်ကို လုံးဝမသိသေးပေ။ ဘုရားသခင်၏နောက်ကို လိုက်ကြသောသူတို့သည် လမ်းကို မဆုံးဖြတ်နိုင်ကြသောကြောင့် ပြောဆိုလိုက်သည့် သတင်းစကားများသည် ထိုသူတို့အကြားတွင် တစ်စိတ်တစ်ပိုင်းသာ သက်ရောက်မှုရှိကာ၊ အပြည့်အဝ သက်ရောက်နိုင်စွမ်း မရှိပေ၊ ထို့ကြောင့် ဤသည်မှာ ထိုကဲ့သို့သောသူတို့၏ ဘဝဝင်ရောက်ခြင်းအပေါ် သက်ရောက်လေသည်။ အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်ကိုယ်တိုင် ကွဲပြားသောအချိန်များ၊ ကွဲပြားသောနေရာများနှင့် ကွဲပြားသောလူများတွင် လုပ်ဆောင်သည့်အမှုဟု လူသားအနေဖြင့် မြင်နိုင်ပါက၊ အမှုသည် ကွဲပြားသော်လည်း တစ်ဆူတည်းသော ဘုရားသခင်မှ ဆောင်ရွက်သည့် အမှုအားလုံးဖြစ်သည်ကို လူသားအနေဖြင့် မြင်နိုင်ပါက၊ တစ်ဆူတည်းသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှု ဖြစ်သည့်အတွက် မှန်ကန်ရမည်ဖြစ်၍ အမှားကင်းစင်ကာ၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော်လည်း တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်သည်ကို လုံးဝမငြင်းဆိုနိုင်ဟု လူသားအနေဖြင့် မြင်နိုင်ပါက၊ ဤသည်မှာ တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်ကြောင်းကို လူသားအနေဖြင့် အသေအချာပြောနိုင်ပါက လူသား၏ အယူအဆများသည် အသေးအဖွဲများ၊ ပြောဆိုရန် ထိုက်သင့်ခြင်းမရှိသော အရာများမျှသာ ဖြစ်သွားလိမ့်မည်။ လူသား၏ ရူပါရုံများ မရှင်းသောကြောင့်နှင့် လူသားသည် ယေဟောဝါကို ဘုရားအဖြစ်၊ ယေရှုကို သခင်အဖြစ်သာသိ၍ ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်အကြောင်း စိတ်နှစ်မျိုးဖြစ်နေသဖြင့် များစွာသော လူတို့သည် ယေဟောဝါနှင့် ယေရှုတို့၏အမှုအပေါ် ဆက်လက်ဆက်ကပ်လျက်ရှိ၍၊ ယနေ့အမှုအကြောင်း အယူအဆများနှင့် အဘက်ဘက်မှ ဝန်းရံတိုက်ခိုက်ခံရကာ၊ လူအများစုမှာ အစဉ်သံသယရှိလျက် ယနေ့၏အမှုကို အလေးအနက်ခံယူခြင်း မရှိကြပေ။ မြင်နိုင်ခြင်းမရှိသည့် ပြီးခဲ့သောအဆင့်နှစ်ဆင့်အပေါ် လူသားသည် အယူအဆများ လုံးဝမရှိပေ။ ဤသည်မှာ လူသားသည် ပြီးခဲ့သောအဆင့် နှစ်ဆင့်၏ လက်တွေ့အရှိတရားကို နားမလည်ခြင်းကြောင့်နှင့် ၎င်းတို့ကို ကိုယ်တိုင်မြင်တွေ့ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူသားသည် ၎င်းတို့ကို မမြင်နိုင်ခြင်းကြောင့် သူသဘောကျသည့်အတိုင်း စိတ်ကူးခြင်းဖြစ်၏။ သူသည် မည်သည့်အရာကို စိတ်ကူးသည်ဖြစ်စေ၊ ၎င်းကို သက်သေပြရန် အချက်အလက်များ မရှိဘဲ ပြုပြင်မည့်သူလည်း မရှိပေ။ ၎င်းကို အတည်ပြုရန် အချက်အလက်များ မရှိသဖြင့် လူသားသည် သူ၏သဘာဝ ပင်ကိုစရိုက်ကို အထိန်းအကွပ်မဲ့ လွှတ်ထားပေး၍၊ မည်သည့်အရာကိုမျှ သတိမမူတော့ဘဲ၊ စိတ်ကူးချင်တိုင်း စိတ်ကူးတော့သည်။ ထို့ကြောင့် လူ၏စိတ်ကူးများသည် သက်သေပြချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ "အမှန်တရား" ဖြစ်သွား၏။ ထို့ကြောင့် လူသားသည် သူ့စိတ်ထဲရှိ သူကိုယ်တိုင်စိတ်ကူးထားသော ဘုရားသခင်ကို ယုံကြည်၍ လက်တွေ့အရှိတရား၏ ဘုရားသခင်ကို မရှာဖွေပါ။ လူတစ်ဦးတွင် ယုံကြည်ခြင်းတစ်မျိုး ရှိပါက လူတစ်ရာအကြားတွင် ယုံကြည်ခြင်း အမျိုးတစ်ရာရှိ၏။ လူသား၌ ဤသို့သော ယုံကြည်ချက်များ ရှိခြင်းမှာ သူသည် ဘုရားသခင့်အမှု၏ လက်တွေ့အရှိတရားကို မတွေ့ရသေးသောကြောင့်၊ ထိုအမှုကို သူ၏နားများဖြင့်သာ ကြားရသေး၍ သူ၏မျက်စိများဖြင့် မမြင်ရသေးသောကြောင့်ဖြစ်၏။ လူသားသည် ဒဏ္ဍာရီများနှင့် ပုံပြင်များကို ကြားခဲ့ရသော်လည်း ဘုရားသခင့်အမှု၏ အချက်အလက်များဆိုင်ရာ အသိပညာကို ကြားရခဲ၏။ ထို့ကြောင့် ယုံကြည်သူများဖြစ်လာသည်မှာ တစ်နှစ်သာရှိသေးသော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများမှ တစ်ဆင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်၍၊ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့သူများအတွက်လည်း ထိုသို့ပင်ဖြစ်သည်။ အချက်အလက်များကို မမြင်နိုင်သူများသည် ဘုရားသခင်အပေါ် အယူအဆများရှိသည့် ယုံကြည်ခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်ခြင်း ရှိကြမည် မဟုတ်ပေ။ လူသားသည် သူ့အယူအဆအဟောင်းများ၏ အချုပ်အနှောင်များမှ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ခဲ့ပြီးဖြစ်ကာ နယ်မြေသစ်အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မမြင်နိုင်သူများ၏ အသိဉာဏ်သည် အယူအဆများနှင့် တစ်ဆင့်စကားများသာ ဖြစ်သည်ကို လူသားမသိသလော။ လူသားသည် သူ၏အယူအဆများမှာ မှန်ကန်၍ အမှားကင်းသည်ဟု ထင်ကာ ဤအယူအဆများသည် ဘုရားသခင်ထံမှလာသည်ဟု ထင်၏။ ယနေ့၊ လူသားသည် ဘုရားသခင်၏အမှုကို မျက်မြင်တွေ့သည့်အခါ နှစ်ပေါင်းများစွာ စုစည်းလာသော အယူအဆများကို လွှတ်ပေးလိုက်၏။ အတိတ်မှ စိတ်ကူးများနှင့် အကြံများသည် ဤအဆင့်၏အမှုတွင် အတားအဆီးဖြစ်လာခဲ့ပြီး လူသားအတွက် ထိုသို့သော အယူအဆများကို လက်လွှတ်ရန်နှင့် ထိုကဲ့သို့သော အကြံများကို ချေပရန် ခက်ခဲလာသည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့ကြသူ အများအပြား၏ ဤတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သည့် အမှုအပေါ်ထားသော အယူအဆများသည် ပို၍ဆိုးရွားလာပြီး ဤလူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ခေါင်းမာသော ရန်လိုမှုအဖြစ် ဖွဲ့စည်းလာခဲ့သည်၊ ဤမုန်းတီးမှု၏ အရင်းအမြစ်မှာ လူသား၏အယူအဆများနှင့် စိတ်ကူးများဖြစ်သည်။ ဤသည်မှာ အတိအကျအားဖြင့် အမှန်တရားသည် လူသားကို အထိန်းအချုပ်မရှိ စိတ်ကူးခွင့် မပေးသောကြောင့် ဖြစ်သည့်အပြင် လူသားအနေနှင့် အလွယ်တကူ ချေပနိုင်ခြင်း မရှိဘဲ၊ လူသား၏ အယူအဆများနှင့် စိတ်ကူးယဉ်မှုများသည် အမှန်တရား၏ အချက်အလက်များ တည်ရှိခြင်းကို ခွင့်မပြုသည်သာမက၊ လူသားသည် အချက်အလက်များ၏ သင့်တော်မှုနှင့် မှန်ကန်မှုအပေါ် စဉ်းစားခြင်းမရှိဘဲ၊ သူ့အယူအဆများကို တဇောက်ထိုး လွှတ်ပေးရုံသာ လွှတ်ပေး၍ သူ၏ကိုယ်ပိုင် စိတ်ကူးကို အသုံးပြုသောကြောင့် လူသား၏ အယူအဆများနှင့် စိတ်ကူးများသည် လူသား၏အယူအဆများနှင့် မကိုက်ညီသော ယနေ့အမှု၏ ရန်သူဖြစ်သွားခဲ့သည်။ ဤသည်မှာ လူသားအယူအဆများ၏ အပြစ်ဟုသာပြောနိုင်၍ ဘုရားသခင့်အမှု၏ အပြစ်ဟု မပြောနိုင်ပေ။ လူသားသည် သူဆန္ဒရှိသည့်အတိုင်း စိတ်ကူးနိုင်သော်လည်း ဘုရားသခင်အမှု၏ မည်သည့်အဆင့်ကိုမျှ၊ သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမျှ လွတ်လပ်စွာ အငြင်းပွားနိုင်ခြင်း မရှိပေ။ ဘုရားသခင့်အမှု၏ အမှန်တရားကို လူသားအနေနှင့် ချိုးဖောက်နိုင်ခြင်း မရှိပေ။ သင်သည် သင်၏စိတ်ကူးကို အထိန်းအချုပ်မရှိ လွတ်လပ်ခွင့် ပေးချင်ပေး၍ ယေဟောဝါနှင့် ယေရှုတို့အကြောင်း ပုံပြင်ကောင်းများကိုပင် စုဆောင်းချင် စုဆောင်းနိုင်သော်လည်း ယေဟောဝါနှင့် ယေရှုတို့၏အမှု အဆင့်တစ်ဆင့်စီ၏ အမှန်တရားကိုမူ သင်ချေပနိုင်ခြင်း မရှိပေ။ ဤသည်မှာ အခြေခံသဘောတရား တစ်ရပ်ဖြစ်၍ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်တစ်ရပ်လည်းဖြစ်ကာ သင်တို့သည် ဤကိစ္စရပ်များ၏ အရေးပါပုံကို နားလည်သင့်သည်။ အမှု၏ ဤအဆင့်သည် လူသား၏အယူအဆများနှင့် မကိုက်ညီဟု လူသားက ယုံကြည်၍ အမှု၏ယခင်အဆင့် နှစ်ဆင့်အတွက် ဤသို့မဟုတ်ဟု ယုံကြည်သည်။ သူ၏စိတ်ကူးတွင် ယခင်အဆင့်နှစ်ဆင့်၏ အမှုသည် ယနေ့အမှုနှင့် မတူကြောင်း သေချာသည်ဟု လူသားယုံကြည်သည်၊ သို့သော် ဘုရားသခင်အမှု၏ အခြေခံ သဘောတရားများသည် အားလုံးအတူတူပင်ဖြစ်ကြောင်း၊ သူ၏အမှုသည် အစဉ်လက်တွေ့ကျကြောင်း၊ ထို့ပြင် မည်သည့်ခေတ်ပင်ဖြစ်စေ သူ့အမှု၏ အမှန်တရားကို ခုခံ၍ဆန့်ကျင်သူ မြောက်မြားစွာ အစဉ်ရှိမည်ဆိုကြောင်းကို သင်စဉ်းစားဖူးသလော။ ဤအမှုအဆင့်ကို ယနေ့ခုခံ၍ဆန့်ကျင်သူ အားလုံးတို့သည် အတိတ်ကာလများကလည်း ဘုရားသခင်ကို ဆန့်ကျင်ခဲ့မည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ ရန်သူများ အစဉ်ဖြစ်လိမ့်မည်ဖြစ်၍ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အမှန်တရားကို သိသူများသည် ဤအမှု၏အဆင့် သုံးဆင့်ကို တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဟုမြင်၍ ၎င်းတို့၏ အယူအဆများကို လက်လွှတ်ကြလိမ့်မည်။ ဤသူတို့သည် ဘုရားသခင်ကို သိကြသူများဖြစ်၍ ထိုကဲ့သို့သောသူများသည် ဘုရားသခင်နောက်ကို စစ်မှန်စွာ လိုက်သူများဖြစ်ကြ၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး ပြီးဆုံးခါနီးအချိန်၌ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစားခွဲခြားမည်။ လူသားကို ဖန်ဆင်းရှင်၏ လက်တော်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆုံးတွင် သူသည် လူသားကို သူ၏ အုပ်စိုးမှုအောက် လုံးဝပြန်ပို့ရမည်ဖြစ်သည်။ ဤသည်မှာ အမှုအဆင့်သုံးဆင့်၏ အဆုံးဖြစ်သည်။ နောက်ဆုံးသောကာလအမှု၏ အဆင့်နှင့် ဣသရေလနှင့် ယုဒနယ်တို့ရှိ ယခင်အမှုအဆင့် နှစ်ဆင့်တို့သည် စကြဝဠာတစ်ခုလုံးရှိ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ပင်ဖြစ်သည်။ ဤသည်ကို မည်သူမျှ မငြင်းဆိုနိုင်ပေ။ ထို့အပြင် ဤသည်မှာ ဘုရားသခင့်အမှု၏ အမှန်တရားဖြစ်သည်။ လူတို့သည် ဤအမှုကို အတော်များများ တွေ့ကြုံခြင်း၊ သို့မဟုတ် မျက်မြင်တွေ့ခြင်း မရှိသော်လည်း၊ အမှန်တရားတို့သည် အမှန်တရားများသာ ဖြစ်ဆဲဖြစ်ကာ ဤသည်ကို မည်သည့်လူသားကမျှ ငြင်းဆိုနိုင်ခြင်းမရှိပေ။ စကြဝဠာ၏ တိုင်းပြည်တိုင်း၌ရှိကြကုန်သော ဘုရားသခင်ကို ယုံကြည်သူအားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ကို လက်ခံကြလိမ့်မည်။ သင်သည် အမှု၏သီးခြားအဆင့် တစ်ဆင့်ကိုသာသိ၍ အမှု၏အခြားအဆင့်နှစ်ဆင့်ကို နားမလည်ပါက၊ အတိတ်အချိန်များက ဘုရားသခင်၏အမှုကို နားမလည်ပါက၊ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်တစ်ရပ်လုံး၏ သမ္မာတရား တစ်ရပ်လုံးကို ပြောနိုင်ခြင်းမရှိပါ။ ထို့အပြင် ဘုရားသခင်အပေါ် သင်၏သိခြင်းသည်လည်း တစ်ဖက်သတ်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင်ယုံကြည်ရာတွင် သင်သည် သူ့ကိုမသိ၊ သို့မဟုတ် သူ့ကို နားမလည်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်အတွက် သက်သေခံရန် မသင့်တော်ပေ။ ဤအရာများအပေါ် သင်၏လက်ရှိသိရှိခြင်းသည် လေးနက်သည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ၊ အဆုံးတွင် သင်တို့၌ အသိဉာဏ်ရှိရမည်ဖြစ်၍ သင်တို့အနေဖြင့် မခြွင်းမချန် အခိုင်အမာ ယုံကြည်ရမည်ဖြစ်ကာ လူအားလုံးတို့သည် ဘုရားသခင်၏အမှုတစ်ရပ်လုံးကို မြင်တွေ့၍ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံကြလိမ့်မည်။ ဤအမှုအဆုံးတွင် ဘာသာတရားအားလုံးသည် တစ်ခုတည်းဖြစ်လာ၍ သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်။ သတ္တဝါအားလုံးသည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်၍ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် အချည်းနှီးဖြစ်ကာ မည်သည့်အခါတွင်မျှ တစ်ဖန်ပြန်ပေါ်လာတော့မည် မဟုတ်ပေ။
အမှု၏ ဤအဆင့်သုံးဆင့်ကို မည်သည့်အတွက်ကြောင့် အဆက်မပြတ် ရည်ညွှန်းနေရသနည်း။ ခေတ်များကုန်လွန်ခြင်း၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ၏ သွင်ပြင်အပြောင်းအလဲ အားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ရှိ အပြောင်းအလဲများအတိုင်း လိုက်၍ဖြစ်ကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏အမှုနှင့် အချိန်ကိုက်၍ ပြောင်းလဲခြင်းဖြစ်ပြီး မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်သည် မဟုတ်ပေ။ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်ကို ဖော်ပြခြင်းသည် သတ္တဝါအားလုံး၊ ဘာသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်းမှ လူတို့ကို တစ်ဆူတည်းသော ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ခေါ်ဆောင်လာရန် ဖြစ်၏။ သင်သည် မည်သည့်ဘာသာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အဆုံးတွင် သင်တို့အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရလိမ့်မည်။ ဘုရားသခင်ကိုယ်တိုင်သာလျှင် ဤအမှုကို လုပ်ဆောင်နိုင်လိမ့်မည်။ မည်သည့်ဘာသာရေးဦးသျှောင်ကမျှ ဆောင်ရွက်နိုင်သည့်အရာ မဟုတ်ပေ။ ကမ္ဘာတွင် အဓိကဘာသာတရားအချို့ရှိ၍ တစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင်ဦးသျှောင်၊ သို့မဟုတ် ဦးဆောင်လမ်းပြသူရှိ၍ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်း၏အထဲတွင် ကွဲပြားသည့် ဘာသာများရှိ၏။ သို့ရာတွင် ကမ္ဘာတစ်ဝှမ်း ကိုးကွယ်သည့်ဘာသာ မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးတို့သည် အဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းညွှန်မှုအောက်၌ ဖြစ်တည်နေ၍ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ဦးဆောင်သူများက လမ်းညွှန်နေသည်မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးခြားဘာသာရေးဦးသျှောင်၊ သို့မဟုတ် ဦးဆောင်လမ်းပြသူက လမ်းညွှန်နေသည် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်းဖြစ်၏၊ ထို့ပြင် ဤသည်မှာ အမှန်တရားဖြစ်၏။ ကမ္ဘာပေါ်၌ အဓိကကိုးကွယ်သည့် ဘာသာအချို့ရှိသော်လည်း ၎င်းတို့သည် မည်မျှပင်ကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိနေ၍ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို ကျော်လွန်နိုင်ခြင်း မရှိပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးတိုးတက်မှု၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု တစ်ခုစီသည် ဖန်ဆင်းရှင်၏ အစီအမံများမှ ကင်းကွာ၍မရပေ။ ထို့အပြင် ဤအမှုသည် သီးခြားဘာသာရေး ဦးသျှောင်တစ်ဦးမှ ပြုလုပ်၍ရနိုင်သော အရာတစ်ခုမဟုတ်ပေ။ ဘာသာရေးဦးသျှောင်များသည် သီးခြားဘာသာတစ်ရပ်၏ ဦးဆောင်သူများသာ ဖြစ်၍ ဘုရားသခင်၊ သို့မဟုတ် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်များသည် ဘာသာတရားတစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ၊ ဤသည်မှာ စကြဝဠာတစ်ခုလုံးက အသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်များသည် ဦးဆောင်သူများသာဖြစ်၍၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူရပ်တည်နိုင်ခြင်း မရှိပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်တော်ထဲတွင် ရှိကြ၍၊ အဆုံးတွင် ထိုသူတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်တော်ထဲသို့ တစ်ဖန်ပြန်လာကြလိမ့်မည်။ လူသားကို နဂိုမူလ၌ ဘုရားသခင်က ပြုလုပ်ခဲ့၍၊ မည်သည့်ဘာသာပင်ဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ တစ်ဖန်ပြန်လာကြလိမ့်မည်၊ ဤသည်ကို ရှောင်လွှဲ၍မရပါ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအကြား အမြင့်မားဆုံးဖြစ်၍၊ သတ္တဝါအားလုံးအကြား အမြင့်မားဆုံးသော အုပ်ချုပ်သူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ တစ်ဖန်ပြန်လာရလိမ့်မည်။ လူသား၏အနေအထားက မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ သူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးလမ်းဆုံးသို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသည့်အပြင် မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစားခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၍ တစ်ဦးစီကို အမျိုးအစားအလိုက် အတန်းစားခွဲခြားခဲ့ကာ၊ ပြီးဆုံးချိန်ရောက်သည့်အခါ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစားခွဲခြားလျက် သူ၏ကိုယ်ပိုင်အလုပ်ကို ကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်၊ ထို့အပြင် ဤသည်ကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ အစအဦးမှ ယနေ့တိုင်လုပ်ဆောင်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်စလုံးကို ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ အမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်သည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အဖြစ်မှန်ဖြစ်၍၊ မည်သူမျှ ငြင်းဆိုနိုင်ခြင်းမရှိသော အဖြစ်မှန်ဖြစ်၏။ အမှုအဆင့်သုံးဆင့်၏အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစားခွဲခြားခံရပြီး ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာတစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာရှိ၍၊ အခြားကိုးကွယ်သည့် ဘာသာတရားများ မရှိပေ။ ကမ္ဘာကို ဖန်ဆင်းနိုင်စွမ်းမရှိသူသည် ကမ္ဘာကိုအဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သို့ရာတွင် ကမ္ဘာကို ဖန်ဆင်းသူသည် ကမ္ဘာကို အဆုံးသတ်နိုင်မည်မှာ သေချာ၏။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ခေတ်ကို အဆုံးသတ်နိုင်ခြင်း မရှိပါက၊ ထို့အပြင် လူသားကို သူ၏စိတ်ပျိုးထောင်ရာတွင် အထောက်အကူပြုရုံသာ တတ်နိုင်ပါက သူသည် ဘုရားသခင်မဟုတ်မည်မှာ သေချာ၍ လူသားမျိုးနွယ်၏သခင် မဟုတ်မည်မှာ သေချာ၏။ သူသည် ဤကဲ့သို့သော ကြီးမားသည့်အမှုကို ဆောင်ရွက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဤကဲ့သို့သောအမှုကို လုပ်ဆောင်နိုင်သူ တစ်ဦးတည်းသာရှိ၍ ဤအမှုကို ဆောင်ရွက်နိုင်စွမ်း မရှိသူအားလုံးသည် ဘုရားသခင်မှလွဲ၍ ရန်သူများဖြစ်သည်မှာ သေချာ၏။ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် ဘုရားသခင်နှင့် သဟဇာတမဖြစ်ကြပေ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်သောကြောင့် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက ဆောင်ရွက်ကာ စကြဝဠာတစ်ခုလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ သူ့အနေဖြင့် ဣသရေလနိုင်ငံ၊ သို့မဟုတ် တရုတ်နိုင်ငံတွင် အမှုပြုနေသည်ဖြစ်စေ၊ အမှုကို ဝိညာဉ်တော်၊ သို့မဟုတ် ဇာတိခန္ဓာဖြင့် လုပ်ဆောင်နေသည်ဖြစ်စေ၊ အရာခပ်သိမ်းကို ဘုရားသခင်ကိုယ်တိုင်က ပြုလုပ်ခြင်းဖြစ်ကာ အခြားမည်သူကမျှ ပြုလုပ်နိုင်ခြင်း မရှိပေ။ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ ဘုရားသခင်ဖြစ်သောကြောင့် မည်သည့်သတ်မှတ်ချက်များ၏ အချုပ်အချယ်မျှမရှိဘဲ လွတ်လပ်စွာ လုပ်ကိုင်၏၊ ထို့အပြင် ဤသည်မှာ ရူပါရုံများအားလုံးအနက် အကြီးမားဆုံးဖြစ်၏။ ဘုရားသခင်၏ သတ္တဝါတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ သတ္တဝါတစ်ဦးတာဝန်ကို ထမ်းဆောင်၍ ဘုရားသခင်၏အလိုတော်ကို နားလည်လိုပါက ဘုရားသခင်၏အမှုကို သင်နားလည်ရမည်၊ သတ္တဝါများအတွက် ဘုရားသခင်၏အလိုတော်ကို နားလည်ရမည်၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို နားလည်ရမည်၊ ထို့နောက် သူဆောင်ရွက်သည့်အမှု၏ အရေးပါပုံအားလုံးကို နားလည်ရမည်။ ဤသည်ကို နားမလည်သူများသည် ဘုရားသခင်၏ သတ္တဝါများဖြစ်ရန် အရည်အချင်းမမီပေ။ ဘုရားသခင်၏ သတ္တဝါတစ်ဦးအနေဖြင့် သင်သည် မည်သည့်နေရာမှ လာသည်ကို နားမလည်ပါက၊ လူသားမျိုးနွယ်၏သမိုင်းနှင့် ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အမှုအားလုံးကို နားမလည်ပါက၊ ထို့အပြင် လူသားမျိုးနွယ်သည် ယနေ့တိုင် မည်သို့တိုးတက်ဖွံ့ဖြိုးလာသည်ကို နားမလည်ပါက၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို မည်သူက ကွပ်ကဲသည်ကို နားမလည်ပါက သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ယနေ့အထိ ဦးဆောင်လမ်းပြခဲ့၍၊ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားကို ဖန်ဆင်းချိန်ကတည်းက လူသားကို ချန်ရစ်ထားခဲ့ခြင်း မရှိပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြုခြင်းကို မည်သည့်အခါမျှ မရပ်ခဲ့ပါ။ လူသားမျိုးနွယ်အား ဦးဆောင်ခြင်းကို မည်သည့်အခါမျှ မရပ်ခဲ့ပါ။ ထို့အပြင် လူသားမျိုးနွယ်ကိုလည်း မည်သည့်အခါမျှ ချန်ရစ်ထားခဲ့ခြင်း မရှိပါ။ သို့သော် လူသားမျိုးနွယ်အနေနှင့် ဘုရားသခင်ကို သိရန်မဆိုထားနှင့်၊ ဘုရားသခင်တစ်ပါးရှိကြောင်းကိုပင် မသိပါ။ ထို့ကြောင့် ဘုရားသခင်၏ သတ္တဝါအားလုံးအတွက် ဤသည်ထက်သာ၍ အရှက်ရစရာအကြောင်း ရှိသလော။ လူသားကို ဘုရားသခင်ကိုယ်တိုင် ဦးဆောင်လမ်းပြသော်လည်း လူသားသည် ဘုရားသခင်၏အမှုကို နားမလည်ပါ။ သင်သည် ဘုရားသခင်၏ သတ္တဝါတစ်ဦးဖြစ်သော်လည်း သင်၏ကိုယ်ပိုင်သမိုင်းကို သင်နားမလည်ပါ။ ထို့အပြင် သင်၏လမ်းခရီးတွင် မည်သူက သင့်ကို ဦးဆောင်လမ်းပြခဲ့သည်ကို သင်မသိပါ။ သင်သည် ဘုရားသခင် ဆောင်ရွက်သည့်အမှုကို မသိသဖြင့် ဘုရားသခင်ကို မသိနိုင်ပါ။ သင်ယခုမသိပါက သင့်အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရန် မည်သည့်အခါမျှ အရည်အချင်းမီလိမ့်မည် မဟုတ်ပါ။ ယနေ့ ဖန်ဆင်းရှင်ကိုယ်တိုင် လူအားလုံးကို တစ်ဖန်ပြန်လည် ဦးဆောင်လမ်းပြ၍ လူအားလုံးကို သူ၏ဉာဏ်ပညာ၊ အနန္တတန်ခိုး၊ ကယ်တင်ခြင်းနှင့် အံ့သြဖွယ်ကောင်းခြင်းတို့ကို မြင်စေ၏။ သို့ရာတွင် သင်သည် သိလည်းမသိ၊ နားလည်းမလည်သေးပါ၊ ထို့ကြောင့် သင်သည် ကယ်တင်ခြင်းမရရှိမည့်သူဖြစ်သည် မဟုတ်လော။ စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ပါ။ ထို့အပြင် ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်အားလုံးကို သိ၍နားလည်သူ အားလုံးသည် ကယ်တင်ခြင်းခံရမည့်သူများနှင့် ဘုရားသခင်အတွက် သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ထို့အပြင် ထိုသူတို့သည် ဖယ်ရှားခံရမည့်သူများဖြစ်ကြ၏။ ဘုရားသခင်၏အလိုတော်ကို နားမလည်သူများနှင့် ဘုရားသခင်၏အမှုကို မသိသူများသည် ဘုရားသခင်အား သိသည့်ပညာကို ရနိုင်စွမ်း မရှိသူများဖြစ်၍ ထိုကဲ့သို့သောသူများသည် ဘုရားသခင်အတွက် သက်သေခံမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံလိုပါက ဘုရားသခင်ကို သိရမည်ဖြစ်၍ ဘုရားသခင်အား သိခြင်းကို ဘုရားသခင်၏အမှုမှတစ်ဆင့် စွမ်းဆောင်ရရှိလိမ့်မည်။ အားလုံးကို ခြုံငုံကြည့်ပါက၊ သင်သည် ဘုရားသခင်ကို သိလိုလျှင် ဘုရားသခင်၏အမှုကို သိရမည်၊ ဘုရားသခင်၏ အမှုကိုသိခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ အမှုအဆင့်သုံးဆင့် အဆုံးသတ်သည့်အခါ ဘုရားသခင်အတွက် သက်သေခံသူများ၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ဖွဲ့လိမ့်မည်။ ထိုသူတို့အားလုံးသည် ဘုရားသခင်ကိုသိ၍ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ကြပေလိမ့်မည်။ ထိုသူတို့တွင် လူ့သဘာဝနှင့် အသိစိတ်တို့ ရှိမည်ဖြစ်ကာ ထိုသူတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုဆိုင်ရာ အဆင့်သုံးဆင့်ကို သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင်စွမ်းဆောင်ရရှိမည့် အမှုဖြစ်ကာ ထိုသူတို့သည် အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအမှု၏ ပုံဖော်ချက်ဖြစ်သည့်အပြင် စာတန်ကို အဆုံးတွင် အောင်နိုင်ခြင်းအတွက် အားအကောင်းဆုံးသော သက်သေခံချက်ဖြစ်၏။ ဘုရားသခင်အတွက် သက်သေခံနိုင်သူများသည် ဘုရားသခင်၏ကတိနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိနိုင်မည်ဖြစ်၍ အဆုံးတွင် ကျန်ရှိသည့်အုပ်စု၊ ဘုရားသခင်၏ အခွင့်အာဏာကို ပိုင်ဆိုင်၍ ဘုရားသခင်အတွက် သက်သေခံသည့်အုပ်စုဖြစ်လိမ့်မည်။ သင်တို့အကြားတွင်ရှိသော သူတို့အားလုံး၊ သို့မဟုတ် တစ်ဝက်သည်သာလျှင်၊ သို့မဟုတ် အနည်းငယ်သာလျှင် ဤအုပ်စုတွင် အဖွဲ့ဝင်ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်၊ ယင်းမှာ သင်တို့၏အလိုဆန္ဒနှင့် သင်တို့လိုက်လျှောက်ရာတို့ အပေါ်တွင် မူတည်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
No comments:
Post a Comment