မျက်မှောက်ခေတ်သို့ ငါတို့ရောက်ရှိလာခြင်းသည် ဘုရားသခင်၏ အမှုကြောင့်ဖြစ်သည်။ ထိုကြောင့် ငါတို့အားလုံးသည် ဘုရားသခင်၏စီမံခန့်ခွဲမှုတွင် အသက်ရှင်ကျန်ရှိနေသူများဖြစ်ကြ၍ ယနေ့တိုင်အောင် ငါတို့ အသက်ရှင်ရပ်တည်လာနိုင်ခြင်းသည် ဘုရားသခင်၏ ကြီးမားသော မြှင့်တင်ပျိုးထောင်ပေးခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်အရ အဆင်းနီသော နဂါးကြီး၏နိုင်ငံသည် ဖျက်ဆီးခြင်းကို ခံရသင့်သည်။ သို့ရာတွင် သူသည် အစီအစဉ်နောက်တစ်ခု တည်ထောင်ထားပြီးဖြစ်သည်ဟု ငါထင်သည်၊ သို့မဟုတ် သူ့အမှု၏ နောက်တစ်ပိုင်းကို ဆောင်ရွက်လိုသည်ဟု ငါထင်သည်။ ထိုကြောင့် ထိုအကြောင်းအရာကို ငါသည် ယနေ့ထက်ထိ ရှင်းလင်းပြတ်သားစွာ ရှင်းပြနိုင်ခြင်း မရှိသေးသဖြင့် ၎င်းသည် အဖြေရှာ၍မရနိုင်သော ပဟေဠိကဲ့သို့ ဖြစ်နေပေသည်။ သို့ရာတွင် အားလုံးကို ခြုံငုံ၍ပြောရသော် ငါတို့အုပ်စုကို ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး၊ ဘုရားသခင်သည် ငါတို့အထဲ၌ အခြားလုပ်စရာရှိဦးမည်ဟု ငါဆက်လက်၍ ယုံကြည်သည်။ သို့ဖြစ်၍ ငါတို့အားလုံး ကောင်းကင်ဘုံထံ ဤကဲ့သို့ အသနားခံရမည်။ "ကိုယ်တော်၏အလိုတော် ပြည့်စုံပါစေ။ ကိုယ်တော်၏ ဘုန်းတန်ခိုးနှင့် မျက်နှာတော်ကို ပို၍ရှင်းလင်းစွာ မြင်နိုင်ရန်အလို့ငှာ ကိုယ်တော်ဖုံးကွယ်မထားဘဲ ကိုယ်တော် ကျွန်ုပ်တို့ထံသို့ နောက်တစ်ဖန် ပေါ်ထွန်းတော်မူပါ။" ဘုရားသခင် ငါတို့ကို ဦးဆောင်သောလမ်းသည် ဖြောင့်ဖြူးသောလမ်း မဟုတ်ဘဲ ချိုင့်ခွက်များ ပြည့်နှက်နေသည့် ကွေ့ကောက်သောလမ်းဖြစ်သည်ဟု ငါအမြဲခံစားရသည်။ လမ်းခရီးသည် ကြမ်းတမ်လေလေ ငါတို့၏ နှလုံးသားမှ မေတ္တာကို ဖော်ပြခွင့်ရလေလေ ဖြစ်သည်ဟု ဘုရားသခင်မိန့််တော်မူသည်။ သို့ရာတွင် ငါတို့အထဲမှ မည်သူမျှ ထိုလမ်းမျိုးကို မဖောက်နိုင်ပေ။ ငါ့ဘ၀အတွေ့အကြုံတွင် ကြမ်းတမ်းပြီး အန္တရာယ်များသော ခရီးလမ်းများစွာကို လျှောက်လှမ်းခဲ့ဖူးပြီး ကြီးစွာသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရဖူးသည်။ ငါသည် တစ်ခါတစ်ရံ ဟစ်အော်ပစ်လိုက်ချင်သည်အထိ ကြီးစွာပင် သောကရောက်ခဲ့သည်။ သို့ရာတွင် ငါသည် ဤခရီးလမ်းကို ယနေ့ထိတိုင် လျှောက်လှမ်းခဲ့သည်။ ဤခရီးလမ်းသည် ဘုရားသခင်ဦးဆောင်လမ်းပြသောလမ်းဖြစ်သည်ဟု ငါယုံကြည်သောကြောင့် ဆင်းရဲဒုက္ခအားလုံးကို ငါကြံ့ကြံ့ခံ၍ ခရီးဆက်သည်။ ဤအရာကို ဘုရားသခင် ချမှတ်ဆုံးဖြတ်ထားသည်ဖြစ်၍ မည်သူလွဲရှောင်နိုင်အံ့နည်း။ မည်သည့်ကောင်းချီးများကိုမျှ ရရှိရန် ငါမတောင်းဆိုပါ။ ဘုရားသခင်၏ အလိုတော်အတိုင်း ငါလျှောက်လှမ်းရမည့်လမ်းကို ငါလျှောက်လှမ်းနိုင်ရန်အတွက်သာ ငါတောင်းဆိုသည်။ သူတစ်ပါးကို အတုခိုးရန် သို့မဟုတ် သူတို့လျှောက်သောလမ်းကို လျှောက်လှမ်းရန် ငါမကြိုးပမ်း။ ငါ့အတွက် သတ်မှတ်ထားသောလမ်းကို အဆုံးတိုင်အောင် လျှောက်လှမ်းရန်ဖြစ်သည့် ငါ၏ဆပ်ကပ်မြှုပ်နှံမှုကို ဖြည့်ဆည်းရန်အတွက်သာ ငါကြိုးစားအားထုတ်သည်။ သူတစ်ပါး၏ အကူအညီကို ငါမမျှော်ကိုးပါ။ ပွင့်လင်းစွာ ပြောရလျှင် အခြားသူများကိုလည်း ငါမကူညီနိုင်ပါ။ ဤကိစ္စတွင် ငါသည် အလွန်စိတ်ဆတ်သောသူ ဖြစ်ဟန်တူသည်။ သူတစ်ပါး မည်သို့ထင်မြင်သည်ကို ငါမသိပေ။ ထိုသို့ဖြစ်ရခြင်းမှာ လူတစ်ဦးတစ်ယောက်သည် ဒုက္ခဆင်းရဲကို မည်သည့်အတိုင်းအတာအထိခံရမည်နှင့် သူတို၏လမ်းခရီးကို မည်မျှဝေးလံသည်အထိ လျှောက်လှမ်းရမည်တို့ကို ဘုရားသခင်က ချမှတ်ဆုံးဖြတ်ထားခြင်းဖြစ်၍ မည်သူမျှ အခြားသူကို မကူညီနိုင်ဟု ငါအမြဲတမ်း ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ စိတ်အားထက်သန်သော ငါတို့၏ ညီအစ်ကိုမောင်နှမအချို့က ငါ၌ ချစ်ခြင်းမေတ္တာခေါင်းပါးသည်ဟု ပြောကောင်းပြောပေမည်။ သို့သော်ငြားလည်း ငါသည် ထိုသို့သာ ယုံကြည်သည်။ လူတို့သည် ဘုရားသခင်၏ လမ်းပြပို့ဆောင်မှုကို အမှီပြု၍ မိမိလမ်းခရီးကို လျှောက်ကြခြင်းဖြစ်ပြီး၊ ငါ၏ညီအစ်ကိုမောင်နှမအများစုသည် ငါ့နှလုံးသားကို နားလည်ကြမည်ဟု ငါယုံကြည်သည်။ ငါတို့၏မေတ္တာသည် ပိုမိုစင်ကြယ်လာကာ ငါတို့၏ခင်မင်မှုသည် ပိုမိုတန်ဖိုးရှိလာစေရေးအတွက် ဘုရားသခင်က ငါတို့ကို ဤကိစ္စနှင့်ပတ်သက်၍ သာ၍ကြီးသော ဉာဏ်အလင်း ထောက်ပံ့ပေးရန်ကိုလည်း ငါမျှော်လင့်သည်။ ဘုရားသခင်၏ ဦးဆောင်မှုကို အခြေခံ၍ ငါတို့၏အချင်းချင်းဆက်ဆံမှုကို တည်ဆောက်နိုင်ရန်အတွက် ဤအကြောင်းအရာအပေါ် စိတ်ရှုပ်ထွေးမှုမရှိဘဲ ပို၍ရှင်းလင်းစွာ မြင်သာနိုင်စေပါ။
ဘုရားသခင်သည် တရုတ်ပြည်မကြီးတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့၍ ယခု ငါတို့ရောက်ရှိနေသော နေရာသို့ ငါတို့ အဆုံးတွင်ရောက်ရှိလာနိုင်အောင် ဘုရားသခင်က လူအပေါင်းတို့အတွက် ကြီးသောအဖိုးအခကို ပေးခဲ့ရသည်။ လူတိုင်းကို လမ်းကြောင်းမှန်ပေါ်သို့ လမ်းပြနိုင်ရန်အတွက် ဤအလုပ်ကို လူတိုင်း၏ အားအနည်းဆုံးနေရာမှ အစပြုရမည်ဟု ငါထင်သည်။ ထိုနည်းအားဖြင့်သာ ပထမဦးဆုံး အဆီးအတားကို ကျော်လွှားနိုင်၍ ရှေ့သို့ချီတက်နိုင်မည်ဖြစ်သည်။ ဤနည်းသည် ပိုကောင်းသည်မဟုတ်လော။ နှစ်ထောင်ပေါင်းများစွာ ယိုယွင်းပျက်စီးနေခဲ့သော တရုတ်ပြည်ကြီးသည် ယနေ့တိုင် ဤအတိုင်း ရှေ့သို့ချီတက်ဆဲဖြစ်သည်။ ရောဂါပိုးမွှားမျိုးစုံသည် ဆက်လက်ပြန့်ပွားကာ ကပ်ဆိုးကဲ့သို့ နေရာတိုင်းသို့ ပျံ့နှံ့လျက်ရှိသည်။ လူတို့၏ ပေါင်းသင်းဆက်ဆံမှုကို ကြည့်ရုံဖြင့် လူတို့တွင် ရောဂါပိုးမွှား အရေအတွက် မည်မျှရှိနေသည်ကို မြင်နိုင်သည်။ ဤကဲ့သို့ တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ရောဂါပိုးမွှားများပျံ့နှံ့နေသည့် ဤနေရာတွင် သူ၏အမှုတော်ကို လုပ်ဆောင်ရန် ဘုရားသခင်အတွက် အလွန်အမင်း ခက်ခဲလှသည်။ လူတို့၏ ပင်ကိုစရိုက်၊ ပြုမူနေထိုင်ပုံ၊ သူတို့၏လုပ်ကိုင်ဆောင်ရွက်ပုံ၊ သူတို့အသက်တာတွင် သူတို့ဖော်ပြသမျှအရာအားလုံးနှင့် သူတို့၏အချင်းချင်းလူမှုဆက်ဆံမှုအားလုံးတို့သည် မယုံနိုင်လောက်အောင် ပျက်ပြားနေပြီး၊ သူတို့၏ အသိတရားနှင့် ယဉ်ကျေးမှုများသည်ပင်လျှင် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံရသည်။ သူတို့၏ မိသားစုများနှင့် ပတ်ဝန်းကျင်များမှ လေ့လာသင်ယူရရှိထားသော အတွေ့အကြုံအမျိုးမျိုးတို့ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။ ထိုအရာအာလုံးသည် ဘုရားသခင်၏အမြင်တွင် တရားစီရင်ခြင်းကို ခံနေရပြီးဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဤတိုင်းပြည်တွင် နေထိုင်ကြသော လူတို့သည် များပြားလှသော ရောပါပိုးမွှားများကို စားသုံးထားသောကြောင့်ဖြစ်သည်။ ၎င်းသည် လူတို့အတွက် ပုံမှန်လုပ်ငန်းဆောင်တာတစ်ခုကဲ့သို့ဖြစ်နေ၍ လူတို့သည် ၎င်းကို အရေးမထားကြပေ။ ထိုကြောင့် နေရာဒေသတစ်ခုတွင် လူထု၏ ယိုယွင်းပျက်ပြားမှုများလေလေ၊ ၎င်းတို့၏အချင်းချင်းဆက်ဆံမှု မလျော်ကန်လေလေဖြစ်သည်။ လူတို့၏ ဆက်ဆံရေးများတွင် အချင်းချင်းခွက်စောင်းခုတ်ခြင်းရှိပြီး၊ ထိုနေရာဒေသသည် မာရ်နတ်တို့၏ လူသားစားသည့် မြို့ဖြစ်ဘိသည့်အလား သူတို့သည် တစ်ယောက်ကိုတစ်ယောက် မကောင်းကြံပြီး သတ်ဖြတ်ကြသည်။ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းပြီး တစ္ဆေပေါများသော ဤကဲ့သို့နေရာမျိုးတွင် ဘုရားသခင်၏ အမှုတော်ကိုဆောင်ရွက်ရန် မယုံနိုင်လောက်အောင်ပင် ခက်ခဲသည်။ လူတို့နှင့်ဆက်ဆံရသောအခါ ဘုရားသခင်ထံ အဆက်မပြတ် ငါအသနားခံလေ့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ ငါသည် လူနှင့်ဆက်ဆံရမည်ကို အမြဲကြောက်ရွံနေပြီး၊ ငါ့စိတ်နေသဘောထားဖြင့် သူတစ်ပါး၏ "ဂုဏ်သိက္ခာ" အား စော်ကားမိမည်ကို စိုးရိမ်မှုကြီးခြင်းကြောင့် ဖြစ်သည်။ ထိုမသန့်ရှင်းသောဝိညာဉ်များ အရမ်းမဲ့ပြုကြမည်ကို ငါ့နှလုံးသားတွင် ငါအမြဲစိုးရိမ်သောကြောင့် ငါ့ကို အကာအကွယ်ပေးပါရန် ဘုရားသခင်ကို ငါအမြဲတမ်း တောင်းလျှောက်သည်။ ငါတို့ကြားတွင် ထိုသူတို့အချင်းချင်း မလျော်ကန်သော ဆက်ဆံမှုအမျိုးမျိုးရှိသည်ကို တွေ့မြင်ရသည်။ ဤအရာအားလုံးကို ငါမြင်၍ ငါ့နှလုံးသားထဲတွင် မုန်းတီးခြင်း ရှိလာသည်။ လူလူချင်း လူသားနှင့်ဆိုင်သော ကိစ္စများ၌သာ အစဉ်အလုပ်ရှုပ်နေကြကာ ဘုရားသခင်ကို လုံးဝဂရုမစိုက်ကြသောကြောင့် ဖြစ်သည်။ ဤလူတို့၏ လုပ်ရပ်များကို ငါ၏ရိုးတွင်းခြင်ဆီအထိ ငါရွံမုန်းသည်။ တရုတ်ပြည်မကြီးတွင် နေထိုင်သော လူတို့၌ ယိုယွင်းဖောက်ပြန်သော စာတန်၏ စိတ်နေသဘောထားမှအပ မည်သည့်အရာကိုမျှ မတွေ့ရပေ။ ထိုကြောင့် ထိုလူတို့တွင် ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ အကျိုးရှိသောအရာဟူ၍ မတွေ့နိုင်လောက်အောင်ပင် ဖြစ်သည်။ အမှုအားလုံးကို သန့်ရှင်းသောဝိညာဉ်တော်က ဆောင်ရွက်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကသာ လူတို့ကို တို့ထိကာ သူတို့အထဲ၌ အလုပ်လုပ်ခြင်းဖြစ်သည်။ ထိုလူတို့ကို အသုံးပြုရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဘက်က ပူးပေါင်းဆောင်ရွက်သည့် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခံရခြင်းဟူသောအမှုကို မပြုနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို တို့ထိရန် ပင်ပန်းကြီးစွာ လုပ်ဆောင်သော်လည်း လူတို့သည်ထုံထိုင်းပြီး ဆင်ခြင်တုံတရားကင်းမဲ့ကာ ဘုရားသခင် အဘယ်အရာကို ဆောင်ရွက်နေသည့်အကြောင်းကို မသိကြပေ။ ထိုကြောင့် တရုတ်ပြည်မကြီးရှိ ဘုရားသခင်၏အမှုကို သူ၏ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းအမှုနှင့် နှိုင်းယှဉ်၍ရသည်။ ထိုသူတို့တွင် အကျိုးရှိသည့်အရာဟူ၍ မရှိသောကြောင့် ဘုရားသခင်သည် လူတိုင်းကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာစေကာ သူတို့နှင့်ပတ်သက်သည့် အရာအားလုံးကို ပြောင်းလဲပေးလိုက်သည်။ ၎င်းသည် အလွန်ကြေကွဲဖွယ်ရာ ဖြစ်သည်။ ငါသည် ထိုလူများအတွက် ဝမ်းနည်းဖွယ် ဆုတောင်းခြင်းကို မကြာခဏ ပြုလုပ်သည်။ "ဘုရားသခင်၊ ကိုယ်တော်၏ ဝိညာဉ်တော်သည် ထိုလူတို့ကို ကြီးမားစွာ တို့ထိစေရန်နှင့် ထုံထိုင်းနုံအသော ဒုက္ခကို ခံစားနေရသူများ နိုးကြားလာကာ မအိပ်တော့ဘဲ ကိုယ်တော်၏ ဘုန်းတော်နေ့ရက်ကို တွေ့မြင်စေရန်အတွက် ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ဤလူတို့အား ဖွင့်ပြတော်မူပါ။" ငါတို့အားလုံး ဘုရားသခင်ရှေ့တွင် ဤသို့ဆုတောင်းကြစို့။ အို ဘုရားသခင်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ ကိုယ်တော့်ထံသို့ လုံးဝပြန်လှည့်လာပြီး ညစ်ညမ်းသော ဤမြေမှ လွတ်မြောက်နိုင်ကာ ထ၍ ကျွန်ုပ်တို့ကို ကိုယ်တော်တာဝန်ပေးစေခိုင်းထားသော အရာကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ရန် ကျွန်ုပ်တို့ကို ပြန်လည်၍ ကရုဏာထားပြီး ကြည့်ရှုဆောင်မတော်မူပါ။ ဘုရားသခင်ထံမှ ဉာဏ်အလင်းကို ရရှိနိုင်ရန်အတွက် ငါတို့ကို ပြန်လည်၍ တို့ထိရန်နှင့် သူ့ထံသို့ တဖြည်းဖြည်း ပြန်လှည့််ကာ ငါတို့ကို ဘုရားသခင်ရယူနိုင်ရန်အတွက် ဘုရားသခင်သည် ငါတို့အပေါ် ကရုဏာထားရန် ငါမျှော်လင့်သည်။ ဤသည်မှာ ငါတို့အားလုံး၏ လိုအင်ဆန္ဒဖြစ်သည်။
ငါတို့လျှောက်လှမ်းသော ခရီးလမ်းတစ်ခုလုံးကို ဘုရားသခင်က ချမှတ်ဆုံးဖြတ်ထားသည်။ ခြုံငုံ၍ ပြောရလျှင် ငါသည် ဤခရီးဆုံးသည့်တိုင်အောင် လျှောက်လှမ်းနိုင်မည်ဟု ငါယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ငါ့ကို အစဉ် မျက်နှာသာပေး၍ ဘုရားသခင်၏ လက်တော်သည် ငါ့ကို တစ်ချိန်လုံး လမ်းပြနေသကဲ့သို့ ခံစားရသောကြောင့်ဖြစ်သည်။ ငါ့နှလုံးသားထဲ၌ ထိုအချက်ကို အခြားမည်သည့်အရာကမျှ လွင့်ပြယ်စေခြင်း မရှိပါ။ ငါသည် ဘုရားသခင်၏ အမှုတော်၌သာ အမြဲအာရုံထားသည်။ ဘုရားသခင် ငါ့ကို တာဝန်ပေးစေခိုင်းထားသမျှအရာအားလုံးကို ဆပ်ကပ်ခြင်းအားဖြင့် ပြီးမြောက်စေရန် ငါကြိုးစားလုပ်ဆောင်ပြီး ငါ့ကိုပေးအပ်ထားခြင်းမရှိသော အမှုအရာများ၌ ဝင်စွက်ဖက်ခြင်းကို ငါလုံးဝမပြုလုပ်သကဲ့သို့ အခြားသူများက လုပ်ဆောင်နေသော အမှုအရာ၌လည်း ဝင်ရောက်စွက်ဖက်ခြင်းကို ငါမပြုလုပ်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဦးအပေါ်တစ်ဦး ဝင်စွက်ဖက်မှုကင်းလျက် လူတိုင်း မိမိလမ်းကြောင်းကို လျှောက်လမ်းရမည်ဟု ငါယုံကြည်သည်။ ငါဤကဲ့သို့ ရှုမြင်သည်။ ငါ၏ပင်ကိုစရိုက်ကြောင့် ဤကဲ့သို့ ရှုမြင်ခြင်းလည်း ဖြစ်နိုင်သည်။ သို့ရာတွင် ငါ့ညီအစ်ကိုမောင်နှမများ ငါ့ကိုနားလည်၍ ခွင့်လွှတ်မည်ကို ငါမျှော်လင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါ့အဖခမည်းတော် ချမှတ်ထားသော အမိန့်များကို မည်သည့်အခါမျှ ငါမလွန်ဆန်ဝံ့ပါ။ ကောင်းကင်ဘုံ၏ အလိုတော်ကို ငါမဖီဆန်ဝံ့ပါ။ "ကောင်းကင်ဘုံ၏ အလိုတော်ကို ဖီဆန်၍မရ" သည်ကို သင်တို့မေ့လျော့နိုင်သလော။ ငါသည် တစ်ကိုယ်ကောင်းဆန်လွန်းသည်ဟု လူအချို့က ထင်ကောင်းထင်မည်။ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုတော်၏ အပိုင်းတစ်ပိုင်းကို အထူးသဖြင့် လုပ်ဆောင်ရန် ငါလာခဲ့ခြင်းဖြစ်သည်ဟု ငါမှတ်ယူသည်။ လူလူချင်းဆက်ဆံမှုများအတွက် ငါလာခဲ့ခြင်းမဟုတ်။ သူတစ်ပါးနှင့် ဆက်ဆံရေးကောင်းစေနိုင်သည့် နည်းလမ်းကို ငါသည် အလွယ်တကူ လေ့လာသင်ယူနိုင်မည် မဟုတ်ပေ။ သို့သော် ငါသည် ဘုရားသခင်က ငါ့ကို တာဝန်ပေးစေခိုင်းထားသည့် အရာအတွက် ဘုရားသခင်၏ လမ်းပြမှုကို ရရှိထားပြီး၊ ဤအမှုကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် ငါ၌ မိမိကိုယ်ကိုယုံကြည်ခြင်းနှင့် မဆုတ်မနစ်သောဇွဲရှိသည်။ ငါသည် အလွန်တစ်ကိုယ်ကောင်းဆန်နေခြင်းမျိုး ဖြစ်နိုင်ပေသည်။ ဘုရားသခင်၏ ကိုယ်ကျိုးမဲ့မေတ္တာကို ခံစားသိရှိနိုင်ရန်နှင့် သူနှင့် ပူးပေါင်ဆောင်ရွက်ကြရန်အတွက် လူတိုင်းသည် ပဏာမခြေလှမ်းကို လှမ်းနိုင်ပါမည့်အကြောင်း ငါတောင့်တသည်။ ဘုရားသခင်၏ ဒုတိယဘုန်းအာနုဘော် ကြွလာသည်ကို စောင့်မျှော်မနေနှင့်။ ထိုသို့စောင့်မျှော်ခြင်းသည် မည်သူ့အတွက်မျှ မကောင်းပေ။ ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်ရန် ငါလုပ်သင့်သည့်အရာများကို ဖြစ်နိုင်သည့်နည်းအားလုံးဖြင့် လုပ်ဆောင်ရမည်ဟု ငါအမြဲတမ်းတွေးသည်။ ဘုရားသခင်သည် လူတစ်ဦးစီအား မတူညီသောအရာကို တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ရာ ငါတို့သည် ထိုအရာကို မည်သို့ဖြစ်မြောက်စေရမည်ကို စဉ်းစားသင့်သည်။ သင်တို့သည် သင်တို့မည်သည့်လမ်း၌ အမှန်တကယ် လျှောက်လှမ်းနေသည်ကို သတိပြုသင့်သည်။ ဤအချက်ကို သင်တို့ ရှင်းလင်းစွာ သိရှိရန် အရေးကြီးပေသည်။ သင်တို့သည် ဘုရားသခင်ကို ကျေနပ်မှုပေးလိုသည့် ဆန္ဒရှိလျက် အဘယ်ကြောင့် မိမိကိုယ်ကို ပထမဦးစွာ သူ့ထံ မအပ်နှံကြသနည်း။ ပထမတစ်ကြိမ်တုန်းက ငါသည် ဘုရားသခင်ထံ ဆုတောင်းခဲ့စဉ် ငါ့နှလုံးသားကို သူ့အား ပုံအပ်ခဲ့သည်။ မိဘများ၊ ညီအစ်မများ၊ ညီအစ်ကိုများ၊ လုပ်ဖော်ကိုက်ဖက်များ အစရှိသည့် ငါ့ဘေးတွင်ရှိသောသူများကို ငါစိတ်ပိုင်းဖြတ်ပြီး စိတ်ထဲတွင် တွေးတောမနေတော့သည့်အခါ ငါစိတ်တွင် သူတို့ လုံးဝမရှိသည့်သကဲ့သို့ ဖြစ်ခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ငါ့စိတ်ထဲတွင် ဘုရားသခင်၊ သူ၏နှုတ်ကပတ်တော်များ သို့မဟုတ် သူ၏ဉာဏ်ပညာတော်သည်သာ ရှိနေပြီး၊ ထိုအရာများသည် ငါ့နှလုံးသာထဲတွင် အရေးအပါဆုံးနေရာ၌ ရှိခဲ့ကာ တန်ဖိုးအရှိဆုံးအရာများ ဖြစ်လာခဲ့သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဘဝဒဿနအမြင်များနှင့် ပြည့်နေသူများအတွက် ငါသည် စိတ်ခံစားမှုမရှိသော အကြင်နာကင်းမဲ့သူ ဖြစ်နေပေသည်။ ငါ၏အပြုအမူ၊ ငါ၏လုပ်ပုံကိုင်ပုံနှင့် ငါ၏လှုပ်ရှားပုံ မှန်သမျှ အားလုံးသည် သူတို့၏ စိတ်နှလုံးများကို ထွင်းဖောက်လေသည်။ ငါကိုယ်တိုင်သည် ဖြေရှင်း၍မရသော ပဟေဠိဖြစ်လာသည့်အလား သူတို့သည် ငါ့ကို ထူးဆန်းစွာ ဝေ့ကြည့်ကြသည်။ လူတို့သည် သူတို့၏စိတ်ထဲတွင် ငါ့ကို တိတ်တဆိတ် အကဲဖြတ်နေကြသည်။ ငါလုပ်ဆောင်တော့မည့်အရာကို သူတို့မသိကြပေ။ ထိုလူတို့၏ လှုပ်ရှားမှုတိုင်းကြောင့် ငါသည် ရှေ့သို့လှမ်းနေခြင်းကို အဘယ်သို့ ရပ်တန့်ပေးနိုင်မည်နည်း။ သူတို့သည် မနာလိုခြင်း၊ စက်ဆုပ်ရွံရှာခြင်း သို့မဟုတ် လှောင်ပြောင်ခြင်းတို့ ရှိကောင်းရှိနိုင်သည်။ ဤလောကကမ္ဘာကြီးထဲတွင် ဘုရားသခင်နှင့် ငါသာရှိ၍ အခြားမည်သူတစ်ဦးတစ်ယောက်မျှ မရှိသည့်အလား ဘုရားသခင်ရှေ့မှောက်တွင် ငါသည် စိတ်အားထက်သန်စွာ ဆုတောင်းဆဲဖြစ်သည်။ ပြင်ပမှစွမ်းအားများသည် ငါ့ကို အစဉ်မပြတ် နီးကပ်စွာ ဖိနှိပ်ချုပ်ချယ်နေကြသည်။ သို့ရာတွင် ဘုရားသခင်၏ တို့ထိမှုကြောင့် ဖြစ်ပေါ်လာသောခံစားချက်များသည်လည်း ငါ့အတွင်း၌ တလိပ်လိပ်တက်လာသည်။ ဤကဲ့သို့ အကျဉ်းအကျပ်ထဲ၌ ငါသည် ဘုရားသခင် ရှေ့တော်မှောက်တွင် ဦးညွှတ်၏။ "အို ဘုရားသခင်၊ ကိုယ်တော်၏ အလိုတော်အတွက် ကျွန်ုပ် မဆောင်ရွက်လိုသောဆန္ဒ ဘယ်သောအခါမျှ မရှိပါ။ ကိုယ်တော်၏အမြင်တွင် ကျွန်ုပ်သည် ဂုဏ်သရေရှိပြီး ရွှေစင်ကဲ့သို့ မှတ်ယူခံရသော်လည်း ကျွန်ုပ်သည် အမှောင်ထု၏ စွမ်းအားများအောက်မှ မလွတ်မြောက်နိုင်ပါ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် တစ်သက်လုံး ဒုက္ခခံလိုပါ၏။ ကိုယ်တော်၏အမှုတော်ကို ကျွန်ုပ်ဘဝ၏အလုပ် ဖြစ်စေလိုပါ၏။ ကျွန်ုပ်ကိုယ်ကို ကိုယ်တော်အား ဆက်ကပ်နိုင်ရန်အတွက် သင့်လျော်သော ဆိတ်ငြိမ်သည့်နေရာတစ်နေရာကို ပေးသနားတော်မူပါရန် တောင်းလျှောက်လိုပါ၏။ အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော့်အတွက် မိမိကိုယ်ကို ဆက်ကပ်အပ်နှံလိုပါ၏။ လူသား၏အားနည်းချက်ကို ကိုယ်တော်ရှင် သိပါလျက် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်ထံမှ မိမိကိုယ်မိမိ ဖုံးကွယ်ထားရပါသနည်း။" ထိုအချိန်တွင်ပင် ငါသည် လေညှင်းထဲ မိမိ၏အမွှေးရနံ့ထုတ်လွှင့်နေသည့် တောင်နှင်းပန်းကဲ့သို့ ခံစားခဲ့ရသော်လည်း ၎င်းကို မည်သူမျှ မသိခဲ့ပေ။ မိုးကောင်းကင်သည် ငိုကြွေးနေလျက်ရှိပြီး ငါသည် ငါ့နှလုံးသားထဲတွင် ပို၍ပြင်းပြသော နာကျင်မှုရှိခဲ့သည့်အလား ငါ၏နှလုံးသားသည် ဆက်လက်ငိုကြွေးခဲ့၏။ စွမ်းအား အားလုံးနှင့် လူတို့၏ ဝိုင်းရံထားမှုသည် မိုးတိမ်ကင်းစင်သောနေ့တွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်၏။ ငါ့နှလုံးသားကို မည်သူနားလည်နိုင်မည်နည်း။ ထိုကြောင့် ငါသည် ဘုရားသခင်၏ရှေ့သို့ ပြန်၍ရောက်လာခဲ့ပြီး ဤသို့ပြောခဲ့သည်၊ "အို ဘုရားသခင်၊ ဤညစ်ညမ်းသောမြေပေါ်တွင် ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် နည်းလမ်မရှိတော့ပြီလော။ အခြားလူတို့သည် ထောက်ပံ့မှုပေးသော၊ နှိပ်စက်ညှင်းပန်းမှုကင်းသော ပတ်ဝန်းကျင်၌ သက်သောင့်သက်သာ နေရသော်လည်း ကိုယ်တော်၏နှလုံးသားကို အဘယ်ကြောင့် အရေးမထားနိုင်ကြသနည်း။ ကျွန်ုပ်သည် အတောင်ပင်ဖြန့်ငြားသော်လည်း အဘယ်ကြောင့် အဝေးသို့ မပျံသန်းနိုင်ရသနည်း။ ကိုယ်တော် သဘောမတူသလော။" ငါသည် ဤအကြောင်းအရာကြောင့် ရက်ပေါင်းများစွာ ငိုကြွေးခဲ့ရသည်။ သို့သော် ငါ၏ဝမ်းနည်းနေသော နှလုံးသားကို ဘုရားသခင်သည် နှစ်သိမ့်ပေးလိမ့်မည်ဟု ငါအမြဲယုံကြည်ခဲ့သည်။ အစမှအဆုံးအထိ မည်သူမျှ ငါ၏စိုးရိမ်ကြောင့်ကြနေသော စိတ်အခြေအနေကို နားမလည်နိုင်ခဲ့ပေ။ ဤအချင်းအရာသည် ဘုရားသခင်၏ တိုက်ရိုက်အမြင် ဖြစ်ကောင်းဖြစ်ပေမည်၊ ငါ့တွင် ဘုရားသခင်၏အမှုတော်အတွက် စိတ်အားထက်သန်မှု အစဉ်အမြဲရှိပြီး၊ ငါသည် အသက်ရှုရန်ပင် အချိန်မရှိပေ။ ယနေ့အထိတိုင် ငါဤသို့ဆုတောင်းလျက်ရှိသည်၊ "အို ဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားသည် ငြိမ်သက်ခြင်း အနည်းငယ်မျှကို ရရှိနိုင်ရန်၊ ကျွန်ုပ်သည် ကိုယ်တော်အတွက် ဆိတ်ငြိမ်သောနေရာတွင် အသက်ရှင်နေထိုင်နိုင်ရန်၊ ကိုယ်တော့်အတွက် အနှောင့်အယှက်မရှိဘဲ အမှုပြုနိုင်ရန်၊ ကိုယ်တော်ကို ကျွန်ုပ်၏ဘဝတစ်သက်တာတစ်လျှောက်လုံး အစေခံရန်အလို့ငှာ ကျွန်ုပ်သည် မိမိ၏ စိတ်နှလုံးသားကို ငြိမ်သက်စေနိုင်ရန်နှင့် ကိုယ်တော်၏ အမှုတော်သည် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်းသို့ ဖွင့်ထားလျက်ရှိပြီး စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့စေနိုင်ရန်အတွက် ကိုယ်တော်အလိုရှိပါက ကိုယ်တော်၏ သာ၍ကြီးမားသော ထိုအမှုတော်ကို ထမ်းရွက်နိုင်ရန် ကျွန်ုပ်ကို လမ်းပြပို့ဆောင်တော်မူပါ။" ဤသည်မှာ ငါ့နှလုံးသားအတွင်းက တောင့်တမှုဖြစ်သည်။ ငါသည် မာနကြီးသည်၊ မောက်မာသည်ဟု ငါ့ညီအစ်ကို မောင်နှမများက ပြောကောင်းပြောကြမည်ဖြစ်သည်။ ယင်းမှာ အမှန်တရားဖြစ်သည့်အတွက် ငါလက်ခံသည်၊ လူငယ်တို့ပိုင်ဆိုင်သည်မှာ မောက်မာမှုပင်ဖြစ်သည်။ ဤသို့ဖြင့် ငါသည် အမှန်တရားများကို မဆန့်ကျင်ဘဲ သမ္မာတရားကို ပြောသည်။ သင်တို့သည် ငါ၌ လူငယ်တစ်ယောက်၏ ပင်ကိုစရိုက်များကို တွေ့မြင်ရမည်ဖြစ်သော်လည်း အခြားလူငယ်များနှင့် မည်သည့်နေရာတွင် ငါခြားနားသည်ကိုလည်း သင်တို့တွေ့မြင်နိုင်သည်။ ထိုအရာမှာ ငါ၏တိတ်ဆိတ်ငြိမ်သက်မှုနှင့် တည်ငြိမ်မှု ဖြစ်သည်။ ငါသည် ဤအကြောင်းအရာကို ရေးကြီးခွင်ကျယ်လုပ်နေခြင်း မဟုတ်ပေ။ ငါ့ကိုယ်ငါသိသည်ထက် ဘုရားသခင်က ငါ့ကို ပိုသိသည်ဟု ငါယုံကြည်သည်။ ဤနှုတ်ကပတ်တော်များသည် ငါ့နှလုံးသားထဲမှ ထွက်လာသောအရာများဖြစ်၍ ငါ့ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို စော်ကားခြင်းဟု မမြင်ရန် ငါမျှော်လင့်သည်။ ငါတို့၏အသက်တာများ ပိုမိုလှပလာစေရန်အတွက် ငါတို့နှလုံးသားထဲက စကားများကို ဖွင့်ပြောကာ ငါတို့ လိုက်စားခြင်း၏ ရည်မှန်းချက်တစ်ခုစီကို စေ့စေ့ကြည့်ပြီး၊ ဘုရားသခင်အပေါ်ထားရှိသော ငါတို့၏ ချစ်တတ်သောစိတ်များကို နှိုင်းယှဉ်လျက်၊ ဘုရားသခင်ကို ငါတို့တီးတိုးပြောသည့် စကားများကို နားစွင့်ကာ ငါတို့၏ နှလုံးသားထဲရှိ အလှပဆုံးသီချင်းများကို သီဆိုပြီး၊ ငါတို့၏ဂုဏ်ယူဖွယ်ရာအကြောင်းအရာနှင့် ပတ်သက်သည့် ခံစားချက်များကို ဖော်ပြကြစို့။ အတိတ်ကို မေ့လိုက်ပြီး၊ အနာဂတ်ကိုရှေးရှုလော့။ ဘုရားသခင်သည် ငါတို့အတွက် လမ်းကို ဖွင့်ပေးလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
အကြံပြုစာမျာ:
Myanmar Hymn Music Video | နားခိုရာအိမ် ဘယ်မှာလဲ
No comments:
Post a Comment