သင်တို့ရဲ့ နေ့စဉ်အသက်တာမှာ ဆုတောင်းခြင်းကို သင်တို့ အရေးမစိုက်ဘူး။ လူတွေက ဆုတောင်းခြင်းကို အမြဲတမ်းပဲ လျစ်လျူရှုထားကြတယ်။ အရင်က ဆုတောင်းတဲ့အခါ သူတို့က စိတ်ဝင်စားမှု မရှိဘဲနဲ့ ဆုတောင်းကြတယ်၊ ဆုတောင်းတာကို အပျော်လုပ်ကြတယ်။ ပြီးတော့ ဘယ်သူကမှ သူတို့ရဲ့ နှလုံးသားကို ဘုရားထံ အပြည့်အဝ မပေးကြဘူး၊ ဘုရားထံ အမှန်တကယ် ဆုမတောင်းကြဘူး။ လူတွေက သူတို့ တစ်ခုခုဖြစ်မှ ဘုရားကို ဆုတောင်းကြတယ်။ ဒီအချိန်တစ်လျှာက်လုံးမှာ သင်ဘုရားကို အမှန်တကယ် ဆုတောင်းဖူးသလား။ ဘုရားရှေ့မှာ နာကျင်မှု မျက်ရည်တွေနဲ့ ငိုကြွေးဖူးသလား။ ဘုရားရှေ့မှာ သင့်ကိုယ်သင် သိမြင်လာခဲ့ဖူးသလား။ ဘုရားနဲ့ နှလုံးသားချင်း ဆက်သွယ်ကာ ဆုတောင်းဖူးသလား။ ဆုတောင်းခြင်းဟာ တဖြည်းဖြည်း လေ့ကျင့်ရပါတယ်။ သင်အိမ်မှာ ပုံမှန် ဆုတောင်းလေ့ မရှိဘူးဆိုရင် ဘုရားကျောင်းမှာလည်း ဆုတောင်းမှာ မဟုတ်ဘူး။ အစည်းအဝေး အသေးစားတွေမှာ ဆုတောင်းလေ့ မရှိရင် အကြီးစား အစည်းဝေးပွဲတွေမှာ ဆုတောင်းနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ သင်ဟာ ဘုရားထံ ပုံမှန်ချဉ်းကပ်လေ့မရှိဘူး (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဆင်ခြင်သုံးသပ်လေ့ မရှိဘူးဆိုရင် ဆုတောင်းတဲ့ အချိန်ရောက်တဲ့အခါ သင့်မှာ ဘာမှ ပြောစရာရှိမှာ မဟုတ်ဘူး။ ဆုတောင်းဖြစ်ရင်တောင်မှ သင့်ရဲ့ နှုတ်ခမ်းတွေပဲ လှုပ်နေမှာ၊ စစ်မှန်သော နည်းလမ်းနဲ့ ဆုတောင်းဖြစ်မှာ မဟုတ်ဘူး။
အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ သင့်နှလုံးသားထဲက စကားတွေကို ဘုရားကို ပြောခြင်းကို ပြောတာပါ၊ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကိုသိ၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေ အပေါ်မှာလည်း အခြေပြုပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်းကို ပြောတာ ဖြစ်တယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ အထူးသဖြင့် ဘုရားနဲ့ နီးကပ်နေသလို ခံစားရခြင်း၊ ဘုရားက သင့်ရှေ့မှာ ရှိနေသလို ခံစားရခြင်း၊ သင့်မှာ သူ့ကို ပြောစရာတစ်ခုခု ရှိနေတယ်လို့ ခံစားရခြင်း၊ သင့်ရဲ့ နှလုံးသားထဲက အလင်းရောင် ဖြာထွက်နေသလို ခံစားရခြင်း၊ ဘုရားက ထူးထူးခြားခြား နှစ်လိုဖွယ် ကောင်းတယ်လို့ ခံစားရခြင်းကို ဆိုလိုတယ်။ သင်ဟာ အထူးသဖြင့် စိတ်ထဲမှာ နှိုးကြွခြင်းကို ခံစားရမယ်။ သင့်ရဲ့ စကားလုံးတွေကို ကြားပြီးနောက်မှာ သင့်ညီအစ်ကို မောင်နှမတွေဟာ အားရကျေနပ်မှုကို ခံစားရမယ်။ သင်ပြောတဲ့ စကားလုံးတွေက သူတို့ နှလုံးသားထဲမှာရှိတဲ့ စကားလုံး၊ သူတို့ပြောချင်နေတဲ့ စကားလုံးတွေ ဖြစ်နေတာကို ခံစားရပြီး သင်ပြောသမျှဟာ သူတို့ပြောချင်နေတဲ့ အရာကို ကိုယ်စား ပြုနေတယ်လို့ ခံစားရမယ်။ အမှန်တကယ် ဆုတောင်းတယ်ဆိုတာ ဒါကို ဆိုလိုပါတယ်။ သင်ဟာ အမှန်တကယ် ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့နှလုံးသားမှာ ငြိမ်သက်ခြင်း၊ အားရကျေနပ်ခြင်းကို ခံစားရမယ်။ ဘုရားကို ချစ်နိုင်စွမ်း တိုးလာပြီး သင်ဟာ သင့်ဘဝတစ်ခုလုံးက ဘယ်အရာမှ ဘုရားကို ချစ်ခြင်းထက်ပိုပြီး ထိုက်တန်ခြင်း၊ အရေးပါခြင်း မရှိတာကို ခံစားရလိမ့်မယ်။ အဲဒီအရာတွေ အားလုံးက သင့်ရဲ့ဆုတောင်းခြင်း ထိရောက်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။ သင်ဟာ အဲဒီလိုမျိုး ဆုတောင်း ဖူးသလား။
သင်ဆုတောင်းတဲ့အခါမှာရော ဘာတွေတောင်းလဲ။ သင် ဆုတောင်းတဲ့အခါမှာ သင့်ရဲ့ လက်ရှိ အခြေအနေမှန်အပေါ် မူတည်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ဆုတောင်းသင့်တယ်။ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပြီးမြောက်ရမယ့်အရာ ဖြစ်တယ်။ ပြီးတော့ သင်ဟာ ဘုရားရဲ့ အလိုအတိုင်း၊ လ နဲ့ ပတ်သက်တဲ့ဘုရားရဲ့ သတ်မှတ်ချက်များအတိုင်း ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောသင့်တယ်။ ဆုတောင်းတဲ့ အလေ့အကျင့်ကို သင်စတင်တဲ့အခါမှာ ပထမဆုံး သင့်ရဲ့ နှလုံးသားကို ဘုရားထံပေးပါ။ ဘုရားရဲ့ အလိုက ဘာလဲဆိုတာကို နားလည်ဖို့ မကြိုးစားပါနဲ့။ သင့်နှလုံးသားထဲမှာရှိတဲ့ စကားတွေကိုသာ ဘုရားကို ပြောဖို့ကြိုးစားပါ။ သင်ဟာ ဘုရားရှေ့ကို လာတဲ့အခါမှာ ဒီလိုပြောဆိုပါ။ "အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံခဲ့ဘူးဆိုတာကို ဒီနေ့မှ ကျွန်ုပ် သိပါတယ်။ ကျွန်ုပ်ဟာ တကယ်ပဲ အကျင့်ပျက်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့သူ ဖြစ်ပါတယ်။ အရင်က ကျွန်ုပ်ဟာ အချိန်တွေဖြုန်းခဲ့တယ်။ ဒီနေ့ကနေစပြီး ကိုယ်တော်အတွက် အသက် ရှင်ပါ့မယ်။ ဘဝကို အဓိပ္ပါယ်ရှိရှိ အသက်ရှင်ပြီး၊ ကိုယ်တော့်ရဲ့ အလိုဆန္ဒ ပြည့်စုံအောင် လုပ်ပါ့မယ်။ ကိုယ်တော့်ရဲ့ ဝိညာဉ်တော်ကို ကျွန်ုပ်ရဲ့ အထဲမှာ အမြဲ အလုပ်လုပ်စေလိုပါတယ်၊ ဝိညာဉ်တော်က ဉာဏ်အလင်းပေးပြီး အလင်းပြစေလိုပါတယ်။ အဲဒါဆို ကျွန်ုပ်က ကိုယ်တော့်ရဲ့ ရှေ့မှာ ခိုင်မာပြီး ထူးကဲလှတဲ့ သက်သေခံချက်ကို ပေးနိုင်မှာဖြစ်တယ်။ ကျွန်ုပ်တို့ အတွင်းမှာ ရှိတဲ့ ကိုယ်တော့်အကြောင်း သက်သေခံချက်၊ ကိုယ်တော့်ရဲ့ ဘုန်းတော်နဲ့ အောင်မြင်မှုသက်သေကို စာတန်ကိုလည်း မြင်စေမှာ ဖြစ်တယ်။" သင် အဲဒီလိုဆုတောင်းရင် သင့်နှလုံးသားဟာ လွတ်မြောက်မှုကို ရရှိလိမ့်မယ်။ အဲဒီလို ဆုတောင်းပြီးတဲ့အခါမှာ သင့်ရဲ့ နှလုံးသားက ဘုရားနဲ့ ပိုမို နီးစပ်လာပါလိမ့်မယ်။ ဒီလိုနည်းနဲ့ မကြာခဏ ဆုတောင်းတဲ့အခါမှာ သန့်ရှင်းသော ဝိညာဉ်တော်ဟာ သင့်အတွင်းမှာ မလွဲမသွေ အလုပ်လုပ်လိမ့်မယ်။ သင်ဟာ ဘုရားကို ဒီနည်းလမ်းနဲ့ အမြဲတမ်းခေါ်ပြီး သင့်ရဲ့ ဆုံးဖြတ်ချက်ကို ဘုရားရှေ့မှာ ချထားရင် သင့်ရဲ့ ဆုံးဖြတ်ချက်ကို ဘုရား လက်ခံနိုင်တဲ့နေ့၊ သင့်ရဲ့ နှလုံးသားနဲ့ ခန္ဓာ၊ စိတ်၊ ဝိညာဥ်အားလုံးကို ဘုရား လက်ခံတဲ့နေ့ ရောက်လာလိမ့်မယ်။ အဆုံးမှာ သင့်ကို ဘုရားက အလုံးစုံ ပြည့်စုံစေလိမ့်မယ်။ ဆုတောင်းခြင်းက သင်တို့အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ သင်ဆုတောင်းတဲ့အခါ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်လုပ်တာကို သင်ရရှိလိမ့်မယ်၊ သင့်နှလုံးသားကို ဘုရား တို့ထိလိမ့်မယ်၊ သင့်အထဲမှာ ရှိတဲ့ ဘုရားကို ချစ်နိုင်စွမ်း ပေါ်ထွက်လာလိမ့်မယ်။ သင့်နှလုံးသားနဲ့ ဆုမတောင်းဘူးဆိုရင်၊ သင့်နှလုံးသားကို ဖွင့်ပြီး ဘုရားကို မဆက်သွယ်ဘူးဆိုရင် ဘုရားဟာ သင့်ထဲမှာ အလုပ်လုပ်မှာ မဟုတ်ဘူး။ သင်ဟာ သင့်နှလုံးသားထဲမှာရှိတဲ့ စကားလုံးအားလုံးကို ပြောပြီးတဲ့အချိန်မှာ ဘုရားရဲ့ ဝိညာဉ်တော်ဟာ မလှုပ်ရှားသေးရင်၊ သင့်ကိုယ်တွင်းမှာ နှိုးဆော်မှုကို မခံစားရရင်၊ သင့်နှလုံးသားဟာ လေးနက်မှု မရှိသေးဘူး၊ သင့်စကားလုံးတွေဟာ မမှန်ကန်ဘူး၊ သင်က မသန့်ရှင်းသေးဘူး ဆိုတာကို ပြတာပဲ။ ဘုရားရှေ့မှောက်မှာ အစေခံတဲ့ သူတစ်ယောက်အနေနဲ့ ဆုတောင်းခြင်း မပြုလုပ်ဘဲနေလို့ မရပါဘူး။ သင်ဟာ ဘုရားနဲ့ မိဿဟာရဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိတဲ့ အရာတစ်ခုအဖြစ် အမှန်တကယ်မြင်ရင် ဆုတောင်းခြင်းကို စွန့်လွှတ်နိုင်ပါ့မလား။ ဘုရားနဲ့ ဘယ်သူမှ ဆက်သွယ်မှု မပြုဘဲ နေလို့မရပါဘူး။ ဆုတောင်းခြင်း မရှိရင် သင်ဟာ ဇာတိနဲ့ အသက်ရှင်နေတာ ဖြစ်တယ်၊ စာတန်ရဲ့ ချည်နှောင်မှုကို ခံနေရပြီး အသက်ရှင်နေတာ ဖြစ်တယ်။ စစ်မှန်တဲ့ ဆုတောင်းခြင်း မရှိရင် သင်ဟာ မှောင်မိုက်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်။ ညီအစ်ကို မောင်နှမတို့ဟာ နေ့စဉ်နေ့တိုင်း အမှန်တကယ် ဆုတောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါဟာ အယူဝါဒတွေ အပေါ်မှာ စွဲလန်းခြင်း မဟုတ်ဘူး၊ ကြိုးစားအားထုတ်ရမယ့် အရာတစ်ခု ဖြစ်တယ်။ အိပ်စက်ခြင်းနဲ့ ကျေနပ်နေတာတွေကို နည်းနည်းလျှော့ပြီး အရုဏ်ဦးအချိန်မှာ မနက်ပိုင်း ဆုတောင်းမှုပြုပြီး ဘုရားရဲ့ နှုတ်ထွက်စကားတွေကို မွေ့လျော်ဖို့ ဆန္ဒရှိသလား။ သင်ဟာ သန့်ရှင်းတဲ့ နှလုံးသားနဲ့ ဆုတောင်းပြီး ဘုရားရဲ့ နှုတ်ထွက်စကားတွေကို မှီဝဲသုံးဆောင်မယ်ဆိုရင် အဲဒီလို လုပ်ခြင်းအားဖြင့် သင်ဟာ ဘုရားရဲ့ လက်ခံခြင်းကို ပိုပြီးရရှိမှာပါ။ သင်ဟာ နေ့စဉ် သင့်နှလုံးသားကို ဘုရားထံ အပ်နှံခြင်းကို လက်တွေ့ကျင့်သုံးပြီး ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောရင် ဘုရားနဲ့ ပတ်သက်တဲ့ သင့်ရဲ့ အသိပညာဟာ သေချာပေါက် တိုးလာမှာဖြစ်ပြီး ဘုရားရဲ့ အလိုကို ပိုပြီးနားလည်နိုင်စွမ်း ရှိလာနိုင်မှာ ဖြစ်တယ်။ သင်က "အို ဘုရားသခင်၊ ကျွန်ုပ်တို့ရဲ့ အသက်တာမှာ ကိုယ်တော့်ရဲ့ ဘုန်းထင်ရှားနိုင်စေဖို့၊ ဒီလူစုဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ သက်သေခံချက်ကို ကိုယ်တော်နှစ်သက်နိုင်စေဖို့၊ ကျွန်ုပ်ရဲ့ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်ထံ ဆပ်ကပ်နိုင်စေဖို့အတွက်၊ ကျွန်ုပ်ဟာ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်လိုတဲ့ ဆန္ဒရှိပါတယ်။ ကျွန်ုပ်ဟာ ကိုယ်တော်ကို အမှန်တကယ်ချစ်ပြီး ကိုယ်တော် စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်ဖို့၊ ကိုယ်တော့်ကို ကျွန်ုပ်အရောက်လှမ်းဖို့ ကြိုးစားတဲ့ ပန်းတိုင်ဖြစ်စေနိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ အထဲမှာ အလုပ်လုပ်ဖို့ ကိုယ်တော်ကို အသနားခံ တောင်းလျှောက်ပါတယ်"လို့ ပြောသင့်တယ်။ အဲဒီလို မဖြစ်မနေ ဆုတောင်းဖို့ လိုတယ်လို့ သင့်စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ခံစားရရင် ဘုရားဟာ သေချာပေါက် သင့်ကို ပြီးပြည့်စုံစေမှာ ဖြစ်တယ်။ သင်ဟာ သင့်အတွက်ပဲ ဆုမတောင်းသင့်ဘူး၊ ဘုရားရဲ့အလို ပြည့်စုံအောင် လုပ်ဆောင်နိုင်ဖို့၊ ဘုရားကို ချစ်ဖို့အတွက်လည်း ဆုတောင်းသင့်တယ်။ အဲဒီလို ဆုတောင်းခြင်းကသာ အစစ်မှန်ဆုံး ဆုတောင်းခြင်း ဖြစ်တယ်။ ဘုရားရဲ့အလို ပြည့်စုံအောင် လုပ်ဆောင်နိုင်ဖို့ သင်ဆုတောင်းပါသလား။
အရင်တုန်းက ဘယ်လို ဆုတောင်းရမယ်ဆိုတာကို သင်တို့မသိခဲ့ဘူး။ ဆုတောင်းခြင်းကို လျစ်လျူ ရှုခဲ့ကြတယ်။ ဒီနေ့မှာတော့ ဆုတောင်းတာကို လေ့ကျင့်ဖို့ သင်တို့ အကောင်းဆုံး လုပ်ဆောင်ရမယ်။ သင်က ဘုရားကို ကြိုးစားချစ်နိုင်စွမ်း မရှိဘူးဆိုရင် သင်ဘယ်လို ဆုတောင်းနိုင်ပါ့မလဲ။ သင်က "အို ဘုရား၊ ကျွန်ုပ်ရဲ့ နှလုံးသားဟာ ကိုယ်တော်ကို အမှန်တကယ်ချစ်ဖို့ မတတ်စွမ်းနိုင်ပါဘူး။ ကျွန်ုပ်ဟာ ကိုယ်တော်ကို ချစ်ချင်ပေမဲ့ အားနည်းနေပါတယ်။ ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ။ ကျွန်ုပ်ရဲ့ ဝိညာဉ်မျက်စိကို ဖွင့်ပေးပါ။ ကျွန်ုပ်ရဲ့ နှလုံးသားကို ကိုယ်တော်ရဲ့ ဝိညာဉ်တော်နဲ့ တို့ထိပါ။ ဒါမှသာ ကျွန်ုပ်ရဲ့ တက်ကြွမှုမရှိတဲ့ အခြေအနေတွေ ကိုယ်တော့်ရဲ့ရှေ့မှာ မရှိတော့မှာ ဖြစ်တယ်။ လူပုဂ္ဂိုလ်၊ ဝတ္ထုပစ္စည်း သို့မဟုတ် တစ်ခုခုရဲ့ ကန့်သတ်မှုကို မခံရမှာ ဖြစ်တယ်။ ကျွန်ုပ်ရဲ့ တစ်ဘဝလုံးကို ကိုယ်တော့်ထံ ဆက်ကပ်ထားသလိုဘဲ ကျွန်ုပ်ရဲ့ နှလုံးသားကိုလည်း ကိုယ်တော့်ရှေ့မှာ ဖွင့်ပြထားပါတယ်။ ကျွန်ုပ်ကို ကိုယ်တော်ဆန္ဒရှိသလို စမ်းသပ်နိုင်ပါတယ်။ အခု ကျွန်ုပ်ရဲ့ ရှေ့ရေးကိုလည်း မစဉ်းစားတော့ပါဘူး၊ သေခြင်းတရား ကလည်း ကျွန်ုပ်ကို မချည်နှောင်ထားပါဘူး။ ကိုယ်တော်ကို ချစ်တဲ့ ကျွန်ုပ်ရဲ့ နှလုံးသားကို အသုံးပြုပြီး အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါတယ်။ အရာအားလုံးနဲ့ ဖြစ်ပျက်သမျှဟာ ကိုယ်တော်ရဲ့ လက်ထဲမှာ ရှိပါတယ်။ ကျွန်ုပ်ရဲ့ ကံကြမ္မာဟာ ကိုယ်တော်ရဲ့ လက်ထဲမှာ ရှိပါတယ်။ ဒါ့အပြင် ကျွန်ုပ်ရဲ့ အသက်တာဟာလည်း ကိုယ်တော်ရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ယခု ကိုယ်တော်ရဲ့ အချစ်ကို ကျွန်ုပ်ရအောင် အားထုတ်ပါတယ်။ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က ဘယ်လိုပဲ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါတယ်"လို့ ဆုတောင်းသင့်တယ်။ အဲဒီလိုအရာတွေကို ကြုံရတဲ့အခါမှာ အဲဒီလို သင်အဲဒီလို ဆုတောင်းပါ။ သင် အဲဒီလိုနေ့စဉ်လုပ်ရင် ဘုရားကို ချစ်နိုင်စွမ်း တဖြည်းဖြည်း ကြီးလိမ့်မယ်။
စစ်မှန်တဲ့နည်းလမ်းနဲ့ ဘယ်လိုဆုတောင်းမလဲ။
ဆုတောင်းနေစဉ် ဘုရားရှေ့မှာ သင့်နှလုံးသားဟာ ငြိမ်းသက်ခြင်းရှိနေရမယ်၊ ရိုးသားရမယ်။ သင်ဟာ ဘုရားနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး စကားပြောပြီး ဆုတောင်းနေခြင်း ဖြစ်တယ်။ နားထောင်ကောင်းတဲ့ စကားလုံးတွေကို သုံးပြီး ဘုရားကို မလှည့်စားရဘူး။ ဘုရား ဒီနေ့ ဘာကို ပြီးမြောက်အောင် လုပ်ချင်လဲ ဆိုတဲ့ အချက်အပေါ်မှာ အခြေခံပြီး ဆုတောင်းရမယ်။ ပိုမိုကောင်းမွန်တဲ့ အသိအမြင်ကြွယ်ဝမှုနဲ့ ဖွင့်ပြခြင်းကို သင့်ထံပေးဖို့ ဘုရားကို တောင်းဆိုပါ။ သင့်ရဲ့အခြေအနေမှန်နဲ့ ပြဿနာတွေကို ဘုရားရဲ့ရှေ့ကို ယူလာပြီး ဆုတောင်းပါ။ ဘုရားရှေ့မှာ ဆက်ကပ်အပ်နှံပါ။ ဆုတောင်းခြင်းဟာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ခြင်း မဟုတ်ဘဲ သင့်ရဲ့စစ်မှန်တဲ့ နှလုံးသားကို အသုံးပြုပြီး ဘုရားကို ရှာဖွေခြင်း ဖြစ်တယ်။ ဘုရားရှေ့မှာ ငြိမ်သက်ခြင်းရှိဖို့၊ သင့်ကိုယ်သင် သိဖို့၊ သင့်ကိုယ်သင် ရွံရှာဖို့၊ ဘုရား ပြင်ဆင်ပေးထားတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကို စွန့်လွှန်နိုင်ဖို့အတွက် သင့်နှလုံးသားကို ကာကွယ်ဖို့ ဘုရားကို တောင်းလျှောက်ပါ။ ဘုရားနဲ့ ပုံမှန်ဆက်ဆံရေး ရှိနိုင်ဖို့၊ ဘုရားကို အမှန်တကယ် ချစ်တဲ့သူတစ်ယောက် ဖြစ်နိုင်ဖို့ အတွက် ဖြစ်တယ်။
ဆုတောင်းခြင်းရဲ့ အရေးပါမှုက ဘာတွေလဲ။
ဆုတောင်းခြင်းဟာ လူကဘုရားနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ လူက ဘုရားကို ခေါ်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ လူဟာ ဘုရားရဲ့ ဝိညာဉ်တော်အားဖြင့် ထိတွေ့ခြင်း ခံရတဲ့ ဖြစ်စဉ်လည်း ဖြစ်တယ်။ ဆုမတောင်းတဲ့သူတွေဟာ ဝိညာဉ်တော်မရှိတဲ့ လူသေတွေလို့ ပြောနိုင်တယ်။ သူတို့မှာ ဘုရားရဲ့ တို့ထိခြင်း ခံရဖို့ အစွမ်းအစနည်းကြောင်းကို ဖော်ပြတဲ့ သက်သေ ဖြစ်တယ်။ ဆုတောင်းခြင်း မရှိလျှင် သူတို့ဟာ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို မရရှိနိုင်ဘူး။ သန်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနောက်သို့ လိုက်ဖို့ဆို ပိုပြီးတော့ မတတ်နိုင်ကြဘူး။ ဆုမတောင်းဘဲနေတာက သူတို့နဲ့ ဘုရားရဲ့ အကြားမှာရှိတဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တာပဲ၊ အဲဒီလိုလုပ်တဲ့ သူတွေဟာ ဘုရား မျက်နှာသာပေးခြင်းကို လက်ခံနိုင်စွမ်း မရှိတဲ့သူတွေ ဖြစ်တယ်။ ဘုရားကို ယုံကြည်သူ တစ်ယောက်အနေနဲ့ သင်ဟာ ပိုပြီး ဆုတောင်းလေလေ ဘုရားရဲ့ ထိတွေ့မှုကို ပိုရရှိလေလေ ဖြစ်တယ်။ အဲဒီလိုလူတွေရဲ့ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာပြီး ဘုရားဆီက ခေတ်အမှီဆုံး ဉာဏ်အလင်းကို ပိုပြီးလက်ခံနိုင်စွမ်းရှိတဲ့ သူတွေ ဖြစ်တယ်။ အကျိုးရလဒ်အနေနဲ့ အဲဒီလိုလူတွေကိုသာ သန့်ရှင်းသော ဝိညာဉ်တော်က အမြန်ဆုံး ပြီးပြည့်စုံအောင် လုပ်ပေးနိုင်တယ်။
ဆုတောင်းခြင်းအားဖြင့် ရရှိတဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ။
လူတွေက ဆုတောင်းတဲ့ အလေ့အကျင့်ကို လုပ်ဆောင်နိုင်ကြပြီး ဆုတောင်းခြင်းရဲ့ အရေးပါမှုကို နားလည်နိုင်တယ်။ ဒါပေမဲ့ ဆုတောင်းခြင်းအားဖြင့် ရရှိအောင် ကြိုးစားရမယ့် အကျိုးသက်ရောက်မှုကတော့ ရိုးရှင်းတဲ့ ကိစ္စတစ်ခု မဟုတ်ဘူး။ ဆုတောင်းခြင်းဆိုတာ လုပ်ရိုးလုပ်စဉ်အတိုင်း (သို့) လုပ်ထုံးလုပ်နည်းတွေ အတိုင်း လုပ်ခြင်း (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို အလွတ်ရွတ်ခြင်း မဟုတ်ဘူး။ ဆိုလိုတာကတော့ ဆုတောင်းခြင်းဟာ ကြက်တူရွေးလို အလွတ်မှတ်ထားတဲ့ စကားလုံးတွေကို ရွတ်တာ၊ သူများလုပ်တိုင်း လိုက်လုပ်တာ မဟုတ်ဘူး။ ဆုတောင်းတဲ့အခါမှာ ဘုရားတို့ထိတာကို ခံရဖို့အတွက် သင့်နှလုံးသားထဲက စကားလုံးတွေကို ဘုရားနဲ့ဝေမျှရင်း သင့်နှလုံးသားကို ဘုရားကို ပေးအပ်ရမယ်။ သင့်ရဲ့ ဆုတောင်းချက်တွေကို အကျိုးသက်ရောက်မှု ရှိစေချင်ရင် ဆုတောင်းချက်တွေဟာ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဖတ်ရှုခြင်း အပေါ်မှာ အခြေခံတဲ့ ဆုတောင်းချက်တွေ ဖြစ်ရမယ်။ ဘုရားရဲ့ စကားတွေနဲ့ ဆုတောင်းမှသာ သင်ဟာ အသိအမြင်ကြွယ်ဝမှုနဲ့ ဖွင့်ပြခြင်းကို ပိုလက်ခံနိုင်မှာ ဖြစ်တယ်။ ဘုရားချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို တောင့်တပြီး အဲဒီပြဋ္ဌာန်းချက်တွေအတိုင်း ပြည့်မှီအောင် အသက်ရှင်လိုတဲ့ နှလုံးသားက စစ်မှန်တဲ့ ဆုတောင်းချက်ကို ဖော်ပြတယ်။ ဘုရားမုန်းတီးတဲ့ အရာတွေကို သင်မုန်းတီးလာနိုင်လိမ့်မယ်။ အဲဒီလို မုန်းတီးနိုင်စွမ်းအပေါ်မှာ အခြေခံပြီး သင်ဟာ အသိပညာကို ရရှိလိမ့်မယ်။ ဘုရား ရှင်းပြတဲ့ သမ္မာတရား အကြောင်းကို သိလာလိမ့်မယ်၊ ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ယုံကြည်ခြင်း၊ အသိပညာနဲ့ ဆုတောင်းပြီးနောက်ပိုင်းမှာ လိုက်လျောက်ရမယ့် လမ်းရှိခြင်းတို့ကသာလျှင် စစ်မှန်စွာ ဆုတောင်းခြင်း ဖြစ်ပြီး ဒီလိုဆုတောင်းခြင်းကသာ ထိရောက်မှုရှိနိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့ ဆုတောင်းခြင်းကို ဘုရားရဲ့ နှုတ်ထွက်စကားများ၌ မွေ့လျော်ခြင်း၊ ဘုရားရဲ့ စကားတွေအားဖြင့် ဘုရားနဲ့ ရင်းရင်းနှီးနှီး စကားပြောခြင်း၊ နှလုံးသားက ဘုရားကို ရှာဖွေနိုင်ခြင်းနဲ့ ဘုရားရဲ့ ရှေ့မှာ ငြိမ်သက်ခြင်း ရှိခြင်းစတဲ့ အခြေခံ အုတ်မြစ်တွေ အပေါ်မှာ တည်ဆောက်ရမယ်။ ဒီလိုဆုတောင်းခြင်းမျိုးဟာ ဘုရားနဲ့ အမှန်တကယ် ရင်းရင်းနှီးနှီး ပြောဆိုတဲ့ အဆင့်ကို ရောက်ရှိနှင့်ပြီး ဖြစ်ပါတယ်။
ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ အခြေခံအချက်များ
၁။ စိတ်ထဲက ပေါ်လာတဲ့ အရာမှန်သမျှကို ဒီတိုင်းလျှောက် မပြောပါနဲ့။ သင့်နှလုံးသားမှာ ဝန်တာတစ်ခု ရှိရမယ်။ ဆိုလိုတာကတော့ သင်ဆုတောင်းတဲ့အခါမှာ ရည်ရွယ်ချက်တစ်ခုရှိရမယ်။
၂။ သင့်ရဲ့ ဆုတောင်းချက်မှာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ပါဝင်ရမယ်။ ဆုတောင်းချက်တွေဟာ ဘုရားရဲ့ နှုတ်ကပတ်တော်ကို အခြေခံရမယ်။
၃။ ဆုတောင်းတဲ့ အချိန်မှာ အတိတ်ကို ပြန်မသွားရဘူး။ ဟောင်းနေပြီဖြစ်တဲ့ အကြောင်းအရာတွေကို ပြန်သယ် မလာရဘူး။ သန့်ရှင်းသောဝိညာဉ်တော်က လက်ရှိအချိန်မှာ ပြောနေတဲ့စကားတွေကို ပြောဖို့ အထူး လေ့ကျင့်သင့်တယ်။ ဒါမှသာ သင်ဟာ ဘုရားနဲ့ဆက်သွယ်နိုင်မှာဖြစ်တယ်။
၄။ အုပ်စုလိုက် ဆုတောင်းတဲ့အခါမှာ အကြောင်းအရာတစ်ခုကို အဓိကထားပြီး ဆုတောင်းရမယ်။ အဲဒီအကြောင်းအရာဟာလည်း သန့်ရှင်းသော ဝိညာဉ်တော်က ယနေ့ လုပ်ဆောင်နေတဲ့ အရာဖြစ်ရမယ်။
၅။ တစ်ပါးသူတွေအတွက် ဘယ်လို ဆုတောင်းရမယ်ဆိုတာကို လူအားလုံး သင်ယူထားရမယ်။ ဘုရားရဲ့ နှုတ်ထွက်စကားတွေထဲက သူတို့ ဆုတောင်းပေးချင်တဲ့ အကြောင်းအရာကို ရှာရမယ်၊ အဲဒီ အကြောင်းအရာဟာလည်း သူတို့စိတ်ထဲမှာ ဝန်တာတစ်ခုလို ခံစားရတဲ့ အကြောင်းအရာဖြစ်ရမယ်၊ အဲဒီအတွက် သူတို့ မကြာခဏ ဆုတောင်းရမယ်။ အဲဒီလိုလုပ်တာဟာ ဘုရားရဲ့ အလိုကို ဂရုစိုက်တယ်ဆိုတာကို ပြတာပဲ။
တကိုယ်ရည် ဆုတောင်းခြင်း အသက်တာဆိုတာ ဆုတောင်းခြင်း အရေးပါတယ်ဆိုတာကို နားလည်ခြင်း၊ ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ အထက်ဖော်ပြပါ အခြေခံအချက် ငါးချက်ကို နားလည်ခြင်းတို့ အပေါ်မှာ အခြေခံတယ်။ လူဟာ သူ့ရဲ့ နေ့စဉ်အသက်တာမှာရှိတဲ့ အားနည်းချက်တွေ အတွက် မကြာခဏ ဆုတောင်းရမယ်။ သူ့ရဲ့ စိတ်သဘောထားပြောင်းလဲလာအောင် ဘုရားရဲ့ နှုတ်ထွက်စကားတွေကို သိခြင်း အုတ်မြစ်အပေါ်မှာ အခြေခံပြီး ဆုတောင်းရမယ်။ လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် ဆုတောင်းခြင်း အသက်တာကို တည်ဆောက်သင့်တယ်။ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို သိနားလည်နိုင်စွမ်းရှိအောင်၊ ဘုရားရဲ့ လုပ်ဆောင်မှုအကြောင်းတွေကို ရှာဖွေတွေ့ရှိဖို့ ဆုတောင်းသင့်တယ်။ ဘုရားရှေ့မှာ သင့်ရဲ့ အမှန်တကယ် အခြေအနေကို ချပြပါ။ လက်တွေ့ဆန်ပါ။ နည်းလမ်းတွေအပေါ်မှာ အာရုံ မထားပါနဲ့၊ အဓိက သော့ချက်က စစ်မှန်တဲ့ အသိပညာကို ရဖို့၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို အမှန်တကယ် ကြုံတွေ့ ခံစားရဖို့ ဖြစ်တယ်။ ဝိညာဉ်ရေးရာ အသက်တာကို ရှင်သန်ဖို့ ကြိုးစားသူ ဘယ်သူမဆို နည်းလမ်းမျိုးစုံနဲ့ ဆုတောင်းတတ်ရမယ်။ တိတ်တဆိတ် ဆုတောင်းခြင်း၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေကို စဉ်းစား ဆင်ခြင်ခြင်း၊ ဘုရားရဲ့အလုပ်ကို သိလာခြင်း စတာတွေဟာ ဘုရားနဲ့ ရင်းရင်းနှီးနှီး အပြန်အလှန်ဆက်သွယ်တာ ဖြစ်တယ်။ အဲဒီလို လုပ်ဆောင်တာဟာ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို စတင် ရှင်သန်တာဖြစ်ပြီး ဘုရားရဲ့ ရှေ့မှာ သင့်ရဲ့ အခြေအနေ ပိုပိုပြီး ကောင်းလာအောင် လုပ်တာ၊ သင့်ရဲ့အသက်တာ ပိုပိုပြီး တိုးတက်လာအောင် လုပ်ဆောင်တာလည်း ဖြစ်တယ်။ အတိုချုပ်အနေနဲ့ ပြောရရင် ဘုရားရဲ့ နှုတ်ထွက်စကားတွေကို မှီဝဲ သုံးဆောင်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တိတ်ဆိတ်စွာ ဆုတောင်းတာ (သို့) ကျယ်လောင်စွာ ကြေညာတာပဲ ဖြစ်ဖြစ်၊ သင်လုပ်တဲ့ အရာအားလုံးဟာ ဘုရားရဲ့ စကားတွေ ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့၊ သင့်ရဲ့ အသက်တာမှာ ဘုရားပြီးမြောက်အောင် ဆောင်ရွက်လိုတဲ့အရာကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ ဖြစ်ပါတယ်။ ပိုအရေးကြီးတာက အဲဒီလိုလုပ်တာဟာ ဘုရားလိုအပ်တဲ့ စံသတ်မှတ်ချက်တွေကို ရောက်ရှိ နိုင်ဖို့၊ သင့်ဘဝကို နောက်ထပ် အဆင့်တစ်ဆင့်ကို ရောက်အောင်လုပ်ဖို့ ဖြစ်တယ်။ လူတွေဆီကနေ ဘုရား လိုအပ်တဲ့ အနိမ့်ဆုံး စံသတ်မှတ်ချက်က သူတို့ရဲ့ နှလုံးသားကို သူ့ဆီကို ဖွင့်ပြနိုင်ဖို့ ဖြစ်တယ်။ လူက သူရဲ့ စစ်မှန်တဲ့ နှလုံးသားကို ဘုရားကို ပေးပြီး သူ့နှလုံးသားထဲမှာ ရှိတဲ့ အရာတွေကို ဘုရားကိုပြောရင် ဘုရားဟာ သူ့ရဲ့ အသက်တာမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိတယ်။ ဘုရားဟာ လူ့ရဲ့ လှည့်ဖြားတတ်တဲ့ နှလုံးသားကို အလိုမရှိဘဲ သန့်စင်ပြီး ရိုးသားဖြောင့်မတ်တဲ့ နှလုံးသားကိုသာ အလိုရှိတယ်။ လူဟာ သူ့နှလုံးသားနဲ့ ဘုရားကို စစ်မှန်စွာ စကားမပြောဘူးဆိုရင် ဘုရားဟာ လူ့နှလုံးသားကို မတို့ထိဘူး သို့မဟုတ် သူ့အတွင်းမှာ အလုပ်မလုပ်ဘူး။ ဒါကြောင့် ဆုတောင်းခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးဆုံးအချက်က သင့်ရဲ့ စစ်မှန်တဲ့ နှလုံးသားထဲက စကားလုံးတွေကို ဘုရားကို ပြောဖို့ ဖြစ်တယ်။ သင့်ရဲ့ အမှားတွေကို သို့မဟုတ် ပုန်ကန်တဲ့ စိတ်သဘောကို ဘုရားကိုပြောခြင်းနဲ့ ဘုရားကို လုံးဝဖွင့်ပြခြင်းတို့ ဖြစ်တယ်။ ဒီလိုမှသာ ဘုရားက သင့်ရဲ့ ဆုတောင်းချက်တွေကို စိတ်ဝင်စားမှာဖြစ်တယ်။ ဒီလိုမဟုတ်ရင် ဘုရားဟာ သူ့မျက်နှာကို သင့်ထံမှ ဖုံးကွယ်ထားမှာပါ။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်က ဘုရားရဲ့ ရှေ့ရောက်တဲ့အခါမှာ သင့်နှလုံးသားထဲမှာ ငြိမ်သက်ခြင်းရှိအောင် ထားဖို့ဖြစ်တယ်။ အဲဒီငြိမ်သက်ခြင်းက ဘုရားဆီက မခွဲခွာ သွားရဘူး။ ဒီအတောအတွင်းမှာ အမြင်သစ် (သို့) ပိုပြီးအဆင့်မြင့်တဲ့ အမြင်ကို ရချင်မှ ရမယ်။ ဒါပေမဲ့ သင့်ရဲ့ အခြေအနေ ဆုတ်ယုတ် မသွားဖို့အတွက် ဆုတောင်းရမယ်။ အနည်းဆုံးတော့ အဲဒါကို သင်လုပ်ရမယ်။ အဲဒါကိုတောင်မှ သင် မလုပ်ဆောင်နိုင်ဘူးဆိုရင် သင့်ရဲ့ ဝိညာဉ်ရေးရာ အသက်တာဟာ လမ်းကြောင်းမှန်ကို မရောက်သေးဘူးဆိုတာကို ပြတာပဲ။ အကျိုးရလဒ်အနေနဲ့ သင်ဟာ သင့်ရဲ့ မူလရူပါရုံကို စွဲကိုင်နိုင်မှာ မဟုတ်ဘူး။ ဘုရားအပေါ် ယုံကြည်ခြင်း လျော့နည်းလာမယ်။ သင့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ပိုင်းမှာ ပျောက်ကွယ်သွားမယ်။ ဝိညာဉ်ရေးရာ အသက်တာကို သင်စတင် ရှင်သန်နိုင်သလား၊ မနိုင်ဘူးလားဆိုတာ သင့်ရဲ့ ဆုတောင်းခြင်းတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိ၊ မရှိဆိုတဲ့ အချက် အပေါ်မှာ မူတည်ပါတယ်။ လူအားလုံးဟာ ဒီပကတိ အရှိတရားကို သိပြီး လက်ခံရမယ်။ ဆုတောင်းတာကို သူတို့ကိုယ်တိုင် ဂရုတစိုက် လေ့ကျင့်ရမယ်၊ ဘာမှ မလုပ်ဘဲ စောင့်နေတာမျိုး မလုပ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့ခြင်းကို ခံရဖို့အတွက် ဂရုတစိုက် ကြိုးစားရှာဖွေရမယ်။ အဲဒါမှ သူတို့ဟာ ဘုရားကို အမှန်တကယ်ရှာဖွေတဲ့သူတွေ ဖြစ်ကြလိမ့်မယ်။
သင်ဆုတောင်းဖို့ အစပြုတဲ့အခါမှာ လက်တွေ့ကျရမယ်။ မိမိနိုင်တာထက် ပိုမလုပ်ရဘူး။ သင့်ပါးစပ်ကို ဖွင့်လိုက်တာနဲ့ သန်ရှင်းသော ဝိညာဉ်တော်ရဲ့ တို့ထိခြင်းခံရမယ်၊ အသိအမြင်ကြွယ်ဝမှုကိုရမယ်၊ ဖွင့်ပြခြင်းကိုရမယ်၊ ကျေးဇူးတော်တွေအများကြီး ပေးသနားခြင်းခံရမယ်လို့ မျှော်လင့်ပြီး အလွန်အကျွံ တောင်းဆိုမှုတွေ ပြုလုပ်လို့ မရပါဘူး။ ဒါတွေက မဖြစ်နိုင်ပါဘူး။ ဘုရားက သဘာဝလွန်တွေကို မပြုလုပ်ပါဘူး။ ဘုရားဟာ သူ့ရဲ့ ကိုယ်ပိုင်အချိန်အတွင်းမှာ လူတွေရဲ့ ဆုတောင်းချက်တွေကို ပြည့်စုံ စေပါတယ်။ တစ်ခါတစ်လေ သူ့ရှေ့မှာ သင်က သစ္စာရှိ၊ မရှိ သိဖို့အတွက် သင့်ရဲ့ ယုံကြည်မှုကို သူ စမ်းသပ်ပါတယ်။ သင် ဆုတောင်းတဲ့အခါမှာ ယုံကြည်မှု၊ ဇွဲလုံ့လနဲ့ ဆက်ကပ်အပ်နှံမှုတို့ ရှိရပါမယ်။ လူတွေဟာ ဆုတောင်းဖို့ စပြီး လေ့ကျင့်တဲ့အခါမှာ အများစုက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့မှုကို မခံစားရတဲ့အတွက် စိတ်ဓါတ်ကျကြပါတယ်။ ဒီလိုဆိုရင်တော့ မရပါဘူး။ သင်ဇွဲရှိရမယ်။ သန်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့တာကို ခံစားနိုင်စွမ်းရှိဖို့ အာရုံစိုက်ရမယ်။ ရှာဖွေမှု လေ့လာမှုတို့အပေါ်မှာ အာရုံစိုက်ရမယ်။ တစ်ခါတစ်လေမှာ သင်ပြုမူလုပ်ဆောင်တဲ့ လမ်းကြောင်းဟာ မှားယွင်းနေတတ်တယ်။ တစ်ခါတစ်လေမှာ သင့်ရဲ့ လှုံ့ဆော်မှုတွေနဲ့ အယူအဆတွေဟာ ဘုရားရှေ့မှာ ခိုင်ခိုင်မာမာ တည်ရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဘုရားရဲ့ ဝိညာဉ်တော်ဟာ သင့်ကို မထိတွေ့ဘူး။ ဒါကြောင့် ဘုရားဟာ သင်သစ္စာရှိ၊ မရှိ ကြည့်တဲ့ အချိန်တွေလည်း ရှိတယ်။ အတိုချုပ် ပြောရရင်တော့ သင် လေ့ကျင့်ဖို့အတွက် သင့်ကိုယ်သင် ပိုပြီး စိတ်နှစ်ရပါမယ်။ သင်ပြုမူလုပ်ဆောင်တဲ့ အရာဟာ စံနဲ့သွေဖီနေတာကို သင်တွေ့ရှိသွားရင် သင်ဆုတောင်းတဲ့ ပုံစံကို ပြောင်းလဲနိုင်တယ်။ သင်က အမှန်တကယ် ရှာဖွေနေသရွေ့၊ လက်ခံရရှိဖို့ တောင့်တသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို သေချာပေါက်သိ စေမယ့် အမှန်တရားက- "တစ်ခါတစ်လေမှာ သင်က စစ်မှန်တဲ့ နှလုံးသားနဲ့ ဆုတောင်းပေမဲ့ ထိတွေ့ခြင်း ခံရတယ်လို့ သင်မခံစားရဘူး။ ဒီလိုအချိန်မျိုးမှာ သင့်ရဲ့ ယုံကြည်ခြင်းကို အားကိုးရမှာ ဖြစ်ပြီး ဘုရားက သင့်ရဲ့ ဆုတောင်းချက်တွေကို နားထောင်တယ်ဆိုတာကို ယုံကြည်ရမယ်။ ဆုတောင်းတဲ့ အခါမှာ ဇွဲရှိရမယ်"ဆိုတာ ဖြစ်တယ်။
သင်ဟာ ရိုးသားရမယ်။ သင့်နှလုံးသားထဲက လှည့်ဖြားတတ်မှုတွေကို ဖယ်ထုတ်ဖို့အတွက် ဆုတောင်းရမယ်။ လိုအပ်တဲ့ အချိန်တိုင်းမှာ သင့်ကိုယ်သင် စင်ကြယ် သန့်ရှင်းစေဖို့အတွက် ဆုတောင်းသလိုပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အထိအတွေ့ကို ခံရဖို့ ဆုတောင်းခြင်းကို အသုံးပြုရမယ်။ သင့်ရဲ့ စိတ်သဘောဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာလိမ့်မယ်။ စစ်မှန်တဲ့ ဝိညာဉ်ရေးရာ အသက်တာဟာ ဆုတောင်းခြင်း အသက်တာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ တို့ထိခြင်းခံရတဲ့ အသက်တာ ဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့ခြင်းခံရတဲ့ ဖြစ်စဉ်ဆိုတာက လူ့ရဲ့ ပင်ကိုယ်စိတ်သဘောကို ပြောင်းလဲတဲ့ ဖြစ်စဉ်ပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ထိတွေ့ခြင်း မခံရသေးတဲ့ အသက်တာဟာ ဝိညာဉ်အသက်တာ မဟုတ်ဘူး။ ဘာသာရေးဓလေ့အတိုင်း အသက်ရှင်တဲ့ အသက်တာတစ်ခု ဖြစ်နေဆဲပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ တို့ထိခြင်းခံရပြီး အသိအမြင် ကြွယ်ဝမှုနဲ့ ဖွင့်ပြခြင်းကို ရတဲ့သူတွေသာ ဝိညာဉ်အသက်တာကို ရှင်သန်ကြတာ ဖြစ်တယ်။ ဆုတောင်းနေတဲ့အချိန်မှာ လူ့စိတ်သဘောဟာ အမြဲ ပြောင်းလဲနေလေ့ရှိတယ်။ သူဟာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပြုပြင်ခံရလေလေ၊ ပိုပြီးတက်ကြွပြီး နာခံလာလေလေ ဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့စိတ်သဘောက တဖြည်းဖြည်း ပြောင်းပြီးနောက်မှာ သူ့ရဲ့ နှလုံးသားဟာလည်း တဖြည်းဖြည်း သန့်စင်လာမှာပါ။ ဒါက စစ်မှန်တဲ့ ဆုတောင်းခြင်းရဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
အကြံပြုစာမျာ: တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
No comments:
Post a Comment