菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

12/03/2019

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်

သမ္မာတရား, ကယ်တင်ခြင်း, အသက်, ယေရှု, ဝိညာဉ်တော်,

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် ဘုရားသခင်၏ မြေကြီးနှင့်သက်ဆိုင်သည့် မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသားအခြေခံအုတ်မြစ်ဖြစ်သည်။

ထိုအချိန်ကာလ၌ ဣသရေလပြည်ရှိ ယေဟောဝါအမှု၏ အရေးပါမှု၊ ရည်ရွယ်ချက်နှင့် အဆင့်များမှာ ကမ္ဘာတစ်ခုလုံးပေါ်၌ သူ၏အမှုကို အစပျိုးနိုင်ရန်၊ ထိုမှတစ်ဆင့် ဣသရေလပြည်ကို ၎င်း၏ဗဟိုအနေဖြင့် သတ်မှတ်ထားပြီး တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတို့ထံသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားစေနိုင်ရန်ဖြစ်သည်။ ယင်းမှာ စကြဝဠာတစ်လျှောက် သူအမှုပြုသည့် အခြေခံသဘောတရားဖြစ်ပြီး စံပုံစံတစ်ခုကို တည်ထောင်ကာ စကြဝဠာတစ်ခုလုံးရှိ လူများသည် သူ၏ဧဝံဂေလိသတင်းကောင်းကို လက်ခံရရှိသည့်တိုင်အောင် ထိုစံပုံစံကို ချဲ့ထွင်သွားရန်ဖြစ်သည်။ ပထမဦးဆုံးသော ဣသရေလလူမျိုးများမှာ နောဧ၏ သားစဉ်မြေးဆက်များဖြစ်သည်။ ထိုသူတို့မှာ ယေဟောဝါ၏ ဇီဝအသက်ဖြင့်သာ ပြည့်စုံစေခြင်းခံခဲ့ရပြီး အသက်တာ၏ အခြေခံလိုအပ်ချက်များကို တာဝန်ယူရန်သာ အလုံအလောက် နားလည်သဘောပေါက်ထားသည်၊ သို့သော်လည်း ယေဟောဝါသည် မည်သို့သော ဘုရားသခင်ဖြစ်ကြောင်း၊ သို့မဟုတ် လူသားအတွက် သူ၏အကြံအစည်မှာ အဘယ်အရာဖြစ်ကြောင်း မသိခဲ့ကြသည့်အပြင်၊ ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ရိုသေလေးမြတ်ရမည်ဆိုသည်ကို သာ၍ပင် သူတို့မသိခဲ့ကြ။ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် ပညတ်တော်များထားရှိခဲ့ခြင်း ရှိမရှိနှင့် ဖန်ဆင်းခံအရာများမှာ ဖန်ဆင်းရှင်အတွက် လုပ်ပေးသင့်သည့် အလုပ်ရှိမရှိ စသည်တို့နှင့်ပတ်သက်၍ အာဒံ၏ သားစဉ်မြေးဆက်များမှာ ဘာမျှမသိခဲ့ကြပေ။ သူတို့သိသမျှမှာ ခင်ပွန်းဖြစ်သူက သူ၏မိသားစုကိုလုပ်ကျွေးရန် ချွေးကျအောင် အလုပ်လုပ်ရမည်၊ ဇနီးသည်က မိမိခင်ပွန်း၏ အုပ်စိုးမှုကိုနာခံသင့်ပြီး ယေဟောဝါဖန်ဆင်းခဲ့သော လူသားမျိုးနွယ် ဆက်လက်တည်တံ့အောင် လုပ်ဆောင်သင့်သည် စသည်တို့သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယေဟောဝါ၏ ဇီဝအသက်နှင့် သူ၏အသက်သာရှိသည့် ဤလူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို မည်သို့လိုက်နာရမည်၊ သို့မဟုတ် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်ကဲ့သို့ ကျေနပ်နှစ်သိမ့်အောင် လုပ်ရမည် စသည်တို့ကို ဘာမျှမသိနားမလည်ခဲ့ကြပေ။ သူတို့သည် အနည်းငယ် စိုးစဉ်းမျှသာ နားလည်ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲ၌ ဆိုးညစ်မိုက်မဲမှု၊ သို့မဟုတ် လိမ်လည်လှည့်ဖျားမှု တစ်စုံတစ်ရာ မရှိသော်ငြားလည်း၊ သူတို့အကြား၌ မနာလိုဝန်တိုမှုနှင့် အချေအတင်ငြင်းခုံမှုတို့ ရံဖန်ရံခါသာ ဖြစ်လေ့ရှိတတ်သော်ငြားလည်း ယေဟောဝါတည်းဟူသော ခပ်သိမ်းသောဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို သူတို့မသိရှိ၊ သဘောမပေါက်ခဲ့ကြပေ။ လူသားတို့၏ ဤဘိုးဘေးဘီဘင်များမှာ ယေဟောဝါ၏ဥစ္စာများကို စားသုံးရန်နှင့် ယေဟောဝါ၏ဥစ္စာများကို မွေ့လျော်ရန်သာ သိခဲ့ကြသည်၊ ယေဟောဝါကို မည်သို့ရိုသေလေးမြတ်ရန်ကိုမူ သူတို့မသိခဲ့ကြပေ၊ ယေဟောဝါသည် သူတို့အနေဖြင့် ဒူးထောက်ပြီး ဝတ်ပြုကိုးကွယ်ထိုက်သူတစ်ဦး ဖြစ်ကြောင်းလည်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်၏ဖန်ဆင်းခံများဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။ အကယ်၍ ထိုကဲ့သို့ဖြစ်နေပါလျှင် “ယေဟောဝါသည် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ဖြစ်သည်” နှင့် “လူသားတို့အနေဖြင့် သူ့ကိုပေါ်လွင်ထင်ရှားစေရန်၊ သူ့ကို ဘုန်းထင်ရှားစေရန်နှင့် သူ့ကို ကိုယ်စားပြုရန်အလို့ငှာ လူသားများကို သူဖန်ဆင်းခဲ့သည်” ဟူသည့်စကားများမှာ အဘယ်သို့ဖြစ်သွားမည်နည်း။ ၎င်းတို့ကို အချည်းနှီးပြောဆိုခဲ့ခြင်း ဖြစ်သွားလိမ့်မည် မဟုတ်လော။ ယေဟောဝါကို ရိုသေလေးမြတ်ခြင်း မရှိသည့် လူများသည် သူ၏ဘုန်းတော်အတွက် သက်သေခံချက်တစ်ခု မည်သို့ဖြစ်လာနိုင်မည်နည်း။ ထိုသူတို့သည် ဘုရားသခင့်ဘုန်းတော်၏ သရုပ်သကန်များ မည်ကဲ့သို့ ဖြစ်လာနိုင်ကြမည်နည်း။ “ငါ၏ပုံသဏ္ဌာန်နှင့်အညီ လူသားတို့ကို ငါဖန်ဆင်းခဲ့၏” ဟူသည့် ယေဟောဝါ၏ နှုတ်ကပတ်တော်များမှာ ဆိုးယုတ်သောသူတည်းဟူသော စာတန်၏လက်ထဲ၌ လက်နက်တစ်ခု ဖြစ်သွားခဲ့လိမ့်မည် မဟုတ်လော။ ဤနှုတ်ကပတ်တော်တို့မှာ လူသားတို့ကို ယေဟောဝါဖန်ဆင်းခြင်း၏ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက် အမှု၏ ထိုအဆင့်ကို ပြီးမြောက်ရန်အလို့ငှာ ယေဟောဝါသည် အာဒံလက်ထက်မှ နောဧလက်ထက်တိုင်အောင် လူသားတို့ကို မသွန်သင်ခဲ့၊ သို့မဟုတ် လမ်းမပြခဲ့ပေ။ စင်စစ်အားဖြင့် ရေလွှမ်းမိုးခြင်းသည် ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်အချိန်နောက်ပိုင်းမှသာ နောဧနှင့် အာဒံတို့၏ သားစဉ်မြေးဆက်များဖြစ်သည့် ဣသရေလလူတို့ကို သတ်သတ်မှတ်မှတ် စတင်လမ်းညွှန်ပေးခဲ့ခြင်းဖြစ်သည်။ ဣသရေလနိုင်ငံအတွင်း၌ သူ၏အမှုတော်နှင့် မိန့်မြွက်ချက်များသည် ဣသရေလပြည်တစ်လျှောက်တွင် သူတို့အသက်ရှင်နေထိုင်ခဲ့စဉ်က ဣသရေလရှိ လူအားလုံးတို့ကို လမ်းညွှန်ပေးခဲ့သည်၊ ထိုနည်းလမ်းအားဖြင့် ယေဟောဝါသည် လူသားအနေဖြင့် သူ့ထံမှ အသက်ကိုရရှိပြီး မြေမှုန့်ထဲမှထမြောက်ကာ ဖန်ဆင်းခံ လူသတ္တဝါဖြစ်သွားရန် လူသားတို့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းနိုင်သည်သာမကဘဲ သူသည် လူသားမျိုးနွယ်ကို မီးရှို့ဖျက်ဆီးနိုင်ကာ ကျိန်ဆဲနိုင်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်စိုးရန် သူ၏လှံတံကို အသုံးပြုနိုင်သည့်အကြောင်း ပြသခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်၌ လူသား၏ဘဝကို လမ်းညွှန်ပေးနိုင်သည်သာမက နေ့ညအချိန်နာရီစက္ကန့်မလပ် လူသားတို့အကြား၌ စကားပြောနိုင်၊ အမှုပြုနိုင်ကြောင်းကိုလည်း သူတို့တွေ့ခဲ့ကြသည်။ လူသားသည် သူကောက်ယူခဲ့သည့် မြေမှုန့်ထဲမှလာခဲ့ကြောင်း၊ ထိုမျှသာမကသေးဘဲ လူသားကို သူကိုယ်တိုင်ဖန်ဆင်းဖြစ်ခဲ့ကြောင်းကို သူ၏ဖန်ဆင်းခံများ သိစေရန် အတွက်သာ ထိုအမှုကိုပြုခဲ့သည်။ ဤမျှသာမက ဣသရေလပြည်၌ သူစတင်ခဲ့သည့် အမှု၏ရည်ရွယ်ချက်မှာ အခြားသောလူမျိုးများနှင့် တိုင်းနိုင်ငံများ (ထိုသူတို့မှာ ဣသရေလထဲမှ သီးခြားခွဲထုတ်ထားခြင်းမဟုတ်ဘဲ ဣသရေလလူမျိုးထဲမှ ခွဲထွက်လာခဲ့ခြင်းဖြစ်ပြီး အာဒံနှင့်ဧဝတို့မှ ဆင်းသက်လာသူများ ဖြစ်နေဆဲပင်) အနေဖြင့် ယေဟောဝါ၏ ဧဝံဂေလိသတင်းကောင်းကို ဣသရေလပြည်မှ လက်ခံရန်အလို့ငှာဖြစ်သည်၊ ထိုသို့အားဖြင့် စကြဝဠာထဲရှိ ဖန်ဆင်းခံအရာအားလုံးက ယေဟောဝါကို ရိုသေလေးမြတ်ကြပြီး သူ့ကိုကြီးမြတ်သည်ဟု လက်ခံကြစေရန်ဖြစ်သည်။ ယေဟောဝါက ဣသရေလပြည်၌ သူ၏အမှုကို စတင်ဆောင်ရွက်ခြင်းမပြုခဲ့ဘဲ ယင်းအစား လူသားကို ဖန်ဆင်းပြီးနောက် လူသားတို့ကို ကမ္ဘာပေါ်၌ လွတ်လပ်စွာ အသက်ရှင်နေထိုင်ခွင့်ပြုခဲ့မည် ဆိုပါက၊ လူသား၏ ရုပ်ပိုင်းဆိုင်ရာ သဘာဝကြောင့် (သဘာဝမှာ လူသားသည် သူမမြင်နိုင်သည့် အရာများ၊ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို ဖန်ဆင်းသူမှာ ယေဟောဝါဖြစ်ကြောင်းကို ဘယ်သောအခါမျှ နားလည်သဘောပေါက်နိုင်မည်မဟုတ်၊ အဘယ်ကြောင့်လူသားကို ဖန်ဆင်းခဲ့ကြောင်းကို သဘောပေါက်ရန်မှာမူ ဝေးလှကြောင်းကို ဆိုလိုသည်) လူသားကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည်ကိုလည်းကောင်း၊ သူသည် ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ဖြစ်သည်ကိုလည်းကောင်း လူသားအနေဖြင့် ဘယ်သောအခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ အကယ်၍ ယေဟောဝါသည် လူသားကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်၌ထားခဲ့ကာ အချိန်ကာလတစ်ခုအတွင်း လူသားမျိုးနွယ်ကြား၌ ရှိရစ်နေပြီး သူတို့ကို လမ်းညွှန်ပေးမည့်အစား သူ၏လက်ကို ဖုတ်ဖက်ခါလျက် ထွက်ခွာသွားခဲ့လျှင် လူသားမျိုးနွယ်အားလုံးမှာ နတ္ထိသုညအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်၊ ကောင်းကင်နှင့် မြေကြီးအပါအဝင် သူဖန်ဆင်းထားသည့် အသင်္ချေများလှသော အရာများနှင့် လူသားမျိုးနွယ်အားလုံးတို့သည်လည်း နတ္ထိသုညအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည့်အပြင် စာတန်၏နင်းခြေခြင်းကို ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။ ဤနည်းအားဖြင့် “သူ၏ဖန်ဆင်းခြင်းအလယ်ဟုဆိုလိုသည့် ကမ္ဘာမြေကြီးပေါ်၌ သူ့အတွက် သန့်ရှင်းသောနေရာတစ်ခု၊ သူရပ်တည်ရန်အတွက် နေရာတစ်ခုရှိသင့်သည်” ဟူသည့် ယေဟောဝါ၏ဆန္ဒမှာ တစစီပျက်စီးသွားခဲ့လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် လူသားတို့အလယ်၌ ဆက်လက်တည်ရှိနေပြီး သူတို့၏အသက်တာများကို လမ်းညွှန်ပေးကာ သူတို့၏အထဲမှ သူတို့ကို စကားပြောနိုင်ခဲ့သည်မှာ သူ၏လိုအင်ဆန္ဒကို အကောင်အထည်ဖော်ပြီး သူ၏အစီအစဉ်ကို အောင်မြင်စေရန်ဖြစ်သည်။ ဣသရေလပြည်၌ သူပြုခဲ့သည့်အမှုမှာ အရာခပ်သိမ်းတို့ကို မဖန်ဆင်းမီ သူချမှတ်ထားခဲ့သည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်သာဖြစ်သည်၊ ထို့ကြောင့် ဣသရေလအမျိုးအထဲ၌ ပထမဦးဆုံး သူလုပ်ဆောင်ခဲ့သည့်အရာနှင့် အရာအားလုံးကို သူ၏ဖန်ဆင်းခြင်းတို့မှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေဘဲ နှစ်မျိုးလုံးမှာ သူ၏စီမံခန့်ခွဲမှု၊ သူ၏အမှု၊ သူ၏ဘုန်းတော်တို့အတွက်ဖြစ်ပြီး လူသားတို့ကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပို၍နက်နဲစေရန်အတွက်လည်းဖြစ်သည်။ နောဧခေတ်ပြီးနောက် ကမ္ဘာပေါ်ရှိ လူသားတို့၏ အသက်တာကို နှစ်ပေါင်းနှစ်ထောင်တိုင် သူလမ်းညွှန်ပေးခဲ့သည်၊ ထိုအတောအတွင်း လူသားများအနေဖြင့် ယေဟောဝါတည်းဟူသော ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ရိုသေလေးမြတ်ရမည်၊ လူသားတို့အနေဖြင့် မိမိတို့အသက်တာကို မည်သို့ထိန်းကျောင်းရမည်၊ မည်ကဲ့သို့ နေထိုင်အသက်ရှင်သွားရမည် စသည်တို့အပြင် အရေးကြီးဆုံးမှာ ယေဟောဝါအတွက် သက်သေတစ်ဦးအဖြစ် မည်သို့ပြုမူရမည်၊ သူ့ကို မည်ကဲ့သို့ နာခံရမည်နှင့် သူ့ကို မည်ကဲ့သို့ ရိုသေလေးမြတ်ခြင်းရှိရမည်တို့အပြင် ဒါဝိဒ်နှင့် သူ၏ယဇ်ပုရောဟိတ်များ ပြုခဲ့ကြသကဲ့သို့ သူ့ကို တေးဂီတအားဖြင့် မည်သို့ချီးမွမ်းကြရမည် စသည်တို့ကို ယေဟောဝါက သွန်သင်ပေးခဲ့သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပညတ်တော်ခေတ်မှ အမှုတော်” မှ

အစဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း လူသားအား လမ်းပြမှုသည် ကလေးငယ်၏ ဘဝကို လမ်းပြသည်နှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏ အသစ်သော မွေးဖွားမှု ဖြစ်သည်။ သူတို့သည် ဣသရေလ လူမျိုးများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ရိုသေလေးမြတ် ရန် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရန် နားလည်ခြင်း မရှိကြပေ။ ပြောရမည်ဆိုလျှင် ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့သည်။ ဆိုလိုသည်မှာ သူသည် အာဒံနှင့် ဧဝကို ဖန်ဆင်း ခဲ့သည်။ သို့သော်လည်း ယေဟောဝါကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ၏ ပညတ်တော်များကို မည်သို့ လိုက်နာရမည်ကို နားလည်နိုင်သော ပါရမီကို ကိုယ်တော်သည် သူတို့ကို မပေးခဲ့ပေ။ အစဦးတွင် လူသည် ယင်းသို့သော ပါရမီ ပိုင်ဆိုင်ခြင်းမရှိသည့် အတွက် ယေဟောဝါ၏ တိုက်ရိုက်လမ်းပြမှုမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာကို တိုက်ရိုက်မသိနိုင်ပေ။ လူမှာယေဟောဝါ သည် ဘုရားသခင်ဖြစ်သည် ဆိုသည်ကိုသာ သိခဲ့သော်လည်း သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်၊ သူ့ကို ရိုသေလေးမြတ်ခြင်း ဆိုသည်မှာ မည်သို့သော လုပ်ရပ်ကို ခေါ်သည်၊ သူ့ကို ရိုသေလေးမြတ်ရာတွင် မည်သို့ သော စိတ်ထား ထားရှိရမည် သို့မဟုတ် သူ့ကို ရိုသေလေးမြတ်သည့် အနေဖြင့် အဘယ်အရာအား ပေးလှူ ရမည်ကို မသိခဲ့ပေ။ လူသည် လုံးဝသိရှိခြင်း မရှိခဲ့ပေ။ လူသည် ယေဟောဝါ ဖန်ဆင်းသော အရာများ အားလုံး အကြားတွင် ပျော်ပါးနိုင်သော အရာကို မည်သို့ပျော်ပါးရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကဲ့သို့သော အသက်တာသည် ထိုက်တန်သည် ဆိုခြင်းနှင့် ပတ်သက်၍မူ သူသည် ဘာဆိုဘာမျှပင် မသိခဲ့ချေ။ သူတို့ကို တစ်စုံတစ်ယောက်က ညွှန်ကြားမှုမရှိပါက၊ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ တစ်စုံတစ်ယောက်က လမ်းပြခြင်းမရှိပါက၊ ဤလူသားမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် မှန်ကန်ကိုက်ညီသော အသက်တာကို မည်သည့်အခါမျှ နေထိုင်နိုင်ခဲ့မည် မဟုတ်ဘဲ စာတန်၏ လျှို့ဝှက်စွာ ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရလိမ့်မည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်ဖြစ်သော အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်၊ သို့သော်လည်း သူသည် သူတို့အပေါ် နောက်ထပ်မည်သည့်ဉာဏ်ပညာ သို့မဟုတ် အသိဉာဏ်ကိုမျှ မပေးခဲ့ပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် မည်သည့်အရာကိုမျှ နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါ၏ လူသားကို ဖန်ဆင်းခြင်း အလုပ်သည် တစ်ဝက်တစ်ပျက်သာ ပြီးဆုံးပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ပုံသဏ္ဌာန်ကိုသာ ပုံသွင်းခဲ့ပြီး သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူအပေါ်တွင် ပေးခဲ့ခြင်း မရှိပေ။ အစဦးတွင် လူ၌ သူ့ကို ရိုသေလေးမြတ်လိုစိတ်၊ သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏နှုတ်ကပတ်တော်များကို မည်သို့နားထောင်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင်ရှိသော အသက်တာအတွက် အခြေခံအသိပညာ မရှိခဲ့ဘဲ လူသားအသက်တာ၏ သင့်လျော်သော စည်းမျဉ်းစည်းကမ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး၊ ခုနှစ်ရက်စီမံကိန်းကို အပြီးသတ်ခဲ့သော်လည်း၊ လူသားသည် အခွံသာရှိပြီး လူသားဖြစ်မှု၏ အစစ်အမှန်များ ကင်းမဲ့နေခဲ့သောကြောင့် သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးစီးခဲ့ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည် ဆိုခြင်းကိုသာ လူသည် သိခဲ့သော်လည်း၊ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တော်များအား မည်သို့လိုက်နာရမည်ကို အရိပ်အခြေမျှပင် သူမသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာပြီးနောက် ယေဟောဝါ၏အလုပ်မှာ ပြီးဆုံးရန် များစွာလိုပေသေးသည်။ လူသားမျိုးနွယ်ကို သူ၏ရှေ့မှောက် ရောက်လာစေရန် သူ့အနေဖြင့် အပြည့်အဝ လမ်းညွှန်ပေးရန် လိုအပ်နေဆဲဖြစ်သည်၊ သို့မှသာ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့ကို ရိုသေလေးမြတ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူ၏လမ်းညွှန်မှုဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကအားဖြင့် လုပ်ဆောင်သော အလုပ်သည် အပြည့်အဝ ပြီးစီးခဲ့သည်၊ ဆိုလိုသည်မှာ ဤနည်းလမ်းအားဖြင့်သာလျှင် ယေဟောဝါ၏ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအလုပ်သည် အပြည့်အဝ အပြီးသတ်ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် လူသားမျိုးနွယ်သည် သူ၏အမိန့်များနှင့် ပညတ်တော်များကို လိုက်နာစေရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသား အသက်တာ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်စေရန် သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာကို နှစ်ထောင်ပေါင်းအချို့ကြာ လမ်းပြခဲ့ရသည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ အလုပ်သည် အပြည့်အစုံ ပြီးမြောက်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် ဤအလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ ယာကုပ်၏ ခေတ်ရောက်သည်အထိ ယင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်၊ ထိုအချိန်တွင် သူသည် ယာကုပ်၏သား တစ်ဆယ့်နှစ်ယောက်ကို ဣသရေလမျိုးနွယ်စု တစ်ဆယ့်နှစ်ခုအဖြစ် ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်နောက်ပိုင်းတွင် ဣသရေလလူမျိုးအားလုံးတို့သည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏တရားဝင်လမ်းပြမှုကို ခံခဲ့ရသည့် လူသားမျိုးနွယ်စု ဖြစ်လာပြီး၊ ဣသရေလသည် သူ၏အလုပ်များကို လုပ်ဆောင်သည့် ကမ္ဘာမြေကြီးပေါ်ရှိ အထူးနေရာ ဖြစ်လာခဲ့သည်။ ထိုသူတို့ကို ယေဟောဝါသည် ကမ္ဘာပေါ်တွင် ပထမဆုံး သူ၏အလုပ်များကို တရားဝင် လုပ်ဆောင်သော လူအုပ်စုဖြစ်လာစေခဲ့ပြီး၊ ဣသရေလနယ်မြေ တစ်ခုလုံးကို သူ့အလုပ်၏ မူလအမှတ်အဖြစ် ပြုလုပ်ခဲ့သည်၊ ပိုမိုကြီးမြတ်သော အလုပ်၏ အစအဦးအဖြစ် သူတို့ကို အသုံးပြုခဲ့ခြင်းအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင် သူမှ မွေးဖွားလာသော လူအားလုံးတို့သည် သူကို မည်သို့ရိုသေလေးမြတ်ရမည်နှင့် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့နေထိုင်ရမည်ကို သိစေသည်။ သို့ဖြင့် ဣသရေလလူတို့၏ လုပ်ဆောင်ချက်များသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများက လိုက်လျှောက်ရသော နမူနာဖြစ်လာခဲ့ပြီး၊ ဣသရေလလူများအကြား ပြောကြားချက်တို့သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများက နားထောင်ရသော စကားလုံးများ ဖြစ်လာခဲ့သည်။ သူတို့သည် ယေဟောဝါ၏ ဥပဒေသများနှင့် ပညတ်တော်များကို ပထမဆုံးရရှိသူများဖြစ်ရာ သူတို့သည် ယေဟောဝါကို ရိုသေလေးမြတ်ရမည့် နည်းလမ်းများကို ပထမဆုံး သိသူများလည်း ဖြစ်ခဲ့သည်။ သူတို့သည် ယေဟောဝါ၏ နည်းလမ်းများကိုသိသော လူသားမျိုးနွယ်စု၏ ဘိုးဘေးဘီဘင်များ ဖြစ်ခဲ့ရုံသာမက ယေဟောဝါက ရွေးချယ်သော လူသားမျိုးနွယ်၏ ကိုယ်စားလှယ်များလည်း ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

သင်တို့သည် ပညတ်ခေတ်၏ ဤစီရင်ချက်များနှင့် အခြေခံသဘောတရားများကို ဖတ်ခဲ့ပြီးပြီ၊ မဟုတ်သလော။ ဤစီရင်ချက်များသည် ကျယ်ပြန့်သော အမျိုးအစားကို ခြုံငုံမိပါ၏လော။ ပထမဦးစွာ ၎င်းတို့သည် ပညတ်တော်ဆယ်ပါးကို ခြုံငုံထားသည်၊ ထို့နောက်တွင် ယဇ်ပလ္လင်များတည်ပုံနှင့် အစရှိသည်တို့အတွက် စီရင်ချက်များကို ခြုံငုံထားသည်။ ဤသည်တို့နောက်တွင် ဥပုသ်နေ့စောင့်ထိန်းခြင်းနှင့် ပွဲသုံးခုကျင်းပခြင်းတို့အတွက် စီရင်ချက်များက လိုက်လာပြီး၊ ထို့နောက်တွင် ပူဇော်သက္ကာများအတွက် စီရင်ချက်များ ဖြစ်သည်။ ပူဇော်သက္ကာများ အမျိုးအစားမည်မျှကို သင်တို့ မြင်ခဲ့သလော။ မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ မိတ်ဿဟာယယဇ်များ၊ အပြစ်ဖြေရာယဇ်များ စသည်တို့ ရှိသည်။ ၎င်းတို့နောက်တွင် ယဇ်ပုရောဟိတ်များ၏ မီးရှို့ရာယဇ်များနှင့် ဘောဇဉ်ပူဇော်သက္ကာများနှင့် အခြားသော ပူဇော်သက္ကာအမျိုးအစားများ အပါအဝင် ယဇ်ပုရောဟိတ်များ၏ ပူဇော်သက္ကာများအတွက် စီရင်ချက်များဖြစ်ကြသည်။ အဌမမြောက်စီရင်ချက်များမှာ ယဇ်ပုရောဟိတ်များအနေဖြင့် ပူဇော်သက္ကာများကို စားသုံးခြင်းနှင့်သက်ဆိုင်သော စီရင်ချက်များဖြစ်သည်။၊ ထို့နောက်တွင် လူတို့၏ အသက်တာများထဲ၌ လိုက်နာသင့်သော စီရင်ချက်များရှိသည်။ စားအပ်သော သို့မဟုတ် မစားအပ်သော အရာနှင့်သက်ဆိုင်သော၊ သားဖွားပြီးသော အမျိုးသမီးများကို စင်ကြယ်စေခြင်းနှင့်သက်ဆိုင်သော စီရင်ချက်များနှင့် နူနာပျောက်ကင်းသောသူများနှင့်သက်ဆိုင်သော စီရင်ချက်များ စသဖြင့် လူတို့၏ အသက်တာကဏ္ဍများစွာနှင့်သက်ဆိုင်သည့် ပြဌာန်းချက်များရှိသည်။ ဤစီရင်ချက်များထဲတွင် ဘုရားသခင်သည် အနာရောဂါ အကြောင်းအထိပင် ပြောခဲ့ပြီး၊ သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းနှင့်သက်ဆိုင်သော စီရင်ထုံးဖွဲ့ချက်များနှင့် အစရှိသည်တို့ပင် ရှိသည်။ သိုးများနှင့် ကျွဲနွားများကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး သင်သည် ဘုရားသခင် သင့်အားပြောသည့် မည်သည့်နည်းဖြင့်မဆို ၎င်းတို့အား သတ်ဖြတ်သင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အကြောင်းရင်း ရှိသည်မှာ သံသယဖြစ်ဖွယ် မရှိပါ၊ ဘုရားသခင် အမိန့်ပေးသည့်အတိုင်း ပြုမူခြင်းမှာ ဧကန်မုချ မှန်ကန်၍ ၎င်းမှာ အသေအချာပင် လူတို့၏အကျိုးအတွက်ဖြစ်သည်။ ဥပုသ်နေ့၊ ပသခါနှင့် အခြားကဲ့သို့သော လိုက်နာကျင်းပရမည့် ပွဲများနှင့် စီရင်ထုံးဖွဲ့ချက်များလည်း ရှိသည်၊ ဘုရားသခင်သည် ဤအရာအားလုံးကို ပြောခဲ့လေသည်။ မီးခုံများကို မီးထွန်းခြင်း၊ ယုဘိလနှစ်၊ မြေကို ရွေးနုတ်ခြင်း၊ သစ္စာကတိပြုခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းနှင့် စသဖြင့် အခြားသောစီရင်ချက်များဖြစ်သည့် နောက်ဆုံးစီရင်ချက်များကို ကြည့်ကြပါစို့။ ဤစီရင်ချက်များသည် ကျယ်ပြန့်သော အမျိုးအစားကို ခြုံငုံမိသလော။ ပထမဆုံး ပြောရမည့်အရာမှာ လူတို့၏ ပူဇော်သက္ကာများအကြောင်းဖြစ်၍ ခိုးမှုနှင့် အလျော်ပေးခြင်းဆိုင်ရာ စီရင်ချက်များနှင့် ဥပုသ်နေ့ ကျင်းပခြင်း...စသဖြင့်၊ အသက်တာ၏ အသေးစိတ်အချက်အလက် တစ်ခုချင်းစီ ပါဝင်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်၏ တရားဝင်အလုပ်ကို စတင်ခဲ့သည့်အခါ သူသည် လူသားလိုက်နာရမည့် စီရင်ချက်များစွာကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဤစီရင်ချက်များမှာ လူသားကို ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ သာမန်အသက်တာဖြင့ အသက်ရှင်ခွင့်ပေးရန်ဖြစ်၍၊ ယင်းမှာ ဘုရားသခင်နှင့် သူ၏ လမ်းပြမှုအောက်မှ ခွဲထုတ်၍မရသော လူသား၏ သာမန်အသက်တာ ဖြစ်သည်။ ဘုရားသခင်သည် လူသားကို ယဇ်ပလ္လင်များ ပြုလုပ်ပုံ၊ ယဇ်ပလ္လင်များ မည်ကဲ့သို့တည်ပုံကို ဦးစွာ ပြောပြခဲ့သည်။ ထို့နောက်တွင် သူသည် လူသားအား ပူဇော်သက္ကာများကို ပူဇော်ပုံကို ပြောပြခဲ့ပြီး လူသားသည် အသက်တာထဲ၌ မည်သည်တို့ကို အာရုံစိုက်ရမည်၊ မည်သည်တို့ကို လိုက်နာရမည်၊ မည်သည်တို့ကို ပြုသင့်သည် မပြုသင့်သည် စသဖြင့် လူသားသည် မည်ကဲ့သို့ အသက်ရှင်ရမည်ကို ပြဌာန်းခဲ့သည်။ လူသားအတွက် ဘုရားသခင် သတ်မှတ်ပေးခဲ့သည့်အရာမှာ အလုံးစုံအကျုံးဝင်ပြီး၊ ဤထုံးတမ်းများ၊ စီရင်ချက်များနှင့် အခြေခံသဘောတရားများဖြင့် သူသည် လူတို့၏ အပြုအမူကို စံသတ်မှတ်ခြင်း၊ ၎င်းတို့၏ အသက်တာကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ ပညတ်များအပေါ် ၎င်းတို့၏ စတင်လုပ်ဆောင်ခြင်းကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ ပလ္လင်ရှေ့သို့လာရန် ၎င်းတို့အား ဦးဆောင်လမ်းပြခြင်း၊ လူသားအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သော အရာခပ်သိမ်း၏အလယ်၌ စနစ်တကျဖြစ်ခြင်း၊ ပုံစံတကျဖြစ်ခြင်းနှင့် ထိန်းချုပ်နိုင်ခြင်း စရိုက်လက္ခဏာရှိသော အသက်တာရရှိရေးတွင် ၎င်းတို့အား ဦးဆောင်လမ်းပြခြင်းကို ပြုခဲ့သည်။ ဘုရားသခင်သည် ရိုးရှင်းသော ဤစီရင်ချက်များနှင့် အခြေခံသဘောတရားများကို ဦးစွာအသုံးပြုကာ လူသားအတွက် ကန့်သတ်ချက်များကို ချမှတ်ပေးခဲ့သည်၊ ထိုမှသာ ကမ္ဘာမြေကြီးပေါ်တွင် လူသားသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့် သာမန်အသက်တာတစ်ခုကို ရလိမ့်မည်၊ လူသား၏ သာမန်အသက်တာကို ရလိမ့်မည် ဖြစ်သည်၊ ယင်းမှာ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် အစပြုခြင်းထဲတွင် ပါဝင်သည့် အကြောင်းအရာအတိအကျပင် ဖြစ်သည်။ ဤစီရင်ချက်များနှင့် စီရင်ထုံးဖွဲ့ချက်များသည အလွန်ကျယ်ပြန့်သော အကြောင်းအရာ တစ်ခုကို ခြုံငုံထားသည်၊ ၎င်းတို့မှာ ပညတ်တော်ခေတ်အတွင်း လူသားများကို ဘုရားသခင် ဦးဆောင်လမ်းပြသော အသေးစိတ်အချက်အလက် ဖြစ်သည်၊ ၎င်းတို့ကို ပညတ်တော်ခေတ်မတိုင်မီ ရှိခဲ့သောလူများ လက်ခံ၍ လိုက်နာစောင့်ထိန်းခဲ့ကြရန်ဖြစ်သည်၊ ၎င်းတို့မှာ ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အမှုမှတ်တမ်း တစ်ခုဖြစ်ပြီး ၎င်းတို့မှာ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့၏ စစ်မှန်သော သက်သေပင် ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အစောဆုံး လူသားမျိုးနွယ်သည် မည်သည့်အရာကိုမျှ မသိခဲ့ကြပေ၊ ထို့ကြောင့် ဘုရားသခင်သည် လူသားအား အသက်ရှင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ဆက်လက်ရှင်သန်မှုနှင့် စီရင်ချက်များနှင့်သက်ဆိုင်သည့် အပေါ်ယံနှင့် အခြေခံအကျဆုံး တရားနုများကို စတင် သင်ကြားခဲ့ရသည်၊ ဤအရာများကို လူသား၏ စိတ်နှလုံးထဲတွင် နည်းနည်းချင်း စိမ့်ဝင်စေပြီး လူသားအား ဘုရားသခင်ကို တဖြည်းဖြည်းချင်း သိလာသည့်အသိ၊ ဘုရားသခင်၏ ခေါင်းဆောင်မှုအကြောင်း တဖြည်းဖြည်းချင်း အသိအမှတ်ပြုခြင်း၊ သိနားလည်ခြင်းနှင့် ဘုရားသခင်နှင့် လူသားအကြားရှိ ဆက်နွယ်မှု အကြောင်း အခြေခံအယူအဆတစ်ခုကို နှုတ်ဖြင့်ပြောသော စကားများဖြစ်ခဲ့သည့် ဤစီရင်ချက်များနှင့် ဤစီရင်ထုံးဖွဲ့ချက်များမှတစ်ဆင့် ပေးခဲ့ခြင်းဖြစ်သည်။ ဤအကျိုးဆက်ကို ရရှိပြီးမှသာ ဘုရားသခင်သည် နောင်တွင် သူလုပ်မည့် အမှုကို တဖြည်းဖြည်း လုပ်နိုင်ခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဤစီရင်ချက်များနှင့် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်လုပ်ခဲ့သော အမှုများမှာ လူသားမျိုးနွယ်ကို သူကယ်တင်သော အမှု၏ အခြေခံအချက်ဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲမှ ပထမဆုံး လုပ်ငန်းအဆင့် ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်း ပေးအပ်ရန် ပညတ်တော်ခေတ်အတောအတွင်း ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အမြောက်အမြားကို ချပေးခဲ့သည်။ ဤပညတ်တော်များမှာ ဣသရေလလူတို့အတွက် ယေဟောဝါပေးအပ်ခဲ့သည့် အရာများဖြစ်ကာ အဲဂုတ္တုလူမျိုးတို့နှင့် ဘာမျှမသက်ဆိုင်ပေ၊ ၎င်းပညတ်တော်များမှာ ဣသရေလလူမျိုးတို့ကို ကန့်သတ်ထိန်းချုပ်ဖို့ အလို့ငှာသာဖြစ်သည်။ သူသည် ဣသရေလလူတို့ကို တောင်းဆိုရန် ပညတ်တော်များကို အသုံးပြုခဲ့သည်။ သူတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းရှိမရှိ၊ သူတို့၏ မိဘများကို ရိုသေကြခြင်းရှိမရှိ၊ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြခြင်းရှိမရှိ အစရှိသည်တို့မှာ သူတို့အနေဖြင့် အပြစ်ရှိမရှိ၊ ဖြောင့်မတ်ခြင်းရှိမရှိကို တရားစီရင်ပေးသည့် အခြေခံနိယာမများဖြစ်ကြသည်။ ထိုသူတို့၏အထဲ၌ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရသူအချို့ရှိသည်၊ ကျောက်ခဲဖြင့် ပေါက်သတ်ခံရသူအချို့ရှိသည်၊ ထို့ပြင် ယေဟောဝါထံမှ ကောင်းချီးမင်္ဂလာ ခံစားရသူအချို့ရှိပြီး ထိုအရာတို့ကို သူတို့အနေဖြင့် ထိုပညတ်တော်များကို နာခံမှုရှိမရှိအပေါ်၌ မူတည်၍ဆုံးဖြတ်သည်။ ဥပုသ်နေ့ကို မစောင့်ထိန်းသူတို့သည် ကျောက်ခဲဖြင့် ပေါက်သတ်ခံရမည်ဖြစ်သည်။ ဥပုသ်နေ့ကို မစောင့်ထိန်းသည့် ယဇ်ပုရောဟိတ်တို့မှာမူ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရလိမ့်မည်။ မိမိတို့၏မိဘများကို မရိုသေသူတို့မှာလည်း ကျောက်ခဲဖြင့် ပေါက်သတ်ခံရမည်။ ဤအရာအားလုံးကို ယေဟောဝါက ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယေဟောဝါက သူ၏ပညတ်တော်နှင့် သွန်သင်ချက်များကို ချမှတ်ခဲ့သည်မှာ လူတို့၏ အသက်တာများကို သူဦးဆောင်စဉ်တွင် လူတို့အနေဖြင့် သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံကြကာ သူ့ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုကြစေရန် ဖြစ်သည်။ မွေးကင်းစ လူသားမျိုးနွယ်တို့ကို ထိန်းချုပ်ထားရန်အတွက် ထိုပညတ်တော်များကို သူအသုံးပြုခဲ့ပြီး သူ၏အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ်ကို ပို၍ကောင်းမွန်စွာချမှတ်နိုင်ရန်အလို့ငှာဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပြုခဲ့သော အမှုပေါ်မူတည်၍ ပထမခေတ်ကို ပညတ်တော်ခေတ်ဟုခေါ်သည်။ ယေဟောဝါသည် များစွာသော မိန့်မြွက်ချက်များကိုပြုခဲ့ပြီး အမှုအများအပြားကို ပြုခဲ့သော်လည်း သူ့အနေဖြင့် လူသားတို့ကို အပြုသဘောဖက်မှသာ လမ်းပြခဲ့ကာ မသိနားမလည်သော ဤလူများကို မည်သို့လူသားဆန်စေရန်၊ မည်သို့အသက်ရှင်နေထိုင်ရန်၊ ယေဟောဝါ၏ နည်းလမ်းကို မည်သို့နားလည်နိုင်ရန် စသည်ဖြင့် သွန်သင်ပေးခဲ့သည်။ အများအားဖြင့်ဆိုရလျှင် သူပြုခဲ့သောအမှုမှာ လူသားတို့အနေဖြင့် သူ၏နည်းလမ်းနှင့် သူ၏ပညတ်တော်များကို ထိန်းသိမ်းကြစေရန်ဖြစ်သည်။ အနည်းအကျဉ်းသာ ဖောက်ပြန်ပျက်စီးသော လူများအပေါ်တွင် အမှုပြုခဲ့ခြင်းဖြစ်သည်၊ သူတို့၏ စိတ်သဘောထားကို ပုံသဏ္ဌာန်ပြောင်းလဲရန်၊ သို့မဟုတ် သူတို့၏ အသက်တာထဲ၌ တိုးတက်မှုရှိလောက်အောင်ထိ ကျယ်ပြန့်စွာမလုပ်ဆောင်ခဲ့ပေ။ လူတို့ကို ကန့်သတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ပညတ်တော်များကို အသုံးပြုခြင်းကိုသာ သူစိတ်ဝင်စားခဲ့သည်။ ထိုအချိန်တုန်းက ဣသရေလလူမျိုးအတွက် ယေဟောဝါသည် ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်မျှသာဖြစ်ခဲ့သည်။ သူသည် မိုးတိမ်တိုင်၊ မီးတိုင်ဖြစ်ခဲ့သည်။ ယေဟောဝါဖက်မှ လူအများလုပ်စေရန် တောင်းဆိုခဲ့သည့်အရာမှာ ယနေ့ခေတ် လူများမှ သူ၏ပညတ်တော်များနှင့် နည်းဥပဒေသများအဖြစ် နားလည်ထားကြသည့်၊ စည်းမျဉ်းစည်းကမ်းများဟုပင် ပြောနိုင်သည့်အရာများကို နာခံခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယေဟောဝါ ပြုခဲ့သည့်အရာမှာ လူသားတို့ကို ပုံသဏ္ဌာန်ပြောင်းလဲစေရန်အတွက် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ လူသားတို့၌ ရှိသင့်ရှိထိုက်သော အရာများကို ပို၍ပေးအပ်ရန်၊ သူကိုယ်တိုင်၏နှုတ်ဖြင့် လူသားတို့ကို သွန်သင်ပေးရန် ဖြစ်သောကြောင့်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်းခံရပြီးနောက် လူသားတို့အနေဖြင့် မိမိတို့၌ရှိထားရမည့်အရာများ တစ်ခုမျှ မရှိကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်၌ သူတို့၏ဘဝအတွက် ပိုင်ဆိုင်ထားသင့်သည်များကို ယေဟောဝါက လူတို့ကို ပေးခဲ့သည်၊ ထိုသို့အားဖြင့် သူဦးဆောင်ခဲ့သော လူတို့မှာ သူတို့၏ ဘိုးဘေးများဖြစ်သော အာဒံနှင့် ဧဝတို့ထက် သာလွန်သွားလေသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ကို ယေဟောဝါပေးခဲ့သည့်အရာမှာ အစဦး၌ အာဒံနှင့် ဧဝတို့ကို ယေဟောဝါပေးခဲ့သည်ထက် ပို၍သာလွန်သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဣသရေလပြည်၌ ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားမျိုးနွယ်ကို လမ်းညွှန်ပေးရန်နှင့် လူသားတို့အနေဖြင့် မိမိတို့၏ဖန်ဆင်းရှင်ကို သိမှတ်စေနိုင်ရန်ဖြစ်သည်။ ယေဟောဝါက လူတို့ကို သိမ်းပိုက်ခြင်း၊ သို့မဟုတ် ပုံသဏ္ဌာန်ပြောင်းလဲခြင်း မပြုခဲ့ပေ၊ သူတို့ကို လမ်းညွှန်ခြင်းသာ ပြုခဲ့သည်။ ဤသည်တို့မှာ ပညတ်တော်ခေတ်၌ ယေဟောဝါပြုခဲ့သည့် အမှုအားလုံး၏အချုပ်ဖြစ်သည်။ ဤသည်မှာ ဣသရေလပြည် တစ်ဝှမ်းလုံး၌ သူပြုခဲ့သောအမှုနှင့်သက်ဆိုင်သည့် အနှစ်သာရ၏ နောက်ခံသမိုင်း၊ ဖြစ်ရပ်မှန်ဇာတ်ကြောင်းဖြစ်ပြီး လူသားမျိုးနွယ်ကို ယေဟောဝါလက်တော်၏ ထိန်းချုပ်မှုအောက်၌ ထိန်းသိမ်းထားရှိရန်ဖြစ်သည့် သူ၏အနှစ်ခြောက်ထောင်အမှုတော် အစလည်းဖြစ်သည်။ ထိုမှတစ်ဆင့် သူ၏အနှစ်ခြောက်ထောင်စီမံခန့်ခွဲမှု အစီအစဉ်အထဲ၌ သာ၍များသော အမှုတို့ ပေါ်ထွက်လာခဲ့သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပညတ်တော်ခေတ်မှ အမှုတော်” မှ

ပညတ်တော်ခေတ်အတွင်း လူသားမျိုးနွယ်အား လမ်းညွှန်သောအလုပ်ကို ယေဟောဝါ၏ နာမတော်အောက်တွင် ပြုလုပ်ပြီး၊ အလုပ်၏ပထမအဆင့်ကို ကမ္ဘာမြေကြီးပေါ်တွင် အစပျိုးလုပ်ဆောင်ခဲ့သည်။ ထိုအဆင့်တွင် အလုပ်သည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ဆောက်လုပ်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် သူတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တော်များ အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းဖြင့် သူသည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်ရာကို ဖော်ဆောင်ခဲ့သည်။ ထိုအခြေစိုက်ရာမှနေ၍ သူသည် သူ၏အလုပ်ကို ဣသရေလပြင်ပသို့ တိုးချဲ့ခဲ့သည်၊ ဣသရေလမှစတင်ပြီး သူသည် သူ၏အလုပ်ကို အပြင်ဖက်သို့ ချဲ့ထွင်ခြင်းအားဖြင့်၊ နောင်လာနောက်သားများကို ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်း တဖြည်းဖြည်း သိလာစေပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်ကြောင်း၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်ကြောင်း သိလာစေသည်ဟု ပြောရမည်။ ကိုယ်တော်သည် သူ၏အလုပ်ကို ဣသရေလလူတို့မှတစ်ဆင့် သူတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကျက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါအလုပ်၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ပထမဆုံး သွားရောက် အလုပ်လုပ်သောနေရာမှာ ဣသရေလနယ်မြေအတွင်းဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အလုပ်ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

(၂) ကျေးဇူးတော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း စေလွှတ် တော်မူ၏။” (ယော ၃:၁၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။

ယေရှုပြုခဲ့သောအမှုသည် ထိုခေတ်မှ လူသား၏လိုအပ်ချက်များနှင့်အညီ ဖြစ်ခဲ့သည်။ သူ၏တာဝန်သည် လူသားတို့ကို ရွေးနုတ်ရန်၊ ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ရန်ဖြစ်ရာ၊ သူ၏စိတ်သဘောထားသည် နှိမ့်ချခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ မေတ္တာတို့ဖြင့် အတိပြီးခဲ့၏။ သူသည် အလျှံပယ်များပြားလှသော ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတို့နှင့် လူတို့ခံစားနိုင်မည့် အရာအားလုံးကို လူသားတို့ထံ ယူဆောင်လာခဲ့၏၊ ၎င်းတို့ခံစားရန် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံခြင်းနှင့် ချစ်ခြင်း၊ သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ကို ၎င်းတို့အား ပေးခဲ့၏။ ယင်းအချိန်၌ လူတို့ကြုံတွေ့ခဲ့ရသည့် အလျှံပယ်များပြားလှသော ခံစားစရာများဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုခံစားချက်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ စိတ်ချသေချာသော ခံစားချက်၊ ကယ်တင်ရှင်ယေရှုအပေါ် ၎င်းတို့၏ မှီခိုအားကိုးမှု စသည့်အရာအားလုံးတို့သည် ၎င်းတို့ရှင်သန်နေထိုင်ခဲ့သည့်ခေတ်တွင် ပါဝင်ခဲ့၏။ ကျေးဇူးတော်ခေတ်တွင် လူသားသည် စာတန်၏ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ ထို့ကြောင့် လူသားအားလုံးတို့အား ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်အတွက် အလျှံပယ်ပေါများလှသော ကျေးဇူးတော်၊ အဆုံးမရှိသော စိတ်ရှည်သည်းခံခြင်းတို့ လိုအပ်ခဲ့သည့်အပြင်၊ ထိုမျှမက လူသားတို့၏အပြစ်များကို ပြေစေရန်အတွက် အကျိုးသက်ရောက်မှုရှိမည့် လုံလောက်ပြည့်စုံသော ယဇ်တစ်ခုကိုလည်း လိုအပ်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားတို့မြင်ခဲ့ရသောအရာသည် ၎င်းတို့၏အပြစ်များအတွက် ငါ၏အပြစ်ဖြေရာယဇ်ဖြစ်သည့် ယေရှုသာဖြစ်သည်။ ၎င်းတို့သိခဲ့သမျှမှာ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း ရှိနိုင်သည်ဟူ၍ဖြစ်ပြီး၊ ၎င်းတို့မြင်ခဲ့သမျှမှာ ယေရှု၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ပင် ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် ရှင်သန်နေထိုင်ခဲ့သောကြောင့်သာဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ရွေးနုတ်ခြင်း မခံရနိုင်မီ၌၊ အကျိုးတရားရရှိစေရန်အလို့ငှာ ၎င်းတို့အပေါ် ယေရှုက အပ်နှင်းထားသော ကျေးဇူးတော်အမျိုးမျိုးတို့ကို မဖြစ်မနေ ခံစားခဲ့ကြရသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ကျေးဇူးတော်ကို ခံစားခြင်းမှတစ်ဆင့် ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ခြင်း ခံရနိုင်သည့်အပြင်၊ ယေရှု၏စိတ်ရှည်သည်းခံမှုကို ခံစားခြင်းမှတစ်ဆင့် ရွေးနုတ်ခံရမည့် အခွင့်အလမ်းကိုလည်း ရနိုင်ခဲ့ကြလေသည်။ ၎င်းတို့သည် ယေရှု၏ စိတ်ရှည်သည်းခံမှုကြောင့်သာ ယေရှုအပ်နှင်းထားသည့် ခွင့်လွှတ်ခြင်းကို ရရှိရန်အခွင့်နှင့် အလျှံပယ်ဖြစ်သော ကျေးဇူးတော်ကို ခံစားရန်အခွင့်ကို ရခဲ့ကြခြင်းဖြစ်၏။ ငါသည် ဖြောင့်မတ်သူတို့ကို ရွေးနုတ်ရန် လာခဲ့ခြင်းမဟုတ်၊ အပြစ်သားတို့ကို ရွေးနုတ်ရန်၊ အပြစ်သားတို့အနေဖြင့် ၎င်းတို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရစေရန် လာခဲ့ခြင်းဖြစ်သည်ဟူ၍ ယေရှုပြောခဲ့သလိုပင်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံယူသည့်အခါ ယေရှုသည် တရားစီရင်ခြင်း၊ ကျိန်ဆဲခြင်းနှင့် လူသား၏ ပုန်ကန်ပြစ်မှားခြင်းတို့အား သည်းမခံခြင်းဟူသည့် စိတ်သဘောထားကို ယူဆောင်လာခဲ့မည်ဆိုလျှင်၊ လူသားသည် ရွေးနုတ်ခံရမည့် အခွင့်အလမ်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အပြစ်တို့ဖြင့်သာ ထာဝရပြည့်နှက်လျက်ရှိနေလိမ့်မည် ဖြစ်သည်။ ဤသို့သာဖြစ်ခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်သည် ပညတ်တော်ခေတ်၌ ရပ်တန့်သွားခဲ့မည်ဖြစ်ကာ၊ ပညတ်တော်ခေတ်သည် နှစ်ခြောက်ထောင် ရှည်ကြာခဲ့ပေလိမ့်မည်။ လူသား၏ အပြစ်တို့သည်လည်း ပို၍များပြားကာ ပို၍ကြီးလေးလာလိမ့်မည်သာဖြစ်၍၊ လူသားတို့အား ဖန်ဆင်းခြင်းသည် အချည်းနှီးသာ ဖြစ်ခဲ့ပေလိမ့်မည်။ လူသားတို့သည် ယေဟောဝါအား ပညတ်တော်အောက်၌သာ အစေခံနိုင်ကြပေလိမ့်မည်၊ သို့ရာတွင် ၎င်းတို့၏ အပြစ်တို့မှာမူ အဦးအစ ဖန်ဆင်းခံလူသားတို့၏ အပြစ်တို့ထက် ကျော်လွန်သွားမည်သာဖြစ်၏။ ယေရှုသည် လူသားအား ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်လျက်၊ လုံလောက်ပြည့်စုံသော သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ၎င်းတို့အပေါ် ယူဆောင်လာကာ ချစ်ခင်ခဲ့လေလေ၊ လူသားသည် ယေရှုအားဖြင့် ကယ်တင်ခံရရန်နှင့် ယေရှုက ကြီးစွာသော အဖိုးအခဖြင့် ပြန်ဝယ်ယူခဲ့သည့် ပျောက်သောသိုးသငယ်များအဖြစ် ခေါ်ဆိုခံရရန်အခွင့်ကို ပို၍ရလေလေဖြစ်၏။ ယေရှုသည် သူ၏နောက်လိုက်တို့ကို ချစ်သောမိခင်တစ်ဦးက မိမိ၏ရင်ဝယ်ရှိ နို့စို့ကလေးငယ်အား ဆက်ဆံသကဲ့သို့ ဆက်ဆံသောကြောင့်၊ စာတန်သည် ဤအမှုတွင် ဝင်ရောက်မစွက်ဖက်နိုင်ခဲ့ချေ။ ယေရှုသည် ၎င်းတို့အပေါ် ဒေါသဖြစ်ခြင်း၊ သို့မဟုတ် မထီမဲ့မြင်ပြုခြင်း မရှိခဲ့ဘဲ၊ နှစ်သိမ့်မှုဖြင့်သာ ပြည့်နှက်ခဲ့၏၊ သူသည် ၎င်းတို့ကြား၌ ဒေါသတကြီးဖြစ်ခြင်း အလျှင်းမရှိခဲ့ဘဲ၊ “အခြားသူတို့အား အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် ခွင့်လွှတ်ရမည်” ဟု ပြောဆိုခဲ့သည်အထိပင် ၎င်းတို့၏ အပြစ်များကို သည်းခံခဲ့ကာ၊ ၎င်းတို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုတို့ကို မသိကျိုးကျွန်ပြုခဲ့လေသည်။ ထို့ကြောင့် အခြားသူတို့၏ စိတ်နှလုံးတို့သည် သူ၏စိတ်နှလုံးအားဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခဲ့ပြီး ထို့ကြောင့်သာလျှင် လူတို့သည် သူ၏စိတ်ရှည်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို ရခဲ့ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ

ယေရှုသည် သူ၏လူ့ဇာတိခံယူခြင်း၌ စိတ်ခံစားမှု လုံးလုံးမရှိခဲ့သော်ငြားလည်း၊ သူသည် သူ၏တပည့်တော်များကို အစဉ်အမြဲ နှစ်သိမ့်ခဲ့၏၊ ၎င်းတို့ကို အထောက်အပံ့ပေးခဲ့၏၊ ၎င်းတို့ကို ကူညီပံ့ပိုးခဲ့၏။ သို့သော် သူ့အနေဖြင့် အမှုမည်မျှကို ပြုခဲ့သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံခဲ့ရသည်ဖြစ်စေ၊ သူသည် လူတို့အပေါ် လွန်ကဲသော တောင်းဆိုမှုများကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ဘဲ၊ ၎င်းတို့၏ အပြစ်များအတွက် အစဉ်အမြဲ စိတ်ရှည်သည်းခံခဲ့သောကြောင့်၊ ကျေးဇူးတော်ခေတ်မှ လူတို့သည် သူ့ကို “ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှု” ဟူ၍ အမြတ်တနိုး ခေါ်ဝေါ်ခဲ့ကြသည်။ ယင်းခေတ်ကာလမှ လူအားလုံးတို့အတွက်ကား ယေရှု၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုသာ ဖြစ်ခဲ့၏။ သူသည် လူတို့၏ ပြစ်မှားခြင်းတို့ကို မည်သည့်အခါမျှ မှတ်သားခြင်း မရှိသကဲ့သို့၊ ၎င်းတို့အပေါ် သူ၏ဆက်ဆံမှုမှာလည်း ၎င်းတို့၏ ပြစ်မှားခြင်းများတွင် မည်သည့်အခါမျှ အခြေမတည်ခဲ့ချေ။ ယင်းသည် ကွဲပြားသောခေတ်တစ်ခု ဖြစ်ခဲ့သောကြောင့်၊ လူတို့အနေဖြင့် ဝလင်စွာစားသောက်နိုင်စေရန်အတွက် များစွာသော အစာအာဟာရတို့ကို လူတို့အပေါ် သူနှင်းအပ်ပေးခဲ့သည်။ သူသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်း၊ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း၊ သေသူကို ပြန်ရှင်စေခြင်းအားဖြင့် သူ၏နောက်လိုက်အားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့၏။ လူတို့အနေဖြင့် သူ့ကို ယုံကြည်နိုင်စေရန်နှင့် သူပြုသမျှအားလုံးမှာ လေးနက်စွာနှင့် စစ်မှန်စွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြင်ကြစေရန်အလို့ငှာ၊ သူသည် ပုပ်ပွနေသော အလောင်းကောင်တစ်ခုကို ထမြောက်စေသည်အထိ ပြုခဲ့၍၊ သူ၏လက်ထဲ၌ သေသူသည်ပင် ပြန်ရှင်နိုင်ကြောင်းကို ၎င်းတို့အား ပြသခဲ့၏။ ဤသို့သောနည်းလမ်းဖြင့် သူသည် တိတ်ဆိတ်စွာ သည်းခံ၍၊ သူ၏ရွေးနုတ်ခြင်းအမှုကို ၎င်းတို့ကြား၌ ဆောင်ရွက်ခဲ့လေသည်။ ကားတိုင်၌ သံမှိုဖြင့်စွဲရိုက်ခြင်း မခံရမီကပင်၊ ယေရှုသည် လူသားတို့၏ အပြစ်များအတွက် တာဝန်ယူထားပြီးဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်တစ်ခုလည်း ဖြစ်နေခဲ့ပြီဖြစ်သည်။ ကားတိုင်တွင် အဆုံးစီရင်ခြင်း မခံရမီ၌ပင်၊ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်အလို့ငှာ ကားတိုင်သို့ သွားရာလမ်းအား ဖွင့်လှစ်ထားခဲ့ပြီဖြစ်သည်။ အဆုံးတွင်မူ ကားတိုင်အလို့ငှာ သူ့ကိုယ်သူ ပေးဆပ်လျက်၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခြင်းခံခဲ့ရပြီး သူသည် သူ၏သနားကရုဏာ၊ ချစ်ခင်ကြင်နာမှုနှင့် သန့်ရှင်းခြင်းအားလုံးတို့ကို လူသားမျိုးနွယ်အပေါ် နှင်းအပ်ခဲ့သည်။ သူသည် ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ ၎င်းတို့အား နောင်တရရန် တိုက်တွန်းခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ ရှိကြစေရန် သင်ကြားပေးခြင်း၊ သူ၏ခြေလှမ်းများအတိုင်းလိုက်ကာ ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ကြရန် သင်ကြားပေးခြင်းတို့ဖြင့် လူသားတို့အပေါ် အစဉ်အမြဲ သည်းခံခဲ့၍၊ မည်သည့်အခါမျှ အငြိုးအတေးထားခြင်း မရှိခဲ့ချေ။ ညီအစ်ကိုမောင်နှမတို့အတွက် သူ၏ချစ်ခြင်းမေတ္တာသည် မာရိအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာထက်ပင် ပိုလွန်ခဲ့သည်။ သူပြုခဲ့သောအမှုသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတို့အား အမှု၏အခြေခံသဘောအဖြစ် မှတ်ယူလျက်၊ အားလုံးတို့သည် သူ၏ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့၏။ သူသည် မည်သည့်နေရာသို့ သွားခဲ့သည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သူအားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့သည်။ သူသည် ဆင်းရဲသူကို ချမ်းသာစေခဲ့၏၊ ခြေကျိုးသူကို လမ်းလျှောက်နိုင်စေခဲ့၏၊ မျက်ကန်းသူကို မြင်စေခဲ့ပြီး နားမကြားသူကို ကြားစေခဲ့၏။ သူသည် အနိမ့်ကျဆုံးသောသူများ၊ ခိုကိုးရာမဲ့သူများနှင့် အပြစ်သားများကို သူနှင့်အတူ တစ်စားပွဲတည်းထိုင်ရန်ပင် ဖိတ်ခေါ်ခဲ့၏၊ ၎င်းတို့အား မည်သည့်အခါမျှ ရှောင်ဖယ်ခြင်း မရှိဘဲ၊ အစဉ်အမြဲ စိတ်ရှည်သည်းခံခဲ့ပြီး “သိုးထိန်းတစ်ယောက်သည် အကောင်တစ်ရာရှိသော သိုးတို့ထဲမှ သိုးတစ်ကောင် ပျောက်ဆုံးသည့်အခါ၊ သူသည် ပျောက်သော သိုးအား ရှာဖွေရန်အတွက် ကိုးဆယ့်ကိုးကောင်ကို ထားရစ်ပေလိမ့်မည်၊ ပြီးနောက် ထိုသိုးအား ရှာတွေ့သည့်အခါ သူသည် ကြီးစွာ ဝမ်းမြောက်ပေလိမ့်မည်” ဟူ၍ပင် ပြောဆိုခဲ့၏။ သိုးမတစ်ကောင်သည် မိမိ၏သိုးငယ်တို့ကို ချစ်သကဲ့သို့၊ သူသည် သူ၏နောက်လိုက်တို့ကို ချစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မိုက်မဲ၍ မသိနားမလည်ကြကာ၊ သူ၏အမြင်တွင် အပြစ်သားများ ဖြစ်ခဲ့ကြသော်ငြားလည်း၊ ထို့ပြင် လူ့အဖွဲ့အစည်း၏ အနိမ့်ကျဆုံးလူများ ဖြစ်ကြသော်ငြားလည်း၊ သူသည် အခြားသူတို့က စက်ဆုပ်ရွံရှာသည့် ဤအပြစ်သားတို့ကို သူ၏မျက်ရှုပမာအဖြစ် သဘောထားခဲ့သည်။ သူသည် ၎င်းတို့ကို မျက်နှာသာပေးခဲ့သည့်အတွက်၊ သိုးသငယ်တစ်ကောင်အား ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သကဲ့သို့ သူ၏အသက်ကို ၎င်းတို့အတွက် စွန့်လွှတ်ခဲ့၏။ သူသည် ၎င်းတို့၏ အစေခံကဲ့သို့၊ သူ့အား အသုံးပြုစေ၍ သတ်ဖြတ်စေကာ၊ ၎င်းတို့ထံ အကြွင်းမဲ့ အပ်နှံလျက်ဖြင့်၊ ၎င်းတို့ကြား၌ လှည့်လည်သွားလာခဲ့၏။ သူသည် သူ၏နောက်လိုက်များအတွက် ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှုဖြစ်ခဲ့သော်လည်း၊ လူတို့အား မြင့်သောနေရာထက်မှ သြဝါဒပေးကြသည့် ဖာရိရှဲတို့အတွက်မူ၊ သူသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို မပြသခဲ့ဘဲ၊ စက်ဆုပ်ရွံရှာခြင်းနှင့် မကျေမချမ်းမှုကိုသာ ပြခဲ့သည်။ သူသည် ဖာရိရှဲတို့ကြား၌ များစွာလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဘဲ၊ တစ်ခါတစ်ရံမှသာ သြဝါဒပေးခြင်းနှင့် ပြစ်တင်မောင်းမဲခြင်း ပြုခဲ့သည်၊ သူသည် ၎င်းတို့ကြား၌ ရွေးနုတ်ခြင်းအမှုကို မလုပ်ဆောင်ခဲ့သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများတို့ကိုလည်း မပြုလုပ်ခဲ့ချေ။ သူသည် သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုအားလုံးတို့ကို သူ၏နောက်လိုက်များအပေါ် နှင်းအပ်ပေးခဲ့၏၊ သူ့အား ကားတိုင်တွင် သံမှိုစွဲရိုက်သည့် နောက်ဆုံးအချိန်အထိ ဤအပြစ်သားတို့အတွက် ကြံ့ကြံ့ခံခဲ့ကာ၊ လူသားအားလုံးတို့ကို အပြည့်အဝ ရွေးနုတ်ခဲ့ပြီးသည်အထိ အရှက်ရခြင်းမှန်သမျှကို ခံစားခဲ့သည်။ ဤသည်မှာ သူ၏အမှုအစုစုပင် ဖြစ်သည်။

ယေရှု၏ရွေးနုတ်ခြင်းသာ မရှိခဲ့လျှင်၊ လူသားမျိုးနွယ်သည် အပြစ်၌ ထာဝရ ရှင်သန်နေထိုင်ခဲ့ကြမည်ဖြစ်ကာ၊ အပြစ်၏သားသမီးများ၊ မိစ္ဆာတို့မှ ဆင်းသက်လာသူများ ဖြစ်လာကြလိမ့်မည်။ ဤသို့သာ ဆက်ဖြစ်ခဲ့သော်၊ ကမ္ဘာလောကတစ်ခုလုံးသည် စာတန်ကျိန်းဝပ်သော နယ်မြေ၊ ၎င်း၏နေထိုင်ရာအရပ်ဖြစ်လာပေမည်။ သို့ရာတွင် ရွေးနုတ်ခြင်းအမှုသည် လူသားတို့အပေါ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့အား ပြသရန် လိုအပ်ခဲ့၏၊ ယင်းသို့သော နည်းလမ်းအားဖြင့်သာ လူသားမျိုးနွယ်သည် ခွင့်လွှတ်ခြင်းကို ရရှိနိုင်ခဲ့၍၊ အဆုံး၌ ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရရန်နှင့် အပြည့်အဝ ရယူခြင်းခံရစေရန် အခွင့်ကိုလည်း ရနိုင်ခဲ့ကြသည်။ အမှု၏ ဤအဆင့်သာ မရှိခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်သည် တိုးတက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ယေရှုသည် ကားတိုင်၌ အဆုံးစီရင်ခြင်း မခံခဲ့ရသော်၊ သူသည် နာမကျန်းသူကိုသာ ပျောက်ကင်းစေ၍ နတ်ဆိုးတို့ကိုသာ နှင်ထုတ်ခဲ့သော်၊ လူတို့သည် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို လုံးလုံးခံရနိုင်ခဲ့မည် မဟုတ်ချေ။ ယေရှုသည် ကမ္ဘာလောကပေါ်တွင် သူ၏အမှုကိုပြုရင်း ကုန်ဆုံးခဲ့သည့် သုံးနှစ်ခွဲကာလအတွင်း၌၊ သူသည် ရွေးနုတ်ခြင်းအမှု၏ တစ်ဝက်ကိုသာ ပြီးမြောက်ခဲ့၏၊ ထို့နောက် ကားတိုင်တွင် သံမှိုစွဲရိုက်ခံရခြင်းနှင့် အပြစ်တို့ဖြင့် ပြည့်နှက်သော ဇာတိပကတိပုံသဏ္ဌာန် ဖြစ်လာခြင်းအားဖြင့်လည်းကောင်း၊ နတ်ဆိုးထံ အပ်နှံခံရခြင်းအားဖြင့်လည်းကောင်း၊ သူသည် ကားတိုင်၌ အဆုံးစီရင်ခံရခြင်းအမှုကို ပြီးမြောက်ခဲ့ကာ၊ လူသားမျိုးနွယ်၏ ကံကြမ္မာကို ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ သူ့အား စာတန်၏လက်သို့ လွှဲအပ်ပြီးနောက်မှသာ၊ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့ခြင်းဖြစ်၏။ သုံးဆယ့်သုံးနှစ်ခွဲကြာကာလအတွင်း သူသည် ကမ္ဘာလောကပေါ်၌ လှောင်ပြောင်ခံရခြင်း၊ အသရေဖျက်ခံရခြင်း၊ ပစ်ပယ်ခံရခြင်းတို့ကို ခံစားခဲ့ရကာ၊ သူ၌ ခေါင်းချရန်နေရာ၊ နားခိုရန်နေရာ မရှိသည်အထိဖြစ်ခဲ့ပြီး၊ ထို့နောက်တွင် သန့်ရှင်း၍ အပြစ်ကင်းသော ခန္ဓာဖြစ်သည့် သူ၏ဖြစ်ခြင်းတစ်ခုလုံးသည် ကားတိုင်ထက်၌ သံမှိုစွဲရိုက်ခံရလျက် အဆုံးစီရင်ခြင်းခံခဲ့ရ၏။ သူသည် ရှိရှိသမျှသော ဒုက္ခဆင်းရဲမှန်သမျှကို ကြံ့ကြံ့ခံခဲ့၏။ အာဏာရှိသူတို့က သူ့အား ပြက်ရယ်ပြု၍ ကျာပွတ်နှင့်ရိုက်နှက်ခဲ့သလို၊ စစ်သားများကလည်း သူ၏မျက်နှာကို တံတွေးနှင့်ပင် ထွေးခဲ့ကြ၏၊ သို့သော် သူသည် ဆိတ်ဆိတ်သာ နေခဲ့၍၊ အဆုံးထိတိုင် ကြံ့ကြံ့ခံခဲ့ကာ၊ သေဆုံးသည်အထိ အကြွင်းမဲ့ နာခံသွားခဲ့ပြီးနောက် လူသားအားလုံးတို့ကို သူရွေးနုတ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက်မှသာ သူသည် အနားယူခွင့်ရခဲ့သည်။ ယေရှုပြုခဲ့သောအမှုသည် ကျေးဇူးတော်ခေတ်ကိုသာ ကိုယ်စားပြုခဲ့၏၊ ယင်းသည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့၊ နောက်ဆုံးသောကာလ၏ အမှုအတွက် အစားထိုးခြင်းတစ်ခုလည်း မဟုတ်ချေ။ ဤသည်မှာ ရွေးနုတ်ခြင်းခေတ်ဖြစ်သည့် လူသားမျိုးနွယ်ဖြတ်သန်းခဲ့ပြီးသော ဒုတိယခေတ်ဟူသည့် ကျေးဇူးတော်ခေတ်အတွင်းရှိ ယေရှုအမှု၏ အနှစ်သာရပင် ဖြစ်လေသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ

ထို့နောက် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်တစ်ရပ်လုံးကို (ဣသရေလလူမျိုးများသာမဟုတ်) ရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေခဲ့ပြီး လူသားများကို အစဉ်အမြဲ ချစ်သောသူဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့်ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများ၏ အပြစ်များကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်းနှင့် ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ထွန်းလာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သူတို့၏ အပြစ်များအတွက် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသည် သနားခြင်း၊ ကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့် ပြည့်ဝခဲ့သည်။ ထို့ပြင် ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏နောက်သို့ လိုက်ခဲ့သောသူများသည်လည်း ထိုနည်းတူစွာ အရာရာ၌ သည်းခံနိုင်ပြီး ချစ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၌ စိတ်ရှည်ခြင်းရှိပြီး၊ ရိုက်နှက်ခြင်း၊ ကျိန်ဆဲခြင်း၊ သို့မဟုတ် ခဲနှင့်ပေါက်ခြင်း ခံရသည့်အခါတွင်ပင် သူတို့သည် ဘယ်သောအခါမျှ ပြန်လည်မတိုက်ခိုက်ခဲ့ပေ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်” မှ

ယေရှုကြွလာခဲ့သောအခါ၌ သူသည်လည်း ဘုရားသခင့်အမှု၏ တစ်စိတ်တစ်ပိုင်းကို လုပ်ခဲ့သည်၊ နှုတ်ကပတ်တော်အချို့ကို ပြောခဲ့သည်၊ သို့သော် သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအမှုမှာ မည်သည့်အမှုဖြစ်သနည်း။ သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအမှုမှာ လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်၌ အသေခံသည့်အမှုကို ပြီးမြောက်အောင်လုပ်ရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန်အတွက် အပြစ်ရှိသော ဇာတိပကတိလူ ဖြစ်လာခဲ့သည်။ ယင်းမှာ လူသားမျိုးနွယ်အားလုံး၏ အပြစ်အတွက်ဖြစ်ပြီး အပြစ်ဖြေရာယဇ်အဖြစ် သူအစေခံခဲ့သည်။ ဤသည်မှာ ယေရှုအထမြောက်အောင် လုပ်ဆောင်ခဲ့သည့် အဓိကအမှုဖြစ်သည်။ အဆုံးတွင် ယေရှုသည် နောက်မှလာကြသူများကို လမ်းပြရန်အတွက် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုကြွလာခဲ့သောအခါ၌ ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင် အဓိကလုပ်ဆောင်ရန် ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို သူရွေးနုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို လူသားထံ ယူဆောင်လာခဲ့ရုံသာမက ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းကြောင်းကိုလည်း ထုတ်ဖော်ပေးခဲ့သည်။ ရလဒ်အနေနှင့် နောက်မှရောက်လာကြသူများအားလုံးက “ငါတို့အနေဖြင့် ကားတိုင်လမ်းကို လျှောက်သင့်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်ကြ၏” ဟုပြောခဲ့ကြသည်။ မှန်ပါသည်၊ အစတွင် ယေရှုသည် တခြားအလုပ် အချို့ကိုလည်း လုပ်ခဲ့သည်၊ လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် စကားအချို့ကိုလည်း ပြောခဲ့ပါသည်။ သို့သော် သူ၏ သာသနာလုပ်ငန်းမှာ လက်ဝါးကပ်တိုင်၌ အသေခံဖို့ပင်ဖြစ်ခဲ့ပြီး လမ်းခရီးအကြောင်း သုံးနှစ်ခွဲ တရားဟောခဲ့သည်မှာလည်း နောက်ပိုင်းတွင် ကြုံရမည့် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံဖို့ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ် တော်တော် များများသည်လည်း လက်ဝါးကပ်တိုင်၌ အသေခံခြင်းအတွက် ဖြစ်သည်။ သူရှင်သန် နေထိုင်ခဲ့သည့် သာမန်လူတစ်ယောက်၏ အသက်တာနှင့် လောက၌နေခဲ့သည် သုံးဆယ့်သုံးနှစ်ခွဲ ကာလသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ယေရှုကို ခွန်အားပေးရန်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို လုပ်ရန် ဖြစ်ပြီး၊ အကျိုးဆက်အနေနှင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ယေရှု၌ အပ်နှံခဲ့သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

ကျေးဇူးတော်ခေတ်၏ အလုပ်အတွက်မူ၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင်ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းများမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကြင်နာခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထားကြီးခြင်းတို့ဖြစ်ပြီး သူလုပ်ခဲ့သော အလုပ်အများအပြားမှာ လူသားကို ရွေးနုတ်ခြင်းအလို့ငှာ ဖြစ်သည်။ သူ၏ စိတ်သဘောထားအတွက်မူ ယင်းသည် သနားကြင်နာခြင်းနှင့် ချစ်မြတ်နိုးခြင်းအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့် ဘုရားသခင်သည် သူ့ကိုယ်ကို ချစ်မြတ်နိုးသကဲ့သို့ လူကို ချစ်မြတ်နိုးကြောင်းပြရန် လူသားတို့အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခြင်း ခံရသည်။ သူသည် သူ၏ အလုံးစုံကို ပေးအပ်ခဲ့သည် အထိဖြစ်သည်။ စာတန်က ပြောသည်မှာ “ကိုယ်တော်သည် လူသားကို ချစ်သောကြောင့်၊ ကိုယ်တော်သည် သူ့ကို အလွန်အမင်း အစွန်းရောက်အောင် ချစ်ရမည်။ ကိုယ်တော်သည် လူကို လက်ဝါးကပ်တိုင်မှ၊ အပြစ်မှ၊ ဖယ်ရှားဖို့ရန် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရမည်၊ ထို့ပြင် ကိုယ်တော်သည် လူသားအားလုံးအတွက် အလဲအလှယ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပေးလှူရမည်။” စာတန်သည် အောက်ပါ အလောင်းအစားကို လုပ်ခဲ့သည်။ “ကိုယ်တော်သည် ချစ်မြတ်နိုးတတ်ပြီး ကြင်နာသနားတတ်သော ဘုရားသခင် ဖြစ်ရာ၊ ကိုယ်တော်သည် လူသားကို အလွန်အမင်း အဆုံးစွန်အထိ ချစ်ရမည်။ ကိုယ်တော်သည် ကိုယ့်ကိုယ်ကိုယ် လက်ဝါးကပ်တိုင် တင်ခံရသည်အထိ ပေးလှူရမည်။” ယေရှုက ပြန်ပြောသည်မှာ “လူသား အတွက် ဖြစ်နေသမျှ ငါသည် ငါ၏ အရာအားလုံးကို စွန့်လွှတ်ရန် အလိုရှိသည်။” ထို့နောက် သူသည် လက်ဝါး ကပ်တိုင်ပေါ်သို့ အနည်းငယ်မျှ စိုးရွံ့မှုမရှိဘဲ တက်သွားခဲ့ပြီး လူသားအားလုံးကို ရွေးနုတ်တော်မူခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏ နာမတော်မှာ ယေရှုဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် ကြင်နာသနားတတ်သော၊ ချစ်မြတ်နိုးတတ်သော ဘုရားသခင်ဖြစ်ခဲ့သည်ဟု ပြောရမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏ကြင်နာသနားခြင်းနှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းနှင့် လူသားအားလုံးနှင့် တွဲဖက်လျက်ရှိသည်။ ယေရှု၏နာမတော်နှင့် သူ၏မျက်မှောက်တော်ကို လက်ခံခြင်းအားဖြင့်သာ လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုရနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားများပြားသော ကျေးဇူးတော်များနှင့် သူ၏ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ယေရှု၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့်၊ သူ့ကို လိုက်လျှောက်သူ အားလုံးတို့သည် ကယ်တင်ခြင်းကို ရရှိပြီး သူတို့၏ အပြစ်များမှာ လွှတ်ခြင်းခံရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမတော်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ကျေးဇူးတော်ခေတ်၏ အလုပ် ကို အဓိကအားဖြင့် ယေရှု၏ နာမတော်အောက်တွင် လုပ်ဆောင်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် ကို ယေရှုဟု ခေါ်သည်။ သူသည် ဓမ္မဟောင်း ကျမ်းစာကို ကျော်လွန်သည့် အသစ်သော အလုပ် အဆင့်ကို လုပ်ဆောင်ပြီး သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် အဆုံးသတ်သည်။ ယင်းသည် သူ့အလုပ်တစ်ခုလုံး ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း ခံခဲ့ရလျက်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်မည်၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရပြီး သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ဤသည်မှာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်းနှင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသည့်အရာ ကျန်နေသေး၍ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ လူသား၏ အပြစ်များခွင့်လွှတ်ခြင်းခံရကာ သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

(၃) နိုင်ငံတော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

နောက်ဆုံးသောကာလ၏ အလုပ်မှာ နှုတ်ကပတ်တော်များပြောရန် ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု၌ သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်သော အပြောင်းအလဲများထက် ပိုမိုကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ ဆက်လက်ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် လုပ်ဆောင်မှုမှာ သူ့တွင်မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသည်၊ သို့သော်လည်း လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် ထိုသဘာဝမှာ သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏အပြစ်များသည် အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း၊ လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး အသွင်သဏ္ဌာန်ပြောင်းလဲပစ်ရန်ဟူသည့် ပြဿနာကိုမူ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း လူသည် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝစွန့်ပစ်ရန်နှင့် မည်သည့်အခါမျှ ပြန်လည်မပေါ်ပေါက်စေရန်အတွက် လူကို ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားမှ လုံးဝကယ်တင်ရမည်ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲစေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး၊ သူပြုသမျှသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်စေရန်၊ သူ၏ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက်လွန်မြောက်ရန်လည်း ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင်ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

ဟုတ်ပါသည်၊ ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့်ဖြစ်သည်သာမက ကယ်တင်ခြင်းအလုပ်ရှိ ဒုတိယအဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

လူသားသည် သူနှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိကောင်းရရှိစေရန်နှင့် သူ၏သက်သေခံချက်အတွက် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအပေါ် သူ၏တရားစီရင်မှုမရှိပါက လူသားသည် မကောင်းမှုကို သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားကို သိနိုင်ကောင်းမည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်သော သူ၏အသိဉာဏ်ဟောင်းကို အသစ်တစ်ခုဆီသို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ထို့ပြင် သူ၏စီမံခန့်ခွဲမှုအတွက် သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်။ သို့ဖြင့် လူသိရှင်ကြားပေါ်ထွန်းခြင်းအားဖြင့် လူသားကို ဘုရားသခင်နှင့် ပတ်သက်သောအသိဉာဏ်အား ရရှိရန်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲရန်နှင့် ဘုရားသခင်အတွက် ထူးကဲလှသော သက်သေခံချက်ကို လုပ်ဆောင်ခံရန် လူသားကို ထောက်ကူပေးသည်။ လူသား၏ စိတ်သဘောထားပြောင်းလဲမှုကို ဘုရားသခင်၏ မတူညီသည့် အမှုအမျိုးမျိုးအားဖြင့် ရရှိသည်။ သူ၏စိတ်သဘောထားတွင် ထိုကဲ့သို့သော ပြောင်းလဲမှုများမရှိဘဲ၊ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ချည်နှောင်ခြင်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို လွတ်အောင်ရုန်းခဲ့ပြီဖြစ်ကြောင်းနှင့် ဘုရားသခင့်အမှု၏ စံပုံစံနှင့် နမူနာ၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဧကန်အမှန်ဖြစ်လာကြောင်းကို ညွှန်ပြသည်။ ယနေ့ လူ့ဇာတိခံယူထားသည့် ဘုရားသခင်သည် ကမ္ဘာကြီးပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ လူသားအနေဖြင့် သူနှင့်ပတ်သက်သော အသိဉာဏ်၊ သူ့အပေါ် နာခံခြင်း၊ သူ့အတွက် သက်သေခံခြင်းတို့ကို ရရှိရန် သူတောင်းဆိုသည်။ သူ၏ လက်တွေ့ကျပြီး သာမန်ဖြစ်သော အမှုကိုသိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးကိုလည်းကောင်း၊ လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်ခဲ့သော လုပ်ဆောင်ချက်များ အားလုံးကိုလည်းကောင်း သက်သေခံရန် သူတောင်းဆိုသည်။ ဘုရားသခင်အတွက် သက်သေခံသောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ရှိရမည်။ ဤကဲ့သို့သော သက်သေခံချက်သည်သာလျှင် တိကျပြီး စစ်မှန်ကာ ဤကဲ့သို့သော သက်သေခံချက်ကသာလျှင် စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို တွေ့ကြုံခြင်းအားဖြင့် သူ့အား သိကျွမ်းလာသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ဘုရားသခင်သည် စာတန်၏ ဖျက်ဆီးခြင်းခံထားရသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ထိုနည်းတူ မိမိတို့၏စိတ်သဘာထားကို ပြောင်းလဲထားသူများနှင့် ထိုသို့အားဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိထားသူများကို သူ့အတွက် သက်သေခံရန် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် အလိုမရှိသကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံထားရသော စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း မလိုအပ်ပေ။ ဘုရားသခင်ကို သိသောသူများသာလျှင် သူ့ကို သက်သေခံရန်အရည်အချင်းမီပြီး၊ မိမိတို့၏စိတ်သဘောထားအတွင်း အသွင်ပြောင်းလဲထားသူများသာလျှင် ဘုရားသခင်အတွက် သက်သေခံရန် အရည်အချင်းမီသည်။ ဘုရားသခင်သည် လူသားမှ သူ၏နာမကို အရှက်ရစေရန် လုပ်ဆောင်ခြင်းကို တမင်တကာ ခွင့်ပြုမည် မဟုတ်ပေ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” မှ

နိုင်ငံတော်ခေတ်၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုယုံကြည်သူများအားလုံးကို သိမ်းပိုက်ရန်အတွက် နှုတ်ကပတ်တော်များပြော၏။ ဤအရာမှာ “လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်” ပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ ဤအမှုကို လုပ်ဆောင်ရန် ရောက်လာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖြစ်မြောက်စေဖို့ ရောက်လာခြင်းဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုသည်၊ ထို့ပြင် အချက်အလက်များပေါ်ထွန်းလာမှု သိပ်မရှိပေ။ ဤအရာသည်ပင် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ အနှစ်သာရဖြစ်သည်။ ထို့ပြင် လူ့ဇာတိခံယူသော ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ ယင်းသည် လူ့ဇာတိထဲ၌ နှုတ်ကပတ်တော် ပေါ်လာခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွဆင်းလာခြင်းဖြစ်သည်။ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော်ပေါ်လာခြင်း၏ အမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်အောင်လုပ်မည့် အမှုဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့ကြွလာပြီး သူ၏နှုတ်ကပတ်တော်များကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။ ယနေ့လုပ်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်မည့်အရာ၊ ဘုရားသခင်က အထမြောက်အောင် လုပ်မည့်အရာ၊ လူသား၏ နောက်ဆုံးပန်းတိုင်၊ ကယ်တင်ခြင်း ခံရမည့်သူများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ စသည်တို့နှင့် ပတ်သက်သော ဤအမှုသည် အဆုံး၌ ပြီးမြောက်အောင် လုပ်သင့်သည့် အမှုဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်သော အကြောင်းအရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်သည်၊ ထို့အပြင် ထိုအရာများအားလုံးသည် လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို အထမြောက်စေခြင်းအလို့ငှာဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် ဥပဒေသများ၊ ဖျက်ဆီးခြင်း ခံရမည့်သူများ၊ ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ စသည်တို့နှင့်ပတ်သက်သော နှုတ်ကပတ်တော်များအားလုံးသည် ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်က ပြီးမြောက်အောင်လုပ်မည့် အဓိကအမှုဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မရှိသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်မည်ဖြစ်ကြောင်း၊ ဣသရေလပြည်သည် မည်သို့ဖြစ်သွားလိမ့်မည်၊ အဲဂုတ္တုပြည်သည် မည်သို့ဖြစ်သွားလိမ့်မည် စသည်တို့ကို ဘုရားသခင်သည် လူတို့အား နားလည်စေသည်။ အနာဂတ်တွင် ထိုအရာများအကြောင်း ပြောထားသော နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ အဆင့်များသည် အရှိန်မြင့်လာလျက်ရှိသည်။ ခေတ်တိုင်းခေတ်တိုင်းတွင် အဘယ်အရာကိုလုပ်ရမည်၊ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်က အဘယ်အရာကိုလုပ်ရမည်၊ ထို့ပြင် လုပ်ဆောင်ရမည့် သူ၏အမှုတော် စသည်တို့ကို လူသားအား ထုတ်ဖော်ပြသရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ထို့ပြင် ဤနှုတ်ကပတ်တော်များ အားလုံးသည် လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်အစစ်အမှန်ကို အထမြောက်စေရန်အလို့ငှာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို လူသားအား အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကိုသိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်ဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားသည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အမှုအလုံးစုံကို နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသားသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော်တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် ဘုရားသခင်တည်ရှိကြောင်းကို သူယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို သူယုံသည်၊ လူသားအပေါ်ထားသော ဘုရားသခင်၏မေတ္တာနှင့် လူကိုကယ်တင်လိုသည့် ဆန္ဒကိုလည်း သူယုံသည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရိုးသာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်သည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏နှလုံးသား၊ အယူအဆ၊ စိတ်သဘောထားအဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုကဲ့သို့ စကားပြော၍ လူသားကို ထိုကဲ့သို့ကယ်တင်ရန် ကြွလာသည်။ ထိုအချိန်မှစ၍ လူသားသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ကမ္ဘာ၌ ရှင်သန်နေထိုင်လာကြသည်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများအတွင်း၌ ရှင်သန်နေထိုင်လာကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် ရှင်သန်နေထိုင်လာကြသောသူများမှာ သာ၍ပင်များသေးသည်။ ဤနှုတ်ကပတ်တော်များနှင့် အမှုသည် လူသားကို ကယ်တင်ခြင်းအလို့ငှာ၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းခြင်းအလို့ငှာ၊ ဖန်ဆင်းခြင်းအဟောင်းဆိုင်ရာ လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့မှ လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် လောကဟောင်းတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်မှ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည်ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်အောင်ပြုရန်အတွက် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုနေသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ဖို့အတွက်၊ သို့မဟုတ် လူသားယုံကြည်လက်ခံလာအောင် လုပ်ဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပါ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသလျှင် ဘုရားသခင်၏ စစ်မှန်မှုကို ပြဖို့ခက်မည်ဖြစ်ပြီး ထိုသို့ခက်သောကြောင့် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို စုံလင်အောင် မလုပ်ပေးပါ။ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန်အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ နာခံခြင်းနှင့် ဘုရားသခင်ကိုသိသော လူသား၏အသိကို စွမ်းဆောင်ရရှိသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးပြုသည့် နည်းလမ်းကို မသုံးပါ၊ လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နှုတ်ကပတ်တော်များနှင့် အမှုပြုနည်းမျိုးစုံကို သူအသုံးပြုသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ရိုက်နှက်ဆုံးမခြင်းဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် ရှုထောင့်အမျိုးမျိုးမှ ပြောဆိုပြီး လူသားကို စုံလင်အောင်၊ ဘုရားသခင်၏ အမှု၊ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို သိသောအသိ လူသား၌ ပိုများလာအောင် ပြုလုပ်ပေးသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

အလုပ်၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် ရယူသည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် နက်နဲရာအချက် အများအပြားနှင့် အတိတ်ကာလ မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အလုပ်တို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ မဖော်ထုတ်ခဲ့သော နက်နဲရာအချက်များကိုသာမက အတိတ်အချိန်များမှ ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်နှင့် သူတို့အလုပ်လုပ်ခဲ့သော နိယာမများတို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကိုသာမက လူ၏ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူတို့ကိုယ်တိုင်၏ အနှစ်သာရများကိုလည်း သိနားလည်လာသည်။ ယင်းအလုပ်အဆင့်များနှင့် ပြောကြားခဲ့သော နှုတ်ကပတ်တော်များ အားလုံးမှတစ်ဆင့် လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်ခံယူသော ဇာတိခန္ဓာ၏ အလုပ်နှင့် ထို့ထက်မက သူ၏စိတ်သဘောထား တစ်ခုလုံးကို သိလာသည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ ဘုရားသခင်၏ စီမံခန့်ခွဲမှုများအပေါ် သင်၏သိနားလည်မှုကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်။ သင်၏ ယခင်က အယူအဆများအပေါ် သင်၏သိနားလည်မှုနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ အောင်မြင်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရခဲ့သည်မဟုတ်လော။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အကြီးမားဆုံးသော အရေးပါမှုမှာ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးပြီးနောက် သမ္မာတရားကို လက်တွေ့ကျင့်သုံးခွင့်ပေးခြင်း၊ သူတို့၏ စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရရှိစေခြင်းနှင့် မိမိတို့ကိုယ်မိမိနှင့် ဘုရားသခင်၏အမှုအကြောင်း သိစေခြင်းတို့ပင် ဖြစ်သည်။ စကားပြောခြင်းမှတစ်ဆင့် လုပ်ဆောင်သောနည်းလမ်းသည်သာ ဘုရားသခင်နှင့် လူသားအကြား ဆက်ဆံပြောဆိုခြင်းကို ဖြစ်မြောက်စေနိုင်ပြီး၊ နှုတ်ကပတ်တော်များသည်သာလျှင် သမ္မာတရားကို ရှင်းပြနိုင်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် လူသားကိုသိမ်းပိုက်ရန်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်၊ နှုတ်ကပတ်တော်များကို မိန့်မြွက်ခြင်းမှလွဲ၍ အခြားမည်သည့်နည်းလမ်းကမျှ သမ္မာတရားနှင့် ဘုရားသခင်၏အမှုအကြောင်း ပိုမိုရှင်းလင်းသည့် နားလည်ခြင်းကို လူသားအား ပေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူသားတို့ကို ဘုရားသခင်ထံမှ မှန်ကန်သောလမ်းနှင့် အသက်ကို ရယူခွင့်ပေးလျက် သူ့အမှု၏နောက်ဆုံးအဆင့်တွင် လူသားနားမလည်သည့် သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ဖွင့်ပြရန်အလို့ငှာ လူသားကို ဘုရားသခင်စကားပြောသည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားတို့ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” မှ

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်ခြင်းသို့ ရောက်ရန် ပြုလုပ်ခြင်းကို လုံးလုံးလျားလျား ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုအပြီးတွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခ ခံရလိမ့်မည်။ ဒုက္ခဆင်းရဲ ခံရချိန်တွင် ယင်းကို ကျော်လွှားနိုင်ပြီး သက်သေခံအဖြစ် ရပ်တည်နိုင်သည့် သူတို့သည်၊ အဆုံးတွင် စုံလင်ခြင်းအောင် ပြုလုပ်ခံရမည့်သူများ ဖြစ်သည်။ သူတို့သည် အောင်နိုင်သူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲ ခံရချိန်တွင် လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းက ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်အလုပ်၏ စီမံခန့်ခွဲမှု တစ်ခုလုံး အဆုံးမသတ်မီတွင် ယင်းသည် လူသားက စစ်ဆေးခြင်းခံရမည့် နောက်ဆုံးအချိန်ဖြစ်သည်။ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ထိုအလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ထို့ကြောင့် လူသည် အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခံရမည်၊ အဆိုးလုပ်သူများသည် နေအလင်းရောင်ကို နောက်တစ်ဖန် လုံးဝမမြင်ရဖို့ ဆိုးညစ်သောသူတို့နှင့် စုဖွဲ့ကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုလက်ခံရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်သောသူတို့နှင့် စုဖွဲ့ကြရမည်။ အရာအားလုံးအတွက် အဆုံးသတ်သည် နီးလာပြီ၊ လူ့အဆုံးသတ်ကို သူ၏မျက်လုံးများဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်ပြီး၊ အရာအားလုံးက အမျိုးအစားအတိုင်း ခွဲခြားသတ်မှတ်ခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် ဤခွဲခြားသတ်မှတ်ခြင်းအား ကြုံရသည့်အဖြစ်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ခပ်သိမ်းသောအရာအားလုံးကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် မျိုးတူစုခံရမည့်အချိန်သည် နောက်ဆုံးသောကာလ ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်၊ တစ်နည်းအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစားခွဲခြားနိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော ခွဲခြားခြင်းအအမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား နေရာတိုင်းတွင်ရှိသော တိုင်းနိုင်ငံအားလုံးမှ လူတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ခံစားစေရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့သို့ လာကြပြီး အမျိုးအစားအလိုက် ခွဲခြားခံရမည်ကို ဆိုလိုသည်။ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ မလွတ်မြောက်နိုင်၊ ထို့ပြင် အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် ခွဲခြားစုဖွဲ့ခြင်းကို ရှောင်ကွင်းမသွားနိုင်၊ အယောက်တိုင်း အတန်းအစားများထဲသို့ ခွဲခြားခံရမည်ဖြစ်သည်။ ထိုအရာမှာ အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး ခပ်သိမ်းသော ကောင်းကင်နှင့်မြေကြီးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိလာကြသောကြောင့်ပင် ဖြစ်သည်။ လူသည် သူ့တည်ရှိမှု၏အဆုံးသတ်ကို အဘယ်သို့ လွှဲရှောင်နိုင်မည်နည်း။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” မှ

တရားစီရင်မှုက အဘယ်အရာဖြစ်သည်၊ သမ္မာတရားက အဘယ်အရာဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်သည်ဆိုပါလျှင် တရားစီရင်မှုကို ခံယူခြင်းငှာ ကျိုးကျိုးနွံနွံနှင့် နာခံဆက်ကပ်ရန် ငါအလေးအနက်တိုက်တွန်း၏။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်းအခွင့်ကို ဘယ်တော့မျှ ရလိမ့်မည်မဟုတ်၊ သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်းတစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမျှ သန့်စင်၍မရသော သူတို့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ တရားစီရင်ခြင်းအမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန်များပြားကာ၊ ပို၍ကြီးလေးလှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ပုန်ကန်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သောသူများသည် သာ၍ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရအတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစောင့်သိမှုကို ပြခဲ့ကြသော်လည်း သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်များကိုမျှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် အပြစ်ဒဏ်ပေးခံရခြင်းအားဖြင့် ဒဏ်ခတ်ခံကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ထုတ်ဖော်ခြင်းမဟုတ်ပေလော။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် ဆိုးယုတ်သော ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုဆိုးယုတ်သော ဝိညာဉ်များကို သူတို့၏ ခန္ဓာအသွေးအသားအား စိတ်ကြိုက်ဖျက်ဆီးခွင့်ကို ပေးလိမ့်မည်။ ထို့ပြင် ထိုသူတို့၏ ခန္ဓာကိုယ်များမှ အလောင်းကောင်အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေမည်။ ယင်းကား သူတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခံရခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော ယုံကြည်သူအတုအယောင်များ၊ တမန်တော်အတုအယောင်များနှင့် အမှုတော်ဆောင်အတုအယောင်များ အယောက်စီတိုင်း၏ အပြစ်များကို မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို ညစ်ညမ်းစေရန် စိတ်ကြိုက်ပြုမူကြလေ၏။ ထိုသို့အားဖြင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း လုံးဝမရှိကြတော့စေရန်ဖြစ်သည်။ ခဏတစ်ဖြုတ်မျှ အစေခံခဲ့ကြသော်လည်း အဆုံးတိုင်သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ ထိုသို့အားဖြင့် သူတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းကို လိုက်ကြပြီး ပရမ်းပတာဖြစ်နေသော ထိုလူစု၏ အစိတ်အပိုင်း ဖြစ်လာစေရန်ဖြစ်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့ကို အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် မည်သည့်အခါကမျှ သစ္စာမခံခဲ့သော၊ သို့မဟုတ် မိမိတို့၏အစွမ်းခွန်အားကို မည်သည့်အခါကမျှ ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုမပြုဘဲ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါကမျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သောသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့နှင့်အတူ ရေတွက်ခြင်းခံရ၏။ ထိုသူတို့ထဲမှ လူအနည်းငယ်သာ ရှင်ကျန်ရစ်မည်ဖြစ်ပြီး အများစုမှာမူ အစေခံရန် အရည်အချင်းမပြည့်မီကြသောသူတို့နှင့်အတူ ပျက်စီးကြလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်နှင့် စိတ်သဘောတူသူများ၊ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားများနှင့် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်သွင်းလိမ့်မည်။ သူတို့သည် ဘုရားသခင့်အမှု၏ စစ်ယူရရှိထားသောအရာ ဖြစ်လိမ့်မည်။ ဘုရားသခင်စီစဉ်ထားသော အမျိုးအစားတစ်မျိုးမျိုးအထဲ သတ်မှတ်ခြင်း မခံရနိုင်သောသူများကမူ မယုံကြည်သူများထဲသို့ ထည့်သွင်းရေတွက်ခြင်း ခံရလိမ့်မည်။ ထိုသူတို့၏ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ဆုံးဖြတ်ချက်သာဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏အမှုသည် သူနှင့်အတူ မီအောင်မလိုက်နိုင်သောသူများကို လုံးဝစောင့်နေမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကရုဏာမထားကြောင်းပင်တည်း။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။ သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည်ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် သူ၏နောက်ဆုံးအမှုသည် လူသားအားလုံးကို လုံးဝသန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် သူသည် သန့်ရှင်းသော လူသားအားလုံးကို ထာဝရအနားယူခြင်းထဲသို့ ဆောင်ယူသွားရန်ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ ယင်းမှာ သူ့စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ကောက်ကျစ်စဉ်းလဲသူများကို မဖျက်ဆီးဘဲ သူတို့ကို ကျန်ရှိစေပါက၊ လူသားအားလုံးတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် လူသားအားလုံးကို ပိုမိုကောင်းမွန်သော နိုင်ငံတော်သို့ ခေါ်ဆောင်မသွားနိုင်ဘဲ ရှိလိမ့်မည်။ ဤအမှုမျိုးသည် အဆုံးတိုင် ပြီးစီးခြင်းရှိမည်မဟုတ်ပေ။ သူ့အမှုကို သူအပြီးသတ်သည့်အခါ လူသားအားလုံးတို့သည် လုံးဝသန့်ရှင်းကြလိမ့်မည်။ ထိုသို့သော အနေအထားမျိုးမှသာလျှင် ဘုရားသခင်သည် အနားယူခြင်း၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့သည်ဖြစ်ရာ သူသည် လူသားကို သူ့အားကိုးကွယ်စေရန် လုပ်ဆောင်လိမ့်မည်၊ သူသည် လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိုသည်ဖြစ်ရာ သူသည် ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး မည်သည့် အစွန်းအထင်းမျှ ရှိစေမည်မဟုတ်ပေ။ သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်းဆိုသည်မှာ လူသားကို သူ့အား ကိုးကွယ်စေပြီး လူသားကို သူ့အားနာခံအောင် လုပ်ခြင်းဖြစ်သည်။ သူသည် လူသားကို သူ့အားဖြင့် ရှင်သန်စေပြီး သူ၏အခွင့်အာဏာဖြင့် သူ၏ရန်သူများကို ဖျက်ဆီးလိမ့်မည်ဟု ဆိုလိုသည်။ သူသည် လူသားထံမှ မည်သည့်ခုခံမှုမျိုးမျှ မရှိစေဘဲ သူ၏နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင် ဆက်လက်တည်မြဲစေမည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင်နိုင်ငံတော်ဖြစ်သည်။ သူအလိုရှိသောလူသားသည် သူ့ကို ကိုးကွယ်သူများ၊ သူ့ကို အကြွင်းမဲ့ နာခံသူများနှင့် သူ၏ဘုန်းအသရေရှိထားသူများဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးနေသော လူသားတို့ကို မကယ်တင်ပါက လူသားကို သူဖန်ဆင်းခြင်း၏အနှစ်သာရမှာ အချည်းနှီးဖြစ်သွားပေမည်၊ သူသည် လူတို့အကြား အာဏာဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ သူ၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို နာခံခြင်းမရှိသော ရန်သူများကို သူမဖျက်ဆီးပါက သူသည် မိမိ၏စုံလင်သော ဘုန်းတော်ကို ရယူနိုင်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်တော့မည် မဟုတ်ပေ။ ဤအရာတို့သည် သူ၏အမှုပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ သူ့ကို နာခံခြင်းမရှိသောသူတို့ကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်အောင်ပြုခြင်း ခံရပြီးသောသူများကို အနားယူခြင်းထဲသို့ ဆောင်ယူရန်ဖြစ်သည့် သူ၏ ကြီးမြတ်သောအောင်မြင်ခြင်း၏ ပြည့်စုံမှုသင်္ကေတများဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ငါ၏စကားများ ပြီးပြည့်စုံသည့်အတွက် နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး လူသည် တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသောကြောင့် ငါ၏စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏လူများ အားလုံးသည် ပုံမှန်လူ့အသက်တာအား ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ပျောက်ကွယ်သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီဖြစ်နေသည့် နွေဦးမြို့ကြီးများနှင့်ပြည့်သော လောကကြီးကို အစားထိုးလိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ်ကောင်းသော လူ့လောကကြီးအား ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုလည်း သူတို့ မခံစားရတော့ပါ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်မဖြစ်ကြ၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက်လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ဧဝံဂေလိသတင်း

No comments:

Post a Comment