菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

2/14/2020

အခန်း တစ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သင်သိရမည်


ကယ်တင်ခြင်း, အနန္တတန်ခိုးရှင် ဘုရားသခင်, ခရစ်တော်, ထာဝရအသက်,



အခန်း တစ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သင်သိရမည်


၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော စစ်မှန်သောဘုရားသခင်တစ်ဆူဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာပြောင်းလဲလေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက်နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှနားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သဘောမပေါက်သောအရာကို သဘောပေါက်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင်း ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ်အဖို့အလို့ငှာ ဖြစ်၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” မှ


ကျယ်ပြန့်လှသောစကြဝဠာထဲတွင် ဘဝနိယာမကို ထပ်တလဲလဲလိုက်နာလျက် ပုံသေစည်းကမ်းတစ်ရပ်ကို လိုက်နာကာ သက်ရှိသတ္တဝါမည်မျှသည် အသက်ရှင်လျက် မျိုးပွားနေကြသနည်း။ သေသူများသည် ရှင်သူများ၏ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူသွားကြပြီး ရှင်နေသူများသည် သေပြီးသောသူများ၏ ဝမ်းနည်းဖွယ်ရာ သမိုင်းတစ်ရပ်ကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကို “ငါတို့သည် မည်သည့်အတွက် အသက်ရှင်သနည်း။ အဘယ်ကြောင့် သေရသနည်း။ ဤကမ္ဘာကို အုပ်ချုပ်သူမှာ မည်သူနည်း။ ဤလူသားမျိုးနွယ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ သဘာဝမိခင်က လူသားမျိုးနွယ်ကို အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အကယ်ပင် ထိန်းချုပ်နိုင်သလော...” ဟု မမေးဘဲ မနေနိုင်တော့ပါ။...လူသားတို့သည် လူသားတို့၏အစနှင့် အနာဂတ်တို့ကို သိရန်မဆိုထားနှင့် စကြဝဠာရှိ အလုံးစုံသော အရာတို့၏ အချုပ်အခြာအာဏာရှင် မည်သူဖြစ်သည်ကိုပင် မသိပါ။ လူသားသည် ဤနိယာမအကြားတွင် မတတ်သာ၍ အသက်ရှင်နေရုံမျှသာ ဖြစ်သည်။ မည်သူမျှ ထိုအရာကို လွတ်မြောက်နိုင်ခြင်း မရှိ။ ပြောင်းလဲနိုင်ခြင်း မရှိ။ အကြောင်းမှာ အလုံးစုံသောအရာများအကြားနှင့် ကောင်းကင်ဘုံ၌ ခပ်သိမ်းသောအရာတို့အပေါ် ကမ္ဘာအဆက်ဆက် အချုပ်အခြာအာဏာရှိသူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ လူသားတို့ တစ်ခါမျှ မမြင်ဖူးသောသူ၊ လူသားတို့ တစ်ခါမျှ မသိဖူးသူ၊ ၎င်းရှိကြောင်း လူသားတို့တစ်ခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားတို့၏ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားတို့ကို အသက်ပေးခဲ့သူဖြစ်သည်။ လူသားများ ရှိနေရေးအတွက် ထောက်ပံ့အားဖြည့်ပေးနေပြီး ယနေ့တိုင် လူသားတို့ကို လမ်းပြသူဖြစ်သည်။ ထို့အပြင် သူသာလျှင် လူသားတို့ ရှင်သန်နေရေးအတွက် အားထားရာ ဖြစ်သည်။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး စကြဝဠာအောက် သက်ရှိအားလုံးကို အုပ်စိုးသူ ဖြစ်သည်။ ရာသီလေးပါးကို ကွပ်ကဲအုပ်စိုး၍ လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူဖြစ်သည်။ လူသားတို့ကို နေရောင်ပေး၍ ည၏ အလာကို ဆောင်ကြဉ်းသူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ၊ လူသားတို့ကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ပေးသောသူမှာ သူဖြစ်သည်။ သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းတစ်ခုစီသည် သူ့အမှု၏ ပြယုဂ်ဖြစ်ပြီး ၎င်းတို့တစ်ခုစီတိုင်းသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ သူ၏အချုပ်အခြာအာဏာမှ မိမိကိုယ်ကို လွတ်ငြိမ်းခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ ထို့အပြင် သူ၏အစီအမံများမှ မိမိကိုယ်ကို ထွက်ခွာခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ အလုံးစုံသောအရာတို့သည် သူ၏စူးစိုက်ကြည့်မှုအောက်တွင် ရှိသည့်အပြင် အလုံးစုံသော အရာတို့သည် သူ၏အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် တန်ခိုးတို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရပေသည်။ သူမှလွဲ၍ အခြားမည်သည့်အရာမျှ ဤလူသားများကို စဉ်ဆက်မပြတ် စောင့်ရှောက်နိုင်ရန်မဆိုထားနှင့် စကြဝဠာကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိပါ။ သင်သည် ဘုရားသခင်၏အမှုကို သိနိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ရှိကြောင်း ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်၏ ခန့်ထားတော်မူခြင်းအတွင်း သင်၏ကံကြမ္မာ တည်ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ ၎င်းအပြင် ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ အစဉ်ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ သူရှိကြောင်းနှင့် သူ၏အာဏာတို့မှာ လူသားတို့၏ အသိအမှတ် ပြုခံရနိုင်ခြင်း ရှိမရှိ၊ နားလည်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်နေသည် မဟုတ်ပါ။ လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သူသာလျှင်သိပြီး သူသာလျှင် လူသားတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားသည် မိမိ၏မျက်စိဖြင့် မြင်မည့်အချိန်မှာ မကြာမြင့်တော့ပါ။ ထို့အပြင် ဘုရားသခင်သည် ဤအချက်ကို မကြာမီ အောင်မြင်စွာ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်၍ သေဆုံးကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်သည်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှုအတွက်ပင် ဖြစ်သည်။ လူသားသည် ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ထပ်ခါတလဲလဲ လုပ်သည်။ ဤသည်တို့အားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအမံတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲရှေ့သို့တက်လှမ်းနေပြီး မည်သည့်အခါမျှ ရပ်စဲမသွားပေ။ လူသားမျိုးနွယ်အနေဖြင့် သူရှိကြောင်းသိရှိရန်၊ သူ၏ အချုပ်အခြာအာဏာအပေါ် ယုံကြည်စိတ်ချရန်၊ သူ၏လုပ်ဆောင်ချက်ကို မြင်ရန်နှင့် သူ၏နိုင်ငံတော်သို့ ပြန်လာရန် သူပြုလုပ်မည် ဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ သူလုပ်ကိုင်နေခဲ့သည် အမှုပင်ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက်ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့နေထိုင်စဉ်ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

ဤလူသားမျိုးနွယ် ဖြစ်မလာခင်တွင် စကြဝဠာ၊ ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ် များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက် တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေသည်။ မည်သည့်ဂြိုဟ်က မည်သည့် အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်သည်၊ ထို့နောက် မည်သည့်အချိန်တွင် မည်သည့်အရာကို လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်း တစ်လျှောက်မှာပတ်သည်၊ မည်သည့်အချိန်မှာ ပျောက်ကွယ်သည် သို့မဟုတ် အစားထိုးခံရသည်၊ ၎င်းတို့အားလုံးက အမှားအယွင်း အနည်းငယ်မျှ မဖြစ်ဘဲ ဆက်သွားနေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် သူတို့ကြားထဲက အကွာအဝေး အားလုံးက တိကျသည့် ပုံစံရှိသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၄င်းတို့သွားသည့် လမ်းကြောင်းတစ်လျှောက်၊ ၄င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့် ပုံစံ၊ တည်နေရာအမျိုးမျိုးမှာ ၄င်းတို့ရှိသည့်အချိန်တို့ကို တိကျစွာတိုင်းတာနိုင်ပြီး အထူးနိယာမများနှင့် ဖော်ပြနိုင်သည်။ အလွန်ကြာမြင့်သည့် အချိန်အထိ ဂြိုဟ်များသည် မည်သည့်အခါမျှ သွေဖည်မသွားဘဲ ဤ နိယာမများအတိုင်း ပြုလုပ်သည်။ မည်သည့်တန်ခိုးအစွမ်းမျှ ၄င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၄င်းတို့သွားလာသည့် ပုံစံများကို မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ သူတို့၏လှုပ်ရှားမှုများကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် သူတို့ကိုဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာနှင့် ကြိုတင်ပြဌာန်း သတ်မှတ်ပြီး ဖြစ်သောကြောင့် သူတို့သည် ဖန်ဆင်းရှင်၏ စိုးပိုင်မှုနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံလိုက်လျှောက်သည်။ ကျယ်ပြန့်သည့် ရှုထောင့်မှကြည့်လျှင် တစ်ချို့ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ တစ်ချို့ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် နိယာမများ သို့မဟုတ် ထူးခြားဖြစ်ရပ်များကို လူသားတို့ ရှာဖွေဖော်ထုတ်ရန် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသော်လည်း၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ်မပြုသော်လည်း၊ စကြဝဠာထဲမှ အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံသဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်လှသည့် မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးထိန်းချုပ်ထားသည် ဆိုသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒပညာရှင်များနှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်ဗဟို၌ အရာအားလုံးကို စီစဉ်ညွှန်ကြားနေသည့် တန်ခိုးအစွမ်းရှိသူတစ်ဦး ရှိနေသည်ကို ဤအချက်က လူသားတို့အား ရင်ဆိုင်၍ လက်ခံအသိအမှတ်ပြုစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားကမျှ သူ၏အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်ဆိုသည်ကို လူသားသည် အသိအမှတ်ပြုရမည်၊ တစ်ချိန်တည်းမှာပင် လူသားတို့သည် ဤနိယာမတို့ကို အပြည့်အဝ နားမလည်နိုင်ဆိုသည်ကိုလည်း ဝန်ခံရမည်။ ၎င်းတို့သည် သဘာဝအလျောက် ပေါ်ပေါက်နေခြင်း မဟုတ်၊ အရှင်သခင်တစ်ယောက်က သတ်မှတ်ပေးခြင်းသာ ဖြစ်၏။ ဤ အရာအားလုံးက ကျယ်ပြန်သည့်ရှုထောင့်မှ လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ အခွင့်အာဏာ ဖော်ပြချက်များ ဖြစ်သည်။

အနုစိတ်ရှုထောင့်တွင် လူသားတို့ ကမ္ဘာမြေကြီးပေါ်မှာ မြင်တွေ့နိုင်သည့် တောင်များအားလုံး၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေများ၊ သူတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရိစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ သက်ရောက်မှုခံရပြီး ဘုရားသခင်က ထိန်းချုပ်ထားသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ စိတ်ကူးနှင့်အညီ ဖြစ်ပေါ်လာသည် သို့မဟုတ် ပျောက်ကွယ်သွားသည်၊ သူတို့၏အသက်တာအားလုံးသည် နိယာမအချို့ဖြင့် လွှမ်းမိုးထားပြီး သူတို့သည် ဤနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သူမျှ သို့မဟုတ် မည်သည့်အရာမျှ ဤ နိယာမများ၏ အထက်တွင် မရှိပေ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များအတွက် နယ်နိမိတ်စည်းများ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများနှင့် ရေအစုအဝေးများအမျိုးမျိုးရှိသည်။ ၎င်းတို့မှာ မတူညီသည့် မြေပြင်အနေအထားများ မဟုတ်ပေလော။ ဘုရားသခင်သည် ဤမတူညီသည့် မြေပြင်အနေအထား အမျိုးအစားများကြားတွင် နယ်နိမိတ်စည်းများ ရေးဆွဲခဲ့သည်။ နယ်နိမိတ်စည်းများ ရေးဆွဲသည့်အကြောင်းကို ပြောသည့်အခါ တောင်များတွင် သူတို့၏ အကန့်အသတ်ဘောင်များရှိသည်၊ လွင်ပြင်များတွင် သူတို့၏အကန့်အသတ်ဘောင်များ ရှိသည်၊ သဲကန္တာရများတွင် အတိုင်းအတာတစ်ချို့ရှိပြီး တောင်ကုန်းများတွင် ပုံသေနေရာတစ်ခု ရှိသည်ဟုဆိုလိုသည်။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ပုံသေပမာဏနှင့် ရေအစုအဝေးများလည်း ရှိသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ အရာအားလုံးကို အလွန် ရှင်းလင်းတိကျစွာ ခွဲခြမ်းခဲ့သည်။...ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤမတူညီသည့် မြေပြင်အနေအထားများနှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့ အားလုံးအတွင်းတွင် သူသည် စီစဉ်ထား၍ စနစ်တကျရှိသည့် နည်းလမ်းတစ်ရပ်ဖြင့် အရာအားလုံးကို စီမံခန့်ခွဲနေသည်။ ထို့ကြောင့် ဤပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံရပြီးနောက်တွင် နှစ်ထောင်ချီ၍၊ နှစ်သောင်းချီ၍ တည်ရှိနေဆဲဖြစ်သည်။ သူတို့သည် သူတို့၏ အခန်းကဏ္ဍတစ်ခုစီကို လုပ်ဆောင်နေဆဲဖြစ်သည်။ အချို့အချိန်ကာလအတွင်းတွင် မီးတောင်များ ပေါက်ကွဲသော်လည်း၊ အချို့ကာလအတွင်းတွင် ငလျင်လှုပ်မှုများ ဖြစ်ပေါ်သော်လည်း၊ ကြီးမားသည့် ကုန်းမြေရွေ့ပြောင်းမှုများ ရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်မြေအနေအထားကိုမဆို သူ၏ နဂိုလုပ်ဆောင်မှုများကို လုံးဝ ဆုံးရှုံးခွင့်ပြုမည်မဟုတ်ပေ။ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှု၊ ဤနိယာမများအပေါ် သူ၏စိုးမိုးမှုနှင့် ဆုပ်ကိုင်ထားမှုများကြောင့် လူသားမျိုးနွယ်မှ ခံစားသည့်၊ လူသားမျိုးနွယ်မှ မြင်တွေ့ရသည့် ဤအရာအားလုံးသည် ကမ္ဘာမြေကြီးအပေါ်တွင် အစီအစဉ်တကျပုံစံနှင့် ရပ်တည်နိုင်ခြင်းဖြစ်သည်။

............

ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များအတွက် နယ်နိမိတ်စည်းမျဉ်းများ ပြုလုပ်ခြင်းအပြင် ဘုရားသခင်သည် ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များအားလုံးအတွက်လည်း နယ်နိမိတ်စည်းမျဉ်းများ ရေးဆွဲခဲ့သည်။ သဘာဝနိယာမတရားများကိုလည်း သတ်မှတ်ခဲ့သည်။ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များကြားက မတူညီမှုများ၊ မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်တို့ တည်ရှိမှုကြောင့် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးများ၊ ပိုးမွှားများနှင့် အပင်တို့သည် ရှင်သန်ရပ်တည်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်တို့ ရှိကြသည်။ ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများသည် အပင်အမျိုးမျိုးကြားတွင် နေထိုင်ကြသည်၊ ငါးများက ရေတွင်နေပြီး အပင်များက ကုန်းမြေပေါ်တွင် ပေါက်သည်။... ဘုရားသခင်ဖန်ဆင်းခဲ့သည့် သတ္တဝါအားလုံးသည် တစ်နေရာထဲတွင် ပုံသေသတ်မှတ်ခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူနိုင်သည်ဖြစ်စေ၊ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူတို့အားလုံးတွင် နိယာမများရှိသည်။ ဤသက်ရှိသတ္တဝါများကို ဘုရားသခင်မဖန်ဆင်းခင် ရှေးယခင်ကတည်းက သူတို့၏ ကိုယ်ပိုင်မွေးရပ်မြေအတွက်၊ သူတို့၏ ကိုယ်ပိုင်ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်အတွက် သူပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဤသက်ရှိသတ္တဝါများသည် သူတို့၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ထားသည့် ကိုယ်ပိုင်ပတ်ဝန်းကျင်၊ သူတို့၏ကိုယ်ပိုင်အစားအစာ၊ သတ်မှတ်ထားသည့် ကိုယ်ပိုင်မွေးရပ်မြေများ၊ သူတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် သင့်တော်သော သတ်မှတ်ထားသည့် ကိုယ်ပိုင်နေရာများ၊ သူတို့ရှင်သန်ရပ်တည်ရန်အတွက် သင့်တော်သည့်အပူချိန်နှင့် နေရာများရှိကြသည်။ ဤနည်းအားဖြင့် သူတို့သည် လျှောက်ပြီး လှည့်လည်သွားလာခြင်း သို့မဟုတ် လူသားတို့၏ရှင်သန်ရပ်တည်ရေးကို ထိခိုက်ခြင်း သို့မဟုတ် သူတို့၏အသက်ရှင်သန်မှုများကို သက်ရောက်စေခြင်းတို့ ပြုမည်မဟုတ်ပေ။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင် စီမံသည့် ပုံစံပင်ဖြစ်သည်။ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံးပတ်ဝန်းကျင်ကို ထောက်ပံ့ရန်ဖြစ်သည်။ အရာအားလုံးထဲက သက်ရှိသတ္တဝါတိုင်းတွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် သူတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်းတွင် အသက်ရှင်သန်နိုင်သည့် အစားအစာများ ရှိကြသည်။ ဤအစားအစာများနှင့်အတူ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် သူတို့၏ ဇာတိပတ်ဝန်းကျင်အတွင်းတွင် သူတို့ကို သတ်မှတ်ထားသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်အမျိုးအစားတွင် သူတို့သည် ဘုရားသခင် သူတို့အတွက် ချမှတ်ခဲ့သည့် နိယာမများနှင့်အညီ ရှင်သန်ဆဲ၊ ပွားများဆဲ၊ ရှေ့ဆက်နေကြဆဲ ဖြစ်သည်။ ဤနိယာမ အမျိုးအစားများကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားထားခြင်းကြောင့်၊ အရာအားလုံးသည် လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်စွာ ပြုမူလှုပ်ရှားပြီး လူသားမျိုးနွယ်နှင့် အရာအားလုံးသည် အပြန်အလှန် မှီခိုနေကြသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှုစည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။

ညအချိန်သည် တိတ်တဆိတ် ချဉ်းကပ်လာသောအခါ လူသားသည် သတိမပြုမိပေ၊ အကြောင်းမှာ လူသား၏နှလုံးသားအနေဖြင့် ညသည် မည်ကဲ့သို့ချဉ်းကပ်လာသည်၊ သို့မဟုတ် မည်သည့်နေရာမှ လာသည်ကို သတိမမူမိနိုင်သောကြောင့်ဖြစ်သည်။ ညသည် တိတ်တဆိတ် တစ်စတစ်စပျောက်ကွယ်သွားချိန်တွင် လူသားသည် နေ့၏ အလင်းရောင်ကို ကြိုဆိုသည်၊ သို့သော်လည်း မည်သည့်နေရာမှ အလင်းလာပြီး ည၏အမှောင်ထုကို မည်သို့နှင်ထုတ်လိုက်ပုံကိုမူ လူသားသည် သာ၍ပင် မသိရှိကြပေ၊ သာ၍ပင် သတိမထားမိကြပေ။ ထိုသို့ ထပ်တလဲဖြစ်ပေါ်နေသော နေ့နှင့်ညတစ်လှည့်စီဖြစ်ပေါ်မှုများသည် လူတို့ကို ကာလတစ်ခုမှ အခြားကာလတစ်ခုသို့၊ သမိုင်းကြောင်းနောက်ခံအနေအထားတစ်ခုမှ အခြားတစ်ခုသို့ ပို့ဆောင်ပေးပြီး၊ တစ်ဖက်တွင်လည်း ခေတ်ကာလတိုင်းရှိ ဘုရားသခင်၏အမှုနှင့် ခေတ်တိုင်းအတွက် သူ၏အကြံအစည်တို့ ဆောင်ရွက်ပြီးသည်ကို သေချာစေလျက်ရှိသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” မှ

ကမ္ဘာကြီးကို ဖန်ဆင်းကတည်းက ဤလူအုပ်စုကို၊ အတိအကျဆိုရသော် ယနေ့သင်တို့ကို ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းတို့ကို ငါစတင်ခဲ့ပြီးဖြစ်သည်။ သင်တို့၏ ပင်ကိုစရိုက်၊ အစွမ်းအစ၊ သွင်ပြင်၊ ဝိညာဉ်အသက်တာ၊ မွေးဖွားခဲ့သော မိသားစု၊ အလုပ်၊ အိမ်ထောင်ပြုခြင်း၊ သင်တို့၏အလုံးစုံ၊ သင်တို့၏ဆံပင်အရောင်နှင့် အသားအရေအရောင်၊ ထို့ပြင် သင်တို့မွေးဖွားသည့်အချိန်များ အားလုံးကိုပင်လျှင် ငါ၏လက်များဖြင့် စီမံထားခြင်းဖြစ်သည်။ ယနေ့သင်တို့ကို ငါ့မျက်မှောက်တော်ထဲသို့ ခေါ်ဆောင်လာခြင်းသည် အကယ်စင်စစ် ငါ့အစီအမံဖြစ်သည်ကို မဆိုထားနှင့်ဦး၊ နေ့ရက်စဉ်တိုင်း သင်တို့လုပ်သောအရာများနှင့် သင်တို့တွေ့ဆုံသောလူများကိုပင် ငါ့လက်များဖြင့် စီမံထားခြင်းဖြစ်သည်။ ကစဉ့်ကလျားဖြစ်အောင် အားပါးတရ မလုပ်ဆောင်ကြနှင့်၊ တည်ငြိမ်အေးဆေးစွာ ရှေ့သို့လှမ်းလော့။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

လူသားမျိုးနွယ်နှင့် စကြဝဠာ၏ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် နီးစပ်စွာ ရစ်ပတ်နေပြီး ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုမှ ခွဲထွက်မရအောင် ချည်နှောင်ထားသည်။ အဆုံးမှာ သူတို့သည် ဖန်ဆင်းရှင်၏ အခွင့်အာဏာမှ ဆွဲခွာလို့မရပေ။ အရာအားလုံး၏ နိယာမများမှတစ်ဆင့် လူသားသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် သူ၏ အချုပ်အခြာအာဏာကို နားလည်လာသည်၊ ရှင်သန်ရပ်တည်နေရေး စည်းမျဉ်းများမှတစ်ဆင့် သူသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို သတိပြုမိသည်၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာမှနေ၍ သူ့အခွင့်အာဏာကို အသုံးချပြီး သူတို့ကို ထိန်းချုပ်သည့် နည်းလမ်းများနှင့် ပတ်သက်ပြီး သူကောက်ချက်ဆွဲသည်၊ ထို့အပြင် လူသားတို့နှင့် အရာအားလုံး၏ ဘဝစက်ဝန်းတွင် လူသားသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အရာအားလုံးနှင့် သက်ရှိအားလုံးတို့အတွက် အစီအစဉ်တို့ကို အမှန်တကယ် တွေ့ကြုံရပြီး၊ ထိုစီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သည့် နိယာမများ အားလုံး၊ စည်းမျဉ်းများ၊ အလေ့အထများ၊ အ ခြားတန်ခိုးအစွမ်းများနှင့် စွမ်းအင်များ အားလုံးကို မည်သို့ အစားထိုးသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိရသည်။ ဤအချက်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာသည် အဘယ်ဖန်ဆင်းခံကူမျှ ချိုးဖောက်၍မရ၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့သည့် အဖြစ်အပျက်နှင့် အကြောင်းအရာများကို အဘယ်စွမ်းအားကူမျှ ဝင်ရောက်နှောင့်ယှက်၍ မရဆိုသည်ကို လူသားမျိုးနွယ်ကို လက်ခံစေသည်။ လူသားနှင့် အရာအားလုံးသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွား ခြင်းက ဤမြင့်မြတ်သည့် နိယာမများနှင့် စည်းမျဉ်းများ၏ အောက်တွင်ဖြစ်သည်။ ဤကား ဖန်ဆင်းရှင် အခွင့်အာဏာ၏ စစ်မှန်သည့် ပုံဆောင်ချက်တစ်ခုပင် မဟုတ်လော။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

No comments:

Post a Comment