၂၂။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ
၂၄။ ယေရှုသည် သူ၏လူ့ဇာတိခံယူခြင်း၌ စိတ်ခံစားမှု လုံးလုံးမရှိခဲ့သော်ငြားလည်း၊ သူသည် သူ၏တပည့်တော်များကို အစဉ်အမြဲ နှစ်သိမ့်ခဲ့၏၊ ၎င်းတို့ကို အထောက်အပံ့ပေးခဲ့၏၊ ၎င်းတို့ကို ကူညီပံ့ပိုးခဲ့၏။ သို့သော် သူ့အနေဖြင့် အမှုမည်မျှကို ပြုခဲ့သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံခဲ့ရသည်ဖြစ်စေ၊ သူသည် လူတို့အပေါ် လွန်ကဲသော တောင်းဆိုမှုများကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ဘဲ၊ ၎င်းတို့၏ အပြစ်များအတွက် အစဉ်အမြဲ စိတ်ရှည်သည်းခံခဲ့သောကြောင့်၊ ကျေးဇူးတော်ခေတ်မှ လူတို့သည် သူ့ကို “ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှု” ဟူ၍ အမြတ်တနိုး ခေါ်ဝေါ်ခဲ့ကြသည်။ ယင်းခေတ်ကာလမှ လူအားလုံးတို့အတွက်ကား ယေရှု၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုသာ ဖြစ်ခဲ့၏။ သူသည် လူတို့၏ ပြစ်မှားခြင်းတို့ကို မည်သည့်အခါမျှ မှတ်သားခြင်း မရှိသကဲ့သို့၊ ၎င်းတို့အပေါ် သူ၏ဆက်ဆံမှုမှာလည်း ၎င်းတို့၏ ပြစ်မှားခြင်းများတွင် မည်သည့်အခါမျှ အခြေမတည်ခဲ့ချေ။ ယင်းသည် ကွဲပြားသောခေတ်တစ်ခု ဖြစ်ခဲ့သောကြောင့်၊ လူတို့အနေဖြင့် ဝလင်စွာစားသောက်နိုင်စေရန်အတွက် များစွာသော အစာအာဟာရတို့ကို လူတို့အပေါ် သူနှင်းအပ်ပေးခဲ့သည်။ သူသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်း၊ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း၊ သေသူကို ပြန်ရှင်စေခြင်းအားဖြင့် သူ၏နောက်လိုက်အားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့၏။ လူတို့အနေဖြင့် သူ့ကို ယုံကြည်နိုင်စေရန်နှင့် သူပြုသမျှအားလုံးမှာ လေးနက်စွာနှင့် စစ်မှန်စွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြင်ကြစေရန်အလို့ငှာ၊ သူသည် ပုပ်ပွနေသော အလောင်းကောင်တစ်ခုကို ထမြောက်စေသည်အထိ ပြုခဲ့၍၊ သူ၏လက်ထဲ၌ သေသူသည်ပင် ပြန်ရှင်နိုင်ကြောင်းကို ၎င်းတို့အား ပြသခဲ့၏။ ဤသို့သောနည်းလမ်းဖြင့် သူသည် တိတ်ဆိတ်စွာ သည်းခံ၍၊ သူ၏ရွေးနုတ်ခြင်းအမှုကို ၎င်းတို့ကြား၌ ဆောင်ရွက်ခဲ့လေသည်။ ကားတိုင်၌ သံမှိုဖြင့်စွဲရိုက်ခြင်း မခံရမီကပင်၊ ယေရှုသည် လူသားတို့၏ အပြစ်များအတွက် တာဝန်ယူထားပြီးဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ်တစ်ခုလည်း ဖြစ်နေခဲ့ပြီဖြစ်သည်။ ကားတိုင်တွင် အဆုံးစီရင်ခြင်း မခံရမီ၌ပင်၊ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်အလို့ငှာ ကားတိုင်သို့ သွားရာလမ်းအား ဖွင့်လှစ်ထားခဲ့ပြီဖြစ်သည်။ အဆုံးတွင်မူ ကားတိုင်အလို့ငှာ သူ့ကိုယ်သူ ပေးဆပ်လျက်၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခြင်းခံခဲ့ရပြီး သူသည် သူ၏သနားကရုဏာ၊ ချစ်ခင်ကြင်နာမှုနှင့် သန့်ရှင်းခြင်းအားလုံးတို့ကို လူသားမျိုးနွယ်အပေါ် နှင်းအပ်ခဲ့သည်။ သူသည် ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ ၎င်းတို့အား နောင်တရရန် တိုက်တွန်းခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ ရှိကြစေရန် သင်ကြားပေးခြင်း၊ သူ၏ခြေလှမ်းများအတိုင်းလိုက်ကာ ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ကြရန် သင်ကြားပေးခြင်းတို့ဖြင့် လူသားတို့အပေါ် အစဉ်အမြဲ သည်းခံခဲ့၍၊ မည်သည့်အခါမျှ အငြိုးအတေးထားခြင်း မရှိခဲ့ချေ။ ညီအစ်ကိုမောင်နှမတို့အတွက် သူ၏ချစ်ခြင်းမေတ္တာသည် မာရိအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာထက်ပင် ပိုလွန်ခဲ့သည်။ သူပြုခဲ့သောအမှုသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းတို့အား အမှု၏အခြေခံသဘောအဖြစ် မှတ်ယူလျက်၊ အားလုံးတို့သည် သူ၏ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့၏။ သူသည် မည်သည့်နေရာသို့ သွားခဲ့သည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သူအားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့သည်။ သူသည် ဆင်းရဲသူကို ချမ်းသာစေခဲ့၏၊ ခြေကျိုးသူကို လမ်းလျှောက်နိုင်စေခဲ့၏၊ မျက်ကန်းသူကို မြင်စေခဲ့ပြီး နားမကြားသူကို ကြားစေခဲ့၏။ သူသည် အနိမ့်ကျဆုံးသောသူများ၊ ခိုကိုးရာမဲ့သူများနှင့် အပြစ်သားများကို သူနှင့်အတူ တစ်စားပွဲတည်းထိုင်ရန်ပင် ဖိတ်ခေါ်ခဲ့၏၊ ၎င်းတို့အား မည်သည့်အခါမျှ ရှောင်ဖယ်ခြင်း မရှိဘဲ၊ အစဉ်အမြဲ စိတ်ရှည်သည်းခံခဲ့ပြီး “သိုးထိန်းတစ်ယောက်သည် အကောင်တစ်ရာရှိသော သိုးတို့ထဲမှ သိုးတစ်ကောင် ပျောက်ဆုံးသည့်အခါ၊ သူသည် ပျောက်သော သိုးအား ရှာဖွေရန်အတွက် ကိုးဆယ့်ကိုးကောင်ကို ထားရစ်ပေလိမ့်မည်၊ ပြီးနောက် ထိုသိုးအား ရှာတွေ့သည့်အခါ သူသည် ကြီးစွာ ဝမ်းမြောက်ပေလိမ့်မည်” ဟူ၍ပင် ပြောဆိုခဲ့၏။ သိုးမတစ်ကောင်သည် မိမိ၏သိုးငယ်တို့ကို ချစ်သကဲ့သို့၊ သူသည် သူ၏နောက်လိုက်တို့ကို ချစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မိုက်မဲ၍ မသိနားမလည်ကြကာ၊ သူ၏အမြင်တွင် အပြစ်သားများ ဖြစ်ခဲ့ကြသော်ငြားလည်း၊ ထို့ပြင် လူ့အဖွဲ့အစည်း၏ အနိမ့်ကျဆုံးလူများ ဖြစ်ကြသော်ငြားလည်း၊ သူသည် အခြားသူတို့က စက်ဆုပ်ရွံရှာသည့် ဤအပြစ်သားတို့ကို သူ၏မျက်ရှုပမာအဖြစ် သဘောထားခဲ့သည်။ သူသည် ၎င်းတို့ကို မျက်နှာသာပေးခဲ့သည့်အတွက်၊ သိုးသငယ်တစ်ကောင်အား ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သကဲ့သို့ သူ၏အသက်ကို ၎င်းတို့အတွက် စွန့်လွှတ်ခဲ့၏။ သူသည် ၎င်းတို့၏ အစေခံကဲ့သို့၊ သူ့အား အသုံးပြုစေ၍ သတ်ဖြတ်စေကာ၊ ၎င်းတို့ထံ အကြွင်းမဲ့ အပ်နှံလျက်ဖြင့်၊ ၎င်းတို့ကြား၌ လှည့်လည်သွားလာခဲ့၏။ သူသည် သူ၏နောက်လိုက်များအတွက် ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှုဖြစ်ခဲ့သော်လည်း၊ လူတို့အား မြင့်သောနေရာထက်မှ သြဝါဒပေးကြသည့် ဖာရိရှဲတို့အတွက်မူ၊ သူသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို မပြသခဲ့ဘဲ၊ စက်ဆုပ်ရွံရှာခြင်းနှင့် မကျေမချမ်းမှုကိုသာ ပြခဲ့သည်။ သူသည် ဖာရိရှဲတို့ကြား၌ များစွာလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဘဲ၊ တစ်ခါတစ်ရံမှသာ သြဝါဒပေးခြင်းနှင့် ပြစ်တင်မောင်းမဲခြင်း ပြုခဲ့သည်၊ သူသည် ၎င်းတို့ကြား၌ ရွေးနုတ်ခြင်းအမှုကို မလုပ်ဆောင်ခဲ့သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများတို့ကိုလည်း မပြုလုပ်ခဲ့ချေ။ သူသည် သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုအားလုံးတို့ကို သူ၏နောက်လိုက်များအပေါ် နှင်းအပ်ပေးခဲ့၏၊ သူ့အား ကားတိုင်တွင် သံမှိုစွဲရိုက်သည့် နောက်ဆုံးအချိန်အထိ ဤအပြစ်သားတို့အတွက် ကြံ့ကြံ့ခံခဲ့ကာ၊ လူသားအားလုံးတို့ကို အပြည့်အဝ ရွေးနုတ်ခဲ့ပြီးသည်အထိ အရှက်ရခြင်းမှန်သမျှကို ခံစားခဲ့သည်။ ဤသည်မှာ သူ၏အမှုအစုစုပင် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ
၂၅။ ယေရှုကြွလာခဲ့သောအခါ၌ သူသည်လည်း ဘုရားသခင့်အမှု၏ တစ်စိတ်တစ်ပိုင်းကို လုပ်ခဲ့သည်၊ နှုတ်ကပတ်တော်အချို့ကို ပြောခဲ့သည်၊ သို့သော် သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအမှုမှာ မည်သည့်အမှုဖြစ်သနည်း။ သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအမှုမှာ လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်၌ အသေခံသည့်အမှုကို ပြီးမြောက်အောင်လုပ်ရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန်အတွက် အပြစ်ရှိသော ဇာတိပကတိလူ ဖြစ်လာခဲ့သည်။ ယင်းမှာ လူသားမျိုးနွယ်အားလုံး၏ အပြစ်အတွက်ဖြစ်ပြီး အပြစ်ဖြေရာယဇ်အဖြစ် သူအစေခံခဲ့သည်။ ဤသည်မှာ ယေရှုအထမြောက်အောင် လုပ်ဆောင်ခဲ့သည့် အဓိကအမှုဖြစ်သည်။ အဆုံးတွင် ယေရှုသည် နောက်မှလာကြသူများကို လမ်းပြရန်အတွက် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုကြွလာခဲ့သောအခါ၌ ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင် အဓိကလုပ်ဆောင်ရန် ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို သူရွေးနုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို လူသားထံ ယူဆောင်လာခဲ့ရုံသာမက ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းကြောင်းကိုလည်း ထုတ်ဖော်ပေးခဲ့သည်။ ရလဒ်အနေနှင့် နောက်မှရောက်လာကြသူများအားလုံးက “ငါတို့အနေဖြင့် ကားတိုင်လမ်းကို လျှောက်သင့်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်ကြ၏” ဟုပြောခဲ့ကြသည်။ မှန်ပါသည်၊ အစတွင် ယေရှုသည် တခြားအလုပ် အချို့ကိုလည်း လုပ်ခဲ့သည်၊ လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် စကားအချို့ကိုလည်း ပြောခဲ့ပါသည်။ သို့သော် သူ၏ သာသနာလုပ်ငန်းမှာ လက်ဝါးကပ်တိုင်၌ အသေခံဖို့ပင်ဖြစ်ခဲ့ပြီး လမ်းခရီးအကြောင်း သုံးနှစ်ခွဲ တရားဟောခဲ့သည်မှာလည်း နောက်ပိုင်းတွင် ကြုံရမည့် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံဖို့ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ် တော်တော် များများသည်လည်း လက်ဝါးကပ်တိုင်၌ အသေခံခြင်းအတွက် ဖြစ်သည်။ သူရှင်သန် နေထိုင်ခဲ့သည့် သာမန်လူတစ်ယောက်၏ အသက်တာနှင့် လောက၌နေခဲ့သည် သုံးဆယ့်သုံးနှစ်ခွဲ ကာလသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ယေရှုကို ခွန်အားပေးရန်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို လုပ်ရန် ဖြစ်ပြီး၊ အကျိုးဆက်အနေနှင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ယေရှု၌ အပ်နှံခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ
၂၆။ ကားစင်တင်ခံရပြီးနောက် ဘုရားသခင်၏အမှုတော် ဒုတိယအဆင့် ပြီးဆုံးသွားသည်နှင့် လူသားကို အပြစ်မှကယ်ယူသည့် ဘုရားသခင်၏အမှုတော် (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်း) ပြီးမြောက်သွားသည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားတို့သည် ၎င်း၏ အပြစ်များဖြေလွှတ်ရန် သခင်ယေရှုကို ကယ်တင်ရှင်ဟု လက်ခံရန်သာ ရှိပါတော့သည်။ သဘောပြောရလျှင် လူသား၏အပြစ်များသည် ကယ်တင်ခြင်းရရှိရေးနှင့် ဘုရားသခင် ရှေ့မှောက်လာရေးတွင် အတားအဆီး မဟုတ်တော့ဘဲ စာတန်က လူသားကို စွပ်စွဲရန်လည်း အသုံးမပြုနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် စစ်မှန်သည့်အမှုတော်ထမ်းဆောင်၍ အပြစ်ရှိသည့် ဇာတိပကတိသဏ္ဌာန်နှင့် နမူနာကိုခံယူကာ ဘုရားသခင်ကိုယ်တိုင်သည် အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင် လူ့ဇာတိ၏ ကျေးဇူးတော်၊ အပြစ်ရှိသည့် ဤလူ့ဇာတိ အသွင်သဏ္ဌာန်၏ ကျေးဇူးတော်ကြောင့် လူသားသည် ရွေးနုတ်ကယ်တင်ခံရပြီးနောက် လက်ဝါးကပ်တိုင်မှ ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးမှုခံရပြီးနောက် လူသားသည် ဘုရားသခင်ရှေ့တော်တွင် ကယ်တင်ခြင်းလက်ခံရရှိရန် ခြေတစ်လှမ်း ပိုနီးကပ်လာသည်။ အမှုတော်၏ ဤအဆင့်မှာ ပညတ်တော်ခေတ်မှ ရှေ့တစ်ဆင့်လှမ်းသော ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်ပြီး ပညတ်တော်ခေတ်ထက် ပို၍လေးနက်သည့် အဆင့်တွင် ရှိသည်မှာ မှန်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ
၂၇။ ယေရှု၏ရွေးနုတ်ခြင်းသာ မရှိခဲ့လျှင်၊ လူသားမျိုးနွယ်သည် အပြစ်၌ ထာဝရ ရှင်သန်နေထိုင်ခဲ့ကြမည်ဖြစ်ကာ၊ အပြစ်၏သားသမီးများ၊ မိစ္ဆာတို့မှ ဆင်းသက်လာသူများ ဖြစ်လာကြလိမ့်မည်။ ဤသို့သာ ဆက်ဖြစ်ခဲ့သော်၊ ကမ္ဘာလောကတစ်ခုလုံးသည် စာတန်ကျိန်းဝပ်သော နယ်မြေ၊ ၎င်း၏နေထိုင်ရာအရပ်ဖြစ်လာပေမည်။ သို့ရာတွင် ရွေးနုတ်ခြင်းအမှုသည် လူသားတို့အပေါ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့အား ပြသရန် လိုအပ်ခဲ့၏၊ ယင်းသို့သော နည်းလမ်းအားဖြင့်သာ လူသားမျိုးနွယ်သည် ခွင့်လွှတ်ခြင်းကို ရရှိနိုင်ခဲ့၍၊ အဆုံး၌ ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရရန်နှင့် အပြည့်အဝ ရယူခြင်းခံရစေရန် အခွင့်ကိုလည်း ရနိုင်ခဲ့ကြသည်။ အမှု၏ ဤအဆင့်သာ မရှိခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်သည် တိုးတက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ယေရှုသည် ကားတိုင်၌ အဆုံးစီရင်ခြင်း မခံခဲ့ရသော်၊ သူသည် နာမကျန်းသူကိုသာ ပျောက်ကင်းစေ၍ နတ်ဆိုးတို့ကိုသာ နှင်ထုတ်ခဲ့သော်၊ လူတို့သည် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို လုံးလုံးခံရနိုင်ခဲ့မည် မဟုတ်ချေ။ ယေရှုသည် ကမ္ဘာလောကပေါ်တွင် သူ၏အမှုကိုပြုရင်း ကုန်ဆုံးခဲ့သည့် သုံးနှစ်ခွဲကာလအတွင်း၌၊ သူသည် ရွေးနုတ်ခြင်းအမှု၏ တစ်ဝက်ကိုသာ ပြီးမြောက်ခဲ့၏၊ ထို့နောက် ကားတိုင်တွင် သံမှိုစွဲရိုက်ခံရခြင်းနှင့် အပြစ်တို့ဖြင့် ပြည့်နှက်သော ဇာတိပကတိပုံသဏ္ဌာန် ဖြစ်လာခြင်းအားဖြင့်လည်းကောင်း၊ နတ်ဆိုးထံ အပ်နှံခံရခြင်းအားဖြင့်လည်းကောင်း၊ သူသည် ကားတိုင်၌ အဆုံးစီရင်ခံရခြင်းအမှုကို ပြီးမြောက်ခဲ့ကာ၊ လူသားမျိုးနွယ်၏ ကံကြမ္မာကို ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ သူ့အား စာတန်၏လက်သို့ လွှဲအပ်ပြီးနောက်မှသာ၊ သူသည် လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့ခြင်းဖြစ်၏။ သုံးဆယ့်သုံးနှစ်ခွဲကြာကာလအတွင်း သူသည် ကမ္ဘာလောကပေါ်၌ လှောင်ပြောင်ခံရခြင်း၊ အသရေဖျက်ခံရခြင်း၊ ပစ်ပယ်ခံရခြင်းတို့ကို ခံစားခဲ့ရကာ၊ သူ၌ ခေါင်းချရန်နေရာ၊ နားခိုရန်နေရာ မရှိသည်အထိဖြစ်ခဲ့ပြီး၊ ထို့နောက်တွင် သန့်ရှင်း၍ အပြစ်ကင်းသော ခန္ဓာဖြစ်သည့် သူ၏ဖြစ်ခြင်းတစ်ခုလုံးသည် ကားတိုင်ထက်၌ သံမှိုစွဲရိုက်ခံရလျက် အဆုံးစီရင်ခြင်းခံခဲ့ရ၏။ သူသည် ရှိရှိသမျှသော ဒုက္ခဆင်းရဲမှန်သမျှကို ကြံ့ကြံ့ခံခဲ့၏။ အာဏာရှိသူတို့က သူ့အား ပြက်ရယ်ပြု၍ ကျာပွတ်နှင့်ရိုက်နှက်ခဲ့သလို၊ စစ်သားများကလည်း သူ၏မျက်နှာကို တံတွေးနှင့်ပင် ထွေးခဲ့ကြ၏၊ သို့သော် သူသည် ဆိတ်ဆိတ်သာ နေခဲ့၍၊ အဆုံးထိတိုင် ကြံ့ကြံ့ခံခဲ့ကာ၊ သေဆုံးသည်အထိ အကြွင်းမဲ့ နာခံသွားခဲ့ပြီးနောက် လူသားအားလုံးတို့ကို သူရွေးနုတ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက်မှသာ သူသည် အနားယူခွင့်ရခဲ့သည်။ ယေရှုပြုခဲ့သောအမှုသည် ကျေးဇူးတော်ခေတ်ကိုသာ ကိုယ်စားပြုခဲ့၏၊ ယင်းသည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့၊ နောက်ဆုံးသောကာလ၏ အမှုအတွက် အစားထိုးခြင်းတစ်ခုလည်း မဟုတ်ချေ။ ဤသည်မှာ ရွေးနုတ်ခြင်းခေတ်ဖြစ်သည့် လူသားမျိုးနွယ်ဖြတ်သန်းခဲ့ပြီးသော ဒုတိယခေတ်ဟူသည့် ကျေးဇူးတော်ခေတ်အတွင်းရှိ ယေရှုအမှု၏ အနှစ်သာရပင် ဖြစ်လေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ
အကြံပြုစာများဖတ်ရှုလေ့လာရန်
ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
No comments:
Post a Comment