菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

12/17/2019

ပုံပြင်နံပါတ် မျိုးစေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်၊ နေအလင်းရောင်၊ တေးဆိုငှက်များနှင့် လူသား

စကြဝဠာ, အနန္တတန်ခိုးနှင့် ပြည့်စုံသော, အသက်, ဆုတောင်း, သမ္မာတရား,

ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့ ကျလာခဲ့သည်။ မိုးသည်းကြီးမည်းကြီး ရွာချလိုက်ပြီးသည့်နောက် အစေ့လေးမှ အညှောက်နုလေး ပေါက်လာပြီး အမြစ်လောင်းလေးများသည်လည်း မြေကြီးအောက်ဖက်ထဲကို တဖြည်းဖြည်း တိုးဝင်ကြီးထွားလာကြသည်။ လဆန်းမှလဆုတ်၊ လဆုတ်မှလဆန်း ရာသီများအလီလီ ပြောင်းလာသည်နှင့်အမျှ အညှောက်လေးသည် မိုးသက်လေပြင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ကြီးထွားလာသည်။ နွေရာသီရောက်သော် ဤအညှောက်လေးသည် အပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ကမ္ဘာမြေကြီးသည် ရေလက်ဆောင်များကို ယူလာပေးသည်။ ကမ္ဘာမြေကြီးကြောင့် အညှောက်လေးသည် အပူဒဏ်ကို မခံစားရဘဲ နွေရာသီ၏ အပူဒဏ်မှ လွတ်မြောက် ရှင်သန်ခဲ့သည်။ ဆောင်းရာသီရောက်သော် ကမ္ဘာမြေကြီးက သူ့၏နွေးထွေးသည့်ရင်ခွင်ထဲတွင် အညှောက်လေးကို ထွေးပွေ့ထားပြီး တစ်ယောက်နှင့် တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့ကြသည်။ ကမ္ဘာမြေကြီး၏ အနွေးဓာတ်ကြောင့်သာ အညှောက်လေးသည် ဆောင်းရာသီ၏ ပြင်းထန်သည့် လေနှင့် နှင်းဒဏ်ကို ဖြတ်သန်းရင်း ကြမ်းတမ်းသည့် အအေးဒဏ်မှ ရှင်သန်ခဲ့ရပြန်သည်။ ကမ္ဘာမြေကြီး၏ စောင့်ရှောက်မှုကြောင့် အညှောက်လေးသည် ရဲရင့်လာပြီး ပျော်ရွှင်ခဲ့ရသည်။ အညှောက်လေးသည် ကမ္ဘာမြေကြီး၏ ကိုယ်ကျိုးမဖက်သည့် ပြုစုစောင့်ရှောက်မှုကြောင့် ဝင့်ဝင့်ကြွားကြွား ကြီးထွားဖွံ့ဖြိုးလာရသည်၊ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာရသည်။ မိုးစက် မိုးပေါက်လေးများ ကျသည့်အသံနှင့်အတူ သူသည် တေးဆိုသည်၊ လေနှင့်အတူ ယိမ်းနွဲ့ကခုန်သည်။ ထို့ကြောင့် အညှောက်လေးနှင့် ကမ္ဘာမြေကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မှီခိုနေကြရသည်။

နှစ်များ ကုန်လွန်လာပြီးသည့်နောက် အညှောက်လေးသည် ယခုဆိုလျှင် အလွန်မြင့်မားသည့် သစ်ပင်ကြီး ဖြစ်နေသည်။ မရေမတွက်နိုင်သည့် သစ်ရွက်ပေါင်းများစွာနှင့် အုံ့ဆိုင်းနေပြီး အကိုင်းအခက်များ ယှက်ဖြာနေကာ ကမ္ဘာမြေကြီးပေါ်တွင် မားမားမတ်မတ် ရပ်နေနိုင်ပြီ။ ယခင်ကကဲ့သို့ မြေကြီးထဲ တိုးဝင်နေသည့် သစ်ပင်၏ အမြစ်များသည် ယခုတွင် မြေကြီး၏ နက်ရှိုင်းသည့်နေရာများတွင် ကုပ်တွယ်ထားနိုင်သည်။ တစ်ချိန်က အညှောက်လေးကို အကာအကွယ်ပေးခဲ့သည့် အရာသည် ယခုတွင် သစ်ပင်ကြီးအတွက် အခြေခံအုတ်မြစ်ဖြစ်နေသည်။

သစ်ပင်ပေါ် နေအလင်းတန်း ဖြာကျသည့်အချိန်တွင် ပင်စည်သည် လှုပ်ခါသွားသည်။ သစ်ပင်သည် သူ့၏ အကိုင်းအခက်များကို ငွားငွားစွင့်စွင့် ဖြန့်ကျက်ထားလိုက်ပြီး နေအလင်းရောင်ကို အပြည့်အဝ ခံယူသည်။ မြေကြီးအောက်ဘက်ကတော့ သစ်ပင်နှင့်အတူ စည်းချက်ကျကျ အသက်ရှုလိုက်ပြီး လန်းဆန်းမှုကို ခံစားရသည်။ ၎င်းအချိန်တွင် အကိုင်းအခက်များကြား လတ်ဆတ်သည့် လေနုအေးလေး တိုက်ခတ်သွားပြီး သစ်ပင်သည် ပျော်ရွှင်မြူးတူးလာပြီး၊ ခွန်အားများ လျှံထွက်လာသည်။ ဤကဲ့သို့ သစ်ပင်နှင့် နေအလင်းရောင်သည်လည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မှီခိုနေကြရသည်။

လူသားများသည် သစ်ပင်၏ အေးမြသည့် အရိပ်အောက်တွင် နားခိုကြပြီး လန်းဆန်းအေးမြသည့် လေညင်းခံရင်း နေအပူဒဏ်ကို ရှောင်ကြသည်။ လေက သူတို့၏ နှလုံးသားများနှင့် အဆုတ်များကို သန့်ရှင်းစေသည်၊ ခန္ဓာကိုယ်အတွင်းက သွေးကိုလည်း သန့်ရှင်း စင်ကြယ်စေသည်။ စိတ်ညစ်ညူးမှု၊ စိတ်ဒုက္ခများ ကင်းဝေးစေသည်။ ထို့ကြောင့် လူသားများနှင့် သစ်ပင်သည် တစ်ဦးကို တစ်ဦး အပြန်အလှန် မှီခိုနေကြရသည်။

တေးဆိုငှက်တစ်အုပ်သည် သစ်ပင်၏ အကိုင်းအခက်များအပေါ် ခိုနားရင်း တေးသီကြသည်။ ငှက်ကလေးများသည် ရန်သူကို ရှောင်ပြေးလာခြင်း ဖြစ်ကောင်းဖြစ်မည်၊ ၄င်းမှမဟုတ် မျိုးပွား သားပေါက်ဖို့နှင့် ကလေးများကို ပြုစုပျိုးထောင်ဖို့ အပင်ရိပ် လာခိုသည်လည်း ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ခဏတဖြုတ် လာနားခိုခြင်း လည်း ဖြစ်ကောင်းဖြစ်မည်။ ထို့ကြောင့် ငှက်လေးများနှင့် သစ်ပင်သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မှီခိုနေကြရသည်။

လိမ်ကျစ် ရှုပ်ထွေးနေသည့် သစ်ပင်၏ အမြစ်များသည် မြေကြီးထဲတွင် နက်နက်ရှိုင်းရှိုင်း ထိုးဝင် ကုပ်တွယ်ထားသည်။ သစ်ပင်၏ ပင်စည်သည် သူ့၏ အကိုင်းအခက်များကို ဖြန့်ကျက်ထားပြီး မြေကြီးကို လေဒဏ်၊ မိုးဒဏ်မှ ကာကွယ်ပေးထားသည်၊ အဘယ်ကြောင့်ဆိုသော် မြေကြီးသည် သစ်ပင်၏ မိခင်ဖြစ်သည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် မှီခိုရင်း အတူတူ နေထိုင်အသက်ရှင် ကြသည်၊ ထို့နောက် သူတို့သည် ဘယ်သောအခါမှ ခွဲခွာမည် မဟုတ်ပါ။

…………

ငါပြောခဲ့သမျှ အကြောင်းအရာ အားလုံးသည် သင်တို့ ယခင်က တွေ့ဖူး၊ ကြားဖူး၊ မြင်ဖူးပြီးသား အကြောင်းအရာများဖြစ်သည်၊ ဥပမာ မျိုးစေ့များ၊ သင်တို့ သိသည် မဟုတ်လော။ အစေ့လေး တစ်စေ့မှ သစ်ပင် ဖြစ်လာသည်ကို သင် အသေးစိတ်သိထားသည့် ဖြစ်စဉ် ဟုတ်မည် မဟုတ်ပါ၊ သို့သော်လည်း ၄င်းသည် အဖြစ်မှန် ဆိုသည်ကိုတော့ သင်သိသည် မဟုတ်လော။ ကမ္ဘာမြေကြီးနှင့် နေရောင်ခြည်အကြောင်း သင်သိသည်။ တေးသီငှက်များ သစ်ပင်တွင် နားနေသည့် ပုံရိပ်သည် လူတိုင်း မြင်ဖူးကြသည့် အကြောင်းအရာဖြစ်သည် မဟုတ်လော။ ထို့နောက် သစ်ပင်ရိပ်တွင် လူတို့ အမောဖြေကြသည်ကို သင်တို့ အားလုံးမြင်ဖူးကြသည် မဟုတ်လော။ (ကျွန်တော်တို့ မြင်ဖူးပါသည်။) ဤဥပမာများကို ပုံရိပ်တစ်ခုတည်းတွင် မြင်လိုက်ရသည့်အချိန်တွင် သင်တို့ မည်သို့ ခံစားမိသသနည်း။ (သဟဇာတဖြစ်မှုပါ။) ဤပုံရိပ်တွင် ရှိသည့် ဥပမာများအားလုံးသည် ဘုရားသခင်ဆီက လာသည်လော။ (ဟုတ်ပါသည်။) သူတို့သည် ဘုရားသခင်ဆီက လာသည့်အတွက် ကမ္ဘာမြေကြီးပေါ်တွင် အတူတကွ တည်ရှိနေသည့် ဤမြောက်မြားစွာသော ဥပမာများ၏ တန်ဖိုးနှင့် အရေးပါမှုကို ဘုရားသခင် သိသည်။ ဘုရားသခင်က အရာအားလုံးကို ဖန်တီးသည့်အချိန်တွင် တစ်မျိုးစီအတွက် သူ့တွင် အစီအစဉ်ရှိသည်၊ သူဖန်ဆင်းသည့် အရာတစ်ခုချင်းစီတွင် သူ့၏ စေတနာများကို တွေ့ရမည်၊ ထို့နောက် သူက သူတို့ကို အသက်သွင်းပေးသည်။ လူသားမျိုးနွယ်အတွက် လူနေပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သည်၊ ငါတို့ ခုလေးတင် နားထောင်ခဲ့ရသည့် ပုံပြင်ထဲတွင် ဤအကြောင်းကို ဆွေးနွေးထားသည်။ ပုံပြင်ထဲတွင် အစေ့နှင့် ကမ္ဘာမြေကြီးတို့၏ အပြန်အလှန် မှီခိုကြရပုံကို ဆွေးနွေးထားသည်၊ ကမ္ဘာမြေကြီးက အစေ့ကို အာဟာရပြည့်ဝစေပြီး အစေ့လေးက ကမ္ဘာမြေကြီးကို ချည်နှောင်ထားသည်။ ကနဦးကတည်းက ဤနှစ်ခု၏ ဆက်နွှယ်မှုကို ဘုရားသခင်က ကြိုတင် စီရင်ထားသည်။ ဤပုံရိပ်ထဲက သစ်ပင်၊ နေရောင်ခြည်၊ တေးသီငှက်များနှင့် လူသားများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းထားသည့် လူနေပတ်ဝန်းကျင် ဥပမာတစ်ခုဖြစ်သည်။ ပထမဦးစွာ သစ်ပင်က ကမ္ဘာမြေကြီးကို မခွဲခွာနိုင်သည့်အပြင် သစ်ပင်က နေရောင်ခြည်မရှိဘဲလည်း မဖြစ်နိုင်ပါ။ ထိုသို့လျှင် ဘုရားသခင်က သစ်ပင်ကို မည်သည့်ရည်ရွယ်ချက်နှင့် ဖန်ဆင်းခဲ့သနည်း၊ ကမ္ဘာမြေကြီးအတွက် သက်သက်ဖြစ်သည်ဟု ပြောနိုင်သလော။ တေးသီငှက်များအတွက်သာဖြစ်သည်ဟု ပြောနိုင်သလော။ လူသားများအတွက်သာ ဖြစ်သည်ဟုကော ပြောနိုင်သလော။ (မရပါ။) သူတို့ကြားက ဆက်နွှယ်မှုက အဘယ်သို့နည်း။ သူတို့ကြားက ဆက်နွှယ်မှုဆိုသည်မှာ တစ်ယောက်နှင့် တစ်ယောက် ခွဲထား၍မရသည့် သူတို့၏ အပြန်အလှန် မှီခိုမှုများထဲက တစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကမ္ဘာမြေကြီး၊ သစ်ပင်၊ နေရောင်ခြည်၊ တေးသီငှက်များနှင့် လူသားများသည် သူတို့၏ ဖြစ်တည်မှုအတွက် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် အမှီသဟဲ ပြုကြရသည်၊ တစ်ယောက်ကို တစ်ယောက် ပြုစုစောင့်ရှောက်ကြရသည်။ ကမ္ဘာမြေကြီးက သစ်ပင်ကို ပြုစုစောင့်ရှောက်သကဲ့သို့ သစ်ပင်ကလည်း ကမ္ဘာမြေကြီးကို ကာကွယ်ပေးသည်၊ နေရောင်ခြည်က သစ်ပင်ကို ထောက်ပံ့ကူညီသည်၊ သစ်ပင်သည် နေရောင်ခြည် မှ လတ်ဆတ်သည့်လေကို ဖန်ဆင်းပြီး ကမ္ဘာမြေကြီးကို နေအပူဒဏ် မှ ကာကွယ်ပေးသည်။ အဆုံးတွင် ၄င်းတို့ထဲ မှ မည်သူက အကျိုးအမြတ်ရသနည်း။ လူသားမျိုးနွယ်များဖြစ်သည် မဟုတ်လော။ ၄င်းသည် လူနေပတ်ဝန်းကျင်ကို လူသားမျိုးနွယ်အတွက် ဘုရားသခင်က ဖန်ဆင်းပေးခဲ့သည့် နိယာမများထဲက တစ်ခုဖြစ်ပြီး အခြေခံ ရည်ရွယ်ချက်များထဲက တစ်ခုလည်း ဖြစ်သည်။ ၄င်းသည် ရိုးရှင်းသည့် ပုံရိပ်ဖြစ်သော်လည်း ဘုရားသခင်၏ ဉာဏ်တော်နှင့် သူ့၏ စေတနာများကို ငါတို့အားလုံး တွေ့နိုင်သည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးမရှိဘဲ၊ သို့မဟုတ် သစ်ပင်များမရှိဘဲ၊ သို့မဟုတ် တေးသီငှက်များနှင့် နေရောင်ခြည်မရှိဘဲ မရပ်တည်နိုင်ပါ၊ ဟုတ်သည်မဟုတ်လော။ ၄င်းသည် ပုံပြင်လေး တစ်ပုဒ်ဆိုသော်လည်း ဘုရားသခင်၏ စကြဝဠာကြီးကို ဖန်းဆင်းမှု၏ သရုပ်သကန် ဖြစ်ပြီး လူသားများကို လူနေပတ်ဝန်းကျင် ပေးအပ်လိုက်ခြင်းဖြစ်သည်။

ဘုရားသခင်က ကောင်းကင်ကြီး၊ မြေကြီးနှင့် အရာအားလုံးကို လူသားမျိုးနွယ်အတွက် ဖန်ဆင်းပေးခဲ့သည်၊ လူနေပတ်ဝန်းကျင်ကိုလည်း ဖန်ဆင်းပေးခဲ့သည်။ ပထမဆုံးအနေနှင့် ဤပုံပြင်ထဲတွင် ငါတို့ ဆွေးနွေးခဲ့သည့် အဓိက အကြောင်းအရာကတော့ အရာအားလုံးကြားက ဆက်နွှယ်မှုနှင့် အရာအားလုံးတို့၏ အပြန်အလှန် မှီခိုမှုတို့ ဖြစ်သည်။ ဤနိယာမက လူသားမျိုးသားနွယ်၏ ပတ်ဝန်းကျင်ကို ကာကွယ်ပေးထားသည်၊ ထို့ကြောင့် ၎င်းသည် ရှင်သန် ရပ်တည်နိုင်သည်၊ ဤပတ်ဝန်းကျင် တည်ရှိနေသည်ကြောင့် လူသားများသည် ကျန်းမာသန်စွမ်းပြီး မျိုးပွားနိုင်ကြသည်။ မြင်ကွင်းထဲတွင် သစ်ပင်၊ ကမ္ဘာမြေကြီးနှင့်၊ တေးသီငှက်များနှင့် လူသားများကို ငါတို့ တွေ့ခဲ့ရသည်။ ၄င်းထဲတွင် ဘုရားသခင် ပါသလော။ လူသားများ မမြင်လောက်ပါ၊ ဟုတ်သည် မဟုတ်လော။ သို့သော်လည်း မြင်ကွင်းထဲက အကြောင်းအရာများကြားက အပြန်အလှန် ဆက်စပ်မှုများ၏ နိယာမများကိုတော့ လူသားများ မြင်နိုင်ပါသည်၊ ထို့ကြောင့် ဘုရားသခင် တည်ရှိသည်၊ ဘုရားသခင်က အုပ်ချုပ်သူ ဖြစ်သည့်အကြောင်းကို ဤနိယာမများကတဆင့် လူသားများ သိနိုင်သည်။ ဘုရားသခင်က အရာအားလုံး၏ တည်ရှိမှုနှင့် ရှင်သန်မှုကို ထိန်းသိမ်းဖို့ ဤနိယာမများနှင့် စည်းမျဉ်းစည်းကမ်းများကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းနှင့် သူသည် အရာအားလုံးကို ကူညီထောက်ပံ့ပေးပြီး လူသားမျိုးနွယ်ကိုလည်း ကူညီထောက်ပံ့ပေးသည်။ ဤပုံပြင်လေးသည် ငါတို့ ယခုပင် ဆွေးနွေးခဲ့သည့် အဓိကဆိုလိုရင်းနှင့် ဆက်စပ်မှု ရှိသလော။ အပေါ်ယံကြည့်လျှင် ဆက်စပ်မှု မရှိပါဟု ထင်ရသော်လည်း၊ အမှန်တကယ်က ဖန်ဆင်းရှင်အနေနှင့် ဘုရားသခင်က အရာအားလုံးပေါ် ချမှတ်ခဲ့သည့် စည်းမျဉ်းများနှင့် အရာအားလုံးကို အုပ်စိုးထားသည့် သူ့၏ အချုပ်အခြာ အာဏာသည် အရာအားလုံး၏ ဘဝ ပင်မအရင်းအမြစ်ဖြစ်ခြင်းနှင့် အခိုင်အမာ ဆက်စပ်မှုရှိပြီး သူတို့သည် ခွဲမရနိုင်အောင် ချိတ်ဆက်ထားသည်။ သင်တို့ အနည်းငယ်လောက်တော့ လေ့လာမိပြီ မဟုတ်လော။

ဘုရားသခင်သည် စကြဝဠာကြီးကို ထိန်းချုပ်ထားသည့် စည်းမျဉ်းများ၏ အရှင်သခင်ဖြစ်သည်၊ သူသည် အရာအားလုံး၏ ရှင်သန်မှုကို အုပ်ချုပ်သည့် စည်းမျဉ်းများကို ထိန်းချုပ်သည်၊ ထို့နောက် စကြဝဠာကြီးနှင့် အရာအားလုံးကို အတူတကွ ရှင်သန်နေစေဖို့ သူက ထိန်းချုပ်ထားသည်၊ သူတို့ မျိုးတုန်း ပျောက်ကွယ်မသွားအောင် ဘုရားသခင်က ဖန်ဆင်းထားသည်၊ ထို့မှသာ လူသားမျိုးနွယ်သည် ဆက်လက် တည်ရှိနေနိုင်မည်၊ ဘုရားသခင်၏ ဦးဆောင်မှုနှင့်သာ ထိုပတ်ဝန်းကျင်မျိုးတွင် လူသားများ နေထိုင်နိုင်မည်။ အရာအားလုံးကို အုပ်ချုပ်ထားသည့် ဤစည်းမျဉ်းများသည် ဘုရားသခင်၏ အချုပ်အခြာ အာဏာအောက်တွင် ရှိနေသော်လည်း လူသားမျိုးနွယ်က ဤစည်းကမ်းများကို ကြားဝင် နှောင့်ယှက်၊ ပြောင်းလဲ၍ မရပါ၊ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤစည်းမျဉ်းများကို သိပြီး သူကိုယ်တိုင်ကသာ သူတို့ကို စီမံခန့်ခွဲသည်။ သစ်ပင်များ မည်သည့်အချိန် အညှောက်ပေါက်မည်၊ မိုးမည်သည့်အချိန်ရွာမည်၊ ကမ္ဘာမြေကြီးက အပင်ငယ်လေးများကို ရေနှင့် အာဟာရ မည်မျှပေးမည်၊ မည်သည့်ရာသီတွင် သစ်ရွက်များ ကြွေမည်၊ မည်သည့်ရာသီတွင် သစ်ပင်များ အသီး သီးမည်၊ နေရောင်ခြည်က သစ်ပင်ကို စွမ်းအင်မည်မျှ ပေးမည်၊ သစ်ပင်များသည် နေရောင်ခြည်ကရသည့် စွမ်းအင်ကို အသုံးချပြီး မည်သည်ကို ထုတ်ပေးမည်၊ စကြဝဠာကြီးကို ဘုရားသခင် ဖန်ဆင်းကတည်းက ၄င်းတို့အားလုံးကို သူ အစီအစဉ် ချထားပြီးသားဖြစ်သည်၊ ဤနည်းဥပဒေသများကို လူသားများ ချိုးဖောက်၍ မရနိုင်ပါ။ ဘုရားသခင် ဖန်ဆင်းထားသည့် အရာများဖြစ်သည့်၊သူတို့သည် သက်ရှိများ ဖြစ်ပါစေ သို့မဟုတ် လူသားများက သက်မဲ့ဟု ထင်ခံရသည့် အရာများ ဖြစ်ပါစေ၊ အားလုံးသည် ဘုရားသခင်၏ လက်များထဲတွင်ရှိပြီး သူ့၏ အချုပ်အခြာ အာဏာအောက်တွင် ရှိသည်။ မည်သူကမှ ဤစည်းကမ်းကို ချိုးဖောက်၍ မရပါ။ တနည်းအားဖြင့် ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းသည့်အချိန်တွင် သူတို့မည်သို့ မည်ပုံ ဖြစ်သင့်သည်ကိုဘုရားသခင်က ဖန်တီးသည်။ သစ်ပင်သည် ကမ္ဘာမြေကြီးမရှိဘဲ အမြစ်တွယ်၍ မရပါ၊ အညှောက်ပေါက်၍ မရပါ၊ ကြီးထွား၍ မရပါ။ သစ်ပင်များ မရှိလျှင် ကမ္ဘာမြေကြီးသည် ခြောက်သွေ့သွားမည်။ထို့ပြင် သစ်ပင်သည် တေးသီငှက်တို့၏ နားခိုရာအိမ်လည်း ဖြစ်သည်၊ သူတို့ လေဒဏ် မှ အကာအကွယ်ယူသည့် နေရာလည်း ဖြစ်သည်။ သစ်ပင်က နေရောင်ခြည် မရှိလျှင် အဆင်ပြေမည်လော။ (အဆင်မပြေပါ။) သစ်ပင်က ကမ္ဘာမြေကြီး မရှိလျှင်လည်း အလုပ်မဖြစ်ပါ။ ၄င်းတို့အားလုံးသည် လူသားမျိုးနွယ်အတွက်၊ လူသားမျိုးနွယ် အသက်ရှင်သန်မှုအတွက်ဖြစ်သည်။ သစ်ပင်ပေးသည့် လတ်ဆတ်သည့်လေကို လူသားများ ရှူရှိုက်ကြရသည်၊ သစ်ပင်က ကာကွယ်ပေးထားသည့် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြရသည်။ လူသားများသည် နေရောင်ခြည်မရှိဘဲ အသက်မရှင်နိုင်ပါ၊ လူသားများသည် အမျိုးမျိုးသော သက်ရှိအရာများအားလုံး မရှိဘဲ အသက်မရှင်နိုင်ပါ။ ဤအရာများ အားလုံးကြားက ဆက်နွှယ်မှုများသည် ရှုပ်ထွေးသော်လည်း အရာအားလုံးကို အုပ်ချုပ်သည့် စည်းမျဉ်းများကို ဘုရားသခင်က ဖန်ဆင်းခဲ့သည့် အတွက်ကြောင့် သူတို့သည် အချင်းချင်း ဆက်စပ်နေပြီး အပြန်အလှန် မှီခိုနေကြသည်ကိုသင်နားလည်ထားရမည်၊ သူဖန်ဆင်းခဲ့သည့် အရာတိုင်းတွင် တန်ဖိုးနှင့် အရေးပါမှုရှိသည်။ အရာတစ်ခုခုကို အရေးပါမှု မရှိဘဲ ဖန်ဆင်းခဲ့မည်ဆိုလျှင် ဘုရားသခင်က ဤ၎င်းအရာကို ပျောက်ကွယ်ခွင့် ပေးမည်ဖြစ်သည်။ ၎င်းသည် အရာအားလုံးကို ထောက်ပံ့သည့်အချိန်တွင် သူအသုံးပြုခဲ့သည့် နည်းများထဲက တစ်ခုဖြစ်သည်။ ဤပုံပြင်ထဲတွင်ပါသည့် “ထောက်ပံ့သည်” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်က နေ့တိုင်း အပြင်ထွက်ပြီး သစ်ပင် ရေလောင်းသည်ကို ပြောသလော။ သစ်ပင် အသက်ရှူဖို့ ဘုရားသခင်၏ အကူအညီ လိုသလော။ (မလိုပါ။) ဤဥပမာတွင်မည်ပါသည့် “ထောက်ပံ့သည်” ဆိုသည်မှာ အရာအားလုံးကို ဖန်းဆင်းပြီးသည့်နောက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ပြောသည်၊ အရာအားလုံး ချောချောမွေ့မွေ့ လည်ပတ်နေစေမယ့် စည်းမျဉ်းများကိုသာ သူလိုအပ်သည်။ သစ်ပင်ကို ကမ္ဘာမြေကြီးတွင် စိုက်လိုက်သည့်အတွက် သစ်ပင်သည် သူ့ဘာသာ ကြီးထွားနိုင်သည်။ သစ်ပင် ရှင်သန်စေဖို့ အခြေအနေများကိုလည်း ဘုရားသခင်က ဖန်ဆင်းထားသည်။ နေရောင်ခြည်၊ ရေထု၊ မြေထု၊ လေထုနှင့် ပတ်ဝန်းကျင်၊ လေ၊ ဆီးနှင်း၊ နှင်းနှင့် မိုး ထို့နောက် ဥတုလေးပါး၊ ၄င်းတို့သည် သစ်ပင် ကြီးထွားဖို့ မရှိမဖြစ်လိုအပ်သည့် အခြေအနေများ ဖြစ်သည်၊ ဘုရားသခင်က ဤအရာများကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထိုသို့လျှင် ဘုရားသခင်သည် ဤလူနေပတ်ဝန်းကျင်၏ ပင်မအရင်းအမြစ် ဟုတ်သလော။ (ဟုတ်ပါ သည်။) ဘုရားသခင်က နေ့တိုင်း အပြင်ထွက်ပြီး သစ်ပင်က သစ်ရွက် တစ်ရွက်ချင်းစီကို လိုက်ရေတွက်နေစရာ လိုသလော။ မလိုအပ်ပါ၊ ဟုတ်သည် မဟုတ်လော။ သစ်ပင် အသက်ရှူဖို့အတွက် ဘုရားသခင်၏ ကူညီမှု မလိုပါ။ နေ့တိုင်း ဘုရားသခင်က “သစ်ပင်အတွက် နေသာဖို့ အချိန်ရောက်ပြီ” ဟုပြောပြီး နေရောင်ခြည်ကို နှိုးဖို့ မလိုပါ။ သူထိုကဲ့သို့ လုပ်စရာမလိုပါ။ စည်းမျဉ်းအတိုင်း နေကလည်း သူ့ဘာသာသူ သာမည်၊ လိုအပ်သည့်အချိန်ကျလျှင် သစ်ပင်က နေရောင်ခြည်များ စုပ်ယူသည်၊ နေရောင်ခြည်ကို မလိုတော့လျှင်လည်း သစ်ပင်က စည်းမျဉ်းများအထဲမှ ရှင်သန်နေဆဲဖြစ်သည်။ ၄င်းသည် သင်တို့ သေသေချာချာ ရှင်းမပြနိုင်သည့် နိယာမ သဘောတရားလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော်လည်း ၄င်းသည် လူတိုင်း သိနိုင်ပြီး၊ လက်ခံနိုင်သည့် အမှန်တရားတစ်ရပ် ဖြစ်သည်။ သင်တို့အားလုံးလုပ်ရမည်က အရာအားလုံးတည်ရှိမှု၏ စည်းမျဉ်းများသည် ဘုရားသခင်ဆီက လာသည်နှင့် သူတို့၏ ကြီးထွားရှင်သန်မှုသည် ဘုရားသခင်၏ အချုပ်အခြာ အာဏာအောက်တွင် ရှိသည်ဆိုသည်ကို အသိအမှတ်ပြုရုံဖြစ်သည်။ သင်တို့ နားလည်သည် မဟုတ်လော။

ဤပုံပြင်ထဲတွင် ဥပမာအလင်္ကာ သုံးထားသည်ဟု လူသားများပြောမည်လော။ ၄င်းအလင်္ကာက လူသားအသွင် ဆောင်သလော။ (မဆောင်ပါ။) ငါပြောခဲ့သည်များက အမှန်များဖြစ်သည်။ အသက်ရှင်သည့် အရာတိုင်း၊ အသက်ရှိသည့် အရာတိုင်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိသည်။ ထိုအရာကို ဘုရားသခင်က ဖန်ဆင်းပြီးသည်နှင့် အသက်သွင်းပေးသည်၊ ၄င်းသည် ဘုရားသခင်ကပေးသည့် အသက်ဖြစ်ပြီး ဘုရားသခင် ဖန်ဆင်းထားသည့် နည်းဥပဒေများနှင့် လမ်းစဉ်ကို လိုက်နာရသည်။ ၄င်းကို မည်သည့်လူသားကမှ ပြောင်းလဲစရာမလိုသလို လူသားများ၏ အကူအညီလည်း မလိုအပ်ပါ၊ ၄င်းသည် ဘုရားသခင်က အရာအားလုံးကို ကူညီထောက်ပံ့သည့် နည်းဖြစ်သည်။ သင်တို့ နားလည် သည် မဟုတ်လော။ လူသားများ ၄င်းကို မှတ်ထားဖို့ လိုအပ် သည်ဟု သင်တို့ထင်သလော။ (မှတ်ထားသင့်ပါသည်။) ဤပုံပြင်သည် ဇီဝဗေဒနှင့် ဆက်စပ်မှု တစ်စုံတစ်ရာများ ရှိသလော။ အသိပညာ သို့မဟုတ် သိပ္ပံပညာ နယ်ပယ်နှင့်ရော ဆက်နွှယ်မှု ရှိသလော။ ဤနေရာတွင် ငါတို့သည် ဇီဝဗေဒအကြောင်း ပြောနေသည် မဟုတ်ပါ၊ ထို့နောက် ဇီဝဗေဒဆိုင်ရာ သုတေသန လုပ်နေခြင်းလည်း မဟုတ်ပါ။ ဤနေရာတွင် ငါတို့ ပြောနေသည့် အဓိက အကြောင်းအရာက မည်သည့်အရာနည်း။ (ဘုရားသခင်သည် အရာအားလုံးအတွက် အသက်၏ ပင်မအရင်းအမြစ် ဖြစ်သည်ဆိုသည့် အကြောင်းပါ။) ဖန်ဆင်းထားသည့် အရာအားလုံးကြားတွင် သင်တို့ မည်သည်ကို မြင်ရသနည်း။ သစ်ပင်များကို မြင်ပြီးပြီလော။ ကမ္ဘာမြေကြီးကိုရော မြင်ပြီးပြီလော။ (မြင်ပြီးပါပြီ။) နေရောင်ခြည်ကိုလည်း မြင်ပြီးပြီ မဟုတ်လော။ သစ်ပင်များထဲတွင် အိပ်တန်းတက်နေသည့် ငှက်များကိုရော မြင်ပြီးပြီလော။ (မြင်ပြီးပါပြီ။) ဤလို ပတ်ဝန်းကျင်မျိုးတွင် နေရသည်ကို လူသားမျိုးနွယ်က ပျော်၏လော။ (ပျော်ပါသည်။) ပြောရလျှင် ဘုရားသခင်က အရာအားလုံးကို အသုံးချထားသည်၊ အရာအားလုံးဆိုသည်မှာ လူသားမျိုးနွယ် အသက်ရှင်သန်နားခိုရာ အိမ်ကို ထိန်းသိမ်းဖို့နှင့် လူသားမျိုးနွယ်၏ နေအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ သူဖန်တီးထားသည့် အရာများကို ပြောခြင်းဖြစ်သည်၊ ၄င်းသည် သူက လူသားများကို ကူညီထောက်ပံ့သည့်၊ အရာအားလုံးကို ကူညီထောက်ပံ့သည့် နည်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သင်နှစ်သက်နိုင်သည့် အရာများ

Myanmar Worship Song |  “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

Myanmar Gospel Songဘုရား၏စစ်မှန်သောမေတ္တ

No comments:

Post a Comment